Ch 22
Viewers 3k

(22)ချစ်ရတဲ့ လူငယ်လေး


ချန်ယန်အကယ်ဒမီက နေရာအကျယ်ကြီးပဲ။ အတွင်းပိုင်းမှာ လေ့ကျင့်ရေးစခန်းတွေနဲ့ တိုက်ခိုက်ရေးကွင်းတွေလည်း အများကြီးရှိတယ်။ 


“ဒီခရီးလမ်း” ဆိုတဲ့ စာအုပ်က အာကာကကြယ်တာရာလမ်းကြောင်းပေါ်က နည်းပညာတိုးတက်လွန်းတဲ့  သိပ္ပံစိတ်ကူးယဉ်စာအုပ်အမျိုးအစားဆိုပေမယ့် စာရေးသူက မက်ခါတွေအကြောင်းတွေကို တိုးတက်စေတာမျိုး ၊ ဒါမှမဟုတ် စက်လက်နက်ပစ္စည်း နည်းပညာတိုးတက်မှု အကြောင်းကို အတိအလင်း ရေးသားပုံဖော်ထားတာမျိုးမဟုတ်ပါဘဲ စိတ်စွမ်းအားနဲ့ ထိုစွမ်းအင်တွေနှင့် ပတ်သတ်တဲ့ အကြောင်းအရာတွေကိုပဲ အသားပေး ရေးသားထားခဲ့တယ်။ 


သူတို့အဖွဲ့သားတွေ လေပေါ်ဥယျာဉ်ကို ရောက်တော့ ဝင်ပေါက်မှာရှိတဲ့ စစ်ဆေးရေးစက်က သူ့ကို ဝင်လို့မရကြောင်း တားစီးလာခဲ့တယ်။ 


“စစ်ဆေးမှု ကျရှုံးပါတယ်.. ဝင်ရောက်ခွင့်မရှိပါဘူး” 


သူတို့ရဲ့ အနောက်မှာတော့ စီနီယာကျောင်းသားအဖွဲ့က ရပ်စောင့်နေခဲ့ကြတယ်။ စစ်ဆေးရးစက်ဆီမှ ထွက်ပေါ်လာတဲ့ အသံကို ကြားလိုက်တော့ ထိုစီနီယာအဖွဲ့ထဲက အကြီးဆုံးကျောင်းသားတစ်ယောက်က သူတို့ကို မေးလာတယ်။


“မင်းတို့က ဒီနှစ်ရဲ့ ကျောင်းသားအသစ်တွေလား?” 


“ဟုတ်ပါတယ်” 


ရှီနန်က နားမလည်တဲ့ ပုံစံနဲ့ ပြန်မေးခဲ့တယ်။


“ဒါက ကျွန်တော်တို့မှာ ဒီအထဲကို ဝင်ရောက်ခွင့်အတွက် ခွင့်ပြုချက်စာမရှိလို့ အထဲကို ဝင်လို့မရတာလား?” 


“မဟုတ်ပါဘူး” 


အတန်းကြီး စီနီယာက ချီနန်ရဲ့ မေးခွန်းကို ပြန်ဖြေလာတယ်။ 


“လေပေါ်ဥယျာဉ်မှာရှိတဲ့ စစ်ဆေးရေးစက်က ကျောင်းရဲ့စနစ်တွေနှင့် တွေနဲ့ ချိတ်ဆက်ထားတာလေ.. သူက တစ်မျိုးတည်းပဲ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်.. အဲဒါက မင်းတို့တွေ ကျောင်းရဲ့ စမ်းသပ်မှုမှာ အနည်းဆုံး အမှတ် ၈၀ ရထားမှ အဲဒီစနစ်က မင်းတို့တွေကို ဒီကျောင်းရဲ့ ကျောင်းသားဖြစ်ကြောင်း အသိအမှတ်ပြုမှာဖြစ်ပြီး ဒီဥယျာဉ်ထဲ ဝင်ခွင့်ပေးလိမ့်မယ်” 


အတန်းကြီး စီနီယာက သူတို့ဆီကိုကို အလွန်စိတ်ဝင်စားစရာကောင်းတဲ့ ရှိုးပွဲတစ်ခုကို မြင်တွ့ရတော့မလိုမျိုး အသင့်ဖြစ်နေတဲ့ပုံစံမျိုးနဲ့ ကြည့်လာတယ်။ 


“ဘယ်လိုစမ်းသပ်မှုမျိုးလဲ?” 


