Chapter 91 (Extra )
လက်ထောက်
မိနစ်အနည်းငယ်အကြာတွင် ချန်းချင်းယန်က ဝေ့ပေါ်ပိုစ့်အသစ်တစ်ခုကို တင်ပေးခဲ့သည်။
[ ဒီစာရေးသူက ဟိုင်ဇီကို အတုယူဖို့ ဆုံးဖြတ်လိုက်ပါပြီ...]
စာဖတ်သူများ:( ဟိုင်ဇီကို အတုယူမယ်... ဘာလို့လဲ... အိပ်ရာထဲမှာ လဲနေချင်လို့လား... မအိပ်ခင် ဒီဇာတ်လမ်းကိုတော့ အပြီးသတ်သွားပါဦးလို့...)
ထိုကိစ္စများ အားလုံး၏ တရားခံမှာကား လီယန်၏ ရင်ခွင်ထဲတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပေသည်။
အမှန်တကယ်တွင် မော့ကျန်း လီယန်၏ ပိုစ့်ကို forward လုပ်လိုက်ခြင်းမှာ စိတ်လိုက်မာန်ပါ လုပ်ခဲ့ခြင်းသာ ဖြစ်သည်။ ထိုအချိန်၌ သူ့ခန္ဓါကိုယ်အတွင်းရှိ ဆဲလ်များအားလုံးက ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။ သူက ကမ္ဘာကြီး တစ်ခုလုံးကို ထိုလူက သူနှင့် ဆက်နွယ်သွားခဲ့ပြီဟု သိစေချင်ရုံသာ....
ဒီလိုကိစ္စလေးက အင်တာနက်တစ်ခွင်ကို ပွက်လောရိုက်သွားလိမ့်မယ်လို့ ဘယ်သူက တွေးမိမှာလဲလို့... ကွမ်းရမ်လို သေနတ်အောက်မှာ လဲနေရတဲ့ အပြစ်ကင်း လူသားတွေ အများကြီးအပေါ်ကိုတောင် သက်ရောက်သွားသေးတယ်...
သို့သော်ငြား သူနောင်တမရ။
သူတို့က ချစ်သူတွေ ဖြစ်ပြီးတော့ အနာဂါတ်မှာလည်း ခင်ပွန်းနဲ့ ဇနီး ဖြစ်လာလိမ့်မယ်... သူကတော့ ခိုးကြောင် ခိုးဝှက် လုပ်မနေချင်ပါဘူး...
မီဒီယာနှင့်ဖန်များက အလွန် ပြင်းထန်သော တုံ့ပြန်မှုများ ရှိနေပြီး ထိုကိစ္စအပေါ် အလွန် အာရုံစိုက်နေကြသော်လည်း သူက အင်တာတိန်းမန့်လောက၏ သဘောသဘာဝကို ကောင်းကောင်းသိနေသည်။ သူတို့၏ အာရုံများက အခြားတစ်နေရာသို့ ရောက်သွားပြီး ဆက်လက်မြည်ကြွေးကာ သူတို့၏ ဘဝကို ဆက်လက် ရှင်သန် ကြသည်အထိ အချိန် သိပ်ကြာလိမ့်မည် မဟုတ်ပေ။
သူလုပ်ရန် လိုအပ်နေသည်က လူတိုင်း၏ အာရုံစိုက်မှုများ အခြားအရာများအပေါ် ရောက်နေကြစဥ်တွင် လီယန်ကို ကာကွယ်ရန် ဖြစ်သည်။
