Ch 24
Viewers 3k

(24)


လီကျိုးရှင်းက အခန်းထဲမှ ဂျာကင်တစ်ထည်ကို လှမ်းယူလိုက်ပြီး တွန့်ကြေနေတဲ့ ညဝတ်အင်္ကျီလေးကိုပဲ ဝတ်ထားတဲ့ ကုဝမ်ချန်ဆီကို လှမ်းပေးလိုက်တယ်။ ကုဝမ်ချန် ထိုအပေါ်ထပ်ဂျာကင်ကို ဝတ်ဆင်လို့ပြီးသွားတဲ့အချိန်မှ လီကျိုးရှင်းက ပြောလာခဲ့တယ်။ 


“မင်းကတော့ ဝက်တစ်ကောင်လိုပဲ .. အိပ်တာက နည်းနည်းလောက်တောင် လှုပ်မလာဘူး” 


“…” 


ကုဝမ်ချန်က သူ့ရဲ့ အိပ်ချင်မူးတူးမျက်လုံးတွေနှင့် အကြိမ်အနည်းငယ်လောက် တဖြတ်ဖြတ်ခတ်လိုက်ပြီး သက်ပြင်းချလိုက်တယ်။ ပြီးမှသာ တတိယအကြိမ် ထပ်မေးလာခဲ့ပြန်တယ်။


“ဒီတော့ ဘာဖြစ်သွားတာလဲ?” 


ကုဝမ်ချန်ရဲ့ မေးခွန်းက လုံခြုံရေးအစောင့်တွေလည်း သိချင်နေတဲ့  မေးခွန်းပဲ။ အခန်းထဲမှာ ရှိနေတဲ့လူတိုင်းက လီကျိုးရှင်းဆီကို လှမ်းကြည့်နေခဲ့ကြတယ်။ 


“သူ့ကိုယ်သူ Roux ဆိုပြီး မိတ်ဆက်သွားတဲ့လူက..” 


လီကျိုးရှင်းက မကျေမနပ်ဖြစ်နေတဲ့ မျက်နှာနဲ့ ဆက်ပြောတယ်။ 


“ဆေးရောင်းတဲ့ အဘိုးကြီးရဲ့ ကုဒ်ကို ယူသွားခဲ့တယ်” 


လင်းနျဉ်ကတော့ ချက်ချင်းပဲ တောင့်ခဲသွားခဲ့တယ်။


“Rouxလား?” 


ကုဝမ်ချန်သည်လည်း အိပ်ချင်စိတ်ပြေသွားပုံရပြီး မျက်မှောင်ကျုံ့သွားခဲ့တယ်။ သူက အေးစက်ပြီး တည်ငြိမ်နေတဲ့ မျက်နှာထားနဲ့ ထပ်မံ အတည်ပြုသလိုမေးလာတယ်။


“သူက မူရင်းကုဒ်ကိုယူသွားတာလား ..  ဖြေရှင်းထားတဲ့ ကော်ပီကုဒ်ကို ယူသွားတာလား?” 


“မူရင်း ကုဒ်ကိုယူသွားတာ”


လီကျိုးရှင်း ပြန်ဖြေလိုက်တယ်။ 


လုံခြုံရေးအစောင့်တွေက ထိတ်လန့်အံ့သြနေရင်းကနေ သူတို့ကို ပြန်မေးလာခဲ့ကြတယ်။


“ဘာကုဒ်လဲ? ဘယ်အကြောင်းအရာကိုဖြေရှင်းထားတဲ့ ကုဒ်လဲ?” 


