(20)
လီကျိုးရှင်းက ကျိယွီနဲ့ လင်းနျဉ်တို့ကိုလည်း မြည်းခိုင်းလိုက်တယ်။ ကျိယွီကတော့ အရသာကို မြည်းပြီးတဲ့အချိန်မှာ အလွန်လေးနက်စွာနဲ့ စကားလုံးပေါင်းငါးရာလောက် ချီကျူးခဲ့ပြီး ရှီနန်နဲ့အတူ မီးဖိုခန်းအပေါက်ဝနားမှာ သွားထိုင်ပြီး ညစာစားဖို့ မျှော်နေခဲ့လေတယ်။
အဓိကဇာတ်ကောင်ရဲ့ ဟင်းချက်စကေးက တကယ်ကို ဟာသမဟုတ်ဘူး။
အရင်တုန်းက လီကျိုးရှင်းက ကုဝမ်ချန်ရဲ့ ဆွဲဆောင်မှုတွေကို အမှတ်(8) လောက် ပေးထားခဲ့ပေမယ့် အခု သူ့ရဲ့ဟင်းချက်လက်ရာကို သိလိုက်ရတော့ ဆယ်မှတ်မှာ ဆယ်မှတ် အပြည့်ပေးလိုက်ပြီ။
လင်းနျဉ်က ကျိယွီထက်တောင် ထုံထိုင်းစွာနဲ့ မေးလာတယ်။
“တကယ်လား? တစ်တုံးပဲ ကျွေးတာလား?”
လင်းနျဉ်ရဲ့ အလွန်လေးနက်လွန်းတဲ့မျက်နှာကိုကြည့်ပြီး စနောက်လိုက်တယ်။
“ငါတို့က အရမ်းဆင်းရဲတယ်လေ .. ဒီမှာ အသားက ငါးတုံးပဲ ရှိတာ.. ကြည့်လိုက် တစ်ယောက်ကို တစ်တုံးဆီမှ ဘယ်လောက်ထိ မျှမျှတတလုပ်ပေးထားသလဲ”
လင်းနျဉ်ရဲ့မျက်လုံးတွေက သူ မကျေနပ်တဲ့အကြောင်းကို ဖော်ပြလာတယ်။
“မင်းက ဘယ်လိုမျိုး ထင်မြင်ချက်တွေ ရှိနေတာလဲဆိုတာ မသိပေမဲ့ ငါက မင်းပြောတဲ့စကားတိုင်းကို ယုံမယ့် ငတုံးမဟုတ်ဘူး”
လင်းနျဉ်ကလည်း ကုဒ်တွေရှာနေတာကို ရပ်တန့်ထားဖို့ ဆုံးဖြတ်လိုက်တယ်။ သူက မီးဖိုးခန်းတံခါးပေါက်နားကိုရောက်တော့ ဒီနေရာမှာ သူ နေဖို့အတွက် နေရာမရှိတော့သလိုမျိုး ထိုင်စောင့်နေကြတဲ့ လူနှစ်ယောက်ကို ခွကျော်ကာ အထဲကို ဝင်သွားလိုက်တယ်။
“ပြီးဖို့ ဘယ်လောက်ကြာဦးမှာလဲ”
သူက သူ့ရဲ့အကြည့်တွေကို ပိုပြီး ကောင်းမွန်စေဖို့နဲ့ အေးခဲတဲ့အမူအရာကိုလည်း အတတ်နိုင်ဆုံးလျှော့ချဖို့ကြိုးစားရင်း ကုဝမ်ချန်ကို မေးလိုက်တယ်။
လူတိုင်းရဲ့ တုံ့ပြန်မှုတွေက ဒီအရသာရှိတဲ့ ဟင်းလျာတွေကို ပြင့ဆင်ပေးနေခဲ့တဲ့ စားဖိုးမှူးကို စိတ်ကျေနပ်စေခဲ့တယ်။
“နောက် ဆယ်မိနစ်လောက်ဆိုရပြီ”
ရှီနန်က စိတ်အားတက်ကြွသွားခဲ့ပြီး ရေခဲသေတ္တာဆီကိုပြေးသွားကာ သောက်စရာတွေကို ထုတ်ယူဖို့လုပ်ခဲ့တယ်။ ကျိယွီ နဲ့ လင်းနျဉ်တို့ကတော့ စားပွဲဝိုင်းတွေကို ပြင်ဆင်ကြတော့တယ်။ ဒီလိုဆိုရင် ဟင်းတွေအသင့်ဖြစ်တာနဲ့ နောက်ထပ်အချိန်တွေ ကြာနေစရာမလိုတော့ဘဲ ချက်ချင်းစားနိုင်လိမ့်မယ်။
“မင်းတို့တွေ ဘာသောက်ချင်ကြလဲ?”
