Chapter 95
"အရေးမကြီးဘူးလား" ထိုစကားကို ကြားသောအခါ ချန်းချင်းယန်က စူးရှသော အသံဖြင့် မေးလိုက်သည်။
"ရှင်ကြိုက်နေတာ သူ့ရုပ်ရည်ရယ်၊ သူ့မိသားစုနောက်ခံနဲ့ ပညာရေးပဲ... ဒီကိစ္စတွေ ထားလိုက်ဦး... သူရှင့်ရှေ့မှာ သာမန်လူတစ်ယောက် အနေနဲ့ ရပ်နေတဲ့အခါ ရှင်သူ့ကို လက်ထပ်ချင်ပါအုံးမလား... အချစ်မပါတဲ့ အိမ်ထောင်ရေးက အာမခံချက်မရှိဘူး... အချစ်မပါတဲ့ အိမ်ထောင်ရေးကို ခဏထား... ပထမတော့ အဆင်ပြေနေလိမ့်မယ်... ဒါပေမယ့် သုံး လေး ငါးနှစ် ကြာသွားရင် ရှင်က သူ့ကလေးတွေကို အိမ်မှာ စောင့်ရှောက်ရင်း အသက်ကြီးသွားမယ်... သူက ရှင့်ကို စပြီး အလိုမကျဖြစ်လာပြီးတော့ ကလေးတွေ သူငယ်ချင်း ရှာဖို့ အိမ်က ထွက်သွားရင် ရှင့်ကို ရိုက်ပြီးရင်း ရိုက်နေမယ်... ညတိုင်းအိမ်ပြန်မလာတဲ့ နေ့တွေဆို ပိုက်ဆံတွေက တခြားမိန်းမတွေဆီ ရောက်သွားပြီး အဆုံးကျရင် ရှင့်ကို ကန်ချပြီးတော့ ဆီတစ်ပုလင်းနဲ့ ကွာရှင်းစာချုပ်ပေးပြီး ထားရစ်ခဲ့လိမ့်မယ်...
စုန့်ယန်မှာ သူမ၏ အနာဂါတ်အပေါ် ဖော်ပြချက်အား ထိတ်လန့်သွားဟန် တူသည်။ သူမ၏ မျက်နှာ အမူအယာက အချိန်နှင့်အမျှ ပြောင်းလဲနေပြီး ခေါင်းလှည့်ကာ ရှန်းယွမ်ဇယ်ကို ထိုးဖောက်မတတ် စိုက်ကြည့်လိုက်သည်။
"အမှိုက်ကောင်"
မျက်နှာမဲလေး ရှန်းယွမ်ဇယ်: "…"
သူမက ခြေသံ ပြင်းပြင်းနှင့် အဝေးသို့ လျှောက်သွားလိုက်ပြီးနောက် သူမ၏ ဘေးပတ်လည်များမှ လူများကို ကြည့်၍ ပြုံးပြလိုက်သည်။
"ကျွန်မရဲ့ အနာဂါတ်ကို စဥ်းစားပေးလို့ ကျေးဇူးပါပဲ"
"ရပါတယ်" ချန်းချင်းယန်က ခေါင်းလှည့်ကာ သူမကို ချိုချိုသာသာ ပြုံးပြလိုက်သည်။
"မိန်းကလေးချန်းကတော့ ထင်ထားတဲ့အတိုင်း စာရေးတဲ့ နေရာမှာ တကယ်ကောင်းတာပဲ... စကားပြောကောင်းပုံကတော့ ထူးကဲလှတယ်"
ဘေးဘက်မှ ခပ်နိမ့်နိမ့် ရယ်သံတစ်ခု ထွက်လာခဲ့သည်။ ထိုမှသာ ချန်းချင်းယန်က သူမဘေးနားတွင် ထိုင်နေဆဲ ဖြစ်သည့် လူအိုကြီးကို သတိရသွားတော့သည်။
ဒီစကားတွေ သူ မကြားသွားလောက်ပါဘူးနော်... ရွှတ်... ရွှတ်... သူမကတော့ သူ့ကို ထပ်တွေ့ရဖို့ ရှက်သွားပြီ...
