(36)Ganymede ဂြိုလ်မှ ပြန်လည်ထွက်ခွာခြင်း
လီကျိုးရှင်းတို့တွေ ရေသူလေးတွေကို နှုတ်ဆက်ပြီးတာနှင့် Ganymede ဂြိုလ်ထဲက ချက်ချင်းမပြန်ကြသေးဘဲ ဒီဂြိုလ်ပေါ်မှာ အရင်ဆုံး စားပွဲသောက်ပွဲကျင်းပပြီးမှသာ အပြန်ခရီးကိုစတင်ကြဖို့ ဆုံးဖြတ်လိုက်တယ်။
အာဟာရထုပ်တွေကလွဲပြီး တခြား ဘာတစ်ခုကိုမှ မစားသောက်ခဲ့ရတဲ့ သူတို့အတွက်တော့ ဒီလတ်လတ်ဆတ်ဆတ် ပင်လယ်စာတွေကို တွေ့လိုက်ရချိန်မှာ စားချင်စိတ်များ အလွန်များပြားလာခဲ့ပြီး လူတိုင်းရဲ့ ပါးစပ်ထဲမှာ သွားရည်တွေ အပြည့်ဖြစ်နေခဲ့ကြတယ်။
ဒီလိုနှင့် အဖွဲ့သားတွေအားလုံး သူတို့ရဲ့ အင်္ကျီလက်တွေကို ပင့်တင်လိုက်ကြပြီး ချက်ပြုတ်ဖို့ အသင့်ပြင်လိုက်ကြတယ်။
သေချာတာပေါ့။ သူတို့ လုပ်တဲ့အရာတွေကတော့ ဟင်းချက်ဖို့ လိုအပ်သမျှ ပစ္စည်းအကုန်လုံးက ကုဝမ်ချန်ရဲ့ရှေ့မှာ အဆင်သင့်ချပေးလိုက်တာပဲ။
ကောင်လေးတွေက မျက်နှာငယ်လေးတွေနဲ့ တောင်းဆိုလိုက်ကြတယ်။
“ဝမ်ချန် ငါတို့ ပင်လယ်စာအကင်လေး စားချင်တယ်~~”
ကုဝမ်ချန်တစ်ယောက် ဘယ်တုန်းကမှ အလွန်အမင်း မတက်ကြွခဲ့ဖူးဘူး။
သူက တခြားသူတွေ ဆေးကြောပေးထားတဲ့ ပင်လယ်စာတွေကို လှမ်းယူလိုက်ပြီး လင်းနျဉ်က သင်္ဘောပေါ်မှာ စားသောက်ဖို့အတွက် တက်ကြွစွာ ပြင်ဆင်နေတာကို ကြည့်လိုက်တယ်။
ရုတ်တရက်ကြီး သူ အရင်တုန်းကနှင့်စာရင် နည်းနည်းလောက် ပြောင်းလဲသွားတာကို သတိထားမိသွားခဲ့တယ်။
သူတစ်ခါမှ အခုလိုမျိုး သူငယ်ချင်းတွေနဲ့ ရင်းရင်းနှီးနှီး မနေခဲ့ဖူးဘူး။
ကုဝမ်ချန်အတွက် လက်တွဲဖော်တို့ သူငယ်ချင်းတို့ မလိုအပ်ခဲ့ဘူး။ သူ့ရဲ့ သူငယ်ချင်းဖြစ်နိုင်ဖို့လည်း ဘယ်သူကမှ အရည်အချင်းမပြည့်မှီခဲ့ဘူးလေ။ ဒါပေမယ့် သူလည်း ဘယ်တုန်းကမှ အထီးကျန်တယ်လို့ မခံစားခဲ့ရဖူးဘူး။
သူရဲ့ စိတ်စွမ်းအင်တွေနဲ့သာ ပျော်မွေ့နေခဲ့ပြီး တစ်ဦးတည်း သီးသန့် ခွဲထွက်ပြီးနေခဲ့တယ်။ ပြောရရင် တစ်ကောင်တည်းဖြစ်နေတဲ့ ဝံပုလွေလိုမျိုးပဲ။
