(31)လက်ကို တင်းတင်းကိုင်ထား
သူ အခုတွေးနေတာက မဖြစ်နိုင်လောက်ဘူးမလား။ ဟုတ်တယ်မလား?
လီကျိုးရှင်းရဲ့ ခြေလှမ်းတွေ ရပ်တန့်သွားတော့ ကုဝမ်ချန်က သူ့ရဲ့ မူမမှန်တဲ့ ပုံစံကို ချက်ချင်းသတိထားမိသွားခဲ့တယ်။
ဒါက သူတို့နှစ်ယောက်ရဲ့ စိတ်စွမ်းအင်တွေက အတူတကွပေါင်းစည်းဖူးလို့လည်း ဖြစ်နိုင်တယ်။ ကုဝမ်ချန်က လီကျိုးရှင်းရဲ့စိတ်အခြေအနေကို ပုံမှန်ထက် ပိုပြီး သတိထားမိနေခဲ့တယ်။
“ဘာဖြစ်လို့လဲ?”
“ဘာမှမဖြစ်ဘူး”
သူ ကြားလိုက်တဲ့အရာက သိပ်ပြီး မသေချာလောက်ပါဘူး။
လီကျိုးရှင်းက သူ့စိတ်ထဲက မဖြစ်နိုင်တဲ့အတွေးတွေကို ပြန်ရုတ်သိမ်းလိုက်တယ်။
“စိတ်က ခဏလောက် တခြားအတွေးတွေဆီကို ပျံ့လွှင့်သွားလို့ပါ”
သူတို့အချင်းချင်း စကားနှစ်ခွန်းလောက် ပြောပြီးသွားတဲ့အချိန်မှာတော့ သူတို့အားလုံးက ပိုင်ထုန်ရဲ့ အခန်းကို ရောက်လာကြပြီ။
အခန်းရဲ့အပြင်အဆင်တွေက လုံးဝ မိန်းမပျိုလေးရဲ့ အငွေ့အသက်တွေနဲ့ ပြည့်နေတယ်။ ညိမ့်ညောင်းတဲ့ တေးဂီတသံလေးဖွင့်ထားပြီးတော့ မွေးပျံ့ပျံ့ အနံ့တစ်ခုနဲ့ တစ်ခန်းလုံးကို လွှမ်းခြုံထားတယ်။
ဖျော်ဖြေရေးလောကမှာ အချစ်အခံရဆုံးဖြစ်တဲ့ အဆိုတော်တစ်ယောက်က အခန်းအလယ်မှာရပ်နေပြီးတော့ လူငယ်လေးတွေ ဝင်လာတာကို အပြုံးလေးနဲ့ ကြိုဆိုတယ်။
"တွေ့ရတာဝမ်းသာပါတယ်”
သူမရဲ့ အသံက သူတို့ တံခါးအရှေ့မှာ ကြားခဲ့တဲ့အတိုင်း လှပနေတုမ်းပဲ။ တံခါးက ကြားခံနယ်တစ်ခုလို ရှိမနေတော့တဲ့အတွက် အခုကြားလိုက်ရတဲ့အသံက ပိုရှင်းလင်းပြီး ချိုမြတယ်။
သူမရဲ့ ဆံပင်အရှည်တွေကိုတော့ ရိုးရိုးရှင်းရှင်းပဲ ကျောဘက်ကို ချထားခဲ့တယ်။ ကြီးကျယ်ခန်းနားတဲ့ စင်မြင့်အတွက် ထူထဲတဲ့ မိတ်ကပ်၊ ဆံပင်ကို အထူးတလှယ်ပြင်ဆင်ထားတာမျိုးနဲ့ တောက်ပတဲ့ အဝတ်အစားတွေ ဝတ်ဆင်ထားတာမျိုး မရှိဘူး။
