(25)D အဆင့်စစ်ဆင်ရေး
စစ်တပ်ဘက်ကရော ကျောင်းဘက်ကပါ မျက်နှာဖုံးတပ် ကြယ်ပင်လယ်ဓားပြ Roux ယူသွားတဲ့ ကုဒ်ရဲ့ ကော်ပီယူလာပေးဖို့ တောင်းခဲ့ကြတယ်။
ကြည့်ရတာ လင်းနျဉ်ဖြေရှင်းထားတဲ့ ကုတ်ရဲ့အဖြေက မှန်နေတဲ့ပုံပဲ __ ဒီလိုဆိုရင် Roux က ဖြေရှင်းထားတဲ့ကုဒ်အစား ဘာကြောင့်မူရင်းကုဒ်ကိုပဲ ယူသွားရတာလဲ?
နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ကြယ်ပင်လယ်ဓားပြကြီးက ဘာတွေကို စီစဥ်နေတာလဲဆိုတာနှင့် သူ့ရဲ့ အကြံအစီတွေကို သိရဖို့အတွက် ကြိုးစားတွေးတောရင်း သူတို့ဦးနှောက်တွေက ဂီယာလိုမျိုး အဆက်မပြတ်လှုပ်ရှားနေကြရတယ်။
ထိုသူက အလွန်အမင်းလျှို့ဝှက် ဆန်းကြယ်လွန်းတယ်။ သူရဲ့ မွေးရပ်မြေမိခင်ဂြိုလ်က ပျက်သုဉ်းသွားခဲ့တာ အချိန်ကာလအားဖြင့် အလွန်ကြာမြင့်သွားခဲ့ပြီ။
ဒါကြောင့် အင်ပါယာရဲ့ စုဆောင်းမှုတွေထဲမှာ သူရဲ့နောက်ခံအချက်အလက်တွေနှင့် ပတ်သတ်တဲ့ အကြောင်းအရာတွေနှင့် သတင်းအချက်အလက်တွေက ဘာတစ်ခုကို မကျန်ရှိတော့ဘူး။
သူ့ရဲ့ စွမ်းဆောင်ရည်တွေနှင့်၊ သူ့အကြောင်းနှင့်ပတ်သက်ပြီး ဘယ်လိုအချက်အလက်ကိုမှ မသိထားရတာက သူ့ကို အင်ပါယာအတွင်းမှာ အန္တရာယ်အရှိဆုံး ပြိုင်ဘက်ဖြစ်လာစေခဲ့တယ်။
ဒါပေမယ့် ဒီကိစ္စတွေအကုန်လုံးက ကျောင်းသားသစ်တွေနဲ့ သိပ်ပြီးတော့ မသက်ဆိုင်ပါဘူး။
ငါးရက်တာကာလက မျက်စိတစ်မှိတ်အတွင်းမှာပဲ ကုန်ဆုံးသွားခဲ့တယ်။ တစ်ခြားဂြိုလ်မှာ စုဆောင်းခေါ်ဆိုခဲ့တဲ့ ကျောင်းသားတွေကလည်း သူတို့ရဲ့ ဝင်ခွင့်စာမေးပွဲတွေကို ပြီးဆုံးသွားခဲ့ပြီဖြစ်ကာ ပင်ပန်းနွမ်းနယ်မှုတွေနဲ့အတူ ညစ်ပတ်စုတ်ပြတ်စွာနှင့် Topia ကိုရောက်လာခဲ့ကြတယ်။
သို့ပေမယ့် သူတို့ကို အံ့ဩသင့်စေတာကတော့ သူတို့တွေ အကယ်ဒမီရဲ့ လှပမှုတဲ့ ရှုခင်းလေးတွေကိုတောင် မခံစားရသေးခင်မှာဘဲ အကယ်ဒမီမှ သူတို့ကို ဝင်ခွင့်အခမ်းအနားပွဲကို တက်ရောက်ခိုင်းတာပဲ။
ကျောင်းသားသစ်လေးတွေကတော့ အံ့ဩလွန်းလို့ ပြောစရာစကားတောင်မရှိတော့ဘူး။ ချန်ယန်အကယ်ဒမီက အမြဲတမ်း ဒီလိုမျိုး ရက်စက်ပြီး အကြင်နာမဲ့တာလား?
