Chapter 98
မော့ချန်းရွေ့ကလည်း သူ့အမေ၏ မျက်နှာလေးကို အနမ်းပေးလိုက်သည်။ ပထမတစ်ချက်တွင် "မားမားလည်း အရမ်းလှတယ်" ဟု ပြောလိုက်သည်။ ပြီးနောက် မျက်နှာတစ်ဖက်ကို နောက်ထပ် အနမ်းပေးလိုက်လေသည်။ ပုံမှန်အချိန်တွင် သူ့ပါးပါး ရှိနေပါက မားမား၏ မျက်နှာကို အနမ်းပေးခွင့် ပြုမည် မဟုတ်ပေ။ ယခုတွင် ပါးပါး အဝေးရောက်နေစဥ် မားမားကို အကြိမ် အနည်းငယ် ထပ်၍ နမ်းနိုင်သေးသည်။
ဆေးကြောပြီးနောက် နှစ်ယောက်သားက အောက်ထပ်သို့ ဆင်းလာခဲ့သည်။ ယနေ့တွင် ဘိုးဘိုးကျန်း၏ အိမ်သို့ သွားရမည့်အကြောင်း စဥ်းစားမိသည်နှင့် မော့ချန်းရွေ့ တစ်ယောက် မြန်မြန် စားသောက်လေတော့သည်။ ဘိုးဘိုးကျန်း၏ အိမ်သို့ သွားရသည့် အချိန်တိုင်းတွင် နေ့လည်ပိုင်း၌ ကိုယ်ခံပညာ လေ့ကျင့်သည့်နေရာတွင် အချိန်ဖြုန်းနိုင်မည် ဖြစ်သည်။
“မား... သား စားပြီးသွားပြီ”
မော့ချန်းရွေ့က ခွက်ကလေးကို မြှောက်ကာ တဂွပ်ဂွပ် သောက်လိုက်ပြီးနောက် ခွက်ထဲတွင် နို့တစ်စက်မှ မကျန်တော့သည်ကို သူ့အမေထံ ပြလိုက်သည်။
“အင်း” သူ့ပန်းကန်ထဲတွင် ပြောင်ရှင်းနေသည်ကို တွေ့သောအခါ လီယန်သည်လည်း သူမ၏ အစားအသောက်ကို နှစ်လုတ် သုံးလုတ်ဖြင့် အပြောင်ရှင်းလိုက်သည်။
"ရွေ့ရွေ့... ကားရောက်ပြီလား သွားကြည့်လိုက်... ဒီနေရာကို သန့်ရှင်းရေး လုပ်ပြီးရင် သွားကြမယ်"
“အိုကေ” မော့ချန်းရွေ့က ခုံကို ပြန်တွန်းလိုက်ပြီး တံခါးဖွင့်လိုက်သည့်အခါ တက္ကစီ တစ်စီးက အိမ်ရှေ့တွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူတို့က လက်ထပ်ပြီး၍ ကလေးပင် ရနေပြီ ဖြစ်သော်လည်း မော့ကျန်းက လီယန်ကို ကားမောင်းခွင့်ပြုရန် ငြင်းဆန်နေဆဲ ဖြစ်သည်။
“မားမား... မြန်မြန်လုပ်"
မော့ချန်းရွေ့က တံခါးဝတွင် ရပ်ကာ လောဆော်နေသည်။ လီယန်မှာ ပန်းကန်ဆေးရန် ပျင်းရိလှသည် ဖြစ်ရာ လက်ဆေးပြီးသည်နှင့် ပြန်ထွက်လာခဲ့သည်။
“မားမား... သားဒီနေ့ အစ်ကိုကြီးဆီကနေ ဘယ်လို တိုက်ခိုက်ရမလဲ သင်တော့မှာ"
မော့ချန်းရွေ့က လီယန်၏ ပေါင်ပေါ် ထိုင်ကာ ခေါင်းလေးမော့၍ သူမကို ကြည့်လာခဲ့သည်။