ကျိယွီ: “ကျွန်တော်တို့ ဒီကိစ္စနဲ့ပတ်သတ်ပြီး ကျောင်းကို အကြောင်းကြားမှာပါ.. ဒီဘက်ကို လိုက်လာပေးပါဦး.. ကျွန်တော် ဇာတ်လမ်းအစကနေ အဆုံးထိရှင်းပြပေးပါ့မယ်” 


လုံခြုံရေးခေါင်းဆောင်က ခေါင်းညိတ်ပြပြီးတော့ ကျိယွီနှင့်အတူအပြင်သို့ ထွက်သွားကြတယ်။ 


ကျန်တဲ့လူတွေကတော့ အခန်းထဲမှာပဲ ကျန်ရစ်နေခဲ့ကြတယ်။ Roux ရဲ့ အကြီးစားဖန်ဖြစ်နိုင်တဲ့ လင်းနျဉ်က အနီးကပ်စစ်ဆေးဖို့အတွက် မှန်တံခါးအနီးသို့ တိုးကပ်သွားဖို့ လုပ်နေခဲ့ပြီး ရှီနန်ကလည်း ဘာတွေဖြစ်နေတာလဲဆိုတာကို  သိချင်တာကြောင့် အနောက်ကနေ တိတ်တိတ်လေး လိုက်သွားခဲ့တယ်။ 


ကုဝမ်ချန်က ပြတင်းပေါက်ကို စိုက်ကြည့်နေရင်း သူ့ရဲ့ နက်ရှိုင်းတဲ့ မျက်လုံးထဲမှာ  တစ်စုံတစ်ခုကဖြတ်ပြေးသွားခဲ့တယ်။ ထိုအရိပ်အယောင်က အလွန်လျှင်မြန်လွန်းတာကြောင့်   လီကျိုးရှင်းတောင်မှ မမြင်တွေ့လိုက်ရသေလာက်နီးပါးပဲ။


သူက လီကျိုးရှင်းဘက်ကို လှည့်ပြီး ပြောလာတယ်။


“သူက နဂါးငွေ့တန်းကိုတစ်ယောက်တည်းလှည့်ပတ်နေတဲ့ ပင်လယ်ဓားပြပဲ.. လက်ရှိမှာ ဒီဂြိုလ်တွေထဲမှာပဲ ရှိလောက်ဦးမှာဆိုတော့  မကြာခင် စစ်တပ်က သူ့ကို ဖမ်းမိပါလိမ့်မယ်” 


“မျှော်လင့်ရတာပဲ” 


လီကျိုးရှင်း သက်ပြင်းချလိုက်တယ်။ 


နောက်တစ်နေ့မှာတော့ စစ်တပ်မှလူတွေက ချန်ယန်အကယ်ဒမီကို ရောက်လာခဲ့ကြတယ်။ 


ဒီတစ်ကြိမ်မှာလည်း သူတို့တွေ အရင်တစ်ခေါက်တုန်းက တွေ့ခဲ့တဲ့ ယွီမုန်အမည်ရှိတဲ့ အရာရှိငယ်လေးပဲ ဖြစ်နေတယ်။ ယွီမုန်က ခြေလှမ်းကျဲကြီးတွေနဲ့ လီကျိုးရှင်းဆီသို့ လျှောက်လှမ်းလာခဲ့တယ်။ 


“ငါတို့တွေ ထပ်တွေ့ရပြန်ပြီပဲ” 


သူ့အနောက်မှာတော့ ဝတ်စုံပြည့်နဲ့ လက်အောက်ငယ်သား ငါးယောက်က ဖြောင့်တန်းစွာနဲ့ မတ်တပ်ရပ်နေကြတယ်။ လီကျိုးရှင်းက ယခင်တစ်ကြိမ်တွေ့ဆုံမှုကတည်းက ယွီမုန်အပေါ်မှာ ထင်မြင်ချက်ကောင်းတွေ ရှိနေခဲ့တာဖြစ်လို့ အခုအချိန်မှာ ညလုံးပေါက် စစ်ဆေးခံထားခဲ့ရတာတောင် သူ့ရဲ့ စိတ်ရှည်သည်းခံမှုတွေက တည်ရှိနေခဲ့တုန်းပဲ။


“သိချင်တာ အကုန်မေးလို့ရပါတယ်” 


ဒါပေမယ့် ယွီမုန်က မေးခွန်းမေးရမယ့်အစား Roux ရဲ့ရေငွေ့တွေပေါ်မှာ ရေးသွားတဲ့ စာကို ရိုက်ယူထားတဲ့ ဓာတ်ပုံကို ထုတ်ပြလာတယ်။ 


“ဒီစာတွေက ဘာအဓိပ္ပါယ်လဲဆိုတာ မင်းသိလား?” 