သူတို့ အားလုံး အလွန်အမင်း ဗိုက်ဆာနေကြပြီဖြစ်ကာ ဗိုက်ထဲမှ အသံတွေကလည်း ဆိုးဆိုးရွားဝါး အော်မြည်နေကြပြီ။
အကယ်ဒမီက သူတို့ကို နှစ်ရက်စာ အာဟာရထုတ်လေးတွေပဲ ထောက်ပံ့ပေးထားခဲ့တာလေ။ သူတို့တွေ အခုလေးတင်ကမှ အလွန်အကျူးပြင်းထန်လွန်းတဲ့ ဝင်ခွင့်စာမေးပွဲကို ဖြေဆိုလို့ ပြီးလာခဲ့ကြတာ။ ဒါကိုတောင် သူတို့တွေက အချိန်ခဏလေးလောက် ကောင်းကောင်းလေး အနားယူခွင့်နဲ့ ထမင်းစားခွင့်ကိုတောင် မပေးနိုင်ဘူးပေါ့?
အကယ်ဒမီက အရမ်းကို သနားဂရုဏာကင်းမဲ့လွန်းတယ်!
ကြေငြာချက်တွေက စာနာမှုကင်းမဲ့ပြီး ကန့်ကွက်ချင်စရာကောင်းနေပေမယ့် ကျောင်းသားတွေကတော့ လိုက်နာနေကြတုန်းပါပဲ။ ဝင်ခွင့်အခန်းအနားကျင်းပတဲ့ ခန်းမဆီကို သွားတဲ့လမ်းတစ်လျှောက်မှာ ကျောင်းသားအသစ်တွေက သူတို့စီနီယာတွေရဲ့ အတင်းအဖြင်းပြောပြချက်တွေကို ကြားနေခဲ့ရပြီး ပိုလို့တောင် ဆွံ့အကြောင်အမ်းနေခဲ့ကြတယ်။
“ကျောင်းသားသစ်တွေက ပထမဆုံးအကြိမ် ဒီကို ရောက်လာတဲ့အချိန်တိုင်း ဒုက္ခသည်လေးတွေလို ဖြစ်နေတတ်ကြတယ်ဆိုတာကို ငါ သိထားပြီးသားပဲဆိုပေမယ့် .. အရင်ရက်နည်းနည်းလောက်တုန်းက ပိုပြီးစော၀ောရောက်လာတဲ့ ကျောင်းသားသစ်တွေကို မြင်တွေ့ပြီးသွားလို့လားမသိဘူး.. ဒီတစ်ခေါက်ရောက်လာတဲ့ ကျောင်းသားသစ်တွေက အရင်အကြိမ်တွေတုန်းကထက် အများကြီး ပိုဆိုးနေသလိုပဲလို့ ငါ ထင်နေမိတယ်?”
“အမှန်တိုင်းပြောရရင် သူတို့က နည်းနည်းလောက် ညစ်ပတ်ပြီး ပင်ပန်းနေကြတဲ့ပုံပဲ.. ဒါပေမယ့်လည်း သူတို့တွေက ငယ်ပါသေးတယ်__ ရေချိုးလိုက်ရင် ပင်ပန်းတာတွေ ပျောက်သွားလိမ့်မယ်”
“သူတို့ထဲက တစ်ယောက်ယောက်ကို မင်း မျက်စိကျတာမျိုး ရှိလား?”