အခြားသူများက သူ့ကော်လာကို ဆွဲရုံဖြင့် ပစ်လွှတ်နိုင်သည့် အချိန်တွင် သူ့ကိုယ်သေးသေးလေးဖြင့် မည်သို့ တိုက်ခိုက်မည့်အကြောင်း တွေးနေရင်းဖြင့် လီယန်၏ နှုတ်ခမ်းများ တွန့်ကွေးသွားလေသည်။ သူ့အမေ စကားပြောမလာသည်ကို တွေ့လိုက်ရသည့် မော့ချန်းရွေ့က မပျော်ရွှင်တော့ပေ။
“အစ်ကိုကြီးက သားကို သင်ပေးချင်တယ်လို့ ပြောနေတယ်"
သူ ပြောနေသော အစ်ကိုကြီးမှာ အမှန်တွင် သူမ၏ ဆရာတူ အစ်ကိုကြီး ဖြစ်သော်လည်း သူက သူမကို အမြဲတမ်း အော်ဆူနေခဲ့သည်။
“ကောင်းပြီလေ... အစ်ကိုကြီးက အရမ်းတော်တာ... သားသူ့ကို သင်ပေးခိုင်းလိုက်ပေါ့" လီယန်က သူ့ကော်လာလေးကို ဖြန့်ပေးလိုက်ရာ မော့ချန်းရွေ့က တခစ်ခစ် ရယ်မောလေတော့သည်။
ကိုယ်ခံပညာ သင်တန်းသို့ ရောက်သောအခါ မော့ချန်းရွေ့က အပြေးဝင်သွားသည်။ လီယန်က မော့ကျန်း၏ လက်ထောက်အဖြစ် အလုပ်လုပ်နေဆဲ ဖြစ်သော်လည်း ထိုကောင်ငယ်လေးကို စောင့်ရှောက်ပေးရန် လိုအပ်နေဆဲ ဖြစ်ရာ ယခင်ကလို မော့ကျန်းနောက်သို့ တစ်နေကုန် မလိုက်နိုင်တော့ပေ။ ဤတစ်ကြိမ်၌ မော့ကျန်းက နိုင်ငံရပ်ခြားသို့ သွား၍ ရိုက်ကူးရေး လုပ်နေသည်ကိုပင် သူမက သူ့နောက် မလိုက်ပေးနိုင်တော့ပေ။
သို့သော်လည်း သူမက အားလပ်ချိန်များတွင် ကိုယ်ခံပညာ သင်တန်းသို့လာကာ ကိုယ်ခံပညာ နည်းပြအဖြစ် အလုပ်လုပ်လေ့ရှိပြီး တစ်ခါတစ်ရံတွင် မဂ္ဂဇင်းအတွက် ဓါတ်ပုံ ရိုက်ကူးပေးလေ့ ရှိသည်။ ကလေး တစ်ယောက် မွေးထားသော်လည်း လီယန်၏ ပုံရိပ်က အလုံးစုံ ကောင်းမွန်နေဆဲ ဖြစ်ကာ ယခုနှစ်၌ 26နှစ်သာ ရှိသေးသဖြင့် အလွန် ငယ်ရွယ်နေဆဲ ဖြစ်သည်။
ယနေ့တွင် မော့ချန်းရွေ့ လာမည်ဟု ကြားသဖြင့် အနီးအနားမှ မိန်းကလေး အားလုံးက ကိုယ်ခံပညာကျောင်းတွင် ကစားရန် ပြေးလာကြသည်။ သူတို့က မော့ချန်းရွေ့ကို တွေ့သောအခါ မျက်နှာလေးများ နီရဲကုန်ကြသည်။
မော့ချန်းရွေ့က လီယန်ရှေ့တွင် ကျီစယ် တတ်လေ့ ရှိပြီး စကားပေါတတ်ပါသော်လည်း အပြင်ဘက်တွင် တိတ်ဆိတ်ကာ အေးစက်နေလေ့ရှိသည်။
သူ့အဖေနှင့် တစ်ပုံစံထဲ ဖြစ်သည်...
