Chapter 93
ချစ်သူကောင်မလေး အတု
ဘယ်သူက ရှင့်ရဲ့ သိပ္ပံနည်းကျ သုံးသပ်ချက်တွေကို ဂရုစိုက်နေလို့လဲ... ရှင်မြင်အောင် ဖျက်ပြလိုက်အုံးမယ်... ရှင်ကများ အခကြေးငွေ လာတောင်းနေသေးတယ်...
ချန်းချင်းယန် စကားရပ်သွားသည်ကို တွေ့သောအခါ ရှန်းယွမ်ဇယ် ၏မျက်နှာထက်မှ အပြုံးများက ယခင်ကလောက် နတ်ဆိုးဆန်မနေခဲ့ပေ၊
"ဟုတ်သားပဲ... ဘာလို့ အကြိမ်ရေ အများကြီး တိုက်ခိုက်နေရတာလဲ... မင်း တစ်ယောက်ယောက်ကို ရှုံးသွားလို့လား...
"အားလန် ပေါ်လာတာကြောင့်ပဲ မဟုတ်ဘူးလား... တစ်ယောက်ယောက်က မနာလို ဖြစ်နေတယ်လေ"
ချန်းချင်းယန်၏ လေသံက အထင်မြင်သေးဟန် ပေါ်နေသည်။ ဆိုရိုး စကားများအရ လူတစ်ယောက်က သာမန်ညောင်ညသာ ပင်ကိုယ်စွမ်းရည် ရှိသူကို မနာလို ဖြစ်မည် မဟုတ်ပေ။ သို့သော်လည်း ဂန္ဓမာပန်းက သူမကို မနာလိုနေခဲ့သည်။ ဆိုလိုတာကတော့ သူမက သူ့ထက် ပိုပြီး ပါရမီရှိနေလို့ပဲပေါ့ ဟမ့်"
ရှန်းယွမ်ဇယ် ၏မျက်လုံးများထဲ၌ အလင်းတန်းများ ဖြတ်ပြေးသွားပြီး မေးလိုက်သည်။ "ဘယ်သူလုပ်တာလဲ သိလား"
"ဂန္ဓမာပန်းရဲ့ နယ်ပယ်က ကျယ်တယ်လေ... ပြောကာမှ နောက်ထပ် မိုးကြိုးတွေ ထပ်ပစ်မပေးနဲ့တော့... အဲ့လို လုပ်ရုံနဲ့ ခွင့်လွှတ်ပေးမယ် မထင်နဲ့နော်... အကြွေးတင်နေတုန်းပဲ"
ရှန်းယွမ်ဇယ်က ဖုန်းချသံကြားလိုက်ရပြီး တူတူ မြည်သံ ထွက်လာသောအခါ ခေါင်းကို ခါယမ်းလိုက်သည်။ ရယ်ရမည်လား ငိုရမည်လားပင် မသိတော့ချေ။
မျက်နှာချင်းဆိုင်တွင် ထိုင်နေသည့် ကျောင်းသားလေးမှာ အဆုံးတွင် သိလိုစိတ်များကို မထိန်းထားနိုင်တော့ပေ။ လက်ထဲမှ တူကို ကိုက်၍ မေးလိုက်သည်။
"ပရော်ဖက်ဆာ အဲ့ဒါ ဆရာ့ ကောင်မလေးလား"
သူ့ဘေးတွင် ထိုင်နေကြသော မိန်းကလေး နှစ်ယောက်မှာ ချက်ချင်းဆိုသလို နားရွက်များ ထောင်လာကြသည်။
"မဟုတ်ပါဘူး... အရင်တစ်ခါက ပြောဖူးတဲ့ လူနာလေ"
ကျောင်းသားလေး: "..."
ပရော်ဖက်ဆာရေ.... ဆရာ့အိုင်ကျူက ကျွန်တော့်ထက် မြင့်နေတာနဲ့ပဲ ဒါကြီးက အလိမ်အညာတစ်ခု ဆိုတာကို ကျွန်တော် မပြောနိုင်ဘူးလို့ မထင်နဲ့နော်...
