(26)
ဒီတစ်ကြိမ်မှာတော့ လူအများရဲ့ အာရုံကို ဆွဲယူဖို့က ပါမောက္ခရဲ့ အလှည့်ဖြစ်သွားပြီ။ သူက ပထမနှစ်ကျောင်းသားတွေရဲ့ စိတ်ဓာတ်ကို မြင့်တင်ပေးဖို့အတွက် ရှင်းယွင့်အဖွဲ့ကို ဂုဏ်ယူဝင့်ကြွားစွာနှင့် ချီးကျူးပေးခဲ့တယ်။
လီကျိုးရှင်းတို့ ငါးယောက်အတွက်ကတော့ ဝင်ခွင့်စစ်ဆေးမှု အချိန်တုန်းက သူတို့ရဲ့ ကြီးကြပ်ရေးမှူးဆရာတွေကလည်း Vagor ဂြိုလ်အတွင်းမှာ သူတို့ရဲ့ စွန့်စားခန်းအကြောင်းတွေကို တခြားကျောင်းသားတွေအားလုံးရှေ့မှာ ဆက်တိုက်ချီးကျူးတာကို ခံခဲ့ကြရတယ်။ ထိုအချိန်တုန်းက လူအုပ်အလယ်မှာရှိနေခဲ့တဲ့ သူတို့ငါးယောက်လုံး အနည်းငယ်လောက် ရှက်ရွံ့သလို ခံစားခဲ့ရတယ်။
ဒါပေမယ့် အခုချိန်မှာတော့ ပထမနှစ်ကျောင်းသားတွေရဲ့ရှေ့မှ စင်မြင့်ပေါ်မှာ ရပ်နေရပေမယ့် အဖွဲ့သားတွေအားလုံးက တည်ငြိမ်နေခဲ့ကြတယ်။ သူတို့ရဲ့စိတ်အာရုံအလုံးစုံကို နောက်လာမဲ့စစ်ဆင်ရေးအကြောင်းကပဲ လွှမ်းမိုးထားခဲ့တယ်လေ။ စိတ်ခံစားလွယ်တဲ့ ရှီနန်တောင်မှ ချီးကျူးခံနေရချိန်မှာ မျက်နှာ မနီရဲသွားတော့ဘူး။
သူတို့အားလုံးက သက်တူရွယ်တူတွေပဲဖြစ်နေတာကြောင့် တစ်ချို့ကျောင်းသားတွေကတော့ ရှင်းယွင််အသင်းရရှိနေတဲ့ အာရုံစိုက်မှုတွေကို မနာလိုဖြစ်နေခဲ့ကြတယ်။ လူအုပ်ထဲက တစ်စုံတစ်ယောက်က တီးတိုးပြောလာတယ်။
“အခုထိ ပြီးဆုံးသွားတဲ့ ဂြိုလ်သုံးလုံးထဲက စိတ်စွမ်းအားအမြင့်ဆုံးအမှတ် 1890 မှတ်လို့ ကြားတယ်၊ ငါတို့ ဂြိုလ်က တစ်ယောက်ယောက်က 1930 မှတ်တောင် ရထားတယ်ဆိုတော့ အမှတ်ကွာခြားချက်က 40 တောင်ရှိနေတာပဲ!”
“အင်း ဟုတ်တယ်၊ စိတ်စွမ်းအားအကြောင်းတစ်ခုတည်းကိုပဲပြောရရင်တော့ မင်းအခုပြောနေတဲ့ လူက နံပါတ်တစ် မဟုတ်ဘူး”
ဘေးနားက ကျောင်းသားတစ်ယောက်က သူ့ကို သနားစရာလိုမျိုး ကြည့်ပြီးပြောလိုက်တယ်။
“ဒါပေမယ့် မင်းတို့ မသိသေးတာဖြစ်လောက်မယ်.. ထျန်းလန်ရှင်းကထိပ်တန်းကျောင်းသားတွေဆိုတာက သူ့တို့ရဲ့စိတ်စွမ်းအားကို ထုတ်သုံးနိုင်နေပြီ၊ သူက သူရဲ့ စိတ်စွမ်းအားနဲ့ အစွယ်သားရဲတစ်ကောင်ကိုတောင် အမဲလိုက်ထားပြီးသွားပြီ၊ ငါတို့ဂြိုလ်က ကြီးကြပ်ရေးမှူးက အဲဒီ Videoကို ငါတို့ဆီကိုတောင် ပို့လာသေးတယ်.. ငါဆို အဲဒါကို ကြည့်ရင်း ကြက်သီးတွေတောင်ထသွားတာ”
“ဘာလဲ?!”
