Ch 21
Viewers 3k

(21)ချစ်ရတဲ့ လူငယ်လေး


နောက်တစ်ရက်မှာတော့ ချန်ယန်အကယ်ဒမီရဲ့ တပ်သားသစ်စုဆောင်းရေးအတွက် ကြီးကြပ်ရေးမှူးက လီကျိုးရှင်းတို့ကို လာရှာခဲ့တယ်။ သူ့ရဲ့အနောက်မှာလည်း အရာရှိနှစ်ယောက် ပါလာခဲ့သေးတယ်။ 


အရာရှိနှစ်ယောက်က အင်ပါယာရဲ့ စစ်ယူနီဖောင်းအပြည့်အစုံကို ဝတ်ဆင်ထားခဲ့ကြပြီး သူတို့က ခန္ဓာကိုယ်ကို ဖြောင့်မတ်တည်တန့်စွာ မတ်တပ်ရပ်နေခဲ့ကြတယ်။ သူတို့ထဲက တစ်ယောက်ကတော့ ငယ်ရွယ်ပြီး အားအင်အပြည့် ပုံပေါ်နေခဲ့ကာ တစ်ယောက်ကတော့ ရင့်ကျက်ပြီး ပြဿနာတွေအားလုံး ဖြေရှင်းနိုင်တဲ့ အရှိန်အဝါမျိုးရှိပုံရတယ်။ 


အရာရှိနှစ်ယောက်က သူတို့ရှေ့မှာ ရပ်နေတဲ့ ကျောင်းသားငါးယောက်ကို အနီးကပ်စောင့်ကြည့်နေကြပေမယ့် သူတို့ကြောင့် လူငယ်လေးတွေ သက်တောင့်သက်သာ မဖြစ်မှာကို စိုးရိမ်တာကြောင့် လေထုရဲ့ တင်းမာမှုကို ဂရုတစိုက် ဖြေလျော့ပေးနေခဲ့ကြပြီး တပ်သားသစ်လေးတွေ စိတ်အေးလက်အေးဖြစ်စေဖို့ အတတ်နိုင်ဆုံးပြုမူနေခဲ့ကြတယ်။ 


“ဒီအရာရှိတွေက ချန်ရှင်းစစ်တပ်ရဲ့ တတိယမြှောက်တပ်ဖွဲ့ကနေ ရောက်လာကြတာလေ”


ကြီးကြပ်ရေးမှူးရဲ့ အမူအရာက တည်တံ့နေခဲ့ပေမဲ့ သူ့ရဲ့အသံကလည်း နူးညံ့ညင်သာနေခဲ့တယ်။ 


“သူတို့က မင်းတို့ဆီကနေ မေးချင်တာလေးတွေ ရှိလို့ရောက်လာကြတာ.. သူတို့မေးတဲ့မေးခွန်းတွေကို အတတ်နိုင်ဆုံး အသေးစိတ်ကျပြီး အရိုးသားဆုံး ဖြေပေးလိုက်ပါ” 


လီကျိုးရှင်းတို့ အဖွဲ့သားတွေက သူတို့အချင်းချင်း ကြည့်လိုက်ကြပြီးမှ ကြီးကြပ်ရေးမှူးရဲ့ စကားကို ခေါင်းညိတ်လိုက်ကြကာ ရောက်ရှိလာတဲ့ အရာရှိတွေဘက်ကို လှည့်ပြီး ပြောလိုက်တယ်။


“ကောင်းပါပြီ.. သိချင်တာ မှန်သမျှကို မေးလို့ရပါတယ်” 


“အလျင်လိုစရာမလိုပါဘူး.. အရင်ဆုံးထိုင်ကြတာပေါ့” 


အသက်ပိုကြီးတဲ့အရာရှိက ပြုံးလိုက်တယ်။


“သိပ်ပြီး မများပါဘူး .. ငါတို့က မင်းတို့ Vagor မှာ တွေ့ခဲ့တဲ့ ကြယ်တာရာပင်လယ်ဓားပြနဲ့ ပတ်သတ်တဲ့ အကြောင်းလေးတွေကို မေးချင်လို့ပါ” 