"သူနဲ့ အကြာကြီး စကားပြောခဲ့တာကို ဘယ်လိုမှ ဖျောင်းဖြလို့မရခဲ့ဘူး... မင်းက ဝင်လာတဲ့ အချိန်မှာပဲ ထွက်သွားဖို့ ပြောနိုင်ခဲ့တယ်... ကြည့်ရတာ ဒီအဘိုးအိုကြီးကတော့ တကယ်ပဲ အိုမင်းနေပြီ ထင်ပါရဲ့"
သူမက လူအိုကြီးကို ပြုံးပြ၍ ခေါင်းယမ်း ပြလိုက်သည်။
"ဘိုးဘိုး... ဘိုးဘိုးက အသက်မကြီးသေးပါဘူး.... ကျွန်မအဖေရဲ့ အစ်ကိုကြီးလို့တောင် ထင်ရတယ်"
လူအိုကြီးက တစ်ခဏမျှ ပြုံးသွားပြီးနောက် ဆိုဖာပေါ်မှ ထရပ်လာခဲ့သည်။
"ကောင်းပါပြီ... အရင်ဆုံး စားကြရအောင်"
ချန်းချင်းယန်က လူအိုကြီးကို ကူတွဲပေးလိုက်ပြီး ထမင်းစားခန်းထဲသို့ သူနှင့်အတူ ဝင်ရောက်လာခဲ့သည်။ ချန်းချင်းယန်က လူအိုကြီးထံမှ သူမက ဝတ္ထုရေးသူ တစ်ယောက် ဖြစ်ကြောင်း သိနေပြီး သူမရေးသော စာအုပ်များကိုလည်း လက်ဖမိုးကဲ့သို့ သိနေပြီးသား ဖြစ်ကြောင်း ကြားလိုက်ရသည်။
ချန်းချင်းယန်က ထိတ်လန့်သွားဘေသည်။ 'သူမရဲ့ စာတွေထဲမှာ ဒီလိုစကားလုံးတွေတော့ တွေ့မသွားလောက်ပါဘူးနော်'
"မိန်းကလေးချန်းက ဇာတ်ညွှန်းရေးသူတစ်ယောက် ဖြစ်ဖို့ ပြင်ဆင်နေတယ်လို့ ကြားတယ်"
စာရေးသူအများစုက အောင်မြင်လာပါက ဇာတ်ညွှန်းရေးသူ တစ်ယောက်အဖြစ် တဖြည်းဖြည်း တိုးတက်လာကြသည်မှာ ယေဘုယျ လမ်းကြောင်းသာ ဖြစ်သည်။ ချန်းချင်းယန် သူ့မေးခွန်းကို ကြားသောအခါ နှာခေါင်းထိပ်လေးကို ပွတ်လိုက်ပြီး ပြောသည်။
"ကျွန်မက 'အဖြူရောင် ဝတ်ရုံ'ရဲ့ ဇာတ်ညွန်း ရေးတဲ့အထဲမှာ ပါဝင်ခဲ့ပေမယ့် လမ်းကြောင်း ပြောင်းဖို့တော့ မဟုတ်သေးပါဘူး... ဒီလို စာရေးရတဲ့ လမ်းကြောင်းက အွန်လိုင်း ဝတ္ထုရေးတာနဲ့ အရမ်းကွာခြားတယ်လေ... အထူး ထုတ်ထားတဲ့ စာအုပ်တွေကို ဖတ်ရတာနဲ့ ထည့်ပေါင်းလိုက်ရင် ဒီလမ်းကြောင်းကလည်း အရမ်းအရေးကြီးတယ်"
ချန်းချင်းယန်၏ စကားများက မှန်ကန်သည်။ ဇတ်ညွှန်းရေးသော စာရေးသူနှင့် ဇာတ်ညွှန်းမရေးသူမှာ တစ်လေတည်း ရှူနေကြသည်ဟု နှိုင်းစာ၍ မရပေ။
တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူပြောလိုက်သည်၊ "ရှန်းမိသားစုက ဒီနယ်ပယ်ထဲမှာ အဆက်အသွယ်တွေ ရှိနေတုန်းပဲ... မိန်းကလေးချန်းသာ ဒီနယ်ပယ်ထဲ ချဲ့ထွင်လာချင်ရင် ငါတို့ ကူညီပေးနိုင်မှာပါ"
ချန်းချင်းယန်က ၎င်းကို ကြားသောအခါ ရင်ထိတ်သွားလေသည်။
"ဘိုးဘိုး... ကျွန်မက အဲ့လို ပြောချင်တာ မဟုတ်ပါဘူး... အထင်မလွဲပါနဲ့"
လူအိုကြီးက သူမကို ပြုံး၍ ကြည့်လာခဲ့သည်၊ "မိန်းကလေးချန်း ... မစိုးရိမ်ပါနဲ့... မင်းက ယွမ်ဇယ်ရဲ့ ကောင်မလေး ဆိုမှတော့ သူ မင်းကို ကူညီတာ သဘာဝကျပါတယ်"
ချန်းချင်းယန်: "…"
ဒါကြောင့် ထိတ်လန့်နေရတာပဲလို့...
