Ch 16
Viewers 3k

(16)


သူတို့ လေလံပွဲကို အချိန်မှီ ရောက်လာခဲ့ကြတယ်။ 


လေလံပွဲက ဆိုင်ခန်းတစ်ခု ဒါမှမဟုတ် လမ်းကျဉ်းလေးတစ်ခုထဲမှာ ကျင်းပတာမျိုးမဟုတ်ပဲ အလွန်ကျယ်ပြောလွန်းတဲ့ နေရာကြီးတစ်ခုလုံးကို အပိုင်ယူကာ ထိုအတွင်းမှာကျင်းပတာမျိုးပဲ။ 


ထို နေရာကျယ်ကြီးတစ်ခုလုံးကို နေရောင်မှ  ကာကွယ်ပေးနိုင်ဖို့အတွက် မှောင်မဲနေတဲ့ အမိုးတစ်ခုနဲ့ ဖုံးအုပ်ထားခဲ့ပြီး လေလံပွဲတက်ရောက်သူတွေကိုလည်း လက်နက်ပစ္စည်းနှင့် ထောက်လှမ်းရေးပစ္စည်းတွေ ယူမလာစေဖို့ တားမြစ်ထားသေးတယ်။ 


ဒါကြောင့် သူတို့နှစ်ယောက် လေလံပွဲထဲကို ဝင်သွားတဲ့အချိန်မှာ မြေအောက်ခန်းတစ်ခုထဲကို ရောက်သွားရသလိုခံစားရစေတယ်။ 


ကောင်းကင်ကြီးက မီးခိုးရောင်ဖြစ်နေပြီး သူတို့အရှေ့မှာ ရှိနေတဲ့ အဆောက်အဦးတွေမှာလည်း အရောင်စုံလင်တဲ့မီးလုံးတွေ ချိတ်ဆွဲထားတယ်။


လမ်းမပေါ်မှာတော့ လူတွေနဲ့ စည်ကားနေခဲ့ပြီး ဆေးဝါးတွေနဲ့ လက်နက်ဆိုင်ရာပစ္စည်းတွေကို ရောင်းနေကြတဲ့လူတွေက ရှုပ်ယှက်ခတ်နေခဲ့တယ်။ 


တံခါးပေါက်နားမှာ ရပ်နေတဲ့လူတစ်ယောက်က သူတို့ကို အက်ကွဲနေတဲ့ လေသံနဲ့ တီးတိုးပြောလာတယ်။ 


“လက်မှတ်?” 


ကုဝမ်ချန်က တစ်ဖက်လူဆီကို လက်မှတ်နှစ်စောင်လှမ်းပေးလိုက်တယ်။ 


တံခါးစောင့်လူကြီးက သူတို့ရဲ့ လက်မှတ်တွေကို စစ်ဆေးပြီးတဲ့ နောက် အဖြူရောင်လက်ပတ်တစ်ခုစီ ပေးလာတယ်။ ထိုလက်ပတ်တွေက သူတို့ရဲ့ တည်နေရာကို သိနိုင်တဲ့အပြင် တစ်မီတာလောက်အကွာကနေ စိတ်ပိုင်းဆိုင်ရာအတက်အကျတွေကိုလည်း ထောက်လှမ်းနိုင်လိမ့်မယ်။ 


လေလံပွဲတည်နေရာအတွင်းမှ တကယ့် လေလံပွဲရုံကတော့ နေရာကျယ်ကြီးရဲ့ အလယ်ဗဟိုမှာ တည်ရှိတယ်။ ထိုပွဲရုံကြီးရဲ့ အပြင်ဘက်မှ ဆိုင်တွေကတော့ အမျိုးမျိုးသော ပစ္စည်းတွေကို ရောင်းချနေခဲ့ကြတယ်။


