(39)မတွေ့တာကြာပြီ ၊ ငါ့ရဲ့အချစ်ကလေး
အယ်ဖရက်ထ် စိတ်ထဲမှာ အလွန်အမင်း ထူးဆန်းနေသလို ခံစားနေရတယ်။
သူက ထိုလူငယ်လေးကို သူ့အနားသို့လာဖို့ခေါ်လိုက်တဲ့လူဖြစ်ပြီး ထိုလူငယ်လေးကလည်း သူခေါ်လိုက်တဲ့အတိုင်း သူ့အနားကိုရောက်လာတယ်ဆိုပေမဲ့ လီကျိုးရှင်းရဲ့ မျက်နှာအမူအရာတွေက အယ်ဖရက်ထ်ကို စိတ်အနှောက်အယှက်ပေးနေသလို ခံစားရတယ်။
အယ်လ်ဖရက်ထ်ရဲ့ ပုံံစံက အေးစက်ပြီး သန်မာတဲ့ ယောက်ျားတစ်ယောက်ရဲ့ အသွင်အပြင်ရှိတယ်။
ဒီအချိန်မှာတော့ အယ်လ်ဖရက်ထ်က လီကျိုးရှင်းကို သံသယရှိတဲ့ မျက်လုံးနဲ့ အပေါ်အောက် ကြည့်နေခဲ့တယ်။
သူ့ရဲ့ မျက်ခုံးကနေ မေးရိုးအထိ ဖြတ်ထားတဲ့ အမာရွတ်က သူ့ရဲ့ ကြောက်မက်ဖွယ်ရာ အရှိန်အဝါကို ပိုတိုးစေခဲ့တယ်။ နောက်ပြီး သူ့ရဲ့ ခန္ဓာကိုယ်က ကြွက်သားတွေကလည်း ပေါက်ကွဲထွက်တော့မလိုထင်ရလောက်အောင်ကြီးမားနေခဲ့တယ်။
လီကျိုးရှင်းရဲ့ အမူအရာက အလွန်တည်ငြိမ်အေးဆေးနေတဲ့အမူအရာရှိနေတာကြောင့် အယ်ဖရက်ထ်က ရိုးရိုးရှင်းရှင်းပဲ မေးမြန်းလိုက်တယ်။
“ငါ့ကို မင်းတို့ အဲဒီအမှိုက်ကောင်ကို ဘယ်လိုဖမ်းခဲ့တာလဲဆိုတဲ့အကြောင်းကို အစအဆုံးပြောပြရင် မင်းကို အသက်ရှင်ဖို့ အခွင့်အရေးပေးမယ်”
သူ့က စကားရဲ့အဆုံးသတ်မှာ သတိပေးချက် ထည့်ပြောလိုက်တယ်။
“... ကောင်းကောင်းပြောပြစမ်း ကောင်လေး”
“အဲဒါက ဒီလောက်ထိ ခက်ခဲနေလို့လား?”
လီကျိုးရှင်း ကြက်သွေးရောင် စားပွဲပေါ်ကို တက်ထိုင်လိုက်ပြီး ကောင်းကင်ပေါ်မှာ တောက်ပနေတဲ့ ကြယ်တွေလို မျက်လုံးတွေနဲ့ အယ်ဖရက်ထ်ကို စိုက်ကြည့်လိုက်လေတယ်။
“သူက အမှိုက်ပဲလေ၊ ငါတို့က အမှိုက်ကို ကောက်ယူ ဖမ်းဆီးလိုက်တယ်၊ ဒီကိစ္စနဲ့ ပတ်သတ်ပြီး ဘာကိုပြောပြစရာရှိနေသေးလို့လဲ”
ရူးသွပ်နေတာပဲ! အလွန်အမင်းရူးသွပ်လွန်းတယ်!
ဖာစီ ကျစ်တစ်ချက် စုတ်သပ်လိုက်တယ်။ ဒီကောင်လေးက အယ်လ်ဖရက်ထ်နဲ့ အခုလို ရဲရဲတင်းတင်း စကားပြောနိုင်ဖို့အတွက် သတ္တိကို ဘယ်ကနေများ ရှာတွေ့ခဲ့လဲဆိုတာ သူ သိချင်မိတယ်။
အယ်ဖရက်ထ်က လီကျိုးရှင်းကို နက်ရှိုင်းစွာ စိုက်ကြည့်လိုက်တယ်။ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်က သူ့ကို အလွန်သဘာဝကျစွာ ကြည့်နေခဲ့ပြီး မျက်ခုံးတွေကိုတောင် ပင့်ထားသေးတယ်။
သူ့ရဲ့ ချောမောတဲ့မျက်နှာက အသက်အရွယ်နဲ့ ကိုက်ညီမှုရှိစွာ ငယ်ရွယ်နှပျိုမှုတွေ ထင်ဟပ်နေခဲ့တယ်။
သူက ဆက်ပြောလာခဲ့သေးတယ်။
“ဘာလို့လဲ ငါပြောတာ မှားနေလို့လား?”