ရှန်းယွမ်ဇယ်က ဖုန်းချပြီးသည်နှင့် နောက်ထပ် မိုးကြိုးများ ပစ်မလွှတ်တော့ပေ။ သို့သော်လည်း အွန်လိုင်းပေါ်မှ တောထနေသော စစ်တပ်ကြီးမှာ မရပ်နိုင်သေးပေ။ ချန်းချင်းယန်က ကိုယ့်ဘာသာ တွေးလိုက်ရင်း အနည်းငယ် ပင်ပန်းလာရသလိုပါပင်။
"ဒီဂန္ဓမာပန်းကတော့လေ သူ့ကိုယ်သူ အရူးဖြစ်အောင် လုပ်နေတာပဲ... သူ့ရဲ့ ဟာသဥာဏ် ရှိပုံကတော့ သူ့ကိုသူတောင် ခြောက်လှန့်နိုင်လောက်တယ်"
သို့သော်ငြား မကြာမီပင် ပုကျန်း နက်ဘ်ဝါ့၏ ဖ်ုရမ်များ အတွင်း မထင်မှတ်ထားသော သတင်းတစ်ပုဒ် ပေါက်ကွဲထွက်လာခဲ့သည်။
ဖာခ့်... ငါမှားမြင်မိတာလား... ဝတ္ထုအသစ်အောက်က ဂန္ဓမာပန်းရဲ့အပေါင်းအပါတွေ အဝါကဒ် ပြခံလိုက်ရတယ်... အကြောင်းအရင်းကတော့ စာရေးသူက အရမ်း အရုပ်ဆိုးလွန်းလို့တဲ့... ခေါင်းစဥ်ကလည်း အရှည့် အရှည်ကြီးပဲ....
ချန်းချင်းယန် ထိုပိုစ့်ကို တွေ့သောအခါ ပါးစပ်ထဲမှ ရေများပင် ထွေးထုတ်လုနီးပါး ဖြစ်သွားသည်။ သူမက ခပ်မြန်မြန်ပင် နှိပ်၌ ဝင်ကြည့်လိုက်သည်။ ပိုစ့်တင်သူက screenshot တစ်ခုပင် တင်ထားခဲ့သေးသည်။၎င်းက အမှန်တကယ်ပင် "ဒီစာရေးသူက ရုပ်ဆိုးလွန်းတယ်... အဝါကဒ် သတိပေးချက်" ဖြစ်နေပေသည်။
… ….
ဟား ဟား ဟား ဟား ဟား ဟား... ဘယ်လောက်တောင် သောက်ရမ်း ရုပ်ဆိုးလွန်းလို့ အဝါကဒ်နဲ့ပါ အပြခံရတာလဲ....
ချန်းချင်းယန်က အိပ်ရာပေါ်တွင် ရယ်မောရင်း ရူးသွပ်လုနီးပါး ဖြစ်သွားသည်။
ဒီလိုပျော်စရာမျိုးတွေက ပြန်ပြီး မျှဝေသင့်တယ်... ထ်ု့ကြောင့် သူမက ထိုလင့်ခ်ကို စာရေးသူ အုပ်စုတိုင်းကို မျှဝေလိုက်ပြီး သူမနှင့်အတူ မျှဝေကြရန်ပါ ဖိတ်ခေါ်ထားသည်။
မကြာမီမှာပင် ပုကျန်း၏ မန်နေဂျာ ရောက်လာပြီး စနစ် ပြဿနာ ဟုဆိုကာ ဆန်းကြယ်လှသော အဝါကဒ်ကိုလည်း ဖျက်သိမ်းသွားခဲ့သည်။ သို့သော်လည်း မြင်ရခဲသော ထိုအဝါကဒ်မှာ အင်တာနက်ပေါ်မှ လူပေါင်းများစွာကို ပျော်တော်ဆက်ပေးသွားခဲ့သွားပြီး ၎င်း၏ အရိပ်က ထာဝရ ပျောက်ကွယ်သွားမည် မဟုတ်ပုံပင်။
ချန်းချင်းယန်မှာ လီယန်နှင့် မော့ကျန်းကြားက အချစ်ရေးကို သိပြီးသွားကတည်းက ထိုကဲ့သို့ မပြုံးရသည်မှာ အတော်လေးကြာလှပေပြီ။သူမ ရယ်မောပြီးသွားသောအခါ တစ်ခုခု မှားနေသည်ကို ခံစားလိုက်ရသည်။ စနစ်က မည်မျှပင် ကဒ်မှားဆွဲမိပါစေ ထ်ုကဲ့သို့ အဝါကဒ်ကို ဆွဲမိသည်မှာ ရှားပါးလှပေသည်။ ၎င်းက blacklist သွင်းခံရသည်နှင့် ပိုတူနေသည်။