ရှီနန်က ရေခဲသေတ္တာကို မွှေနှောက်ရှာရင်း မေးလိုက်တယ်။
“အရက်၊ အအေး၊ ရေ ?”
ကုဝမ်ချန်က အရက်သောက်ချင်ခဲ့တယ်။ ဒါပေမယ့် ပြောခါနီးမှာပဲ သူ့ရဲ့စိတ်ကူးကို ပြောင်းလဲခဲ့ပြီး သူ့ရဲ့အသံကို သူ့ဘာသာသူကြားလိုက်ရတယ်။
“အအေး”
သူ့အနေနဲ့ ဒီအကယ်ဒမီက ကျောင်းသားတွေအတွက် တင်းကြပ်တဲ့ စည်းကမ်းချက်တွေကို ချမှတ်ထားတယ်ဆိုတာ သူမှတ်မိတယ်။ သူတို့က ကျောင်းသားတွေကို အရက်သောက်သုံးခွင့် မပေးဘူး။
ဒါပေမယ့် ရှီနန်က ညစ်ကျယ်ကျယ်အပြုံးနဲ့ အရက်ပြင်းသုံးပုလင်းကို ယူချလာတယ်။
“ဒါတွေ ရေခဲသေတ္တာထဲ ရှိနေတယ်ဆိုကတည်းက ငါတို့ သောက်လို့ရတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲ .. ဒီလိုဆိုမှတော့ အရက်ပဲသောက်မှာပေါ့ .. ဘာလို့ အအေးသောက်မှာလဲ ဟုတ်တယ်မလား ..ကုဝမ်ချန် တကယ့်ယောက်ျားစစ်စစ်တွေဆိုတာက အရက်ကို ခွက်နဲ့တောင်မဟုတ်ဘူး ပန်းကန်လုံးကြီးလိုက် မော့သောက်တာနော်”
“ကောင်းပြီလေ”
ကုဝမ်ချန်က ပြန်ပြောလိုက်တယ်။
“တကယ့်ယောက်ျားဆိုတာ ပြောတဲ့စကားကို တည်ရတယ် ..သောက်လိုက်ကြတာပေါ့ ”
ရှီနန်ရဲ့ စကားအဆုံးမှာပဲ ကျိယွီက ခွက်တွေကို ပန်းကန်လုံးခပ်ကြီးကြီးတွေနဲ့ တိတ်တိတ်လေး လဲလှယ်လိုက်တယ်။
ဦးနှောက်ရှိတဲ့လူတိုင်းကတော့ ဒီလုပ်ရပ်က ကျောင်းက သူတို့အတွက် ပြင်ဆင်ပေးထားတဲ့ ထောင်ချောက်ဆိုတာ သိကြမှာပဲ။ သူတို့စည်းကမ်းဖောက်ဖျက်နေတယ်ဆိုတဲ့အကြောင်းကို သူတို့ အရက်သောက်လို့မပြီးခင်တောင် ကျောင်းကသိသွားနိုင်တယ်။
ဒါပေမယ့် ဒီပျော်ရွှင်စရာအခိုက်အတန့်လေးမှာတော့ ဘယ်သူကမှ စည်းမျဉ်းစည်းကမ်းတွေအကြောင်းကို မပြောခဲ့ကြဘူး။
သူတို့ မကြာခင်ကမှ Vagor မှာ တိုက်ပွဲနှစ်ခုတိုက်ပြီး ပြန်လာခဲ့ကြတာ။ ပြီးတော့ သူတို့ရဲ့ မွေးရပ်ဂြိုလ်ကနေ ဒီအကယ်ဒမီအထိ လာရတဲ့လမ်းကလည်း တော်တော်ပင်ပန်းခဲ့သေးတယ်။