သူတို့ငါးယောက်လုံး အရာရှိတွေနဲ့ မျက်နှာချင်းဆိုင်ဘက်မှာ ဝင်ထိုင်လိုက်ကြတယ်။ လီကျိုးရှင်းကတော့ ကျိယွီနဲ့ ကုဝမ်ချန်တို့ရဲ့ ကြားမှာ အညှပ်ခံထားရလေတယ်။


ကျိယွီ စကားစလိုက်တယ်။


“အဲဒီ ကြယ်တာရာပင်လယ်ဓားပြက....” 


အခန်းထဲမှာရှိတဲ့ အရွယ်ရောက်ပြီးသားအမျိုးသားတွေက ကျီယွီဆီကို ချက်ချင်းပဲ အာရုံစိုက်ပြီး ကြည့်လိုက်တယ်။ အရာရှိနှစ်ယောက်ကဆိုရင် သူတို့ရဲ့ ကွမ်တမ်ကွန်ပျူတာတွေကိုပါ ဖွင့်လိုက်ကြရင်း သူပြောလာမဲ့စကားတွေကို မှတ်တမ်းတင်ထားဖို့အတွက် အသင့်ပြင်ဆင်လိုက်တယ်။ 


ကျိယွီ အနည်းငယ် နေရခက်စွာနှင့် ပြုံးလိုက်တယ်။


“အဲဒီ ဓားပြက.. ကျွန်တော်တို့တွေ အဲဒီအချိန်ကမှ ပထမဆုံး တွေ့ခဲ့ဖူးတာပဲ” 


အခန်းထဲမှာရှိနေတဲ့ တခြားလူများ : “.....” 


“သူ့ကို စိတ်ထဲမထားပါနဲ့” 


ကုဝမ်ချန်က သူ့ရဲ့ နားထင်ကို ပွတ်သပ်လိုက်မိကာ သူ့ရဲ့ မျက်နှာပေါ်မှာ ယဉ်ကျေးတဲ့ အပြုံးတစ်ခုကို ပုံဖော်လာခဲ့တယ်။


“သူက ရေခဲကို ဖြိုခွဲဖို့အတွက် တစ်ခုခုကို အရင်ဆုံး အစပျိုးလိုက်ချင်ခဲ့ရုံပါပဲ”


အရာရှိတွေက ရယ်ချင်စိတ်ကို မအောင့်အီးနိုင်တော့ဘဲ စတင်ရယ်မောလိုက်မိကြတယ်။


“ကိစ္စမရှိဘူး ကိစ္စမရှိဘူး.. ငါကတော့ သူ အခုလိုပြောတာ အရမ်းကောင်းတယ်လို့ထင်တယ်.. သိပ်ပြီး စိတ်လှုပ်ရှားနေစရာမလိုဘူး.. ငါတို့က မင်းတို့ကို ခြိမ်းခြောက်အကြပ်ကိုင်ပြီး မေးဖို့ရောက်လာတာမဟုတ်ဘူး” 


သူက ကွန်တမ်ကွန်ပျူတာထဲမှာ ရှိနေတဲ့ ဟိုလိုဂရမ် ပရောဂျက်တစ်ခုကို ဖွင့်လိုက်တယ်။ ထိုပရောဂျက်ထဲမှာ သူတို့တွေ Vagor မှာ တွေ့ခဲ့တဲ့ ဓားပြရဲ့ပုံကို ပြထားပေမယ့် ဟိုလိုဂရမ်ထဲမှ သူ့ရဲ့မျက်နှာက တစ်စုံတစ်ခုလောက် ကွာခြားနေသလိုပဲ။


