(33) Ganymede က ရေသူလေးများ
ဝန်ထမ်းတစ်ယောက်က သူ့ရဲ့ အသံကို မြင့်တင်လိုက်ပြီး နောက်မှာကျန်နေရစ်ခဲ့တဲ့ လီကျိုးရှင်းနှင့်ကုဝမ်ချန်တို့ကို ခေါ်လာတယ်။
“ကျွန်တော့်အနောက်ကို လိုက်ခဲ့ပေးပါ”
ကုဝမ်ချန်က ချိန်းတွေ့နေရင်း ရုတ်တရက် လူမိခံလိုက်ရတာကြောင့် အရှက်သည်းသွားခဲ့တဲ့ ကောင်မလေးတစ်ယောက်လိုမျိုး လီကျိုးရှင်းရဲ့ လက်ထဲကနေ အတင်းရုန်းထွက်လိုက်တယ်။
လီကျိုးရှင်းက ကုဝမ်ချန်ကို အနည်းငယ် ထူးဆန်းစွာ ပြန်ကြည့်လာခဲ့တယ်။ သူ့အနေနဲ့ ကုဝမ်ချန်က ဘာလို့ ဒီလောက်တောင်အဖြစ်သည်းနေရတာလဲဆိုတာကို နားမလည်နဲ့ ပုံစံမျိုးပဲ။
“ဝမ်ချန်?”
မီးရှူးမီးပန်းတွေနဲ့ တောက်ပနေတဲ့ ညဘက်ရဲ့ ကောင်းကင်အောက်မှာ သူ့ရဲ့ မျက်လုံးတွေထဲမှ အလင်းရောင်က မှေးမှိန်နေသလိုထင်ရတယ်။ သူ့ရဲ့ မျက်လုံးတွေထဲမှ ခံစားချက်တွေကပဲဖြစ်စေ၊ မျက်နှာအမူအရာတွေကပဲဖြစ်စေ လီကျိုးရှင်းရဲ့ မတိုင်ခင်တုန်းက အပြုအမူတွေနှင့် ပတ်သတ်ပြီး ခံစားချက်တွေ ရှုပ်ထွေးနေသလို ထင်ရတယ်။
ကုဝမ်ချန်က သူ့ရဲ့ လက်တွေကို တစ်ဖက်လူဆီကနေ လွတ်သွားစေဖို့ ခါရမ်းပြီးရုန်းထွက်လိုက်ရုံပဲဆိုပေမဲ့ လီကျိုးရှင်းရဲ့ အတော်လေးနာကျင်သွားပုံရတဲ့ မျက်နှာထားကို မြင်လိုက်ရတဲ့အချိန်မှာ သူ့ကိုယ်သူ အပြစ်ကြီးတစ်ခုကို ကျူးလွန်မိသွားတဲ့လူလိုမျိုး ခံစားလိုက်ရလေတယ်။
သူက သူ့ရဲ့ နားမလည်နိုင်လောက်တဲ့ အပြစ်ရှိစိတ်ကို အလျှင်အမြန် ဖုံးဖိဖို့ ကြိုးစားလိုက်ပြီး လီကျိုးရှင်းရဲ့ မေးခွန်းတွေပြည့်နေတဲ့မျက်နှာကိုကြည့်ရင်း အလျင်စလို ပြန်ဖြေလိုက်တယ်။
“နည်းနည်းပူလာလို့”
ပြောရရင် လီကျိုးရှင်းရဲ့ အပြုံးတွေကဘဲ နေမင်းနဲ့ တူတာမဟုတ်ဘဲ သူ့ရဲ့ခန္ဓာကိုယ်ကလည်း နေမင်းကြီးနဲ တူတယ်။
သူ့ရဲ့ ခန္ဓာကိုယ်က အမြဲတမ်း နွေးထွေးနေတတ်တယ်။ အထူးသဖြင့် သူ့ရဲ့ လက်ဖဝါးတွေပဲ။
ဘယ်လိုလုပ်ပြီး သူ့ရဲ့ လက်ဖဝါးတွေက ရေနွေးငွေ့တွေလို အမြဲတမ်း နွေးထွေးနေနိုင်ရတာလဲ?