“သူ့ရဲ့ နာမည်လို့ ထင်တာပဲ” 


လီကျိုးရှင်းက ပြန်ဖြေလိုက်တယ်။ 


ယွီမုန်က နားမလည်နိုင်တဲ့ပုံစံနဲ့ ပြောမေးခဲ့တယ်။


“ဘာလို့ အဲဒီလိုမျိုးထင်ရတာလဲ?” 


“သူက ကျွန်တော့်ကို သူ့ရဲ့ လက်မှတ်ထိုးပေးမယ်ဆိုပြီး ပြောသွားလို့လေ” 


ယွီမုန်ရဲ့ ပုံစံက လီကျိုးရှင်းကို တစ်ခုခုမှားယွင်းနေတယ်လို့ ခံစားရစေတာကြောင့် သူ ပြန်မေးလိုက်တယ်။


“မဟုတ်ဘူးလား?” 


ယွီမုန်က ခေါင်းညိတ်လိုက်ပြီး စာရွက်လိုမျိုး ပါးလွှာလွန်းတဲ့ စက်ပစ္စည်းတစ်ခုကို စားပွဲပေါ်တင်လိုက်တယ်။ ထိုမျက်နှာပြင်ပေါ်မှာ စာလုံးပေါင်းများစွာပေါ်လာပြီး ဖြေရှင်းတဲ့နည်းစနစ်တွေ ပိုပြီးအလုပ်လုပ်လာတာနဲ့အမျှ စာလုံးတွေက တစ်ဖြည်းဖြည်းရွေ့လျားသွားခဲ့ပြီး နောက်ဆုံးမှာ စုစည်းသွားကာ Roux ရေးခဲ့တဲ့ စာအဖြစ် ပြောင်းလဲသွားခဲ့တယ်။ 


“Roux.” 


ယွီမုန်က ထိုမျက်နှာပြင်ကို မနှစ်မြို့တဲ့ပုံစံနဲ့ကြည့်ရင်း လှောင်ပြောင်ရယ်မောလိုက်တယ်။ 


“သူသိသမျှအရာတိုင်းက အမှိုက်လိုမျိုး လှည့်ကွက်တွေကို ဘယ်လိုကစားရမလဲဆိုတာပဲ ရှိတာ.. ဘယ်လိုတောင် ညစ်ပတ်နေတဲ့အမှိုက်တစ်စလဲ!”


လီကျင်းရှင်းက ထူးဆန်းတဲ့ အရေးအသားကိုစိုက်ကြည့်ရင်း နားမလည်နိုင်စွာနဲ့ ယွီမုန်ဘက်ကို ပြန်လှည့်ကြည့်လိုက်တယ်။ 


“အဲဒီစာက ဘာအဓိပ္ပါယ်လဲ?” 


“ဒါက Mandra ဂြိုလ်ရဲ့ ဘာသာစကားပဲ” 


ယွီမုန်က ပြန်ဖြေလာတယ်။


“အဲဒီဂြိုလ်က မရှိတော့ဘူး..  ပျက်သုဉ်းသွားပြီ.. ဒီစာရဲ့အဓိပ္ပါယ်ကတော့ မင်းရဲ့ စိတ်အားထက်သန်မှုကို ချီးကျူးထားပြီး မင်းက မီးတောက်တစ်ခုလို တစ်ခြားလူတွေရဲ့ နှလုံးသားကိုလည်း နွေးထွေးစေတယ်လို့ ပြောထားတယ်” 


“ဟားဟား” 


