(11) မင်းလုပ်ရဲတယ်ပေါ့လေ
ထိုမိန်းကလေးတွေက ကိုယ်နဲ့ ကပ်လျက်သားရှိနေတဲ့ အတွင်းဝတ်တစ်စုံကိုသာ ၀တ်ဆင်ထားခဲ့ကြတယ်။ ရေစက်လေးတွေ လေထဲမှာ ပြန့်ကျဲနေခဲ့ပြီး ချိုသာလွန်းတဲ့ ရယ်မောသံတွေကတော့ လေဟာနယ်ထဲမှာ ပဲ့တင်ထပ်နေခဲ့တယ်။
အရှေ့မှ လျှောက်သွားခဲ့ကြတဲ့ လူငယ်သုံးယောက်ကတော့ အနေရခက်ပြီး ရှက်ရွံ့ သွားခဲ့ကြလေတယ်။
ဘယ်သူတစ်ဦးကမှတော့ ဆန့်ကျင်ဘက်လိင်တွေရှေ့မှာ ကိုယ့်ကိုယ်ကို အရူးမလုပ်ချင်ကြဘူး။ ကုဝမ်ချန် ကိုယ့်ကိုယ်ကို မတ်မတ်ရပ်ဖို့ ကြိုးစားလိုက်တယ်။ ဒါပေမဲ့ သူ ဘယ်လောက်ပဲ အားစိုက်ထည့်ပါစေ လီကျိုးရှင်းက သူ့ရဲ့ခါးကို ခိုင်မြဲစွာ ဖိကိုင်ထားနေတုန်းပဲ။
ဒီဆုပ်ကိုင်ထားမှုက ခိုင်မာပြီး အားပြည့်သန်မာနေခဲ့ကာ အခုလိုမျိုး တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ခံထားရတဲ့ ခံစားချက်က သူ့ရဲ့လည်ပင်းနောက်ဘက်ကို စပ်ဖြင်းဖြင်း ခဲစားသွားရစေတယ်။
“ငါ အခု အဆင်ပြေနေပါပြီ”
သူ အားယူပြီး ပြောလိုက်တယ်။
“ငါအခု လုံလောက်အောင် အနားယူပြီးသွားပြီ”
“ကောင်းပြီ”
လီကျိုးရှင်းက ပြောဆိုရလွယ်ကူစွာနဲ့ သူ့ကိုလွှတ်ပေးလာခဲ့တယ်။
ဒီအခိုက်အတန့်မှာ မိန်းကလေးတွေကလည်း သူတို့ကိုလှမ်းတွေ့သွားခဲ့ပြီ။
ထိတ်လန့်အံ့သြစွာ အော်ဟစ်သံတွေက သာယာအေးချမ်းနေတဲ့ လေထုကို ဖြတ်တောက်ပစ်လိုက်တယ်။ မိန်းကလေးတွေက ကိုယ့်ကိုယ်ကိုယ် ရေအောက်ထဲမှာ နှစ်မြှပ်ထားခဲ့ကြပြီး သူတို့ရဲ့ ရှက်ရွံ့စွာနီမြန်းနေတဲ့ မျက်နှာတွေကိုပဲ ချန်လှစ်ထားခဲ့ကာ ကျူးကျော်သူတွေကို ရှက်ရွံ့တဲ့အရိပ်အယောင်တွေနဲ့ ကြည့်နေခဲ့ကြတယ်။
“မင်းတို့တွေက ဘယ်သူတွေလဲ”
လင်းနျဥ်ရဲ့ အမူအရာက အရင်အတိုင်း အေးစက်နေဆဲဖြစ်ပြီး သူက လီကျိုးရှင်းတို့အနီးကို ခြေလှမ်းပြန်ဆုတ်လိုက်ကာ ဒီလိုအနေရခက်စေတဲ့ စကားဝိုင်းကို တာဝန်ယူဖြေရှင်းရန်အတွက် ရှီနန်နဲ့ ကျိယွီတို့ကို ချန်ထားခဲ့လေတယ်။