သူမက ပြုံးကာ ဘာတစ်ခွန်းမှ မပြောလိုက်သော်လည်း သူမဘေးမှ ရှန်းယွမ်ဇယ်က ဝင်ပြောလာခဲ့သည်။
"ကျွန်တော် ဒီကိစ္စကို ဂရုစိုက်လိုက်ပါ့မယ်"
ချန်းချင်းယန်က သူ့စကားများက အမှန် ဟုတ်တဟုတ် မသိပါသော်လည်း ခေါင်းလေးစောင်းကာ သူ့ကို ကြည့်လိုက်သည်။
ညစာစားပွဲအပြီးတွင် ချန်းချင်းယန်၏ မစ်ရှင်လည်း ပြီးဆုံးသွားပြီး ရှန်းယွမ်ဇယ်က သူမကို လိုက်ပို့ပေးခဲ့သည်။ အပြန်လမ်းတွင် ထိုမိန်းကလေးက သူ့ကို မော့ကျန်းဆီ ခေါ်သွားပေးရန် ကိစ္စအား မမေ့ရန်အတွက် တတွတ်တွတ် ပြောနေခဲ့သည်။ သူအိမ်ပြန်လာသောအခါ လူအိုကြီးရှန်းက သူ့ကို စောင့်နေသည့်အလား ဆိုဖာပေါ်တွင် ထိုင်နေခဲ့သည်။
ရှန်းယွမ်ဇယ်၏ မျက်ခုံးများ စုကြုံ့သွားလေပြီး ဝင်လာခဲ့သည်။
"အဘိုး... ဘာလို့ မအိပ်သေးတာလဲ"
လူအိုကြီးက ရှန်းယွမ်ဇယ်ကို ကြည့်လာခဲ့ပြီး ပြောလိုက်သည်၊
"အဲ့မိန်းကလေးက အစစ်လား အတုလားဆိုတာ ငါ ဂရုမစိုက်ဘူး... အတိုချုပ် ပြောရရင် ငါသူ့ကို အရမ်း သဘောကျတယ်... အတုဆိုရင်တောင် ငါ့အတွက် မြန်မြန်လေး အစစ်ဖြစ်အောင် လုပ်ပေးလိုက်"
ရှန်းယွမ်ဇယ်: "…"
ရှန်းမိသားစုက မိသားစုကြီး တစ်ခု ဖြစ်သော်လည်း လူအိုကြီးရှန်းက ဇီဇာကြောင်ခြင်း မရှိပေ။ သူက မြေးဖြစ်သူကို ဇနီးတစ်ယောက် ရှာပေးချင်ရုံသာ ဖြစ်ပြီး သူမက မိန်းမကောင်းလေး တစ်ယောက် ဖြစ်ပြီး ရှန်းယွမ်ဇယ်နှင့် အမှန်တကယ် ချစ်ကျွမ်းဝင်နေသရွေ့ ကျေနပ်နေမည် ဖြစ်သည်။ လူအိုကြီး အပေါ်တက်သွားသည့်အခါမှသာ ဧည့်ခန်းတွက် ကျန်နေခဲ့သည့် ရှန်းယွမ်ဇယ်မှာ ကူကယ်ရာမဲ့စွာ ပြုံးမိသွားလေသည်။
ရက်အနည်းငယ် အကြာတွင် ရှန်းယွမ်ဇယ်က ချန်းချင်းယန်ကို မော့ကျန်းနှင့် တွေ့ရန် ခေါ်သွားပေးခဲ့သည်။
ချန်းချင်းယန်က တစ်ညလုံး စိတ်လှုပ်ရှားနေခဲ့သည်။ နောက်တစ်နေ့ မနက် သူမ နိုးလာသောအခါ မျက်လုံးထက်တွင် အမဲကွက်ကြီး နှစ်ကွက် ရှိနေခဲ့လေသည်။ ချန်းချင်းယန်က မျက်လုံးကို အောက်ခံမိတ်ကပ်များများ ဖို့လိုက်ပြီးနောက် ထိုမျက်ကွင်းညိုကြီး နှစ်ခုမှာ သိပ်မသိသာတော့ပေ။