သူမမျက်ခုံးများ တွန့်ချိုးသွားပြီး ရှန်းယွမ်ဇယ်ကို ဖုန်းထပ်ခေါ်လိုက်သည်။ ရှန်းယွမ်ဇယ်ဘက်တွင် အတော်လေး တိတ်ဆိတ်နေသည်။ ထိုသူက အိပ်ရာဝင်တော့မည့်ပုံပင်။ ချန်းချင်းယန်သည်လည်း ထိုလေထု သက်ရောက်သွားပုံရပြီး သူမ၏ အသံ အနည်းငယ် တုန်ယင်သွားခဲ့သည်။
"ရှန်းကုန်းဇီ... ရှင် ဂန္ဓမာပန်းကို blacklistသွင်းလိုက်တာလား"
ရှန်းယွမ်ဇယ်က ပြုံးကာ မေးလိုက်သည်။ "မင်းသိသွားပြန်ပြီလား"
ချန်းချင်းယန်က ဆူပူလိုက်သည်။ "ကျွန်မ ရှင့်ကို ပြောပြပြီးရုံပဲ ရှိသေးတယ်... သူခံလိုက်ရတော့တာလေ... ဒါကြောင့် ရှင်ဖြစ်မယ်လို့ ခန့်မှန်းလိုက်တာ"
ရှန်းယွမ်ဇယ်က တီးတိုးရယ်မောလိုက်သည်။
"ငါ့မှာ ဒီလိုစကေးတွေ မရှိပါဘူး... အဲ့ဒါ လုပ်ပေးဖို့ သူငယ်ချင်း တစ်ယောက် ရှာလိုက်တာ"
ချန်းချင်းယန်က တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်သည်။
"ဟမ့်... ဒီလိုလုပ်လို့ ခွင့်လွှတ်ပေးမယ် မထင်နဲ့နော်... အကြွေးကအကြွေးပဲ"
ဖုန်းထပ်ကျသွားပြီးနောက် ရှန်းယွမ်ဇယ် မရယ်မောပဲ မနေနိုင်တော့... ဒါက ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တွေရဲ့ ပလွှားမှု လိုမျိုးလား...
ချန်းချင်းယန်ကို ထိုကဲ့သို့ လုပ်ပေးနေရခြင်းမှာ အမှန်တကယ်ပင် သူ့တောင်းပန်မှုကို ဖော်ပြရန် ဖြစ်သော်လည်း ၎င်းက အတော်လေး စိတ်ဝင်စားစရာကောင်းသည်ဟု ခံစားလိုက်ရသည်။
ထိူနှောက်ယှက်မှုလေးကြောင့် မော့ကျန်းနှင့် လီယန်အကြားမှ ကိစ္စရပ်များမှာ ချန်းချင်းယန်၏ နှလုံးသားထဲမှ လွင့်ပါးသွားလေသည်။ သူမကိုယ်သူမ စိတ်အေးလက်အေး ဖြစ်သွားပြီဟု ခံစားနေရသည့် အချိန်မှာပင် သစ်ခေါင်းလေး၏ ပိုစ့်ကို တွေ့လိုက်ရသည်။
[သစ်ခေါင်းလေး] "ငါကတော့ မိတ်ကပ်ဆရာမလေးပါ... အလုပ်တာဝန်တွေကြောင့် ဒီနေ့ ငါ့အချစ်ပြိုင်ဘက်ကို မိတ်ကပ်ပြင်ပေးခဲ့ရတယ်... ဒါပေမယ့် ဒါက ကြေကွဲစရာ အကောင်းဆုံး အပိုင်း မဟုတ်သေးဘူး... ကြေကွဲစရာ အကောင်းဆုံးကလေ သူ့လည်ပင်းပေါ်က အနမ်းရာတွေပဲလို့..."