လီကျိုးရှင်းက တွေးတောရင်းနှင့် သူ့မေးစေ့ကို ပွတ်သပ်ကာ မေးလာတယ်။ 


“စိတ်စွမ်းအား စမ်းသပ်မှုမျိုးလား” 


ရုပ်ရည်ချောမောတဲ့ အတန်းကြီးစီနီယာက လျို့ဝှက်ကာ နားလည်ရခက်တဲ့ အပြုံးမျိုး ပြုံးလိုက်ပြီး ဘေးဘက်မှ ခပ်ဝေးဝေးမှာရှိတဲ့ Screen တစ်ခုကို လက်ညှိုးထိုးပြလာတယ်။


“အဲဒီတစ်ခုက စမ်းသပ်မှုပြုလုပ်လို့ရတဲ့ အဆောက်အဦးပဲ..  စမ်းသပ်မှုအတွက်ကတော့ ဘယ်လိုမျိုးပုံစံဖြစ်လာလိမ့်မယ်ဆိုတာကို ဘယ်သူကမှ ကြိုပြီးမသိကြဘူး”


သူတို့အဖွဲ့ကတော့ တော်တော်လေးစိတ်ဝင်စားစရာကောင်းတာပဲလို့သာ တွေးလိုက်ကြတယ်။ သူတို့တွေ အနီးကို ရောက်သွားခဲ့တဲ့အချိန်ကျမှသာ စမ်းသပ်ရေးကွင်းဆိုတာက အစစ်အမှန်ပုံရိပ်ယောင် လေ့ကျင့်ကွင်းတစ်ခု ဖြစ်နေတာကို  သိလိုက်ရတယ်။ 


သူတို့လေးယောက် တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြတယ်။ ထို့နောက် အစစ်အမှန်ပုံရိပ်ယောင်အတွက်VR ဦးထုတ်ကို အရင်ဆောင်းလိုက်ကြကာ သူတို့ရဲ့ လက်ထဲမှာရှိနေတဲ့ ခလုတ်ကိုနှိပ်လိုက်ကြတယ်။


ကမ္ဘာကြီးက သူတို့ရဲ့ မျက်စိရှေ့မှာ လည်ပတ်နေခဲ့ပြီး စက္ကန့်တိုင်းမှာ ရှုခင်းနေရာတွေက ပြောင်းလဲနေခဲ့တယ်။ 


အချိန်ခဏလောက်မှာ သူတို့တွေက ချန်ယန်အကယ်ဒမီမှာရှိတဲ့ ဥယျာဉ်တွေထဲမှာ ရောက်နေကြပြီး နောက်တစ်စက္ကန့်မှာတော့ သူတို့ကိုယ်သူတို့ အဆုံးမရှိတဲ့ ချောက်ကမ်းပါးအနက်ကြီးရဲ့ ထိပ်မှာ ရပ်နေကြတာကို တွေ့လိုက်ရတယ်။ 


သူတို့ကို ဝေ့ဝိုက်ပြီး တိုက်ခတ်နေတဲ့ လေပြင်းတွေက ကမ်းပါးအစပ်နားမှာရှိတဲ့ ကျောက်တုံးလေးတွေကို ပြုတ်ကျသွားစေခဲ့ပြီး ငုံ့ကြည့်လိုက်မယ်ဆိုရင် ချောက်ကမ်းပါးကြီးက သူ့ရဲ့ပါးစပ်ကိုဖွင့်ဟကာ သန်းဝေနေသလိုမျိုး ထင်ရတယ်။


“ဒါ ဘယ်နေရာလဲ? 


သူ့ရဲ့စကားသံ ဆုံးသွားတဲ့အချိန်မှာဘဲ ချစ်စရာကောင်းတဲ့ စက်အသံလေးတစ်ခုက တစ်နေရာရာကနေ ထွက်ပေါ်လာတယ်။ 


“လေပေါ်ဥယျာဉ်ရဲ့ စမ်းသပ်မှု ကမ္ဘာလေးကနေ ကြိုဆိုလိုက်ပါတယ်! ရေးး!” 