လီကျိုးရှင်းက အပြုအမူကောင်းတွေနှင့် ပြန်လည် တုံ့ပြန်လာခဲ့တယ်။
“ကောင်းပါပြီ၊ ဒါဆို ငါ အကွာအဝေးကိုထိန်းပြီး နေပေးမယ်”
လီကျိုးရှင်းက သူ့ရဲ့စကားအတိုင်း ကုဝမ်ချန်ရဲ့ အရှေ့နားကနေ ခပ်ခွာခွာလျှောက်သွားခဲ့လေတယ်။
သူတို့လျှောက်လာခဲ့တဲ့ လမ်းလေးက လူနှစ်ယောက် ဘေးချင်းယှဉ်ပြီး လျှောက်ဖို့အတွက်ဆိုရင် အတော်လေး အဆင်ပြေပြီး အံကိုက်ကျနေခဲ့ပေမဲ့ တစ်ယောက်တည်း လျှောက်ဖို့အတွက်ကတော့ အလွန်အမင်း ကျယ်လွန်းနေသလိုပဲ။
ကုဝမ်ချန် သက်ပြင်းချလိုက်တယ်။ ဒါပေမယ့် သူ ဘာလို့ ဒီလိုမျိုး ခံစားနေရတာလဲဆိုတဲ့အပေါ် ရုတ်တရက် ရှုပ်ထွေးသွားရပြန်တယ်။
ပိုင်ထုန်က ဒီစကြာဝဠာတစ်ခုလုံးမှာ အလွန်အမင်း နာမည်ကြီးလွန်းတယ်လို့ဆိုနိုင်တယ်။
ဖျော်ဖြေပွဲရဲ့ အစကနေ အဆုံးထိ သူ့ပရိတ်သတ်တွေရဲ့ အော်ဟစ် အားပေးတဲ့အသံတွေနှင့် ချစ်ကြိုက်ကြောင်း ဖော်ပြတဲ့အသံတွေက လုံးဝ မရပ်တန့်သွားခဲ့ဘူး။
တကယ်လို့ နည်းပညာအဆင့်မြင့်တဲ့ မိုက်ကိုသာ မသုံးထားဘူးဆိုရင် ပိုင်ထုန်ရဲ့ အသံက လူအုပ်ကြီးရဲ့ အားပေးသံတွေကြားမှာ နစ်မြှုပ်သွားလောက်တယ်။
ဖျော်ဖြေပွဲက အဆုံးသတ်ကို ရောက်လာခဲ့ပြီ။ လီကျိုးရှင်း စင်ပေါ်မှာ ချွေးတွေနဲ့ ဖုံးလွှမ်းနေတဲ့ ဆန့်ကျင်ဘက်လိင်လိုဝတ်စားထားတဲ့ အဆိုတော်ကို ကြည့်လိုက်ပြီး ကုဝမ်ချန်ဘက်ကို လှည့်ကာ မေးကြည့်လိုက်တယ်။
“သူမရဲ့ သီချင်းဆိုသံတွေက မင်းရဲ့ စိတ်စွမ်းအားကို သက်သာရာရစေလား?”
ကျိယွီတို့ အားလုံးကလည်း သူတို့နှစ်ယောက်ဆီကို မျှော်လင့်ချက်အပြည့် မျက်လုံးတွေနဲ့ လှမ်းကြည့်လာခဲ့တယ်။
“အင်း”
ကုဝမ်ချန်က ပြန်ဖြေလိုက်တယ်။
“ဒါပေမယ့် သိပ်ပြီးတော့ ထိရောက်မှုမရှိဘူး”
ဒီအဖြေက မျှော်လင့်ထားတဲ့အတိုင်းပဲ။ တကယ်လို့ ပိုင်ထုန်ကသာ အမှန်တကယ် အသုံးဝင်နေခဲ့မယ်ဆိုရင် သူမက ရှားပါးငှက်တစ်ကောင်လိုမျိုး ပိတ်လှောင်ထားခံရလောက်ပြီ။
တကယ်တော့ ကုဝမ်ချန်ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ NK-03 ကြောင့် သူ့ရဲ့ စိတ်စွမ်းအားတွေက ပြန်လည်သက်သာနေခဲ့ပြီ။ ဒါပေမယ့် ဒါက ကုဝမ်ချန် ဘယ်သူ့ကိုမှ မပြောပြနိုင်မဲ့ လျှို့ဝှက်ချက်တစ်ခုပဲ။
သူ လီကျိုးရှင်းဘက်ကို လှည့်ပြီး မေးလိုက်တယ်။
“မင်းရော ဘယ်လိုနေလဲ?”
