(35)Ganymede ဂြိုလ်မှ ပြန်လည်ထွက်ခွာခြင်း
အဖွဲ့သားတွေ အကုန်လုံးက လီကျိုးရှင်းကို မျှော်လင့်တကြီး ငေးကြည့်နေခဲ့ကြတယ်။
ပုံမှန်အချိန်တွေမှာဆိုရင် တည်ငြိမ်ပြီး မျက်နှာကြောတင်းလွန်းတဲ့ ကျိယွီတောင်မှ လမ်းလျှောက်လိုက်တိုင်း ဓားသွားပေါ် လျှောက်နေရသလိုမျိုး အချိန်တိုင်း နာကျင်နေရတဲ့ ရေသူမမင်းသမီးလေးအကြောင်းကိုကြားချိန်မှာ သူမအတွက် သနားလွန်းလို့ မျက်လုံးတွေပါ နီရဲလာခဲ့လေတယ်။
အထူးသဖြင့် လီကျိုးရှင်းက ရေသူမလေးက မင်းသားလေးဆီကနေ မေ့လျော့ခံလိုက်တဲ့အခန်းကို ဖွဲ့နွဲ့ဖော်ပြလာတဲ့အချိန်မှာ အခံစားရဆုံးပဲ။
ကုဝမ်ချန်နဲ လင်းနျဉ်ကတော့ ပုံပြင်အစကတည်းက ဇာတ်သိမ်းက မကောင်းလောက်ဘူးဆိုတာကို အနည်းငယ်လောက် မျှော်လင့်ထားပြီးသား ဖြစ်နေခဲ့ကြတယ်။
သူတို့တွေက တိတ်တိတ်ဆိတ်ဆိတ်ပဲ နေဖို့ကို ရွေးချယ်လိုက်ကြပြီး မျက်လုံးပေါက်မထွက် ငိုကြွေးနေတဲ့ ရှီနန်ကိုသာ ကြည့်နေခဲ့ကြတယ်။
“ဒီလိုနှင့် ပင်လယ်စုန်းကြီးက ရေသူမမင်းသမီးလေးကို ဓားမြှောင်တစ်လက်ပေးလိုက်ပြီး မင်းသားလေးကို သတ်ပစ်ဖို့ပြောလုက်တယ်၊ မင်းသားရဲ့ နှလုံးက သွေးကို အသုံးပြုပြီး ခြေထောက်ကို ဆေးကြောလိုက်မယ်ဆိုရင် အမြှီးအဖြစ် ပြန်ပြောင်းသွားမှာဖြစ်ပြီး ပင်လယ်ထဲပြန်သွားရပြီဖြစ်ကြောင်းကို ပြောလိုက်တယ်လေ”
လီကျိုးရှင်းက ပုံပြင်ကိုပြောပြရင်းနဲ့ ပိုပြီး စိတ်ဝင်စားစရာကောင်းစေဖို့အတွက် မေးခွန်းတစ်ချို့ မေးလာခဲ့တယ်။
“မင်းတို့တွေ သူမ ဘယ်အရာရွေးမယ်လို့ ထင်လဲ?”
ကုဝမ်ချန်နှင့် ကျန်တဲ့ အဖွဲ့သားတွေအားလုံး လေးလေးနက်နက်တွေးတောချင်ယောင်ဆောင်လိုက်ကြတယ်။
တကယ်တော့ သူတို့အားလုံးက ရေသူမမင်းသမီးလေး ဘာကို ရွေးမယ်ဆိုတာ ခန့်မှန်းထားပြီးသားပဲ။ ဒါပေမယ့် အဲဒီအဖြေကို ဘယ်သူမှ ထုတ်မပြောချင်ကြဘူး။
ရုတ်တရက်ပဲ အနည်းငယ် တုန်ယင်နေတဲ့ အသံတစ်ခု ထွက်ပေါ်လာခဲ့တယ်။
“သူမ မင်းသားလေးကို သတ်ပစ်လိုက်လား?”
