Ch 37
Viewers 3k

(37)ပင်လယ်ဓားပြသာလျှင် တခြားပင်လယ်ဓားပြတွေနဲ့ ညှိနှိုင်းမှု ပြုလုပ်နိုင်တယ် 


အနီရောင်အရိုးခေါင်းက သိသိသာသာကို အန္တရာယ်အငွေ့အသက်တွေနဲ့ လွှမ်းမိုးထားခဲ့တယ်။ သင်္ဘောကြီးက တစ်ဖြည်းဖြည်းနဲ့ သူတို့ဆီကို ချဉ်းကပ်လာခဲ့တာကြောင့် သိပ်မကြာခင်အချိန်မှာပဲ သူတို့အားလုံး ထိုသင်္ဘောကြီးကို တွေ့လိုက်ရလေတယ်။ 


ကုဝမ်ချန်ရဲ့ မျက်လုံးတွေက ရုတ်တရက်ကျဉ်းမြောင်းသွားပြီး အေးစက်လွန်းတဲ့အသံနဲ့ ပြောလာတယ်။


“အချိန်နေရာခုန်ကူးမှုကိုသုံးလိုက်တော့!” 


သူရဲ့ အသံကြောင့် တခြားသူတွေလည်း လျှင်မြန်စွာနှင့်အသိစိတ်ပြန်ဝင်လာကြတယ်။


“မြန်မြန်လေး” 


လင်းနျဉ်ရဲ့ လက်တွေက အာကာသယာဥ်ရဲ့ထိန်းချုပ်ရေး ခလုတ်တွေအပေါ်မှာ လျှင်မြန်လွန်းတဲ့အရှိန်နှင့် လှုပ်ရှားနေခဲ့တယ်။ အာကာသယာဥ်ကို ညွှန်ကြားချက်တွေ ပေးနေတဲ့အချိန်မှာလည်း သူ့ရဲ့အသံတွေက တည်ငြိမ်နေခဲ့တယ်။


“ပစ်မှတ်တည်နေရာ Topia၊ အချိန်နေရာခုန်ကူးခြင်း စတင်ပါတော့မယ် 3,2…” 


သို့ပေမယ့် ဦးခေါင်းခွံနီပင်လယ်ဓားပြသင်္ဘောဆီမှ ပစ်လွှတ်ထုတ်လိုက်တဲ့ အားပြင်းပြင်း အမြောက်ဆံက သူတို့ နေရာအချိန်ခုန်ကူးမဲ့ အချိန်မှာဘဲ ကွက်တိဝင်ရောက်လာတယ်။


အမြောက်နဲ့ အပစ်ခံလိုက်ရပြီးချိန်မှာတော့ သူတို့ရဲ့ အာကာသယာဥ်အသေးလေးက ဓားပြတွေရဲ့ သင်္ဘောကြီးနဲ့ ကပ်လျက်သားဖြစ်သွားခဲ့ပြီး လီကျိုးရှင်းတို့အဖွဲ့သားတွေအားလုံး တစ်ခဏအတွင်း အဝိုင်းခံလိုက်ရတော့တယ်။ 


သူတို့ရဲ့ အာကာသယာဥ်ပြတင်းပေါက်မှာလည်း လက်နက်တွေအများကြီးနှင့် သူတို့ဆီကို ချိန်ရွယ်ထားတာကို တွေ့လိုက်ရတယ်။


ဓားပြတွေရဲ့ နက်မှောင်နေတဲ့ သေနတ်ပြောင်းတွေကို ရွှေရောင်စွမ်းအင်တွေနဲ့ အားဖြည့်ထားပြီး သူတို့နည်းနည်းလေး လှုပ်ရှားလိုက်တာနဲ့ ပစ်ဖို့ အဆင်သင့်ဖြစ်နေသလိုမျိုး လက်နတ်တွေနဲ့ ချိန်ထားခဲ့ကြတယ်။ 


“ကောင်လေးတွေ” 