ဖန်များ ရူးသွပ်နေကြသည့်အချိန်တွင် သူတို့က အမှန်တကယ်ပင် မည်သည့်အရာကိုမဆို လုပ်နိုင်ကြသဖြင့် သူ့လက်ထပ်ပွဲကို ရုတ်တရက် ကြေညာလိုက်ပြီး လက်ထပ်ရမည့်နေ့အထိ စောင့်မနေချင်။ ဖန်များက ထိုရက်စက်လှသည့် အမှန်တရားကို ဖြည်းဖြည်းချင်း လက်ခံသွားနိုင်ရန် သူမျှော်လင့်သည်။
သူတို့၏ ဆက်ဆံရေးကို ကြေညာလိုက်သည့် နေ့ကတည်းက လီယန်ကို အိမ်ထဲမှာသာ နေရန် ကန့်သတ်ထားသည်မှာ တစ်ပတ်ရှိလေပြီ။ သရဲကျောင်းမှာ လွန်ခဲ့သော သုံးရက်ကတည်းက အပြီးသတ်သွားသဖြင့် လတ်တလောတွင် မော့ကျန်းမှာ ရိုက်ကူးရန် ရိုက်ကွက်တစ်ခုမှ မရှိတော့၍ အလုပ် ပိုလွယ်သွားခဲ့သည်။ အနည်းဆုံးတော့ ညအချိန်များတွင် သူ အိမ်မှာပဲ နေ၍ ရလေပြီ။
သို့သော်လည်း လီယန်မှာ သူ့ကို ဇာတ်ကား အသစ် မြန်မြန် ယူစေချင်ပြီး အိမ်ပြန်မလာခင် ညဥ့်နက်သည်အထိ ရိုက်ကူးရေး လုပ်စေချင်နေသည်။ 'ဒီနည်းနဲ့ဆို... သေချာပေါက် သူ ငါ့ကို မရပ်မနား အနှောက်အယှက်ပေးဖို့ အားကျန်တော့မှာ မဟုတ်လောက်ဘူး...'
သူမ ထိုသူ့ကို မမုန်းပါသော်လည်း တောင့်မခံနိုင်တော့ပါပေ။
"ဘာတွေ စဥ်းစားနေတာလဲ" မော့ကျန်းက သူ့ရှေ့မှ လူသားလေးကို ဖက်ကာ မျက်လုံးများ ပိတ်ထားပြီး သူမ၏ ဆံပင်လေးများကို ပွတ်တိုက်နေသည်။ ထိုရနံ့ဖျော့ဖျော့လေးက ထိုသူ့အား သူမကို အထူးတလှယ် ချစ်ခင်မြတ်နိုးသွားစေပုံပင်။
လီယန်က လှည့်ကာ သူမ၏ ဘေးတွင် လဲလျောင်းနေသူကို ကြည့်လိုက်သည်။
"ကျွန်မ စဥ်းစားနေတာ... ရှင်က ဘာလို့များ ကိုယ့်ကိုယ်ကို အနာတရ ဖြစ်ဖို့ကိုပဲ အာရုံစိုက်ထားနေတာလဲလို့လေ... ဧကရာဇ်မော့"
မော့ကျန်းက မျက်လုံးများကို ပိတ်ထားဆဲ ဖြစ်သော်လည်း ခပ်သော့သော့ ရယ်မောလိုက်သည်။ "ကိုယ်လည်း မတတ်နိုင်ဘူးလေ... ဘာလုပ်သင့်လဲ"
သူလည်း မရှက်ဘဲ မနေနိုင်...
လီယန်၏ နှလုံးသားက ဖျတ်လတ်မှုများ ပြည့်နေပါသော်လည်း ပို၍ ကြံ့ခိုင်သန်စွမ်းသည့် ဧကရာဇ်မော့၏ ရှေ့တွင် သူမက သိုးငယ်လေး တစ်ကောင်သာ။
"ဒါဆို ကျွန်မ အပေါ်မှာ နေမယ်လေ"
မော့ကျန်းက သူမကို အံ့အားသင့်စွာ ကြည့်လာခဲ့ပြီး ခေါင်းငြိမ့်ပြလိုက်သည်။
"ရတာပေါ့"
'ခဏလေး နေပါဦး... ဒီလို လွယ်လွယ်နဲ့ လက်ခံပေးလိုက်တာ ကြံစည်ထားတဲ့ တစ်ခုခု ရှိနေလို့လား...'