သူတို့တွေ လေလံပွဲခန်းမဆီကို လျှောက်သွားခဲ့ကြတယ်။ အစပိုင်းမှာတော့ ဘေးနားမှ စျေးဆိုင်တွေက ဆေးဝါးတွေနဲ့ လက်နက်ဆိုင်ရာပစ္စည်းတွေကို ရောင်းဝယ်နေကြရုံသာဖြစ်ပေမယ့် သူတို့တွေ အတွင်းပိုင်းကို ပိုပြီးရောက်လာလေလေ  ရောင်းဝယ်နေကြတဲ့ ပစ္စည်းတွေက ပိုပြီး ဆိုးရွားလာလေလေဖြစ်ကာ အတွင်းပိုင်းဘက်ခြမ်းတွေမှာတော့ လှောင်အိမ်ထဲမှာ သော့ခတ်ထားတဲ့လူတွေတောင် ပါဝင်လာကြတယ်။


အင်ပါယာက နဂါးငွေ့တန်းရှစ်ခုကို လွှမ်းမိုးချုပ်ကိုင်ထားခဲ့တယ်။


ဒါကြောင့် အင်ပါယာထဲမှာ မရေမတွက်နိုင်လောက်အောင် များပြားလှတဲ့ သက်ရှိတွေနေထိုင်တဲ့ဂြိုလ်တွေ အများကြီးရှိနေတယ်။ 


ဒီအင်ပါယာထဲမှာ စိတ်ခံစားချက်တွေ ရှိတဲ့ သက်ရှိတွေ အများကြီးရှိကြပေမယ့် ဒီနေရာမှာ ရောင်းချနေတာကတော့ အံ့ဩစရာကောင်းလောက်အောင် လှပတဲ့အရာတွေ၊ အထူးတလည်နိုင်တဲ့ အရာတွေနှင့် ဆွဲဆောင်မှုရှိတဲ့ စွမ်းရည်တွေရှိနေနိုင်တဲ့သူတွေပဲ။


“………” 


လီကျိုးရှင်း လက်သီးကို တင်းကြပ်နေအောင် ဆုပ်ထားလိုက်မိတယ်။ 


Tal Knelt ဂြိုလ်ပေါ်မှ မိန်းကလေးတစ်ယောက်က မြေကြီးပေါ်မှာ ဒူးထောက်ထားရပြီး ရောင်းချသူရဲ့  ရွံစရာကောင်းတဲ့ အပြောအဆိုတွေအောက်မှာ တုန်ယင်နေခဲ့တယ်။ သူမရဲ့ ခေါင်းပေါ်မှာရှိနေတဲ့ ခွေးနားရွက်လေးတွေလည်း တစ်ဆက်ဆက်တုန်ရီနေခဲ့ပြီး ညစ်ပတ်နေတဲ့ လှောင်အိမ်ထဲကို တိရိစ္ဆာန်တစ်ကောင်လိုမျိုး တွားသွားနေရတယ်။ သူမသွားတဲ့ လမ်းတစ်လျှောက်မှာတော့ သွေးရာတွေက စွန်းထင်ပြီးကျန်နေခဲ့တယ်။ 


ရောင်းချသူရဲ့ ရယ်သံတွေက စိတ်မသက်မသာဖြစ်စရာကောင်းလွန်းပြီး ရွံစရာကောင်းတယ်။ 


မကြာခင်မှာပဲ သူက မိန်းကလေးရဲ့ ကိုယ်ပေါ်မှာ ကျန်ရှိနေတဲ့ အဝတ်စရာတွေကို ဆွဲဖြဲလိုက်ပြန်တယ်။ 


ထိုမိန်းကလေးက သူမရဲ့ခန္ဓာကိုယ်ကို တတ်နိုင်သလောက် လက်နဲ့ကာထားရင်း ဒူးကိုပွေ့ဖက်ကာ သူမကို ကြည့်နေကြတဲ့ လူတွေရဲ့ အကြည့်တွေအောက်မှာ မျက်ရည်တွေ ကျဆင်းရင်း ငိုကြွေးနေခဲ့ရတယ်။ 


