Ch 23
Viewers 3k

(23)ကလေးလေး..  အိပ်ရမဲ့အချိန်ရောက်နေပြီနော်


လီကျိုးရှင်း ပြတင်းပေါက်ကနေ တဆင့် လှမ်းမြင်နေရတဲ့မြင်ကွင်းအရ အပြင်ဘက်က မှောင်မည်းနေခဲ့တယ်။ 


အနက်ရောင်သွေးကြောတွေနဲ့ နီရဲနေတဲ့ ပန်းပွင့်တွေ ထွင်းထုထားတဲ့ မျက်နှာဖုံးက တစ်ဖက်လူရဲ့မျက်နှာအမူအရာတွေကို ဖုံးကွယ်ထားခဲ့တယ်။ 


ခြောက်ခြားထိတ်လန့်စရာဖြစ်နေတဲ့ပုံပေါက်နေပေမယ့် တစ်ချိန်တည်းမှာစွဲမက်စရာကောင်းပြီး အေးစက်နေတဲ့ ငွေရောင်မျက်နှာဖုံးရဲ့နောက်ကွယ်မှာ ရှိတဲ့လူက လျှို့ဝှက်ဆန်းကြယ်ပြီး အန္တရာယ်များလွန်း အငွေ့အသက်တွေ ထုတ်လွှတ်နေခဲ့တယ်။ 


Roux ဆိုတဲ့ဒီလူ သူ့ဆီကတောင်းနေခဲ့တဲ့ ကုဒ်ဆိုတာက မကြာသေးခင်အချိန်ကမှ လင်းနျဉ်ဖြေရှင်းနိုင်ခဲ့တဲ့ ကုဒ်ကလွဲပြီး တခြားမရှိနိုင်ဘူး။ 


သူ့ရဲ့အရှေ့မှာရှိနေတဲ့လူက အလွန်အမင်း အန္တရာယ်များလွန်းကြောင်း လီကျိုးရှင်းရဲ့ အလိုလိုသိစိတ်ကနေ သတိပေးနေခဲ့တယ်။


မျက်နှာဖုံးနဲ့လူက ပြတင်းပေါက်ကနေ အခန်းထဲသို့ ဝင်လာချင်တဲ့အမူအရာမျိုးရှိနေတာကိုမြင်လိုက်ရတော့ လီကျိုးရှင်း အနောက်ဘက်ကို ဖြည်းညှင်းစွာ ဆုတ်လိုက်မိတယ်။ 


ပြတင်းပေါက်ရဲ့အပြင်ဘက်မှာ ရှိနေတဲ့ လူက ခပ်တိုးတိုးရယ်မောလာခဲ့ပြီး ပြတင်းပေါက်မှန်ကို လက်နဲ့ ခပ်ဖွဖွခေါက်လာတယ်။ သူရဲ့ သွယ်လှတဲ့လက်ချောင်းတွေကို အဖြူရောင်လက်အိတ်တစ်စုံနဲ့ ဖုံးအုပ်ထားခဲ့တာကြောင့် သူ မှန်ကို ခပ်ဖွဖွခေါက်လာချိန်မှာ အသံက ပျော့လွန်းနေခဲ့ပြီး မကြားရလုနီးပါးလောက်ပဲ။


“မင်း ကိုယ့်ကို ကြောက်နေတာလား?” 


သူက အခန်းထဲမှာ ရှိနေတဲ့လူ သေသေချာချာကြားနိုင်စေဖို့အတွက် စကားကို တစ်လုံးချင်း ဖြည်းညင်းစွာပြောလာခဲ့တယ်။ 


သို့ပေမဲ့ ထိုစကားတွေက လီကျိုးရှင်းကို စိန်ခေါ်လိုက်သလိုပဲ။ 


ကြောက်တယ် ဟုတ်လား? ချီးကိုပဲ ကြောက်နေလိုက်မယ်!


