(32)
ကုဝမ်ချန်က ပိုင်ထုန်ရဲ့ အပြုအမူ အမူအရာတွေကို အကုန်လုံးကို ကောင်းကောင်းတွေ့ခဲ့ပြီးပြီ။ ဒါကြောင့် ဒီအဆိုတော်ရဲ့ စိတ်စွမ်းအားတွေကလည်း သူတို့ကို သက်သာသွားအောင် ကုစားပေးနိုင်မယ်လို့ မထင်ဘူး။
ဒါပေမယ့် လီကျိုးရှင်းက အနည်းဆုံးတော့ ကြိုးစားကြည့်သင့်တယ်လို့ ထင်နေခဲ့တယ်။ စိတ်စွမ်းအား ပေါင်းစည်းသွားမှုက တော်ရုံတန်ရုံ ကိစ္စသေးသေးလေးတော့ မဟုတ်လောက်ဘူးလေ။
“မစ်စ်ပိုင်”
လီကျိုးရှင်းက အရှေ့ကို ခြေနှစ်လှမ်းလောက်တိုးသွားလိုက်ပြီး သူ့ကို အပြုံးနှင့် ပြန်လှည့်ကြည့်နေတဲ့ ပိုင်ထုန်ဆီကို တိုးသွားလိုက်တယ်။
“ကျွန်တော်တို့ရဲ့ အခြေအနေကို ကြားပြီးလောက်ပြီလို့ထင်ပါတယ် ၊ ဒါဆို ကျန်တဲ့ကိစ္စအတွက် မင်းကိုပဲ ယုံကြည်ပြီး အပ်နှံလိုက်ပါမယ်”
“ဒီကိစ္စအတွက် စိတ်မပူပါနဲ့”
ပိုင်ထုန်က နူးညံ့စွာပြုံးလိုက်တယ်။
“ရှင်တို့ရဲ့ ထိုင်ခုံတွေက ကျွန်မရဲ့ စင်မြင့်နဲ့ အနီးဆုံးနေရာမှာရှိနေတာလေ၊ ကျွန်မရဲ့ သီချင်းဆိုသံက ရှင်တို့ကို အကူအညီပေးနိုင်တယ်လို့ ထင်ရင် ဖျော်ဖြေပွဲပြီးသွားတဲ့အခါ ရှင်တို့ကို ဒီထက်ပိုပြီးလေးနက်တဲ့ ကုသမှုတွေ ပြုလုပ်ပေးနိုင်ပါတယ်”
“ကျေးဇူးတင်ပါတယ်”
လီကျိုးရှင်းက တောက်ပစွာ ပြုံးပြလိုက်တယ်။
သူ့အနေနဲ့ ဆန့်ကျင်ဘက်လိင်လိုမျိုးဝတ်စားဆင်ယင်တတ်တဲ့သူတွေက သရုပ်ဆောင်ရတာကို ကြိုက်နှစာသက်ပြီး သူတို့ရဲ့ ဖြစ်တည်မှုအမှန်တရားကို ဖော်ထုတ်ခံရတာကို မကြိုက်ကြကြောင်းကို လီကျိုးရှင်း သိထားတယ်။ ဒါကြောင့် သူက သဘာဝကျစွာ ပြုမူပြီး ပိုင်ထုန်ရဲ့ ကမ်းလှမ်းမှုကို အလွန်အမင်းကျေးဇူးတင်တဲ့ ပုံစံနဲ့သာ ပြောခဲ့တယ်။
“မစ်စ်ပိုင် မင်းက အရမ်း ကြင်နာတတ်တာပဲ”
လီကျိုးရှင်းရဲ့ အပြုံးက အလွန်ကို ဆွဲဆောင်မှုမြင့်လွန်းတယ်။ ပိုင်ထုန် သူ့ရဲ့အပြုံးကို မှတ်ဥာဏ်ထဲမှာ မှတ်သားထားလိုက်ပြီး ဘယ်သူမှမရှိတဲ့အချိန်ကျရင် ထိုအပြုံးကို လေ့ကျင့်ဖို့ ဆုံးဖြတ်လိုက်တယ်။
သူ့အနေနဲ့ အမျိုးသမီးပရိသတ်တွေရှေ့မှာလည်း ကြည့်ကောင်းနေချင်တယ်လေ။
“အရမ်းကြီး ယဉ်ကျေးနေစရာမလိုပါဘူး၊ ကျွန်မ ကူညီပေးနိုင်တယ်ဆိုရင်ပဲ ဝမ်းသာလှပါပြီ”
သူတို့နှစ်ယောက် အပြန်အလှန်စကားပြောနေကြတဲ့အချိန် ရှီနန်က အဖွဲ့သားတွေရှေ့သွားပြီး ကြွးဝါနေခဲ့တယ်။
“တွေ့လား? ဒါက ငါ အကြိုက်ဆုံး အိုင်ဒေါပဲ၊ သူမက လီကျိုးရှင်းကိုတောင် ဆွဲဆောင်နိုင်တယ်!”