သူမရဲ့ တစ်ကိုယ်လုံးက သူမရဲ့ အသံလိုမျိုးပဲ ကျက်သရေရှိကာ လှပနေခဲ့တယ်။
ပိုင်ထုန်ရဲ့ အရပ်က ခြောက်ပေကျော်တယ်။ သို့ပေမယ့် ဒီဘက်ခေတ်မှာ အရပ်ရှည်တဲ့ မိန်းကလေးတွေက မရှားတော့သလို၊ သူတို့တွေကလည်း သူမထက် အရပ်ပိုရှည်နေခဲ့ကြတာကြောင့် တစ်ခုခုက ထူးခြားနေသလိုမျိုး မခံစားရဘူး။
ရှီနန်က စိတ်အားထက်သန်မှုနဲ့ ရှက်ကြောက်မှုနဲ့အတူ သူ့ရဲ့ တုန်ရီနေတဲ့ လက်တွေကို ဝှေ့ရမ်းလိုက်တယ်။
“မင်္ဂလာပါ”
ပိုင်ထုန်က သဘောကျသွားတဲ့ပုံစံနဲ့ ပါးချိုင့်လေးနှစ်ဖက် ပေါ်လာတဲ့အထိ တောက်ပစွာ ပြုံးရယ်လိုက်ပြီး ပြန်လည် နှုတ်ဆက်လာခဲ့တယ်။
“မင်္ဂလာပါ”
ရှီနန်က အရူးတစ်ယောက်လို ရယ်မောလိုက်ပြီး သူ ဘယ်အချိန်တည်းက ရထားမှန်းမသိတဲ့ ပိုင်ထုန်ရဲ့ ဓာတ်ပုံနှစ်ပုံကို ထုတ်ယူလိုက်ကာ ပိုင်ထုန်ကို လက်မှတ်ထိုးပေးဖို့ တောင်းဆိုလိုက်တယ်။
ပိုင်ထုန်ကလည်း သဘောကောင်းစွာနဲ့ လက်ခံပေးတယ်။ ရှီနန်ကတော့ သူ့ရှေ့မှာရှိနေတဲ့ အဆိုတော်ကို လူသားလား နတ်ပြည်က နတ်သမီးလေးလား ဆိုတဲ့ အတွေးတွေနှင့်အတူ တောက်ပတဲ့မျက်လုံးတွေနဲ့ စိုက်ကြည့်နေခဲ့လေတယ်။
လီကျိုးရှင်းကတော့ မျက်ခွံတွေ လှုပ်နေရပြီ။
အမျိုးသားဇာတ်လိုက်ရဲ့ အနာဂတ် လက်တွဲဖော်တစ်ယောက်ကို ခိုးယူရန်အတွက် ရဲတင်းစွာ ကြိုးစားနေတဲ့ ရှီနန်က အံ့ဩစရာမဟုတ်သေးဘူး။
သူအံ့ဩနေခဲ့တာက ဇာတ်လိုက်ရဲ့အနာဂတ်လက်တွဲဖော်က ယောက်ျားတစ်ယောက်ဖြစ်နေတာကိုပဲ!
Drag Queen(အမျိုးသမီးလိုဝတ်ဆင်ပြီးနေတဲ့ယောကျာ်း)ဆိုတာက အတော်လေး မိန်းကလေးနှင့်တူတယ်ဆိုပေမဲ့ ယောက်ျားတစ်ယောက်ဖြစ်နေတုန်းပဲလေ။
ဒါက အမှန်သေးဘူး။ ဒီနေရာမှာ တစ်ခုခုတော့ မှားယွင်းနေပြီ။
လီကျိုးရှင်းက ဒီအခန်းထဲကို ခြေချလိုက်ပြီးတဲ့အခိုက်အတန့်ကတည်းက စကားတစ်ခွန်းမှ မပြောလာတော့ဘူး။ ဒါက ကုဝမ်ချန်ကို ထူးဆန်းသလို ခံစားရစေတယ်။
