Chapter 87
အိမ်ဟောင်း၏ လုံခြုံရေးက အထူးကောင်းမွန်လှသည်။ သူတို့၏ သင်တန်းကျောင်းကလည်း အလုပ် ကောင်းကောင်း လုပ်ကြသည်။
"ရှေ့နားက လမ်းဆုံမှာပဲ ရပ်လိုက်ပါ... အထဲကို မဝင်နဲ့တော့"
ဒရိုင်ဘာက သူမကို ဆွဲမထားတော့ပေ။ လမ်းဘေးတွင်သာ ကပ်၍ ရပ်ပေးလိုက်သည်။ မော့ကျန်းက ရှင်းပေးထားပြီး ဖြစ်၍ လီယန် ထပ်ပေးစရာ မလိုတော့ပေ။ ကားထဲမှ ထွက်လာသောအခါ သူမက ၎င်းကို တမင်သက်သက် ကြည့်လိုက်သည်။ သေချာပေါက်ပဲ... အနီးအနားမှာ ကားနက်တစ်စီး ရပ်ထားတယ်... သူမက နှုတ်ခမ်းကို တွန့်ကွေးလိုက်သည်။ ယခုက နေ့ခင်းကြောင်တောင်ဖြစ်ပြီး သူမရှေ့၌ ယာဥ်ထိန်းရဲ ဦးလေးကြီး တစ်ယောက်လည်း ရှိနေသေးသည်။ သူမရဲ့ ခေါင်းကို ဂုန်နီအိတ်နဲ့ စွပ်ပြီး မခေါ်သွားရဲကြလောက်ပါဘူးနော်...
သူမက ခပ်ကျဥ်းကျဥ်း လမ်းကြားလေးထဲသို့ ချိုးကွေ့ကာ ကျန်းအိမ် မရောက်ခင်အထိ လေးငါးမိနစ်မျှ လမ်းလျှောက်ရသေးသည်။ သူမနောက်မှ ခြေသံများ ကပ်ပါလာခဲ့လေသည်။ သူမက ပြေးနေသည့်အလား ထင်ရသော်လည်း တမင်သက်သက် အရှိန်တင်လိုက်ခြင်း ဖြစ်သည်။ သူမနောက်ပါးမှ ခြေသံများက နီးသထက်နီးလာပြီး သူမဘက်သို့ လှမ်းလာသည့် လက်တစ်ဖက်ကို ခံစားလိုက်ရသည်။ လီယန်က လှည့်မကြည့်ဘဲနှင့် ထိုလက်ကို တန်းဆွဲကာ ပုခုံးပေါ်မှ တဆင့် ကိုင်ပေါက်လိုက်လေသည်။
ဝှစ်ဟူသော အသံဖြင့် အနက်ရောင် ဝတ်စုံ ဝတ်ထားသည့် လူကြီးမှာ သူ့ရှေ့မှ မြေပြင်ပေါ်သို့ ကိုင်ပေါက် ခံလိုက်ရသည်။ သူ့လက်ထဲတွင်တော့ လက်ကိုင်ပုဝါလေး တစ်ထည် သာ ရှိနေသည်။ သူ့နောက်မှ လူများမှာ ဇာတ်ကြောင်းကို ထိုမျှလောက်ထိ ဒရာမာဆန်ဆန် ပြောင်းလဲသွားမည်ဟု မျှော်လင့်မထားခဲ့ကြပေ။ ထိုယောကျ်ား၏ နာကျင်စွာ ငြီးငြူလိုက်သံများကြားမှသာ သူတို့ သတိလည်လာခဲ့ကြသည်။
လီယန်နှင့် အနီးဆုံးလူမှာ သူမ၏ လက်မောင်းကို ဆွဲလိုက်သည်။ လီယန်က သူ့လက်ကို ရှောင်ကာ သူ့ကို ဆွဲထားလိုက်သည်။ ထို့နောက် ဒူးကွေး၍ အမျိုးသားများ၏ ခန္ဓါကိုယ်မှ အားအနည်းဆုံးအပိုင်းကို တိုက်လိုက်လေသည်။ ထိုသူက နာကျင်စွာ အော်ဟစ်လိုက်သည်။ သူ့လက်များထဲမှ အားများ ပျော့သွားပြီး ခုန်ပေါက်ကာ ကိုယ်အောက်ပိုင်းကို ကွယ်ထားသည်။