လီကျိုးရှင်းက ပြတင်းပေါက်အနားသို့ ပြန်လည်လျှောက်သွားလိုက်ပြီး သူ့ရဲ့လက်ကို မြှောက်ကာ မျက်နှာဖုံးနဲ့လူရဲ့လက်နဲ့ ထိပြီး ခေါက်နေခဲ့တဲ့ မှန်နေရာ လက်နဲ့ ဖိလိုက်တယ်။


“ဒီနေရာက  လူစိမ်းတွေကို မကြိုဆိုဘူး” 


“ငါ့နာမည်က Roux ပါ” 


မျက်နှာဖုံးနဲ့လူရဲ့မျက်နှာဖုံးအောက်မှ နက်မှောင်နေတဲ့ အကြည့်တွေက လီကျိုးရှင်းဆီ တည့်တည့်မတ်မတ် စိုက်ကြည့်နေခဲ့တယ်။ သူက သူ့ရှေ့မှာရှိနေတဲ့ ကောင်လေးကို အနည်းငယ် ကလူကျီစယ်လိုတဲ့လေသံနဲ့ ပြောလိုက်တယ်။


“အချစ်ကလေး၊ မင်း ကိုယ့်ကို မသိဘူးလား?” 


လီကျိုးရှင်းက ထိုသူရဲ့နာမည်ကို ပြီးခဲ့တဲ့ ရက်တွေကတည်းက မကြာခဏဆိုသလို ကြားခဲ့ရတာလေ။ သူက ကုဝမ်ချန်ရဲ့ကုတင်ဘက်သို့ တစ်ချက်လှမ်းကြည့်လိုက်တယ်။


အဓိကဇာတ်ကောင်ကတော့ အခုချိန်ထိ စောင်ကို ခေါင်းမြီးခြုံပြီးတော့ ဝက်တစ်ကောင်လိုမျိုး ငြိမ်ငြိမ်သက်သက် အိပ်ပျော်နေတုန်းပဲ။ 


“ကလေးလေး” 


မျက်နှာဖုံးနဲ့လူက လီကျိုးရှင်းကို ကြည့်ပြီး ခေါင်းကို အလွန်ညင်သာလှစွာ စောင်းငဲ့လိုက်တယ်။ ငွေရောင်မျက်နှာဖုံးပေါ်မှာရှိနေတဲ့ နီဆွေးဆွေးပန်းပွင့်တွေက ထိုသူရဲ့လှုပ်ရှားမှုအတိုင်း လိုက်ပါယိမ်းနွဲ့နေသလိုထင်ရပြီး လရောင်အောက်မှာ စွန်းထင်းနေတဲ့ သွေးတွေနဲ့တောင် တူနေခဲ့တယ်။


“အချိန်က အရမ်းနောက်ကျနေပြီ..  မင်းအိပ်သင့်ပြီနော်” 


မှန်ကို ဆက်တိုက်ခေါက်နေတဲ့ သူ့ရဲ့လက်ချောင်းတွေက ရုတ်တရက်ရပ်သွားပြီး နောက်ဆုံးတစ်ချက်မှာတော့ အလင်းရောင်တစ်ဖြာနှင့်အတူ ပြတင်းပေါက်မှန်က အက်ကွဲသံတွေထွက်ပေါ်လာခဲ့ပြီး အက်ကွဲဖြာထွက်သွားခဲ့တယ်။ 


“သွားပြီး ကိုယ့်အတွက် ယူလာခဲ့ပေး” 


Roux ရဲ့ အသံက အက်ကွဲနေခဲ့ပြီး လည်ချောင်းမှာ ဒဏ်ရာရထားတဲ့လူလိုမျိုး ထူးဆန်းနေခဲ့တယ်။ သူ့ရဲ့ လေယူလေသိမ်းတွေက စကားလုံးတွေကို ပျားရည်လိုမျိုး ချိုမြနေစေတယ်။ နူးညံ့နေတဲ့ စကားလုံးတွေနဲ့အတူ လေးနက်မှုကိုလည်း ခံစားရစေပြန်တယ်။ 


“အပြန်အလည်အနေနဲ့ မင်းကို လက်မှတ်တစ်စောင် ထိုးပေးမယ်လေ” 


လီကျိုးရှင်းရဲ့ မျက်နှာက ရုပ်ဆိုးသွားရတယ်။ ဒီနေ့ခေတ်ကြီးမှာ ပင်လယ်ဓားပြအားလုံးက အခုလိုမျိုး ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေကြတာလား? 