သူ လီကျိုးရှင်းကို လှမ်းကြည့်လိုက်တော့ လီကျိုးရှင်းရဲ့ တောက်ပတဲ့မျက်လုံးတွေက ပိုင်ထုန်ဆီကနေ မခွါနိုင်ဘဲ လုံးလုံးလျားလျား တွယ်ကပ်နေတာကို တွေ့လိုက်ရလေတယ်။
ကုဝမ်ချန်တစ်ယောက် ခဏလောက် ရပ်တန့်နေပြီမှ ပိုင်ထုန်ကို ပြန်လှည့်ကြည့်လိုက်တယ်။
ထိုမိမ်းကလေးက အရပ်ရှည်ပြီး ခန္ဓာကိုယ်က သွယ်လျတယ်။ ပြီးတော့ သူမရဲ့ စိတ်နေစိတ်ထားကလည်း သကြားလုံးလေးလိုပဲ။
ထောင်ပေါင်းများစွာသော ယောက်ျားတွေ၊ မိန်းမတွေဆီကနေ နတ်ဘုရားမ အဖြစ် သတ်မှတ်ခြင်းခံထားရတဲ့ အနုပညာရှင်တစ်ယောက်အနေနဲ့ ပိုင်ထုန်က ထူးခြားတဲ့ ရုပ်ရည်သွင်ပြင် ရှိရုံသာမက ထူးခြားတဲ့ အရှိန်အဝါမျိုးလည်း ရှိတယ်။
ဒါပေမယ့် ဒီအချိန်မှာတော့ ကုဝမ်ချန်ရဲ့ စိတ်ထဲမှာ ဒီပြည့်စုံလွန်းကြောင်း နာမည်ကြီးတဲ့ အဆိုတော်အပေါ်မှာ မကျေနပ်ခြင်းတွေနဲ့ အထင်အမြင်သေးခြင်းတွေကိုသာ ခံစားနေခဲ့ရတယ်။
ရင်ဘတ်က ပြားလွန်းတယ်။ အသက်မွေးလမ်းကြောင်းကလည်း ရှုပ်ထွေးလွန်းတယ်။ ပရိသတ်တွေအများကြီးရှိပေမယ့် အခက်အခဲတွေကို ကြံ့ကြံ့ခိုင်နိုင်ပြီး ပျော်မွေ့နိုင်မယ့် လူမဟုတ်ကြောင်း ကြည့်လိုက်တာနဲ့ သိသာတယ်။
လီကျိုးရှင်းက အဲလိုမိန်းမမျိုးကို ကြိုက်နေတာလား?
ကုဝမ်ချန်ရဲ့ အကြည့်တွေက အရမ်းသိသာလွန်းလို့ ပိုင်ထုန်တောင်မှ သတိထားမိသွားပြီး ရှက်ရွံ့တဲ့အပြုံးတစ်ခုကို ဖော်လှစ်ပြသလာခဲ့တယ်
သူ့ရဲ့ မျက်နှာ အစိတ်အပိုင်းတွေက သူ စကားပြောလိုက်တဲ့အချိန်မှာ စနောက်ကျီစယ်လိုတဲ့အရိပ်အယောင်တွေရှိနေခဲ့ပြီး သူမရဲ့ မက်မွန်သီးမှည့်ရောင်ခြယ်သထားတဲ့ နှုတ်ခမ်းတွေကတော့ ပြုံးရိပ်သန်းနေခဲ့တယ်။
“မင်း ဘာလို့ ကျွန်မကို ဒီလိုမျိုး ကြည့်နေတာလဲ?”