“ငါအပေါ်ကိုတော့ ပိုပြီးထိရောက်တယ်လို့ ထင်တယ်”
လီကျိုးရှင်းက သူ့ရဲ့ စိတ်စွမ်းအားတွေကို လက်ကနေ တစ်ဆင့် ထုတ်လွှတ်လိုက်တာ့ သူ့ရဲ့ လက်ဖဝါးအပေါ်မှာ လျှပ်စစ်စီးကြောင်းလိုအလင်းလေးတစ်ခု ပေါ်လာခဲ့တယ်။
“ခုနတုန်းကထက်စာရင်တော့ ပိုအဆင်ပြေလာပြီ”
မူရင်းစာအုပ်ထဲမှာတော့ ပိုင်ထုန်ရဲ့ စိတ်စွမ်းအင်ကုသမှုက ကုဝမ်ချန်ရဲ့ စိတ်စွမ်းအင်တွေကို ပြန်လည်ကောင်းမွန်သွားနိုင်တဲ့အထိ အထောက်အကူပြုတယ်။
ဒါပေမယ့် စင်ပေါ်မှာ ရပ်နေတဲ့လူက တကယ့် အမျိုးသမီးဇာတ်လိုက် မဖြစ်နိုင်တာကြောင့် သူ့ရဲ့ စွမ်းအားတွေကလည်း သိပ်ပြီး အကျိုးသက်ရောက်မှု မရှိတာ ဖြစ်နိုင်တယ်။
လီကျိုးရှင်းရဲ့ လက်ပေါ်မှစိတ်စွမ်းအင်တွေက ခုန်ထပြီး တောက်လောင်လာခဲ့တယ်။ စိတ်စွမ်းအင်က နည်းနည်းလောက်ဘဲဆိုပေမယ့် စိတ်စွမ်းအင်ပိုင်ရှင်ရဲ့ လက်ပေါ်ကနေ ကစားလိုစွာနှင့် မျက်စိတ်တစ်မှိတ်အတွင်း ခုန်ထလာတာက ကြည့်ရတာ နည်းနည်းတော့ ကြောက်စရာကောင်းနေခဲ့တယ်။
ကျိယွီ သူ့ရဲ့မျက်လုံးတွေက လခြမ်းကွေးလေးနှစ်ခုလို ဖြစ်သွားတဲ့အထိ ပြုံးလိုက်ကာ :
“နည်းနည်းလောက်ပဲ သက်သာတယ်ဆိုရင်တောင် Weiss ကို လာရတာ တန်ပါတယ်”
စိတ်စွမ်းအားပမာဏက ပိုပြီးတော့ တိုးလာတာက ကောင်းမွန်တဲ့အရာပဲလေ။
ကုဝမ်ချန်က လီကျိုးရှင်းရဲ့လက်ပေါ်မှ စိတ်စွမ်းအင်လုံးလေးကို စိုက်ကြည့်နေခဲ့တယ်။ သူ့ရဲ့ပုံစံက ဆွဲဆောင်ခံလိုက်ရသလိုပဲ။
ခဏကြာတော့ သူကိုယ်တိုင်တောင် သတိမထားမိလိုက်ပါပဲ စိတ်စွမ်းအင်လုံးလေးရှိတဲ့ နေရာကို လက်လှမ်းလိုက်မိလေတယ်။
“မဖြစ်ဘူး!”