Roux အသံက နူးညံ့ပြီး သိမ်မွေ့နေတယ်


“သွားလေ.. သွားပြီးယူလာခဲ့ပေး” 


Roux ရဲ့ လက်ချောင်းတွေကြောင့် ပြတင်းပေါက်မှန်က ပင့်ကူမျှင်တွေလို ကွဲအက်နေခဲ့တယ်။ ချန်ယန်အကယ်ဒမီက အထူးတလည်ကုန်ပစ္စည်းတွေနဲ့ ထုတ်လုပ်ထားတဲ့ မှန်တွေက သူ့ရဲ့လက်ထဲမှာ တို့ဖူးတုံးလေးတွေလိုပဲ။ 


လီကျိုးရှင်းရဲ့ မျက်နှာက အေးစက်နေခဲ့ပြီ။ သူက Roux ကို နက်ရှိုင်းစွာကြည့်လိုက်ပြီး သူ့ရဲ့ ကွမ်တမ်ကွန်ပျူတာကို ဖွင့်ကာ လင်းနမ်ဆီက ပို့ပေးထားတဲ့ ကုဒ်တွေကို ဖွင့်ပြလိုက်တယ်။


ဒါပေမယ့် Roux က ခေါင်းကို ခါရမ်းလာခဲ့တယ်။


“ကိုယ်က မူရင်းကုဒ်ကိုပဲ လိုချင်တာ” 


သေစမ်း။ လီကျိုးရှင်း တိုးတိုးလေး ကျိန်ဆဲလိုက်တယ်။ 


ဒါပေမယ့်လည်း သူက အလျင်အမြန်ပဲ အနောက်ကို ပြန်လှည့်ကာ ဆေးရောင်းတဲ့အဖိုးကြီးရဲ့ ခန္ဓာကိုယ်ထဲမှ ရခဲ့တဲ့ အရေခွံကို ရှာယူခဲ့လိုက်တယ်။ 


ထို့နောက် အေးစက်စွာ ပြောခဲ့လေတယ်။


“ခင်ဗျား ဘယ်လိုယူမှာလဲ?” 


Roux :“ကိုယ့်ဆီကို ပစ်ပေးလိုက်” 


လီကျိုးရှင်းက ဘယ်အချိန်မဆို အစိတ်စိတ်အမွှာမွှာအက်ကွဲသွားနိုင်တဲ့ ပြတင်းပေါက်ကို ဖွင့်လိုက်တယ်။


ထိုအချိန်ကျမှသာ Roux က သူ့ရဲ့ခြေထောက်အောက်မှ အကွေးပုံသဏ္ဍာန်ရှိပြီး အလွန်သေးငယ်လှတဲ့ လေသင်္ဘောငယ်လေးပေါ်မှာ မတ်တပ်ရပ်နေတာဖြစ်ကြောင်းကို တွေ့လိုက်ရတယ်။ ထိုကြယ်တာရာပင်လယ်ဓားပြက လက်ကို ဆန့်ထုတ်ထားပြီး လီကျိုးရှင်း ပစ်ပေးလာမယ့် အရာကို ဖမ်းဖို့အတွက် အဆင်သင့်စောင့်နေခဲ့တယ်။ 


လီကျိုးရှင်းက ပင်လယ်ဓားပြရဲ့ မျက်နှာကိုတောင် အသေအချာမကြည့်တော့ဘဲ ပစ္စည်းကို ပစ်ပေးလိုက်ပြီး ပြတင်းပေါက်ကို ချက်ချင်းပိတ်လိုက်ကာ လက်နက်ကို အမြန်ရှာဖို့တွေးလိုက်တော့တယ်။


သို့ပေမယ့် အခန်းထဲက မီးတွေအကုန်လုံးက ပိတ်ထားပြီးသားဖြစ်နေပြီး ခုတင်ဘေးနားမှ နွေးထွေးတဲ့အဝါရောင် ညအိပ်မီးတစ်ခုတည်းကသာ အလင်းရောင် ထွန်းလင်းပေးနေခဲ့တယ်။


လီကျိုးရှင်း ထိုနေရာမှာပဲ တောင့်ခဲစွာရပ်နေမိတယ်။ အတွေးအမျိုးမျိုးကြောင့် သူ့မျက်နှာအမူအရာတွေက ပြောင်းလဲနေခဲ့ပြီ။ ဒါက သူအနေနဲ့ ပထမဆုံး အားကိုးရာမဲ့နေတဲ့ ခံစားချက်ကို ခံစားဖူးတာပဲ။ 