သူက ထိတ်လန့်စရာကောင်းတဲ့ အခြေအနေတစ်ခုခုကို ကြုံတွေ့ထားရသလိုမျိုး မျက်နှာပေါ်မှာ ချွေးစီးတွေနဲ့ ဖုံးအုပ်နေခဲ့တယ်။ တစ်ချိန်တုန်းက မောက်မာရိုင်းစိုင်းပြီးရက်စက်ကြမ်းကြုတ်ခဲ့တဲ့ ကြယ်တာရာပင်လယ်ဓားပြကြီးက အခုချိန်မှာ သူရဲ့ ရဲစွမ်းသတ္တိတွေ အကုန်ဆုံးရှုံးသွားခဲ့ကာ ကြောက်ရွံတုန်လုပ်မှုတွေကိုသာ ခံစားနေရသလိုမျိုးပဲ။ 


ဟိုလိုဂရမ်ရုပ်ပုံကို ကြည့်ပြီး ငြိမ်သက်နေတဲ့ သူ့တို့ကို ကြည့်ရင်း အရာရှိတွေထဲမှ တစ်ယောက်က စကားစလာတယ်။


“ဒီဓားပြရဲ့ စိတ်အခြေအနေက မတည်မငြိမ်ဖြစ်နေတယ်.. ပြီးတော့ ငါတို့ သူ့ရဲ့ ဦးနှောက်ထဲကို စိတ်ဝိဥာဥ်စွမ်းအားတွေ ထိုးဖောက်ပြီးဝင်ရောက်ထားတာကို စစ်ဆေးစုံစမ်းတွေ့ရှိခဲ့တယ်.. မင်းတို့တွေ သူ့ကို နောက်ဆုံးတွေ့ခဲ့တုန်းက သူပုံစံက ဦးနှောက်လှိုင်းတွေ မတည်ငြိမ်တဲ့အရိပ်အယောင်မျိုး တွေ့ခဲ့ကြသေးလား?” 


ကုဝမ်ချန်က ထိုနေ့မှာ ပင်လယ်ဓားပြနဲ့အနီးကပ်ဆုံး ထိတွေ့ခဲ့ရတဲ့ လူပဲ။ အခု ထိုအရာရှိပြောလာတဲ့ စကားကိုကြားတော့ ကုဝမ်ချန်က အလွန်အမင်း ထိတ်လန့်သွားတဲ့ပုံနဲ့ ပြန်မေးလာခဲ့တယ်။


“တကယ်လား? ဒါဆို သူက စိတ်စွမ်းအားနဲ့ တိုက်ခိုက်ခံထားရတာလား?” 


လီကျိုးရှင်းက ကုဝမ်ချန်ရဲ့ ဘေးဘက်မျက်နှာကို စိုက်ကြည့်နေမိတယ်။ အဓိကဇာတ်ကောင်က ဘာလို့ ဇာတ်လိုက်ဖြစ်နေရတာလဲဆိုတာက မေးခွန်းထုတ်စရာတောင်မလိုဘူး။ သူ့ရဲ့ အံ့ဩသင့်သွားတဲ့ပုံရိပ်နှင့် စိတ်ရှုပ်ထွေးသွားပုံရတဲ့ သရုပ်ဆောင်မှုတွေက ပြီးပြည့်စုံလွန်းပြီး အပြစ်အနာဆာကင်းစင်လွန်းတယ်။ 


“မင်း ပုံမှန်မဟုတ်တဲ့ အရာတစ်ခုခု တွေ့ခဲ့သေးလား”


အရာရှိက ကုဝမ်ချန်ကို စိုက်ကြည့်လာတယ်။


“ဥပမာ အနီးနားမှာ တခြားလူတစ်ယောက်ယောက်ရဲ့ အရိပ်အရောင်လိုမျိုး”


တကယ်တမ်းမှာ စစ်တပ်ဘက်မှ Vagor မှာ ဘာတွေဖြစ်ခဲ့လဲဆိုတာကို အကုန်လုံးသိထားခဲ့ပြီးပြီ။ ဒါပေမယ့် သူတို့တွေက ဒီကိစ္စနဲ့ပတ်သတ်ပြီး လွတ်သွားတဲ့ အချက်အလက်မျိုးတွေ ကျန်ရှိနေမှာကို စိုးရိမ်ပြီး ဒီကောင်လေးတွေဆီကို လာမေးနေခဲ့တာပဲ။


“မရှိပါဘူး”


လီကျိုးရှင်းက စကားဖြတ်ပြောလိုက်တယ်။ 


“ကိစ္စတစ်ခုခုဖြစ်နေလို့လား?” 


