Chapter 96
လက်ထပ်ပွဲ
သူ သူမလေးကို နှစ်ပေါင်းများစွာ စောင့်ပေးခဲ့ပေမယ့်လည်း ဒီလူကတော့ လက်ထပ်တဲ့အထိ တောင် မစောင့်နိုင်တော့ဘဲ စိတ်မရှည် လက်မရှည်နဲ့ တကျွတ်ကျွတ် ဝါးစားပစ်လိုက်တယ်လေ... ဒီအကြောင်းကိုသာ လီယန်ရဲ့ ဆရာတူ အစ်ကိုတွေကို ပြောပြလိုက်ရင် ဧကရာဇ်မော့ တစ်ယောက် မနက်ဖြန် နေထွက်ချိန်ကို အသာထား ဒီနေ့ နေဝင်ချိန်ကိုတောင် မတွေ့ရမှာ စိုးရိမ်မိတယ်...
မော့ကျန်းက ရုတ်တရက် ဆိုဖာပေါ်မှ ထရပ်လာပြီး လီယန်ဘေးတွင် လျှောက်သွား၍ ရှန်းယွမ်ဇယ်၏ အကြည့်ကို ကာထားလိုက်သည်။
ရှန်းယွမ်ဇယ်သည်လည်း မျက်ခုံးပင့်လိုက်ပြီး လှောင်ရယ်လျက် ဆိုဖာပေါ်မှ ထလာခဲ့သည်။
လီယန်၏ နှလုံးသား ရုတ်တရက် ခုန်ပေါက်သွားလေသည်။ သူမ၏ စိတ်ခံစားချက်ဆိုင်ရာ ဥာဏ်ရည်က ပတ်ဝန်းကျင်လေထုထဲမှ ပြောင်းလဲမှုများကို တွေ့ရှိနိုင်ရန်အတွက် အတော်လေး နိမ့်ပါသော်လည်း သူမရှိနေသည့် လေထုက လူအများအတွက် ဆတ်ဆတ်ထိမခံ ဖြစ်နေသည်။
တိုက်ခိုက်တော့မည့် လေထုအနေအထားပါပေ။
ထိုလူနှစ်ယောက်ကသာ ထိုကဲ့သို့ အချင်းချင်း စိုက်ကြည့်နေကြပါက မကြာမီပင် တိုက်ခိုက်မှုတစ်ခု မလွဲမသွေ ရောက်လာနိုင်သည်။
ချန်းချင်းယန်၏ အကြည့်က မော့ကျန်း၏ ကိုယ်ပေါ်တွင် အမြဲတမ်း ကျရောက်နေခဲ့သည်။ ယခုတွင် ထိုသူ ထရပ်လာသည်ကို မြင်ရသည့် အတွက် ခေါင်းမော့ကြည့်လိုက်သည်။ သူမက နှလုံးသားထဲတွင် အာမေဋိတ်များ ပြုရန်လည်း မမေ့ခဲ့ပေ။ 'သောက်ကျိုးနဲ... နတ်ဘုရားလေးရဲ့ အကြည့်က စူးရှလိုက်တာ... သူက အရမ်း ချောတာပဲ... မှန်လိုက်လေခြင်း'
လီယန်က ဘေးဘက်မှ အရဲစွန့်သည့် အမူအယာဖြင့် အထောက်အပံ့ ရှာလိုက်သည်။ ကြည့်ရသည်မှာ သူမတစ်ယောက်တည်းကသာ ထိုအခြေအနေကို ကယ်တင်ပေးနိုင်မည့်ပုံပင်။ လီယန်က ဆိုဖာပေါ်မှ ခပ်မြန်မြန် ခုန်ထွက်လာပြီး မော့ကျန်း၏ လက်ကို ဆွဲ၍ ချန်းချင်းယန်ဘက်သို့ လှည့်လိုက်သည်။
"ကျန်းကျန်း... မိတ်ဆက်ပေးရအုံးမယ်... ဒါက ကျွန်မရဲ့ ညီအစ်မကောင်းလေ.... သူ့က ရှင့်ရဲ့ ဖန်အကြီးစားနော်"
မော့ကျန်းက သူ့အကြည့်များကို ရှန်းယွမ်ဇယ်ထံမှ သိမ်းယူလိုက်ပြီး ချန်းချင်းယန်ကို ကြည့်လိုက်သည်။ သူမ၏ နတ်ဘုရားက သူမကို ပြန်ကြည့်နေသည်အား တွေ့သောအခါ ချန်းချင်းယန်သည်လည်း ဆိုဖာပေါ်မှ ထရပ်လာခဲ့ပြီး ပြောလိုက်သည်။
"ဧကရာဇ်မော့... ကျွန်မ ရှင့်ရဲ့ ဖျော်ဖြေပွဲတိုင်း ရောက်ဖူးတယ်... လက်မှတ် မရလိုက်လို့ ထောင့်လေးမှာပဲ ထိုင်ကြည့်ခဲ့ရတာ"
ဒီလောက်ထိ နီးနီးကပ်ကပ် တွေ့ရဖို့ တစ်ခါမှ အိမ်မက်မမက်ခဲ့ဖူးဘူး... သူမက အခုတော့ နတ်ဘုရားရဲ့ မျက်တောင် အရေအတွက်ကိုတောင် ရေလို့ ရနေပြီကွ...