လီကျိုးရှင်းက နွေးထွေးစွာပြုံးရယ်နေခဲ့ပေမဲ့ သူ့ရဲ့အကြည့်တွေကတော့ အေးစက်နေခဲ့တယ်။


“သူက သူ အမိန့်ပေးတဲ့ အရာတိုင်းကို ကျွန်တော်က နာခံခဲ့ပြီး သူလိုချင်သမျှတွေကို လိုက်လုပ်ပေးနိုင်တယ်လို့ လှောင်ပြောင်ချင်နေတာပဲ” 


ယွီမုန်ကတော့ ထိုသို့ မတွေးဘူး။  Roux က အမှိုက်သာသာ လူတစ်ယောက်ဖြစ်နေပေမယ့် ဒီကြေေ်တာရာပင်လယ်ဓားပြအကြောင်းကို နှစ်ပေါင်းများစွာ စုံစမ်းခဲ့တဲ့ ယွီမုန်အတွက်တော့ ဒီလူက တစ်စုံတစ်ယောက်ကို လှောင်ပြောင်ဖို့အတွက် သပ်သပ်နဲ့တော့ သူတန်ဖိုးထားတဲ့ မိခင်ဘာသာစကားနဲ့ ချရေးခဲ့မယ့်လူမဟုတ်ဘူးဆို သေချာပေါက် သိတယ်။ 


ယွီမုန်က လီကျိုးရှင်းကို မေးလိုက်တယ်။


“ဒီစာအပြင် သူမင်းကို တစ်ခုခု ပြောသွားခဲ့သေးလား?” 


ယွီမုန်ရဲ့ အနောက်မှာရှိတဲ့ လက်အောက်ငယ်သားတွေကတော့ သူတို့ဘော့စ်ရဲ့ ထိုကဲ့သို့သောမေးခွန်းတွေကြောင့် နေရခက်နေကြသလိုမျက်နှာအမူအရာတွေ ရှိနေခဲ့ကြတယ်။


Roux က အမြဲတမ်း စစ်တပ်ကို ရှုံ့ချတဲ့ပုံစံမျိုးကို ပြသခဲ့တယ်။ ဒီတစ်ကြိမ်မှာလည်း နစ်နာသူက စစ်တက္ကသိုလ်က ကျောင်းသားတစ်ယောက်ဖြစ်နေပြန်တယ်။


တကယ်လို့များ Roux က ကျောင်းသားရဲ့ သိက္ခာကို ထိခိုက်စေပြီး စော်ကားပုတ်ခတ်တဲ့စကားမျိုးပြောရင်ရော? အဲဒီလိုဖြစ်ခဲ့မယ်ဆိုရင် အရာရှိယွီမုန်ရဲ့ မေးခွန်းက သူ့ရဲ့ဒဏ်ရာကို သွားဆွနေတာနဲ့ အတူတူဖြစ်နေမှာမဟုတ်ဘူးလား? 


လီကျိုးရှင်း: “မရှိတော့ဘူး” 


ယွီမုန်က သူ့ရဲ့ ကြည့်ကောင်းတဲ့ မျက်ခုံးတွေကို တွန့်ချိုးလိုက်တယ်။ သူ့ပုံစံက အလွန်အမင်းကို စိတ်ပျက်နေသလိုပဲ။ လီကျိုးရှင်း သက်ပြင်းအရင်ချလိုက်ပြီးမှ ဆက်ပြောလိုက်တယ်။


“သူ ကျွန်တော့်ကို စောစောအိပ်ဖို့လည်း ပြောသွားသေးတယ်” 


“? ? ?” 


“သူပြောသွားတဲ့ မူရင်းစကားလုံးက ဒီလိုမျိုးပဲ..”