ပထမပြောခဲ့တဲ့ကျောင်းသားက စိတ်လွတ်သွားတဲ့ ပုံစံမျိုးနဲ့ ပြန်မေးလာတယ်။
“ဘာလုပ်ဖို့အတွက် သူ့စိတ်စွမ်းအားကို ထုတ်သုံးတာ?”
ဒုတိယကျောင်းသားက ခေါင်းညိတ်လိုက်ပြီး ပထမကျောင်းသားရဲ့ ပုခုံးကို ပုတ်လိုက်တယ်။
“မင်းတို့ဂြိုလ်က နံပါတ်တစ်ကျောင်းသားက သူ့ရဲ့ စိတ်စွမ်းအားကို အမဲလိုက်ဖို့အတွက် သုံးနိုင်လား?”
ဒါကြီးက အတော်လေး နေရခက်စေတာပဲ။
အမှတ် 1930 တောင် ရထားတဲ့ ကျောင်းသားက စိတ်စွမ်းအားနဲ့ အမဲလိုက်ဖို့မပြောနဲ့ ဘယ်လို အသုံးပြုရမယ်မလဲဆိုတာတောင် မသိသေးတဲ့ အကြောင်းကို သူ ဘယ်လိုလုပ်ပြီး ပြောပြနိုင်မှာလဲ။
တကယ်တော့ အဲ့ဒီ နံပါတ်တစ်ကျောင်းသားလည်း ပြီးခဲ့တဲ့ ငါးရက်လုံး သူများတွေနဲ့နည်းတူ ဖုန်တွေကြားမှာ လူးလိမ့်ပြီး ဆာလောင်မှုတွေကို သည်းခံပြီး နေလာခဲ့ရတာပဲ။
ပါမောက္ခက ရှင်းယွင့်အဖွဲ့မှ ကျောင်းသားတွေနဲ့ စကားပြောပေးဖို့အတွက် စင်ပေါ်သို့ လှမ်းခေါ်လာခဲ့တယ်။ ကုဝမ်ချန်က ပထမဆုံး တက်လာခဲ့တဲ့သူပဲ။
ကုဝမ်ချန်က သူတို့ကို စစ်ဆင်ရေးအတွက် တာဝန်မပေးခင်မှာ နည်းနည်းတော့ ကြွားဝါပြီးပညာပြပေးချင်ခဲ့တယ်။ ဒါကြောင့် သူ့ရဲ့အသံနဲ့အတူ စိတ်စွမ်းအင်တွေကိုပါ လွှတ်ထုတ်လိုက်ပြီး စိတ်စွမ်းအင်တွေက ခန်းမထဲမှ နေရာအနံ့ကို ပြန့်နှံ့သွားခဲ့တယ်။
ဒီလိုနှင့် စင်အောက်မှာ ထိုင်နေတဲ့ ကျောင်းသားတွေရဲ့စိတ်ထဲမှာ ကုဝမ်ချန်ရဲ့အသံက မသိရင် သူတို့ရဲ့ဘေးနားမှာ မတ်တပ်ရပ်ပြီး အနားကိုကပ်ပြောနေသလို ခံစားမိသွားစေတယ်။
“အားလုံးပဲ မင်္ဂလာပါ၊ တကယ်တော့ ကျွန်တော်တို့အကြောင်းကို ပါမောက္ခက ချဲ့ကားပြီး ပြောနေခဲ့တာပါ.. လာမဲ့နှစ်တွေမှာ ကျွန်တော်တို့နဲ့အတူ ပုခုံးချင်းယှဉ်နိုင်မယ့် အလားအလာရှိတဲ့ ပုဂ္ဂိုလ်တွေ အများကြီးရှိနေတာကို ကျွန်တော်မြင်နေရတယ်”
!!!
စိတ်စွမ်းအားလား!
ခန်းမက စစ်သင်္ဘောသုံးစင်းစာလောက်တောင် ကျယ်ဝန်းပြီး ခန်းမထဲမှာ စုစုပေါင်း ဂြိုလ် 23လုံးမှ ရောက်ရှိလာတဲ့ ကျောင်းသားအသစ်တွေရှိတယ်။ ဆိုလိုချင်တာက ဒီခန်းမထဲမှာ လူပေါင်း ငါးထောင်ကျော်လောက်ရှိတယ်ဆိုတဲ့ သဘောပဲ။
ရှင်းယွင့်ရဲ့ စွမ်းဆောင်ရည်တွေကို မေးခွန်းထုတ်ခဲ့တဲ့ ပထမကျောင်းသားက နားလည်သွားသလိုအမူအရာနဲ့ ခေါင်းကိုညိတ်လိုက်ပြီး တီးတိုးပြောလာတယ်။
“ဒါဆို ဒီတစ်ယောက်က လီကျိုးရှင်းလား?”