"ဟုတ်တယ် ဟုတ်တယ်... ရှန်ပူက ရှင့်ကို တကယ် သဘောကျတာ... ရှန်ပူ နင့် နတ်ဘုရားကို တွေ့ရတာ ပျော်တယ်မလား... သူ့ကို ထိလို့လည်း ရပြီလေ"
မော့ကျန်း: “…”
သူက တခြားသူတွေဆီကနေ ကြုံရာကျပန်း ထိလို့ ရတယ်လား...
ချန်းချင်းယန်က စိတ်လှုပ်ရှားစွာဖြင့် ထရပ်လာခဲ့သည်။
"ဧကရာဇ်မော့... ရှင့်ကို ဖက်လို့ ရမလားဟင်"
မော့ကျန်း၏ နှုတ်ခမ်းထောင့်များ တင်းကြပ်သွားလေသည်။ ထိုတောင်းဆိုမှုက အနုပညာရှင်တစ်ယောက်အတွက် အလွန်အကျွံ မဟုတ်ပေ။ ထို့အပြင် တဖက်လူက လီယန်၏ သူငယ်ချင်းကောင်းလည်း ဖြစ်နေသည့်အတွက် သူကပင် ခြေတစ်လှမ်း တိုး၍ ယဥ်ယဥ်ကျေးကျေး ဖက်ပေးလိုက်သည်။
ထို့နောက် ချန်းချင်းယန်က ဆိုဖာပေါ်သို့ တောင့်တောင့်ကြီး လဲကျသွားလေသည်။
အခြားသူများ: “…”
လီယန်က စိတ်လောစွာဖြင့် တံတွေးမျိုချလိုက်သည်။
"စိတ်လှုပ်ရှားလွန်းလို့ ရုတ်တရက် သေသွားတာတော့ မဟုတ်လောက်ပါဘူးနော်"
ရှန်းယွမ်ဇယ်က ကိုယ်ကို ကိုင်းကာ လက်ချောင်းကို နှာခေါင်းအောက်တွင် ထား၍ စစ်ဆေးလိုက်သည်။
"အဆင်ပြေပါတယ်... အသက်ရှူနေတုန်းပဲ... ထပ်ပြီး ခွေးရူးပြန်သွားတာ ဖြစ်ရမယ်"
မော့ကျန်းနှင့် လီယန်: “…”
ထိုကဲ့သို့ နှောက်ယှက်ခံလိုက်ရသည့်အတွက် မော့ကျန်းနှင့် ရှန်းယွမ်ဇယ်မှာ ဆက်ပြီး ရန်မစောင်နိုင်ကြတော့ပေ။ လီယန်က ချန်းချင်းယန်ကို ဆိုဖာပေါ်မှ ဆွဲထူ၍ ညစာပြင်ရန် မီးဖိုချောင်ထဲသို့ ဆွဲခေါ်သွားသည်။
"ရှန်ပူ... ငါ ခြံထဲမှာ ရွှေဖရုံသီးတွေ စိုက်ထားသေးတယ်... ဒီနေ့ပဲ နှစ်လုံးခူးထားတာလေ... ညစာအတွက် စားလို့ ရသွားပြီ"
"ရွှေဖရုံသီး စိုက်တာ သေချာရဲ့လား... ဖရဲသီးတွေ ကျောက်ဖရုံသီးတွေတော့ မဟုတ်ပါဘူးနော်"
လီယန်၏ နှုတ်ခမ်းထောင့်လေးများ တွန့်သွားလေသည်။
"ငါ ဒီလောက်ထိ မတုံးပါဘူးနော်... ကျေးဇူး"
ချန်းချင်းယန်က တခစ်ခစ် ရယ်မောလိုက်သည်။
"ဒါပေမယ့်လည်း အပြင်ထွက်စားကြရအောင်လေ... အလုပ် အရမ်း ကြိုးစားနေတာ နင့်ပုံစံမှ မဟုတ်ဘဲ"
"ငါ ရွှေဖရုံသီး နှစ်လုံး ခူးထားမိလို့လေ"
ချန်းချင်းယန် : “…”
ဒါဆို ငါတို့ စားရတော့မှာပေါ့နော်...