"ဒါဆို အခုပဲ အဲ့မှာ နေခွင့် ပြုပေးမယ်လေ"
မူးဝေသွားသော ကာလလေး ပြီးသွားသည့်နောက် လီယန်လေးမှာ ဝမ်းနည်းကြေကွဲဖွယ် သိရှိလိုက်ရသည်က... သူမက ဒီလိုအပေါ်မျိုး ပြောတာ မဟုတ်ဘူးလို့...
လေ့ကျင့်ခန်း လုပ်ပြီးနောက် ဧကရာဇ်မော့က အဆုံးတွင် အနည်းငယ် ပင်ပန်းသွားခဲ့လေသည်။ သူက အိပ်ချင်မူးတူး ဖြစ်နေသော လီယန်ကို ကြည့်ကာ နူးနူးညံ့ညံ့ ပြောလိုက်သည်။
"နောက်တစ်ပတ်ကျရင် TOMATO မဂ္ဂဇင်းရဲ့ ဆောင်းဦးရာသီ ဝတ်စုံ အတွဲအသစ်တွေကို စပြီး ရိုက်ကူးတော့မယ်... အယ်ဒီတာကျိုးက မင်း မော်ဒယ်တွေကို လာပြီး ကြည့်ချင်ရဲ့လားလို့ မေးနေတယ်"
"ကောင်းပြီလေ" လီယန်က မျက်လုံး မဖွင့်ချင်တော့။ သူမ၏ အဖြေက အဖြေတစ်လုံးတည်းသာ သုံး၍ ဖြေထားခြင်း ဖြစ်သည်။
"ဝတ်စုံ သုံးစုံပဲ ရိုက်ရမှာ... သူတို့ရဲ့ ထိပ်တန်း မော်ဒယ်တွေ အတိုင်းပဲ မင်းကို ပေးချေမယ်တဲ့... မင်း သွားချင်လား"
မော့ကျန်း၏ အသံက နက်ရှိုင်းပြီး သားချော့တေးလေးလို သာယာနာပျော်ဖွယ် ကောင်းလှသည်။ လီယန်၏ မျက်ခုံးများ တွန့်ချိုးသွားပြီး သူမ၏ မျက်လုံးများ ပွင့်လာရန် အတော်လေး အားစိုက်ထုတ်လိုက်ရလေသည်။ "ဘာလို့ ကျွန်မကို ခေါ်တာလဲ"
"အယ်ဒီတာကျိုးက ပြောတာ မင်းရဲ့ ပါရမီတွေကို မဖြုန်းတီးပစ်လိုက်ချင်လို့တဲ့... သူတို့နဲ့ လက်မှတ်မထိုးချင်ရင်တောင် ဧည့်မော်ဒယ်အနေနဲ့ လာပြီး ရာသီတစ်ခုစီတိုင်းမှာ ဓါတ်ပုံရိုက်ပေးလို့ ရတယ်လေ"
လီယန်၏ ခေါင်းလေး လှုပ်ရှားသွားပြီး ခေါင်းမော့ကာ သူ့ကို ကြည့်လာခဲ့သည်။ "ဒါဆို အမှန်တရားက ဘာလဲ"
"ဒီ အခွင့်အရေးကို သုံးပြီး စန်းတင်လိုက်လို့ ရတယ်လေ... အခုလည်း မင်းက ရေပန်းစားနေတာပဲ"
လီယန်က နှုတ်ခမ်းတွန့်ကာ ပြောလိုက်သည်။ "အားလုံးက ရှင့်ကျေးဇူးတွေကြောင့်ပဲလေ"