မိန်းကလေးရဲ့ ငိုကြွေးနေတဲ့အသံက  သူတို့နှစ်ယောက်ရဲ့နားထဲကို ဝင်ရောက်လာခဲ့တယ်။ 


ရောင်းချသူရဲ့စကားတွေကို နားထောင်ကြည့်ရရင် ထိုမိန်းကလေးက စျေးဝယ်တွေဆီကနေ မလိုချင်တော့လို့ ပြန်ရောက်လာတဲ့ ကုန်ပစ္စည်းပဲတဲ့။


ပြန်လည်ရောင်းချလို့ မရတော့တဲ့ ပစ္စည်းတွေက ကုန်သည်တွေဆီကနေ စွန့်ပစ်တာ ခံကြရလိမ့်မယ်။ 


သူတို့တွေက ကျိုးပဲ့ပျက်စီးသွားလို့အမှိုက်ပုံတွေမှာ စွန့်ပစ်ခံလိုက်ရတဲ့ အရုပ်တွေလိုမျိုး သေခြင်းတရားကိုသာ စောင့်ဆိုင်းနေကြရလိမ့်မယ်။ 


လီကျိုးရှင်းအနေနဲ့ ဒီကမ္ဘာကို စရောက်လာကတည်းက သူ့ရဲ့ မျက်စိရှေ့မှာ မြင်တွေ့ခဲ့ရတဲ့ လူတွေဖြစ်စေ၊ အရာဝတ္ထုတွေဖြစ်စေ အရာအားလုံးက သူ့အတွက်လှပနေခဲ့တယ်။


ဒါပေမယ့် အခု သူ မြင်တွေ့လိုက်ရတဲ့ အမှောင်ဘက်ခြမ်းကတော့ သူ လုံးဝကို ရိုးရှင်းစွာလျစ်လျူရှုသွားလို့ မရနိုင်လောက်တဲ့အထိ ဆိုးရွားလွန်းနေခဲ့လေတယ်။


သူက ဒီကမ္ဘာကြီးရဲ့ အလှပဆုံးသောအခြမ်းကိုသာ မြင်တွေ့ခဲ့ဖူးတယ်။ ဒါကြောင့် အခုလိုမျိုး ဆိုးရွားရက်စက်လွန်းတဲ့ အမှောင်ထုဘက်အပိုင်းအခြမ်းကို ရုတ်တရက်မြင်တွေ့လိုက်ရချိန်မှာ တကယ့်ကို ထိတ်လန့်တုန်လှုပ်သွားခဲ့ရတယ်။


“ဘာလုပ်နေတာလဲ?” 


သူတို့ရဲ့ ဘေးနားမှာ ရပ်နေတဲ့ ကုန်သည်တစ်ယောက်က လှောင်အိမ်ကို ကန်လိုက်ပြီး အထဲမှာရှိနေတဲ့ လူကို အော်ဟစ်ကျိန်ဆဲလိုက်တယ်။


“ခွေးမ! ငါက မင်းကို မင်းရဲ့လျှာကိုသုံးပြီး ရေကိုလှမ်းသောက်ခိုင်းတာနေတာလေ..  ခွေးတွေ ရေဘယ်လိုသောက်လဲဆိုတာကို မမြင်ဖူးဘူးလား? ငါ မင်းကို အဲဒီရေခွက်အစုတ် ပေးထားတယ်ဆိုတာ မင်းရဲ့ လျှာနဲ့ လျက်ပြီး သောက်ဖို့ပေးတာ! ရေခွက်လို လက်နဲ့ ကိုင်သောက်ဖို့ ပေးထားတာ မဟုတ်ဘူး!” 