နှစ်ယောက်သားက မီးဖိုချောင်ထဲသို့ ဆူညံပူညံဖြင့် ဝင်သွားကြသည်။ ရှန်းယွမ်ဇယ်က သူ့ရှေ့မှ လူကို ကြည့်ကာ ဆိုဖာတွင် ထိုင်လိုက်သည်။
"အမှိုက်ကောင်"
မော့ကျန်းက သဘာဝကျကျပင် သူပြောနေသော အရာကို သိနေသည်။ သူက ဂရုမစိုက်ဘဲ ပြုံး၍ ဆိုဖာတွင် ထိုင်ချလိုက်သည်။
"ဒီနှစ်တွေအတွင်းမှာ မင်းဘာမှ မလှုပ်ရှားနိုင်ရတာက မင်း လှုပ်ရှားလိုက်ရင်တောင် ရလဒ်ထွက်လာမှာမဟုတ်မှန်း သိနေလို့မလား... မင်းကိုမင်း သန့်စင်မွန်မြတ်နေတဲ့သူလို့ တွေးနေတာတော့ မဟုတ်ပါဘူးနော်"
ရှန်းယွမ်ဇယ်က ဒူးအောက်တွင် မြားစိုက်သွားသော်လည်း အကြည့်များကို မော့ကျန်းထံတွင်သာ မြဲမြံထားဆဲ ဖြစ်သည်။
"ယန်ယန်က ဘိုးဘိုးကျန်းရဲ့ တစ်ဦးတည်းသော မြေးမိန်းကလေးပဲ... ငယ်ကတည်းက သူ့အစ်ကိုတွေဆီကနေ အလိုလိုက်ခံထားရပြီးတော့ ဆရာတူအစ်ကိုတွေဆီကနေ ကာကွယ်ပေးခံရခဲ့ရတာ... မင်းအခု သူ့ကို ရနေပေမယ့် သူ့ကို စိတ်ပျက်အောင် လုပ်ရဲရင် သူတို့တွေဆီက လက်သီးချက်တစ်ခုနဲ့တင် မင်းကို သေအောင် ရိုက်သတ်လို့ရတယ်"
"သူ့ကို နည်းနည်းလေးမှ မှားယွင်းနေတယ်လို့ ခံစားရအောင် လုပ်မှာ မဟုတ်ဘူး"
မော့ကျန်းက ပြောပြီးသည်နှင့် တစ်ဖက်လူကို ပျင်းတိပျင်းရွဲ ကြည့်လိုက်သည်။
"ဒါပေမယ့် ငါ့ကို ဒီလိုတွေ လာပြောဖို့ ဒေါက်တာရှန်းရဲ့ နေရာကရော"
ရှန်းယွမ်ဇယ်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ "ငါ့ကို ယွမ်ဇယ်ကောကောလို့ ခေါ်သွားတာ မကြားလိုက်ဘူးလား"
မော့ကျန်းက တစ်ခဏမျှ ကြက်သေသေသွားပြီးနောက် သူ့မျက်လုံးများက ရှန်းယွမ်ဇယ်၏ အကြည့်များထံသို့ ပြေးလွှားသွားသည်။ ထို့နောက် နှစ်ယောက်သားက ရုတ်တရက် ရယ်မောလိုက်ကြသည်။
လီယန်က ဧည့်ခန်းထဲမှ ရယ်သံများကို နားထောင်လိုက်ပြီး စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။ ယောကျ်ားနှစ်ယောက်ကြားက သူငယ်ချင်းဆက်ဆံရေးက စစ်ဆေးမှုကို ကျော်ဖြတ်နိုင်သွားပြီပေါ့...