အသံက အတော်လေးသေးငယ်ပြီး ကလေးအသံလေးလိုမျိုး နူးညံ့ကာ ကြည်လင်နေခဲ့တယ်။
ပုံပြင်ထဲမှာ နှစ်မြှုပ်နေကြတဲ့ လူတွေအားလုံး ရုတ်တရက် အသိစိတ်ပြန်ဝင်လာပြီး အသံလာရာဘက်ကို လှမ်းကြည့်လိုက်ကြတယ်။
ထို့နောက်မှာတော့ တစ်ဒါဇင်လောက်ရှိကြတဲ့ ရေသူလေးတွေက သူတို့ရဲ့အနားမှာ ဝိုင်းအုံနေခဲ့ကာ ဝမ်းနည်းပြီး နီရဲနေတဲ့ မျက်လုံးတွေနဲ့ ကြည့်နေကြတာကို တွေ့လိုက်ရလေတယ်။
သူတို့ကို မေးခွန်းလှမ်းမေးလာတဲ့ ရေသူထီးလေးကတော့ ကောက်ကွေးနေတဲ့ ဆံပင်လေးတွေရှိပြီး ခေါင်းပေါ်မှာ ပင်လယ်ရေမှော် ပန်းကုံးလေးကို ပန်ဆင်ထားတာကြောင့် ရေသူထီးဆိုတာထက် နတ်သားလေးနဲ့တောင် ပိုတူနေသေးတယ်။
သူ့ရဲ့ ဝိုင်းစက်နေတဲ့ မျက်လုံးလေးတွေက လီကျိုးရှင်းဆီကို မျှော်လင့်ချက်ပေါင်းများစွာနဲ့ ငေးကြည့်နေခဲ့တယ်။ ကြည့်ရတာ ဒီရေသူထီးလေးက အခုထိ ကလေးပဲရှိလောက်သေးတဲ့ပုံပဲ။
ထိုရေသူထီးလေးက အင်ပါယာသုံးစကားကို ပီသအောင် မပြောနိုင်သေးတဲ့အပြင် သူ့ရဲ့မျက်ရည်တွေကိုလည်း အတတ်နိုင်ဆုံး မကျအောင် ကြိုးစားနေခဲ့ပုံရတယ်။
“ကောကော ကျေးဇူးပြုပြီး သူ့မကို အိမ်ပြန်ပို့ပေးလိုက်ပါလား?”
ချစ်စရာကောင်းလိုက်တာ!
သောက်ရမ်းချစ်စရာကောင်းတာပဲ!
လီကျိုးရှင်းတစ်ယောက် သူ့မှာ ချစ်စရာကောင်းတာတွေနဲ့ ပတ်သတ်ရင် အားနည်းချက်ရှိတယ်ဆိုတာကို ရုတ်တရက် သတိထားမိသွားတယ်။ ရေသူလေးဆီမှာ အမွေးပွပွလေးတွေ မရှိတာတောင် လီကျိုးရှင်းရဲ့ လက်တွေက အသဲယားမှုတွေနဲ့အတူ သူ့ရဲ့ ဆံပင်ကောက်ကောက်လေးတွေကို ဆွဲဖွပစ်ချင်နေခဲ့တယ်။
လီကျိုးရှင်း ချောင်းကို အခါတစ်ရာလောက် ဟန့်လိုက်ပြီး သူ့ရဲ့ စိတ်ကို ထိန်းလိုက်ရတယ်။ သူ့အနေနဲ့ နှာဘူးလို့ အမြင်ခံရပြီး ကလေးတွေကို ထိတ်လန့်သွားအောင် မလုပ်ချင်ဘူး။
တစ်ဒါဇင်လောက်ရှိတဲ့ ရေသူလေးတွေက သူ့ကို မျှော်လင့်ချက်တွေနဲ့ ပြည့်နေတဲ့ မျက်လုံးတွေနဲ့ ကြည့်နေကြတယ်။
မျက်လုံးအစွန်းနားမှာလည်း နီရဲနေခဲ့တာကြောင့် ဒီရေသူလေးတွေ ငိုထားကြပြီဆိုတာ သေချာပေါက်ပဲ။
“ရေသူမမင်းသမီးလေးက မင်းသားလေးကို သတ်ဖို့ကို မရွေးချယ်ခဲ့ဘူး”
လီကျိုးရှင်း ရုတ်တရက်ကြီး ဒီပုံပြင်ကို ရွေးပြောလိုက်မိတာကို နောင်တရမိတယ်။ ဒီလိုချစ်စရာကောင်းတဲ့ ကလေးလေးတွေကို ဝမ်းနည်းစရာကောင်းမယ့် ပုံပြင်မျိုး မပြောပြသင့်ဘူး။
“နောက်တစ်နေ့ နေထွက်လာတဲ့အခါမှာ သူမက ပူဖောင်းလေးတွေအဖြစ် ပြောင်းလဲသွားပြီး သင်္ဘောအောက်ခြေက ရေလှိုင်းတွေကြားမှာ...”