လီယန်က သင်တန်းထဲတွင် မိန်းကလေး သင်တန်းသူများကို သင်ပေးနေဆဲ ဖြစ်ပြီး မော့ချန်းရွေ့ ထွက်သွားသည်ကို သတိမထားမိလိုက်ပေ။ သူက ခြံဝင်းထဲသို့ ပြေးသွားပြီးနောက် မိန်းကလေး တစ်ယောက် ငိုနေသည်ကို တွေ့လိုက်ရသည်။ သူ မျက်မှောင်ကြုံ့ကာ ထိုနေရာသို့ လျှောက်လာပြီး မေးလိုက်သည်။
"ဘာလို့ ငိုနေတာလဲ"
အသံအနေအထားက အေးစက်နေပါသော်လည်း ကလေးမလေးက ခေါင်းမော့ ကြည့်လိုက်ချိန်တွင် သူ့ကို တွေ့လိုက်ရသည့်အခါ ချက်ချင်း အငိုတိတ်သွားသည်။
"လမ်းပျောက်နေလို့... ငါ့အိမ်ဘယ်မှာလဲ မမှတ်မိတော့ဘူး"
မော့ချန်းရွေ့၏ မျက်ခုံးများ ထပ်ပြီး ကျုံ့သွားပြန်သည်။ တုံးလိုက်တာ... သူ့မားမားလိုပဲ...
"မငိုနဲ့တော့... အိမ်လိုက်ရှာပေးမယ်"
သူမက မော့ချန်းရွေ့နောက် လိုက်လာခဲ့သည်။ သူ့နောက်လိုက်လာသော အစ်ကိုကြီးမှာ ငိုနေသော ကလေးမလေး တစ်ယောက်ကို ဆွဲထူနေသည့် သူ့ကို တွေ့လိုက်ရသောအခါ နှလုံးသားထဲမှ နှာမမှုတ်မိဘဲ မနေနိုင်တော့ပေ။ ဒီမကောင်းဆိုးဝါးလေးက သူ့အဖေထက်တောင် သူခိုးဆန်သေးတယ်... ဒီလောက် ငယ်ငယ်လေးနဲ့ ကောင်မလေးတွေကို လိုက်ပိုးနေပြီ...
သို့သော်လည်း ဤနေရာတဝိုက်ရှိ လုံခြုံက အလွန်ကောင်းမွန်ပြီး ထိုကလေးမလေးကလည်း အနီးအနားတွင် နေသည်ကို စဥ်းစားမိသွားသောအခါ သူတို့ကို တားမနေတော့ပေ။
လမ်းတလျှောက်တ့င် မော့ချန့်ရွေ့က သူ့ဘေးမှ ကောင်မလေး ပြောသမျှကို နားထောင်နေခဲ့သည်။ ၎င်းက ထိုကလေးမလေး သင်တန်းကျောင်းကို ပထမဆုံးအကြိမ် ရောက်လာခဲ့ခြင်း ဖြစ်ပြီး အခြားကလေးများက သူမကို ဆွဲခေါ်လာကြခြင်း ဖြစ်သည်။ သူတို့ ဒီနေရာကို ဘာလာလုပ်တာလဲဟု သူမကို မေးလိုက်ရာ ထိုကလေးမလေးမှာ မော့ချန်းရွေ့ဟူသော ကလေးကို တွေ့ရန် ဖြစ်သည်ဟု ရိုးရိုးသားသား ပြန်ဖြေလိုက်သည်။
မော့ချန်းရွေ့က နှုတ်ခမ်းတွန့်ကာ ပြောစရာ စကားမဲ့သွားသည်။ မူကြိုတွင်လည်း သူ့ကို အမြဲတမ်း စိုက်ကြည့်နေတတ်ကြသည့် မိန်းကလေးများ ရှိသည်။ အမှန်တကယ်တွင် သူ ထိုအကြောင်းကို အတော်လေး စိတ်ပူပန်နေရပေသည်။