ဆွဲဆောင်နိုင်တယ်?
ပြီးတော့ လီကျိုးရှင်းကလည်း ပြောခဲ့သေးတယ်။
သူကြိုးစားကြည့်ချင်တယ်တဲ့?
သူတကယ်ပဲ ဒီမိန်းမနဲ့ တွဲကြည့်ဖို့ ကြိုးစားမှာလား?!
သူမက မကောင်းဘူးလို့ ကုဝမ်ချန် သူ့ကို ပြောခဲ့တယ်လေ။
ပိုင်ထုန်က လီကျိုးရှင်းနဲ့ လုံးဝကို မလိုက်ဖက်ဘူးလို့..
ဒါကို လီကျိုးရှင်းက ဘာလို့ မယုံကြည်နိုင်နေရတာလဲ?
ကုဝမ်ချန်ရဲ့ မျက်လုံးတွေက အပြုံးတစ်ခုနှင့် ကွေးညွတ်သွားခဲ့တယ်။
“လီကျိုးရှင်း ပြန်လာတော့လေ၊ ငါတို့ကြောင့်နဲ့ မစ်စ်ပိုင်ရဲ့ည ဖျော်ဖြေပွဲကို နောက်ကျသွားအောင် လုပ်လို့မရဘူး၊ ဟုတ်တယ်မလား?”
သူ့ရဲ့အကြည့်တွေက ပိုင်ထုန်ဆီကို ဝေ့ဝိုက်ပြီးရောက်လာခဲ့ကာ ပိုင်ထုန်တစ်ယောက် သူ့ရဲ့ ကျောရိုးတစ်ခုလုံး အေးစိမ့်သွားသလို ခံစားလိုက်ရတယ်။
“ဟုတ်သားပဲ၊ အချိန်တောင် သိပ်မကျန်တော့ဘူး ၊ကျွန်မ ဖျော်ဖြေပွဲအတွက် ပြင်ဆင်လိုက်ဦးမယ်”
ပိုင်ထုန်ရဲ့ အသံတွေက တုန်ရီနေခဲ့တယ်။ သူမရဲ့ ချောမွေ့တဲ့ အသားအရည်နဲ့ ချောမောလှပတဲ့ အသွင်သဏ္ဍာန်တို့က သူမကို ပိုပြီး သိမ်မွေ့နူးညံ့တဲ့ပုံပေါက်စေတယ်။
“ရှင်တို့လည်း ဝန်ထမ်းတွေနဲ့အတူလိုက်သွားပြီး စောင့်နေသင့်ပြီ၊ နောက်ပြီး ပွဲအတွင်းမှာ ရှင်တို့ရဲ့ စိတ်စွမ်းအားတွေ ပြောင်းလဲမှု ရှိမရှိကို အာရုံစိုက်ပေးပါဦး”
“ကျွန်တော်တို့ အာရုံစိုက်ပါ့မယ်”
လီကျိုးရှင်းက ပြုံးလိုက်ပြီး လက်မထောင်ပြလိုက်တယ်။
သူ ပိုင်ထုန်အတွက် အတော်လေးစိတ်မကောင်းဖြစ်နေခဲ့တယ်။ ဆန့်ကျင်ဘက်လိင်ပုံစံဟန်ဆောင်ထားတဲ့ အဆိုတော်က အလွန်စိတ်လှုပ်ရှားနေပြီး အသံတွေပါ တုန်နေခဲ့ရတယ်လေ။
“အရမ်း စိတ်မလှုပ်ရှားပါနဲ့ မိန်းမလှလေး”
“တကယ်တော့ ကျွန်တော်မေးချင်တာ တစ်ခုရှိသေးတယ်”
လီကျိုးရှင်းက သူသိချင်နေတဲ့အရာတစ်ခုကို ထုတ်မေးလိုက်တယ်။
“မင်းမှာ မောင်နှမတွေ ဘာတွေရှိလား?”