လီကျိုးရှင်း ရေခွက်ရဲ့အရှေ့မှာ ဒူးထောက်ပြီး ဝက်တစ်ကောင်လို ရေသောက်နေရတဲ့ လူကို စိုက်ကြည့်လိုက်တယ်။ 


ဒါက အသတ်ခံရတော့မယ်ဆိုပြီး သတ်မှတ်ခံထားရတဲ့ ဝက်တစ်ကောင်လိုပဲ။ 


လီကျိုးရှင်းရဲ့ ဒေါသမီးတွေက ရေခဲတွေလိုအေးစက်တဲ့ ဒေါသတွေအဖြစ်သို့ ပြောင်းလဲသွားခဲ့တယ်။ သူရဲ့ သည်းခံနိုင်စွမ်းကို ကျော်လွန်သွားသလိုမျိုး။ 


ကမ္ဘာတွေတိုင်းမှာ သူတို့ရဲ့ ကိုယ်ပိုင်အမှောင်ထုဘက်အခြမ်းဆိုတာ ရှိကြတယ်။  ဒါက လူသားတွေ ရှောင်လွဲလို့မရနိုင်တဲ့ အရာတွေပဲ။ 


ကံကောင်းလွန်းလို့ ဒီလိုအမှောင်ဘက်အခြမ်းကို မကြုံတွေ့ဖူးတဲ့ လူတွေအတွက်ကတော့ ဒီအဖြစ်ဆိုးကြီးကို ကိန်းဂဏန်းတွေအဖြစ်သာ ဖော်ပြကြလိမ့်မယ်။ 


ဘယ်လောက်ပဲ ကြီးမားပြီး ထိတ်လန့်စရာကောင်းတဲ့ နံပါတ်ဖြစ်နေပါစေ လောကကြီး ပျက်စီးနေတယ်ဆိုတဲ့ အကြောင်းကို မသိကြပါဘဲ ပုံမှန် ဖြတ်သန်းသွားလာနေတဲ့ လူတွေအတွက်တော့ ထိုအမှောင်ထုကို ဗလာနယ်ပယ်လိုမျိုးသာ မြင်ကြလိမ့်မယ်။ 


ဒါပေမယ့် လီကျိုးရှင်းကတော့ ဒီအမှောင်ဘက်အခြမ်းကို မြင်ပြီးတဲ့နောက်မှာ ဘယ်လိုမှ လျစ်လျူမရှုနိုင်တော့ဘူး။ 


လီကျိုးရှင်းက သူတော်စင်မဟုတ်ဘူး။ တကယ်တော့ သူရဲ့စိတ်က သာမာန်လူတွေထက်တောင် ပိုပြီး အေးစက်ပြီး ပိုပြီးတော့တောင် စိတ်ထဲကို မထည့်သွင်းတတ်တဲ့သူပဲ။


သူ့ရဲ့ ကိုယ်ချင်းစာမှုမရှိတဲ့စိတ်က ဒီနေရာက သူနဲ့မသက်ဆိုင်တာကြောင့် ဒီနေရာကနေ လှည့်ထွက်သွားဖို့ ပြောနေခဲ့ပေမယ့် သူ့ရဲ့ (၂၃)နှစ်ကြာအောင် သွန်သင်ဆုံးမခြင်းခံခဲ့ရတဲ့ ကိုယ်ချင်းစာတရားတွေကတော့ သူ့ကို ဒီနေရာကနေ ထွက်မသွားနိုင်အောင် ဆွဲထားခဲ့တယ်။


ထိုကိုယ်ချင်းစာတရားတွေက သူ့ကိုဒီနေရာကို အေးတိအေးစက် လျစ်လျူရှုလိုက်ဖို့ ခွင့်မပြုသလို သူ့မျက်လုံးတွေကို တစ်ခြားနေရာသို့ ပြောင်းကြည့်ဖို့ကိုတောင် စေခိုင်းလို့မရခဲ့ဘူး။