ပထမဆုံး နှုတ်ဆက်စကားကို ပြောပြီးတာနဲ့ စက်ရဲ့ အသံက ချက်ချင်းပြောင်းလဲသွားတယ်။ 


အသံက လွန်ခဲ့တဲ့ စက္ကန့်ပိုင်းလောက်ကလိုမျိုး ရွှင်မြူးချစ်စရာကောင်းတဲ့အသံနဲ့ လုံးဝမတူတော့ပဲ စိတ်အားထက်သန်စွာ ပြောနေတဲ့ လေသံသို့ ပြောင်းလဲသွားခဲ့တယ်။


“အို ရဲရင့်လှတဲ့ သူရဲကောင်းအပေါင်းတို့.. လှပတဲ့ မင်းသမီးလေးတစ်ပါးကို သူ့ရဲ့ နတ်ဆိုးပထွေးကြီးက မျှော်စင်ပေါ်မှာ သော့ခတ်ပြီး ပိတ်လှောင်ထားခဲ့တယ်..


အသင်တို့သူရဲကောင်းတွေအားလုံး ဒီခက်ခဲတဲ့ ခရီးလမ်းမှာ အတူပါဝင်ပြီး မင်းသမီးလေးကို ကယ်တင်ပေးရလိမ့်မယ်.. အကယ်၍ မင်းသမီးလေးကို ကယ်တင်နိုင်ရင် သင်တို့အားလုံး  ဒီစမ်းသပ်မှုကို အောင်မြင်ကျော်လွှားနိုင်ပါပြီ” 


စကားဆုံးတာနဲ့ မင်းသမီးလေးရဲ့  ဓာတ်ပုံတစ်ပုံက သူတို့ရဲ့အရှေ့မှာ ပေါ်လာခဲ့တယ်။ 


မင်းသမီးလေးမှာ ရှည်လျားတဲ့ ရွှေရောင်ဆံပင် ကောက်ကောက်လေးတွေရှိပြီး ပတ္တမြားလို နီဆွေးနေတဲ့ နှုတ်ခမ်းဖူးဖူးလေးတွေရှိတယ်။ ကြွေရုပ်တွေမှာတွေ့ရတဲ့ အဝတ်အစားမျိုးနဲ့မတူပဲ နူးညံ့သိမ်မွေ့လွန်းတဲ့ ဂါဝန်လေးကိုလည်း ဝတ်ဆင်ထားတယ်။ 


သို့ပေမယ့် သူမရဲ့မျက်နှာလေးကတော့ အေးစက်ပြီး အမူအရာကင်းမဲ့နေခဲ့တယ်။


ပြီးတော့ သူမရဲ့မျက်နှာက ... လင်းနျဉ်နဲ့ ဆင်တူနေခဲ့လေတယ်။ 


လူတိုင်းရဲ့ လက်ရှိအခြေအနေ : “....” 


ဓာတ်ပုံကို မြင်လိုက်ရပြီးနောက် စိတ်ရှုပ်ထွေးမှုတွေက တခဏချင်း မြင့်တက်လာခဲ့ပြီ။


လေပေါ်ဥယျာဉ်ရဲ့ စမ်းသပ်မှုက ဒီလောက်ထိ ဆိုးဆိုးဝါးဝါးဖြစ်လိမ့်မယ်လို့ ဘယ်သူကမှ မထင်ထားခဲ့ကြဘူး။ သူတို့ လေးယောက်အတွက် အနီးကပ်ဆုံးလူကို ရွေးလိုက်တယ်ဆိုတာသိပေမယ့် ဒီစနစ်က လိင်ကွာခြားချက်ကို လုံးဝ လျစ်လျူရှုထားခဲ့တယ်လေ။ လင်းနျဉ်ရဲ့ မျက်နှာကို မင်းသမီးရဲ့ ခန္ဓာကိုယ်မှာ တိုက်ရိုက်ကပ်ပေးလိုက်တဲ့ သဘောလား? 


သူတို့တွေ အစကတော့ အံ့ဩသွားကြပေမယ့် ခဏလောက်ကြာတော့ သူတို့ရဲ့ ကွမ်တာကွန်ပျူတာတွေကို ဖွင့်လိုက်ကြပြီး စိတ်အားထက်သန်စွာနှင့် မင်းသမီးလေးဆီကို ချိန်ရွယ်ကာ စတင်ရိုက်ကူးပြီး မှတ်တမ်းတင်လိုက်ကြတယ်။ 


သောက်ကျိုးနည်း ဒါကဘာကြီးလဲ!