လီကျိုးရှင်းက သူ့အသံကို နိမ့်လိုက်ပြီး ပင်လယ်ဓားပြရဲ့ အက်ကွဲပြီးသြရှလေသံကို လိုက်တုပြီး ပြောလိုက်တယ်။


“အချိန်က အရမ်းနောက်ကျနေပြီ..  မင်းအိပ်သင့်ပြီနော်” 


သူ ထိုစကားကိုပြောပြီးတာနဲ့ မနေ့ညတုန်းက တစ်ဖက်လူလုပ်သွားတဲ့ အပြုအမှုတွေကို လီကျိုးရှင်း ပြန်သတိရသွားရပြန်တယ်။ 


လီကျိုးရှင်းအနေနဲ့ Roux က သူ့ကို ပရောပရီလုပ်သွားတယ်လို့ နည်းနည်းလောက် သံသယဝင်မိတယ်။ 


သူ့ကို ချစ်ရတဲ့ကောင်လေးလို့ခေါ်တာပဲဖြစ်ဖြစ်၊ သူ့ကို လက်မှတ်ထိုးပေးသွားတာတာဖြစ်ဖြစ်၊ နောက်ပြီး အိပ်ရာစောစောဝင်ဖို့ ပြောသွားတဲ့စကားတွေကပဲဖြစ်ဖြစ်။ ထိုပင်လယ်ဓားပြပြောသွားတဲ့ စကားလုံးတိုင်းက သူ့ကို သံသယဝင်စေမိတယ်။ 


ဒါ့အပြင် လီကျိုးရှင်းအနေနဲ့ သူ့ရဲ့ လက်ရှိပုံစံက အရမ်းကို ဆွဲဆောင်မှုရှိတယ်ဆိုတာကိုလည်း သိတယ်။ 


နောက်တစ်ခေါက် သူအဲဒီလူနဲ့ ပြန်ဆုံဖြစ်ရင် သူရဲ့ထင်မြင်ချက်က မှန်လား ဆိုတာကို စစ်ဆေးကြည့်ရမယ်။ ဒါပေမယ့် ထိုပင်လယ်ဓားပြရဲ့ ပရောပရီလုပ်မှုတွေက သူ့ခေါင်းထဲမှ အတွေးတစ်ခုကို ပိုပြီး ခိုင်မာစေတယ် — အဲဒီ ပင်လယ်ဓားပြနဲ့ ကုဝမ်ချန်က တစ်ယောက်တည််း မဟုတ်ဘဲ ကွဲပြားတဲ့လူတွေပဲ ဖြစ်ရမယ်!


ကုဝမ်ချန်က အဖြောင့်တကာ့ အဖြောင့်ဆုံးလူပဲ။ ဒီကမ္ဘာပေါ်မှာ အဖြောင့်ဆုံးလူသားတောင် ဖြစ်နိုင်လောက်တယ်။ ဒါပေမယ့် Roux ကတော့ လိင်အမျိုးအစားကို သိပ်ပြီး  ခွဲခြားတဲ့ပုံ မပေါ်ဘူး။ 


လီကျိုးရှင်း:“သူက အရမ်းသန်မာတယ်” 


သူက ပြတင်းပေါက်မှန်လေးတစ်ခုကိုပဲ ခွဲသွားခဲ့တာ ဆိုပေမယ့် သူရဲ့ သန်မာလွန်းတဲ့  အင်အားနဲ့ ကြောက်စရာကောင်းတဲ့အရှိန်အဝါက ဘယ်တော့မှ ဖုံးကွယ်ထားလို့ ရနိုင်မှာ မဟုတ်ဘူး။ 


မူရင်းစာအုပ်ထဲမှာ ဒီလူနဲ့ပတ်သတ်ပြီး ဘယ်လို အသုံးအနှုန်းမျိုးနဲ့မှ ဖော်ပြထားတာမျိုးမရှိဘူးလေ။ ဒီတော့ ဘယ်လိုလုပ်ပြီး၊ ဘာအကြောင်းကြောင့် Roux လိုမျိုး အင်အားကြီးမားတဲ့လူက အကြောင်းအရင်းမရှိပဲ ရုတ်တရက်ပေါ်ထွက်လာရတာလဲ? 