“ငါ့ရဲ့ စိတ်အာရုံတွေကို ထျန်းလန်ရှင်းကရောက်လာတဲ့ ကျောင်းသားအသစ်တွေက အကုန်လုံး ယူသွားပြီလေ.. တခြားလူတွေအတွက် အခန်းမကျန်တော့ဘူး.. ကံမကောင်းစွာနှင့် ငါတို့နှစ်တုန်းကကျတော့ ထျန်းလန်ရှင်းကရောက်လာတဲ့ ကျောင်းသားသစ်တွေလိုမျိုး ဘယ်သူကမှ ဆွဲဆောင်မှုမရှိခဲ့ဘူး”
ဒီအင်ပါယာမှာရှိတဲ့လူတွေက သူရဲကောင်းတွေကို လေးစားကြတယ်။ အထူးသဖြင့် ချန်ယန်အကယ်ဒမီရဲ့ စစ်မှန်တဲ့ ကျောင်းသားတွေက သူရဲကောင်းတွေကို လေးစားမဲ့စိတ်ဓာတ်မျိုး ရိုက်သွင်းခံထားရတဲ့သူတွေပဲ။
ရှင်းယွမ့်အသင်းရဲ့ Vagor ဂြိုလ်ပေါ်မှာ ရဲရင့်စွာ လှုပ်ရှားမှုတွေက အလွန်ဝေးကွာတဲ့နေရာတွေအထိ ပျံ့နှံ့နေခဲ့ပြီဖြစ်ကာ သူတို့တွေက တခြားသောကျောင်းသားတွေ ကယ်တင်ပေးခဲ့နိုင်ခဲ့တဲ့အကြောင်းအရာကြောင့် သူရဲကောင်းလေးတွေအဖြစ် သတ်မှတ်ခံထားခဲ့ရပြီးပြီ။
ဒီကျောင်းကို တရားဝင် ဝင်ခွင့်မရသေးတဲ့ အချိန်ကတည်းက ထိုကျောင်းသားသစ်လေးတွေရဲ့အဖွဲ့က ကြယ်တာရာအတွင်းမှာ ရက်စက်ကြမ်းကြုတ်တဲ့လုပ်ရပ်တွေအများကြီးကို လုပ်ထားခဲ့တဲ့ ပင်လယ်ဓားပြကို ဖမ်းမိခဲ့ပြီးပြီ။
ထပ်ပေါင်းပြောရရင် သူတို့တွေက အဖွဲ့သားတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကိုတောင် မထိခိုက်စေခဲ့သလို ခြစ်ရာလေးတစ်ခုတောင် မရရှိခဲ့ပဲ ဓားပြကို ဖမ်းနိုင်ခဲ့တယ်လေ။
ဒီကိစ္စက စိတ်လှုပ်ရှားစရာကောင်းပြီး ချီးကျူးစရာကောင်းလွန်းတယ်။
တိုက်ခိုက်ရေးဌာနမှ ကျောင်းသားတွေအတွက်တော့ ဒီကိစ္စက အထွေအထူးမဟုတ်ပေမယ့် စီနီယာတွေ တော်တော်များများကြားမှာတော့ လီကျိုးရှင်းတို့အဖွဲ့က အထင်ကြီးစရာကောင်းတာထက်တောင် ပိုသေးတယ်။
သူတို့တွေက လေ့ကျင့်ထားတာလည်းမရှိသေးသလို အတွေ့အကြုံကလည်း မရှိပါဘဲနဲ့ ဓားပြခေါင်းဆောင်နဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့ကြတာလေ။ သာမန်လူတွေသာဆိုရင် ဒီအခြေအနေမှာ ကြောက်လန့်တုန်လှုန်းလွန်းလို့ ဒူးတွေတောင်တုန်နေလောက်တယ်မလား။
ပြီးတော့ ပိုအရေးကြီးတာကတော့ ရှင်းယွမ့်အသင်းသားငါးယောက်လုံးက အလွန်အမင်း ချောမောနေကြတာပဲ! နောက်ပြီး လူတိုင်းကလည်း ဆင်ဂယ်လေးတွေပဲဖြစ်နေသေးတယ်!