ဦးခေါင်းခွံနီပင်လယ်ဓားပြ ခေါင်းဆောင်ရဲ့ အကြည့်တွေက ဘေးတစ်ဖက်ကို ရွှေ့သွားခဲ့တယ်။
“ဖာစီ ငါ့ကို ပြောစမ်း၊ မင်း အစတုန်းက သူတို့နဲ့ ပတ်သတ်ပြီး ဘယ်လိုလုပ်ဖို့ တွေးထားတာလဲ”
“နည်းလမ်းတွေ အများကြီး ရှိတာပေါ့”
ဖာစီ ပြုံးလိုက်တယ်။
“ကျွန်တော်တို့ရဲ့ သင်္ဘောပေါ်မှာ အာဟာရဓာတ်ကောင်းကောင်းမရတာ ကြာပြီဖြစ်တဲ့ အပင်လေးတွေ ရှိတယ်လေ၊ သူတို့က သက်ရှိတွေရဲ့ ရိုးတွင်းချင်ဆီကို စုပ်ယူရတာကြိုက်ကြတယ်လေ၊
ဆိုတော့ ဒီကောင်လေးတွေရဲ့ ရိုးတွင်းချင်းဆီကို အပင်တွေရဲ့ အာဟာရအတွက် ယူထားပြီးတော့ သူတို့ရဲ့ အရိုးတွေကိုတော့ အာကာသသင်္ဘာရဲ့ အောက်ဘက် ဝမ်းဗိုက်ထဲမှာ ထည့်မွေးထားတဲ့ ကျွန်တော်တို့ရဲ့ အိမ်မွေးတိရိစ္ဆာန်တွေအတွက် သူတို့ရဲ့ အစာစားချင်စိတ်ကိုဖြည့်ဆည်းဖို့ ပစ်ထုတ်ပြီး ချကျွေးလိုက်လို့ ရတယ်”
လူတိုင်း သိကြတဲ့အတိုင်း အာကာသ ပင်လယ်ဓားပြတွေက ကြောက်စရာကောင်းလွန်းတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အပင်တွေ တိရိစ္ဆာန်တွေ မွေးရတာကို ကြိုက်ကြတယ်။
ဒါက သူတို့ကို ပိုပြီး ရက်စက်ကြမ်းကြုတ်သလိုထင်စေရပြီး လူတိုင်းကို ရှိန်စေတယ်လို့ ခံစားကြရတယ်။
လီကျိုးရှင်း မျက်မှောင်ကြုတ်လိုက်ပြီး သူ့ရဲ့လက်ကို ပြန်ရုတ်သိမ်းလိုက်ကာ ဖြောင့်မတ်စွာ မတ်တပ်ထရပ်လိုက်တယ်။
“မင်းဘာလိုချင်လို့လဲ?”