ဟားဟားဟားဟား! 


သူတို့တွေ Level အဆင့်ဆင့်ကို ဖြတ်ကျော်ပြီး စိတ်ကူးယဉ်ကမ္ဘာကြီးထဲမှ ပြန်ထွက်ကာ ပြင်ပကမ္ဘာဆီကို ပြန်ရောက်လာတော့ လူတိုင်းက ခဏလောက်ကြာအောင် တိတ်ဆိတ်ငြိမ်သက်နေခဲ့ကြတယ်။ 


နောက်ဆုံးတော့ ဘာလို့ အတန်းကြီးစီနီယာတွေက သူတို့ကို ထူးဆန်းပြီး စိတ်ဝင်စားသလို အမူအရာမျိုးနဲ့ကြည့်လာကြတာလဲဆိုတာ သူတို့ နားလည်သွားပြီ။ 


စိတ်ကူးယဉ်ပုံရိပ်ယောင် ကမ္ဘာထဲမှာ လင်းနျဉ်ရဲ့မျက်နှာရှိတဲ့ မင်းသမီးလေးက သူတို့နှင့်အတူ ကဖို့အတွက် ချစ်စရာကောင်းစွာ ဖိတ်ခေါ်ခဲ့တာကို ပြန်တွေးမိတော့ ရာသီဥတုက လုံးဝကို မအေးတာတောင် သူတို့လေးယောက်လုံးရဲ့ ခန္ဓာကိုယ်တွေက တုန်ယင်သွားခဲ့ကြတယ်။


“မင်းတို့ကောင်တွေ အကုန်လုံးကို ရခဲ့ကြရဲ့လား”


ရှီနန်က တံတွေးမြိုချလိုက်တယ်။


“တစ်စက္ကန့်လေးတောင်မှ မလွတ်ခဲ့ဘူး!” 


“ဂါဝန်ဝတ်ထားတဲ့ သူ့ရဲ့ နောက်ကျောဘက်ပုံရိပ်အတွက် အလှဆုံးပုံလေးတစ်ခု ရိုက်လာနိုင်ခဲ့တယ်!”


စမ်းသပ်မှုအဆောက်အဦးပေါ်မှာရှိတဲ့ Screenက လင်းလက်လာခဲ့ပြီး သူတို့ရဲ့ ရမှတ်ဖြစ်တဲ့ (92) ဆိုတဲ့ နံပါတ်ကို ဖော်ပြလာတယ်။ ကျန်ရှိနေတဲ့ ရှစ်မှတ်ကတော့ သူတို့တွေ မင်းသမီးလေးအပေါ် ဖော်ပြတဲ့ ချစ်မြတ်နိုးမှုတွေက ကောင်းကောင်းမလုံလောက်လို့ အနှုတ်ခံလိုက်ရတာတဲ့။ 


စနစ်က သူတို့ရဲ့ အချက်အလက်တွေအားလုံးကို မှတ်တမ်းတင်ထားခဲ့ပြီဖြစ်လို့ သူတို့လေးယောက်လည်း နောက်ဆုံးတော့ လေပေါ်ဥယျာဉ်ထဲကို ဝင်ရောက်ခွင့်ရသွားပြီ။


ဒါပေမယ့် မင်းသမီးလင်းနျဉ်နဲ့ ရင်ဆိုင်ခဲ့ရတဲ့ ထိတ်လန့်စရာအခြေအနေကို ကြုံတွေ့ခဲ့ရပြီးနောက်မှာ  ဒီလေပေါ်ဥယျာဉ်က သူတို့အတွက် နည်းနည်းလောက် ပျင်းရိစရာကောင်းသွားခဲ့ပြီ။ 


သူတို့တွေက သူတို့ရဲ့ စိတ်လှုပ်ရှားစရာကောင်းတဲ့ စွန့်စားခန်းအကြောင်းကို သူတို့ရဲ့ အခန်းဖော်လေးဆီကို ပြောပြချင်လွန်းတာကြောင့် အဆောင်ကို အမြန်ဆုံး ပြန်သွားချင်စိတ်ကသာ ကြီးစိုးနေခဲ့ကြပြီလေ။