သူ အသက်ကို ပြင်းပြင်းရှုရှိုက်လိုက်ပြီး စိတ်ကို တည်ငြိမ်အောင် လုပ်ခဲ့ကာ ကုဝမ်ချန်ရဲ့ အိပ်ရာဘက်သို့  ချည်းကပ်သွားလိုက်တယ်။ သူ့အနေနဲ့ သူ့ရဲ့ အတွေးတချို့အတွက် အတည်ပြုချက် လိုအပ်နေတယ်လေ။


သို့ပေမယ့် သူ ခြေလှမ်း နှစ်လှမ်းလောက် လှမ်းပြီးချိန်မှာဘဲ ပြတင်းပေါက်ရဲ့ မှန်က ကျယ်လောင်တဲ့အသံနဲ့အတူ အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားတော့တယ်။ ညရဲ့ အေးစက်နေတဲ့ လေတွေက အခန်းထဲသို့ ချက်ချင်း ဝင်လာခဲ့တယ်။ 


ထိုအချိန်ကျမှ ကျောင်းထဲမှ သတိပေးနှိုးဆော်စနစ်တွေက တုန့်ပြန်လာပြီး အချက်ပြအသံက ဆက်တိုက် မြည်ဟီးလာတယ်။ 


သူတို့အဆောင်ခန်းနဲ့ မလှမ်းမကမ်းမှာရှိနေတဲ့ ကင်းစောင့်မျှော်စင်ကလည်း မီးတွေလင်းလာတာကို မြင်လိုက်ရပြီး နောက်တစ်စက္ကန့်အကြာမှာပဲ လက်နက်ကိုင်အစောင့်အဖွဲ့က သူတို့ရဲ့ တိုက်ခန်းထဲကို ဝင်လာကြတော့တယ်။ 


ပိတ်ထားတဲ့ လိုက်ကာတွေက တိုက်ခတ်နေတဲ့ လေကြောင့် တဖျက်ဖျက်လွှင့်နေပြီး မှန်ကွဲစတွေကတော့ ကြမ်းပြင်ပေါ်မှာ ပြန့်ကြဲနေခဲ့တယ်။ 


လီကျိုးရှင်းက ပြတင်းပေါက်ဆီ နောက်တစ်ခေါက် သွားကြည့်လိုက်တော့ ကြယ်တာရာပင်လယ်ဓားပြက သူ့အတွက်ထားခဲ့တဲ့ “လက်ဆောင်” ကို တွေ့လိုက်ရတယ်။ 


ပြတင်းပေါက်တစ်ခုလုံးမှ  မှန်တွေက ကွဲသွားခဲ့ပြီး ထောင့်နားမှာပဲ မှန်စအနည်းငယ် ကျန်ရစ်ခဲ့တယ်။ တစ်စုံတစ်ယောက်က ထိုမှန်စပေါ်မှာ ရေငွေ့တင်အောင်လုပ်ပြီး ထူးဆန်းတဲ့ အက္ခရာတွေကို ရေးဆွဲထားတယ်။ 


ဒါက Roux ဒီကို လာသွားတယ်ဆိုတဲ့ သက်သေပဲ။ 


လီကျိုးရှင်းက သူ့ကွန်ပျူတာကို အမြန်ဖွင့်လိုက်ပြီး ရေငွေ့တွေပေါ်မှာရေးထားတဲ့ အက္ခရာတွေ မပျောက်သွားခင် မှတ်တမ်းတင်ထားလိုက်တယ်။ 


လုံခြုံရေးတွေရောက်လာချိန်မှာ သူတို့ ပထမဆုံးမြင်လိုက်ရတဲ့အရာက မှန်ကွဲစတွေ ပြန့်ကျဲနေတဲ့ ကြမ်းပြင်၊  တစ်ဖျက်ဖျက်လွှင့်နေတဲ့လိုက်ကာတို့နှင့်အတူ ပြတင်းပေါက်ရှေ့မှာ ရပ်နေတဲ့ လီကျိုးရှင်းကိုပဲ။ 


သူတို့က လေးနက်လွန်းတဲ့အမူအရာတွေနှင့် မေးလာကြတယ်။


“ဘာဖြစ်သွားတာလဲ?” 