ကုဝမ်ချန်နဲ့ လီကျိုးရှင်းတို့ဆိုရင် အခုလေးတင် လေလံပွဲမှာ နောက်ထပ်စွန့်စားခန်းထွက်ပြီးပြန်လာကြတာ။
ဒီတော့ ပြောရမယ်ဆိုရင်တော့ ဒီညစာစားပွဲက သူတို့အတွက် ရှားပါးလွန်းတဲ့ အဖိုးတန်အချိန်လေးပဲ။ အဆုံးမှာတော့ သူတို့တွေက အင်ပါယာရဲ့ အကောင်းဆုံးကျောင်းအကယ်ဒမီကို ဝင်ခွင့်ရခဲ့တာကိုလည်း အခုချိန်ထိ ဂုဏ်ပြုပွဲ မလုပ်ရသေးဘူးလေ။
ဆယ်မိနစ်လောက်ကြာပြီးတော့ ကုဝမ်ချန်က ပန်ကန်းလုံးကို ဇွန်းနဲ့ခေါက်လိုက်ပြီး အားလုံးရဲ့ အာရုံစိုက်မှုကို ရအောင်လုပ်လိုက်တယ်။ ပန်းကန်လုံးနဲ့ ဇွန်းနဲ့ ခေါက်တဲ့အသံက တိုက်ခန်းတစ်ခုလုံးကို ပဲ့တင်သံထပ်သွားစေခဲ့လေတယ်။
“စားလို့ရပြီ”
လူငယ်လေးတွေက စိတ်လှုပ်ရှားမှုနဲ့အတူ အော်ဟစ်လိုက်ရင်း မီးဖိုခန်းထဲက ဟင်းခွက်တွေကို ထမင်းစားခန်းဆီ အပြေးအလွှားသယ်လိုက်တယ်။ သူတို့ဗိုက်တွေက တော်တော်ကို ဆာလောင်အော်ဟစ်နေကြပြီဖြစ်ကာ မြန်မြန်စားဖို့လိုအပ်နေပြီ။
“ဒီမှာ .. စားဖိုမှူးခေါင်းဆောင် ကျေးဇူးပြုပြီး ထိုင်ပါ”
လီကျိုးရှင်းက သူ့ဘေးက ထိုင်ခုံကို ဆွဲထုတ်ပေးလိုက်ပြီး ယောက်ျားပီသတဲ့ လူကြီးလူကောင်းလို ပြုမူသရုပ်ဆောင်နေခဲ့တယ်။
“ ပင်ပန်းသွားခဲ့ရပြီ”
ဟင်းလျာတွေက ပုံစံတွေပဲ စားချင်စဖွယ်ကောင်းနေတာမဟုတ်ဘူး။ အနံ့ကလည်း နတ်ဘုရားတွေရဲ့စားသောက်ပွဲလို့ထင်ရလောက်အောင် ကောင်းမွန်တယ်။
စာအုပ်ထဲမှာတုန်းကတော့ အဓိကဇာတ်ကောင်က မကြာခဏ ချက်ပြုတ်တတ်တယ်လို့ မဖော်ပြထားခဲ့ဘူး။ ဒါပေမယ့် သူ့ရဲ့လက်ရာက တစ်ခါစားပြီး တစ်သက်လုံး မမေ့နိုင်လောက်အောင် ကောင်းတယ်ဆိုတာကိုတော့ လူတိုင်းသိကြောင်း ရေးသားထားတယ်။
တကယ်တော့ မူလလီကျိုးရှင်း အဓိကဇာတ်ကောင်ကို သစ္စာရှိခြင်းရဲ့ အဓိကအကြောင်းအရင်းကလည်း သူ့ရဲ့ဟင်းချက်လက်ရာတွေကြောင့်ပဲ။
မတိုင်ခင်တုန်းက လီကျိုးရှင်း သူတို့ကို ကျွေးထားတဲ့ အသားတုံးက အလွန်အမင်း အရသာရှိလွန်းပြီး သူတို့ရဲ့ စားချင်စိတ်ကို လှုံ့ဆော်ပေးထားခဲ့တယ်။