တစ်ဖက်မှာတော့ ထိုပူပြင်းတဲ့ဆွေးနွေးမှုရဲ့ခေါင်းစဥ်ဖြစ်နေခဲ့တဲ့ ကျောင်းသားတွေဆီမှာတော့ ကောင်းမွန်တဲ့အချိန်မရှိခဲ့ရှာဘူး။
မနေ့ညက Roux ကျောင်းသို့ရောက်လာတဲ့အကြောင်းကို လူအနည်းစုလောက်ကသာ သိထားခဲ့ကြတယ်။ အကယ်ဒမီ ဘက်ကရော၊ စစ်တပ်ဘက်ကပါ ကျောင်းသားတွေအားလုံးကို အထိတ်တလန့် မဖြစ်စေချင်ခဲ့တာကြောင့် ဒီအကြောင်းကို အပြင်ဘက်သို့ မပေါက်ကြားစေဖို့အတွက် တင်းတင်းကြပ်ကြပ်တားမြစ်ထားခဲ့ကြတယ်။
သို့ပေမယ့် ဒီလိုဆိုရင်တောင် Roux က ဘယ်လိုကိစ္စတွေကို လုပ်ဆောင်ဖို့ ကြံစည်နေတာလဲဆိုတာကို ဘယ်သူကမှ မသိရသေးတာကြောင့် ထိုကျောင်းသားလေးတွေကို အန္တရာယ်ပြုလာမှာကို စိုးရိမ်နေခဲ့ကြတယ်။
ဒီလိုအကြောင်းပြချက်ကြောင့် လီကျိုးရှင်းတို့ ငါးယောက်လုံးက အလွန် ပြင်းထန်တဲ့ ကာကွယ်ကြီးကြပ်မှုတွေအောက်မှာ 24နာရီလုံးလုံး အပြည့်အဝ ကာကွယ်ခြင်းကို ခံနေခဲ့ရလေတယ်။
သူတို့အားလုံးက ဒီအခြေအနေကြောင့် အကူအညီမဲ့နေသလို ခံစားနေခဲ့ရတယ်။ သူတို့ဆိုတာက အန္တရာယ်များလွန်းတဲ့ လူဆိုးတွေကို တိုက်ခိုက်ချေမှုန်းပြီး စွန့်စားခန်းတွေထွက်ကာ နာမည်ကြီး သူရဲကောင်းတွေဖြစ်လာဖို့ အိပ်မက်မက်နေခဲ့ကြတဲ့ ဆယ်ကျော်သက်လေးတွေပဲလေ။
ဒါကို အကယ်ဒမီက ဘာကြောင့်များ သူတို့ကို မွေးကင်းစကလေးလေးလေးတွေလို ဆက်ဆံနေရတာလဲ?!
သူတို့ငါးယောက်က တိတ်တဆိတ်နားလည်မှုယူလိုက်ကြတယ်။ ထို့နောက် သူတို့တွေ ကျောင်းသားသစ်ကြိုဆိုရေးခန်းမထဲသို့ မသွားခင်မှာ ထျန်းလန်ရှင်းရဲ့ ကြီးကြပ်ရေးခေါင်းဆောင်မာတင်ကို အရင်ရှာဖို့ တိတ်တဆိတ်ထွက်လာခဲ့ကြတယ်။
သူတို့တွေက တစ်ဖက်လူကိုတွေ့တာနဲ့ စကားတွေအများကြီးပြောရင်း အချိန်ဖြုန်းနေတာမျိုး မလုပ်ခဲ့ဘဲ တိုက်ရိုက်ပြောခဲ့ကြတယ်။
“ပရိုဖက်ဆာမာတင် .. ကျောင်းသားသစ်ကြိုဆိုပွဲအခမ်းအနားပြီးသွားရင် ကျွန်တော်တို့ စစ်ဆင်ရေးမစ်ရှင် စလုပ်လို့ ရပြီလား?”