ယနေ့တွင် ချန်းချင်းယန်က တူညီသော ဝတ်စုံကိုပင် ဝတ်ဆင်ထားခဲ့သည်။ ရှန်းယွမ်ဇယ် တွေ့သောအခါ မနေနိုင်ဘဲ ရယ်မောလေတော့သည်။
"ဒါဆို ငါ့အဘိုးက မင်းအတွက် ဧကရာဇ်မော့နဲ့ တန်းတူ အရေးကြီးတယ်ပေါ့လေ"
ချန်းချင်းယန် "…"
'ပါးစပ်ပိတ်ထားနိုင်မလား... မကောင်းတဲ့ကောင် '
သူမက ကားထဲတွင် ဝင်ထိုင်လိုက်ပြီး ရှန်းယွမ်ဇယ်ကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်သည်။
"ဧကရာဇ်မော့... အိမ်မှာ မရှိရင်ရော"
"မဟုတ်ဘူး.... ဖုန်းဆက်ပြီး အတည်ပြုထားပြီးပြီ"
ထိုသူက အလွန်ပင် သေချာနေသည်ကို တွေ့သောအခါ ချန်းချင်းယန် အနည်းငယ် စိတ်သက်သာရာ ရသွားသည်။
မော့ကျန်း၏ အိမ်တွင် လီယန်က ဆိုဖာပေါ်တွင် လှဲကာ ဖုန်းကြည့်နေသည်။ မော့ကျန်း ရောက်လာသည်ကို တွေ့သောအခါ သူမက သိလိုစိတ်အပြည့်ဖြင့် တိုးကပ်သွားပြီး မေးလိုက်သည်။
"ကျန်းကျန်း... ဒီသတင်းက ပြောထားတယ်... ကွမ်းရန်နဲ့ လီဝေ့ဝေ့တို့က ချစ်သူ ရည်းစားတွေဆို... တကယ်ပဲလား"
"လီဝေ့ဝေ့က ကွမ်းရန်ကို ကြိုက်နေတာတော့ တကယ်ပဲ... ဒါပေမယ့် သူ ကွမ်းရန် လိုက်နေတာ တော်တော်ကြာပြီ"
လီယန်၏ သိလိုစိတ်များက ရင်အောင့်သွားရခေသည်။
"ကွမ်းရန်ကရော... လီဝေ့ဝေ့ကို မကြိုက်ဘူးလား... သူ့ကို အရှေ့တိုင်းရဲ့ အလှဆုံး မိန်းကလေးလို့ ပြောကြတာ မဟုတ်ဘူးလား"
"အဓိပ္ပါယ် မရှိလိုက်တာ"
မော့ကျန်းက သူမ၏ နှုတ်ခမ်းများကို ဖိကပ်ရန်အတွက် ခေါင်းကို ငုံ့ထားရင်း လီယန်အနားသို့ တိုးကပ်သွားသည်။
"ကိုယ့်ရဲ့ အလှအပ အမြင်မှာတော့ မင်းက သူ့ထက် ပိုလှတယ်"
လီယန် မပျော်လိုက်နိုင်ခင်မှာပင် သူမ၏ နှုတ်ခမ်းလေးများမှာ တစ်ဖက်လူထံမှ ခပ်ဖွဖွ ငုံ့ကိုက်ခံလိုက်ရသည်။ ထိုအနမ်းက တစ်စတစ်စ ပို၍ ပြင်းထန်လာချိန်တွင်တံခါးဘဲလ်သံ မြည်လာခဲ့သည်။
မော့ကျန်း: "…"
တံခါးရှေ့က လူတွေ... ဝင်လာခဲ့စမ်း... သေတဲ့အထိ မရိုက်ဘူးလို့ ကတိပေးတယ်...