… ….
ချန်းချင်းယန်မှာ ယခုလက်ရှိ ဖြစ်ပျက်နေသမျှက ထင်ယောင်ထင်မှား တစ်ခုသာဟု ခံစားလိုက်ရသည်။ သွေးလေချောက်ခြားနေတာပဲ ဖြစ်ရမယ်...
ထင်မှတ်ထားသကဲ့သို့ပင် သူမက အိမ်မှ ထွက်ပြေးချင်နေဆဲ ဖြစ်သည်။ မဟုတ်သေး... ကမ္ဘာအနှံ့ ခရီးထွက်မယ်... သူမက သူမ သွားချင်သမျှ နေရာတိုင်းကို သွားချင်နေတယ်လို့...
ဒါပေမယ့်လည်း ဘာလို့ သူမက အဲ့သခင်လေးကို ဆုပေးပွဲမှာ တွေ့ခဲ့ရတာလဲဆိုတာ တစ်ယောက်ယောက် ပြောပေးနိုင်မလား... သူမ ဘာဖြစ်သွားမလဲလို့... အား...
အတိတ်တွင် တူရကီက ချန်းချင်းယန်အတွက် သာမန်နေရာလေးသာ ဖြစ်သည်။ သို့သော်လည်း ဧကရာဇ်မော့ လည်ပတ်သွားပြီးနောက် ချန်းချင်းယန်၏ နှလုံးသားထဲတွင် အမှတ်အသားနေရာ တစ်ခု ဖြစ်သွားခဲ့သည်။
တူရကီမြေပေါ်သို့ ခြေချလိုက်ချင်းမှာပင် ကမ္ဘာတစ်ခုလုံးက ပန်းများ၊ နေရောင်ခြည်နှင့် ကြောင်ငယ်လေးဖြင့် ဝန်းရံထားသည့်အလား ခံစားရသည်။ ချန်းချင်းယန်က လမ်းတစ်ဖက်မှ လေလွင့်ကြောင်ငယ်လေးများကို ဓါတ်ပုံရိုက်လိုက်သည်။ ကြောင်လေးများက ခေါင်းမော့ကာ သူမကို လှမ်းကြည့်လာပြီးနောက် တမြောင်မြောင် အော်ကာ ထွက်ပြေးသွားနော့သည်။
ချန်းချင်းယန်၏ နှလုံးသားက အကြောင်းအရင်းမရှိပါဘဲ အနည်းငယ် စိတ်ပျက်လက်ပျက် ဖြစ်သွားလေသည်။ အဆုံးတွင်သူမက ဤနေရာသို့ လီယန်နှင့် အတူ ရောက်မလာနိုင်ခဲ့ပေ။
ထို့ကြောင့် သူမက ကြွားဝါပြရန်အတွက် ပုံအချို့ ထပ်ရိုက်လိုက်လေသည်။
ချန်းချင်းယန်က ကောလဟာလများထဲမှ အတင်းအဖျင်း ဘုရင်မနှင့် တွေ့ဆုံနေသည့် သတင်းထောက်တစ်ယောက်အလား ကင်မရာကို ကိုင်ထားလိုက်သည်။ သူမက နတ်ဘုရားလေး၏ ခြေရာများကို လိုက်နင်းရန်အတွက် မော့ကျန်း ယခင်က တင်ထားခဲ့သော ပိုစ့်များကို အထူးတလှယ် လှန်လှော ကြည့်ရှုခဲ့ပြီး ဤခရီးအတွက် လမ်းကြောင်းဆွဲထားခဲ့သည်။
'မနက်ဖြန် မိုးပျံပူပေါင်း စီးပြီး ကောင်းကင်ကို ဦးတည်လိုက်မယ်၊ ကောင်းကင်မှာ မီတာ တစ်ထောင်အထိ မြင့်မြင့် ရောက်နေပြီးတော့ ကောင်းကင်ပြာကြီးရယ်၊နေထွက်ချိန်ရယ်၊ ရောင်စုံမိုးပျံ ပူပေါင်းတွေရယ်၊ နိုင်ငံခြားသား ကောင်ချောလေးတွေရယ်...'