"တလီ... နင်သတိထားမှ ရမယ်နော်... ရှန်းကုန်းဇီက အခု လက်ထပ်ဖို့ ဖိအားပေးခံနေရတယ်... ဗီရိုထဲက မြန်မြန် ထွက်မလာနိုင်ဘူးလို့ ပြောလို့ မရဘူးနော်" (come out)
"ဆိုတော့"
"တွေးကြည့်လိုက်စမ်းပါ... ဗီရိုထဲက ထွက်ပြီးရင် သူ့ရဲ့ သားကောင်က ဧကရာဇ်မော့ ဖြစ်သွားနိုင်တယ်နော်"
လီယန်:” …… “
ချန်းချင်းယန် လက်ထဲမှာသာ မီးဖိုချောင်သုံး ဓါးမကိုင်ထားရင် သူမကို သေချာပေါက် ခေါင်းခေါက်လိုက်မှာ...
စားသောက်ကြပြီးနောက် ချန်းချင်းယန်က ရှန်းယွမ်ဇယ်နှင့်အတူ ထွက်သွားသည်။ မော့ကျန်းက နောက်တစ်နေ့ မနက်တွင် အလုပ်ရှိသေးရာ ချန်းချင်းယန်မှာ နေခဲ့သည်အထိ အရှက်မမဲ့နိုင်ခဲ့။ မော့ကျန်း ပန်းကန်များ ဆေးကြောပြီးချိန်တွင် လီယန်က ရေချိုးထားပြီး ဖြစ်ပြီး အိပ်ရာပေါ်တွင် အင်တာနက် ဖွင့်ကြည့်နေခဲ့သည်။ သူတို့နှစ်ယောက်က တရားဝင် အတူရှိကြပြီ ဖြစ်၍ လီယန်က သူမ၏ ပစ္စည်းများကို မော့ကျန်း၏ မာစတာအိပ်ခန်းထဲသို့ ရွှေ့လာခဲ့သည်။ ခရီးဆောင်အိတ်အပြင် သူမက နံရံပေါ်မှ ပိုစတာကိုလည်း မမေ့ခဲ့ပေ။ မော့ကျန်းသည်လည်း အိပ်ခန်းထဲတွင် သူ့ဇတ်ကားများထဲမှ တစ်ကား၏ ဇာတ်ကောင်ပုံ ပိုစတာ တစ်ခု ချိတ်ဆွဲထားသည်။ လီယန်က ပိုစတာ နှစ်ခုကို ဘေးချင်းကပ်ရက် ထားလိုသော်လည်း မော့ကျန်းက သဘောမတူခဲ့ပေ။
သူ တကယ်ပဲ သူ့ရဲ့ ကိုယ်တစ်ပိုင်းပုံ ပိုစတာကို သူ့အခန်းထဲ ချိတ်မထားနိုင်ပါဘူးနော်....