သူမ၏ ယခင်လှုပ်ရှားမှုများက အခြေခံမျှသာ ဖြစ်ပြီး သူမ၏ ခွန်အားဖြင့် သူတို့ထဲမှ နှစ်ယောက်ကို အလွယ်တကူ ကိုင်မြှောက်ပစ်လိုက်နိုင်သည်က စိတ်မကောင်းဖွယ်ရာပင်။ သူမက နောက်လှည့်ကာ ရင်ဘတ်ပေါ် ကျနေသော ဆံပင်များကို ကျောဘက်သို့ သပ်တင်လိုက်သည်။ သူမက ကျန်နေသေးသည့် လူနှစ်ယောက်ကို ကြည့်ကာ အဆစ်များ ဆန့်ထုတ်ပြီး ပြုံးပြလိုက်သည်။
"ဒီအစ်မကြီးက လူမရိုက်ရတာ နှစ်ငါးရာလောက် ရှိနေပြီ... ဒီနေ့ရှင်တို့ ရောက်လာမှတော့ ပျော်စရာအချိန်လေးရဖို့ အဖော်ပြုပေးလေနော်"
အနက်ရောင်ဝတ်စုံဝတ်လူများ: "…"
'ခဏလေးနေပါအုံး... ဒီမိန်းကလေးကို ပြောထားတာ ဒီလိုမဟုတ်ပါဘူး... သူတို့ မလာခင်တုန်းက သူမက သူရဲကောင်းမလေးတစ်ယောက်လို့ မကြားခဲ့ကြဘူးလေ'
"ဟား"
လီယန်က ပြုံးဖြီးနေပြီး ခပ်သဲ့သဲ့ ရယ်မောလိုက်သည်။ သူမကို ရင်ဆိုင်နေရသောလူမှာ တုန်ယင်သွားလေ၏။ သူ ခြေလှမ်းအနည်းငယ် မဆုတ်လိုက်နိုင်ခင်မှာပင် လီယန်၏ ဆံပင်ဝဲဝဲလေးများနှင့်အတူ သူ့ကိုယ်ပေါ်သို့ နောက်ပြန်လှည့် ကန်ချက်တစ်ခု ကျဆင်းလာခဲ့သည်။
ဒုန်း... နောက်ထပ်လူတစ်ယောက် မြေပေါ်လဲသွားလေပြီ...
လီယန်က ခေါင်းလေးစောင်းကာ နောက်ဆုံးလူကို ကြည့်လိုက်သည်။
"ကျွန်မပြောတာပဲ... ဝတ်စုံပြည့်နဲ့ တိုက်ခိုက်ရတာ မလွယ်ပါဘူးလို့... ဟုတ်တယ်မလား"
"စုန်းမ... ညှာတာစိတ်လေး ရှိစမ်းပါ"
နောက်ဆုံးကျန်သူ၏ မျက်နှာပေါ်သို့ မျက်ရည်ပူများ ကျဆင်းလာပြီး လမ်းကြားလေးထဲသို့ လှည့်ကာ ပြေးသွားသည်။ ခြေနှစ်လှမ်းပင် မလှမ်းရသေးခင်မှာပင် သူ့ရှေ့ရှိ လူသန်ကြီး တစ်ယောက်ထံမှ တားဆီးခံလိုက်ရသည်။ ကြွက်သားလူသားကြီးမှာ အလွန် သန်မာလှသည်။ ဝတ်စုံပြည့်ဝတ်လူမှာ သူ့ရှေ့တွင် ပုစိလေးဖြစ်သွားလေသည်။ သူ့ရင်အုံကြွက်သားကြီးများဖြင့်ပင် ထိုသူက လေ့ကျင့်ထားမှန်း သိသာနေသည်။ သူ့လက်ထဲမှာသာ ဂေါ်ဖီထုပ် နှစ်ထုပ်အစား လက်နက်တစ်ခု ကိုင်ထားပါက ပို၍ သဟဇာတ ဖြစ်သွားနိုင်သည်။