လီကျိုးရှင်းက ရိုးသားဖြူစင်စွာနှင့် မျက်တောင်ခတ်နေခဲ့ပြီး အရေးမပါတဲ့အရာတစ်ခုကို သိချင်စိတ်သက်သက်နှင့် မေးမြန်းနေခဲ့သလိုပဲ။
ပိုင်ထုန် ခေါင်းညိတ်ပြလိုက်တယ်။
“ကျွန်မမှာ အစ်ကိုကြီး တစ်ယောက်ရှိတယ်”
အစ်ကိုတစ်ယောက် ရှိတယ်လို့ ဖြေလိုက်ပေမယ့် တကယ်တော့ သူ့မှာ ညီမတစ်ယောက်ရှိနေခဲ့တာပဲ။
သူနှင့် သူ့ရဲ့ညီမက သူအတော်လေး ဆင်တူတယ်။ သူ မိန်းကလေးတစ်ယောက်လိုဝတ်စားတဲ့အခါတိုင်းမှာ သူ့ညီမကို စံနမူနာယူလေ့ရှိတယ်။
ပြီးတော့ အမျိုးသမီးနှင့် အမျိုးသားကြားက စိတ်စွမ်းအင်ချင်းက ကွာခြားတာကြောင့် သူ့ညီမက တစ်ခြားသူတွေရဲ့ စိတ်စွမ်းအင်တွေကို ကုသပေးတဲ့နေရာမှာ သူ့ထက် ပိုတော်တယ်။
မတူညီတဲ့ နေထိုင်မှုဘဝတွေကို သိရှိနိုင်စေရန်အတွက် သူတို့နှစ်ယောက်က တစ်ယောက်ရဲ့ပုံစံကို တစ်ယောက်ဟန်ဆောင်ပြီး ဆင်မြန်းဝတ်စားကာလှုပ်ရှားတတ်ကြတယ်။ အခုလိုမျိုးပေါ့။
ဒါက အတော်လေး ပျော်စရာကောင်းတယ်လေ။
လီကျိုးရှင်းက တစ်ခါတည်း သဘောပေါက်သွားတယ်။ သူရဲ့ နောက်ဆုံး မေးခွန်းကို မေးပြီးတဲ့နောက်မှာ သူတို့တစ်ဖွဲ့လုံး ဝန်ထမ်းရဲ့လမ်းပြမှုနှင့်အတူ စင်မြင့်ရှေ့ကို ပြန်လိုက်သွားကြတယ်။
ပြန်သွားတဲ့လမ်းတစ်လျှောက်မှာ သူ့ကို အဖွဲ့သားတွေကို “အမျိုးသမီးတွေကို ဖမ်းစားနိုင်တဲ့လူ” ဆိုပြီး စနောက်နေခဲ့ကြတယ်။
ဘာလို့လဲဆိုတော့ ကောင်မလေးတွေက သူ့ကို တစ်ခြားလူတွေထက် အမြဲတမ်းပိုပြီး အလေးပေး ဆက်ဆံလို့တဲ့လေ။
“ဒါကတော့ ငါ့ရဲ့ မွေးရာပါ ဆွဲဆောင်မှုလေ”
လီကျိုးရှင်းက စိတ်ကြီးဝင်နေတဲ့ ပုံစံမျိုးနဲ့ ပြန်ကြည့်လိုက်တယ်။
“ငါလည်း မတတ်နိုင်ဘူးလေ၊ ငါက အရမ်းချောနေတာကိုး ”
“ပြီးသွားရင် ငါ့ကို သူမရဲ့ စတားနက်ထ် ID ပေးပါဦး”
ရှီနန်က လီကျိုးရှင်းဆီကို မကျေနပ်တဲ့ ပုံစံမျိုးနဲ့ ပြောလာတယ်။
“တကယ်လို့ ငါ့သာ မစ်စ်ပိုင်နဲ့ ရင်းနှီးခွင့်ရခဲ့ရင် သူမက ငါ့ကို မကြိုက်ရင်တောင် ငါတို့တွေ သူငယ်ချင်း ဖြစ်လာနိုင်သေးတာပဲ”