ဒီနေရာက ကြောက်စရာကောင်းလောက်အောင် မှားယွင်းနေခဲ့ပြီး သူ့အနေနဲ့ ဒီလိုမျိုးကြောက်စရာကောင်းတဲ့နေရာနဲ့ ဘာမှသက်ဆိုင်မှုမရှိသလိုမျိုး ထွက်မသွားနိုင်ခဲ့ဘူး။


--ဒါပေမယ့် သူ လှည့်ထွက်သွားစရာလည်း မလိုအပ်ဘူးလေ။


ဘာလို့လဲဆိုတော့ သူက စာအုပ်ထဲက လီကျိုးရှင်း ဖြစ်နေလို့ပဲ။ 


လီကျိုးရှင်းရဲ့ တင်းကျပ်နေအောင် ဆုပ်ထားတဲ့ လက်သီးတွေကို ကုဝမ်ချန် မြင်တွေ့လိုက်ရတော့ စိတ်ထဲကနေ သက်ပြင်းချလိုက်မိတယ်။


ဒါတွေကြောင့်ပဲ ဒီလိုမျိုး သွေးဆူလွယ်တဲ့ လူငယ်တစ်ယောက်ကို ဒီနေရာသို့ မခေါ်လာသင့်တာပေါ့။


အထူးသဖြင့် သူ့ဘေးမှာ ရပ်နေတဲ့ ကောင်လေးလို လူမျိုးပဲ။


လီကျိုးရှင်းက ဒီနေရာနဲ့လုံးဝ ဆန့်ကျင်ဘက်ဖြစ်လောက်အောင် ကွာခြားလွန်းတဲ့ သာယာလှပတဲ့ ကမ္ဘာကြီးမှာ နေလာခဲ့တာ။ 


ဒီတော့ အခုလို မြင်ကွင်းမျိုးကိုတွေ့ကြုံလိုက်ရတဲ့အချိန်မှာ လီကျိုးရှင်းရဲ့ ကမ္ဘာကြီးအပေါ်နားလည်ထားတဲ့အမြင်က မီးနဲ့ရေလိုမျိုးကွဲပြားသွားလိမ့်မယ်။


ကြည်နူးစရာကောင်းပြီး လှပတဲ့ မြင်ကွင်းတွေကနေ ကြောက်လန့်ပြီး ဝမ်းနည်းစရာကောင်းတဲ့အရာတွေကို ရုတ်တရက်ကြီး ပြောင်းလဲမြင်တွေ့လိုက်ရချိန်မှာ လီကျိုးရှင်း ဘယ်လိုတုန့်ပြန်လာမလဲဆိုတာကို ကုဝမ်ချန် တွေ့မြင်ချင်ခဲ့တယ်။


သို့ပေမယ့် အခုချိန်မှာတော့ သူ့ရဲ့လုပ်ရပ်အတွက် အပြစ်ရှိသလို ခံစားနေရပြီ။ သူ ချောင်းတစ်ချက်ဟန့်လိုက်ပြီး လီကျိုးရှင်းရဲ့နောက်ကျောကိုခပ်ဖွဖွပုတ်ကာ ပြောလိုက်တယ်။ 


“စိတ်အေးအေးထားဦး” 


“သန်မာပြီး  စွမ်းအားရှိတဲ့လူတွေက ဒီအင်ပါယာအတွက် ချမှတ်ထားတဲ့ ဥပဒေတွေကို ဘယ်တော့မှလိုက်နာကြမှာမဟုတ်ဘူး.. ဒါကြောင့် ဒီလိုရာဇဝတ်မှုမျိုးတွေကို ဖယ်ရှားပစ်ဖို့က မဖြစ်နိုင်ဘူး” 


သို့ပေမယ့် သူ ထင်မှတ်ထားတာနဲ့ မတူညီစွာ လီကျိုးရှင်းက နေရာကနေ ဘာခံစားချက်မှမရှိသလိုမျိုး ဖြတ်ကျော်သွားခဲ့ပြီး ဘယ်လိုအပိုလှုပ်ရှားမှုကိုမှ မလုပ်ခဲ့ဘူး။ 