မော့ကျန်းက ပြုံးလိုက်ပြီး ပြန်မဖြေလာခဲ့ပေ။ မူလတွင် သူက အယ်ဒီတာကျိုးကို ငြင်းလိုက်ရန် စီစဥ်လိုက်သော်လည်း မဂ္ဂဇင်းက နောက်လမှသာ ထွက်လာမည် ဖြစ်၍ ဤကိစ္စကို အာရုံစိုက်ကြမည့် လူများစွာ ရှိမနေလောက်တော့ပေ။ လူတိုင်းကသာ မဂ္ဂဇင်းပေါ်တွင် လီယန် ထွက်ပေါ်လာမှုကို မတုန်လှုပ်ကြပါက သူသည်လည်း သူမကို လွှတ်ပေးနိုင်မည်ပင်။
လီယန်က ထိုအကြောင်းကို တစ်ခဏမျှ တွေးလိုက်ပြီးနောက် မော့ကျန်း၏ အမြင်ကို မေးလိုက်သည်။ "ရှင့်အတွေးကရော"
"မင်းရဲ့ ဆုံးဖြတ်ချက်ကို ကိုယ်လေးစားပေးမှာပါ"
လီယန်: "…"
ဒါဆို ဘာလို့ ဝေ့ပေါ်မှာ ပိုစ့်တင်တဲ့ အချိန်တုန်းက ကျွန်မကို မမေးခဲ့တာလဲလို့...
"ကောင်းပြီလေ... ဘာပဲဖြစ်ဖြစ် ကျွန်မလည်း အိမ်မှာနေရတာ ပျင်းလှပြီ" ပြီးတော့လည်းလေ သူမမှာ ဘာမှ လုပ်စရာ မရှိတာတောင် လစာရနေတုန်းပဲ.. နည်းနည်း မလွယ်ကူတော့ သလိုပဲ...
သဘောတူညီမှု ရသောအခါ တစ်ပတ်အကြာတွင် လီယန်က ဓါတ်ပုံများ ရိုက်ရန် ကုမ္ပဏီသို့ သွားခဲ့သည်။ ဤတစ်ကြိမ်၌ မော့ကျန်း မပါဝင်သဖြင့် အန်းယိလည်း ရောက်မလာခဲ့ပေ။ သူမအတွက် စတိုင်လစ် လုပ်ပေးမည့်သူမှာ TOMATO မဂ္ဂဇင်းအတွက် သီးသန့် ပြင်ပေးသည့် စတိုင်လစ် ဖြစ်သည်။
မိတ်ကပ်ပညာရှင်လေးက အလွန် ငယ်ရွယ်သေးသော မိန်းကလေး တစ်ယောက် ဖြစ်သည်။ သူမထက်ပင် မကြီးသေးဟု လီယန် ခံစားရသည်။ သူမ၏ ထင်ယောင်ထင်မှား ကြောင့်လား မသိရသော်လည်း ထိုမိတ်ကပ်ပညာရှင်လေး၏ အကြည့်က အတော်လေး ထူးဆန်းနေပြီး အထူးသဖြင့် သူမလည်ပင်းကို မိတ်ကပ်လိမ်းပေးနေသည့်အချိန်တွင် ဖြစ်သည်။
"ဘာဖြစ်လို့လဲဟင်"
လီယန်က အနည်းငယ် ရှုပ်ထွေးသွားလေသည်။ ထိုမိတ်ကပ် ပညာရှင်လေး၏ နှုတ်ခမ်းထက်၌ ခပ်တောင့်တောင့် အပြုံးလေးတစ်ခု ပေါ်ပေါက်လာခဲ့သည်။ သူမက အကြည့်ရွှေ့ကာ ပြောလိုက်သည်။ "ဘာမှ မဟုတ်ပါဘူး" သူမလည်ပင်းက အမှတ်ရာတွေက အနမ်းရာတွေပါလို့ ဘယ်သူက သူမကို ပြောရဲမှာလဲ...