ပိုစတာ မရှိခြင်းက လီယန်ကို အလွန် မပျော်မရွှင် ဖြစ်သွားစေသည်။ သို့သော်လည်း မော့ကျန်းက သူမကို ရှင်းပြချက်တစ်ခု ပေးလာခဲ့သည်။ ပိုစတာက ဘာများ ကောင်းလို့လဲ.... သူမ မြင်ချင်ရင် ဘယ်အချိန်မဆို အင်္ကျီ ချွတ်ပြလို့ ရတာပဲလေ... ထို့ကြောင့် သူမက ပိုစတာကို အရံအိပ်ခန်းထဲသို့ လေလိုပင် လွှင့်ထုတ်လိုက်လေသည်။
မော့ကျန်းက အိပ်ရာဆီသို့ လျှောက်လာပြီး သူမကို နောက်မှ ဖက်တွယ်လိုက်သည်။ လက်ပ်တော့ကို ချောချောမွေ့မွေ့ ပိတ်လိုက်တော့မည့် အချိန်တွင် လီယန်က သူမ၏ နေ့စဥ် ညစာစားပြီး အစာကြေ လေကျင့်ခန်း ထပ်မံ စတင်တော့မည်ကို သိလိုက်ရသည်။ ဤတစ်ကြိမ် လေ့ကျင့်ခန်း ပြီးသွားသည့်အချိန်၌သာ လီယန် အနည်းငယ် စိုးရိမ်သွားရသည်။
"ကျန်းကျန်း... ဒီလို တိုက်ရိုက်ကြီး လာလိုက်ရင် ကိုယ်ဝန်သွားလောက်လား" လီယန်က ခေါင်းမော့၍ သူမ၏ ခေါင်းထက်မှ မျက်လုံးများ မှိတ်ထားသူကို ကြည့်လိုက်သည်။ ထိုသူက မယုံနိုင်စွာ ကောင်းလောက်အောင်ပင် ကြည့်ကောင်းနေဆဲ ဖြစ်သည်။
မော့ကျန်း၏ မျက်ဆံလေးများ လှုပ်ခါသွားပြီး သူမ၏ မေးခွန်းကို တလေးတနက် တွေးနေခဲ့သည်။
လီယန်: “…”
လီယန်၏ မျက်နှာလေးက ရုတ်တရက် မဲ့ကျသွားလေသည်။ သူမ၏ အသံထဲတွင် မကျေနပ်ချက်များ ပြည့်နေခဲ့သည်။
"ကျွန်မ လက်မထပ်ရသေးတဲ့ အမေ မဖြစ်ချင်ဘူး"
မော့ကျန်း၏ နှုတ်ခမ်းထောင့်များက အပြုံးလေးတစ်ခု အဖြစ် ကွေးတက်သွားသည်။သူ့မျက်လုံးများကို ဖွင့်လာပြီး သူမ၏ ခေါင်းလေးကို ပွတ်ပေးလိုက်လေသည်။
"အားယောင်... လက်ထပ်ကြရအောင်လေ"
လီယန်က ချင်ချင်းဆိုသလို ကြက်သေသေသွားလေသည်။ သူမ၏ မျက်ခုံးလေးများ တလေးတနက် စုကြုံ့လာသည်ကို ကြည့်ကာ မော့ကျန်းသည်လည်း ပြာယာခတ်သွားရသည်။ မော့ကျန်းက သူ့နှလုံးသားထဲမှ ကြောက်စိတ်များကို အားသုံး၍ ဖိနှိပ်လိုက်ပြီး သူ့အကြည့်များက အနည်းငယ် အန္တရာယ် ရှိလာသလိုပါပင်။ သူမသာ ငြင်းဆန်ရဲပါက သေဆုံးပြီးသား အသားတုံး ဖြစ်သွားနိုင်သည်။
မော့ကျန်း၏ တောက်လောင်နေသော အကြည့်အောက်တွင် လီယန်၏ နှုတ်ခမ်းထောင့်လေးများ လှုပ်ရှားသွားပြီး ခေါင်းမော့၍ သူ့ကို ကြည့်လာခဲ့သည်။
"ကျန်းကျန်း... ကျွန်မကို လက်ထပ်ခွင့်တောင်းနေတာလား"
"ဟုတ်တယ်လေ" သူက ကတိသစ္စာ ပြုနေသည့်အလား အလွန်အမင်း တလေးတနက် ဖြစ်နေသည့် လေသံဖြင့် ပြောလိုက်သည်။
"ဒါပေမယ့် တီဗီထဲမှာကျတော့ တခြားသူတွေက လက်ထပ်ခွင့်တောင်းရင် ပန်းတွေ၊ စိန်လက်စွပ်တွေ၊ ဒူးထောက်တာတွေ ပါတယ်လေ... ကျွန်မကျ ဘာမှ မပါဘဲနဲ့"
မော့ကျန်းက သူ့ရင်ခွင်ထဲမှ လူသားလေးကို ကြည့်လိုက်ပြီး မရယ်မောဘဲ မနေနိုင်။
"ဒီနေ့ ပြင်ဖို့ အချိန် မရလိုက်လို့... နောက်ရက်မှာ ပြင်လို့ ရမလား"
"အမ်း..." လီယန်က တစ်ခဏမျှ တွေးတောပြီးနောက် ခေါင်းငြိမ့်ပြလိုက်သည်။ "ရတယ်လေ"
သူမ အလွယ်တကူ လက်ခံလိုက်သည်ကို ကြည့်၍ မော့ကျန်း အနည်းငယ် စိုးရိမ်သွားသည်။ သူမက အားယောင်ရဲ့ မှတ်ဥာဏ်ကို ရပြီးတော့ ပိုပြီး တုံးလာသလိုမျိုး သူ ဘာလို့ ခံစားနေရပါလိမ့်နော်...