“ဝူး.. !”
ရေသူထီးသေးသေးလေးရဲ့ ရှိုက်ကြီးတငင် ငိုကြွေးသံက မတိုင်ခင်ကထက်တောင် ပိုကျယ်လာခဲ့တယ်။
တစ်ဒါဇင်လောက်ရှိတဲ့ ရေသူလေးတွေလည်း ငိုယိုနေခဲ့ကြပြီ။
“ဒါက အရမ်း ဝမ်းနည်းစရာကောင်းတာပဲ”
ရှီနန်ကလည်း ရေသူလေးတွေအတူလိုက်ငိုယိုနေခဲ့တယ်။
“ဝါး!”
လီကျိုးရှင်း ခေါင်းပါကိုက်လာရတယ်။
လီကျိုးရှင်းက သူ့နားထင်တွေကို ပွတ်သပ်လိုက်ရင်း ပင်လယ်ထဲကို ပြုတ်ကျသွားကြတဲ့ ရေသူလေးတွေရဲ့ မျက်ရည်စက်တွေကို အသာ ချောင်းကြည့်လိုက်မိတယ်။ သူ့အနေနဲ့ ရေသူတွေရဲ့မျက်ရည်တွေက အမှန်တကယ် ပုလဲလုံးလေးတွေအဖြစ် ပြောင်းလဲသွားလောက်မလားဆိုတာကို သိချင်မိတယ်လေ။
ရေသူထီးကလေးလေး ငိုနေတဲ့ပုံစံကိုကြည့်ရင် သူ တကယ်ကို နာကျင်ဝမ်းနည်းနေတယ်ဆိုတာ မြင်နိုင်တယ်။ သူရဲ့ မျက်လုံးထောင့်နားတွေကလည်း သူတစ်ချက် နှာရှုံ့လိုက်တိုင်း ပိုမိုနီရဲသွားခဲ့ပြီး ကျို့ပါထိုးလာခဲ့တယ်။
တခြားရေသူလေးတွေကလည်း ရေသူထီးလေးကို နှစ်သိမ့်ပေးနေရင်း သူတို့ရဲ့မျက်နှာပေါ်က မျက်ရည်တွေကိုပါ သုတ်နေခဲ့ရကာ ဒီအခိုက်အတန့်မှာ အလုပ်များနေကြရတဲ့ပုံပဲ။
ကုဝမ်ချန်၊ လင်းနျဉ်နဲ့ ကျိယွီတို့က လီကျိုးရှင်းဆီကို လူဆိုးကြီးတစ်ယောက်လိုမျို့ စွပ်စွဲချင်နေတဲ့ အကြည့်မျိုးနဲ့ စိုက်ကြည့်လာခဲ့ကြတယ်။
လက်ရှိဖြစ်နေတဲ့ အရာတွေအားလုံးက သူ့ဆီကို ဦးတည်နေပြီး အဖွဲ့သားတွေရဲ့ မျက်နှာတွေကလည်း ဒီလိုမျိုးပြောနေတဲ့အတိုင်းပဲ:
“လီကျိုးရှင်း ဒီအရှုပ်ထုပ်ကို မင်းစလိုက်တာ ၊ အခု မင်းကိုယ်တိုင် ပြန်ဖြေရှင်းလိုက်တော့!”