သူတို့တွေ အဆောင်တိုက်ခန်းထဲကိုပြန်ရောက်တော့ လင်းနျဉ်က ကုဒ်တွေကို ဖြေရှင်းနေတုန်းပဲရှိသေးတယ်။ 


လီကျိုးရှင်းနှင့် ကျန်ရှိနေတဲ့သူတွေက သူတို့ လေပေါ်ဥယျာဉ်မှာ ကြုံတွေခဲ့ရတာတွေကို ပြန်မပြောပြရသေးခင်မှာပဲ လင်းနျဉ်က အလုပ်လုပ်နေရင်းကနေ စိတ်လှုပ်ရှားစွာနှင့် မော့ကြည့်လိုက်ပြီး ပြောလာတယ်။


“ငါ့ကို နောက်ထပ် အချိန် နှစ်နာရီလောက်ပဲ ထပ်ပေး.. ဘယ်လိုဖြေရှင်းရမလဲဆိုတဲ့ နည်းလမ်းကိုရှာတွေ့ထားပြီ.. ငါ မကြာခင် ကုဒ်တွေကို ဖြိုခွဲနိုင်တော့မယ်”


လီကျိုးရှင်းနဲ့ ကုဝမ်ချန်တို့ အကြည့်ချင်းဆုံသွားကြပြီး နှစ်ယောက်လုံးရဲ့မျက်နှာကလည်း ထပ်တူညီစွာနှင့် အံ့သြထိတ်လန့်နေခဲ့ကြတယ်။ သူတို့တွေက ချက်ချင်းပဲ သူတို့ရဲ့တိုက်ခန်းကို ကာကွယ်ပေးတဲ့ လုံခြုံရေးစနစ်ကို ဖွင့်လိုက်ကြတယ်။ 


ရှီနန်နဲ့ ကျိယွီတို့သည်လည်း လီကျိုးရှင်းနှင့် ကုဝမ်ချန်တို့ ဘာလို့ စိတ်လှုပ်ရှားနေကြပြီး ဘာအတွက် အခုလိုလုပ်နေတာလဲဆိုတာကို မသိကြပေမဲ့ အလျှင်အမြန်နှင့် ဝင်ရောက် ကူညီပေးလာကြတုန်းပဲ။ 


ကုဝမ်ချန်ရဲ့မျက်နှာအမူအရာက လေးနက်နေခဲ့ပြီး သူ တစ်ချိန်တုန်းက လီကျိုးရှင်းကို ပြောပြဖူးခဲ့တဲ့ အကြောင်းတွေကို တစ်ခြားလူတွေကို ပြောပြပေးလိုက်တယ်။


အဖွဲ့ထဲမှာ ရှိတဲ့ လူတိုင်းက တစ်ယောက်ကိုတစ်ယောက် ယုံကြည်မှုရှိနေခဲ့ကြပြီးဖြစ်လို့ သူတို့တွေက ကုဝမ်ချန်ပြောနေတဲ့စကားတွေက  အမှန်တရားသာဖြစ်လိမ့်မယ်လို့ အကျွင်းမဲ့ ယုံကြည်ခဲ့ကြတယ်။ 


အဖွဲ့ကို လိမ်ညာတာ မကောင်းဘူးဆိုပေမယ့် ကုဝမ်ချန်ရဲ့ မျက်လုံးထဲမှ ကိုယ့်ကိုယ်ကိုယ် အပြစ်မကင်းဖြစ်နေတဲ့ အရိပ်အမြွတ်တွေကို လီကျိုးရှင်း မြင်နေရတယ်။ ကြည့်ရတာ အဓိကဇာတ်လိုက်ရဲ့ နှလုံးသားက အနည်းငယ် နူးညံ့လာပုံရတယ်__ အနည်းဆုံး သူတို့ အဖွဲ့တွေအပေါ်မှာ ပေါ့။