ထိုအကြောင်းကို စဥ်းစားမိသည်နှင့် အလွန် စိတ်လှုပ်ရှားသွားရသည်။
လာမည့် မနက်ဖြန်၏ ရိုမန့်တစ် အဖြစ်အပျက်လေးများကို ကြိုဆိုရန်အတွက် ချန်းချင်းယန်က ထူးထူးခြားခြားပင် ဟိုတယ်ကို စောစောပြန်သွားခဲ့ပြီး မျက်နှာထက်တွင် ရွှံ့စေး maskတစ်ခုကို ကပ်ထားလိုက်သည်။ သူမ၏ မျက်နှာကို ပြောင်စင်သည်အထိ ဆေးကြောပြီးသွားသောအခါ ညာသံပေး၍ လှလှပပ အိပ်စက်ရန် အိပ်ရာပေါ်သို့ ခုန်တက်လိုက်လေသည်။
သူမက နေထွက်ချိန်ကို ကြည့်ချင်သည့်အတွက်ကြောင့် နှိုးစက်နာရီကို 4နာရီတွင် အချိန်ကိုက် ထားထားလိုက်သည်။ ချန်းချင်းယန်က ပြင်ဆင်ထားပြီး ဖြစ်သော ဗြိတိန်စတိုင် စိန်တုံးပုံစံ အကွက်ရှပ်နှင့် ဂျင်းရောင် ဝတ်စုံကို မီးခိုးရောင် အကွက်ဘောင်းဘီတိုဖြင့် ဝတ်ဆင်ထားခဲ့သည်။ သူမက ကိုယ့်ကိုယ်ကိုယ် မှန်ထဲတွင် ကြည့်လိုက်ပြီးနောက် အလွန့် အလွန် စိတ်ကျေနပ်သွားလေငည်။
သူမက အနောက်ရောင်ကိုင်းမျက်မှန်ကို တပ်၍ အခန်းထဲမှ ထွက်လာခဲ့သည်။
မိုးပျံပူပေါင်း၏ မောင်းနှင်သူမှာ အလွန် ချောမောသော နိုင်ငံခြား ကောင်လေး တစ်ယောက် ဖြစ်ပြီး ကြွက်သားများ လှစ်ဟပြထားသည့် စွပ်ကျယ်အင်္ကျီကို ဝတ်ဆင်ထားသည်။ ချန်းချင်းယန်မှာ အလိုအလျောက်ပင် အကြည့်များ မခွာနိုင်အောင် ဖြစ်သွားသည်။ ထိုသူက မိုးပျံပူပေါင်းကို အပူပေးနေခြင်းဖြစ်ပြီး သူ့ကို ဝန်းရံနေကြသည့် အမျိုးသမီး ခရီးသွားအနည်းငယ် ရှိနေသည်ပင်။ ချန်းချင်းယန်က ဖုန်းကို ထုတ်၍ ထိုသူ၏ ပုံကို တိတ်တဆိတ် ရိုက်လိုက်သည်။ ထိုစဥ် သူမနောက်ပါးမှ အပြုံးရိပ်သန်းနေသော ရူးကြောင်ကြောင် အသံတစ်သံ ထွက်ပေါ်လာလေသည်။ "တိုက်ဆိုင်လိုက်တာ"
ဖုန်းကိုင်ထားသော ချန်းချင်းယန်၏ လက်များ တစ်ခဏမျှ တောင့်တင်းသွားလေသည်။ သူမ လှည့်ကြည့်လိုက်ရာ ကောင်းမွန်စွာ ဝတ်ဆင်ထားသည့် ရှန်းယွမ်ဇယ်ကို တွေ့လိုက်ရသည်။
သောက်ကျိုးနည်းကို တိုက်ဆိုင်တာလား....