“ငါ့ရဲ့အဖွဲ့မှာ ဝင်လိုက် ကောင်လေး”
အယ်လ်ဖရက်ထ် ဖျက်လိုဖျက်စီးနိုင်စွာ ပြုံးလိုက်တယ်။
“မင်းရဲ့ စစ်တက္ကသိုလ်က ရူးပေါပေါကျောင်းသားဘဝကို စွန့်ပစ်ပြီး ငါ့ရဲ့ ဆက်ခံသူအဖြစ် ဝင်လာခဲ့လိုက်၊ ငါမင်းကို အရမ်းသဘောကျတယ်”
ကုဝမ်ချန်က နှုတ်ခမ်းထောင့်တွေက သရော်လှောင်ပြောင်လိုစွာ ပြုံးလိုက်တယ်။
ဒါပေမဲ့ သူ့ရဲ့ တုန့်ပြန်မှုက အတော်လေး သေးငယ်တယ်လို့ ဆိုနိုင်တယ်။
ဘာလို့လဲဆိုတော့ သူ့ဘေးနားမှာ ရှိနေတဲ့ အဖွဲ့သားတွေက ဘယ်လိုမှ သည်းမခံနိုင်တော့တဲ့ ပုံစံပေါက်နေခဲ့ပြီ ဖြစ်လို့ပဲ။ ဒီအခြေအနေက သူတို့ သည်းခံနိုင်တဲ့အခြေအနေအပေါ် အလွန်အမင်း ကျော်လွန်နေခဲ့ပြီ။
အဖွဲ့ထဲမှ အမြဲတမ်းခေါင်းအေးအေးနှင့် ရှိနေတတ်တဲ့ ကျိယွီ နဲ့ လင်းနျဉ်တောင်မှ ငြိမ်မခံနိုင်တော့ဘူး။
“မင်းရဲ့ အတွေးကတော့ အတော်လေး လှပလွန်းနေတာပဲ”
ကုဝမ်ချန်အနေနဲ့ ဒီလိုအခြေအနေမျိုးထဲမှာ ပထမဆုံး သည်းမခံနေဘဲ ထုတ်ဖော်ပြောလိုက်မိတဲ့လူက သူကိုယ်တိုင် ဖြစ်လာလိမ့်မယ့်လို့ တစ်ကြိမ်တစ်ခါမှ မတွေးတောမိခဲ့ဘူး။
သူ့ရဲ့ အမူအရာကတော့ ဘာမှ မပြောင်းလဲပေမယ့် လေသံကတော့ ပုံမှန်ထက် ပိုပြီး အားကောင်းနေခဲ့တယ်။
“ပင်လယ်ဓားပြတွေ”
ဖာစီ ချက်ချင်းပဲ ကုဝမ်ချန်ဘက်ကို လှည့်ကြည့်လိုက်တယ်။ သူ့ရဲ့ အံ့ဩသွားတဲ့ အရိပ်အယောင်တွေရှိနေတဲ့ မျက်လုံးတွေကို မဖုံးကွယ်လိုက်နိုင်ဘူး။
သူ့အနေနဲ့ ဒီကောင်လေး ရူးများရူးသွားတာလားလို့ ခဏလောက် တွေးထင်လိုက်ပေမယ့် ကြည့်ရတာ သတ္တိရှိလွန်းနေတာ ဖြစ်တဲ့ပုံပဲ။
အယ်လ်ဖရက်ထ်ကတော့ ကုဝမ်ချန်ရဲ့ အသံကို ကြားလိုက်ရတယ်ဆိုရင်ပဲ လွန်ခဲ့တဲ့ သုံးနှစ်တုန်းက ဆရာသခင်အဆင့်ရှိတဲ့တစ်စုံတစ်ယောက်သောသူပြောခဲ့တဲ့ စကားသံကို ပြန်လည် ကြားယောင်သွားခဲ့တယ်။
“မင်းက တကယ်ကိုသတ္တိကောင်းလွန်းနေတာပဲ အယ်ထ်ဖရက်ထ်”
ဒါက အယ်လ်ဖရက်ထ်အတွက်တော့ ဘယ်တော့မှ မမေ့ပျောက်နိုင်တဲ့ မှတ်ဥာဏ်ပဲ။
ဖာစီ တိတ်တဆိတ်အကဲခတ်ကာ ငြိမ်သက်နေခဲ့တယ်။ သူ့ရဲ့အတွေးထဲမှာတော့ ထိုလူငယ်လေးရဲ့ အလောင်းကို လိုက်ကောက်ရတော့မှာဖြစ်ကြောင်း သတ်မှတ်ပြီးထားပြီ။
ဒါပေမယ့် ရုတ်တရက်ပဲ ဒါက အလောင်းတွေ လိုက်ကောက်ရမဲ့ ကိစ္စမဟုတ်ဘူးဆိုတာကို သဘောပေါက်လိုက်တယ်။
“သူက ဘာအတွက်ကြောင့် မင်းတို့ရဲ့ ပင်လယ်ဓားပြအဖွဲ့ထဲကို ဝင်ရမှာလဲ?”
လင်းနျဉ် လှောင်ရယ်လိုက်ပြီး သူ့ရဲ့ အဆိပ်ပြင်းတဲ့ လျှာကို ထုတ်ဖော်ပြောလိုက်တယ်။
“မင်းတို့တွေဆီမှာ ထွက်ပြေးတဲ့နေရာမှာကျွမ်းကျင်တဲ့ အရည်အချင်းရှိလို့ သူက အားကျပြီးဝင်ရမှာလား ?”