ဒါပေမယ့် အခုချိန်မှာ သူ့ရဲ့ စိတ်စွမ်းအင်တွေက လျော့နည်းသွားလို့လား ၊ ဒါမှမဟုတ် Ganymede ရဲ့ စိတ်ကူးယဉ်ဆန်တဲ့ ရှုခင်းတွေကြောင့်လားတော့မသိပေမဲ့ သူ့ရဲ့ အေးခဲနေတဲ့ နှလုံးသားက နည်းနည်းလောက် အရည်ပျော်လာခဲ့တယ်။
ဆိုရရင် ကုဝမ်ချန်ကို အရင်တုန်းကနှင့်စာရင် နည်းနည်းချင်းစီ ပိုပြီး လူသားဆန်လာစေခဲ့သလိုပဲ။
လီကျိုးရှင်းက ခွါရခက်နေတဲ့ ကမာရဲ့အခွံကို ဖယ်ဖို့အတွက် သူ့ရဲ့ စိတ်စွမ်းအားကို နည်းနည်းလောက် ထုတ်သုံးလိုက်တယ်။
အခွံခွာပြီးသွားတဲ့ ပင်လယ်စာတွေက ပန်းရောင်ဖျော့ဖျော့လေး သန်းနေပြီးတော့ အလွန်အမင်းနူးညံ့တဲ့ပုံပဲ။ ကုဝမ်ချန် အတွေးထဲမှာနစ်မျောနေရာကနေ သတိပြန်ဝင်လာချိန်မှာ လီကျိုးရှင်းက ပင်လယ်စာတွေအကုန်လုံး ပြင်ဆင်လို့ပြီးသွားပြီဖြစ်ကာ အခွံထဲကိုတော့ ကုဝမ်ချန်ရှေ့က အမှိုက်ပုံထဲကိုတောင် ပစ်ပြီးနေပြီ။
ကုဝမ်ချန် လီကျိုးရှင်း လုပ်နေတာတွေကို ကြည့်ရင်း ရယ်မောလိုက်မိတယ်။
“မင်း ဘယ်နှစ်ခုလောက်တောင်စားနိုင်မှာမလို့လဲ? ဟမ်? အဆင့်တစ်လေး?”
လီကျိုးရှင်း သူ့ရဲ့ သွားဖြူဖြူလေးတွေ ပေါ်လာတဲ့အထိ ပြုံးလိုက်ပြီး အသံကို တမင်တကာမြင့်မားပြီးစူးရှစေရန် လုပ်ပြီး ပြောလိုက်တယ်။
“ဒီကလေးလေးကအခုထိ ကြီးထွားဆဲကာလဘဲ ရှိနေသေးတာလေ၊ ဝမ်ချန်ကောကော”
လီကျိုးရှင်းရဲ့လက်တွေက စိုစွတ်နေတုန်းဘဲဖြစ်ပြီး ပင်လယ်စာတွေကိုကိုင်ထားတာကြောင့် ညှီနံ့တွေစွဲနေခဲ့တယ်။ သူက သူ့ရဲ့လက်တွေကို ကုဝမ်ချန်ရဲ့ ရှေ့မှာ တဖြတ်ဖြတ် ခါရမ်းလိုက်ပြီးမှ ဇီဇာကြောင်တဲ့အမျိုးသမီးတစ်ယောက်လိုမျိုး လက်ကို ကနွဲ့ကလျခါထုတ်ကာ ပြောလိုက်တယ်။
“ဒီအသေးလေးက အစားအသောက်အရသာနဲ့ ပတ်သတ်ပြီး ချေးများလွန်းတဲ့အတွက် အများကြီး အများကြီး အရသာရှိအောင် ချက်ပေးရမယ်နော် ဟုတ်ပြီလား?”