သူ ဒီစကားကို ပြောလိုက်ချိန်မှာ လေသံတွေက သာမန်ထက် ပို ပြီး နူးညံ့နေခဲ့ကာ အရင်တုန်းကထက်ပိုမိုချိုသာပြီး မိန်းကလေးဆန်နေခဲ့တယ်။
တကယ်တမ်းမှာတော့ ပိုင်ထုန်တစ်ယောက် စိတ်လှုပ်ရှားလွန်းလို့ ဇောချွေးတွေတောင် ပြန်နေပြီ။
သူ့ရဲ့ ဆံပင်အရှည်တွေက အတုသာဖြစ်ပြီး သူ့ရဲ့လိင်အမျိုးအစားကိုလည်း အတုလုပ်ထားပေမယ့် တကယ့် သူ့ရဲ့ လိင်စိတ်ကတော့ ပုံမှန်ပါပဲ။
မိန်းကလေးအဆိုတော်တစ်ယောက်အဖြစ် ဟန်ဆောင်နေရတာက မိန်းကလေးလိုဖြစ်ချင်တဲ့စိတ်ကြောင့်မဟုတ်ဘဲ မိန်းကလေးတွေနဲ့ ပရောပရည်လုပ်ဖို့ပဲ။
မိန်းကလေးတွေက သူ့ကို မနာလိုကြပြီး သူငယ်ချင်းအဖြစ် ဟန်ဆောင်ရင်း သူ့ကို ဆွဲချဖို့ကလွဲပြီး ဘာမှမတတ်နိုင်ဖြစ်နေကြတာကို မြင်တွေ့ရတာကို သူသဘောကျတယ်။
ထိုမိန်းကလေးတွေရဲ့ ကြံစည်အားထုတ်မှုတွေက သူ့အတွက် အရမ်းချစ်စရာကောင်းလွန်းတယ်!
ပြဿနာတစ်ခုက သူ မိန်းကလေးလိုမျိုး ဝတ်ဆင်လိုက်တိုင်း ရဲတင်းတဲ့ ယောက်ျားတွေရဲ့ လွယ်ကူတဲ့ ပစ်မှတ်တစ်ခု ဖြစ်လာတာပဲ။
သူ့ရဲ့ အရှေ့မှ သူ့ကို ကြည့်နေကြတဲ့ ကောင်လေးတွေရဲ့ အကြည့်တွေက ဖြူစင်ပြီး ချစ်စရာကောင်းကြတယ်။ သို့ပေမဲ့ ဒီတစ်ယောက်ကတော့ မပါဘူး။ ထိုကောင်လေးရဲ့အကြည့်တွေက သူ့ရဲ့ ဆံပင်တွေ ထောင်လာစေတဲ့အထိ အေးစက်လွန်းတယ်။
သူ့ကို စိုက်ကြည့်နေတဲ့ မျက်လုံးတွေက မကောင်းတဲ့ အငွေ့အသက်တွေနဲ့ လွှမ်းမိုးနေသလိုမျိုးပဲ။
သူ့မျက်လုံးတွေက သူ့ကို လမ်းဘေးက အမှိုက်ပုံတစ်ခုကို ကြည့်နေသလိုမျိုးထင်ရတယ်။ ပြီးတော့ ထိုကောင်လေးက သူ့ကို အပြီးအပိုင် ရှင်းထုတ်ချင်နေသလိုမျိုးလည်း ခံစားရတယ်။
မား~ ကျွန်တော် အိမ်ပြန်ချင်တယ်။ ကျွန်တော်ကတော့ ဒီတစ်ခါ အရူးကောင်နဲ့ တွေ့နေပြီ ထင်တယ်။
ကုဝမ်ချန်ရဲ့နှုတ်ခမ်းတွေက ကွေးညွတ်သွားခဲ့ပြီး သူ့ရဲ့ အစဥ်အမြဲရှိနေတတာတဲ့ လူကြီးလူကောင်း တစ်ယောက်ရဲ့ အပြုံးကို ဖော်လှစ်လိုက်ပြီး ပိုင်ထုန်ကို ချီးကျူးလိုက်တယ်။
“မစ်စ်ပိုင်က ပုံထဲထက် အပြင်မှာ ပိုလှတာပဲ"
“ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ်”
ရှီနန်က စိတ်အားထက်သန်စွာ ထောက်ခံတယ်။