ယွီမုန်ကတော့ လီကျိုးရှင်းရဲ့ ပြေးလွှားနေတဲ့ အတွေးတွေကို သတိမထားမိပဲ ပြောလာတယ်။


“သူကသန်မာတာ မှန်ပေမယ့် တခြားလူတွေရဲ့ ဂရုမစိုက်ဘဲ သူလုပ်ချင်သလို လုပ်နေစရာတော့ ဘယ်လိုအကြောင်းမှ မရှိဘူး” 


ယွီမုန်ရဲ့ မျက်လုံးတွေက အေးစက်နေခဲ့တယ်။ သူ့ရဲ့ နက်မှောင်နေတဲ့ ဆံပင်နဲ့ မည်းနက်နေတဲ့ မျက်လုံးတွေက သူ့ကို ပိုပြီး လေးနက်စေတယ်။ 


“သူ ဘယ်လောက်ပဲ သန်မာနေပါစေ စစ်မှန်တဲ့ အင်အားကြီးခြင်းမျိုးကို ဘယ်တော့မှ ရလာနိုင်မှာမဟုတ်ဘူး!” 


Roux နဲ့ အရာရှိယွီမုန်တို့ရဲ့ကြားမှာ စိတ်ဝင်စားစရာကောင်းတဲ့ အတိတ် ရှိခဲ့လောက်တာ သေချာတယ်။ လီကျိုးရှင်း ထိုအကြောင်းကို အလွန် သိချင်နေခဲ့ပေမယ့်  ယွီမုန်က အသေးစိတ်ပြောပြလာမှာမဟုတ်လောက်ဘူး။ 


ယွီမုန်က လီကျိုးရှင်းအရာအားလုံးကို မှတ်မိအောင်လုပ်ပြီး ပြန်ဖြေခဲ့တာ သေချာပြီးတဲ့နောက်မှာတော့ ကြောက်လန့်တုန်လှုပ်နေကြတဲ့ သူ့ရဲ့ လက်အောက်ငယ်သားတွေကို ချန်ထားခဲ့ပြီး လျှင်မြန်စွာ ထွက်သွားလေတယ်။ 


သူက မသွားခင်မှာပြောသွားခဲ့တယ်။


“နောက်တစ်ခါ ဒီလိုကိစ္စမျိုးထပ်ဖြစ်ခဲ့ရင် ငါ့ကို အကြောင်းကြားပေးဖို့ မျှော်လင့်ပါတယ်”


ယွီမုန်ရဲ့ခက်ထန်နေတဲ့အကြည့်တွေက ပြေလျော့သွားပြီး ဆက်ပြောလာတယ်။


“ကိုယ့်ကိုယ်ဂရုစိုက်ပြီး ကောင်းကောင်းကာကွယ်ပါ” 


“ဂရုစိုက်ပါ့မယ်” 

လီကျိုးရှင်းက ခေါင်းငြိမ့်ပြလိုက်တယ်။ 


လူတွေအကုန်လုံး ပြန်သွားပြီးတဲ့နောက် လီကျိုးရှင်းလည်း တိုက်ခန်းကို ပြန်လာခဲ့တယ်။ သူရဲ့ ချောမောလှပတဲ့ အခန်းဖော်လေးယောက်က ဧည့်ခန်းထဲမှာထိုင်ပြီး သူ့ကို စောင့်နေကြတုန်းပဲ။  သူပြန်လာတာတွေ့တာနဲ့ ပြာပြာသလဲလဲနဲ့ မေးလာကြတော့တယ်။ 


“စစ်တပ်က မင်းကို နှိပ်စက်ခဲ့သေးလား?” 