ကုဝမ်ချန်တစ်ယောက် ကြက်သီးတွေတောင်ထသွားခဲ့ရပြီး ကပျာကယာ အနောက်ကို တစ်လှမ်းဆုတ်လိုက်တယ်။
“အဲလိုမျိုး မလုပ်စမ်းနဲ့ ၊ရုပ်ဆိုးလိုက်တာ”
သို့ပေမယ့် သူ အဲဒီစကားကိုပြောလိုက်ပြီးတဲ့နောက်မှာပဲ ထရယ်မိတော့တယ်။ သူရယ်လေလေ ပိုပြီး ရယ်ချင်စရာကောင်းတယ်လို့ ခံစားရလေလေပဲ။ နောက်ဆုံးတော့ အရယ်မရပ်နိုင်တော့တဲ့အတွက် မျက်နှာကို ဘေးတစ်ဖက်သို့လှည့်ကာ လက်နှင့် ကွယ်လိုက်ရတော့တယ်။
ကုဝမ်ချန်ရဲ့ ချောမောတဲ့မျက်နှာလေးက ရယ်မောလိုက်တဲ့အချိန်မှာ ဖြူစင်သန့်ရှင်းတဲ့အပြုံးရိပ်တွေနှင့်အတူ ပိုလို့တောင် လှပလာခဲ့တယ်။
ဒါဆို အဓိကဇာတ်ဆောင်ကလည်း အခုလိုမျိုး အထိန်းအကွပ်မဲ့စွာနှင့် ရယ်မောနေနိုင်တာပေါ့လေ။ သူက အရယ်မရပ်နိုင်ခဲ့တဲ့အတွက် ရှက်ရွံ့နေခဲ့ပြီး မျက်နှာကိုတောင် လက်နဲ့ကွယ်နဲ့ ကြိုးစားနေခဲ့တယ်။
နောက်ပြီး အသင်းဖော်တွေနဲ့လည်း ကလေးဆန်စွာ စနောက်ကြည်စယ် နေခဲ့တယ်…
သူက တကယ့်ကို ချစ်စရာကောင်းတာပဲ။
လီကျိုးရှင်း စိတ်ထဲကနေ တွေးလိုက်မိတယ်။
“ဒီကို ကြည့်ဦး!”
လင်းနျဉ်က ဘေးဘက်ကနေ လှမ်းအော်လာခဲ့တယ်။
ကုဝမ်ချန်တစ်ယောက် ဘာတွေဖြစ်နေလဲဆိုတာကို အာရုံမစိုက်လိုက်မိခင်မှာပဲ ကင်မရာက သူ့ရဲ့ ထိတ်လန့်နေတဲ့ မျက်နှာအမူအရာကို မှတ်တမ်းတင်ပြီးသွားပြီ။
လင်းနျဉ်က နှုတ်ခမ်းထောင့်တွေက အပေါ်ကိုကွေးညွတ်သွားပြီး ညစ်ကျယ်ကျယ်ပြုံးလာတယ်။ နောက်ဆုံးတော့ သူ့မှာ တစ်ဖက်လူကို ညစ်စရာ အကြောင်းအရာတစ်ခု ရှိသွားခဲ့ပြီ။
ကျိယွီက လင်းနျဉ်ပုခုံးပေါ်ကနေ ထိုပုံကို ကျော်ကြည့်လိုက်ပြီး ပြောလာတယ်။
“ငါ့ကိုလည်း ပို့ပေး”
ကုဝမ်ချန်နဲ့ ပတ်သတ်ပြီး ဒီလိုမျိုး ညစ်ချင်စရာ ကောင်းတဲ့ ပုံမျိုး သိပ်မရှိဘူး။ သူ့ရဲ့ ရုပ်ရည်က အမြဲတမ်း ပြည့်စုံ အပြစ်ကင်းနေတာကြောင့် ဘယ်ရှူထောင့်ကပဲရိုက်ပါစေ မော်ဒယ်ကောင်လေးတစ်ယောက်လို ဖြစ်နေတတ်တယ်။ သူတို့တွေ ကုဝမ်ချန်ရဲ့ ပုံရိပ်ဆိုးကို ဘယ်တုန်းမှ မရရှိခဲ့ဖူးဘူး။
အတိုပြောရရင် ဒီလိုမျိုးတခြားလူတွေ လိုက်မမှီနိုင်သလို ထင်ရတဲ့ လူမျိုးက လီကျိုးရှင်းထက်တောင် ပိုပြီး မကျေမနပ်ဖြစ်စရာကောင်းတယ်။