အာကာသပင်လယ်ဓားပြတွေက သူတို့ရဲ့ ဆက်သွယ်ရေး အချက်ပြမှုတွေကို အကုန်လုံးကို ဖြတ်ပစ်လိုက်ကြတယ်။ 


ထိုခဏမှာဘဲ အလွန်မောက်မာပြီး ပျင်းရိနေပုံရတဲ့ အသံတစ်ခုက အာကာသယာဥ်ရဲ့ အသံထုတ်လွှင့်စက်နေတစ်ဆင့် ထွက်လာခဲ့တယ်။


“ရူးကြောင်ကြောင်နဲ့ အသုံးမဝင်တဲ့အရာတွေ လုပ်ဖို့ တွေးမနေကြနဲ့” 


အာကာသထဲမှာတော့ အလွန်အမင်း တိတ်ဆိတ်သွားခဲ့တယ်။ လီကျိုးရှင်းတို့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး လက်နက်ချခြင်းအတွက် အချက်ပြခလုတ်ကို နှိပ်လိုက်ဖို့အတွက် လူတိုင်း သဘောတူခဲ့ကြတယ်။ 


တစ်ချိန်တည်းမှာပဲ ချန်ယန်အကယ်ဒမီကလည်း သူတို့ရဲ့အာကာသယာဥ်ရှိနေတဲ့ နေရာရဲ့ တည်နေရာအချက်ပြမှုနှင့် အကူညီတောင်းခံတဲ့ အချက်ပြမှုကို အရေးပေါ်လက်ခံရရှိလိုက်လေတယ်။ 


သူတို့တစ်ဖွဲ့လုံးက အပေါ်ယံမှာ အေးဆေးတည်ငြိမ်နေတဲ့ပုံပေါက်နေပေမဲ့  အခုလို လက်နက်ချလိုက်ရတဲ့အတွက် သူတို့ရဲ့စိတ်နှလုံးထဲမှာ ဒေါသတွေက တစ်မြိုက်မြိုက်နဲ့ လောင်ကျွမ်းနေခဲ့တယ်။ 


သူတို့တွေ ဒီလိုမျိုး အရှုံးမပေးချင်ပေမဲ့လည်း လက်ရှိမှာ ဒီနည်းလမ်းကသာ  အကောင်းဆုံးနဲ့ ဒီအခြေအနေက အသက်ရှင်လျက်လွတ်မြောက်နိုင်လောက်မယ့် တစ်ခုတည်းသော ရွေးချယ်မှုဖြစ်နေခဲ့တယ်။ 


စစ်သားတစ်ယောက်ရဲ့ စံနှုန်းကို လက်ကိုင်ထားတဲ့ စစ်တက္ကသိုလ်ရဲ့ ကျောင်းသားတွေအတွက်တော့ သူ့တို့ရဲ့ အရှက်ရမှုနဲ့ မချင့်မကဲဖြစ်မှုတွေက ဖြောင့်မတ်တဲ့ ဒေါသတွေအဖြစ်နဲ့ ဓားပြတွေဆီကို ဦးတည်သွားခဲ့တယ်။ 


သူတို့ကို ဝိုင်းရံထားကြတဲ့ ဓားပြတွေကတော့ စိတ်မရှည်ကြတော့ဘူး။ မတိုင်ခင်မှာဘဲ ဓားပြတွေရဲ့ စောင့်ကြည့်နေကြတဲ့ မျက်လုံးတွေအောက်ကနေ သူတို့ညွှန်ပြတဲ့ လမ်းအတိုင်း ဦးခေါင်းခွံနီပင်လယ်ဓားပြသင်္ဘောကြီးပေါ်ကို တက်ခိုင်းလာကြတယ်။ 


“ဒီဘက်ကို ဆင်းလာခဲ့” 


ခန္ဓာကိုယ်အသွင်အပြင်နဲ့ လိုက်ဖက်တဲ့ တိုက်ခိုက်ရေးဝတ်စုံကို ဝတ်ဆင်ထားတဲ့ ကြွက်သားအပြည့်နဲ့ လူကြီးတစ်ယောက်က  သင်္ဘောရဲ့ ပြတင်းပေါက်နားမှာ ရပ်နေပြီး သူတို့ဆီကို လှောင်ပြုံးတစ်ချက်နှင့် ပြောလာခဲ့တယ်။