အစောင့်တွေက အလွန် လျှင်မြန်စွာ လာခဲ့ကြပြီး သူတို့ရောက်လာချိန်မှာ မှန်ပေါ်က စကားလုံးတွေက လုံးလုံးလျားလျားမပျောက်သွားသေးဘူး။


လီကျိုးရှင်း သူ Roux ဆိုလိုတဲ့ အဓိပ္ပါယ်ကို စဉ်းစားနေရင်း လက်ညှိုးထိုးပြလိုက်ပေမယ့် ရေငွေ့ရိုက်နေတဲ့ မှန်ပေါ်မှာ ရေးထားတဲ့ ထူးဆန်းတဲ့စာတွေက ထိုအချိန်မှာ ပျောက်ကွယ်သွားခါနီးနေပီ။  


မျက်နှာဖုံးဓားပြက တကယ်ကို အန္တရာယ်များတဲ့လူပဲ။ လီကျိုးရှင်း အဲဒီလူနဲ့ပတ်သတ်ပြီး ဘာမှလည်းမသိသလို ဘာမှလည်းနားမလည်နိုင်ဘူး။ 


Roux က အင်အားအလွန်ကြီးသလို နားလည်ရလည်း ခက်တဲ့ပုံစံမျိုးဖြစ်တယ်။ လီကျိုးရှင်းက ထိုသူနဲ့တွေ့ဆုံချိန်မှာ သူ့ကိုယ်သူ တခြားလူရဲ့ ထိန်းချုပ်မှုအောက်မှာရောက်နေတဲ့ ခံစားချက်ကို သဘောမကျဘူး။ 


ချန်ယန်အကယ်ဒမီကျောင်းလို နေရာမှာမျိုးမှာတောင် Roux က အန္တရာယ်များလွန်းတဲ့ ကိစ္စမျိုးကို လုပ်ခဲ့တယ်။ သူက ထိုမျှလောက်အထိဆေးရောင်းတဲ့ အဘိုးကြီးရဲ့ ကုဒ်ကို လိုချင်နေတာလား ဒါမှမဟုတ် တစ်ခုခုလုပ်ဖို့ စီစဉ်ထားတာမျိုး ရှိနေလို့လား? 


ကျောင်းထဲမှ အစောင့်တွေက လီကျိုးရှင်း ညွှန်ပြတဲ့ နေရာကို ကြည့်ပြီး လုံးဝထိတ်လန့်သွားကြတယ်။ တစ်ချို့ဆို ကြောက်လန့်ပြီး ဒူးတွေက အားမရှိတော့တဲ့အတိုင်း ကြမ်းပြင်ပေါ်ကို ခွေကျကုန်ကြတယ်။ ပြောရရင် သူတို့တွေ အသက်ရှင်ရတဲ့ ဘဝကြီးကို ပြန်တွေးရင်း ရှေ့ဆက်ပြီး ဘာလုပ်ရမှန်းမသိတော့တဲ့ ပုံစံလိုမျိုး ဖြစ်နေခဲ့ကြတာပဲ။ 


ဒါက ဘာလဲ? 


ဘာလို့ ဒီစာလုံးတွေက မျက်နှာဖုံး ပင်လယ်ဓားပြရဲ့ ဂြိုလ်က ဘာသာစကားတွေနဲ့ တူနေရတာလဲ? 


သင်္ကေတအက္ခရာစာလုံးတွေက  မျက်နှာဖုံးဓားပြ ချန်ထားခဲ့တယ်ဆိုတာ သေချာသွားတဲ့နောက်မှာ အစောင့်တွေထဲက ခေါင်းဆောင်က ထိတ်လန့်နေတဲ့ မျက်နှာအမူအရာနဲ့ စစ်တပ်ကို လှမ်းအကြောင်းကြားလိုက်တော့တယ်။ 


ရုန်းရင်းဆန်ခတ်ဖြစ်တဲ့ အသံတွေကြောင့် အခြားအခန်းမှာ အိပ်နေကြတဲ့ ရှီနန်၊ လင်းနျဉ် နဲ့ ကျိယွီတို့ကလည်း အပြေးအလွှားနဲ့ ရောက်လာခဲ့ကြတယ်။ အခန်းအတွင်းမှ ရှုပ်ပွနေတဲ့ အခြေအနေကို မြင်လိုက်ရတော့ သူတို့တွေက ထိတ်လန့်သွားကြပြီး ပြန်မေးလာကြတယ်။


“...ဒါက .. ဘာဖြစ်သွားတာလဲ?” 