—အဆုံးမှာ လီကျိုးရှင်းရဲ့ ပုံဆိုးပန်းဆိုးပုံတွေက အလွယ်တကူ ရိုက်လို့ရနိုင်တယ်လေ။
ပင်လယ်စာတွေကို ထိုးထားတဲ့ သီတံတွေကို ချက်ပြုတ်ရန် ဖန်တီးထားတဲ့မီးပုံရဲ့ နံဘေးမှ သဲထဲမှာ ထိုးစိုက်ထားလိုက်ကြတယ်။ လင်းနျဉ်ကတော့ စွမ်းအင်ရဲ့ အဝင်အထွက်ကို ညှိရင်း အပူအဖြစ်ပြောင်းလဲပေးနေခဲ့တယ်။
စွမ်းအင်အရင်းအမြစ်အပေါ်မှာရှိတဲ့ လေတွေက အပူဓာတ်တွေကို ယူဆောင်လာပေးပြီး နွေးထွေးတဲ့ မီးပုံလေးဖြစ်အောင် လုပ်ဆောင်ပေးထားခဲ့တယ်။
ဟင်းခတ်အမွှေးအကြိုင်ချင်းတူညီစွာ အသုံးပြုထားတယ်ဆိုရင်တောင် တစ်ခြားသူတွေချက်တာထက် ကုဝမ်ချန်ချက်တာက ပိုပြီးအရသာတယ်။
ရှင်းယွမ့် အဖွဲ့ဝင်တွေအတွက်တော့ ကုဝမ်ချန်က နတ်ဘုရားအဆင့် စားဖိုမှုးကြီးတစ်ယောက်ပဲ။ ကုဝမ်ချန် အစားအသောက်အတွက် ပြင်ဆင်နေချိန်မှာ တစ်ဖွဲ့လုံးကတော့ ဘေးနားမှာ ထိုင်ပြီး ပင်လယ်စာတွေကိုကြည့်ရင်း သွားရည်ယိုနေခဲ့ကြတယ်။
“စားကောင်းမဲ့ပုံပဲ”
လီကျိုးရှင်းရဲ့ဘေးမှာရှိနေတဲ့သူက တံထွေးမျိုချရင်း သူ့ကို တံတောင်နဲ့တို့ကာ ပြောလာတယ်။
“အမ်…”
လီကျိုးရှင်းကလည်း ကုဝမ်ချန်ရဲ့ လက်တွေဆီက အကြည့်မခွာပဲ တံတောင်နဲ့ ပြန်ထိလိုက်တယ်။
“အရသာရှိမယ့်ပုံပဲ”
သူတို့ရဲ့ စိတ်အားထက်သန်မှုတွေကို မြင်လိုက်ရတော့ ကုဝမ်ချန်ဆီမှာ သူတို့ကို အနိုင်ကျင့်ချင်တဲ့ နှလုံးသား မရှိနိုင်တော့ဘူး။ ပင်လယ်စာအကင်တွေ မြန်မြန်ကျက်ဖို့ကိုသာ အစွမ်းကုန် အာရုံစိုက်ပြီးလုပ်ပေးခဲ့တော့တယ်။
နောက်ဆုံးတော့ ပင်လယ်စာတွေရဲ့ မွှေးပျံ့တဲ့ အနံ့က ပင်လယ်ပြင်ကြီးဆီကို ပျံ့နှံ့သွားခဲ့တယ်။ ရေသူလေးတွေက သူတို့ပေးထားတဲ့ လက်ဆောင်တွေကို ပြန်လာယူမှာကို ကာကွယ်ဖို့အတွက် ကောင်လေးတွေက အငွေ့တစ်ထောင်းထောင်းထနေတဲ့ ပင်လယ်စာတွေကို အငမ်းမရ ပါးစပ်ထဲသို့ ထည့်သွတ်ရင်း စားနေခဲ့ကြတယ်။
“အာ….အရမ်းကောင်းတာပဲ”
တစ်စုံတစ်ယောက်ကတော့ စားနေရင်းနဲ့ မျက်ရည်တောင်ဝဲလာခဲ့ရတယ်။
“ကုဝမ်ချန် မင်းက အရမ်းတော်တာပဲ!”