“ဒီလို ဟာသမျိုးတွေကို လျှောက်ပြောမနေစမ်းနဲ့”
‘တကယ်လို့ သူက မင်းကို ပြန်ကြိုက်ခဲ့ရင်တောင် အဆုံးသတ်မှာ ငိုကြွေးနေရတာက မင်းကိုယ်တိုင်ဖြစ်နေလိမ့်မယ်’
လီကျိုးရှင်း တိတ်တဆိတ်တွေးလိုက်တယ်။
သို့ပေမယ့် သူ ရှီနန်ကို ထုတ်မပြောပြရက်ခဲ့တာကြောင့် အသာ ပြန်ပြောလိုက်တယ်။
“ငါတို့ ကျောင်းကို ပြန်ရောက်ရင် မင်းကိုပေးမယ်”
ကျိယွီ နဲ့ လင်းနျဉ်တို့ကလည်း သူတို့ရဲ့ ညာဘက်လက်ကို လီကျိုးရှင်းဆီသို့ ဝှေ့ရမ်းပြလာကြတယ်။ ထို လက်ကောက်ဝတ်တွေမှ ကွမ်တာကွန်ပျူတာက အလင်းရောင်တောက်ပနေခဲ့လေတယ်။
သူတို့တွေ ဘာကို ဆိုလိုချင်တာလဲဆိုတာက သိသာလွန်းနေခဲ့ပြီး လီကျိုးရှင်းတစ်ယောက် သက်ပြင်းတစ်ချက်သာချလိုက်ပြီး ပြန်ပြောလိုက်ရတယ်။
“ကောင်းပြီ ကောင်းပြီ”
ဒီအရူးကောင်တွေအကုန်လုံးက အမျိုးသားဇာတ်လိုက်ရဲ့ အနာဂတ် ဇနီးလောင်းနဲ့ ပရောပရည်လုပ်ချင်နေကြတာပဲ။
အမျိုးသားဇာတ်လိုက်လို့ စဉ်းစားလိုက်မိတာနဲ့ လီကျိုးရှင်း ကုဝမ်ချန်ဘက်ကို ပြန်ကြည့်လိုက်မိတယ်။ ကုဝမ်ချန်ရဲ့ မျက်နှာက ပြုံးနေခဲ့ပေမယ့် ဘာကြောင်းလဲဆိုတာမသိပါဘဲ လီကျိုးရှင်းရဲ့စိတ်ထဲမှာ ကုဝမ်ချန်ရဲ့ စိတ်အခြေအနေက သိပ်မကောင်းဘူးလို့ ခံစားလိုက်မိတယ်။
စိတ်စွမ်းအင်တွေ ပေါင်းစည်းသွားတဲ့နောက်ပိုင်းမှာ သူက ကုဝမ်ချန်ရဲ့ ခံစားချက်တွေကို ပိုပြီး သတိပြုနိုင်လာသလိုပဲ။
လီကျိုးရှင်းက ကုဝမ်ချန်ကို သူ့ဘက်သို ဆွဲခေါ်လိုက်ပြီး သူတို့နှစ်ယောက်ရဲ့လက်မောင်းတွေ ပူးကပ်သွားတဲ့အထိ တိုးလိုက်တယ်။
“ဝမ်ချန်၊ မင်း ခုနကတည်းက သိပ်ပြီး စိတ်အခြေအနေ မကောင်းသလိုပဲ၊ မင်း သက်သာသက်တောင့်မရှိဖြစ်နေလို့လား ဒါမှမဟုတ် မင်းရဲ့ စိတ်စွမ်းအားတွေက ထပ်ပြီး ထိန်းချုပ်ရခက်လာပြန်ပြီလား”
လီကျိုးရှင်းမှ သူ့ကို ဒီလိုမျိုးစကားတွေပြောလာပြီးတဲ့နောက်မှာ ကုဝမ်ချန်ရဲ့ စိတ်အခြေအနေတွေက ထူးထူးဆန်းဆန်းနှင့် ပြန်လည်ကောင်းမွန်လာခဲ့တယ်။