“မရှိဘူး” 


ဒီတစ်ခါက်ပြောလာတဲ့လူက ငယ်ရွယ်တဲ့ အရာရှိလေးပဲ။


သူ့ရဲ့ခေါင်းကို မော့လာချိန်မှာ နက်ဆွေးတဲ့မျက်ဝန်းတွေထဲမှ ခက်ထန်မှုတွေကို မြင်နေရပြီး သူ့ရဲ့ သွယ်လျတဲ့လက်ချောင်းတွေနဲ့ ဦးထုတ်ကို ပျန်လည်ချိန်ညှိလိုက်ပြီးမှ အမှုမထားသလို အမူအရာနှင့် ဆက်ပြောလာတယ်။ 


“ဒီကိစ္စက ငါ့ရဲ့ ခန့်မှန်းချက်သပ်သပ်ပဲ.. ဒါပေမယ့် Roux တစ်ယောက်ကပဲ ဒီလိုမျိုး အမှိုက်ဆန်ပြီး ယုတ်ညံ့တဲ့ ဗျူဟာတွေနဲ့ တိုက်ခိုက်တတ်လို့” 


လင်းနျဉ်ရဲ့ စိတ်ဝင်စားမှုတွေက ချက်ချင်းပဲ မြင့်တက်လာတယ်။


“ဘယ် Roux ကို ပြောတာလဲ?” 


“ တခြား ဘယ် Roux ကများ ပြောစရာကိစ္စမျိုး ရှိနေလဲ?” 


အသက်ကြီးတဲ့ အရာရှိက ရယ်မောလိုက်တယ်။


“ငါတို့က သေချာပေါက် နာမည်အကြီးဆုံး Roux ကိုပြောနေတာပဲလေ...ငါ့တို့ရဲ့ စစ်တပ်ကို အဆုံးမရှိလောက်အောင် ပြသနာတွေ ဖြစ်စေတဲ့တစ်ယောက်”


အသက်ငယ်တဲ့အရာရှိက သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်ကို စောင်းကြည့်လိုက်တယ်။


“ခင်ဗျားက ကျွန်တော့်ရဲ့ ခန့်မှန်းချက်ကို မှန်တယ်လို့ မထင်ဘူးပေါ့?” 


“အချက်အလက်တွေကို တစ်ချက်လောက်ကြည့်လိုက်ကြရအောင်”


အသက်ကြီးတဲ့ အရာရှိက ပုခုံးတစ်ချက်တွန့်လိုက်ပြီး ဟိုလိုဂရမ်ရဲ့ ရုပ်ပုံကို ပြောင်းလိုက်တယ်။ 


ပုံထဲကလူက အရပ်ရှည်ပြီး နူးညံ့ပျော့ပျောင်းတဲ့ပုံရှိတယ်။ သူ့ရဲ့မျက်နှာကို ငွေရောင်မျက်နှာဖုံးနဲ့ ဖုံးအုပ်ထားပြီး မျက်နှာဖုံးနောက်ကွယ်မှ မျက်လုံးတွေက အမှောင်ထုနဲ့ အန္တရာယ်တွေပြည့်နှက်နေတဲ့ ကမ္ဘာကြီးကို ဆုတ်ကိုင်ထားပုံပေါ်တယ်။


သူ့ရဲ့ အကြည့်တွေက လူတွေကို အံ့ဖွယ်အလှတပါးကို မြင်တွေ့လိုက်ရသလိုမျိုး စိတ်လှုပ်ရှားမှုတွေကို ပေးစွမ်းနိုင်သလို ထိုလှပမှုတွေက အေးစက်လွန်းပြီး သူ့ရဲ့ မျက်ဝန်းထဲမှာ လူတိုင်းကို တန်ဖိုးမရှိတဲ့အရာအဖြစ်သာ မြင်နေသလိုမျိုးပဲ။ 