လီကျိုးရှင်း သူ့ရဲ့စိတ်ထဲမှာ ဒီပုံပြင်ကိုဖန်တီးခဲ့တဲ့ အင်ဒါဆန်ကို အော်ဟစ်တောင်းပန်လိုက်ပြီး အသက်ပြင်းပြင်းရှူလိုက်ကာ သတ္တိမွေးရင်း ဆက်ပြောလိုက်တယ်။
“ဒီလိုမျိုး ရေသူမလေးက လုံးဝအပြီးအပိုင် ပျောက်ကွယ်သွားတော့မယ့် အချိန်မှာ ပင်လယ်စုန်းကြီးက ရုတ်တရက်ပြီး ပင်လယ်အောက်ထဲကနေ ပေါ်ထွက်လာပြီး ရေသူမမင်းသမီးလေးရဲ့လက်ထဲက ဓားမြှောင်ကို ဆွဲလုလိုက်တယ်တဲ့၊
ပြီးတော့ သူက ရေသူမလေးကို အဆိပ်ဖြေဆေးကို တိုက်ပေးလိုက်ပြီး ပင်လယ်ထဲကို ပြန်ခေါ်သွားလိုက်တော့တာပေါ့၊ နောက်ဆုံးတော့ ရေသူမလေးလည်း ပင်လယ်ထဲမှာ ပင်လယ်စုန်းကြီးနဲ့အတူ အသက်ထက်ဆုံး နေထိုင်သွားတော့တယ်...”
သူ့ရဲ့ အသံတွေက အပြစ်ရှိစိတ်တွေနဲ့အတူ တိုးဝင်သွားခဲ့တယ်။
ရေသူထီးကလေးလေးက ရှိုက်ကြီးတငင် ငိုနေရင်းကနေ ရပ်တန့်သွားပြီး ချစ်စရာကောင်းတဲ့ မျက်နှာအမူအရာလေးနဲ့ လီကျိုးရှင်းကို မော့ကြည့်လာခဲ့တယ်။
သူ့ရဲ့ ကျောက်မြတ်ရတနာလေးလို တောက်ပနေတဲ့ မျက်လုံးတွေကလည်း ပုံပြင်ရဲ့ အဆုံးသတ်ကို နားမလည်သလိုမျိုး မျက်ရည်တွေမှာ ရှုပ်ထွေးခြင်းတွေနဲ့ ပြည့်နှက်နေခဲ့တယ်။
ရှင်းယွမ့်အဖွဲ့သားတွေကတော့ လီကျိုးရှင်းကို ငါးအသေလေး ဖြစ်သွားရင် ကောင်းမှာပဲလို့ တွေးလိုက်ကြလေတယ်။
နောက်ဆုံးအချိန်ပိုင်းလေးမှာ လီကျိုးရှင်းရဲ့ စိတ်က ပိုင်ထုန်ဆီကို ရောက်သွားခဲ့ပြီး လှုံ့ဆော်မှုတစ်ခုနဲ့အတူ တက်ကြွသွားတယ်။
“…တကယ်တော့ ပင်လယ်စုန်းကြီးက မင်းသားရဲ့ အိမ်နီးချင်း တိုင်းပြည်ကလေ”
လီကျိုးရှင်းရဲ့ မျက်နှာက သူဆက်ပြောဖို့ စဉ်းစားထားတဲ့ အကြောင်းအရာတွေနဲ့ ပတ်သတ်ပြီး ယုံကြည်ချက်အပြည့်ရှိနေခဲ့တယ်။
“သူက သူ့ရဲ့မိထွေး နတ်ဆိုးကြီးဆီကနေ ကျိန်စာအတိုက် ခံထားရတာကြောင့် အခုလို ရုပ်ဆိုးတဲ့ ပင်လယ်စုန်းကြီးဖြစ်နေခဲ့တာ၊ သူ အချစ်စစ်နဲ့ တွေ့တဲ့အချိန်ကျမှ ကျိန်စာက ပြေသွားမှာလေ”
သူ့ရဲ့ အချစ်စစ်နဲ့ တွေ့သွားတဲ့အခါမှာတော့ ရုပ်ဆိုးဆိုး ပင်လယ်စုန်းဘဝကနေ အရမ်းကို ချောမောတဲ့ မင်းသားလေး ပြန်ဖြစ်သွားခဲ့တယ်။
ရေသူထီးလေးနဲ့ တခြားရေသူလေးတွေက အံ့ဩမှုကြောင့် မျက်လုံးလေးတွေ ပြူးကျယ်လာခဲ့ကြတယ်။
“...ဝိုး!”