တစ်ပတ်ပြီး တစ်ပတ် ပတ်ပြီးနောက် ကလေးမလေးကို အိမ်ပြန်ပို့ပေးလိုက်သည်။ ကလေးမလေးက သူ ပြန်ထွက်လာချိန်၌ သူ့အင်္ကျီထောင့်လေးကို လွှတ်ပေးရန် ဆန္ဒမရှိ ဖြစ်နေသဖြင့် သူမ၏ အမေကို ရှက်ရွံ့သွားစေသည်။ မော့ချန်းရွေ့က အင်္ကျီထောင့်ကို ဆွဲဖြုတ်ကာ စမတ်ကျကျ ထွက်သွားသော်လည်း နှစ်လှမ်းမျှ လျှောက်ပြီးနောက် သူ ယခု လမ်းပျောက်နေပုံရကြောင်း သိသွားလေတော့သည်။
သူ လမ်းထိပ်သို့ လျှောက်လာသောအခါ ဘေးပတ်လည်ကို ကြည့်လိုက်ပြီး သူနှင့် သူ့အမေတို့ လျှောက်လာသော လမ်းမဟုတ်ကြောင်း တွေးမိသွားသည်။ ကလေးလေး မော့ချန်းရွေ့မှာ ပူပင်သောက ရောက်တော့မည့် အချိန်တွင် သူ့မျက်လုံးလေးများ ရုတ်တရက် ဝင်းလက်သွားသည်။
"ပါးပါး"
သူက ပလက်ဖောင်းသို့ လျှောက်လာကာ ဆိုင်းဘုတ်ပေါ်မှ မော့ကျန်းကို အော်ခေါ်လိုက်သည်။
"ပါးပါး"
သေချာပေါက်ပင် မော့ကျန်းက သူ့ကို လျစ်လျူရှုထားခဲ့လေသည်။
မော့ချန်းရွေ့က ထပ်ပြီး မပျော်နိုင်တော့ပေ။ သူ့ပါးပါးက အိမ်တွင် ရှိနေလျှင် သူနှင့် သိပ်ပြီး ရင်းရင်းနှီးနှီးနေလေ့ မရှိပေ။ ယခုတွင် သူ လမ်းပျောက်နေရပြီး သူ့ကို ထပ်ပြီး လျစ်လျူရှုထားပြန်သည်။ ကလေးလေး မော့ချန်းရွေ့မှာ ဆိုင်းဘုတ်ကို လက်ကလေး ပုတ်လိုက်ပြီး ထပ်အော်လိုက်သည်။ "ပါးပါး"
မော့ကျန်းက အာရုံစိုက်မလာပါသော်လည်း ဖြတ်သွားဖြတ်လာ တစ်ယောက်၏ စိတ်ကို ဆွဲဆောင်နိုင်မိသွားသည်။ သူက ရောက်လာပြီး ထိုကလေးလေးက အလွန် ချောမောသည်ကို တွေ့လိုက်ရသည့်အခါ မသိစိတ်အရ ကလေးလေးနှင့် ရင်းနှီးချင်မိသွားသည်။ "ကလေးလေး... ဘာဖြစ်လို့လဲ"
မော့ချန်းရွေ့က သူ့ကို တစ်ချက်ကြည့်ကာ လျစ်လျူရှုထားလိုက်ပြီး ဆိုင်းဘုတ်ကို ပါးပါးဟုသာ ဆက်ခေါ်နေသည်။ ဖြတ်သွားဖြတ်လာလူ၏ မျက်လုံးထဲ၌ နောင်တ တစွန်းတစ ဖြတ်ပြေးသွားသည်။ ဒီကလေးက အရမ်း ကြည့်ကောင်းပေမယ့် အရူးလေး ဖြစ်နေတာတော့ သနားစရာပဲ...
သူက ပြုံးလိုက်ပြီး သူ့ကိုယ်သူ ဖော်ရွေသည့် ပုံစံမျိုး ဖြစ်ရန် ကြိုးစားလိုက်သည်။
"ကလေးလေး... သားပါးပါးကို ရှာနေတာလား... သားရဲ့ပါးပါး နာမည်က ဘာလဲ... ဦးလေး ကူရှာပေးမယ်လေ"
အဆုံးတွင် မော့ချန်းရွေ့က ခေါင်းလေး လှည့်လာပြီး သူ့ကို ပြောလိုက်သည်။
"သားပါးပါး နာမည်က မော့ကျန်း"
ဖြတ်သွားဖြတ်လာ: “…”
ဧကရာဇ်မော့က တကယ် ဆွဲဆောင်မှု ရှိတာပဲ... ဒီလို ကလေးလေးကတောင် သူ့ဖန် ဖြစ်နေတယ်...