ကုဝမ်ချန် ချက်ပြုတ်နေတုန်းက သူတို့တွေ ဗိုက်ဆာလွန်းလို့ ဗိုက်ထဲက မြည်နေတဲ့အသံတွေက တိုက်ပွဲဖြစ်နေသလိုပဲ ဆိုပေမယ့် အခု သူတို့တွေ ထမင်းစားစားပွဲမှာထိုင်လိုက်ကြချိန်မှာတော့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းက စားသောက်ပွဲရဲ့ ကျင့်ဝတ်တွေကို လိုက်နာဖို့အတွက် အပြင်းအထန်ကြိုးစားနေကြပြန်တယ်။
သူတို့က အစားအသောက်ဆီကို ချက်ချင်း ခုန်မဆင်းခဲ့ကြဘူး။ ထို့အစား အရက်တွေကို အရင်လောင်းထည့်လိုက်ကြပြီး သူတို့ရဲ့ ပျော်ရွှင်စရာ အဖိုးတန်အချိန်လေးအတွက် ခွက်ချင်းတိုက်ဖို့ ပြင်ဆင်လိုက်ကြတယ်။
ပန်းကန်လုံးတွေထဲမှာ အရက်တွေ တစ်ဝက်လောက် လောင်းထည့်လိုက်ကြပြီး သူတို့ငါးယောက်က ပန်းကန်လုံးတွေကို ကိုင်မြှောက်ကာ မတ်တပ်ထရပ်လိုက်တယ်။
“အဟမ်း”
စားပွဲတစ်ဝိုက်မှာရှိနေတဲ့ အကုန်လုံးရဲ့ အကြည့်တွေက လီကျိုးရှင်းထံသို့ ရောက်ရှိလာကာ သူ စကားစလာမှာကို မျှော်လင့်တကြီး စိုက်ကြည့်လာကြတယ်။
ဒီအကြည့်တွေက လီကျိုးရှင်းကိုတောင် အနည်းငယ်လောက် ရှက်ကိုးရှက်ကန်းဖြစ်သွားစေပြီး သူက ခဏလောက်တွေးပြီးမှ စကားစလိုက်တယ်။
“ငါ မင်းတို့တွေနဲ့ တွေ့ရတာ တကယ်ကို ဝမ်းသာပါတယ်”
“ဒီစကားကြီးက အရမ်းသာမန်ဆန်လွန်းတယ်”
“အမှန်ပဲ.. ဝတ်ကျေတန်းကျေပြောလိုက်သလိုမျိုး ခံစားရစေတယ်.. လုပ်စမ်းပါ.. နည်းနည်းလောက် ခံစားချက်လေးထည့်ပြီး ပြန်ပြောလိုက်”
လီကျိုးရှင်းရဲ့ ပါးစပ်က အနည်းငယ်လောက် လှုပ်သွားရပြီးမှ သူးရဲ့မျက်နှာပေါ်မှာ အပြုံးတစ်ခုက ဖြည်းဖြည်းချင်းပေါ်လာခဲ့တယ်။ သူက တစ်စက္ကန့်လောက်ကြာအောင် စဉ်းစားနေပြီးတော့မှ မေးလာခဲ့တယ်။
“ဒီ ချန်ယန်အကယ်ဒမီမှာ နာမည်ကြီးထိပ်တန်းကျောင်းသားတွေနဲ့ အဖွဲ့အစည်းတွေ ရှိကြတယ်မလား”