"ရှင် ဘာလို့ ဒီရောက်နေတာလဲ" ချန်းချင်းယန်က ခေါင်းမော့၍ သူ့ကို ကြည့်လိုက်သည်။ ဒီသခင်လေးက ခွေးလို ဝတ်စားထားတဲ့ အချိန်မှာတောင် တကယ်ကြီး ဟန်ဆောင်ပန်ဆောင် လုပ်တတ်တာပဲ... မိုက်မဲတဲ့ မိန်းကလေးငယ်လေး တွေကို ပြုစားဖို့ ကြံနေတာပဲ ဖြစ်ရမယ်...
'ခဏလေး နေပါဦး... ဒါက ကောင်းကင်ဘုံကနေ ငါ့ကို ပေးအပ်လာတဲ့ အလှလေး ဖြစ်နေမလား... ဒါပေမဲ့ သူမ ရှာနေတာက နိုင်ငံခြား တိုင်းပြည်က လူချောလေး တစ်ယောက်လေ"
ချန်းချင်းယန်၏ အမူအယာက အလွန် သိမ်မွေ့လေရာ သူမ၏ နှလုံးသားထဲမှ အတွေးများ အားလုံးမှာ မျက်နှာပေါ်တွင် ရေးထားလေသည်။ ရှန်းယွမ်ဇယ်က ချန်းချင်းယန်ကို အလွန် ယဥ်ကျေးသိမ်မွေ့စွာဖြင့် ပြုံးပြလိုက်သည်။
"ငါဒီကို မိုးပျံပူပေါင်း စီးဖို့ ရောက်လာတာ"
ချန်းချင်းယန်က သူ့အပြုံးကြောင့် တစ်စက္ကန့်မျှ မျက်လုံးကန်းသွားလေသည်။ ထိုသူက အောင်မြင်သော လူတစ်ယောက်၏ အရှိန်အဝါများ ထုတ်လွှတ်နေပြီး ရင့်ကျက်နေသော လူတစ်ယောက်၏ သြဇာတက္ကိမလည်း ရှိနေသည်။ ဒါပေမယ့် သူမ လိုချင်နေတာက လူငယ်လေးလေ... သူမက ဝါးပိုးမြင်းလေးကိုပဲ လိုချင်တာ...CEOတစ်ယောက် မဟုတ်ဘူးလို့...
ကျေးဇူးပြုပြီး သူမကို ဝါးပိုးမြင်းနဲ့ နွေးထွေးတဲ့ လူတစ်ယောက် ပေးပါ...
ချန်းချင်းယန်က နှုတ်ခမ်းထောင့်များကို ဆွဲဆန့်၍ ခပ်တောင့်တောင့် အပြုံးလေးတစ်ခု ပေးလိုက်သည်။ သူမက ရှန်းယွမ်ဇယ်ကို ခပ်တိုးတိုး ရယ်မောလိုက်လေသည်။
"ဒါဆို ဝေးဝေးမှာ ရပ်ပေးပါလား... ကျွန်မရဲ့ အီစီကလီလေးတွေကို ကွယ်မထားနဲ့လေ"
သူက ချန်းချင်းယန်ရှေ့မှ မိုးပျံပူပေါင်းကြီးကို ကြည့်၍ မဲ့ပြုံးပြုံးလိုက်သည်။
"ဒါပေမယ့် ငါတို့က မိုးပျံ ပူပေါင်း တစ်ခုတည်းကို စီးနေတာလေ"
ချန်းချင်းယန် "…"
နတ်ဘုရားရဲ့ ဆန္ဒအရ ဝေးဝေး သွားလိုက်စမ်းပါ....