ရှီနန်က ကျိယွီရဲ့ ပခုံးကို သူ့ရဲ့ပုခုံးနဲ့ အသာတိုက်လိုက်တယ်။
ဒါကြောင့် အဆုံးမှာတော့ ကျိယွီကပဲ သူ့ရဲ့ပါးစပ်ကို ဖွင့်လိုက်ရတော့တယ်။
“ကျွန်တော်တို့က ထျန်းလန်ရှင်းရဲ့ တပ်သားသစ်တွေပါ”
စာကြောင်းတစ်ကြောင်း။ စကားငါးလုံး။ သူတို့တွေ ဒီနေရာကို ဘယ်လိုမျိုး နှင့် ဘာကြောင့် ရောက်လာရတာလဲဆိုတာကိုတော့ ဖြေရှင်းပြောဆိုခဲ့ခြင်းမရှိဘူး။
ကံကောင်းစွာနှင့် သူတို့အားလုံးက အလွန်ချောမောပြီး ရိုးသားတဲ့အသွင်အပြင်တွေရှိနေတဲ့ လူငယ်တွေဖြစ်ကြပြီး ကြည့်ရတာပုံပြင်စာအုပ်တွေထဲမှ သူရဲကောင်းလူငယ်လေးတွေနဲ့ ဆင်တူနေခဲ့တယ်။ ဒါ့အပြင် သူတို့တွေက ချန်ယန်အကယ်ဒမီရဲ့ ကျောင်းသားတွေ ဖြစ်နေခဲ့တယ်။
ရေထဲမှာရှိနေတဲ့ မိန်းကလေးတွေက ရယ်မောလာကြပြီး ရှက်ရွံ့စွာနဲ့ ပြန်ရှင်းပြလာတယ်။
“ကျွန်မတို့က ဒီကိုလာတဲ့လမ်းမှာ သားရဲငယ်လေးတစ်ကောင်ကို သတ်ခဲ့ကြတယ်လေ.. အဲဒီသားရဲရဲ့သွေးမှာ ယားယံစေတဲ့ ဓာတ်မတည့်မှုတစ်ခုခု ပါဝင်နေလို့ ကျွန်မတို့က အရေပြားပေါ်က သွေးတွေကို မြန်မြန်ဆေးကြောနေကြတာ”
“အိုး…”
ကျိယွီက အနေရခက်စွာနဲ့ပြန်ပြောတယ်။
“မင်းတို့အတွက် ခက်ခဲခဲ့မှာပဲ”
လီကျိုးရှင်း ရယ်မောလိုက်တယ်။
“ကျိယွီ မင်းဘယ်လိုလုပ် ဒီလောက်တောင် ချစ်စရာကောင်းနေရတာလဲ”
အမျိုးသမီးတွေနဲ့ အမြဲတမ်း ဆက်ဆံရေးကောင်းမွန်တတ်တဲ့ ကုဝမ်ချန်သည်လည်း စိတ်အေးလက်အေးရှိနေခဲ့ပြီး သူ့ရဲ့နှုတ်ခမ်းထောင့်တွေက အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားခဲ့တယ်။
“မင်းဒီလိုပြောရင် မိန်းကလေးတွေက မပျော်မရွှင်ဖြစ်သွားလိမ့်မယ်”
ကျိယွီက ပိုလို့တောင် အေးခဲသွားခဲ့တယ်။ ကံကောင်းစွာနဲ့ သူ့အသင်းဖော်တွေရဲ့ လှောင်ပြောင်သံတွေကိုကြားရလောက်တဲ့အထိ မိန်းကလေးတစ်ယောက်ကမှ အနီးအနားမှာရှိမနေခဲ့ဘူး။