ရေသူမလေးတွေက အရမ်းကိုရက်ရောလွန်းတယ်။ သူတို့ကို ပေးလိုက်တဲ့ ပင်လယ်စာတွေက တစ်ခြားဂြိုလ်မှာ ရှာလို့တွေ့နိုင်မယ့်အရာမျိုးတွေ မဟုတ်ဘူး။ ရေသူမလေးတွေ ပေးလာတဲ့လက်ဆောင်ထဲက အများစုက ‘ငါးဖြူ’ လို့ခေါ်တဲ့ ခန္ဓာကိုယ် ရှည်ရှည်မျောမျော ငါးမျိုးစိတ်တွေပဲ။
ဒီငါးက အရိုးလုံးဝ မပါဘဲ ခန္ဓာကိုယ်တစ်ခုလုံးက အရသာရှိလွန်းကာ ထောပတ်လိုမျိုး နူးညံ့နေခဲ့တယ်။ သူ့ရဲ့ အသားကလည်း နူးညံ့ပြီး အရည်ရွှမ်းတယ်။ အသားကို တစ်ကိုက်ကိုက်လိုက်တိုင်း နူးညံ့လွန်းလို့ ဝါးစရာတောင်မလိုပဲ လျှာပေါ်မှာတင် အရည်ပျော်သွားတော့မလား ထင်ရတဲ့အထိပဲ။ အရသာရှိလွန်းလို့ လက်ချောင်းတွေကို စုပ်မိစေတယ်။
အတိုပြောရရင် ဒီလိုမျိုးပင်လယ်စာတွေက Ganymede မှာတောင်မှ ရှားပါးတဲ့အရာတွေပဲ။ တခြားနေရာတွေမှာဆိုရင်တော့ ပြောစရာတောင် မလိုတော့ဘူး။ ရေသူလေးတွေက တကယ်ကို အလွန်အမင်း သဘောကောင်းကြတာပဲ။
အစားအစာတွေ အများကြီး ရှိနေခဲ့တာတောင်မှ ဖွံ့ဖြိုးဆဲ လူငယ်ငါးယောက်အတွက်တော့ မလုံလောက်သေးဘူး။ သူတို့ရဲ့ ဆာလောင်နေမှုကို အရသာရှိတဲ့ အစားအစာတွေနဲ့ ဖြည့်တင်းပြီးနောက်မှာတော့ သူတို့ရဲ့ စွမ်းအင်တွေကို ပြန်ပြည့်ဖို့အတွက် အာဟာရအထုတ်တွေကို ထပ်မံစားလိုက်ကြတယ်။
အရသာရှိရှိ စားသောက်ပြီးတဲ့အခါမှာတော့ ကောင်လေးတွေက သက်သောင့်သက်သာရှိစွာနှင့် သဲသောင်ပြင်ပေါ်မှာ လှဲချလိုက်ကြတယ်။ သဲပြင်က အလွန်နူးညံ့လွန်းပြီး သူတွေ ပေါင်ဒါမှုန့်လေးတွေပေါ်မှာ လှဲအိပ်လိုက်သလိုမျိုးပဲ။ ဒါက နေရောင်ခြည် ကြောင့် နွေးထွေးနေတဲ့ ပင်လယ်ပြင်ထဲမှာ မျောလွင့်နေရသလိုမျိုးနှင့်လည်း တစ်နည်းနည်းအားဖြင့် တူညီတယ်။
တစ်နေကုန် အနားယူပြီးတဲ့နောက်မှာတော့ ကုဝမ်ချန် သူရဲ့ စိတ်စွမ်းအားတွေကို နည်းနည်းလောက်ပြန်လည်ထိန်းချုပ်နိုင်သွားပြီ။ NK-03 က သူ့ရဲ့စိတ်စွမ်းအားကို သာမန်လူတွေထက် ပိုခံနိုင်ရည်ရှိအောင် လုပ်ပေးထားခဲ့တယ်။
စိတ်စွမ်းအားတွေ အပ်ချည်ကြိုးအမျှင်လောက် ထွက်ပေါ်လာပြီးတာနှင့် သူ့ရဲ့ စိတ်စွမ်းအား ပြန်လည်ကုသမှုက လီကျိုးရှင်းထက် များစွာ မြန်ဆန်လာခဲ့တယ်။ သူ့ရဲ့ စိတ်စွမ်းအား အပြည့်အဝပြန်ဖြစ်ဖို့အတွက် အချိန်ဘယ်လောက်မှ ကြာတော့မှာမဟုတ်ဘူး။
ဂြိုလ်တစ်ခုလုံး ညအမှောင်ထဲသို့ နစ်မြှုပ်သွားတဲ့အချိန်မှာတော့ တစ်ဖွဲ့လုံး ထိုင်နေရာကနေ ထလိုက်ကြပြီး နေရာတစ်ခုလုံးကို အချိန်အကြာကြီး ငေးကြည့်နေခဲ့ကြပြီးမှ သင်္ဘောပေါ်ကို တန်းစီပြီး တက်လိုက်ကြတယ်။
“ငါတို့ ပြန်လာခဲ့မယ်”
သူတို့အားလုံး ရေသူလေးတွေ အရိပ်အမြွတ်မရှိလောက်အောင် ပျောက်ကွယ်သွားကြပြီဖြစ်တဲ့ ပင်လယ်နဲ့ ကမ်းခြေကြီးကို ကြည့်ကာ လက်တွေဝှေ့ရမ်းလိုက်ကြတယ်။
“နှုတ်ဆက်ပါတယ်!”