သူက ကိုယ်ရှိန်သတ်ကာ လက်ဆန့်ထုတ်၍ မော့ချန့်ရွေ့ကို ဆွဲလိုက်သည်။
"ဦးဦးက သားပါးပါးဆီ ခေါ်သွားပေးမယ်လေ"
“မရဘူး” မော့ချန်းရွေ့က သူ့လက်ကို ခါထုတ်လိုက်သည်။
"မားမားက သူစိမ်းတွေနဲ့ လိုက်မသွားရဘူးလို့ ပြောထားတယ်"
ဖြတ်သွားဖြတ်လာလူက တွေးနေသည်မှာ.... ကလေးက နည်းနည်း တုံးပေမယ့် မိဘတွေကတော့ ကောင်းကောင်း သင်ပြပေးထားသေးသားပဲ...
"ဦးဦးက ရဲအရာရှိဆီ ခေါ်သွားပေးမယ်လေ... ရလား"
သူက ပြောပြီးသည်နှင့် မော့ချန်းရွေ့ကို ချီရန် သွားလိုက်ချိန်မှာပက် ကင်းလှည့်လာသော ရဲကားတစ်စီး ဖြတ်သွားသည်နှင့် ကြုံသည်။ ထိုရဲက ထိုမြင်ကွင်းကို တွေ့သောအခါ ပလက်ဖောင်းတွင် ချက်ချင်း ရပ်လိုက်သည်။
"မင်း ဘယ်သူလဲ... ဘာလုပ်မလို့လဲ" ဖြတ်သွားဖြတ်လာလေးက ရုတ်တရက် အမေးခံလိုက်သည်။
ယာဥ်ထိန်းရဲက သံသယဖြစ်စွာ ကြည့်နေပြီး ယခုတွင် ကလေးပျောက်သည့် အမှုများ မဆုံးနိုင်အောင် ဖြစ်ပွားနေသည်ကို သတိရမိသွားလေသည်။ ဒီကလေးလေးက အရမ်း ချောမောနေတာ... ဒီလူက မကောင်းတဲ့လူပဲ ဖြစ်ရမယ်...
ဖြတ်သွားဖြတ်လာက အလွန် ဖြူစင်နေသည်။
"သူက ဧကရာဇ်မော့ကို ပါးပါးလို့ ခေါ်နေတယ်... ကျွန်တော်က သူ အကူအညီ လိုနေလားလို့ လာမေးတာပါ"
ယာဥ်ထိန်းရဲက သူ့ကို သံသယ ဖြစ်စွာ ကြည့်လိုက်ပြီး ထိုင်ချ၍ မော့ချန်းရွေ့ကို ကြည့်လိုက်သည်။
"ကလေးလေး... သားနာမည်က ဘာလဲ"
မော့ချန်းရွေ့မှာ ထိုလူကြီးက ရဲဝတ်စုံ ဝတ်ထားသည်ကို တွေ့လိုက်ရသည်။ သူ့မားမားက တစ်ချိန်က သူ အခက်အခဲ ကြုံခဲ့လျှင် ရဲဦးဦးများကို သွားရှာနိုင်ကြောင်း ပြောခဲ့ဖူးသည်။ ထို့ကြောင့် သူက ပူးပေါင်းဆောင်ရွက်ပေးခဲ့ပြီး ပြောလိုက်သည်၊
"သားနာမည်က မော့ချန်းရွေ့... မော့ကျန်းက သားပါးပါးပါ"
ယာဥ်ထိန်းရဲ: “…”
ဖြတ်သွားဖြတ်လာက "တွေ့လား" ဟူသော အမူအရာဖြင့် ရဲအရာရှိကို မေးငေါ့ပြလိုက်သည်။
ထိုရဲ ထပ်မံကြိုးစား၍ မေးလိုက်သည်။
"သားပါးပါးရဲ့ ဖုန်းနံပါတ်ကို မှတ်မိလား"
မော့ချန်းရွေ့က တစ်ခဏမျှ တွေးလိုက်ပြီးနောက် ပြောလိုက်သည်။ "သားမားမားရဲ့ ဖုန်းနံပါတ်ကို မှတ်မိတယ်"