မိန်းကလေးတွေက ဘာလုပ်ရမှန်း မသိဖြစ်နေခဲ့ကြတယ်။ သူတို့တွေကအဝတ်အစားတွေကို ပြန်ဝတ်ပြီး နေရာကနေထွက်သွားရမလား ဒါမှမဟုတ် သူတို့ရှိနေတဲ့နေရာမှာပဲ ဆက်နေရမလားဆိုတာ တကယ်ကိုမသိကြတော့ဘူး။ သူတို့လေးယောက်က မဝေးတဲ့နေရာမှာရှိနေတဲ့ ကောင်လေးငါးယောက်ကို လျှို့ဝှက်စွာနဲ့ ခိုးကြည့်နေခဲ့ကြတယ်။
သူတို့အားလုံးဆီမှာ မတူညီတဲ့အရှိန်အဝါတွေရှိနေခဲ့ပေမဲ့ လူတိုင်းက အလွန်ထူးချွန်နေလောက်တယ်။
မိန်းကလေးတွေရဲ့ ခေါင်းဆောင်ဖြစ်ဟန်တူတဲ့ တစ်ယောက်က စမ်းချောင်းရဲ့ နက်ရှိုင်းတဲ့ အစိတ်အပိုင်းဆီကို ညွှန်ပြခဲ့တယ်။
“အဲဒီဘက်ကိုသွားရင် ရေစီးလာတဲ့ဘက်ကိုရောက်လိမ့်မယ်.. မင်းတို့ သန့်ရှင်းတဲ့ရေတွေကိုလိုချင်ရင် အဲဒီဘက်ကို သွားလို့တယ်.. တကယ်လို့ မင်းတို့တွေလည်း ရေမြန်မြန်ဆေးဖို့လိုရင်…”
သူမက လူငယ်လေးတွေရဲ့ သွေးတွေစွန်းထင်းနေတဲ့ အဝတ်အစားတွေကို လှမ်းကြည့်လိုက်ပြီး သူမရဲ့မျက်လုံးတွေကို ရေထဲသို့ ပြန်ငုံ့ထားရင်း ဗလုံးပထွေးဖြစ်လုနီးပါး အသံဖြင့်ပြောလာတယ်။
“မင်းတို့တွေ ငါတို့ ရေဆေးလို့ပြီးတဲ့အထိ စောင့်လို့ပါတယ်”
“မဟုတ်ဘူး.. ကျွန်တော်တို့အဆင်ပြေတယ်”
ရှီနန်နဲ့ ကျိယွီက ခေါင်းကို ပြင်းပြင်းထန်ထန် ခါရမ်းလိုက်ပြီး သူတို့ရဲ့လက်တွေကိုပါ မြှောက်လိုက်လေတယ်။
“မလိုပါဘူး မလိုပါဘူး.. ကျွန်တော်တို့အားလုံးအဆင်ပြေပါတယ် ကျေးဇူးတင်ပါတယ်”
ဒီတစ်ကြိမ်မှာတော့ ကုဝမ်ချန်နဲ့ လီကျိုးရှင်းတို့က အောင့်မထားနိုင်တော့ပဲ အော်ရယ်မိလာကြတယ်။ သူတို့ရဲ့ရယ်မောသံတွေက ရှီနန်နဲ့ ကျိယွီတို့ကို ရှက်ရွံ့မှုကနေ ဒေါသတရားအဖြစ် ပြောင်းလဲသွားခဲ့ရတယ်။ သူတို့နှစ်ယောက်က ဘာမှဆက်မပြောကြတော့ဘဲ ရယ်မောနေတဲ့ သူ့ရဲ့အဖွဲ့သားတွေကို ရေစီးလာရာဘက်ဆီသို့ ဆွဲခေါ်သွားခဲ့ကြတယ်။
“မရယ်နဲ့တော့!”
ရှီနန်က နီရဲနေတဲ့မျက်နှာနဲ့ပဲပြောလာခဲ့တယ်။
“ဟမ့်! ငါ လုံးဝမရှက်ဘူး!”