“မလုပ်ပါဘူး” 


လီကျိုးရှင်းက တောက်ပစွာနဲ့ ပြုံးပြလိုက်တယ်။


“စိတ်မပူကြပါနဲ့ ယွီမုန်က လူကောင်းတစ်ယောက်ပါ” 


ဘယ်သူတစ်ယောက်မှ လီကျိုးရှင်းရဲ့ ထိုစကားကို မယုံကြဘူး။ 


သူတို့အကုန်လုံး ရှေ့တစ်ခေါက်တုန်းက ယွီမုန်ကို တွေ့ဖူးခဲ့တယ်။ သူက လင်းနျဉ်ထက်တောင် ပိုပြီး လေးနက်နေတဲ့ပုံပေါက်နေသလိုပဲ။ ပြီးတော့ စကားပြောရင် “အမှိုက်” ဆိုတဲ့ စကားလုံး မပါဘဲ မပြီးဘူး။ ဒါ့အပြင် ဒေါသကလည်း အလွန်ကြီးမယ့် ပုံစံရှိတယ်။ 


“Roux ချန်သွားတဲ့ စာကရော ဘာအဓိပ္ပါယ်တဲ့လဲ?” 


ကျိယွီက လုံခြုံရေးအစောင့်တွေ သူတို့ကို ပြောသွားတာကို ပြန်သတိရပြီး မေးလိုက်တယ်။


“သူတို့အားလုံးက Roux ရဲ့ အထူး သင်္ကေတ အမှတ်အသားလို့ ထင်ခဲ့ကြပေမယ့် နောက်တော့ အချက်အလက်တွေက နည်းနည်းလေး ကွဲနေတာကို သိလိုက်ရတယ်လို့ပြောသွားတယ် — တစ်ခြားအဓိပ္ပါယ်တစ်ခုလို့ ထင်တယ်” 


“ဟုတ်တယ် .. ယွီမုန်က ငါ့ကို ပြောပြတယ်” 


လီကျိုးရှင်း ခေါင်းတောင်ကိုက်လာသလိုပဲ။ ဒီအကြောင်းကို သူ့ရဲ့အခန်းဖော်တွေဆီမှာ ပြန်မပြောပြချင်ဘူး။ 


ဒါပေမယ့် သူတို့က မျှော်လင့်ချက်တွေ တလက်လက်တောက်ပနေတဲ့ မျက်လုံးတွေနဲ့ သူ့ကို ကြည့်နေကြတယ်လေ။ 


သူ့ရဲ့အခန်းဖော်လေးယောက်က  ဒီလိုမျိုးလုပ်လိုက်တဲ့အချိန်တိုင်း သူ့တို့ရဲ့ ချစ်စရာကောင်းတဲ့ ခွေးပေါက်ကလေးတွေလို မျက်လုံးတွေကို  ဘယ်သူ့ကမှ တောင့်ခံမထားနိုင်လောက်ဘူး။


“အမ် ..သူပြောသွားတာက “ကောင်းသောညပါ” တဲ့.. ပြီးတော့လည်း ငါ့ကို မီးလိုမျိုး နွေးထွေးစေတယ်လို့လည်းပြောသွားတယ်” 


လီကျိုးရှင်း သူကြုံတွေ့ခဲ့ရတဲ့ ကိစ္စကို ပြောလေလေ ပိုပြီးတွေးတောမိလေလေဖြစ်နေရတယ်… 


အဲ့ဒီမျက်နှာဖုံးတပ်ထားတဲ့ ပင်လယ်ဓားပြက သေချာပေါက် သောက်ရမ်းဂေးနေတဲ့ကောင်ပဲဖြစ်ရမယ်!


စာရေးသူ ပြောစရာရှိပါတယ် : 


လီကျိုးရှင်း : သူငါ့ကို ပရောပရီလုပ်နေတာ သေချာတယ် ..  ကုဝမ်ချန်ကတဆာ့ ငါ့ကိုဘယ်တော့မှ ပရောပရီလုပ်မှာမဟုတ်ဘူး!


ဒီတော့ Roux နဲ့ အဓိကဇာတ်ကောင်က တစ်ယောက်တည်းမဟုတ်တာ သေချာတယ်!