“သေချာတာပေါ့! စစ်တပ်ထဲမှာရှိတဲ့ အရာရှိတစ်ဝက်လောက်က ချန်ယန်အကယ်ဒမီက ကျောင်းဆင်းလာတဲ့သူတွေချည်းပဲ.. ပြီးတော့ အင်ပါယာထဲမှာရှိတဲ့ရဲ့ ထိပ်တန်း အဖွဲ့အစည်းဆယ်ခုမှာ လေးခုလောက်က ချန်ယန်အကယ်ဒမီကဘွဲ့ရသွားတဲ့လူတွေလေ”
သူတို့တွေ တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြတယ်။ သူတို့ရဲ့ မျက်လုံးထဲမှာတော့ စိတ်ဓာတ်ကြံ့ခိုင်မှုတွေနှင့် စိတ်လှုပ်ရှားမှုတို့က ပြည့်နှင့်နေခဲ့ကာ သူတို့ရဲ့စိတ်အားထက်သန်မှုတွေနဲ့ တောက်လောင်နေတဲ့ စိတ်ဝိဥာဥ်တွေက သူတို့ရဲ့မျက်လုံးအောက်မှ ဖောက်ထွင်းပြီး ခံစားရစေတယ်။
“ဒီတော့ ပြောချင်တာက”
ကုဝမ်ချန်က သူ့ရဲ့ လက်ထဲမှ ပန်းကန်လုံးကို ကိုင်မြှောက်လိုက်ရင်း :
“အိပ်မက်တစ်ခု ထားလိုက်ရအောင်.. တစ်နေ့နေ့ကိုရောက်ရင် ငါတို့ရဲ့ နာမည်တွေကလည်း ထူးချွန်ပြောင်မြောက်တဲ့လူတွေအဖြစ် ထိပ်ဆုံးစာရင်းထဲမှာ ပါဝင်လာစေရမယ်”
သူ့ရဲ့လေသံကယုံကြည်ချက်တွေ ပြင်းထန်လွန်းတယ်။ သူပြောခဲ့တဲ့ အိပ်မက်နဲ့ လိုအင်ဆန္ဒတွေက အချိန်ကျလာတဲ့အချိန်မှာ စကြာဝဠာတစ်ခုလုံးကို ဖြတ်သန်းလာပြီး ဖြစ်တည်လာလိမ့်မယ်လို့ အတတ်သိနေသလိုမျိုးပဲ။
ရုတ်တရက်ဆိုသလိုပဲ သူတို့ရဲ့ မျက်လုံးရှေ့မှာရှိနေတဲ့ အနာဂတ်က အလွန်အမင်း တောက်ပလာသလိုမျိုး ခံစားလာရတယ်; ရွှေရောင်အခွင့်အရေး လမ်းကြောင်းက စားပွဲမှာ ထိုင်နေကြတဲ့ လူငယ်တွေအတွက် အဆုံးမရှိလောက်အောင် တောက်ပလင်းလာသလိုမျိုး။
ဒီခံစားချက်က လေပေါ်မှာ ပျံ့သန်းနေရသလိုမျိုးပဲ။ သူတို့တွေရဲ့ အနိုင်မခံအရှုံးမပေးလိုတဲ့ စိတ်ဓာတ်နှင့် စိတ်အားထက်သန်မှုတွေကို ခံစားနေရပြီး ထိုလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းဖို့အတွက် မစောင့်နိုင်တော့သလိုပဲ။ သူတို့တွေ သူတို့ကိုစောင့်ဆိုင်းနေတဲ့ သူတို့ရဲ့ အိပ်မက်မက်ရတဲ့ဘဝတွေဆီကို ပြေးထွက်ချင်နေပြီ။
“ကောင်းပြီ!”