ရှီနန်က ကုဝမ်ချန်ရဲ့အနားကို တိုးကပ်သွားလိုက်ပြီး ကုဝမ်ချန်ရဲ့လက်က စိတ်စွမ်းအင်လုံးကို မထိလိုက်မိခင်မှာ လက်ကို ဖမ်းဆွဲထားဖို့လုပ်လိုက်တယ်။
“အဲဒါကို မထိနဲ့!”
သို့ပေမယ့် ရှီနန် တားမြစ်လိုက်ချိန်မှာ အတော်လေးနောက်ကျသွားပြီ။ လူတိုင်းရဲ့ အကြည့်တွေအောက်မှာဘဲ ကုဝမ်ချန်ရဲ့ လက်က လီကျိုးရှင်းရဲ့ လက်ဖဝါးကို သွားထိလိုက်မိလေပြီ။
ငွေရောင်အလင်းလုံးလေးက ဝံပုလွေတစ်ကောင် သူ့သားကောင်ကို မြင်လိုက်လို့ စိတ်လှုပ်ရှားသွားသလိုမျိုး သိသိသာသာကို တုန်ခါသွားခဲ့တယ်။
မကြာခင်မှာဘဲ အလင်းတန်းလေးက ကုဝမ်ချန်ရဲ့ လက်ချောင်းတွေကို လောဘတကြီးနှင့် တိုးဝှေ့ရစ်ပတ်လိုက်ပြီး အင်္ကျီလက်အောက်ကနေ တိုးဝင်သွားကာ ကုဝမ်ချန်က သူ့ရဲ့ ပိုင်ရှင်ဖြစ်နေသလိုမျိုး ကုဝမ်ချန်ရဲ့ ကိုယ်ပေါ်မှာ ရွေ့လျားနေခဲ့တော့တယ်။
လီကျိုးရှင်းရဲ့ လက်ချောင်းတွေက တုန်ရီနေခဲ့ပေမယ့် သူ့ရဲ့ စိတ်စွမ်းအားတွေကို မရုတ်သိမ်းလိုက်ဘူး။ ထို့အစား နေရာမှာပဲ ကြောင်အမ်းအမ်းနှင့် စိတ်ရှုတ်ထွေးနေသလိုအမူအရာမျိုးနှင့် ရပ်နေခဲ့လေတယ်။
သူက သူ့ရဲ့ကိုယ်ပိုင် စိတ်စွမ်းအားက ဘာတွေဖြစ်နေတာလဲဆိုတာကို ကိုယ်တိုင်တောင် နားမလည်နိုင်သလိုမျိုးပဲ။
လင်းနျဉ်၊ ရှီနန် နဲ့ ကျိယွီ:
Σ(っ°Д°;)っ
!!!
ဘာလို့ ဒီဖြေရှင်းလို့မရနိုင်တဲ့ ကိစ္စတွေက သူ့တို့အဖွဲ့ထဲမှာပဲ ခဏခဏ ဖြစ်ပျက်နေရတာလဲ?!
ဘုရားရေ! ဘုရားရေ! သူထိလိုက်ပြီ! သူထိလိုက်ပြီ! ! !
သူတို့တွေ စိတ်စွမ်းအင်အကြောင်းနဲ့ ပတ်သတ်ပြီး သင်ကြားခဲ့ရတာတွေအားလုံးက အကုန် အလိမ်အညာတွေချည်းပဲ ဖြစ်လိမ့်မယ်!