သို့သော်လည်း သူ့နှလုံးသားက နူးညံ့လွန်းသည်။
မော့ကျန်းက နဖူးလေးပေါ်တွင် ညင်ညင်သာသာ အနမ်းချွေပြီးနောက် လေ့ကျင့်ခန်း ထပ်လုပ်ရန်အတွက် သူမကို ဆွဲမဖိဘဲ မနေနိုင်တော့ပေ။
တစ်လကြာသောအခါ အင်တာနက်ပေါ်တွင် နောက်ထပ် သွေးမုန်တိုင်းကြီး တိုက်လာပြန်လေသည်။ ပိုဆိုးသည်မှာ သွေးမုန်တိုင်း၏ နောက်ကွယ်က လက်သည်ကြီးသည်ကား ဧကရာဇ်မော့၏ ဝေ့ပေါ်ပိုစ့်သာ ဖြစ်နေပြန်သည်။
ထိုဝေ့ပေါ်ပိုစ့်၏ စာသားမှာ 🙂 အီမိုဂျီလေးသာ ဖြစ်သော်လည်း ပုံမှာမူ အနီရောင် စာအုပ်တစ်စုံ၏ ပုံဖြစ်သည်။
["#လက်ထပ်မှတ်ပုံတင်ပုံ... လူတစ်ယောက်ယောက်ကသာ ကိုယ့်ကိုယ်ကိုယ် မဆုံးဖြတ်နိုင်ရင် ကောင်းကင်ကလည်း ခွင့်ပြုပေးမှာ မဟုတ်ဘူး#"]
("ကွာရှင်းစာချုပ် တင်လိုက်ပြီးမှ ထိုင်ပြီး ဖတ်နေမယ် [ဘိုင့်ဘိုင်]”)
("ဒီည ခေါင်မိုးထပ်ကို တက်လာချင်တဲ့သူ ရှိလား... အနောက်တောင်အရပ်က အဖွဲ့ မြန်မြန် လာကြပါ..." )
("ဒီစျေးပေါတဲ့လက်ကတော့... ဘာလို့ ဝေ့ပေါ်ကို ဖွင့်ကြည့်မိပါလိမ့်... ဘာလို့လဲ... ဘာလို့လဲလို့... အနောက်တောင်အရပ်က အဖွဲ့ကို ရှာဖွေနေပါတယ်" )
(“ဒီနေ့... ငါ့ အဖွဲ့လိုက် စကားပြောခန်းက သတိပေးစာတွေကို တွေ့တော့ ဂိမ်းအသစ် ထွက်လာတာလားလို့TAT... ငါအရမ်း နုံတာပဲနော်... အနောက်တောင်အဖွဲ့ရေ စောင့်ပါအုံး" )
("ခေါင်မိုးထပ်ကို သွားကြမဲ့ သူတွေရေ... ငါ့အတွက် ထိုင်ခုံတစ်လုံး ကြိုမှာပေးထားကြပါ... ဒီလောက် လူတွေအများကြီး မဆံ့လောက်ဘူးနော်")
……
ချန်းချင်းယန် ဝေ့ပေါ်မှ ထိုအနီရောင် ဗုံးနှစ်လုံးကို တွေ့လိုက်ရသောအခါ သူမ၏ နှုတ်ခမ်းထောင့်မှ သွေးလွှမ်းသော အပြုံးတစ်ခု ထွက်ပေါ်လာခဲ့လေသည်။
[ "စာရေးသူလည်း ခေါင်မိုးထပ်ကို သွားတော့မယ်.... ရေစက်ဆုံသေးရင် ပြန်တွေ့ကြတာပေါ့" ]