ကြီးကြပ်ရေးမှူးက အံ့ဩသွားခဲ့တယ်။
“မင်းတို့က အခုကတည်းက စစ်ဆင်ရေးတွေ စပြီးလုပ်ချင်နေကြပြီလား? မင်းတို့တွေ အတန်းတောင် မတက်ရသေးဘူးလေ”
လီကျိုးရှင်းတို့တွေက ချန်ယန်အကယ်ဒမီမှာ ဘယ်လိုအတန်းမျိုးတွေကို သင်ကြားပေးလဲဆိုတဲ့ အချက်အလက်တွေကို စုံစမ်းခဲ့ကြပြီးပြီ။ အတိုချုပ်ပြီး ပြောရရင်တော့ သီအိုရီတွေကို သင်ပေးပြီးရင် တိုက်ပွဲအတွက် လက်တွေ့လေ့ကျင့်ရေးက နောက်မှ လိုက်လာလိမ့်မယ်။
စိတ်စွမ်းအင်အတန်းအတွက်ကတော့ ဆရာတွေအားလုံးက သူတို့ကို အကြံဉာဏ်တွေနှင့် လမ်းညွှန်မှုတွေလောက်ကိုပဲ ပေးကြလိမ့်မယ်။ ပရိုဖက်ဆာတွေက စိတ်စွမ်းအားတွေ အသုံးပြုနည်းနှင့် တိုးတက်လာအောင်လုပ်နည်းတွေကိုသာ ကူညီပေးမှာဖြစ်ပြီး ကျောင်းသားတွေက သူတို့ရဲ့ စိတ်စွမ်းအားကို ရုပ်လုံးပေါ်လာစေဖို့ ကိုယ်တိုင် နည်းလမ်းရှာဖွေပြီး လေ့ကျင့်ရလိမ့်မယ်။
အရိုးသားဆုံးပြောရရင် စစ်ဆင်ရေးလုပ်လိုက်တာက စာသင်ရတာထက် ပိုပြီး အကျိုးသက်ရောက်မှုရှိနေလိမ့်မယ်။
မျှမျှတတတွေးရမယ်ဆိုရင်တော့ သီအိုရီတွေကလည်း သူနေရာနဲ့သူ အသုံးဝင်တယ်။ အထူးသဖြင့် သူတို့နောက်ပိုင်းမှာ သင်ယူရမယ့် ခေါင်းဆောင်ပိုင်း နဲ့ စိတ်ပညာ အတန်းတွေက အလွန်အသုံးဝင်လိမ့်မယ်။
“ကျွန်တော်တို့တွေ ဆွေးနွေးပြီးပါပြီ”
လင်းနျဉ်က ဝင်ပြောလိုက်တယ်။
“ကျွန်တော်တို့ တက်ဖို့ လိုအပ်တဲ့ အတန်းတွေမစခင် အကယ်ဒမီကိုရောက်အောင် ပြန်လာခဲ့ပါ့မယ်”
တခြားသောအတန်းတွေဆိုတာက _ လူမှုရေးဘာသာရပ်၊ စိတ်စွမ်းအားနှင့်ပတ်သက်တဲ့မူလအရင်းအမြစ်ဘာသာရပ် နဲ့ သက်ရှိတွေရဲ့ မျိုးနွယ်စုဘာသာရပ် စတဲ့ အတန်းတွေဖြစ်ပြီး__ သိပ်ပြီး အရေးမကြီးလှဘူး။ သူတို့အနေနဲ့ ထိုကဲ့သို့အတန်းမျိုးတွေကို အသင်းတစ်ခုလုံး ကျော်လွှားလိုက်မယ်ဆိုရင်တောင် ကိစ္စမရှိဘူး။
ကြီးကြပ်ရေးမှူးကလည်း ထိုအကြောင်းတွေကို ကောင်းကောင်းသိထားတယ်။ ကျောင်းသားတွေအနေနဲ့ စစ်ဆင်ရေးမစ်ရှင်တွေကို စောစောလုပ်တာက အကောင်းဆုံးပဲ။
“ငါ မင်းတို့ရဲ့ တောင်းဆိုမှုကို ကျောင်းဆီကို တင်ပြပေးမယ်.. ဒါပေမယ့် မင်းတို့တွေ မစ်ရှင်လုပ်ခွင့်ရမယ်ဆိုရင်တောင် အဆင့် C ထက် ပိုမြင့်တဲ့ စစ်ဆင်ရေးမျိုးကိုတော့ မလုပ်တာကောင်းမယ်”