သူမက အကြည့်တစ်ချက်နှင့်ပင် မည်သူက သူမအပေါ် ထိုအရာများ ချန်ထားခဲ့သည်ကို ပြောနိုင်သည်။ ထိုအခိုက်မှာပင် မော့ကျန်း၏ ဖန်လေး ဖြစ်သော မိတ်ကပ်ဆရာမလေးမှာ မျက်ရည်များ တာကျိုးသကဲ့သို့ ထွက်လာရတော့သည်။
လီယန်မှာ အဆုံးတွင် မိတ်ကပ်ဆရာမလေး၏ မူမမှန်သော အပြုအမူ၏ အကြောင်းအရင်း နောက်ကွယ်ကို နားလည်သွားပြီး ရှက်ရွံ့စွာဖြင့် လည်ပင်းကို အုပ်ကွယ်ထားလိုက်သည်။ မိတ်ကပ်ဆရာမလေးက တီးတိုးရယ်မော၍ နှစ်သိမ့်ပေးနေသော အသံဖြင့် ပြောလိုက်သည်။ "အဆင်ပြေပါတယ်... ကျွန်မ ဖုံးပေးလိုက်မယ်"
ဒီထက်ပိုစစ်တဲ့ အချစ်စစ် ရှိသေးလို့လား... မရှိလောက်ဘူး ထင်တယ်နော်...
ဤတစ်ကြိမ် မဂ္ဂဇင်း၏ အဓိကပုံစံမှာ ပျင်းရိဖွယ် ဗြိတိန် စတိုင် ဖြစ်သည်။ လီယန်က ဖျင်ကြမ်းထည်အင်္ကျီရှည်ကို လီမွန်အဝါရောင် ဂျာကင်အင်္ကျီဖြင့် တွဲဝတ်ထားပြီး ကင်မရာမန်း တောင်းဆိုသည့်အတိုင်း ကိုယ်ဟန်အမူအယာများ ပြောင်းလဲနေခဲ့သည်။ ကော်လာ၏ ပြိုင်စံရှားဒီဇိုင်းကို ထင်ထင်ပေါ်ပေါ် ရှိစေရန်အတွက် စတိုင်လစ်က သူမကို ဆံထုံးလေး ထုံးပေးခဲ့ပြီး ခေါင်းပေါ်တွင်လည်း ဥရောပပုံစံ ဦးထုပ်ဝိုင်းအမာတစ်လုံး ဆောင်းပေးထားခဲ့သည်။
ထောင့်လေးတွင် ထိုင်နေသော မိတ်ကပ်ပညာရှင်ကျဲကျဲမှာ လက်ကိုင်ပုဝါကို ကိုက်၍ စတူဒီယိုထဲမှ လီယန်ကို ကြည့်လိုက်သည်။ ဘာလို့ သူမရဲ့ အချစ်ပြိုင်ဘက်က အရမ်း လှနေရတာလဲလို့...
မိတ်ကပ်ပညာရှင်ကျဲကျဲမှာ ကြေကွဲနေသော နှလုံးသားလေးကို ကိုင်၍ ဝေ့ပေါ်ပေချ့်သို့ တွယ်တက်ကာ သူမ၏ အကောင့် သစ်ခေါင်းလေးမှ ပ်ုစ့်တစ်ခု တင်လိုက်သည်။
[ငါကတော့ မိတ်ကပ်ဆရာမလေးပါ... အလုပ်တာဝန်တွေကြောင့် ဒီနေ့ ငါ့အချစ်ပြိုင်ဘက်ကို မိတ်ကပ်ပြင်ပေးခဲ့ရတယ်... ဒါပေမယ့် ဒါက ကြေကွဲစရာ အကောင်းဆုံး အပိုင်း မဟုတ်သေးဘူး... ကြေကွဲစရာ အကောင်းဆုံးကလေ သူ့လည်ပင်းပေါ်က အနမ်းရာတွေပဲလို့...]