လီယန်က သူမ၏ ခန္ဓါကိုယ်ကို ကပ်တွယ်နေဆဲလူကို တွန်းဖယ်ကာ ပလုံးပထွေး ပြောလိုက်သည်၊
"မြန်မြန် တံခါးသွားဖွင့်လိုက်လေ"
ကောင်းကင်အရှင်မင်းကြီးမော့မှာ ဝမ်းချုပ်နေသော မျက်နှာဖြင့် တံခါးဖွင့်ပေးလိုက်သည်။ အံ့အားသင့်စွာဖြင့် ထိုသူ၏ နောက်ကို လိုက်နေသည့် သူ မသိသော မိန်းကလေး တစ်ယောက်လည်း ရှိနေခဲ့သည်။
ယွမ်ဇယ်က သူ့အမူအယာကို တွေ့လိုက်ရသောအခါ မနေနိုင်ဘဲ မျက်ခုံးပင့်သွားလေသည်။
"မင်း အဝတ်အစား သေချာ ဝတ်စမ်းပါ"
လီယန်က အဝတ်များကို ဖြန့်လိုက်ပြီး အ ပြေးရောက်လာခဲ့သည်။ အပြင်ဘက်မှ လူများကို တွေ့သောအခါ ကြက်သေသေသွားလေသည်။
"ယွမ်ဇယ်ကောကော... ရှန်ပူ"
ချန်းချင်းယန်က ဧကရာဇ်မော့ကို နှုတ်ဆက်ရမည့် အချိန်ကို ယခင်က အကြိမ်ပေါင်း မရေတွက်နိုင်အောင် စိတ်ကူးယဥ်ခဲ့ဖူးသည်။ သူမက စိတ်လှုပ်ရှားစွာဖြင့် မရပ်မနား ခုန်ပေါက်နိုင်သလို တိတ်တဆိတ် အော်ဟစ်နိုင်သည်လည်း ဖြစ်နိုင်သည်။ သူမက ဆာလောင်နေသော ဝံပုလွေတစ်ကောင်ကဲ့သို့ သူ့ကို ခုန်အုပ်ကာ အတင်းအကြပ် အနမ်းများလည်း ပေးနေလောက်သည်။
သို့သော်ငြား သူမ၏ နတ်ဘုရားလေးက သူမရှေ့တွင် အမှန်တကယ် ရပ်နေခဲ့သည့် အချိန်တွင် သူမက စိတ်လှုပ်ရှားလွန်း၍ စကား မပြောနိုင်တော့ကြောင်း သဘောပေါက်သွားရသည်။
မော့ကျန်းက အိမ်တွင် အားလပ်ရက် ရနေသည်ကြောင့် ဖြစ်မည်။ ထိုသူက ရိုးရိုး အိမ်နေရင်း ဝတ်စုံကိုသာ ဝတ်ထားခဲ့ပြီး သူ့ဆံပင်များကလည်း ပွယောင်းနေခဲ့လေသည်။ ထိုသူ၏ အသွင်အပြင် တစ်ခုလုံးက ကင်မရာထက်တွင် ထွက်ပေါ်နေသည့် အချိန်ထက် သာမန်မျှသာ ဖြစ်နေသော်လည်း အရောင်အဝါများက ဖြာထွက်နေဆဲဖြစ်သည်။ ချန်းချင်းယန်မှာ ထိုသူက ဤပုံစံဖြင့် ပစ္စည်းများ သွားဝယ်လျှင်တောင် အသီးအရွက်တန်းသို့ ဝင်လိုက်သည့်အခိုက်မှာပင် လူတိုင်း၏ အာရုံကို ဆွဲဆောင်နိုင်ဆဲ ဖြစ်မည်ဟု ယုံကြည်သည်။
သူမက သူမရှေ့မှ လူကို မလှုပ်မယှက် ကြည့်နေပြီးနောက် အသက်ပြင်းပြင်း ရှူကာ သွားများကို ကြိတ်၍ နှုတ်ဆက်လိုက်သည်။
"ဟယ်လို... နတ်ဘုရားလေး... ကျွန်မက ရှန်ပူပါ"
မော့ကျန်း: “…”
ချန်းချင်းယန်: “…”
ကယ်ကြပါအုံး... သူမ ဆက်ပြီး အသက်မရှင်ချင်တော့ဘူးလို့...