လီကျိုးရှင်းရဲ့ မျက်နှာကတော့ ခါတိုင်းလို အပြုံးမျိုးရှိမနေခဲ့တော့ပါပဲ အနည်းငယ် ကွဲပြားနေခဲ့တယ်။


ကုဝမ်ချန် တစ်ယောက် သူ့ရဲ့အခန်းဖော်ရဲ့မျက်နှာမှာ အပြုံးအရယ်မရှိဘဲ တည်တင်းနေတာကို ပထမဆုံးအကြိမ်မြင်တွေ့ဖူးခဲ့တာပဲ။ 


ကုဝမ်ချန် လီကျိုးရှင်းကြောင့် အနည်းငယ်လောက် အံ့သြနေခဲ့ကာ သူ့ကို မကြာခဏလှည့်ကြည့်နေမိတယ်။ 


“ငါ ရူးနှမ်းတဲ့အရာမျိုး ဘာတစ်ခုမှမလုပ်ပါဘူး” 


လီကျိုးရှင်းကတော့ ကုဝမ်ချန်က သူ့ရဲ့အပြုအမူကြောင့် ရှုပ်ထွေးနေတာလို့  တွေးလိုက်မိတာကြောင့် လမ်းလျှောက်ရင်း ရှင်းပြလာခဲ့တယ်။ 


“ငါသာ  အစီအစဉ်မရှိဘဲ ဝင်ရှုပ်လိုက်မယ်ဆိုရင် ထိခိုက်နစ်နာရမယ့်လူတွေ ပိုများသွားလိမ့်မယ်” 


လီကျိုးရှင်းက သူ့ရဲ့ဘဝတစ်လျှောက်လုံး ကြောက်လန့်စရာတွေကို အပျော်အဖြစ် ပြောင်းလဲပြီး နေလာခဲ့တယ်။ ဒါ့အပြင် သူက အခု ဝိညာဉ်ကူးပြောင်းပြီးလာခဲ့ပြီ_ သူ့မှာ ဘာဆုံးရှုံးစရာမှ မရှိဘူး။ 


ဒီလိုမျိုး စက်စုပ်ရွံရှာစရာကောင်းတဲ့ လုပ်ရပ်တစ်ခုကို လျစ်လျူရှုလိုက်မယ်ဆိုရင် သူ့ကိုယ်သူ ယောက်ျားတစ်ယောက်လို့ ဘယ်လိုများ သတ်မှတ်နိုင်တော့မှာလဲ။


သူက ဘာပဲလုပ်လုပ် ကြီးကြီးမားမားပဲ လုပ်လိမ့်မယ်။  လောကကြီးကို သူ့ရဲ့ခြေထောက်အောက်မှာ ထားနိုင်လောက်တဲ့အထိ ကြီးမားအောင် လုပ်မယ်။ သူ့ရဲ့ လက်ချောင်းတွေကို တစ်ချက်လှုပ်လိုက်ရုံနဲ့ ဒီလောကကြီးရဲ့ ပုတ်သိုးနေတဲ့နေရာတိုင်းကို ဖြူစင်သန့်ရှင်းသွားအောင် လုပ်နိုင်တဲ့အထိ ကြီးမားအောင်လုပ်မယ်။


ကြီးမားတဲ့အရာတွေကို လုပ်ရင်လုပ် ဒါမှမဟုတ်ရင် အစကတည်းက ဘာတစ်ခုမှမလုပ်ပဲ အိမ်ကိုပြန်သွားလိုက်။  ဒါက လီကျိုးရှင်းရဲ့ ဆောင်ပုဒ်ပဲ။ 