သူ့ရဲ့ ကြွက်သားတွေက တောင့်တင်းနေခဲ့ပြီး လက်ချောင်းတွေကတော့ အတူ ယှဥ်တွဲပြီး လိမ်ယှက်ထားခဲ့တယ်။ ဖြတ်ခနဲကြည့်လိုက်ရင်တောင် သူ အလွန်အမင်း ရှက်ရွံ့နေတာကိုမြင်တွေ့နိုင်တယ်။
ကျိယွီကတော့ နက်နက်ရှိုင်းရှိုင်း သက်ပြင်းချလိုက်ပြီး တွေးနေခဲ့တယ်။ သူ့ရဲ့ ပုံစံက တစ်ဖက်မိန်းကလေးတွေက သူ့ကို အရှင်လတ်လတ်ကိုက်စားလောက်တဲ့အထိ ကြောက်စရာကောင်းနေတဲ့ပုံစံဖြစ်နေပြီ။ အနည်းဆုံးတော့ သူက ဒီငတုံးကောင် ရှီနန်ထက် ပိုကောင်းအောင် လုပ်နိုင်ခဲ့သေးတာဘဲ။
မိန်းကလေးတွေရဲ့ ဝရုန်းသုန်းကားရယ်မောသံတွေက သူတို့ ထွက်ခွာလာရာဆီမှ ထွက်ပေါ်လာခဲ့တယ်။ ဒါကြောင့် သူတို့တွေ အသံလုံးဝပျောက်ကွယ်သွားတဲ့အထိ အရှေ့သို့ ခြေလှမ်းတွေ ဆက်လှမ်းလိုက်မိခဲ့ကြတယ်။
အခုလိုမတော်တဆမှု ဖြစ်ခဲ့ပြီးနောက် ကောင်လေးတွေရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုကို ထိခိုက်နာကျင်စေခဲ့တဲ့ အဓိကတရားခံတွေဆီမှာ ထိုကောင်လေးတွေရဲ့ ယုံကြည်ချက်တွေကို ပြန်လည်တိုးမြှင့်ပေးဖို့ လိုအပ်လာခဲ့တယ်။
လီကျိုးရှင်းနဲ့ ကုဝမ်ချန်က သူတို့ရဲ့အပြုံးတွေကို အတင်းဖုံးဖိရင်းနှင့် ပြောလာခဲ့ကြတယ်။
“မိန်းကလေးတွေက ရိုးရှင်းပြီး အပြစ်ကင်းစင်တဲ့ကောင်လေးမျိုးကို ကြိုက်ကြတယ်.. သူတို့ အကြိုက်ဆုံးအမျိုးအစားတွေက အတွေ့အကြုံမရှိတဲ့ယောက်ျားလေးတွေပဲ”
“မင်းတို့တွေက အဲဒီအချက်တွေနဲ့ လုံးဝ ပြည့်စုံတယ်”
“မင်းတို့တွေ ဒီလိုမျိုးပြောလာတော့ အဓိပ္ပါယ်ရှိသလိုပဲ”
ရှီနန်က မသေချာစွာနှင့် ခေါင်းညိတ်လာတယ်။
“ငါ အရင်တုန်းက ဒီလိုစကားမျိုးကို တစ်နေရာက ကြားဖူးခဲ့တယ်”
သူတို့တွေ အရှေ့ကို ဆက်သွားခဲ့ကြတယ်။ လင်းနျန်ရဲ့ cheat အကူအညီနှင့်ဆိုရင် သူတို့တွေထဲမှ အပြန်လမ်းကို မမှတ်မိနိုင်တဲ့သူ ဘယ်သူမှ မရှိနိုင်ဘူး။ အတော်လေးဝေးဝေးလျှောက်လာခဲ့ပြီလို့ တွေးထင်ရတဲ့အချိန်ကိုရောက်မှ သူတို့တွေ ရပ်တန့်လိုက်ကြပြီး စားသောက်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။
သူတို့တွေက စမ်းချောင်းရဲ့ အဆုံးသတ်နေရာနီးပါးလောက်မှာ ရှိနေခဲ့တယ်။ ရေက သန့်ရှင်းကြည်လင်နေခဲ့ပြီး အတွင်းမှာ ငါးတွေ ကူးခတ်နေတဲ့ အရိပ်အယောင်တွေကို မမြင်တွေ့ခဲ့ရဘူး။ သူတို့တွေ မီးဖိုဖို့အတွက် ထင်းအချို့ကို ကောက်ယူခဲ့ကြပြီး စားဖို့အတွက်သင့်တော်လောက်မဲ့ တိရစ္ဆာန်ငယ်လေးတွေကို အမဲလိုက်ရန် ပြင်ဆင်ခဲ့ကြတယ်။
လင်းနျဥ်က သူ့ရဲ့ ကွန်တမ်ကွန်ပျူတာကို မဖွင့်ခင် သူတို့ရဲ့အနီးတစ်ဝိုက်မှာ ကင်မရာတွေမရှိကြောင်းကို သေချာအောင် အရင်စစ်ဆေးခဲ့တယ်။ နောက်အခိုက်အတန့်မှာတော့ သူရဲ့အမူအရာက လေးနက်သွားခဲ့ကာ မျက်ခုံးကလည်းတွန့်ချိုးသွားခဲ့လေတယ်။
“ဘာဖြစ်တာလဲ?”