ချန်ယန်အကယ်ဒမီအတွင်းမှာရှိတဲ့ စစ်ဆင်ရေးတွေက အဆင့် D ကနေ S အထိရှိတယ်။
“အဆင်ပြေပါတယ်”
လီကျိုးရှင်းက ရယ်မောပြလိုက်တယ်။
“ကျွန်တော်တို့က အခုလိုမျိုး လုံးလုံးလျားလျား ကာကွယ်ပေးခံနေရတာကို နေသားမကျဘူးဖြစ်နေတာ.. နောက်ပြီး အခုအချိန်က တစ်ခြားဂြိုလ်တစ်ခုကို သွားဖို့ အကောင်းဆုံးအချိန်ပဲလို့မထင်ဘူးလား? ဒီနည်းနဲ့ဆိုရင် နောက်တစ်ကြိမ် Roux က ကျွန်တော်တို့ကို လာရှာရင် ကျွန်တော်တို့တွေ ဘယ်မှာရှိနေလဲဆိုတာကို သိတော့မှာမဟုတ်ဘူး”
ကြီးကြပ်ရေးမှူးက ရယ်မောလိုက်တယ်။
“မင်းတို့ကောင်လေးတွေမှာ ကိစ္စတိုင်းအတွက် ဆင်ခြေက အမြဲတမ်း အပြည့်ရှိနေတတ်ကြတာပဲ .. ကောင်းပြီလေ .. ငါ မင်းတို့ကို ကူညီပြီး ကျောင်းက ယုံကြည်အောင် ပြောပေးမယ်.. ဒါပေမယ့် မင်းတို့ သဘောတူရမှာတစ်ခုရှိသေးတယ်.. မင်းတို့လုပ်မဲ့ စစ်ဆင်ရေးကို ငါကိုယ်တိုင် ရွေးချယ်ပေးမယ်”
အခုအချိန်ထိ ဘာစကားမှ မပြောဘဲ တိတ်ဆိတ်ငြိမ်သက်နေခဲ့တဲ့ ကျိယွီက ပရော်ဖက်ဆာရဲ့ စကားဆုံးတာနဲ့ ချက်ချင်းပဲ စတင် မြှောက်ပင့်လာခဲ့တယ်။
“ပရိုဖက်ဆာ.. ပရိုဖက်ဆာ ကိုယ်တိုင် ရွေးချယ်ပေးမယ့် မစ်ရှင်ဆိုရင် သေချာပေါက် လုံခြုံရေးအပြည့်ရှိပြီး အံ့သြစရာကောင်းနေမှာ သေချာတယ်”
ပရိုဖက်ဆာက ရယ်မောလာတယ်။
“လုံလောက်ပြီ .. အခုသွားပြီးတော့ အခမ်းအနားအတွက် ပြင်ဆင်ကြတော့___ ပြောရရင် မင်းတို့အဖွဲ့က ပထမနှစ်တွေထဲမှာ နာမည်အကြီးဆုံးအဖွဲ့ပဲလေ.. ဒီတော့ မင်းတို့တွေ ဒီနေ့ ကိုယ်ကိုယ်ကိုယ် အရှက်ရအောင် မလုပ်မိစေကြနဲ့”
“ကောင်းပါပြီ”
ကြီးကြပ်ရေးမှူးကတောင် သူတို့ကို အကြံပြုလာပြီဖြစ်တာကြောင့် သူတို့တွေကလည်း ထိုအကြံပြုမှုကို လက်ခံပြီး ကြည့်ကောင်းစေဖို့ ကြိုးစားခဲ့ကြတယ်။
သူတို့တွေက ဝတ်စုံအပြည့်ကို သေချာသပ်ရပ်စွာ ဝတ်ဆင်လိုက်ကြပြီး တွန့်ကြေနေတဲ့ နေရာတွေကိုတောင် ပြန့်ပြူးသွားအောင် ပြင်ဆင်ကြတယ်။ သူတို့ရဲ့ နဂိုတုန်းက ရှုပ်ပွနေတဲ့ဆံပင်ကိုလည်း သပ်သပ်ရပ်ရပ်ဖြစ်အောင် ဖြီးလိမ်းသပ်တင်ခဲ့ကြတယ်။
ထို့နောက် သူတို့ရဲ့ အသစ်စက်စက် စစ်ဖိနပ်တွေကို စီးနင်းခဲ့ကြပြီး ကျောင်းသားသစ်ကြိုဆိုပွဲပြုလုပ်မဲ့ ခန်းမဆီကို အင်အားအပြည့်နဲ့ လျှောက်သွားခဲ့ကြလေတယ်။