“မင်းက အရမ်းလှတယ်”
ပိုင်ထုန်က ချီးကျူးစကားတွေကြားမှာ အနည်းငယ်ရှက်သွေးဖြာသွားပြီး သူ့ရဲ့မျက်လုံးတွေကလည်း အမျိုးသားဇာတ်လိုက်ဆီကို ရေပြင်လို ကြည်လင်နေတဲ့ အကြည့်တွေနဲ့ ကြည့်လိုက်တယ်။ သူ့ရဲ့အကြည့်ကို တစ်ဖက်လူက ဖမ်းမိသွားတော့ ရှက်ရွံ့သွားသလိုမျိုး အလျှင်အမြန် အကြည့်လွှဲလိုက်လေတယ်။
“ကျေးဇူးတင်ပါတယ်”
သူ့ရဲ့ အမူအရာတွေက အချစ်ဦးရှေ့မှာ ရှက်သွေးဖြာနေတဲ့ ကောင်မလေး တစ်ယောက်အတိုင်းပဲ။
လီကျိုးရှင်းကတော့ ထူးဆန်းနေသလို ခံစားနေရလေတယ်။ ဒီလိုဆန့်ကျင်ဘက်လိင်အဖြစ် ဝတ်စားဆင်ယင်ထားပြီး အခုလို ပြုမူနေတာက.. ဂေးတစ်ယောက်ဖြစ်နေလို့လား ဒါမှမဟုတ် လီကျိုးရှင်းရဲ့ မြွေမြွေချင်း ခြေမြင်တဲ့ မျက်လုံးကပဲ မှားယွင်းနေတာများလား။
လီကျိုးရှင်း ပိုင်ထုန်ရဲ့ အမူအရာကို နောက်တစ်ခေါက် ထပ်ကြည့်လိုက်ပြန်တယ်။ ထိုအဆိုတော်က လီကျိုးရှင်းရဲ့ ပန်း*လေးကို တစ်ကြိမ်ပြီးတစ်ကြိမ် ခိုးကြည့်နေခဲ့ပြီး သူ့ရဲ့အမူအရာက မြင်မြင်ချင်း ချစ်မိသွားတဲ့လူတစ်ယောက်လိုမျိုးဖြစ်နေခဲ့တယ်။
(T/N: လီကျိုးရှင်းရဲ့ ပန်းလေး :ကုဝမ်ချန်)
ဒါပေမယ့် လီကျိုးရှင်းကတော့ သူရဲ့ထင်မြင်ချက်က သေချာပေါက်မှန်တယ်လို့ပဲ တွေးမိတယ်။
ဂေးအသိုင်းအဝိုင်းထဲမှာ ရှို့တွေက အလွန်အမင်းများပြားလာပြီး ကုန်းတွေကတော့ အင်မတန်မှ ရှားပါးလာတယ်။
လီကျိုးရှင်းအနေနဲ့ လူတွေက ဆန့်ကျင်ဘက်လိင်ရဲ့ အဝတ်အစားတွေကို ဝတ်ဆင်ပြီး အအသံပြောင်းဖို့ appတွေကိုသုံးပြီး "မိန်းကလေးတစ်ယောက်ရဲ့အသံ"နဲ့ ပြောဆိုနေကြတဲ့လူတွေကို အများကြီးကို မြင်ဖူးခဲ့တယ်။
သူတို့တွေက လိင်ဆွဲဆောင်မှု ပိုကြီးလာပြီး မိန်းမပိုဆန်လာလေလေ ယုံကြည်ချက်ရှိရှိနှင့် ဆန့်ကျင်ဘက်လိင်အဝတ်အစားတွေကို ဝတ်ဆင်လာလေလေဖြစ်လာခဲ့က် Drag Queen (မိန်းမပုံစံဝတ်စားသူ) တွေ ဖြစ်လာကြတော့တာပဲ။
လီကျိုးရှင်းအနေနဲ့ သူတို့ကို ဘယ်လောက်ပဲ စိတ်မဝင်စားဘူးလို့ပြောပြော သူ့ရဲ့ ပတ်ဝန်းကျင်မှာ ဒီလိုလူမျိုးတွေ အများကြီးရှိလာတဲ့အချိန်မှာ တစ်ချက်ကြည့်လိုက်တာနဲ့တင် ဘယ်သူက မိန်းကလေးတစ်ယောက်လိုဝတ်စားပြီး မိန်းမတစ်ယောက်လို ဟန်ဆောင်နေတာလဲဆိုတာကို ချက်ချင်း ပြောနိုင်လာတယ်။