“တစ်စုံတစ်ယောက်က အကူအညီတောင်းဖို့ အချက်ပြနေတယ်”
လင်းနျဥ် သူ့ရဲ့လက်ကို ပြန်ချလိုက်တယ်။
“ဒါပေမယ့် မက်ဆေ့ခ်ျအချက်ပြမှုက အနှောင့်အယှက်ဝင်နေခဲ့တယ်.. အချက်ပြကိရိယာက ပို့လွှတ်တဲ့အချက်ပြမှုက တည်နေရာအတွင်းမှာပဲ မှိတ်တုတ်မှိတ်တုတ် လင်းနေတာ_ ဒါပေမဲ့သေချာတာတစ်ခုကတော့ အချက်ပြတဲ့နေရာက မီတာငါးရာထက် မကွာဝေးဘူး.. ဒီနှုန်းအတိုင်းဆိုရင် အကယ်ဒမီက ဒါကို ထောက်လှမ်းမိနိုင်ဖို့ မဖြစ်နိုင်ဘူး”
ကျန်တဲ့အဖွဲ့ဝင်တွေရဲ့ အမူအယာတွေကလည်း ပြောင်းလဲသွားခဲ့တယ်။
“ဒါက ဘယ်လိုလုပ်ပြီးဖြစ်လာရတာလဲ?!”
“ကြားဝင်နှောင့်ယှက်မှုရဲ့ ကြိမ်နှုန်းက အကြိမ်ရေ 30 ကနေ 50 ကြားမှာရှိနေတယ်
လင်းနျဥ် လျင်မြန်စွာပြောလာခဲ့တယ်။
“ဒီလို ကြားဝင်နှောင့်ယှက်မှုအချက်ပြအမျိုးအစားက NO-28 ကပဲ.. ဒါက ကြယ်တာရာပင်လယ်ဓားပြတွေကအသုံးပြုလေ့ရှိတဲ့ ကိရိယာမျိုး”
စစ်နန် အံ့သြတကြီး အော်လိုက်မိတယ်။
“ပင်လယ်ဓားပြတွေလား?”