မိုးပျံပူပေါင်းက ကောင်းကင်ထက်သို့ တဖြည်းဖြည်း မြင့်တက်လာသဖြင့် နေမင်းကြီးကလည်း မိုးကုပ်စက်ဝိုင်းပေါ်သို့ တရိပ်ရိပ် တက်လာခဲ့ရာ မိုးပျံပူပေါင်းပေါ်မှ ခရီးသည်အားလုံး အလွန်အမင်း စိတ်လှုပ်ရှား လာခဲ့ကြသည်။ မြေပြင်ထက်မှ မီတာ တစ်ထောင်ခန့်အမြင့်တွင် ကောင်းကင်ပြာကြီး၊ နေထွက်ချိန်နှင့် ရောင်စုံ မိုးပျံပူပေါင်းများသည်သာ ကောင်းကင်ကြီးတွင် ပြည့်နှက်နေသည်။
ချန်းချင်းယန်က ဝမ်းနည်းစွာဖြင့် ခေါင်းလှည့်လိုက်သည်။
ရှန်းယွမ်ဇယ်က ချန်းချင်းယန်၏ ဘေးတွင် ရပ်နေခဲ့သည်။ ဘေးပတ်လည်မှ ခရီးသွားများ အားလုံးမှာ စိတ်လှုပ်ရှားစွာဖြင့် အပြန်အလှန်စကား ပြောနေကြပြီး တစ်ချိန်တည်းမှာပင် ဓါတ်ပုံများ ရိုက်ကူးနေကြသည်။ ချန်းချင်းယန်တစ်ယောက်သာ ခြင်း၏ အစွန်းလေးတွင် မလှုပ်မယှက်ဖြင့် တစ်ယောက်တည်း ရပ်နေခြင်း ဖြစ်သည်။ သူက လေထုကို အသက်ဝင်လာစေရန် တစ်ခုခု ပြောသင့်သည်ဟု ခံစားလိုက်ရသည်။
ထို့ကြောင့် သူပြောလိုက်သည်။ "မိုးပျံပူပေါင်း ပျံသန်းရခြင်းရဲ့ နိယာမကို သိလား"
ချန်းချင်းယန်: "…"
"လေကို အပူပေးလိုက်တဲ့အခါ ပြန့်ကားသွားပြီး သိပ်သည်းဆလျော့သွားတယ်... ဆွဲငင်အားက ဖော့နိုင်စွမ်းထက် လျော့နည်းသွားပြီးတော့..."
ချန်းချင်ယန်က ထိုသူကို နှောက်ယှက်လိုက်သည်။ "စကားဆက်ပြောနေရင် ဒီနေရာကနေ ခုန်ချလိုက်မှာနော်"
ရှန်းယွမ်ဇယ် "…"
တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ရှက်တတ်ပြီး တွန့်ဆုတ်နေသော မိန်းကလေး အသံတစ်သံက အေးစိမ့်စိမ့်နိုင်သော လေထုကို ဖြတ်၍ ထွက်ပေါ်လာသည်။
"ဆောရီးပါ... ကျွန်မတို့အတွက် ဓါတ်ပုံတစ်ပုံလောက် ရိုက်ပေးလို့ရမလား"
ထိုစကားလုံးများက ရှန်းယွမ်ဇယ်ကို ရည်ညွန်းခြင်း ဖြစ်သော်လည်း ချန်းချင်းယန်က သူနှင့်အတူ ခေါင်းလှည့်လာခဲ့သည်။ အသံလေးက ရှက်တတ်ကြောက်တတ်ရုံမက လူတစ်ယောက်လုံးကလည်း ရှက်တတ်တတ်ပုံလေးနှင့်ပင်။ ချန်းချင်းယန်က သူမထိုးပြရာ နေရာသို့ ကြည့်လိုက်သောအခါ ထိုနေရာတွင် ရပ်နေသည့် မိန်းကလေး သုံးယောက်ကို တွေ့လိုက်ရသည်။ သူတို့က တက္ကသိုလ်ကျောင်းသူများ ဖြစ်ကြပုံပေါ်သော်လည်း ရှန်းယွမ်ဇယ်ကို ခပ်ရှက်ရှက် အမူအယာဖြင့် ကြည့်နေကြလေသည်။