ထိုပိုစ့်၏ ခေါင်းစဥ်က အလွန်အမင်း စွဲမက်ဖွယ်ကောင်းနေသည်။ မကြာမီမှာပင် clickပေါင်းများစွာကို ဆွဲဆောင်သွားနိုင်ခဲ့သည်။ နှိပ်ကြည့်လိုက်ကြသည့်အခါ အဓိကပိုစ့်တွင် ပို၍ကြေကွဲဖွယ် ကောင်းသော စာကြောင်း တစ်ကြောင်း ရှိနေသေးသည်။
၎င်းက... သူက အရမ်းလှတယ်လို့ ငါတကယ်ကြီး တွေးမိနေတာ ဟူ၍ပင်။
ပိုစ့်ကို လာကြည့်ကြသော မိန်းကလေးများမှာ သူမကို နှစ်သိမ့်ပေးလာကြသည်။ မင်းရဲ့ မိတ်ကပ်ပညာကြောင့် လှနေတာပါ...ဟု။ သို့သော်လည်း ရုတ်တရက်ပင် ကွန်မန့်အလွှာတစ်လွှာက သူမကို ကိုင်လှုပ်လိုက်သည့်အလား ထွက်ပေါ်လာခဲ့သည်။
[ငါသူဘယ်သူလဲ ဆိုတာ သိနေသလိုပဲ.. ကုဒ်နဲ့ပဲ ပြောကြရအောင်: လက်ထောက်လား]
မိတ်ကပ်ပညာရှင်လေး: "…"
ဖိုရမ်ပေါ်မှာလည်း သူမရဲ့ လုပ်ဖော်ကိုင်ဖက်တွေ ရှိနေမယ်လို့ ဘယ်သူက ထင်ထားခဲ့မှာလဲ...
သူမက ပြန်မဖြေလိုက်သော်လည်း ထိုလက်ထောက်ဟူသော စကားလုံးလေးနှင့်ပင် လူတိုင်းက ချက်ချင်းဆိုသလို အတင်းအဖျင်း ပြောဆိုချင်ကြသည့် စိတ်အခြေအနေသို့ ရောက်ရှိလာကြပြီး လီယန်ကို ဆွဲခေါ်လာခဲ့ကြသည်။
ထို့ကြောင့်ပင် တာဝါအရှင်သခင်၏ နှလုံးသားထဲတွင် လူအုပ်ကြီး၏ နှလုံးသားတို့ဖြင့် ပြည့်နှက်သွားလေသည်။
ချန်းချင်းယန်ပါ အပါအဝင်ပင်....
ထို"အနမ်း" ဟူသော စကားလုံးက သူမ၏ စိတ်ထဲတွင် မရပ်မနား လှည့်ပတ်နေခဲ့သည်။ ချန်းချင်းယန်က တခစ်ခစ် ရယ်မောလိုက်သည်။ သူမက အနမ်းဆိုတာ ဘာမှန်းတောင် မသိသေးဘူး...