သူတို့ အာကာသယာဥ်ရဲ့တံခါးကို ပိတ်လိုက်ကြပြီးနောက် လင်းနျဉ်က ယာဉ်မောင်းထိုင်ခုံမှာ ဝင်ထိုင်လိုက်ပြီး သူတို့ရဲ့ ကျောင်းတော်ကို ပြန်ဖို့အတွက် Topia ရဲ့ ကိုဩဒိနတ်ကို စက်ထဲသို့ ရိုက်ထည့်လိုက်ကြတယ်။
သူတို့ ထွက်သွားတော့မယ်ဆိုတာ သိလိုက်လို့လား — ဒါမမဟုတ် အသားကင်နံ့ရလိုက်လို့လား ဘာကြောင့်လည်းတော့ မသိပေမဲ့ ရေသူလေးတွေက ရုတ်တရက် ရေမျက်နှာပြင်ပေါ်သို့ ပြန်တက်လာခဲ့ကြတယ်။ သူတို့ထဲမှာ ဝဝကစ်ကစ်နဲ့ ချစ်စရာကောင်းတဲ့ရေသူထီးလေးက ခရုခွံခပ်ကြီးကြီးတစ်ခုကို ကိုင်ဆောင်ထားခဲ့တယ်။
ခရုံခွံရဲ့ အရောင်က အပြာနုရောင်ဖြစ်ပြီး မသိရင် ရေခဲထုလုံးကို ခရုခွံပုံစံ ထွင်းထုထားတဲ့ အတိုင်းပဲ။
ရေသူထီးလေးက တစ်ခုခုအရေးတကြီး ပြောစရာရှိတဲ့အတိုင်း ခရုံခွံကို သူတို့ရှိရာဘက်ဆီသို့ဝှေ့ရမ်းပြနေခဲ့တယ်။
အာကာသယာဥ်ပေါ်မှာရှိနေတဲ့ လူတွေအကုန်လုံး နားမလည်နိုင်စွာနှင့် ရှုပ်ထွေးသွားခဲ့တယ်။ လီကျိုးရှင်းရဲ့ ထိုင်ခုံက တံခါးပေါက်နဲ့ အနီးဆုံးဖြစ်တဲ့အတွက် သူက တံခါးကို ပြန်ဖွင့်လိုက်ပြီး ပင်လယ်ထဲကို နောက်တစ်ခေါက် ခုန်ချလိုက်တယ်။
“ငါတို့ကို ပြောချင်တာ ရှိလို့လား?”
ရေသူထီးလေးက ခေါင်းကို တဆက်ဆက်ညိတ်ပြလာတယ်။ သူရဲ့ ပါးဖောင်းဖောင်းမျက်နှာလေးက လေးနက်နေခဲ့ပြီး လရောင်တွေကြောင့် တောက်ပနေတဲ့ မျက်လုံးတွေနဲ့ လီကျိုးရှင်းကို ကြည့်လာခဲ့ပြီး ခရုံခွံကို လှမ်းပေးလာခဲ့တယ်။
“ဒါက ကောကောအတွက်ပါ”
“ ဘာလို့ ကောကောကိုပေးတာလဲ?
လီကျိုးရှင်း ရေသူထီးလေးရဲ့ ချစ်စရာကောင်းမှုတွေကို တောင့်မခံနိုင်တော့ဘူး။ သူက ရေသူထီးလေးကို ငုံ့ကြည့်နေရင်းနှင့် ရေသူထီးလေးရဲ့ ကျောက်စမ်းရောင် ဆံပင်ကောက်ကောက်လေးတွေကို ပွတ်သပ်လိုက်တယ်။
“အကုန်လုံးထဲမှာ ကောကောက အချောဆုံးဖြစ်လို့ ကောကောကို ပေးတာလား?”