“ငါတို့ရဲ့ ဦးခေါင်းခွံနီကြယ်တာရာပင်လယ်ဓားပြအဖွဲ့က ညီအစ်ကိုတွေအားလုံးက မင်းတို့ကို ကောင်းကောင်းဆက်ဆံကြမှာပါ” 


ကောင်လေးတွေက သူတို့အာကာသယာဥ်ထဲကနေ ထွက်လာခဲ့ကြတယ်။


သို့ပေမယ့် သူတို့တွေအားလုံးက နည်းနည်းလောက်တောင်မှ ထိတ်လန့်တုန်လှုပ်နေတဲ့ အရိပ်အယောင်တွေမပြခဲ့ဘူး။ ဒါက ဓားပြတွေကို  အနည်းငယ် စိတ်ပျက်သွားစေခဲ့ပြီး  “ကျစ်” ခနဲ  စုတ်သတ်လိုက်တယ်။ 


ပင်လယ်ဓားပြတွေက သူတို့မှာရှိနေတဲ့ ဆက်သွယ်ရေး ကိရိယာတွေအားလုံးကို အလျှင်အမြန်ရှာဖွေကာ  ဖယ်ရှားလိုက်ကြတယ်။ 


“ဒီတစ်ယောက်ဆီမှာ အများကြီးရှိနေတာပဲ”


ကြယ်တာရာဓားပြထဲက တစ်ယောက်က လင်းနျဉ်ရဲ့ ခန္ဓာကိုယ်ကို စကင်ဖတ်နေရင်း အံ့ဩစွာနဲ့ အော်ဟစ်လိုက်တယ်။


“သောက်ကျိုးနည်း!  ဒီကောင်ရဲ့ ကိုယ်ပေါ်မှာ ဆက်သွယ်ရေးကိရိယာ အခုသုံးဆယ်ကျော်လောက်တောင်  ရှိတယ်” 


လင်းနျဉ်က  သူ့ဆီမှ ဆက်သွယ်ရေးကိရိယာတွေကို ဖယ်ထုတ်နေတာကို ငြိမ်သက်စွာ လက်ခံနေခဲ့ရာမှ အေးတိအေးစက်အကြည့်နဲ့ ဓားပြတွေကို ကြည့်လိုက်လေတယ်။


လင်းနျဉ်က လီကျိုးရှင်းရဲ့ ဘေးမှာရှိနေခဲ့တယ်။ ဒါကြောင့် လီကျိုးရှင်း သူ့ရဲ့အနားကို မသိမသာတိုးကပ်ပြီး တီးတိုးသတိပေးလိုက်ရတယ်။ 


“သေသေချာချာ မစဉ်းစားရသေးခင်မှာ ဆုံးဖြတ်ချက်မချနဲ့ဦး”


လီကျိုးရှင်းရဲ့ စကားကြောင့် လင်းနျဉ်တစ်ယောက် အလွန်ဒေါသထွက်နေရာကနေ အသိပြန်ဝင်လာတယ်။ သူရဲ့မျက်လုံးတွေက အောက်ဘက်ကို ငုံ့စိုက်ပြီး သူ့ရဲ့ အနှစ်ခြိုက်ဆုံးသော ဆက်သွယ်ရေးကိရိယာလေးကို ကြယ်တာရာဓားပြတွေ ဖယ်ထုတ်သွားတာကို ကြည့်နေခဲ့တယ်။


ဓားပြတွေက နှစ်ယောက် ၊သုံးယောက်အုပ်စုလိုက် ဘေးနားမှာ ရပ်နေခဲ့ကြပြီး လူငယ်လေးတွေကို အမျိုးမျိုး သရော်နေတဲ့ မျက်နှာပေးတွေနဲ့ ကြည့်နေခဲ့ကြတယ်။ 


ထို့အတူ ရိုင်းစိုင်းစော်ကားတဲ့ စကားလုံးတွေနဲ့ ပြောနေခဲ့သူတွေလည်း ရှိနေခဲ့တယ်။


“ဒီဖြူစွတ်ပြီး ပျော့ညံ့နေတဲ့ ကျောင်းသားတွေကို ကြည့်လိုက်ပါဦး၊ ဒီကောင်တွေက ဟိုတလောက ငါတို့ရဲ့ အဖွဲ့ဝင်ကို ဖမ်းခဲ့တာတဲ့လား?” 