ရပါတယ်။ ဇာတ်လမ်းက မထင်ထားတဲ့ ဇာတ်ကွက်အပြောင်းအလဲတွေ တော်တော်များနေပေမယ့် ကောင်းကောင်း အဆုံးသတ်နိုင်လိုက်တာပဲ။
လီကျိုးရှင်း နောက်တစ်ခေါက်ထပ်ပြီး စိတ်ထဲကနေ အော်ဟစ်လိုက်မိပြန်တယ်: တောင်းပန်ပါတယ် မစ္စတာအန်ဒါဆန် !
လင်းနျဉ်က လီကျိုးရှင်းကို အထင်သေးစွာကြည့်လိုက်တယ်။ ဇာတ်လမ်းရဲ့ အစက အတော်လေးကောင်းနေခဲ့တာပေမဲ့ ဒီတစ်ယောက်က အလှည့်အပြောင်းတွေ အများကြီးလုပ်ခဲ့ပြီး သနားစဖွယ်အလှလေးရဲ့ ကံဆိုးမိုးမှောင်ကျမှုဆိုတဲ့ ဝမ်းနည်းဖွယ်ရာ အလှတရားတွေကို ဖျောက်ဖျက်ပစ်လိုက်တယ်။
ဒါပေမယ့်လည်း…သူက ပုံပြင်လေးအကြောင်း ဗီဒိုယိုကို starnet ပေါ်မှာ တင်လိုက်တုန်းပဲ။
သူလည်း ဒီလိုအဆုံးသတ်မျိုးကို သဘောကျတယ်။
ကုဝမ်ချန်က လင်းနျဉ် တစ်ယောက်တည်း အတွင်းစိတ်နှင့်အပြင်စိတ် သဘောထားကွဲလွဲနေတာကိုကြည့်ရင်း အကျယ်ကြီး ထရယ်လိုက်တယ်။
“လင်းနျဉ် မင်းက တကယ့်ကို ချစ်စရာကောင်းလောက်အောင် ထူးဆန်းတဲ့ကောင်ပဲ”
လင်းနျဉ် မျက်နှာက အနည်းငယ် လှုပ်ခတ်သွားရတယ်။
“မင်း ဘယ်အချိန်ကတည်းက စကားကို လီကျိုးရှင်းလိုမျိုး ပြောတတ်သွားတာလဲ?”