တစ်နည်းပြောရရင် အဖြူရောင်အရိုးတွေနဲ့ ပြည့်နှက်နေတဲ့ ကွင်းပြင်ကြီးထဲမှာ ပွင့်ဖူးနေတဲ့ နှင်းဆီပွင့်လေးလိုပဲ။ 


ငွေရောင် မျက်နှာဖုံးကို ရှုပ်ထွေးတဲ့လိုင်းတွေနှင့် ထွင်းထုထားတယ်။ အလင်းရောင်က မျက်နှာဖုံးကို ပိုအသက်ဝင်အောင် ပံ့ပိုးပေးထားသလိုဖြစ်နေပြီး မရေမတွက်နိုင်လောက်တဲ့ ပန်းပွင့်တွေက မျက်နှာဖုံးပေါ်မှာ ဖြန့်ကျက်ထားကာ ဖူးပွင့်နေသလိုခံစားရစေပြီး ထိုပန်းတွေကို သွေးတွေနှင့်ကျွေးမွေးပြီး စိုက်ပျိုးထားသလိုပဲ။ 


ဟိုလိုဂရမ်ထဲမှာ ရှိနေတဲ့လူက မျက်နှာဖုံးစွပ်ကြယ်တာရာပင်လယ်ဓားပြ Roux ဖြစ်လေတယ်။ 


“ဒါက Roux .. အင်ပါယာတစ်ခုလုံးရဲ့ အမှိုက်ဖြစ်တဲ့ ကြယ်တာရာ ပင်လယ်ဓားပြတစ်ယောက်ပဲ”


ငယ်ရွယ်တဲ့အရာရှိလေးက ခြေထောက်တစ်ဖက်ပေါ်မှာ တစ်ဖက်ချိတ်ထိုင်လိုက်ပြီး သူ့ရဲ့စစ်ဦးထုတ်အောက်မှ အနက်ရောင်ဆံပင်ကို သပ်တင်လိုက်တယ်။


“သူက ဒီလိုမျိုး စုတ်ပြတ်သတ်နေတဲ့ အမှိုက်လိုမျိုး နည်းလမ်းတွေကို သဘောကျနှစ်သက်တဲ့ လူတစ်ယောက်ပဲ” 


အရာရှိအကြီးရဲ့ မျက်လုံးတွေက လှုပ်ခတ်သွားတယ်။ ဝန်ခံရမှာကို ရှက်စရာကောင်းတယ်ဆိုပေမယ့် ဘယ်သူတစ်ယောက်ကမှ ထိုအမျိုးသားရဲ့ စိတ်စွမ်းအားတွေကို ယှဥ်တိုက်နိုင်တဲ့ စွမ်းရည်တွေ မရှိဘူးဆိုရင်တောင် သူတို့တွေက တစ်ဖက်လူကို ရန်သူတစ်ယောက်အဖြစ် ဖမ်းမိချင်နေကြတုန်းပဲ။


ကုဝမ်ချန်ရဲ့ မျက်လုံးတွေက အေးစက်သွားတယ်။ သို့ပေမယ့် လီကျိုးရှင်းကတော့ တကယ်ကို ရယ်မောချင်နေပြီ။ သူက ခေါင်းကို ဆိုဖာနောက်ဘက်မှာ မှီချလိုက်ပြီးတော့ ကုဝမ်ချန်ရဲ့အနားကို တိုးကပ်ကာ တီးတိုးလေးပြောလိုက်တယ်။


“သူက ဟိုလိုအမှိုက်၊ ဒီလိုအမှိုက်ဆိုတဲ့ စကားလုံးကိုပဲပြောနေတာ.. ဒါက သူသိထားတဲ့ တစ်လုံးတည်းသော ကျိန်ဆဲစကားများလား”


“ကြည့်ရတာ သူက ငတုံးတွေထဲမှာ အတောက်ပဆုံးလူဖြစ်လောက်တယ်”