ရေသူထီးလေးက လီကျိုးရှင်းပြန်ပြောတဲ့စကားကို သဘောကျသွားပြီး ကြောင်ကလေးလိုမျိုး မျက်လုံးလေးတွေ တစ်ဝက်လောက် မှေးသွားတဲ့ထိ ရယ်မောလိုက်တယ်။
“သားက ဒါကို ကောကောကို ပေးလိုက်မယ်ဆိုရင် နောက်တစ်ခေါက်ကျရင် ကောကော သားကို ပုံပြင်တွေအများကြီးပြောပြလို့ရတာပေါ့~”
လီကျိုးရှင်း သူပြောတာကို သိပ်ပြီး နားမလည်လိုက်ဘူး။ သို့ပေမဲ့ သူပြန်မမေးလိုက်ရသေးခင်မှာပဲ ရေသူထီးလေးက သူ့ရဲ့ဝဝကစ်ကစ်အမြှီးလေးကို ပင်လယ်ရေမျက်နှာပြင်ကို ရိုက်ခတ်ပြီး ရေအောက်ထဲ ပြန်ဝင်သွားခဲ့ပြီ။
ဒါကြောင့် လီကျိုးရှင်းလည်း ခရုခွံကိုပိုက်ကာ သင်္ဘောဆီကိုဘဲ ပြန်လာခဲ့လိုက်တယ်။ ခရုံခွံက ရေခဲပန်းပုပုံစံ ထွင်းထုထားပေမယ့် ကိုင်ကြည့်လိုက်တဲ့အခါမှာ လုံးဝမအေးနေခဲ့ဘူး။
တကယ်တော့ ပုံစံက အရည်အသွေးမှီ ကျောက်စိမ်းနဲ့တောင် တူနေသေးတယ်။ ခရုခွံတစ်ခုလုံးကို အနုပညာဆန်ဆန် အသေးစိတ်ကျကျ လှလှပပ ထွင်းထုထားသလိုပဲ။
တစ်ဖွဲ့လုံးက ခရုံခွံအကြောင်းကို အရမ်းကို စိတ်ဝင်စားနေကြတယ်။ သူတို့တွေ ရေသူလေးတွေရဲ့ ဖော်ရွေမှုနဲ့ ရက်ရောမှုကို နောက်တစ်ခေါက်ထပ်ပြီး အံ့ဩရပြန်တယ်။ Ganymede ကို လာရတဲ့ ခရီးက အရမ်းကို တန်လွန်းတယ်မဟုတ်ဘူးလား။
အာကာသယာဥ်ရဲ့ အင်ဂျင်တွေက အလျင်အမြန်စတင်ခဲ့ပြီး သူတို့ကို ဒီလှပတဲ့ဂြိုလ်ကနေ အဝေးကို ခေါ်ဆောင်သွားခဲ့တယ်။
သူတို့တွေ အာကာသယာဥ်ကို အလိုအလျောက် ထိန်းချုပ်မှုအဖြစ်ပြောင်းလဲကာ စစ်ဆင်ရေးကို ကျောင်းရဲ့ Starnet ကနေတစ်ဆင့် အစီရင်ခံလိုက်ကြပြီး အချက်အလက်မှာ အိမ်အပြန်လမ်းဆိုတာကို ရွေးချယ်လိုက်ကြတယ်။ “ရေအရင်းအမြစ်ကျောက်တုံး” လို့ရေးထားတဲ့ အောက်မှာတော့ ‘50’ ဆိုတဲ့နံပါတ်ကို ဖြည့်လိုက်ကြတယ်။
သူတို့အနေနဲ့ စစ်ဆင်ရေးမှသတ်မှတ်ထားတဲ့ ပမာဏထက် အများကြီးပိုရလာခဲ့တာကြောင့် စစ်ဆင်ရေး အောင်မြင်မှုအတွက် စိတ်လှုပ်ရှားနေခဲ့ကြတယ်။ ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် စကားပြောဆိုရင်း ပျော်ရွှင်စရာ အပြန်လမ်းခရီးဖြစ်ခဲ့တယ်။
ဒါ့အပြင် သူတို့တွေက လီကျိုးရှင်းဆီကနေ ပိုင်ထုန်ရဲ့ Starnet ID ကိုမေးဖို့ကိုလည်း လုံးဝ မမေ့ခဲ့ကြဘူး။
လီကျိုးရှင်း: “ကျောင်းကိုပြန်ရောက်တဲ့အချိန် မင်းတို့ကို ပေးမယ်”
သူတို့အခုမှ အိမ်ပြန်လမ်းရဲ့ တစ်ဝက်ပဲရှိသေးတယ်လေ။ ဘာလို့များ ဒီကောင်တွေက မိန်းကလေးတွေနဲ့ ဖလစ်ဖို့ကိုပဲ တွေးနေကြတာလဲ?
“ဒါဆို မင်းငါတို့ကို နောက်ထပ် ပုံပြင်တစ်ပုဒ်ပြောပြပါလား?”