လီကျိုးရှင်းအနေနဲ့ ကုဝမ်ချန်တစ်ယောက် အနှေးနဲ့အမြန်ပဲ  သူတို့အဖွဲ့သားတွေနဲ့ဆိုရင် ပိုပြီး သက်သောင့်သက်သာရှိလာလိမ့်မယ်လို့ ယုံကြည်တယ်။ ပြီးသွားရင် လျှို့ဝှက်ချက်ထားတာမျိုး၊ လိမ်ညာတာမျိူးတွေ ထပ်ပြီးမလုပ်တော့ဘဲ သူတို့တွေကို  အရာအားလုံးကို ပြောပြလာလိမ့်မယ်။


လီကျိုးရှင်း တစ်နေ့နေ့မှာ သူကိုယ်တိုင်သည်လည်း ထိုကဲ့သို့ဖြစ်လာဖို့ကို မျှော်လင့်မိတယ်။ 


အချိန်နှစ်နာရီက မျက်စိတစ်မှိတ်အတွင်းမှာပဲ ကုန်သွားတယ်။ လင်းနျဉ်က စာရွက်အပိုင်းအစတစ်ခုကို လက်က ကိုင်ထားရင်း အခန်းထဲကနေ အလောတကြီး ပြေးထွက်လာတယ်။


သူ့ပုံစံက နည်းနည်းလောက် ပင်ပန်းနေပုံရပြီး မျက်နှာကလည်း အရင်တုန်းကအတိုင်း တောင့်ခဲလျှက်ရှိနေတုန်းပဲဆိုပေမဲ့ ပျော်ရွှင်ပြီး စိတ်လှုပ်ရှားနေတာကိုတော့ သူတို့တွေ ရှာတွေ့နိုင်တယ်။


“ဒါက ကုဒ်ထဲကနေ ပေးချင်တဲ့ အကြောင်းအရာပဲ” 


သူက စာရွက်ကို လီကျိုးရှင်းဆီသို့ လှမ်းပေးလာတာကြောင့် လီကျိုးရှင်းက ထိုစာရွက်ကို လှမ်းယူပြီး အသံကျယ်ကျယ်နဲ့ ဖတ်ပြလိုက်တယ်။


“AC-01, Delta, AC-02, Ada” 


အနက်ရောင်ခြယ်ထားတဲ့ စာလုံးတွေနှင့် နံပါတ်တွေက မတူညီတဲ့ဆေးတွေရဲ့ နာမည်တွေနဲ့ သူတို့တွေဆီကနေ ဘယ်သူတွေက ဝယ်သွားတယ်ဆိုတာကို ဖော်ပြထားတာပဲ။


ဒီနာမည်တွေက မှောင်ခိုစျေးကွက်မှာ အသုံးများတဲ့ နာမည်တုတွေဖြစ်လိမ့်မယ်။ ကုဒ်ကို ဖြေရှင်းနိုင်သွားတာတောင်မှ သိရတဲ့ အချက်အလက်အများစုက ဆေးရောင်းတဲ့အဖိုးကြီး ရောင်းထားပြီးတဲ့ ဆေးတွေရဲ့ အချက်အလက်တွေပဲ။


ဒီအဖိုးကြီးက အလွန်အမင်း ဂရုတစိုက်ရှိလွန်းတယ်။


လီကျိုးရှင်းက ကုဝမ်ချန်သိချင်နေတဲ့ ဆေးနဲ့ပတ်သတ်တဲ့အချက်အလက်တွေကို လိုက်လံရှာဖွေပေးခဲ့ပြီး နောက်ဆုံးတော့  စာရင်းရဲ့ အောက်ဆုံးနားမှာ တွေ့လိုက်ရတယ်။ 


“NK – 03, CD” 


ကုဝမ်ချန်က အကြည့်တွေက CD ဆိုတဲ့ စကားလုံးဆီမှာ စွဲညှိကပ်တွယ်နေခဲ့ပြီး သူဘာတွေကို တွေးတောနေတာလဲဆိုတာကတော့ ပြောရခက်တယ်။ 


“ငါ ဒီနာမည်နဲ့ ပတ်သတ်ပြီး ဘာအဓိပ္ပါယ်မှ ရှာလို့မတွေ့ခဲ့ဘူး”


လင်းနျဉ်က တိတ်ဆိတ်နေရာမှ ဝင်ပြောလိုက်တယ်။


“ငါတော့ ဒါကို စစ်တပ်ဘက်ကို လွှဲပေးလိုက်တာ ပိုကောင်းမယ်လို့ထင်တယ်” 