ဒုတိယကျောင်းသားက ထူးမခြားနား ပုံစံနဲ့ ပြန်ဖြေလာခဲ့ပြန်တယ်။
“မဟုတ်ဘူး အဲဒီတစ်ယောက်က ထျန်းလန်ရှင်းရဲ့ ဒုတိယ စိတ်စွမ်းအားအမြင့်ဆုံး ကုဝမ်ချန်ပဲ”
ထျန်းလန်ရှင်းက ဘယ်လိုဂြိုလ်မျိုးလဲ?! လီကျိုးရှင်း တစ်ယောက်တည်းတောင် မဟုတ်ဘဲ တစ်ခြားလူတွေအထိပါ ဒီလောက်ထိ တော်လွန်းနေတယ်ပေါ့?!
ဒုတိယနှစ်ထဲမှ လူတွေထဲတောင် စိတ်စွမ်းအားကို ထုတ်ဖော်နိုင်တဲ့ ကျောင်းသားဆိုရင် အတန်းထဲမှာ အတော်ဆုံးလူအဖြစ်သတ်မှတ်ကြတာ။ ဒါပေမယ့် သူတို့နှစ်ယောက်ကတော့ အတန်းတောင် မတက်ရသေးသေးမဲ့ ဒီလိုမျိုးတွေ လုပ်နိုင်နေကြပြီ!
သူတို့နှစ်ယောက်အပြန်အလှန်စကားပြောနေကြတုန်းမှာပဲ လူအုပ်ထဲမှာရှိတဲ့ ထျန်းလန်ရှင်းရဲ့ကျောင်းသားတွေက သူတို့နဲ့ တစ်ဂြိုလ်တည်းသားတွေဖြစ်တဲ့ ရှင်းယွင့်အတွက် အားပေးနေကြတယ်။
“လုပ်လိုက်တော့ ကုဝမ်ချန်!”
လူအုပ်ထဲက တစ်ယောက်က အော်လိုက်တယ်။
“မင်းက ထျန်းလန်ရှင်းရဲ့ဂုဏ်ကို မြင့်တင်စေတာပဲ! လီကျိုးရှင်း အခုမင်းအလှည့်ကိုရောက်ပြီနော်!”
သူတို့ရဲ့အနားမှာရှိနေတဲ့ ပါမောက္ခတွေကတော့ ပြုံးပြီး ခေါင်းတစ်ခါခါနဲ့ ဖြစ်နေခဲ့ကြတယ်။
ဒီလိုမျိုး အင်အားအပြည့်ဖြစ်နေတဲ့ ကျောင်းသားတွေကို ဘယ်သူက သဘောမကျဘဲ နေနိုင်မှာတဲ့လဲ?
ကိုယ့်ကိုကိုယ် တစ်ခြားသူနဲ့ နှိုင်းယှဉ်တဲ့ အလုပ်က စိတ်ဆင်းရဲချင်စရာကောင်းတဲ့ အလုပ်တစ်ခုပဲ။ ဒါကြောင့် ပထမနှစ်ကျောင်းသားတွေအကုန်လုံး ရှင်းယွင့်နဲ့ နှိုင်းယှဉ်ဖို့အတွက် လက်လျော့လိုက်ကြတယ်။
ဒါပေမယ့် စိတ်ရှုပ်ထွေးမှုတွေကို ခံစားနေရတဲ့ လူတွေကတော့ တစ်ယောက်နှစ်ယောက် မကဘူး။
ချန်ယန်အကယ်ဒမီ တည်ထောင်ပြီး သက်တမ်းတစ်လျှောက်လုံး စိတ်စွမ်းအားအများဆုံးအမှတ်က 2300 ဖြစ်ခဲ့တယ်။ ဒါပေမယ့် ဒီလောက်အမြင့်ဆုံးအမှတ်ရခဲ့တဲ့သူတောင် ကျောင်းကို ဝင်ခွင့်ရပြီး တစ်လကျော်ကျော်လောက်ကြာမှသာ သူ့စွမ်းအားတွေကို ထုတ်သုံးပြနိုင်ခဲ့တာ။
ဒါပေမယ့် အခုတော့...ဂြိုလ်တစ်ခုစီတိုင်းက ထိပ်တန်းကျောင်းသားတွေရဲ့ အကြည့်တွေက စင်ပေါ်က လီကျိုးရှင်းဆီ တစ်ဖြည်းဖြည်း စုစည်းသွားကြတယ်။