ရှီနန်က အနည်းငယ် ပျင်းရိလာသလို့ ခံစားခဲ့ရတာကြောင့် လီကျိုးရှင်းဆီကို လှမ်းပြောလိုက်တယ်။
“နောက်တစ်ပုဒ်လောက် ပြောပြစမ်းပါ”
ရှီနန်ရဲ့ စကားကြောင့် ကုဝမ်ချန်တောင်မှ လီကျိုးရှင်းကို မျှော်လင့်တကြီး ကြည့်လာတယ်။
လီကျိုးရှင်း ညစ်ကျယ်ကျယ် ပြုံးလိုက်လေတယ်။
“ကောင်းပြီလေ”
လီကျိုးရှင်း သူတို့ကို ဘယ်ပုံပြင်ကိုပြောပြရင် ကောင်းမလဲလို့ တွေးတောရင်း ပြတင်းပေါက်ကနေ အပြင်ဘက်က ရှုခင်းတွေကို လှမ်းကြည့်လိုက်ချိန်မှာ ရုတ်တရက် သူ့ရဲ့ စိတ်စွမ်းအားကနေတဆင့် အာကာသသင်္ဘောကြီးတစ်စီးက သူတို့ရဲ့အနားကို ချဉ်းကပ်လာတာကို တွေ့လိုက်ရလေတယ်။
သင်္ဘောကြီးရဲ့ထိပ်ပိုင်းမှာ အနီရောင်ဦးခေါင်းခွံ ခပ်ကြီးကြီးတစ်ခုကို တပ်ဆင်ထားတယ်။ ဒီလိုကြောက်မက်ဖွယ် ဦးခေါင်းခွံကြီးနဲ့ အလှဆင်ထားတဲ့ မြင်ကွင်းက သူတို့ကို ထိတ်လန့်သွားစေတယ်။
ဦးခေါင်းခွံနီ ပင်လယ်ဓားပြတွေပဲ။
…ဖာခ့်!
လီကျိုးရှင်း ကျိယွီဆီကို လှမ်းကြည့်လိုက်မိပြီး ရုတ်တရက်ကြီး ခေါင်းကိုက်လာသလိုတောင် ခံစားလိုက်ရတယ်။
စစ်ဆင်ရေးက အလွယ်လေးပဲ တဲ့လား? သူတို့တွေ နှစ်ရက်အတွင်းတောင်ပြန်ရောက်နိုင်တယ်တဲ့လား?
… လီကျိုးရှင်း အဲဒီကျိယွီရဲ့ စကားကိုကြားရပြီးကတည်းက ဒီလိုဖြစ်လာလိမ့်မယ်ဆိုတာကို ရိပ်မိပြီးသား။ပဲ!
နောက်ဆုံးတော့ စာရေးသူပေးတဲ့ “လက်ဆောင်” က သူမပြောသလိုမျိုး ယုံကြည်နေလောက်စရာ ဖြစ်မနေဖို့ကိုပဲ လီကျိုးရှင်း မျှော်လင့်လိုက်တော့တယ်။
သူ အလိုမရှိဆုံးအရာကတော့ စာရေးသူရဲ့ “လက်ဆောင်” ဆိုတာက အခုအချိန်ပေါ်လာပြီး ဒီရှုပ်ထွေးနေတဲ့ အခြေအနေကြီးကို ပိုပြီးရှုပ်ထွေးသွားအောင် မလုပ်ဖို့ဘဲ။
စာရေးသူ ပြောစရာရှိပါတယ်:
ဓားပြတွေရဲ့ သင်္ဘောပေါ်တွင် —
ပင်လယ်ဓားပြတွေအားလုံးက လီကျိုးရှင်းကို ကြည့်လိုက်ပြီး အချင်းချင်း သဘောတူတဲ့ ပုံစံမျိုးနဲ့ ခေါင်းညိတ်လိုက်ကြတယ်။
“ဟုတ်ပြီ ဒီကောင်လေးက ပင်လယ်ဓားပြဖြစ်ဖို့ အရည်အချင်းရှိမယ့်ပုံပဲ၊ သူ့ကို ငါ့ရဲ့လက်အောက်ငယ်သားအဖြစ် လိုချင်တယ်!”
“မရဘူး မရဘူး မရဘူး! သူ့ကို ငါ့လက်အောက်မှာ ထားမှာ!”
“မင်းက ငါ့အဖွဲ့သားက လုယူဖို့အတွက်တောင် သတ္တိရှိနေတယ်ပေါ့?”
လီကျိုးရှင်း : (— _ — ‘)