အဆုံးမှာ ဒါတွေက ဘဝကို စိတ်ဝင်စားစရာ ကောင်းစေတယ်လေ။


သူ ရူးမိုက်တဲ့ အရာတွေကို ဘာမှမလုပ်ပါဘူးလို့ ကတိပေးပြီးတဲ့အချိန်မှာပဲ လီကျိုးရှင်းရဲ့ အမူအရာက ရုတ်တရက် ပြောင်းလဲသွားခဲ့တယ်။  သူက အရှေ့ကိုပြေးသွားပြီး မြေပြင်ပေါ်မှာ ခွေခွေ‌လေးလဲနေတဲ့ လူငယ်လေးရဲ့ အရှေ့မှာ ရပ်လိုက်တယ် ။


“ရပ်လိုက်စမ်း” 


လီကျိုးရှင်းရဲ့ ကာကွယ်မှုကိုခံရလိုက်တဲ့ လူငယ်လေးက သူ့ရဲ့ခေါင်းကို ခက်ခဲစွာ မ,ရင်း လီကျိုးရှင်းကို မော့ကြည့်လာတယ်။ 


ကုဝမ်ချန်တစ်ယောက် ထိုလူငယ်လေးက မယုံနိုင်လောက်အောင် လှပတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားကြောင်း အလွန်အမင်းအံ့ဩစွာ တွေ့မြင်လိုက်ရတယ်။


ညစ်ပတ်တဲ့ဖုန်မှုန့်တွေကတောင် သူရဲ့ ချောမောလှပတဲ့ အသွင်အပြင်နဲ့ ဆွဲဆောင်မှုကို မဖုံးကွယ်ထားနိုင်ဘူး။ သူ့ကို နာကျင်မှုကို ခံစားနေတဲ့ တိရိစ္ဆာန်ငယ်လေးတစ်ကောင်နဲ့ ပိုပြီး တူသွားစေခဲ့တယ်။


လူငယ်လေးက အခုလိုအားနည်းတဲ့ အခြေအနေမှာ ပိုလို့တောင် ရင်သပ်ရှုမောစရာ ကောင်းနေခဲ့သေးတယ်။ နိုပ်စက်ခံထားရတဲ့ လူငယ်လေးက ပိန်လှီနေပြီး သေသေချာချာသာ မကြည့်မိဘူးဆိုရင် မိန်းကလေးတစ်ယောက်လို့တောင် အထင်မှားနိုင်လောက်တယ်။


တကယ်လို့ ဒီကောင်လေးသာ မိန်းကလေးဆိုရင် သေချာပေါက်ကို မင်သက်စရာကောင်းလောက်အောင် လှပနေမှာပဲ။


ကျွန်ကုန်သည်က ချောမောလှပတဲ့ ကောင်လေးကို ဆက်တိုက် အော်ငေါက် ရိုက်နှက်နေခဲ့ကာ ဒီနည်းနဲ့ လူတွေရဲ့ အာရုံစိုက်မှုကို ရအောင်လုပ်နေတယ်လို့တောင် ထင်ရတယ် ။


လီကျိုးရှင်း အရှေ့ကိုထွက်လာတာကို မြင်တော့ ကုန်သည်က လှောင်ပြောင်လိာစွာပြုံးပြီး ပြောလာတယ်။


“တကယ်လို့  မင်းမှာ သူရဲကောင်းလုပ်နည်း ကစားချင်တယ်ဆိုရင် အရည်အချင်းတော့ ရှိမှရမယ်နော်.. ကောင်လေး မင်းက  လေလံပွဲရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ဖောက်ဖျက်ချင်နေတာလား?” 