လင်းနျဉ်က ဒီဆက်နွယ်မှုကို စတင်ပြီး ရိုက်ကူးမှတ်တမ်းတင်လိုက်တယ်:
“တည်နေရာ: Weiss ဂြိုလ်; ချန်ယန်အကယ်ဒမီရဲ့ ကျောင်းသားတွေဖြစ်တဲ့ ကုဝမ်ချန်နဲ့ လီကျိုးရှင်းတို့က တစ်ယောက်ရဲ့ စိတ်စွမ်းအားက တစ်ယောက်ရဲ့ခန္ဓာကိုယ်ပေါ်မှာ အောင်မြင်စွာနဲ့ ပေါင်းစည်းနေပါတယ်”
သူက မှတ်တမ်းတင်လို့ ပြီးသွားတာနဲ့ သူ့ရဲ့ကွန်ပျူတာကို အောက်ကို ပြန်ချလိုက်ပြီး သုတေသနပြုလုပ်မှု အောင်မြင်ခါနီး လူတစ်ယောက်လိုမျိုး စိတ်လှုပ်ရှားနေတဲ့ မျက်လုံးတွေနဲ့ ကြည့်နေခဲ့ပြီး လီကျိုးရှင်းနဲ့ ကုဝမ်ချန်တို့ရဲ့ အနားကို ကပ်လိုက်တယ်။
ထို့နောက်မှာ သူလည်းပဲ စမ်းကြည့်ချင်တဲ့ စိတ်နဲ့ ကုဝမ်ချန်ရဲ့ လက်ပေါ်မှာ တောက်ပနေတဲ့ လီကျိုးရှင်းရဲ့ စိတ်စွမ်းအားအလင်းဆီကို လက်လှမ်းလိုက်လေတယ်။
ဒါပေမယ့် သူ့ရဲ့ လက်ချောင်းကို ရှေ့ကို တိုးလိုက်တာနဲ့ ငွေရောင်အလင်းတန်း စိတ်စွမ်းအင်တွေက မာနကြီးစွာနဲ့ အနောက်ကိုပြန်ဆုတ်သွားကြတယ်။
လင်းနျဉ်: “...ဟားဟား”
ကုဝမ်ချန်ကလည်း သူ့ရဲ့ ရယ်ချင်စိတ်ကို မထိန်းနိုင်တော့ဘူး။ သူ့ရဲ့နှုတ်ခမ်းတွေက အပေါ်ဘက်ကို ကွေးညွတ်သွားခဲ့တာ အလွန် ဆွဲဆောင်မှုရှိတဲ့ အပြုံးတစ်ခုကို ဖော်လှစ်ပြသလာပြီး သူ့ရဲ့ လက်ချောင်းတွေကတော့ စနောက် ကျီစယ်လိုစွာနှင့် လီကျိုးရှင်းရဲ့ စိတ်စွမ်းအင်အလင်းတွေကို ဆော့ကစားနေခဲ့တယ်။
“လင်းနျဉ် ကြည့်ရတာ မင်းက ငါ့လောက် ဆွဲဆောင်မှု မရှိတဲ့ပုံပဲ”
လင်းနျဉ်က အေးတိအေးစက် ရယ်မောလိုက်ပြီး လီကျိုးရှင်းရဲ့ စိတ်စွမ်းအားကို နောက်တစ်ကြိမ် ထပ်ထိကြည့်ဖို့ လုပ်လိုက်တယ်။
ဒီတစ်ခါမှာတော့ စိတ်စွမ်းအားအလုံးလေးက ခုနတုန်းထက် ပိုဆိုးသွားပြီး ကုဝမ်ချန်ရဲ့ အင်္ကျီလက်ထဲ လုံးဝ ဝင်ရောက်ပျောက်ကွယ်သွားခဲ့တယ်။
စိတ်စွမ်းအားက ကုဝမ်ချန်ရဲ့ အင်္ကျီထဲမှာ တွန့်လိမ်နေပြီး သူ့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို လှည့်ပတ်သွားလာနေခဲ့တယ်။
ခဏအတွင်းစိတ်စွမ်းအားအလုံးလေးက အများကြီး ကွဲထွက်သွားခဲ့ပြီး ကုဝမ်ချန်ရဲ့ ဘောင်းဘီအောက်ထဲကနေ ပြန်ထွက်လာတယ်။ ပြီးနောက် ကုဝမ်ချန်ရဲ့ ခြေကျင်းဝတ်နားမှ ချောမွေ့တဲ့ အရေပြားပေါ်မှာရစ်ပတ်နေခဲ့တယ်။
ကုဝမ်ချန် လီကျိုးရှင်းကို အံ့ဩထိတ်လန့်စွာနဲ့ကြည့်လိုက်တယ်။
လီကျိုးရှင်းက အနေရခက်စွာရယ်လိုက်ပြီး သူ့ရဲ့ ခေါင်းနောက်ဘက်ကို ရှက်ရွံ့နေတဲ့အမူအရာနဲ့ ပွတ်သပ်လိုက်မိတယ်။
“ငါထင်တာတော့.. မင်း သိတယ်မလား ..မင်းအရမ်းပူတယ်လို့ ပြောထားတာဆိုတော့...”