သို့ပေမယ့်လည်း ပိုင်ထုန်က ဘာလို့ အဆင်မြင့်နည်းပညာတွေကို သုံးပြီး သူ့ကိုယ်သူ ပိုပြီးကောင်းကောင်း မဖုံးကွယ်ထားတာလဲဆိုတာကိုတော့ လီကျိုးရှင်း နားမလည်ခဲ့ဘူး။ ဒီလိုအခြေအနေမျိုးကိုမှ သူက နှစ်ခြိုက်နေတာ ဖြစ်နိုင်လောက်လား။
လီကျိုးရှင်းရဲ့ မျက်လုံးတွေက ပိုင်ထုန် ဆီကနေ မခွါဘဲ အတွေးနယ်ချဲ့နေခဲ့တယ်။
ပြောရရင် လီကျိုးရှင်း ဒီအခန်းထဲကို ဝင်လာပြီးကတည်းက သူ့ရဲ့အကြည့်တွေက ပိုင်ထုန်ဆီကနေ မခွါတော့တာဘဲ။
ဒါပေမယ့် ဒါကို ဘယ်သူမှ ထူးဆန်းတယ်လို့ မတွေးကြဘူး။ သူတို့တွေက အခန်းတစ်ခန်းထဲမှာ ရှိနေကြတဲ့အချိန်မှာ သူ့တို့ရှေ့မှာရှိနေတဲ့ တစ်ယောက်တည်းသော ဆန့်ကျင်ဘက်လိင်တစ်ယောက်ကို အာရုံစိုက်နေမိတယ်ဆိုတာ အထူးအဆန်းမဟုတ်ဘူးလေ။ အထူးသဖြင့် တစ်ဖက်မိန်းကလေးက အရမ်းကို ထူးကဲနေတဲ့အချိန်မှာပေါ့။
ကုဝမ်ချန်က လီကျိုးရှင်းရဲ့ အာရုံစိုက်မှုကို လိုချင်လို့ ချောင်းတစ်ချက်ဟန့်လိုက်ပေမယ့် လီကျိုးရှင်းကတော့ သူ့ရဲ့နက်နဲတဲ့ အတွေးနယ်ပယ်ထဲမှာ နှစ်မျောနေတုန်းပဲ။
ပိုင်ထုန်က အခုထိ လီကျိုးရှင်းရဲ့ ကောင်မလေးတောင် မဖြစ်သေးဘူး။ ဒါပေမယ့် သူက အခုတည်းက သူ့ရဲ့ အဖွဲ့သားတွေကို မေ့လျော့နေပြီ!
ကုဝမ်ချန်တစ်ယောက် စိတ်ဆိုးသထက် ပိုစိတ်ဆိုးလာတယ်။
“သူငယ်ချင်းက ရည်းစားတွေထက်အရေးကြီးတယ်” ဆိုတာတွေက ဘယ်ရောက်သွားပြီလဲ ဟမ်?
ဟမ့်!
သူ လီကျိုးရှင်းဘက် လှည့်ပြီး ပြောလိုက်တယ်။
“သူမက မကောင်းဘူး၊ မင်း သူမကို မရွေးသင့်ဘူး”
လီကျိုးရှင်းက သူ့အဖွဲ့ထဲက အဖွဲ့ဝင်တစ်ယောက်ပဲ။ ဒါကြောင့် လီကျိုးရှင်းရဲ့ ချစ်သူကောင်မလေးရွေးချယ်မှုက သူတို့အဖွဲ့ကို အရှက်ရစေလို့ မဖြစ်ဘူး။
သူ ပိုင်ထုန်ရဲ့ ပုံစံကိုလည်း သဘောမကျဘူး။ ဒါကြောင့် သူမက လီကျိုးရှင်းနှင့် ဖြစ်ကို မဖြစ်သင့်ဘူး။
“သူမက အဆင်မပြေဘူးလား"
လီကျိုးရှင်းက လေးလေးနက်နက်တွေးပြီး ပြန်ဖြေတယ်။
“စိတ်မပူပါနဲ့ ကြိုးစားရုံနဲ့တော့ ဘာမှမထိခိုက်ပါဘူး”