ကုဝမ်ချန်က အပြုံးတစ်ခုနှင့် ပြောလာခဲ့တယ်။
“မစ်စ်ပိုင်ရဲ့ သီချင်းဆိုသံက သူတို့ ပြောထားတဲ့အတိုင်း ငါတို့အပေါ်တကယ်အလုပ်ဖြစ်ပါ့မလားဆိုတာကို တွေးနေတာ”
တကယ်လို့ ဒါကအလုပ်ဖြစ်တယ်ဆိုရင်တော့ သူမက လီကျိုးရှင်းနဲ့ လိုက်ဖက်နိုင်မလားဆိုတာကို သူ ပြန်ပြီးတွေးတောပေးတယ်။ အဲလိုသာမဟုတ်ဘူးဆိုရင်တော့ သူမရဲ့ ပရိတ်သတ်တွေက အကုန်လုံးက မျက်လုံးမကောင်းကြတဲ့လူတွေပဲ ဖြ၀်လိမ့်မယ်။
“စိတ်မပူပါနဲ့”
လီကျိုးရှင်းက သူ့ရဲ့ လက်တွေကို ကုဝမ်ချန်ရဲ့ ပုခုံးပေါ်မှာတင်လိုက်ပြီး တစ်ဝက်လောက်ပွေ့ဖက်လိုက်တယ်။
ထို့နောက် ကုဝမ်ချန်ရဲ့အမူအရာကို မသိမသာအကဲခတ်ကြည့်ကာ ကုဝမ်ချန်ရဲ့မျက်နှာပေါ်မှာ သူ့ရဲ့ ထိတွေ့မှုကို သိပ်မကြိုက်တဲ့ အမူအရာမျိုးကို မရှိတာကို မြင်တွေ့လိုက်ရတော့ သူ့ရဲ့လက်တွေကို ဖြေးညှင်းစွာနှင့် မသိသာစွာအောက်ဘက်သို့လျောချလိုက်ကာ ကုဝမ်ချန်ရဲ့ ပိန်ပါးသေးသွယ်တဲ့ ခါးလေးကို ဖက်လိုက်တယ်။
ပြီးနောက် သတိမပြုမိသလိုမျိုး အေးဆေးတည်ငြိမ်သွာနှင့် ပြောလိုက်လေတယ်။
“ငါတို့က မင်းဘေးမှာရှိနေတာပဲလေ”
ဒါက စိတ်ကူးယဉ်ခြင်းမျိုးမဟုတ်သလို ခဏတာ ထိတွေ့လိုက်ခြင်းမျိုးလဲ မဟုတ်ဘူး။ သူ့ရဲ့ လက်တွေက ကုဝမ်ချန်ရဲ့ ခါးကို ပွေ့ဖက်ထားတယ်ဆိုတဲ့ ခံစားချက်ကို ရှင်းလင်းလင်းကို ခံစားနေရတယ်။
ဒါက Vagor ဂြိုလ်မှာတုန်း အစွယ်သားရဲနဲ့ တိုက်ခိုက်ပြီးလို့ ပြန်လာချိန်မှာ ကုဝမ်ချန် လမ်းလျှောက်နိုင်စေဖို့အတွက် လီကျိုးရှင်းက ကူညီပြီးပွေ့ဖက်ထိန်းပေးတုန်းက ခံစားချက်မျိုးအတိုင်းပဲ။
ကုဝမ်ချန်က သူ့ရဲ့ခေါင်းကို အသာလှည့်ကြည့်လာခဲ့ပြီး လီကျိုးရှင်းရဲ့ အကြည့်တွေနဲ့ ဆုံတွေ့ချိန်မှာ သူ့မျက်လုံးထဲမှာ နားမလည်နိုင်တဲ့ ရှုပ်ထွေးမှုအရိပ်အငွေ့တွေကို တွေ့မြင်နိုင်တယ်။
သူက ဒီလိုမျိုး မေးမြန်းချင်နေတဲ့အတိုင်းပဲ: သူငယ်ချင်းတွေအချင်းချင်း ဒီလိုမျိုး ပွေ့ဖက်လို့ရရဲ့လား?