လီကျိုးရှင်းထက်တောင် စိတ်စွမ်းအားရမှတ်အမြင့်ဆုံး ရထားတဲ့လူတွေ ရှိပေမယ့် ဘယ်သူကမှ လက်တွေ့အသုံးပြုတဲ့နေရာမှာ မလုပ်နိုင်ခဲ့ကြဘူး။
ထျန်းလန်ရှင်းရဲ့ အထင်သေးခံခဲ့ရတာတွေက ဒီတောက်ပတဲ့ အခိုက်အတန့်မှာ အကုန် ပျောက်ကွယ်သွားခဲ့ပြီ။
ကုဝမ်ချန် သူ့ရဲ့ တိုတိုတုတ်တုတ် မိန့်ခွန်းကို ပြောလို့အပြီး လီကျိုးရှင်းက ဆက်ပြောတယ်။ သူလည်း ကုဝမ်ချန်လုပ်ခဲ့သလိုပဲ သူ့အသံနဲ့ ခန်းမတစ်ခုလုံးကို လွှမ်းမိုးနိုင်ဖို့ စိတ်စွမ်းအားကို ထုတ်လွှင့်လိုက်လေတယ်။
သူ့ရဲ့ စိတ်စွမ်းအားကို အသုံးပြုလေလေ ထိန်းချုပ်ရလွယ်ကူပြီး သုံးလို့ အဆင်ပြေလေဆိုတာကို သူသိလိုက်ရတယ်။
သူ့ရဲ့ မိန့်ခွန်းပြောအပြီး ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားကြတယ်။
မျက်လုံးပေါင်းများစွာက စင်ပေါ်ကို လှမ်းကြည့်နေကြတယ်။ တစ်ချို့က ချီးကျူးနေကြတဲ့မျက်လုံးတွေနဲ့ တစ်ချို့က သိမ်ငယ်နေကြတဲ့ မျက်လုံးတွေနဲ့။
ဆယ်ကျော်သက်အရွယ် ကျောင်းသားတစ်ယောက်ရဲ့ စိတ်ဆိုတာက ရိုးရှင်းသလောက် ရှုပ်လည်းရှုပ်ထွေးတယ်။ စင်ပေါ်မှာ ရပ်နေကြတဲ့ လူငါးယောက်ကို သူတို့ အမှီလိုက်မယ်ဆိုပြီး ကျိန်ဆိုကြတဲ့လူတွေလည်း အများအပြားရှိနေခဲ့တယ်။
ကျိယွီ၊ ရှီနန် နဲ့ လင်းနျဉ်တို့တွေ မိန့်ခွန်းပြောကြတဲ့အခါမှာလဲ ကုဝမ်ချန်နဲ့ လီကျိုးရှင်းတို့က သူတို့ရဲ့ စိတ်စွမ်းအားကို အသုံးပြုပြီး ကူညီပေးခဲ့တာကြောင့် ပရိတ်သတ်တွေကလည်း ချီးကျုးနေကြတယ်။
အခန်းဖော်တစ်ယောက်ကို ခွဲခြားဆက်ဆံတာမျိုး တစ်ခါလေးတောင် မလုပ်ခဲ့ကြဘူး။ ကုဝမ်ချန်နဲ့ လီကျိုးရှင်းတို့ကတော့ အကြည့်စုံသွားရပြီး တစ်ယောက်ကို တစ်ယောက်ကြည့်ကာ အနည်းငယ် အံ့သြသွားခဲ့ကြတယ်။
သူတို့နှစ်ယောက် နားလည်မှုရှိစွာနဲ့တစ်ယောက်ကို တစ်ယောက် ပြုံးပြလိုက်ကြတယ်။
ဝင်ခွင့်အခမ်းအနားပြီးသွားတော့ ပါမောက္ခမာတင် သူတို့အဖွဲ့ကို စစ်ဆင်ရေးလုပ်ဖို့ ကျောင်းက ခွင့်ပြုလိုက်ပြီဆိုတဲ့ သတင်းကောင်းတစ်ခုကို ယူလာပေးခဲ့တယ်။
“မင်းတို့တွေ ဘယ်စစ်ဆင်ရေးကိုလုပ်ရမလဲဆိုတာကိုလည်း ငါရွေးပြီးသွားပြီ”