ကုဝမ်ချန်ရဲ့အမူအရာကလည်း နက်မှောင်သွားခဲ့တယ်။
“သတိပေးအချက်ပြမှုက ဘယ်နေရာကလာတာလဲဆိုတာကို မင်းရှာတွေ့နိုင်လား”
လင်းနျဥ်: “ မီတာငါးရာအတွင်းမှာရှိတယ်ဆိုတာကိုပဲ ဖော်ပြနိုင်တယ်.. ငါတို့ ရှင်းရှင်းလင်းလင်းသိချင်ရင် အဲဒီအကွာအဝေးထဲကို ဝင်လိုက်မှ ရမယ်”
သူကခဏလောက်ရပ်ပြီး အသင်းသားတွေအားလုံးကို တစ်ချက်ကြည့်လာတယ်။
“ငါတို့ သူတို့ကို သွားကယ်သင့်လား”
ကြယ်တာရာ ပင်လယ်ဓားပြတွေ။ သူတို့တစ်ဦးချင်းစီက အင်ပါယာရဲ့အလိုရှိစာရင်းထဲမှ အထူးနေရာတွေမှာ ရှိနေခဲ့တယ်။ သူတို့ရဲ့ ကြမ်းတမ်းခတ်ထန်တဲ့ အကျင့်စရိုက်များနှင့် ရက်စက်ကြမ်းတမ်းတဲ့ ကိုယ်ရည်ကိုယ်သွေးတွေကြောင့် နာမည်ပျက်တွေ စွဲထင်နေခဲ့တယ်။
ဒါ့အပြင် ဒီပင်လယ်ဓားပြတွေက အုပ်စုတစ်ခုလုံး တစ်သွေးတစ်သားတည်းဖြစ်ပြီး သူတို့ထဲမှ တစ်ယောက်ကို နှိုးဆော်တာက ပင်လယ်ဓားပြပေါင်းရာပေါင်းများစွာကို ရန်စဖို့ လက်မှတ်ရေးထိုးလိုက်တာနဲ့ တူညီတယ်။
ပင်လယ်ဓားပြတွေကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် အလွန်ခက်ခဲတယ်။ အင်ပါယာက ဒီ ပင်လယ်ဓားပြတွေကို ဖြေရှင်းဖို့ရမ်အတွက် ရှည်လျားသောသမိုင်းအတွင်း အမြစ်ပြတ်ချေမှုန်းတဲ့ စစ်ဆင်ရေး ဒါဇင်ပေါင်းများစွာ လုပ်ခဲ့ပေမဲ့လည်း သူ့ရဲ့ကြိုးစားမှုက အရာမတင်ခဲ့ဘူး။
ပင်လယ်ဓားပြတွေရဲ့ တည်ရှိမှုက ပေါင်းမြက်ပင်တွေလိုပဲ; အမြစ်စွဲနေပြီး အကုန် သုတ်သင်ရှင်းလင်းဖို့ မဖြစ်နိုင်ဘူး။
ဒီအချက်က အင်ပါယာထဲမှာရှိတဲ့ နိုင်ငံသားတိုင်း သိထားသင့်တဲ့ အခြေခံ ဗဟုသုတပဲ။
သို့သော်လည်း လင်းနျဥ်ရဲ့ အသင်းဖော်တွေအားလုံးက တုံ့ဆိုင်းမှုမရှိပဲ မတ်တပ်ထရပ်လာကြကာ လျင်မြန်သွက်လက်တဲ့လှုပ်ရှားမှုတွေနှင့် မီးဖိုကို မီးငြိမ်းသတ်လိုက်ကြတယ်။
“သွားရအောင်!ငါတို့တွေ အဲဒီကောင်တွေရဲ့ဖင်ကိုကယ်တင်ပြီးရင် သူတို့တွေ အလိုက်သတိနဲ့ ငါတို့အတွက် အမဲလိုက်ပြီး ချက်ပြုတ်ပေးတာ ပိုကောင်းလိမ့်မယ်.. ငါအခု အစွယ်ရှိသားရဲ တစ်ကောင်လုံးကိုစားနိုင်တဲ့အထိ ဗိုက်ဆာနေပြီ”
“အကယ်လို့ ငါတို့တွေ နောက်ထပ်အစွယ်ရှိသားရဲကို ထပ်တွေ့ရင် ငါတို့ ဒီအတိုင်းရပ်နေပြီး မင်းစားဖို့အတွက် လွှတ်ပေးလိုက်မယ်ကို သွားစားဖို့ လွှတ်လိုက်နိုင်တယ်”