လင်းနျဉ်က ခနဲ့တဲ့တဲ့ ပြောလိုက်တယ်။ 


ဒီကောင်လေးတွေက ဒီအကြောင်းနဲ့ပတ်သတ်ပြီး ဘာမှမသိဘူးဆိုတာ သေချာသွားပြီဖြစ်လို့ အသက်ကြီးတဲ့ အရာရှိက မတ်တပ် ထရပ်လိုက်တယ်။


“သွားကြရအောင် ဒီမှာ ငါတို့အတွက် ထပ်ပြီးရရှိနိုင်မဲ့ အချက်အလက်တွေ မရှိတော့ဘူး” 


အသက်ငယ်တဲ့အရာရှိလေးကလည်း ထရပ်လိုက်ပြီး တံခါးပေါက်ဘက်ကို လျှောက်သွားခဲ့ကာ ခြေနှစ်လမ်းလောက်လှမ်းပြီးနောက်မှာ ဆိုဖာပေါ်မှာ ထိုင်နေကြတဲ့ လူငယ်တွေကို လှည့်ကြည့်လိုက်ပြီး ပြန်ပြောလာတယ်။


“ငါ့နာမည်က ယွီမုန်”


ယွီမုန်က တကယ်ကို ကြည့်ကောင်းပြီး ဓားသွားလိုမျိုး ထက်မြတ်တဲ့ပုံပေါ်တယ်။ သူက စကားလုံးအနည်းငယ်နဲ့ တိုတိုတုတ်တုတ် မိတ်ဆက်ပြီးတော့ ကောင်လေးတွေကို အကြာကြီး စိုက်ကြည့်နေပြီးမှ စကားဆက်ပြောတယ်။ 


“ငါတို့ နောက်တစ်ခေါက် ပြန်တွေ့ရဖို့ မျှော်လင့်နေမယ်” 


အသက်ကြီးတဲ့ အရာရှိကလည်း ယွီမုန်ရဲ့ နောက်ကနေလိုက်သွားပြီး တံခါးထဲမှ ထွက်သွားခဲ့တယ်။ ကြီးကြပ်မှုအရာရှိသည်လည်း သူတို့ရဲ့အနောက်ကနေ တပါတည်းလိုက်သွားခဲ့တယ်။


လီကျိုးရှင်းက သူ့ရဲ့ ကွမ်တမ်ကွန်ပျူတာကို ဖွင့်လိုက်ပြီး Roux အကြောင်းတွေကို ရှာလိုက်တယ်။ ရှာတွေ့သမျှ အချက်အလက်တိုင်းက မတိပျမသေချာတဲ့အရာတွေဖြစ်ကာ အမှန်တရားတွေထက် စိတ်ကူးယဉ်ဆန်တဲ့ ခန့်မှန်းချက်တွေချည်းပဲ။


မျက်နှာဖုံးတပ် ပင်လယ်ဓားပြရဲ့ အမာခံပရိတ်သတ်တစ်ယောက်ဖြစ်တဲ့ လင်းနျဉ်က လီကျိုးရှင်းရဲ့အနားကပ်လာပြီး သူ လုပ်နေတာတွေကို ကြည့်လိုက်တယ်။


“မင်းသူ့ကို စိတ်ဝင်စားလို့လား?” 


“စိတ်ဝင်စားတာလို့လည်းမဟုတ်ဘူး”


လီကျိုးရှင်းက ပြန်ဖြေလိုက်တယ်


“သူရဲ့အကြောင်းနဲ့ပတ်သက်ပြီး နည်းနည်းလောက် ပိုသိချင်လို့”


လီကျိုးရှင်းက သူ့ဘေးမှာထိုင်နေတဲ့ ကုဝမ်ချန်ကို ကြည့်ပြီး မေးလိုက်တယ်။


“...မင်း သူနဲ့ ပတ်သတ်တဲ့အကြောင်းတွေကို သိလား?” 