"ဘာလို့မရွှေ့သေးတာလဲ... အစ်ကိုကြီး"
ကြွက်သားလူသားကြီး၏ နောက်ပါးမှ စိတ်မရှည်သော အသံတစ်သံ ထွက်လာသည်။ ဝတ်စုံပြည့်လူမှာ သူ့ရှေ့မှ ကြွက်သားလူသားကြီးကို ကျော်၍ ကြည့်လိုက်ရာ ကြွက်သားလူသား တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး၊ ခြောက်ယောက်ကို တွေ့လိုက်ရသည်။
ကြွက်သားလူသားများမှာ စျေးမှ ပြန်လာကြဟန်တူပြီး အသီးအရွက်အအမျိုးစုံနှင့်၊ ဘဲနှင့်ငါးများ သယ်လာကြသည်။
ထိုမြင်ကွင်းက လှပလွန်းသဖြင့် ထိုသူ၏ မျက်နှာပေါ်သို့ မျက်ရည်နှစ်စက် ကျဆင်းလာလေသည်။
"ဆရာတူ ညီမလေး... ဘာတွေ ဖြစ်ထားတာလဲ"
လီယန်က ဝတ်စုံပြည့်လူကို ထိုးပြလိုက်ပြီး ပြောလိုက်သည်။
"သူတို့တွေက ညီမလေးကို ပြန်ပေးဆွဲဖို့ လာကြတာ ထင်တယ်... ဒါပေမယ့် သူတို့က အားပျော့လွန်းတယ်... ဘယ်ဆရာဆီကနေ သင်ထားတာလည်း မသိဘူး"
"ဘာ... ပြန်ပေးဆွဲတယ်"
ဆရာတူ အစ်ကိုများက ရှောခ့်ရသွားကြသဖြင့် သူတို့လက်ထဲမှ အစားအသောက်များကို လွှင့်ပစ်မိလုနီးပါးပင်။
"သူတို့အားလုံးကို ကြိုးနဲ့ချည်ပြီး ခေါ်လာခဲ့... ဆရာကိုပဲ ဖြေရှင်း ခိုင်းလိုက်ကြတာပေါ့"
ကျန်းမိသားစု ခြံဝင်းအတွင်းတွင် ဝတ်စုံပြည့်လူလေးယောက်က ပစ္စည်းအမျိုးအစား ပေါင်းစုံဖြင့် ချည်ခံထားရပြီး အတန်းလိုက် ဒူးထောက်နေကြသည်။
လီယန်ကို စိစစ်မေးမြန်းကြတော့မည့် တတိယအဒေါ်နှင့် ဇနီးသည် ခြောက်ယောက် အမျိုးသမီး အုပ်စုကြီးမှာ သူတို့ကို စတင်မေးခွန်း ထုတ်လေတော့သည်။ ဝတ်စုံပြည့်လူများမှာ ထိုမြင်ကွင်းကြောင့် ထိတ်လန့်သွားရသဖြင့် ကြိုးကိုင်သူကို မြန်မြန် ဖော်ကြတော့သည်။
"ကျုးဖန်... ဒီလူကို မသိပါဘူး"
လီယန်က မရေမရ မျက်တောင်ခတ်လိုက်သည်။ သူမ ဒီနာမည်ကို အရင်က တစ်ခါမှ မကြားဖူးပါဘူး... ဘာလို့ ကျူးဖန်က သူမကို ပြန်ပေးလာဆွဲရတာလဲ...