“လွှဲပေးရမှာပေါ့” 


ကုဝမ်ချန်က ပြန်ပြောခဲ့တယ်။ 


“အဲဒါက အကောင်းဆုံးနည်းလမ်းပဲလေ” 


ကောင်လေးတွေက သက်ပြင်းချလိုက်ကြတယ်။ အခုအချိန်က ဆုံးဖြတ်ချက်တစ်ခု ချဖို့အတွက်  ကောင်းမွန်တဲ့အချိန်အခါမဟုတ်တော့ဘူး။ ဒါကြောင့် သူတို့တွေ အခန်းကို အရင်ပြန်ပြီး အိပ်လိုက်ဖို့ပဲ ဆုံးဖြတ်လိုက်ကြတယ်။ 


လီကျိုးရှင်း ရေချိုးပြီး ထွက်လာချိန်မှာတော့ ကုဝမ်ချန်က အိပ်ပျော်နေခဲ့ပြီ။ သူက စောင်ကို ခေါင်းအထိ လွှမ်းခြုံပြီး အိပ်နေခဲ့ပြီး စောင်ရဲ့အပြင်ဘက်မှာ ပေါ်နေတာဆိုလို့ ခေါင်းအုံးပေါ်မှာ ထိုးထွက်နေတဲ့  ဆံပင်စုလေးတွေပဲ ရှိတော့တယ်။


အင်အားကြီးမားတဲ့ အဓိကဇာတ်လိုက်တစ်ယောက်အိပ်တဲ့ ပုံစံက သာမန်လူတစ်ယောက် အိပ်တဲ့ပုံစံနဲ့တော့ ကွာခြားမှုတွေ ရှိမနေခဲ့ဘူး။ လီကျိုးရှင်း သူ့ဘက်ကို ကြည့်ရင်း ပြုံးမိလိုက်တယ်။


လိုက်ကာတွေက အလိုအလျောက်စနစ်ကြောင့် တစ်ဖြည်းဖြည်းပိတ်သွားပေမယ့် ပြည့်အဝမပိတ်သွားခင်မှာဘဲ အပြင်ဘက်ကနေ ဖြတ်ခနဲထွက်ပေါ်လာတဲ့ ငွေရောင်အလင်းတန်းတစ်ခုကို သူ့ရဲ့ မျက်လုံးထောင့်ကနေ တွေ့လိုက်ရတယ်။


လီကျိုးရှင်း ရုတ်တရက် အေးခဲသွားခဲ့ပြီး ပြတင်းပေါက်ဆီကို  အလျင်အမြန်ပြေးသွားခဲ့ကာ တံခါးကို အားပြင်းပြင်းနှင့် ဆွဲဖွင့်လိုက်ပေမဲ့  တစ်စက္ကန့်အတွင်းမှာပဲ ငွေရောင်မျက်နှာဖုံးနဲ့လူကို သူ့ရဲ့ မျက်စိရှေ့မှာ တွေ့လိုက်ရတယ်။ 


လရောင်က အေးစက်နေတဲ့ သတ္တုမျက်နှာပြင်ကနေ အလင်းပြန်နေခဲ့တယ်။ မှောင်မဲနေတဲ့ ညရဲ့ နောက်ခံနှင့်အတူ မျက်နှာဖုံးပေါ်မှာရှိနေတဲ့ အနီရောင်ပန်းတွေက သွေးရောင်လွှမ်းနေတဲ့ သွေးကြောတွေလိုပဲ။ မြင်တွေ့နေရတဲ့ မြင်ကွင်းက အနည်းငယ်လောက် ခြောက်ခြားစရာကောင်းသလို တစ်ဖက်မှာလည်း အလွန်အမင်း စွဲမက်ဖွယ်ရာကောင်းလွန်တယ်။ 


“မင်္ဂလာ ညနေခင်းလေးပါ ငါ့ရဲ့ချစ်ရတဲ့လူငယ်လေး” 


မျက်နှာဖုံးပင်လယ်ဓားပြရဲ့အသံက သြရှပြီး အက်ကွဲနေခဲ့တယ်။ 


“ကိုယ့်ကို မင်းတို့ရဲ့ကုဒ်တွေ ယူလာပေးပါဦး ကောင်းပြီလား?”