“ခဏစောင့်ဦး”


လီကျိုးရှင်းက အခုမှ အသိစိတ်ပြန်ကပ်လာပြီး ကုဝမ်ချန်ရဲ့ ကုတင်ဘေးကို လျှောက်သွားလိုက်တယ်။ သူက ဘာစကားမှ ပြောနေခြင်းမရှိတော့ပဲ ကုဝမ်ချန်ရဲ့ စောင်ကို ဆွဲလှန်လိုက်လေတယ်-- 


အိပ်ရာပေါ်မှာ ဘာဆိုဘာမှ ရှိမနေခဲ့ဘူး။ စောင်အောက်မှာ လူ မပြောနဲ့ ခေါင်းအုံးတစ်လုံးတောင် ရှိမနေခဲ့တာ။ 


လီကျိုးရှင်း ကြက်သေ သေသွားခဲ့တယ်။ 


သို့ပေမယ့် ထိုအချိန်မှာပဲ ကုဝမ်ချန်က စိုစွတ်နေတဲ့ မျက်နှာနဲ့ ရေချိုးခန်းထဲကနေ ထွက်လာခဲ့တယ်။ 


သူ့ရဲ့နားထဲမှာလဲ နားကြပ်တစ်စုံကို တပ်ဆင်ထားတယ်။ 


ရှုပ်ပွနေတဲ့ အခန်းကို မြင်လိုက်ရတော့ ကုဝမ်ချန်က အနည်းငယ် အံ့သြသင့်သွားပုံရပြီး နားကြပ်ကိုဖြုတ်ကာမေးလာခဲ့တယ်။


“ငါရေချိုးခန်းထဲရောက်နေတဲ့အချိန် ဘာတွေဖြစ်သွားတာလဲ?” 


ရှီနန် :“ကုဝမ်ချန် ..မင်း တကယ် ဘာမှ မသိလိုက်ဘူးလား?” 


“အမ်” 


ကုဝမ်ချန်ရဲ့အသံက တိုးညှင်းပြီးတော့ အိပ်ချင်မူးတူးအသံနှင့်ဆင်တူတယ်။


“ငါ ခုနကတည်းက ရေချိုးခန်းထဲမှာ ရှိနေတာ..  ငါမရှိတုန်း တစ်ခုခုဖြစ်သွားတာလား?” 


သူ့ရဲမျက်လုံးတွေက အမှန်တကယ်အိပ်ချင်နေပုံရပြီး ဆံပင်တွေကလည်း ရှုပ်ပွနေခဲ့တယ်။ ဒါ့အပြင် ခေါင်းအုံးကို ဖိအိပ်ထားတာကြောင့် ပါးတစ်ဖက်ကလည်း နီရဲနေသေးတယ်။ 


မျက်နှာဖုံးနဲ့ ဓားပြက တကယ်ပဲ သူ မဟုတ်ဘူးလား။ 


ဒါက လီကျိုးရှင်းရဲ့ မသေချာတဲ့ ခန့်မှန်းချက်တစ်ခုပဲ။ စာအုပ်ထဲမှာတောင် ဒီအကြောင်းကို မဖော်ပြထားခဲ့ဘူး။ ဒါပေမယ့် သူက ဒီစာအုပ်ကို ပြီးအောင် မဖတ်ရသေးတဲ့အတွက် မြှုပ်ထားတဲ့ ဇာတ်ကွက်အချို့ကို သူ မသိသေးတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်လေ။ 


Roux က အင်အားကြီးတဲ့ပုံပေါက်ပြီး သူနဲ့ပတ်သတ်တဲ့ အရာတွေအားလုံးက “အဓိကဇာတ်ဆောင်” ဆိုတဲ့ အတွေးကို ခံစားမိနေတာကြောင့် လီကျိုးရှင်း သူ့ကို သံသယဝင်လာခဲ့တာ။ 


ဒါပေမယ့် ဒါတွေအားလုံးက သူအတွေးလွန်နေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။