"ကျွန်တော်တို့လည်း ဘာမှ မသိရပါဘူးဗျာ... အမိန့်အတိုင်း လိုက်လုပ်ရုံပါ... ကျွန်တော်တို့က သူ့ကို ခေါ်လာပေးဖို့ပါပဲ"
ဆရာတူ အစ်ကိုကြီးက မျက်မှောင်ကြုံ့ကာ အခန်း၏ အလယ်တွင် ထ်ုင်နေသည့် လူအိုကြီးကို ကြည့်လိုက်သည်။
"ဆရာ... ကျူးဖန်ကို ကြားဖူးလား"
ကျန်းချန်က ခေါင်းယမ်းပြလိုက်သည်။
"တစ်ခါမှ မကြားဖူးဘူး"
"ခြောက်လေးရေ" အစ်ကိုကြီးက ခေါင်းလှည့်ကာ ဆရာတူအစ်ကိုခြောက်ကို ခေါ်လိုက်သည်။
"ကျူးဖန်က ဘယ်သူလဲ သွားရှာချည်"
"ဟုတ်... သိပါပြီ" အစ်ကိုခြောက်က ပြန်ဖြေကာ အခန်းထဲမှ ပြေးထွက်သွားသည်။ သို့သော်လည်း စိတ်ပူပန်နေသည့်ပုံရိပ်လေးတစ်ခုနှင့် တိုက်မိသွားခဲ့သည်။ သူရပ်၍ ထိုလူကို ကြည့်လိုက်သည်။ နေရောင်က မျက်စိစူးလိုက်တာ... ထိုသူက သူ့မျက်နှာထက်တွင် နေကာမျက်မှန်တစ်လက် တပ်ထားသော်လည်း တစ်ဝက်သာပေါ်နေသည့် မျက်နှာလေးက အတော်လေး ချောမောလှသည်။
"ကျန်းကျန်း …" လီယန်က အခုလေးတင် ဝင်လာခဲ့လူကို ကြည့်ကာ မယုံကြည်နိုင်စွာဖြင့် မေးလိုက်သည်။
"ဘာလို့ ရောက်လာတာလဲ"
မော့ကျန်းက မျက်မှန်ချွတ်ကာ လီယန်၏ အသံလာရာဘက်သို့ လိုက်ကာ လျှောက်လာပြီး ပြောလိုက်သည်။
"တက္ကစီဒရိုင်ဘာ ပြောတာ ကားတစ်စီး မင်းနောက်ကို လိုက်နေတယ်ဆို... မင်း အဆင်ပြေရဲ့လား"
လီယန်က ခေါင်းယမ်း ပြလိုက်ပြီး မြေပြင်ပေါ်တွင် ဒူးထောက်နေကြသည့် လူလေးယောက်ကို လက်ညှိုးထိုးလိုက်သည်။
"အဲ့မှာ သူတို့"
မော့ကျန်း၏ မျက်လုံးများ လူလေးယောက်ပေါ် ကျရောက်သွားချိန်တွင် ထိုသူတို့က ကြောက်ရွံ့မှုဖြင့် တုန်ယင်သွားကြသည်။
"ဘယ်သူ ခိုင်းတာလဲ"
မော့ကျန်း၏ မျက်နှာ အေးစက်သွားပြီး သူ့အသံသည့်ပင် အေးစက်နေခဲ့သည်။ ခြံဝင်းထဲတွင် နေရောင်ဖြင့် တောက်ပနေသော်လည်း ဝတ်စုံပြည့်လူများမှာ ဆောင်းရာသီကဲ့သို့ အေးခဲလာကြသည်။
"ကျူး.. ကျူး.. ကျူး.. ကျူး..ကျူး.. ကျူး.. ကျူး ကျူး ကျူးဖန်ပါ"
"ရှင်းရှင်းလင်းလင်း ပြောစမ်း... ကျူး ဘယ်နှလုံးလဲ..."
"ကျူးတစ်လုံးထဲ... ကျူးဖန်ပါ"
အော်ပြောလိုက်ပြီးမှသာ ဝတ်စုံပြည့်လူများက စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချလိုက်ကြသည်။ အသံနိမ့်နိမ့် ပြောနေသည့် ဧကရာဇ်မော့မှာ သူတို့ရှေ့မှ ကြွက်သား လူသားများထက် ပိုကြောက်စရာ ကောင်းနေသည်။
မော့ကျန်း၏ မျက်ခုံးများ လှုပ်ရှားသွားခဲ့သည်။ ကျူးဖန်က ကောင်းထျန်းချောင်၏ သူငယ်ချင်း ဖြစ်ပြီး မကြာမခဏ အတူတူ တွေ့ရလေ့ ရှိသည်။ အရမ်းကောင်းတယ်... အရင်တစ်ခေါက် သတိပေးခဲ့တာကို အလေးမထားဘူးပေါ့လေ...