“ဟားဟားဟား”
ရှီနန်က တခြားလူတွေ မကြားမှာကိုစိုးရိမ်တဲ့အလား ချဲ့ကားတဲ့လေသံ အကျယ်ကြီးကို အော်ရယ်လိုက်တယ်။
ကျိယွီ အဖွဲ့သားတွေအားလုံးကို သူနောက်မှာထားပြီး အရှေ့ကိုထွက်ရပ်လိုက်ကာ လီကျိုးရှင်းကို လက်ယက်ခေါ်လိုက်တယ်။
“ကျိုးရှင်း၊ ဒီကိုလာခဲ့”
အခုလေးတင် အာကာသပင်လယ်ဓားပြတွေက အင်ပါယာရဲ့စစ်တပ်၊ အင်ပါယာရဲ့အကယ်ဒမီနှင့် အင်ပါယာရဲ့ပြည်သူတွေကို ရွံ့ရှာစက်စုတ်ဖွယ်စကားတွေ ပြောနေခဲ့တယ်။
ဒါက သူတို့တွေ ဒီ ပင်လယ်ဓားပြတွေအပေါ် ရွံ့ရှာမှုတွေ ပိုတိုးလာခဲ့ပြီး ပိုပြီး မုန်းတီးလာအောင် ဖန်တီးနေခဲ့သလိုပဲ။
သူတို့ Vagor မှာ ရှိနေတုန်းကလည်း ထိုပင်လယ်ဓားပြခေါင်းဆောင်က လီကျိုးရှင်းကို ဒီအတိုင်းပဲ ပြောခဲ့တယ်။ သူတို့တွေ လူတွေအပေါ် စော်ကားတဲ့ပုံစံကို တစ်ခြားပုံစံမျိုး မပြောင်းနိုင်ကြဘူးလား?
ဒီငတုံးတွေကတော့ အခုထိ စိတ်ကူးယဉ်လို့ ကောင်းနေကြတုန်းပဲ။
အယ်လ်ဖရက်ထ်က ထိုင်နေရာကနေ ဒေါသတကြီး ထရပ်လိုက်တာကြောင့် သူ့ရဲ့ ထိုင်ခုံက ကြမ်းပြင်ပေါ်ကို ကျယ်လောင်စွာ လဲကျသွားခဲ့တယ်။
ဒါပေမယ့် သူနောက်ထပ် လှုပ်ရှားမှုတစ်ခု ထပ်မလုပ်ရသေးခင်မှာဘဲ သူ့ရဲ့လည်ပင်းကို ထူးဆန်းတဲ့ ဓားသွားတစ်ခုလို စိတ်စွမ်းအင်တစ်ခုနဲ့ ဖိနှိပ်လိုက်တာကို ခံစားလိုက်ရလေတယ်။
သူ ခေါင်းငုံ့ကြည့်လိုက်တော့ သူ့ရဲ့လည်ပင်းနားမှာ ရစ်ပတ်ထားတဲ့ ငွေရောင်အလင်းတန်းတွေကို တွေ့လိုက်ရတယ်။
“အိုး”
အရုတ်တရက် သဘောပေါက်တယ်။
“ဆိုတော့ မင်းက စိတ်စွမ်းအင်ကို ပုံသဏ္ဍာန်ပြောင်းလဲပြီး သုံးနိုင်တယ်ပေါ့လေ”
“ဒီအမြန်နှုန်းက အတော်လေး အားကောင်းတာပဲ”
ဖာစီ သက်ပြင်းချလိုက်ပြီး သူ့ရဲ့ ကပ္ပတိန်ဆီကို အပြုံးတစ်ခုနှင့် လှမ်းပြောလိုက်တယ်။
“ကပ္ပတိန်၊ ကပ္ပတိန်ရဲ့ အာရုံခံနိုင်စွမ်းက ကျွန်တော်တို့ထက် အမြဲတမ်းပိုကောင်းနေခဲ့တာပဲ”
အယ်လ်ဖရက်ထ်ရဲ့ မတိုင်ခင်တုန်းက ဝုန်းတိုင်းကျဲချင်နေတဲ့ ဒေါသတွေက ပျောက်ကွယသွားခဲ့ပြီ။
သူက လီကျိုးရှင်းရဲ့ စိတ်စွမ်းအားတွေက သူ့ကို အန္တရာယ်ပြုမှာကို မပူပန်တဲ့ပုံစံနဲ့ ရယ်မောလာခဲ့လေတယ်။
“မင်းရဲ့ သတ္တိကတော့ တကယ်ချီးကျူးစရာပဲ”
ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီးတဲ့ နောက်မှာ လီကျိုးရှင်း သက်ပြင်းတစ်ချက်ချလိုက်ပြီး စိတ်တည်ငြိမ်နေအောင် လုပ်လိုက်တယ်။
“မင်းက ငါ့ကို မင်းရဲ့အဖွဲ့ထဲကို ဝင်စေချင်တယ်လို့ ပြောခဲ့တယ်မလား၊ ဒါဆို ငါ့ကို စဉ်းစားဖို့အတွက် အချိန်တစ်ရက်ပေးရမယ်၊ ပြီးတော့ ငါသူတို့နဲ့ ဆွေးနွေးဖို့လည်း လိုသေးတယ်”
လီကျိုးရှင်းရဲ့ စိတ်စွမ်းအင်က အယ်လ်ဖရက်ထ်ရဲ့ လည်ပင်းနားမှာ ငြိမ်သက်စွာ ရပ်တန့်နေတယ်။
ဆယ်ကျော်သက်အရွယ် ကောင်လေးတစ်ယောက်က သူ့ရဲ့ စွမ်းအားတွေကို အခုလိုမျိုး ထိန်းချုပ်နေနိုင်တာက အံ့ဩစရာကောင်းပြီး သူ့ရဲ့ စိတ်ဓာတ် ကြံ့ခိုင်မှုကိုလည်း မြင်နေရတယ်။
ဒါက အယ်လ်ဖရက်ထ်ကို စိတ်ကျေနပ်သွားစေပြီး သူ့ရဲ့ မျက်ခုံးတွေကလည်း ပြေလျော့သွားခဲ့လေတယ်။
သူက လီကျိုးရှင်းရဲ့ တောင်းဆိုချက်ကို ကျေကျေနပ်နပ်ကြီး သဘောတူပေးလိုက်တယ်။
“ကောင်းပြီ၊ ဖာစီ သူ့တို့ကို အပြင်ခေါ်ထုတ်သွားပြီး တစ်ရက်လောက် ချုပ်နှောင်ထားလိုက်”
သူတို့ကို အခန်းထဲကို ခေါ်ထုက်သွားပေမယ့် ကုဝမ်ချန်က အပြင်ကို မရောက်ခင်မှာ အခန်းထဲကို တစ်ခေါက်ပြန်လှည့်ကြည့်လိုက်တယ်။
ဒီအခိုက်မှာ အယ်လ်ဖရက်ခ်ရဲ့ စူးရှနေတဲ့ မျက်လုံးတွေက အရမ်းကို စိတ်ကျေနပ်နေတဲ့ ပုံစံမျိုးနဲ့ လီကျိုးရှင်းရဲ့ နောက်ကျောကိုပဲ စိုက်ကြည့်နေခဲ့လေတယ်။
ကုဝမ်ချန်က သူ့မျက်နှာကို အရှေ့ပြန်လှည့်လိုက်ပြီး သူ့အဖွဲ့သားတွေဆီကို တည်ငြိမ်စွာ ပြန်ကြည့်လိုက်တယ်။
မှောင်ပျပျဖြစ်နေတဲ့ စင်္ကြန်လမ်းမှာ ဖာစီက သူတို့ကို ဆက်တိုက် ချီးမွှန်းခန်းဖွင့်နေပြီး သူတို့ဘေးက ဖြတ်သွားသမျှ ပင်လယ်ဓားပြတိုင်းကလည်း ရပ်တန့်ကာ သူ့ကိုနှုတ်ဆက်ပြီး အရိုအသေပေးသွားခဲ့ကြတယ်။
“ခေါင်းဆောင်”
“ခေါင်းဆောင် ဖာစီ”
ဦးခေါင်းခွံနီ ပင်လယ်ဓားပြသင်္ဘောက အတော်လေးကြီးပေမယ့် ဖာစီက သူတို့ကို လမ်းကြာကြာမလျှောက်ခိုင်းဘဲ မကြာခင်မှာပဲ သူတို့ကို အပိတ်ခံရမယ့် အခန်းကို ရောက်လာခဲ့တယ်။
သူက တံခါးကို မပိတ်ခင် အဓိပ္ပါယ်အပြည့်ပါတဲ့ စကားကို ပြောလာခဲ့တယ်။
“မင်းတို့ (24)နာရီလုံး အပြည့်နေနိုင်ဖို့ မျှော်လင့်ပါတယ်”
အခန်းတံခါးက လုံးဝပိတ်သွားခဲ့ပြီ။