“အဲဒီကောင်တွေက တော်တော်ကြီး အသုံးမကျတာပဲ၊ သူတို့ကြောင့် ငါတို့ရဲ့ ကြယ်တာရာပင်လယ်ဓားပြသိက္ခာကို ကျဆင်းစေတယ်၊ ဒီလိုမျိုး ချန်ယန်ရဲ့ ဘာမဟုတ်တဲ့ကောင်တွေဆီကနေ သူတို့ အဖမ်းခံလိုက်ရတာကို ငါတကယ် မယုံနိုင်ဘူး၊


တကယ်လို့ သူသာအသက်ရှင်ပြီး ပြန်ရောက်လာခဲ့ရင်လည်း ငါတို့ ဦးခေါင်းခွံနီ ကြယ်တာရာဓားပြတွေကို ဂုဏ်သိက္ခာကျဆင်းစေတဲ့အတွက် သတ်ပစ်လိုက်မှာပဲ” 


“ကောင်းပြီ ၊ သူ ပြန်လာဖို့ကိုတော့ မမျှော်လင့်နေနဲ့တော့၊  သူက ဘယ်နည်းနဲ့မှ ပြန်ရောက်မလာနိုင်တော့ဘူး ၊ သူက ငါတို့ကို အရှက်ရအောင်လုပ်ခဲ့ပေမယ့် အနည်းဆုံးတော့ သူ့ရဲ့ ပိုင်ဆိုင်မှုတွေကို ငါတို့ ရလိုက်တာပဲလေ ဟားဟားဟား” 


ကုဝမ်ချန်ရဲ့ ထက်မြတ်ပြီး ကြည်ရှင်းနေတဲ့ မျက်လုံးတွေက ဓားပြတွေရဲ့ သင်္ဘောတစ်ခုလုံးကို ဝှေ့ဝိုက်သွားခဲ့ပြီး နေရာတိုင်းကို ကြည့်ရှုခဲ့တယ်။ 


သူ့ရဲ့မျက်လုံးတွေက ဒီလိုအခြေအနေမျိုးကို ကြုံတွေ့နေကျဖြစ်နေသလိုမျိုး စိတ်လှုပ်ရှားတာမျိုး၊  ကြောက်ရွံနေတာ လုံးဝ မရှိနေခဲ့ဘူး။ 


ကျယ်ပြန့်လှတဲ့ စကြာဝဠာကြီးထဲမှာ ကျင်လည်ကျက်စားနေကြတဲ့ ပင်လယ်ဓားပြတွေက စစ်တပ်နဲ့ စစ်တက္ကသိုလ်ရဲ့ ကျောင်းသားတွေအတွက်တော့ အမုန်းတီးရဆုံးရန်သူပဲ။ 


ပင်လယ်ဓားပြတွေက စစ်တက္ကသိုလ်ရဲ့ ကျောင်းသားတွေအားလုံးကို အပေါ်စီးနေ ကဲ့ရဲ့ရှုံ့ချပြီး ဝေဖန်နေကြပေမဲ့ ထူးဆန်းတာက လီကျိုးရှင်းနဲ့ ပတ်သတ်ပြီး ဘာတစ်ခုကိုမှ မကောင်းမပြောခဲ့ကြဘူး။


ပြောရရင် ဒီပင်လယ်ဓားပြတွေက လီကျိုးရှင်းအကြောင်းကို မသိမသာ ရှောင်ကွင်းနေခဲ့ကြတယ်။ သူတို့ကိုယ်တိုင်တောင် ဒါကို သတိထားမိမှာမဟုတ်ဘူး။ ဒါပေမဲ့  လီကျိုးရှင်းကတော့ ဒါကို  သေချာပေါက် သတိထားမိနေခဲ့တယ်။ 