စုံစမ်းမေးမြန်းပြီးနောက် ခြံဝင်းက ရုတ်တရက် တိတ်ကျသွားလေသည်။ ထိုမှသာ မော့ကျန်းက ခြံဝင်းထဲရှိ လူများအားလုံးက သူ့အား စိုက်ကြည့်နေကြဟန် ပေါ်သည်ကို သတိထားမိသွားသည်။
သူက ကောင်းကင်ဘုံမင်းကြီးအဆင့် စူပါစတား တစ်ယောက်အနေဖြင့် လူများစွာ၏ အကြည့်တို့ကို ကျင့်သားရထားပြီးသား ဖြစ်သည်။ သို့သော်လည်း ယခုက လီယန်၏ အိမ်တွင် ဖြစ်နေပြီး ထိုသူများအားလုံးမှာ လီယန်၏ မိသားစုဝင်များ ဖြစ်ကြသည်ကို တွေးမိသွားသောအခါ သူ့ ခန္ဓါကိုယ်မှာ အနည်းငယ် ကျုံ့ဝင်သွားသလို ခံစားလိုက်ရသည်။
သူ စကားစပြောရန် တွေးနေစဥ်မှာပင် လူအိုကြီးကျန်းက သူ့ခုံမှ ထရပ်လာခဲ့သည်။
"ဒါက မစ္စတာမော့ပဲ ဖြစ်ရမယ်... ဟယ်လို... ငါက ယန်ယန်ရဲ့အဘိုးပါ"
မော့ကျန်းက ထိုသူနှင့် လက်ဆွဲနှုတ်ဆက်ချင်ခဲ့သော်လည်း ချက်ချင်းပင် ဦးညွှတ်သည့်ပုံစံသို့ ပြောင်းလိုက်သည်။
"ဟယ်လို... ကျွန်တော်က မော့ကျန်းပါ"
လီယန်က သူတို့အချင်းချင်း နှုတ်ဆက်နေကြသည်ကို တွေ့သောအခါ မော့ကျန်း၏ ဘေးသို့ အလျင်စလို ခုန်ထွက်လာခဲ့ပြီး မိတ်ဆက်ပေးလိုက်သည်။
"ဘိုးဘိုး... ဒါ သမီးရဲ့ဘောစ့်လေ... သူက သမီးအပေါ် ကောင်းကောင်း ဂရုစိုက်ပေး လေ့ရှိတယ်"
သူမက မော့ကျန်း၏ လက်မောင်းကို ဆွဲကာ ဆရာတူ အစ်ကိုကြီးဘက်သို့ ညွှန်ပြလိုက်သည်။
"ဒါက ကျွန်မရဲ့ ဆရာတူ အစ်ကို အကြီးဆုံးလေ.... ခုနက ရှင်နဲ့ တိုက်မလို ဖြစ်သွားတာက အစ်ကိုခြောက်... ကျန်တဲ့သူတွေက သူတို့နှစ်ယောက်ကြားထဲက ဆရာတူအစ်ကိုတွေလေ"
အလယ်မှ ဆရာတူအစ်ကိုများက ထိုမိတ်ဆက်ကို အလွန် စိတ်မကျေမနပ် ဖြစ်သွားကြလေသည်။
"ဟယ်လို ဆရာတူအစ်ကိုကြီး"
မော့ကျန်း၏ စကား မဆုံးခင်မှာပင် အစ်ကိုကြီးက မော့ကျန်းကို ထိုးလိုက်လေသည်။ မော့ကျန်းက သူ့ဘေးမှ လီယန်ကို တွန်းမိသွားပြီး ဘေးသို့ကပ်ကာ လက်သီးချက်ကို ရှောင်လိုက်သည်။
"ဘယ်သူက မင်းရဲ့ ဆရာတူ အစ်ကိုကြီးလဲကွ... မင်းခေါ်ချင်သလို ခေါ်လို့ ရမယ်များ ထင်နေတာလား"
အစ်ကိုကြီးက လွတ်သွားပြီးနောက် မော့ကျန်းဘက်သို့ နှစ်လှမ်းမျှ တိုးကပ်လာခဲ့သည်။ လီယန်က အခြေအနေကောင်းပုံ မရသည်ကို တွေ့သောအခါ မော့ကျန်းရှေ့တွင် မြန်မြန် ဝင်ရပ်လိုက်သည်။
"အစ်ကိုကြီး... အကျိုးအကြောင်း မစဥ်းစားတတ်သလို မလုပ်နဲ့လေ... ကျွန်မ အစ်ကိုကြီးကို မရိုက်မိအောင် ဂရုစိုက်နေ"
ဆရာတူအစ်ကိုကြီး: "…"