"ကျွတ်... ဒါကြောင့်ပဲ မိုက်မဲတဲ့ ကောင်မလေးတွေ နေရာတိုင်းမှာ ရှိနေတာ... ရှင့်မှာ လုပ်စရာ မရှိရင် ပညာရပ်စာအုပ်တွေ ဖတ်နေလေ... စီအီးအိုစာပေတွေပဲ ကြည့်မနေနဲ့"
ချန်းချင်းယန်၏ သူတို့၏ မိဘများအတွက် အမှန်တကယ်ပင် စိုးရိမ်သွားခဲ့သည်။
ရှန်းယွမ်ဇယ်က မိန်းကလေးကို ခေါင်းငြိမ့်ပြလိုက်ပြီး သူမထံမှ ကင်မရာကို ယူလိုက်သည်။ တဖက်မှ မိန်းကလေးမှာ အနည်းငယ် ပျော်ရွှင်သွားခဲ့ပြီး ရှန်းယွမ်ဇယ်က မိန်းကလေး သုံးယောက်ကို ဓါတ်ပုံရိုက်ပေးလိုက်သည်။
ချန်းချင်းယန်က နှုတ်ခမ်းဖိပိတ်၍ နေထွက်ချိန်ကို ကြည့်လိုက်သည်။ သူမက လည်ပင်းတွင် ချိတ်ဆွဲထားသော ကင်မရာကို ကောက်ကိုင်၍ ဓါတ်ပုံများ စရိုက်လေတော့သည်။ ရုတ်တရက်ပင် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားပြီး ကင်မရာခလုတ်နှိပ်သံ ခပ်ဖျော့ဖျော့ ထွက်လာခဲ့လေသည်။သူမက လှည့်ကြည့်လိုက်ရာ ကင်မရာကိုင်ထားသည့် ရှန်းယွမ်ဇယ်က သူမကို ပြုံးပြနေသည်အား တွေ့လိုက်ရသည်။
ချန်းချင်းယန်က စိတ်အလိုမကျမှုတို့ကြောင့် မျက်ခုံးကြုတ်သွားလေသည်။
"ရှင်က တစ်ခြားတစ်ယောက်ရဲ့ ကင်မရာနဲ့ ကျွန်မကို ဓါတ်ပုံရိုက်ပေးနေတာ... ပုံဘယ်လို ရပါတော့မလဲ"
ရှန်းယွမ်ဇယ်က သူမကို ပြုံးပြလိုက်ပြီး ဆိုလာခဲ့သည်။ "အဆင်ပြေပါတယ်... ငါတို့ မေးလ်လိပ်စာ လဲပြီးသွားပြီ"
ချန်းချင်းယန်: "…"
'ဖာခ့်... ရှင်ကတော့ တောရိုင်းကောင်ကြီးရဲ့ နှလုံးသားနဲ့ ပလေးဘွိုင်းကြီးပဲ'
ရှန်းယွမ်ဇယ်က သူတို့အတွက် ဓါတ်ပုံရိုက်ပေးပြီးနောက် ချန်းချင်းယန်ဘက်သို့ ပြန်လျှောက်လာခဲ့သည်။ ချန်းချင်းယန်က သူ့ကို မကျေမချမ်း အကြည့် တစ်ချက်ပေး၍ မေးလိုက်သည်။
"ကျောင်းမှာဆိုရင် ရှင်က ကျောင်းသူလေးတွေနဲ့ ဒီလိုပဲ လိုက်လျောညီထွေ နေတတ်တာပဲလား"
သူက ထိုအကြောင်းကို တစ်ခဏမျှ တွေးလိုက်ပြီးနောက် ပြောလိုက်သည်။
"တကယ် ငါ့အတန်းကို လာတက်ကြတဲ့ ကျောင်းသူလေးတွေ အတော်များတယ်... ငါ့အတန်းချိန်တွေက ဆရာတွေ အားလုံးထဲမှာ အတန်းတက်တဲ့နှုန်း အမြင့်ဆုံးပဲလေ"
ချန်းချင်းယန်: "…"
ပညာရေးလောကကြီး အတွက်တော့ ရှက်စရာပဲ...
Xxxxx