လီကျိုးရှင်း သူ့ရဲ့ဘေးဘက်မှ  ဒေါသထွက်နေတဲ့စိတ်ကို အတင်းချိုးနှိမ်ထားရတဲ့ အသင်းဖော်တွေကို ကြည့်လိုက်တယ်။ ပြီးနောက် ကုဝမ်ချန်ရဲ့ မျက်နှာပေါ်မှ အပြုံးတုကိုလည်း လှမ်းကြည့်လိုက်သေးတယ်။ 


ဒီအခိုက်အတန့်မှာ လီကျိုးရှင်း ကျိုးကြောင်းမစီလျော်စွာနှင့် အနည်းငယ် ရယ်ချင်စိတ်ပေါက်လာရတယ်။ 


ဓားပြတွေက သူတို့ရဲ့ကိုယ်ပေါ်က ဆက်သွယ်ရေးကိရိယာတွေကို သေသေချာချာ စစ်ဆေးဖယ်ရှားပြီးသွားတော့ သူတို့ကို အလင်းရောင် မှုန်ပြပြသာရှိတဲ့ စင်္ကြန်လမ်းကို ခေါ်သွားခဲ့ကြတယ်။ ရှေ့ဆုံးကနေ သွားနေတဲ့ ပင်လယ်ဓားပြက စင်္ကြန်လမ်းအဆုံးမှာရှိတဲ့ အခန်းတံခါးကို ခေါက်လိုက်လေတယ်။


“ခေါင်းဆောင် သူတို့ရောက်နေပါပြီ” 


မကြာခင်မှာပဲ တံခါးပွင့်သွားခဲ့ပြီး အထဲဘက်မှ မျက်လုံးတွေကွေးနေအောင် ပြုံးရယ်နေခဲ့တဲ့ ရွှေရောင်ဆံပင်နဲ့ လူငယ်တစ်ယောက်ကို သူတို့တွေ့လိုက်ရလေတယ်။ 


“မင်းတို့ ရောက်လာတာ တော်တော်မြန်သားပဲ” 


ထိုလူငယ်လေးက ကြည့်ကောင်းပြီး လန်းလန်းဆန်းဆန်းရှိကာ ဖော်ရွေတဲ့ပုံစံပေါက်ပေမယ့် ပင်လယ်ဓားပြတွေအားလုံးက သူ့ကို အတော်လေးကြောက်ရွံ့နေတဲ့ပုံရပြီး ရိုရိုသေသေ လေးလေးစားစား ဆက်ဆံကြတယ်။


“ခေါင်းဆောင်၊ သူတို့အားလုံးရောက်နေပါပြီ သူတို့က Vagorဂြိုလ်မှာတုန်းက လောင်ထန်ကို ဖမ်းခဲ့ကြတဲ့ ကောင်တွေပါ” 


ရွှေရောင်ဆံပင်နဲ့ လူငယ်လေးက ပြုံးပြီး ခေါင်းညိတ်လိုက်တယ်။ 


“တော်တယ်” 


သတင်းတင်ပြတဲ့ ပင်လယ်ဓားပြက အံ့ဩသွားသလိုရှိပြီး ပြန်လည်ပြုံးပြကာ အလျင်အမြန် လှည့်ထွက်သွားခဲ့တယ်။ 


“ငါ့ရဲ့ ဧည့်သည်တော်တွေ” 


ဖာစီက ခေါင်းညွတ်ကာ သူတို့ကို ဖိတ်ခေါ်ကြိုဆိုတဲ့အမူအရာပြလိုက်ပြီး အခန်းထဲကို ဝင်လာကြဖို့အတွက် လက်ဟန်ပြရင်းခေါ်လိုက်တယ်။


လှုပ်ရှားမှုတစ်ခုစီတိုင်းက ကျက်သရေရှိပြီး ဖတ်စာအုပ်ထဲမှာ သရုပ်ဖော်ထားတဲ့အတိုင်း တိကျမှုရှိနေခဲ့တယ်။