စာဖတ်သူများ: …
မော့ကျန်းနှင့် လီယန်တို့၏ လက်ထပ်ပွဲကို ကုမ္ပဏီစားသောက်ပွဲနှင့် ပျော်ပွဲရွှင်ပွဲများမပါဘဲ သိုသိုသိပ်သိပ်သာ ကျင်းပခဲ့သည်။ မီဒီယာများ အားလုံးကိုလည်း တားမြစ်ထားခဲ့ပြီး နှစ်ဖက်လုံးမှ ဆွေမျိုးများနှင့် မိတ်ဆွေများသာ တက်ရောက်ရန် ဖိတ်ကြားထားခဲ့သည်။
ချန်းချင်းယန်သည်လည်း သဘာဝကျကျပင် ဖိတ်ကြားခံခဲ့ရလေသည်။
သူမက ထိုညတွင် ခေါင်မိုးထပ်သို့ သွားချင်ပါသော်လည်း ထိုနေရာသို့ သွားပြီးနောက်... နင့်မေကြီးတော်ပဲဟေ့.... ခေါင်မိုးထပ်မှာ သူမအတွက် နေရာတောင် မကျန်တော့ဘူး.... အိမ်ပြန်ပြီး အိပ်တာပဲ ကောင်းပါတယ်လေ...
ချန်းချင်းယန်က သတို့သမီး၏ စန်းကို ခိုးယူရန် အတွက် ဝတ်စုံ ဝယ်ရန်နှင့် ဆံပင်ပြင်ရန် သူမ၏ ငွေများအားလုံး သုံးလိုက်ရသည်။ သို့သော်ငြား ထိုနေရာသို့ ရောက်သွားသောအခါ သူမက ရှုံးနိမ့်နေဆဲ ဖြစ်သည်ကို တွေ့လိုက်ရသည်။ နှစ်ယောက်သားက အတူတကွ ယှဥ်ရပ်နေချိန်တွင် ဓူဝံကြယ်ကဲ့သို့ မျက်စိကျိန်းလောက်အောင် တောက်ပနေပြီး အရေးအကြီးဆုံးအချက်မှာ သူမ၏ နတ်ဘုရားလေး၏ အကြည့်များက အသစ်စက်စက် သတို့သမီးလေးအတွက်သာ တည်ရှိနေခြင်း ဖြစ်သည်။
ချန်းချင်းယန်က ထိုမြင်ကွင်းကို ဒေါသထွက်ထွက်ဖြင့် အယ်လ်ကိုဟောများစွာ သောက်မိသွားသည်။ သူမကို မည်သူက အိမ်လိုက်ပို့ပေးခဲ့သည်ကိုပင် မသိတော့ပေ။ အဆုံးတွင် သူမက အိပ်ရာနိုးလာပြီးနောက် သူမကိုယ်သူမ ဟိုတယ် အခန်းတစ်ခုအတွင်း လဲလျောင်းနေသည်ကိုသာ တွေ့လိုက်ရသည်။
ချန်းချင်းယန်က ရုတ်တရက် ချက်ချင်း အမူးပြေသွားသည်။ သူမကိုယ်ပေါ်မှ စျေးကြီးဝတ်စုံလည်း မရှိတော့ပါဘဲ ဟိုတယ်မှ ညအိပ်ဝတ်စုံဖြင့် လဲလှယ်ခံထားရသည်။ ပိုပြီး ကြောက်စရာကောင်းတာက တစ်ယောက်ယောက် ရေချိုးနေတဲ အသံကို ကြားနေရတာပဲ...