သူမက အသက်ပြင်းပြင်းရှူပြီးနောက် ဆုံးဖြတ်ချက် တစ်ခု ချလိုက်နိုင်ပုံပင်။
[လီမွန်ပြုတ်: ငါ ဟိုင်ဇီကို အတုယူပြီး အိပ်ရာထဲမဝင်ဖို့ ပြောခဲ့တယ်... ဒီအနှစ်သာရ မရှိတဲ့ ကိုယ်ကြီးက ကမ္ဘာပေါ်ပတ်ပြီး ခရီးထွက်ချင်နေတယ်... ငါပြန်ရောက်လာရင် ပြန်လည်သက်ဝင်နိုးကြားလာပြီး အနှစ်သာရ မရှိတဲ့ဘဝကြီးကို ပြန်မြင်ရတော့မယ်]
ထိုဇာတ်ကွက်က အတော်လေး ကြမ်းရမ်းပုံပေါ်သော်လည်း အားသစ်တိုးစေနိုင်သည်က ကောင်းသော အချက်တစ်ခုပင်။ထို့ကြောင့် ပန်းပွင့် အပြောက်ဟုခေါ်သော လူတစ်ယောက် အပါအဝင် လူတိုင်းက ပန်းများ ပစ်လွှတ်ပေးရင်းဖြင့် အလုပ်များနေခဲ့ကြသည်။
ချန်းချင်းယန် ထိုနာမည်ကို တွေ့သောအခါ သူမ၏ မျက်ခုံးများ ခုန်ပေါက်သွားခဲ့လေသည်။
ဧကရာဇ်မော့၏ အချစ်ရေးကို ထုတ်ပြန်ကြေညာလိုက်သည့်နေ့မှ စတင်ခဲ့သည်ဟု ပြောရမည်။
ထိုနေ့က မရေတွက်နိုင်သော ဖန်များကဲ့သို့ပင် ချန်းချင်းယန်သည်လည်း ဧကရာဇ်မော့ကို မွေးနေ့ဆုတောင်းပေးရန် ကြံရွယ်၍ ဝေ့ပေါ်ဖွင့်လိုက်သည်။ အဆုံးတွင် အပေါ်ဆုံး၌ နောက်ဆုံးတင်ထားသော ပိုစ့်ကို တွေ့လိုက်ရသည်။ စကားလုံးလေးလုံးနှင့် ဖော်ပြချက်တစ်ခုသာ ပါသော်ငြား ပြန်လည်ကုစား စာမေးပွဲ၏ ထုတ်ပြန်စာထက်ပင် ပို၍ သွေးလွှမ်းနေသည်။
ချန်းချင်းယန်မှာ ရုတ်တရက်ပင် အသက်ဆက်ရှင်ရန် အကြောင်းပြချက် မရှိတော့ဟု ခံစားလိုက်ရသည်။
ဧကရာဇ်မော့ ချစ်မိသွားသည့် ကိစ္စကြောင့်သာ မဟုတ်လေဘဲ သူချစ်နေသူကလည်း သူမ၏ အချစ်ဆုံး သူငယ်ချင်း ဖြစ်နေသေးသည်။
နည်းနည်း လွန်သွားပြီ... မဖြစ်သင့်ဘူးလို့...
… ….
အာ... မဟုတ်သေးဘူး... ကမ္ဘာပေါ်မှာ ဘယ်သူကမှ သူမကို နားလည်ပေးနိုင်ကြမှာ မဟုတ်ဘူး.... အာ... မဟုတ်သေးဘူးပဲ... သခင်လေးရှန်းလည်း သူမကို နားလည်ပေးနိုင်လောက်တယ်... အဆုံးတော့လည်း သူ့နတ်ဘုရားမလေးကို သူ့သူငယ်ချင်းက အလစ်သုတ်သွားတာပဲလေ... ဒါပေမယ့်လည်း ဒီလူက ဟိုရက်တွေတုန်းက သူမရဲ့ဖုန်းကို ချပစ်လိုက်တာဆိုတော့ သူမဘက်မှာ မရှိလောက်ဘူး... သူမကို လိမ်ခဲ့တဲ့အတွက် သေချာပေါက် ခွင့်မလွှတ်နိုင်သေးဘူး...
သူမက လူတိုင်း နားလည်နိုင်ကြမည်ဟု မျှော်လင့်ချက်ဖြင့် သူမ၏ ရှုပ်ထွေးနေသော ခံစားချက်များကို ဝေ့ပေါ်တွင် တင်ခဲ့သည်။ ဒါပေမယ့်လည်း သူမကို မြေအောက် ကမ္ဘာဆီ သွားတော့မယ်လို့ ပြောနေကြတဲ့ ဒီလူတွေက သောက်ကျိုးနဲ ... ဘာတွေ ဖြစ်နေကြတာလဲဟ...