သူ လေးလေးနက်နက်စဉ်းစားလိုက်ကာ သူတို့ရဲ့ အခုလို ပုံစံက အနည်းလောက် ထူးဆန်းနေသလိုဖြစ်နေကြောင်းကို ခံစားပေမယ့် ဒီနေရာက ဘာက ထူးဆန်းနေတာလဲဆိုတာကိုတော့ သူ မသိနိုင်ခဲ့ဘူး။
လီကျိုးရှင်းက သူ့ကို နှစ်သိမ့်ပေးချင်တဲ့ပုံနှင့် အသာအယာပုတ်ပေးလိုက်ပြီး ကုဝမ်ချန်ရဲ့ ခါးပေါ်မှ လက်ကို ပြန်ရုတ်လိုက်ကာ သူ့ရဲ့ အိတ်ကတ်ထဲသို့ ပြန်ထည့်ထားလိုက်တယ်။
ထို့နောက်မှာလီကျိုးရှင်းက ယုံကြည်ချက်ရှိစွာ ချောမောစွာနှင့် အရှေ့ကို ဆက်လက်လျှောက်နေခဲ့တယ်။
“ဝမ်ချန်၊ ဒီနေရာကမှောင်နေတယ် သတိထားပြီး လမ်းလျှောက်အုံး”
သူတို့ဆီမှာ အတားအဆီးတွေကို ဖယ်ရှားနိုင်ဖို့ စိတ်စွမ်းအားတွေ ပြန်လည်မပြည့်ဝသေးတဲ့အတွက် သူတို့ရဲ့ မျက်လုံးကိုသာ အားကိုးနေရတယ်။
သူတို့နှစ်ယောက်က ဖြေးဖြေးချင်း လမ်းလျှောက်နေကြတာကြောင့် အရှေ့မှသွားနေတဲ့ ကျိယွီတို့လူစုက မှောင်မည်းနေတဲ့ ပွဲခန်းမထဲက သူတို့ရဲ့ထိုင်ခုံတွေကို ရှာတွေ့ပြီးသွားကြပြီ။ သူတို့တွေက အခုထိ နောက်မှာပဲရှိသေးတဲ့ သူတို့နှစ်ယောက်ကို ကြည့်ပြီး လှမ်းအော်လာကြတယ်။
“မြန်မြန်လေး! ဒီဘက်ကိုလာခဲ့ကြ !”
ကုဝမ်ချန်: “စိတ်မပူပါနဲ့ ငါဂရုစိုက်ပါ့မယ်”
ဝန်ထမ်းတွေက သူတို့နဲ့ တော်တော်လှမ်းတဲ့ အရှေ့ကနေ လျှောက်နေတာဖြစ်ပြီး ကုဝမ်ချန်နဲ့ လီကျိုးရှင်းတို့ရဲ့အရှေ့မှာ ဘယ်သူမှ မရှိနေခဲ့ဘူး။
သူတို့တွေ အခုထိမစသေးတဲ့ ဖျော်ဖြေရေးခန်းမထဲ ဝင်လာကြပြီးနောက်မှာ လီကျိုးရှင်းက သူ့ဘက်ကို လှည့်ကြည့်ပြီး ပြောလာတယ်။
“အကူအညီလိုသေးလား?”
လီကျိုးရှင်းက မေးခွန်းတစ်ခု မေးလိုက်တာဖြစ်ပေမဲ့ ကုဝမ်ချန် ပြန်မဖြေရသေးခင်မှာပဲ သူက ကုဝမ်ချန်ရဲ့ လက်ကို တင်းတင်းကြပ်ကြပ် ဆုတ်ကိုင်လိုက်ပြီးပြီ။
ရုတ်တရက်ဆန်လွန်းတာကြောင့် ကုဝမ်ချန်တစ်ယောက် အလိုအလျောက်တုံ့ပြန်မှုတွေနှင့် လက်ကိုအတင်းရုန်းလိုက်မိပေမယ့် လီကျိုးရှင်းက လွှတ်မပေးလာခဲ့ဘူး။
သူက ကုဝမ်ချန်ရဲ့ လက်ကို တင်းတင်းကြပ်ကြပ် ဆုတ်ကိုင်ထားပြီး အမှောင်ထဲကို တစ်လှမ်းချင်း သွားနေခဲ့တယ်။
သူက ကုဝမ်ချန် ငြင်းဆန်လာဖို့အတွက်တောင် အခွင့်အရေးမပေးခဲ့ဘူး။