အစ်ကိုကြီး၏ နှလုံးသားလေးမှာ လိမ္မော်ခွံလေးလို ကွဲကြေသွားရလေသည်။
ငယ်ငယ်တုန်းကဆို သူ့နောက်ကို နေ့တိုင်း တကောက်ကောက်လိုက်တတ်တဲ့ သူ့ညီမလေးက အခုတော့ အခြားယောကျ်ားတစ်ယောက်အတွက်နဲ့ သူ့ကို ရိုက်ချင်နေပြီ... အစ်ကိုကြီးကတော့ ဒီကမ္ဘာကြီးက ဒီလောက်ထိကောင်းနိုင်တော့မှာ မဟုတ်ဘူးလို့ ခံစားမိလိုက်ရလေသည်။ သူ့ဒဏ်ရာလေးကို ကုစားရန်အတွက် အောက်နှုတ်ခမ်းကို ကိုက်ကာ သစ်ပင်အရိပ်လေးတွင် ငုတ်တုပ်ထိုင်ချလိုက်သည်။
အခြားသော ဆရာတူအစ်ကိုများမှာလည်း သူ့ကို ဂရုဏာသက်စွာဖြင့် ကြည့်လာကြသည်။ သူတို့၏ ချစ်စရာကောင်းသည့် ညီမလေးကို ထိုအနံ့ဆိုးထွက်နေသည့်ကောင်က အလစ်သုတ်သွားသည့် ခံစားချက်မှာ မကောင်းလှသော်လည်း ထိုအနံ့ဆိုးကောင်မှာ အလွန်ချောမောလှသည်ကိုတော့ ဝန်ခံရပေမည်။ ထပ်ပြီးတော့ ဤကမ္ဘာကြီးကလည်း မျက်နှာကိုသာ ကြည့်တတ်သည့် ကမ္ဘာကြီးပင် မဟုတ်ပါလော။
အစပိုင်းတွင် သူတို့မှာလည်း သူတို့၏ အစ်ကိုကြီးကဲ့သို့ ထိုသူ့အပေါ် မကောင်းမြင်စိတ်များ ရှိခဲ့ကြသည်။ သို့သော်ငြား ထိုသူက သူတို့၏ ညီမလေးအတွက် တေလေဂျပိုးကောင်တစ်ကောင်အား ဒေါသတကြီး ရိုက်ပစ်လိုက်သည့်အချိန်၌ သူတို့၏ ဖော်ရွေမှုလယ်ဗယ်က တစ်ဆင့်ခုန်တက်သွားခဲ့လေသည်။ ထို့အပြင် သူက အခုလေးတင် သူတို့အစ်ကိုကြီး၏ လျှပ်တပြက် လက်သီးချက်ကို ရှောင်လိုက်သေးသည်။ ကြည့်ရသည်မှာ ထိုသူက အရည်အချင်းမရှိသည့် လူချောလေးတစ်ယောက်သာ မဟုတ်သည့်ပုံပင်။
အရေးအကြီးဆုံးအချက်က ဆရာက သူ့ကို တော်တော်လေး သဘောကျနေတဲ့ပုံပဲ...
"မစ္စတာမော့... စိတ်မရှိပါနဲ့ ငါ့ရဲ့အကြီးဆုံးတပည့်က ခေါင်းသိပ်မကောင်းလို့ပါ"
ဝှစ်....
အကြီးဆုံးအစ်ကိုမှာ သူ့ဒူးအောက်သို့ နောက်ထပ်မြှားတစ်ချောင်း စိုက်ဝင်သွားလေတော့သည်။
"ကိစ္စမရှိပါဘူး"
မော့ကျန်းက ခေါင်းယမ်းပြပြီးနောက် တစ်ဖက်တွင် ပန်းရောင် ပူပေါင်းများ ထုတ်လွှင့်နေကြသည့် တတိယအဒေါ်နှင့် ဇနီးသည်ခြောက်ယောက်တို့ဘက်သို့ ကြည့်လိုက်သည်။
"အာ... ဒါ ကျွန်မရဲ့ အဒေါ်တွေလည်း ရောက်နေကြတာလေ... ပုံမှန်ဆို အဲ့လိုမဟုတ်ကြပါဘူး"
လီယန်က မျက်နှာကို လက်ဖြင့် အုပ်ကိုင်လိုက်သည်။ သူတို့ဒီကို ရောက်နေတာ သူမကို အလုပ်ထွက်ခိုင်းဖို့ ဖြောင်းဖျမလို့ မဟုတ်ဘူးလား... သူ့ကို တွေ့လိုက်တာနဲ့ ဘာလို့ သတ္တိနည်း ကုန်ကြတာလဲ...