“... ကျိယွီ ပါးစပ်ပိတ်ထား”
လင်းနျဥ်ရဲ့နှုတ်ခမ်းတွေပေါ်မှာ အလွန်သေးငယ်လွန်းတဲ့ အပြုံးလေးတစ်ခုပေါ်ထွက်လာခဲ့ပေမဲ့ လျှင်မြန်စွာပဲ ပြန်လည် ပျောက်ကွယ်သွားခဲ့တယ်။ သူ့ရဲ့မျက်နှာက ပုံမှန်အတိုင်း အေးတိအေးစက်အနေအထားသို့ ပြန်ရောက်သွားခဲ့ပြီး သူ့ရဲ့လက်နက်ကို ဆုပ်ကိုင်လိုက်ကာ သူ့ရဲ့ သူငယ်ချင်းတွေနဲ့အတူ သတိအနေအထားနဲ့ လျှောက်သွားခဲ့လေတယ်။
……
နာအန်း သူမရဲ့ သူငယ်ချင်းတွေဆီကို တိုးကပ်သွားခဲ့တယ်။
သူမရဲ့ လက်နှင့်ခြေထောက်တို့က ချည်နှောင်ခံထားရပြီး သူမရဲ့လက်ဖဝါးအရေပြားကလည်း ခြစ်ရာတွေကြောင့် သွေးထွက်နေခဲ့တယ်။
သူမ အောက်နှုတ်ခမ်းကို ကိုက်လိုက်ပြီး နာကျင်မှုမှ ရရှိလာခဲ့ ခွန်အားကိုချေးငှားကာ သူမကိုယ်သူမ တည်ငြိမ်နိုင်စေဖို့ ကြိုးစားနေခဲ့တယ်။ သူမရဲ့ ဘေးပတ်ဝန်းကျင်မှာ ထိတ်လန့်တကြား ငိုကြွေးသံများနှင့် နာကျင်သံတွေ ထွက်ပေါ်နေပေမဲ့ သူမကိုယ်သူမ တည်ငြိမ်မှုကို ထိန်းထားနိုင်စေရန်အတွက် ကြိုးစားနေတုန်းပဲ။
“နာအန်း”
သူမရဲ့သူငယ်ချင်းက ငိုရှိုက်ရင်း ထုတ်ပြောလာတယ်။
“ငါတို့သေတော့မယ်... ငါတို့သေရတော့မယ်ထင်တယ်...”
သူမရဲ့ နှလုံးသားထဲမှာရှိနေတဲ့ ထိတ်လန့်မှုတွေက တွင်းနက်ကြီးတတစ်ခုလိုမျိုး သူမရဲ့ သတ္တိတွေကို ဝါးမြိုစားသောက်သွားခဲ့တယ်။ နာအန်းရဲ့မျက်လုံးတွေက မှိန်ဖျော့သွားခဲ့ပေမဲ့ သူမရဲ့သူငယ်ချင်းဖြစ်ကို နှစ်သိမ့်ဖို့ ကြိုးစားနေတုန်းပဲ။
“ငါတို့တွေ သေမှာမဟုတ်ဘူး”
ဒီတောကြီးက အလွန်အန္တရာယ်များနေပေမဲ့ ရှုခင်းတွေကတော့ အလွန်လှပနေတုန်းပဲ။ နေရောင်ခြည်က သစ်ပင်တွေပေါ်သို့ ဖြာကျနေခဲ့ကာ နောက်ခြေ မြေပြင်ပေါ်ကို ကွက်တိကွက်ကြား ထိုးဖောက်နေခဲ့တယ်။
ဒါပေမယ့် သစ်ပင်ရဲ့ခြေရင်းမှာ ချည်နှောင်ခံထားခဲ့ရတဲ့ လူငယ်တွေအတွက်ကတော့ ဒီသာယာတဲ့ရှုခင်းက သေဆုံးရမဲ့ မှတ်တိုင်နေရာတစ်ခုလိုဘဲ။
သူတို့က လူပေါင်းတစ်ဒါဇင်လောက်ရှိနေပြီး အကြမ်းထည်ဆန်တဲ့ စက်ဝိုင်းတစ်ခုလိုမျိုး ဖမ်းစီးချုပ်နှောင်ခံထားရကာ စက်ဝိုင်းရဲ့ အပြင်ဘက်မှာထိုင်နေတဲ့ ယောကျာ်းတစ်ယောက်ကတော့ သူ့ရဲ့ ကွန်ပျူတာကို ထပ်ခါထပ်ခါ ဖွင့်ဖို့ ကြိုးစားနေခဲ့ပေမဲ့ အောင်မြင်ခြင်းမရှိခဲ့ဘူး။
“မင်းမေ_ိုးတဲ့မှ!”