“မရှက်ကြပါနဲ့၊ အခုလို ရိုင်းစိုင်းတဲ့ နည်းလမ်းနဲ့ ဖိတ်ခေါ်ရတဲ့အတွက်လည်း ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်၊ ဒီမှာ သက်သောင့်သက်သာဖြစ်အောင် နေကြပါ” 


ဖာစီက ပြုံးလေလေ လီကျိုးရှင်းတို့အကုန်လုံး သတိထားနေလေလေပဲ။ 


အဆုံးမှာတော့ ဒီအခန်းထဲကို ဝင်လာကတည်းက သူတို့တွေ အဆုံးဆိုးအရာတွေအထိပါ ကြိုတင်ပြီး ပြင်ဆင်ထားခဲ့ကြပြီ။ 


သူတို့ ဖြတ်လျှောက်ခဲ့ကြတဲ့ မှောင်မှောင်မည်းမည်း စင်္ကြန်လမ်းနဲ့ မတူဘဲ အခန်းထဲမှာတော့ မီးအလင်းရောင်နဲ့ ထိန်လင်းနေခဲ့တယ်။


အခန်းရဲ့ထောင့်မှာ နီညိုရောင် စားပွဲနဲ့ ထိုင်ခုံတစ်လုံးစီ ရှိတယ်။ အခန်းရဲ့ အထူးခြားဆုံးအချက်က နံရံပေါ်မှာ ဦးခေါင်းခွံနီပုံ ထွင်းထုထားတာပဲ။ 


အခန်းထောင့်ရဲ့ စားပွဲမှာတော့ သန်မာထွားကျိုင်းတဲ့ လူတစ်ယောက်ရပ်နေခဲ့တယ်။ သူရဲ့ ပုံစံက ထက်မြတ်ပြီး ခြိမ်းခြောက်နိုင်တဲ့ပုံစံလည်းရှိတယ်။


သူ့ရဲ့ ဦးခေါင်းထိပ်ကနေ မေးစေ့အထိ ကြီးမားများပြားတဲ့ အမာရွတ်တွေက သူ့ရဲ့ပုံစံကို ပိုပြီး ကြောက်စရာကောင်းအောင် ပံ့ပိုးပေးထားခဲ့တယ်။ 


လီကျိုးရှင်းတို့တွေ အခန်းထဲကို ဝင်လာတော့ ထိုလူက သူ့ရဲ့ သေနတ်ပြောင်းကို သုတ်နေရင်းနှင့် မော့ကြည့်ခဲ့တယ်။ 


ပြီးနောက် အန္တရာယ်အငွေ့အသက်တွေ အများကြီး ပါဝင်နေတဲ့ အသံနဲ့ ပြောလာခဲ့တယ်။


“သူတို့ထဲက တစ်ယောက်လား? မင်းပြောပြောနေတဲ့ မာနကြီးပြီးမောက်မာတဲ့ တစ်ယောက်ဆိုတာ?” 


ဖာစီ: “ဟုတ်တယ်၊ အံ့ဩစရာကောင်းတယ်မလား?” 


“မင်း ကောင်းကောင်းကိုင်တွယ်နိုင်လိမ့်မယ်လို့ ယုံကြည်တယ်” 


ဦးခေါင်းခွံနီဓားပြအဖွဲ့ရဲ့ ကပ္ပတိန်က နည်းနည်းလောက်တောင်မှ မတွန့်ဆုတ်နေဘဲ သူတို့ရဲ့ ကံကြမ္မာကို အဆုံးအဖြတ်ပေးခဲ့တယ်။


“ငါ့သင်္ဘောပေါ်မှာ အရှက်ရစရာကိစ္စမျိုး ထပ်မဖြစ်ချင်ဘူး” 


“စိတ်မပူပါနဲ့” 


ဖာစီ ပြုံးလိုက်တယ်။ 


“ကျွန်တော် ကောင်းကောင်း ကိုင်တွယ်လိုက်ပါ့မယ်”