လွန်ခဲ့တဲ့ မိနစ်ပိုင်းလောက်ကမှ လီကျိုးရှင်းက ဒါတွေကို ဝင်ပါစရာမလိုဘူးလို့ တွေးထားခဲ့တာ။ သို့ပေမယ့် လီကျိုးရှင်းက အပေါ်ယံသွင်ပြင်တွေမှာ တောင့်မခံနိုင်တဲ့ လူမျိုးလေ။


အခုလို လှပလွန်းတဲ့ ကောင်လေးတစ်ယောက် အနိုပ်စက်ခံနေရတာကို သူ ထိုင်မကြည့်နေနိုင်ဘူး


“ ငါ သူ့ကိုဝယ်မယ်” 


ပိန်လှီနေတဲ့ ကောင်ငယ်လေးက အံ့ဩပြီး မယုံကြည်နိုင်ဖြစ်နေတဲ့ မျက်လုံးတွေနဲ့ လီကျိုးရှင်းကို မော့ကြည့်လာခဲ့တယ်။ 


သူရဲ့ အရှေ့မှ ရှည်လျှားတဲ့အရိပ်က  ကမ္ဘာကြီးတစ်ခုလုံးကို သူ့ရဲ့ပုခုံးပေါ်မှာ တင်ထားနိုင်လောက်တဲ့အထိ ခွန်အားနဲ့ ယုံကြည်ချက်ရှိမှုတွေရှိနေသလိုမျိုး သူ ခံစားမိသွားခဲ့တယ်။


ကုန်သည်ကလည်း အံ့ဩသွားတဲ့ပုံပဲ။


“ဘာလဲ? မင်းက သူ့ကို ဝယ်မလို့လား?” 


ကုန်သည်က သူ စိတ်ပြောင်းသွားမှာကို စိတ်ပူနေတဲ့ ပုံစံနဲ့ လီကျိုးရှင်းရဲ့ လက်မောင်းကို ပျော်ရွှင်စွာ ဆုတ်ကိုင်လာခဲ့တယ်။


“ကြယ်ဒင်္ဂါး (500)! မင်းသာ ကြယ်ဒင်္ဂါး(၅၀၀)ပေးရင် သူ့ကို ခေါ်သွားလို့ရပြီ!”


သူပြောတဲ့စျေးက လီကျိုးရှင်း စဉ်းစားထားတာထက်တောင် နည်းနေသေးတယ်။ 


ဒါကြောင့် သူက ပိုက်ဆံကို ကုန်သည်ဆီသို့ ပစ်ပေးလိုက်ပြီး မြေကြီးပေါ်မှာလဲနေတဲ့ ကောင်လေးကို လက်လှမ်းပေးလိုက်တယ်။


လီကျိုးရှင်းရဲ့ အပြုံးကနွေးထွေးလွန်းပြီး လူငယ်လေးကို မတ်တပ်ထရပ်နိုင်အောင် ကူညီပေးခဲ့တယ်။ 


“မင်း  ဘယ်လိုနေလဲ? အခု လမ်းလျှောက်နိုင်ရဲ့လား?” 


သူ့ဆီကို ကမ်းလှမ်းပေးလာတဲ့ လက်က နွေးထွေးပြီးသန့်ရှင်းနေခဲ့တယ်။ ထိုလက်ပေါ်မှာ သွေးတစ်စက် ဒါမှမဟုတ် ဖုန်မှုန့်တစ်ခုတောင် ရှိမနေခဲ့ဘူး။ 


လှပတဲ့လူငယ်လေးက ထိုလက်ကိုကြည့်လိုက်ပြီး သူ့ကို ဝယ်လိုက်တဲ့ လူငယ်ရဲ့ မျက်လုံးတွေကို ကြည့်လိုက်ပြန်တယ်။


သူ့ရဲ့ မျက်လုံးထောင့်တွေက ချက်ချင်းပဲ နီရဲလာခဲ့ကာ မကြာခင်မှာပဲ ငိုချလိုက်တော့မလိုမျိုးပဲ။


“ကျေးဇူးတင်ပါတယ်” 


ကောင်ငယ်လေးက အလွန်အောက်ကျို့တဲ့ အသံနဲ့ ခေါ်ခဲ့တယ်။


“သခင်”