ချန်းချင်းယန်၏ ဦးနှောက် ပေါက်ကွဲထွက်သွားလေသည်။ သူမက ရှောခ့်ရမှုမှ ပြန်လည် မသက်သာလာခင်လေးမှာပင် ရေချိုးခန်း တံခါးပွင့်လာပြီး ရှန်းယွမ်ဇယ် ထွက်လာခဲ့သည်။
ချန်းချင်းယန် နိုးနေသည်ကို တွေ့သောအခါ သူက မသိစိတ်အရ အေးခဲသွားလေသည်။
ချန်းချင်းယန်က တိမ်ဖုံးနေသော မျက်လုံးများဖြင့် သူ့ကို စိုက်ကြည့်နေပြီး မရေတွက်နိုင်သော ခံစားချက်များက ၎င်းတို့ထဲတွင် ဖြတ်ပြေးသွားခ့သည်။ သူမက ရှက်ရွံ့မှုနှင့်ဒေါသတို့ ရောနှောနေသည့် အသံဖြင့် အော်ဟစ်လိုက်သည်။
"ရှင်... အမှိုက်ကောင်... နှာဘူးကောင်... နှာဘူးကောင်... ကျွန်မကို ဘာလုပ်လိုက်တာလဲလို့"
ရှန်းယွမ်ဇယ်က မျက်ခုံးပင့်လိုက်ပြီး သူမထံသို့ လျှောက်လာကာ ထိုင်ချလိုက်သည်။
"ငါတို့ ဒီလို အဆုံးသတ်သွားတာလေ... ငါတို့ ဘာဖြစ်ခဲ့တယ် ထင်လို့လဲ"
ချန်းချင်းယန်၏ ဦးနှောက်က ထပ်မံ အော်ဟစ်လာခဲ့သည်။ ရှန်းယွမ်ဇယ်က တစ်ခုခုကို စဥ်းစားနေဟန်တူပြီး သူမထံသို့ ခပ်ပြုံးပြုံး အမူအယာဖြင့် ချဥ်းကပ်လာခဲ့သည်။
"ဒါပေမယ့် ပြောရမယ်ဆိုရင် မင်းက တကယ် ချစ်စိတ် ပြင်းပြတာပဲနော်"
……
ချန်းချင်းယန်၏ လက်မှ အပြာရောင် သွေးကြောများ ထိုးထွက်လာကြသည်။ သူမက နောက်ပါးမှ ခေါင်းအုံးကို ဆွဲယူကာ လက်ဖြင့် ကိုင်၍ ရှန်းယွမ်ဇယ်ဘက်သို့ လှည့်ကာ ရိုက်လိုက်သည်။ "ငရဲသာသွား... ငရဲသာသွားလိုက်... ဒီနေ့ လူ့အသိုင်းအဝိုင်းက မကောင်းဆိုးဝါးတွေ အားလုံးကို သုတ်သင်ပစ်မယ်"
ရှန်းယွမ်ဇယ်က ရိုက်နှက်နေသော လက်ကလေးကို အလွယ်တကူ ဆုပ်ကိုင်လိုက်ပြီး အိပ်ရာပေါ်တွင် ဖိထားလိုက်သည်။ ချန်းချင်းယန်က သူမ၏ လက်ကို ပြန်ဆွဲထုတ်ရန် အားကုန်ထုတ်သုံးလိုက်ပါသော်လည်း ပြန်ဆွဲထုတ်ရန်အတွက် တစ်ဖက်လူက သန်မာလွန်းနေခဲ့သည်။
"လွှတ်ပေး.... လူယုတ်မာ... နာနေပြီ"
ရှန်းယွမ်ဇယ်က သူမ၏ စကားများကို ကြားသောအခါ ဖမ်းဆုပ်ထားသည်အား လွှတ်ပေးလိုက်သည်။ သူက အခြားသူများကို နှစ်သက် ကြည်နူးစေနိုင်သော မျက်လုံးနက်နက် တစ်စုံဖြင့် စူးစိုက်၍ ကြည့်လိုက်သည်။
"ဒီလို ကိစ္စတွေကို ငါကြိုက်တဲ့လူနဲ့ပဲ လုပ်မှာ"
Xxxxx