သူမ ခံစားချက်များမှာ ရှုပ်ထွေးလွန်းလှသည်ဟု ခံစားနေရသည်။ သူမက စိတ်အပြောင်းအလဲ ဖြစ်အောင် ခရီးထွက်ချင်ရုံလေးပါ... ပြီးတော့ ခရီးသွားတဲ့လမ်းမှာ အီစီကလီလေးတွေလည်း တွေ့ချင်တွေ့နိုင်တာပေါ့....
ကောင်းပြီလေ... ဒါကမှ အဓိက အချက်ဆိုတာ သူမ ဝန်ခံပါတယ်... ဘာပဲဖြစ်ဖြစ် ဆိုရိုးစကားတွေလိုပဲလေ.. အသည်းကွဲတာအတွက် ကုထုံးက အချစ်သစ်ပဲတဲ့...
သူမက ဝေ့ပေါ်တွင် ဖြေရှင်းမနေတော့ပေ။ ထိုအစား ကွဲကြေနေသော နှလုံးသားလေးကို ပိုက်ကာ အိပ်ပျော်သွားခဲ့သည်။ သူမက ထိုကဲ့သို့သော လေပြင်းမုန်တိုင်းကြီး တိုက်ခတ်ခံရပြီးနောက် သေချာပေါက် အိပ်မပျော်နိုင်ဟု တွေးမိခဲ့သော်လည်း အမှန်တကယ်ပင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့လေသည်။ သူမကိုယ်သူမတောင် နားမလည်နိုင်တော့အောင်ပါပဲ...
နောက်တစ်နေ့ မနက်တွင် သူမ နိုးလာသောအခါ "အဖြူရောင်ဝတ်ရုံ" ကို တရားဝင်ပြသတော့မည် ဖြစ်ကြောင်း အကြောင်းကြားစာတစ်ခုကို လက်ခံရရှိခဲ့သည်။
"အဖြူရောင်ဝတ်ရုံ"မှာ "အိပ်ပျော်နေသော အားလန်လေး" ဝတ္ထုကို ဇာတ်လမ်းရုပ်ရှင်အဖြစ် အသက်သွင်းထားခဲ့ခြင်း ဖြစ်သည်။ "အဖြူရောင် ဝတ်ရုံ" မှာ TVရှိုးအတွက် အမည် ပေးထားခြင်း ဖြစ်သည်။ အကြောင်းမှာ စပိုင်ဖြစ်သူက အဖြူရောင် ဝတ်ရသည်ကို ကြိုက်သည်ကြောင့် ဖြစ်ပြီး အဖြူရောင်ဓါတ်ခွဲခန်း ဝတ်စုံကြောင့် မဟုတ်ခဲ့ပေ။
သို့သော်ငြား သိသာထင်ရှားစွာပင် "အဖြူရောင် ဝတ်ရုံ" က လုံလုံလောက်လောက် မကောင်းပါသော်လည်း ဇာတ်ညွှန်းရေးသူက ထို"အဖြူရောင်ဝတ်ရုံ"ကိုသာ ဥာဏ်ရှိရှိ ရွေးထုတ်လာခဲ့လေသည်။
ချန်းချင်းယန်က ရယ်၍သာ ပြန်တုံ့ပြန်လိုက်ချင်သည်။ ဒီလိုပုံစံမျိုးနဲ့ အဖြူရောင် ရှပ်ဝတ်တဲ့သူတွေက လမ်းပေါ်မှာ မှိုလိုပေါက်နေတာ သိရဲ့လား... သူမရဲ့ အသံကျယ်ပြီး ရှင်းလင်းနေတဲ့ "အိပ်ပျော်နေသော အားလန်လေး" နာမည်နဲ့ ဘယ်လိုလုပ် ယှဥ်နိုင်ပါ့မလဲ...
ချန်းချင်းယန်မှာ ထိပ်ဆုံးတွင် နေရသည့် အထီးကျန်မှုကို ထပ်ပြီး ခံစားရပြန်သည်။
Xxx