သူတို့က ခွက်တွေကို တိုက်လိုက်ပြီး တကျိုက်ထဲမော့သောက်လိုက်ကြတယ်။
ရှီနန်က မကျေမနပ်ဖြစ်စွာ ရေရွတ်လာတယ်။
“တကယ်လို့ အဲဒီ မျက်နှာဖုံးတပ်ထားတဲ့ ကြယ်တာရာဓားပြကောင်သာ မသေသေးဘူးခဲ့ရင် ငါတို့တွေ သူ့ကို ဖမ်းချင်တယ်ဆိုတဲ့ ပန်းတိုင်ကို အောင်မြင်အောင် ကြိုးစားနိုင်မှာပဲ”
ကုဝမ်ချန်ရဲ့နှုတ်ခမ်းတွေက အပြုံးတစ်ခုအဖြစ်ကွေးညွတ်သွားခဲ့တယ်။
“မင်း သူနဲ့ တွေ့ချင်လို့လား?”
“တကယ်တော့ ငါလည်း သူ့ကို တွေ့ချင်တယ်”
လီကျိုးရှင်းက သူ့ရဲ့ပန်းကန်လုံးကို စားပွဲပေါ်မှာ ပြန်ချရင်း ဝင်ပြောလိုက်တယ်။
“တွေးကြည့်လိုက်လေ.. သူက သူတစ်ယောက်တည်းနှင့် တခြားကြယ်တာရာ ပင်လယ်ဓားပြအဖွဲ့တွေကို အနိုင်တိုက်နိုင်တယ်တဲ့.. အဲဒီတစ်ယောက် ဘယ်လောက်တောင် သန်မာလဲဆိုတာ ငါကိုယ်တိုင် အသိအကျသိရအောင် စစ်ဆေးကြည့်ချင်တယ်
“တကယ်လား?”
ကုဝမ်ချန်က လီကျိုးရှင်းရဲ့ စကားကို ထောက်ပေးလိုက်ပြီးမှ သူ့ကို စနောက်လိုစွာ ပြောလိုက်တယ်။
“အဲဒီလူက အသက်ရှင်လျက်မရှိတော့ဘူးလို့ မင်းတို့ကို ဘယ်သူကအတည်ပြုပေးထားလို့လဲ? တစ်နေ့ကျရင် မင်း ကံကောင်းထောက်မပြီး မင်းရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ချင်ရင် ဖော်နိုင်မှာပေါ့.. မင်းအတွက် အဲဒီလူနဲ့ တွေ့ဆုံခွင့်ရဖို့ အခွင့်အရေးတစ်ခုလောက် ရှိရင်လည်း ရှိလာနိုင်ဦးမှာပဲလေ.. အနှေးနဲ့အမြန်ပေါ့”
လီကျိုးရှင်းကတော့ ထိုစကားက မဖြစ်နိုင်ဖို့အခြေအနေက ပိုလို့မြင့်မားတယ်လို့ထင်မိတယ်။ ဇာတ်ကွက်ထဲမှာ မပါဝင်ခဲ့တဲ့လူက ဘယ်လိုလုပ်ပြီး ရုတ်တရက်ကြီး အဓိကဇာတ်ကောင်ရဲ့ အရှေ့မှာပေါ်လာနိုင်မှာလဲ? ဒါပေမယ့်လည်း ကုဝမ်ချန်ရဲ့ စနောက်မှုအနည်းငယ်အပေါ်မှာ သူနောက်ကနေ ပူးပေါင်းပေးနေတုန်းပဲ။
“အဲလို ဖြစ်လာစေဖို့ မျှော်လင့်ရမှာပဲ”
လီကျိုးရှင်းဆီမှာ ကျိယွီလိုမျိုး ကံဆိုးခြင်းတွေကို ယူဆောင်လာနိုင်တဲ့ အစွမ်းမျိုးမရှိဘူး။ ဒါကြောင့် သူ အခုလို စကားမျိုးပြောရင်တောင် အဆင်ပြေနိုင်ကြောင်း တွေးလိုက်တယ်။
***