ဒါပေမဲ့ သူက သူ့ရဲ့ စိတ်စွမ်းအားတွေကို ဘယ်လိုထိန်းချုပ်ရမလဲ မသိတော့တဲ့အတွက် အခုလိုမျိုး ဖြစ်သွားရတာပဲ။
ကုဝမ်ချန်က လီကျိုးရှင်းရဲ့စကားထဲမှ ကျန်ရှိတဲ့အပိုင်းကို သူ့ဘာသာသူ ဖြည့်တွေးလိုက်တယ်။
လီကျိုးရှင်းရဲ့ သူ့ကို အေးအောင်ကူညီပေးတဲ့နည်းလမ်းက အတော်လေး ကကျိုးကကြောင်နိုင်သွားခဲ့ပေမဲ့ ကုဝမ်ချန်ကတော့ စိတ်လှုပ်ရှားမိသွားတုန်းပဲ။
ကုဝမ်ချန်ရဲ့ မျက်လုံးနက်နက်တွေထဲမှာ နူးညံ့မှုတွေနှင့် ချစ်ခင်မှုအရိပ်အယောင်တွေ ပြည့်နှက်လာပြီး သူကိုယ်တိုင်တောင်မသိလိုက်ဘဲ လီကျိုးရှင်းရဲ့ ခေါင်းလေးကို ပုတ်ပေးလိုက်မိတယ်။
“ငါအဆင်ပြေပါတယ် ကျေးဇူးပဲ”
ရှီနန်ကတော့ အံ့ဩနေခဲ့ပြီး သေလောက်အောင် စပ်စုချင်နေခဲ့တယ်။ သူက လီကျိုးရှင်းရဲ့ အရှေ့ကို ပြေးတက်လာခဲ့ပြီး သူ့ရဲ့ ရှည်လျားတဲ့ခြေထောက်ကို အရှေ့သို့ဆန့်ထုတ်လိုက်တယ်။
“ငါလည်း စမ်းကြည့်ချင်တယ် ငါလည်း စမ်းကြည့်ချင်တယ်!”
သူလည်း စိတ်စွမ်းအားတွေက အင်္ကျီထဲကို လှည့်ပတ်သွားတာက ဘယ်လိုခံစားချက်လဲဆိုတာ သိချင်တယ်!
“နောက်တစ်ခေါက်မှပေါ့”
လီကျိုးရှင်းက ရိုးသားဖြူစင်စွာ ပုခုံးကို တွန့်လိုက်ရင်း သူ့ရဲ့ စိတ်စွမ်းအားတွေကလည်း ပျောက်သွားခဲ့တယ်။
“ငါ့ရဲ့ စိတ်စွမ်းအားတွေက နည်းနည်းပဲ ပြန်ကောင်းသေးတာ၊ ဆက်လုပ်ဖို့အတွက် မလုံလောက်တော့ဘူး”
ချီနန်က စိတ်ပျက်လက်ပျက်ဖြစ်သွားရတယ်။
“မင်းဘာလို့ ဒီလောက်တောင် ညံ့ရတာလဲ”
ရှီနန်ရဲ့ စကားကြောင့် လီကျိုးရှင်းရဲ့မျက်နှာက သုန်မှုန်သွားရကြီး ကျန်တဲ့ တစ်ဖွဲ့လုံးက ကြိတ်ရယ်လိုက်မိကြတယ်။