"ကျွန်မ... ကျွန်မက ချန်းချင်းယန်ပါ"
ချန်းချင်းယန်၏ မျက်နှာက နောက်တစ်စက္ကန့်တွင် လည်နင်၍ သေဆုံးတော့မည့်အလား မျက်နှာတစ်ခုလုံး နီရဲနေခဲ့သည်။
မော့ကျန်းက သူမကို ခေါင်းငြိမ့်ပြလိုက်ပြီး ထိုအလိုအလျောက် ဖြစ်ပေါ်လာသည့် ကင်းကွာနေသော ခံစားချက်က ချန်းချင်းယန်၏ နှာခေါင်းကို အနည်းငယ် ချဥ်တူးသွားစေခဲ့သည်။ ထိုသူက သူ့ကိုယ်ပိုင်အိမ်ရှေ့တွင် ရပ်နေခဲ့လျှင်တောင် ဧကရာဇ် စူပါစတားကြီးဖြစ်နေပြီး သူမက သူ့ရှေ့တွင် အမြဲတမ်း ပရိတ်သတ်ငယ်လေးသာ ဖြစ်နေလိမ့်မည်ပင်။
"ယွမ်ဇယ်ကောကော... ရှန်ပူ... အပြင်မှာ ရပ်မနေနဲ့လေ... အရင် အထဲဝင်ကြ"
လီယန်က မော့ကျန်း၏ လက်ကို ဆွဲကာ သူတို့အတွက် လမ်းဖယ်ပေးလိုက်သည်။
ရှန်းယွမ်ဇယ်က သူတို့၏ တွယ်ယှက်နေသော လက်များကို အမှုမဲ့အမှတ်မဲ့ ကြည့်လိုက်ပြီး ချန်းချင်းယန်ကို အိမ်ထဲသို့ ဆွဲခေါ်လာခဲ့သည်။ လီယန်က သူတို့နောက်မှ ဧည့်ခန်းထဲသို့ လိုက်ဝင်လာပြီး သူတို့အတွက် ရေတစ်ခွက် ခပ်ပေးလိုက်သည်။ မော့ကျန်းက တံခါးပိတ်ပြီးနောက် ပြန်ဝင်လာပြီး သူမဘေးတွင် ထိုင်ချလိုက်သည်။
ချန်းချင်းယန်က အနည်းငယ် စိတ်လှုပ်ရှားနေဆဲ ဖြစ်သည်။ အဆုံးတွင် ဤနေရာက ဧကရာဇ်မော့၏ အိမ် ဖြစ်နေသည်။သူမက အိမ်မက်ထဲတွင် သူမ၏ ခန္ဓါကိုယ် တစ်ခုလုံးက ငှက်မွှေးလေးလို ပေါ့ပါးနေကြောင်း ခံစားလိုက်ရသည်။
သူတို့က နှုတ်ဆိတ်နေဆဲ ဖြစ်သည့်အတွက် ဧည့်ခန်းက ထူးဆန်းစွာ တိတ်ဆိတ်သွားသည်။ လီယန်က သူမ၏ မျက်နှာချင်းဆိုင်မှ အမျိုးသားနှင့် အမျိုးသမီးကို ကြည့်ကာ မနေနိုင်ပါဘဲ သိလိုစိတ်တို့ဖြင့် မေးလိုက်မိသည်။
"ယွမ်ဇယ်ကောကော... ဘာလို့ နှစ်ယောက် အတူတူ ရောက်လာတာလဲ"
ရှန်းယွမ်ဇယ်က သူမကို ပြုံးပြလိုက်ပြီးညင်သာသော လေသံလေးဖြင့် မေးလိုက်သည်။
"ယန်ယန်... အခုတလော ဘာတွေ လုပ်နေလဲ... အလုပ်တွေရော ခက်လား"
ထိုသူ၏ ရင်းနှီးသော အသံအနေအထားက လီယန်ကို အနည်းငယ် ကြက်သေသေသွားစေသည်။
"အဆင်ပြေပါတယ်... မခက်ပါဘူး... ကျန်းကျန်းကလည်း အခုတလော ရိုက်ကူးရေး မရှိတော့ အမြဲတမ်း အိမ်မှာပဲ နေရတာ"