“ဘယ်သိပါ့မလဲ” 


ကုဝမ်ချန်က သက်ပြင်းချလိုက်တယ်။


“အရာရှိတွေ သူ့ရဲ့ ဟိုလိုဂရမ်ပုံကို မပြလာခင်အချိန်ထိ သူရဲ့ပုံစံက ဘယ်လိုမျိုးလဲဆိုတာကိုတောင် ငါ သိခဲ့တာမဟုတ်ဘူး” 


လီကျိုးရှင်းက ဆက်မမေးတော့ဘဲ ကွန်ပျူတာကို ပိတ်လိုက်တယ်။ သူက ဒီအကြောင်းအရာကို နောက်ထပ်စိတ်မဝင်စားတော့တဲ့ပုံရပြီး ပျင်းရိလေးတွဲစွာနှင့် ကုဝမ်ချန်ရဲ့ အနောက်မှ ဆိုဖာပေါ်မှာ လက်တင်လိုက်တယ်။ 


ပြီးနောက် သူက အဓိကဇာတ်ကောင်ဘက်ကို မှီလိုက်ပြီး အပြုံးတစ်ခုနှင့် မေးလိုက်တယ်။


“Starnet ပေါ်မှာ ချန်ယန်မှာ လေပေါ်ဥယျာဉ်ရှိတယ်လို့ ရေးထားတာတွေ့တယ်.. မင်း အဲဒီကို သွားကြည့်ချင်လား?” 


လီကျိုးရှင်းက ကုဝမ်ချန်ကို ပရောပရီနိုင်စွာ ကြည့်လိုက်ပြီးမှ ဆက်ပြောလိုက်တယ်။


“အချိန်ခဏလောက် အဲဒီကို အတူသွားရအောင်လေ.. အဲဒီနေရာရဲ့ အနားမှာ လေ့ကျင့်ရေးကွင်းလည်း ရှိတယ်တဲ့.. “မစ်စတာ ဒုတိယနေရာ” က ငါတို့တွေ ဘယ်သူပိုကောင်းတာလဲဆိုတာ မသိချင်ဘူးလား?” 


ကုဝမ်ချန်သာ ဒီစကားလုံးတွေကို သိခဲ့မယ်ဆိုရင် သူက အရမ်းကိုဂေးနေတဲ့ ဂေးတစ်ယောက်ပဲဆိုတာကို သေချာပေါက် သဘောပေါက်သိနေမှာပဲ။ 


ကုဝမ်ချန်က ဒီလိုအကြည့်မျိုးတွေကို မိန်းကလေးတွေဆီမှာပဲ တွေ့ဖူးခဲ့တာ။ ဒါပေမယ့် လီကျိုးရှင်း သူ့ကို ဒီလိုလေးကြည့်နေတာကိုတော့ တကယ့်ကို ချစ်စရာကောင်းတာပဲလို့ တွေးမိနေခဲ့တယ်။ လီကျိုးရှင်းရဲ့ ငယ်ရွယ်တက်ကြွနေတဲ့ပုံစံလေးက သူ့ကိုပါ နုပျိုလာစေသလို ခံစားရတယ်။ ကုဝမ်ချန်ကလည်း လီကျိုးရှင်းကို ကစားလိုမှုတွေပြည့်နေတဲ့ အကြည့်နှင့် ပြန်လည်ပစ်ပေးလိုက်တယ်။


“ကောင်းပြီလေ” 


သူတို့ တိုင်ပင်နေတဲ့ စကားလုံးတွေအားလုံးက ချီနန်နဲ့ ကျိယွီတို့ရဲ့နားထဲကို ဝင်လာခဲ့တယ်။ သူတို့က ဆိုဖာပေါ်မှ ထူဆန်းနေပုံရတဲ့ စုံတွဲကိုကြည့်ရင်း အော်ဟစ်လာကြတယ်။


“ငါတို့လည်း သွားမယ်လေ!” 


အဆုံးမှာတော့ ကုဒ်တွေကို ဖြေရှင်းဖို့ ကျန်ရှိနေခဲ့တဲ့ လင်းနျဉ်တစ်ယောက်ကလွဲပြီး ကျန်တွေလူတွေအကုန်လုံး အပြင်ကိုသွားဖို့ ဆုံးဖြတ်လိုက်ကြတယ်။