ဗိုက်ဟောင်းလောင်းနဲ့ ပေတီးပေစုတ်ဖြစ်နေကြတဲ့ ကျောင်းသားသစ်တွေက နောက်ဆုံးတော့ သူတို့ကိုရှက်ရွံ့စေတဲ့ လမ်းတစ်လျှောက်ကို အဆုံးသတ်လိုက်နိုင်ပြီဖြစ်ကာ ခန်းမထဲမှ ထိုင်ခုံတွေမှာ နေရာယူလိုက်ကြတယ်။
ထို့နောက် သူတို့တွေ ခေါင်းမော့ကြည့်လိုက်ချန်မှာပဲ စတိတ်စင်ရဲ့အလယ်ဗဟိုကို လျှောက်လှမ်းလာနေကြတဲ့ ရှင်းယွမ့်အဖွဲ့ဝင့်ငါးယောက်ကို မြင်လိုက်ရလေတယ်။ သူတို့တစ်ယောက်ချင်းစီတိုင်းက အရပ်ရှည်ပြီး ခန္ဓာကိုယ်တွေကလည်း အလွန်ကောင်းမွန်လှတဲ့အချိုးအစားတွေရှိနေခဲ့ကာ လူတိုင်းက ငေးမောစရာကောင်းလောက်အောင်ချောမောကြတယ်။
ထိုင်ခုံမှာ ထိုင်နေတဲ့ကျောင်းသားတွေက အချင်းချင်းလက်တို့ပြီး အသံကိုတိုးကာ မေးမြန်းကြည့်ခဲ့ကြတယ်။
“သူတို့က ဘယ်သူတွေလဲ? သူတို့က ဘယ်ဌာနက စီနီယာတွေလဲ?”
“လွန်ခဲ့တဲ့ငါးရက်လောက်ကတည်းက ငရဲလိုနေရာမျိုးမှာ နေခဲ့ရတာဆိုတော့ ကျောင်းဝတ်စုံက ဒီလောက်ထိ လန်းတယ်ဆိုတာကိုတောင် မေ့နေပြီ.. အကယ်ဒမီက တော်တော်ကြီးကို အကြင်နာတရားကင်းမဲ့တာပဲ__ သူတို့ကို စင်ပေါ်ကိုတက်ခိုင်းတာက ငါတို့ကို ပိုပြီး ခံစားရအောင် လုပ်ချင်နေကြတာပဲ မဟုတ်ဘူးလား?”
ထိုကျောင်းသားတွေကြားမှာ မနာလိုဖြစ်ပြီး ချဥ်တူးနေကြတဲ့ အသံတွေကလည်း သိပ်ပြီး မနည်းလှဘူး။
“ငါ့ကိုသာ အနားယူဖို့ ရက်နည်းနည်းလောက်ပေးလိုက်စမ်းပါ.. ငါလည်း သူတို့လိုမျိုး ကြည့်ကောင်းမှာ သေချာပေါက်ပဲ”
များစွာသော မျက်လုံးပေါင်းများစွာရဲ့ စူးစမ်းသိချင်တဲ့အကြည့်တွေက စင်ပေါ်ကို ကျရောက်နေကြတယ်။
ဘေးတစ်ဖက်မှာရှိနေတဲ့ ပရိုဖက်ဆာက ရှင်းယွင့်အဖွဲ့သားတွေ စိတ်လှုပ်ရှားနေလောက်မလားလို့ တွေးမိခဲ့ပေမဲ့ သူတို့တွေက စင်ပေါ်မှာ အလွန်သဘာဝကျစွာနဲ့ ရပ်နေခဲ့ကြလေတယ်။
လူပေါင်းများစွာရဲ့ အာရုံစူးစိုက်တဲ့အကြည့်တွေအောက်မှာ သူတို့က တောက်ပစွာပြုံးနေခဲ့ကြပြီး ထိုအကြည့်တွေကြောင့် နေရခက်တာမျိုးလုံးဝမရှိခဲ့ကြဘူး။
ပရိုဖက်ဆာက စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်တယ်။ ပထမနှစ် ကျောင်းသားတွေအားလုံးကို ဦးဆောင်မဲ့ကျောင်းသားတွေကတော့ မျှော်လင့်ထားသလိုပါပဲ။