ပါမောက္ခက သူတို့ ကွန်ပျူတာထဲသို့ သတင်းအချက်အလက်တွေ ပို့ပေးခဲ့တယ်။ စာရွက်ရဲ့ ပထမဆုံးစာမျက်နှာထိပ်မှာ စာလုံးအကြီးကြီးနဲ့ ရေးထားတဲ့ စာကတော့ “အဆင့် D” ဆိုတဲ့ စကားလုံးပဲ ။
Dအဆင့် စစ်ဆင်ရေးတစ်ခုဖြစ်လို့ အဖွဲ့သားတွေအကုန်လုံး စိတ်ပျက်လက်ပျက်နဲ့ သက်ပြင်းချလိုက်မိကြတယ်။
ဒီစစ်ဆင်ရေးက မုဝေ့စန်းဂြိုလ်မှာ ပြုလုပ်ရမှာ။ ရှင်းယွင့်အဖွဲ့က မုဝေ့စန်းဂြိုလ်မှာရှိတဲ့ ထူးခြားတဲ့ ရေကျောက်တုံး အခုနှစ်ဆယ်ကို ယူဆောင်လာပေးရလိမ့်မယ်။
သူတို့အတွက်တော့ ဒီစစ်ဆင်ရေးက တစ်ရေးတစ်မောလောက် လှဲအိပ်ရတာထက်တောင် ပိုပြီးလွယ်ကူနေသေးတယ်။
“စစ်ဆင်ရေးက မုဝေ့စန်းဂြိုလ်ရဲ့ သဲကန္တရထဲကနေ ရေကျောက်တုံးတွေကို ရှာရမယ်”
ကြီးကြပ်ရေးမှူးက သူတို့စိတ်ပျက်သွားတာကို သိနေခဲ့တာကြောင့် ဆက်ပြောလာတယ်။
“ဒီစစ်ဆင်ရေးကို အောင်မြင်ရင် နောက်တစ်ခေါက်ကျရင် Cအဆင့်ရှိတဲ့ စစ်ဆင်ရေးကို လုပ်ခိုင်းမယ်”
လူငယ်လေးတွေက ခေါင်းငြိမ့်ပြလိုက်ပြီး သူတို့တွေ မတိုင်ခင်ကတည်းက အသင့်ပြင်ဆင်ထားတဲ့ ခရီးဆောင်အိတ်ကို ယူကာ ကျောင်းကစီစဉ်ပေးထားတဲ့ အာကာသယာဉ်အသေးပေါ် သို့ တက်လိုက်ကြတယ်။
လင်းနျဉ်နဲ့ ကျိယွီတို့ နှစ်ယောက်လုံးက အာကာသယာဉ်တွေကို ဘယ်လိုမောင်းရမယ်ဆိုတာ တက်ကျွမ်းထားကြတယ်။ ဒါကြောင့် အာကာယာဉ်ကို အင်ဂျင်အားဖြည့်ပေးလိုက်ကာ ချက်ချင်းပဲ စက်နှိုးလိုက်ပြီး ယာဥ်ကို စတင်ခဲ့တယ်။
အာကာသယာဥ်က အလွန်မြန်ဆန်ပြီး စထွက်ပြီဆိုတာနဲ့ ဥမင်လိုဏ်ခေါင်းထဲကနေ ဖြတ်ကျော်ကာ ကောင်းကင်ပေါ်သို့ တဟုန်ထိုးပျံသန်းသွားခဲ့တယ်။
“ဒါက D အဆင့် စစ်ဆင်ရေးဆိုတော့ လွယ်ကူမှာသေချာတယ်”
ကျိယွီက သူ့ရဲ့အခန်းဖော်တွေ စိတ်ပျက်လက်ပျက်နှင့် မှိုင်တွေနေကြတာကို တွေ့တော့ နှစ်သိမ့်ပေးလိုက်တယ်။
“ငါတို့တွေ နှစ်ရက်လောက်အတွင်း ပြန်ရောက်မှာ သေချာလောက်တယ်”
စာရေးသူမှာ ပြောစရာရှိပါတယ်:
လီကျိုးရှင်း : “မင်း....”
ကျိယွီ : “....”
*စိတ်ရှုပ်သွားတဲ့ပုံစံနဲ့ ချစ်စရာကောင်းစွာကြည့်နေ*
အကုန်လုံး *ကျိယွီကို စိုက်ကြည့်နေကြ* : “....မင်း .. မင်းရဲ့ ပါးစပ်ပေါက်ကြီးကို ပိတ်ထားစမ်းပါ “