သူမက ရှန်းယွမ်ဇယ် သူမ၏ မေးခွန်းကို အလွယ်တကူ ရှောင်တိမ်းလိုက်သည့်အကြောင်းအား သတိပြုမိရန် လုံးဝ ကျရှုံးသွားလေသည်။ ပိုဆိုးသည်မှာ "ကျန်းကျန်း" ဟူသော စကားလုံးက သူမရှေ့တွင် ထိုင်နေသော လူနှစ်ယောက်၏ အာရုံကြောများကို သည်းမခံနိုင်ဖွယ်ရာ ဖြစ်သွားစေသည့် အကြောင်းကိုလည်း နားလည်ရန် လုံးလုံး ကျရှုံးသွားခဲ့လေသည်။
ဆိုဖာပေါ်တွင် ပုံမှန်အတိုင်း ထိုင်နေသည့် မော့ကျန်းသည်သာ ရှန်းယွမ်ဇယ်ကို ထူးမခြားနားစွာ ကြည့်နေခဲ့သည်။
ရှန်းယွမ်ဇယ်က သူ့အကြည့်ကို သတိပြုမိပုံမပေါ်ဘဲ လီယန်ကို ဆက်မေးနေသည်။
"တလောက မဂ္ဂဇင်း တစ်ခုမှာ မင်းဓါတ်ပုံ တွေ့လိုက်ရတယ်... လှလှလေး ရိုက်ထားတာပဲ... အဲ့နယ်ပယ်ထဲကို ပြောင်းမလို့လား"
"မပြောင်းဘူး" သူ့မေးခွန်းကို ဖြေပေးသူမှာ အမှန်တကယ်တွင် မော့ကျန်း ဖြစ်နေသည်။
ရှန်းယွမ်ဇယ်က သူ့ကို ခေါင်းလှည့်၍ ကြည့်လိုက်သည်။
"ငါမင်းကို မမေးဘူး"
မော့ကျန်းက ရှေ့သိုဘ ကိုင်းကာ မတ်မတ် ထိုင်လိုက်သည်။
"ငါက အခု သူ့ရဲ့ အုပ်ထိန်းသူပဲ"
ရှန်းယွမ်ဇယ်: “…”
လီယန်: “…”
အတွေးများ ခြေဦးတည့်ရာ လှည့်လည်သွားလာနေသည့် အခြေအနေမှာပင် ရှိနေဆဲ ဖြစ်သည့် ချန်းချင်းယန်မှာ မဂ္ဂဇင်း ဟူသော စကားလုံးကို ကြားပြီးနောက် လီယန်၏ လည်တိုင်ကို အမှတ်တမဲ့ ကြည့်လိုက်မိသည်။ လီယန်က လည်တိုင်လေးကို ဖော်ထားသော ပန်းရောင်ဖျော့ဖျော့ လည်ဝိုင်း ဆွယ်တာကို ဝတ်ထားသဖြင့် ချန်းချင်းယန်မှာ ထိုအပေါ်မှ အမှတ်လေးများကို ရှင်းရှင်းလင်းလင်း တွေ့နေရသည်။
အရောင်ကို ကြည့်လိုက်သောအခါ ၎င်းတို့မှာ လတ်လတ်ဆတ်ဆတ် ခတ်နှိပ်ခံထားရသလိုပင်။
သူမ ထပ်ပြီး ရူးသွားတော့မယ်လို့ ခံစားနေရတယ်နော်...
သူ့ဘေးမှ လူ၏ လှုပ်ရှားမှုကို ခံစားလိုက်ရသည့် ရှန်းယွမ်ဇယ်က သူမကို လှမ်းကြည့်လာခဲ့သည်။ ထို့နောက် သူ့အကြည့်များက လီယန်၏ လည်တိုင်သို့ ကျရောက်သွားသည်။ သူ့မျက်လုံးများက အနည်းငယ် တုန်လှုပ်သွားလေသည်။ လီယန် တံခါးဝတွင် ပေါ်လာခဲ့သည့် အချိန်ကတည်းက သူမ လည်ပင်းပေါ်မှ အမှတ်များကို သတိထားခဲ့မိခြင်း ဖြစ်သည်။
ဒါကြောင့် သူ စိတ်တိုနေရတာပဲလေ...
Xxxxx