မော့ကျန်းက သူတို့ကို နှုတ်ဆက်လိုက်ပြီး ယဥ်ယဥ်ကျေးကျေး ပြုံးပြလိုက်ရာ လေထုထဲမှ ပန်းရောင်ပူပေါင်းလေးများ၏ သိပ်သည်းဆက ရေချိန်အသစ်တစ်ခုသို့ မြင့်တက်သွားလေသည်။
"မစ္စတာမော့... သူတို့ပြောတဲ့ ကျူးဖန်ကိုများ သိသလား"
အဓိကအကြောင်းအရာက သွေဖည်ခဲ့သည်မှာ အတော်လေးကြာသွားပြီ ဖြစ်သော်လည်း လူအိုကြီးကျန်းက ထိုအကြောင်းကို မေ့မသွားပါချေ။
မော့ကျန်းက ခေါင်းငြိမ့်ပြ၍ ပြောလိုက်သည်။ "သိပါတယ်... သူက ကောင်းထျန်းချောင်ရဲ့ သူငယ်ချင်းပါ... ကောင်းထျန်းချောင်က အရင်တစ်ခေါက်က ကျွန်တော် ထိုးလွှတ်လိုက်တဲ့လူလေ"
လူအိုကြီးကျန်းက စကားပြောမလာသော်လည်း တစ်ခုခုကို တွေးတောနေပုံရသည်။ မော့ကျန်းက မသိလိုက်မသိဘာသာဖြင့် လီယန်ကို သူ့အနားသို့ ဆွဲကာ သူ့ကို ပြောလိုက်သည်။
"သူတို့ ကျွန်တော့်ကြောင့် ရောက်လာတာ ဖြစ်မယ်... ဒါကြောင့်မို့ ဒီကိစ္စကို ကျွန်တော်ပဲ ကိုင်တွယ်ပါရစေ... ကျွန်တော် သူ့ကို လီယန်အနား တစ်လက်မတောင် ကပ်ခွင့်ပြုမှာ မဟုတ်ဘူးလို့ ကတိပေးပါတယ်"
"မင်းက အာမခံနိုင်လို့လား" ဆရာတူအစ်ကိုကြီးက သွေးထွက်သံယို ဖြစ်ရခြင်းများမှ သက်သာသွားပုံရပြီး သစ်ပင်အောက်မှ ခုန်ထွက်လာခဲ့သည်။
"ဆရာတူ ညီမလေးက ကိုယ်ခံပညာ တတ်တယ် ဆိုတဲ့ အချက်ကြောင့်သာ မဟုတ်ရင် ပြန်ပေးဆွဲခံရတာ ကြာပေါ့... ဒီနေရာမှာ မင်းရဲ့ နေ့တွေလည်း အေးပြီးရင်း အေးလာတော့မှာ"
မော့ကျန်းက မျက်မှောင်ကြုံ့လိုက်ပြီး လီယန်၏ လက်ကို ဆုပ်ကိုင်ထားခြင်းကလည်း ပိုပို၍ အားပြင်းလာခဲ့သည်။ လီယန်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူမ၏ အစ်ကိုကြီးဘက် လှည့်ကာ ပြောလိုက်သည်။
"ဒါကြောင့်မို့ ညီမလေးက ဘယ်သူ့ဆီကမှ ကာကွယ်ခံဖို့ မလိုဘူးလေ.. ကိုယ့်ဘာသာ ကာကွယ်နိုင်တယ်"
မော့ကျန်းက သူမကို ကြည့်ကာ နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး စကားဆိုမလာခဲ့ပါပေ။
လူအိုကြီးကျန်းက ချောင်းဟန့်လိုက်ပြီး အဆုံးတွင် စကားပြောလာခဲ့သည်။
"ယန်ယန်က ငါ့မြေးပဲ... ဒီကိစ္စကို လွှတ်ပေးမထားနိုင်ဘူး... မစ္စတာမော့က လူသိများတဲ့သူ ဆိုတော့ သူ့အတွက် ရှေ့ထွက်ဖို့ အဆင်မပြေဘူးလေ... ဒီကိစ္စကို ငါပဲ ကိုင်တွယ်လိုက်ပါ့မယ်"
Xxxx