လူတွေက သူ့ကို ချစ်စရာကောင်းတယ်၊ ချစ်ချင်စဖွယ်ကောင်းတယ်လို့ ပြောနေကြပေမယ့် သူ့ရဲ့ ဘယ်နေရာကများ ချစ်စရာကောင်းနေတာလဲဆိုတာကို သူတကယ် မသိဘူး။
ပုံပြင်ဇာတ်သိမ်းကြောင့် စိတ်ကျေနပ်သွားကြတဲ့ ရေသူမလေးတွေက သူတို့ကို ပင်လယ်အောက်က ရှားပါးပင်လယ်စာတွေကို လက်ဆောင်ပေးခဲ့ကြတယ်။
လက်လတ်ဆတ်ဆတ်ဖမ်းထားခဲ့တဲ့ အဖိုးတန် ရှားပါးပင်လယ်စာ လက်ဆောင်တွေက ရေတွေ တစ်စက်စက်ကျနေခဲ့တုန်းပဲ။ သူတို့တွေ မထင်မှတ်ထားစွာနှင့် လက်ဆောင်ပေးလာတဲ့ အထဲမှာ မီးခိုးရောင် ပင်လယ်ငါးကြီးနှင့် ရစ်ပတ်ထားတဲ့ ရေကျောက်တုံး အခု ၅၀ လောက်ပါဝင်နေသေးတယ်။
ရေသူလေးတွေက လက်ဆောင်တွေက တကယ့်ကို အများကြီး ပေးလာခဲ့ကြတယ်။
ကျောင်းက ပေးအပ်လိုက်တဲ့ စစ်ဆင်ရေးကို အခုလို လျှင်မြန်လွယ်ကူစွာ ပြီးဆုံးသွားခဲ့ပြီ။
သူတို့အားလုံး ရေသူလေးတွေရဲ့ ရက်ရောစွာပေးကမ်းမှုအပေါ် ရှော့ရနေခဲ့ကြတယ်။ သူတို့တွေ လက်ထဲမှာ ပင်လယ်ထွက် ပစ္စည်းတွေကို တပွေ့တပိုက်နဲ့ သယ်ယူလိုက်ရင်း ယဉ်ကျေးစွာ ပြောလိုက်တယ်။
“လက်ဆောင်တွေက အရမ်းများလွန်းတယ်၊ ငါတို့တွေ လက်ခံရတာတောင် ရှက်မိနေပြီ”
ရေသူလေးတွေက ခေါင်းကိုစောင်းပြီး လူသားတွေကို စိတ်ဝင်စားတဲ့ မျက်လုံးတွေနဲ့ ကြည့်နေခဲ့ကြတယ်။ သူတို့က ဒီလိုမျိုး ကွေ့ဝိုက်ပြီးပြောတဲ့ ကျေးဇူးတင်စကားကို နားမလည်ကြတဲ့ပုံပဲ။
ဝဝကစ်ကစ်နဲ့ ချစ်စရာကောင်းတဲ့ရေသူထီးလေးက သူ့တို့ကို ထွက်မသွားစေချင်သေးတဲ့ ပုံစံမျိုးနဲ့ ပြောလာခဲ့တယ်။
“ကောကော၊ နောက်တစ်ခါကျရင် ပင်လယ်စုန်းကောကောနဲ့ ပတ်သတ်တဲ့ ပုံပြင်အများကြီးကို ပြောပြပါဦး နော်?”
သူရဲ့ ကြီးမားပြီး ပုလဲလို ဝိုင်းစက်နေတဲ့မျက်လုံးတွေက ပင်လယ်စုန်းကောကောနဲ့ ပတ်သတ်တဲ့ ပုံပြင်တွေကို နားထောင်ချင်တဲ့ မျှော်လင့်ချက်တွေ အပြည့်ရှိနေခဲ့တယ်။
ပင်လယ်စုန်းကောကောက အရမ်း အံ့ဩစရာကောင်းတယ်!
သူ အခုလို ကျိန်စာအတိုက်ခံရပြီး ပင်လယ်ရဲ့ အမှောင်မိုက်ဆုံးနေရာမှာ နေခဲ့ရတာတောင် အင်အားကြီးမားနေတုန်းပဲ!
သူက ရေသူမမင်းသမီးလေးလိုပဲ အံ့ဩစရာကောင်းတယ်!
လီကျိုးရှင်းက ခေါင်းညိတ်လိုက်ပြီးမှ သူလုပ်လိုက်မိတာနဲ့ ပတ်သတ်ပြီး ထူးဆန်းတဲ့ အပြစ်ရှိစိတ်ကို ခံစားမိနေခဲ့ရတယ်။