သူသာ ဖုန်းနံပါတ် မှတ်မိသွားပါက လွယ်ကူသွားလေပြီ။ ယာဥ်ထိန်းရဲက သူ့ဖုန်းကို ထုတ်ကာ မော့ချန်းရွေ့ကို နံပါတ် ပြောခိုင်းလိုက်သည်။ ဖုန်းက ချိတ်ဆက်မိသွားသည်နှင့် မော့ချန်းရွေ့က ဖုန်းကို ဆွဲယူလိုက်သည်။
"မားမား... သား ပါးပါးကို တွေ့လိုက်ရတယ်"
“အာ” လီယန်က ကြက်သေသေသွားလေသည်။
"သူက ပြင်သစ်မှာ ရှိနေတာ မဟုတ်ဘူးလား... ဘယ်မှာ တွေ့လိုက်တာလဲ"
“လမ်းထိပ်မှာ... မမလှလှတစ်ယောက်နဲ့ အတူတူ ရှိနေတယ်... သားခေါ်တာတောင် လစ်လျူရှုထားတယ်"
…
ယာဥ်ထိန်းရဲနှင့် ဖြတ်သွားဖြတ်လာတို့မှာ မော့ကျန်းနှင့် စူပါမော်ဒယ် အေရီရယ်တို့၏ ဆိုင်းဘုတ်ကို ကြည့်လိုက်ပြီး တစ်ချိန်တည်းမှာပင် တိတ်ဆိတ်သွားလေသည်။ အခု သူ့အဖေက ဘယ်သူ ဖြစ်ဖြစ် သူတို့ သူ့အတွက် ဆုတောင်းပေးရုံပဲ တတ်နိုင်တယ်....
ဖုန်းတစ်ဖက်မှ လီယန်မှာ အလွန် ဒေါသထွက်သွားပြီး အချိန်ကွာခြားချက်ကိုပင် သတိမထားမိတော့ဘဲ မော့ကျန်း၏ ဖုန်းနံပါတ်ကိုသာ တန်းခေါ်လိုက်သည်။
မော့ကျန်းက ထိုအချိန်၌ အနားယူနေခြင်း ဖြစ်သည်။ သူက ဖုန်းကို ကြည့်၍ ဖြေလိုက်သည်။
"အားယောင်... ဘာကိစ္စလဲ"
"ကျန်းကျန်း... ရှင်ဘယ်မှာလဲ"
“ရိုက်ကူးရေးမှာလေ”
“ရှင် လိမ်နေတာ... ရွေ့ရွေ့ ရှင့်ကို အစ်မလှလှလေး တစ်ယောက်နဲ့ တွေ့လိုက်တယ်တဲ့"
မော့ကျန်း: “…”
သူက တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် မေးလိုက်သည်။ "ရွေ့ရွေ့က ကိုယ့်ကို ဘယ်မှာ မြင်လိုက်တာတဲ့လဲ"
"လမ်းထိပ်မှာ"
“… မင်းသား မြင်လိုက်တာ ကြော်ငြာ ဆိုင်းဘုတ် မဟုတ်တာ သေချာလား"
လီယန်: “…”
“ကျွန်မ ထပ်မေးလိုက်မယ်" လီယန်က ဖုန်းကို မြန်မြန် ချ၍ ယခုလေးတင် ဆက်လာခဲ့သော နံပါတ်ကို ပြန်ခေါ်လိုက်ပါသော်လည်း ဤတစ်ကြိမ်၌ ဖုန်းကိုင်လာသူမှာ ယာဥ်ထိန်းရဲ ဖြစ်နေသည်။
“ဟယ်လို”
လီယန်က ကြက်သေသေသွားလေသည်။ ထိုမှသာ သူမက မော့ချန်းရွေ့ကို ဖုန်းမပေးထားကြောင်း သတိရမိသွားလေသည်။ သူ့မှာ ဘယ်လိုလုပ် ဖုန်းရှိသွားတာလဲ...
ယာဥ်ထိန်းရဲက တစ်ဖက်လူမှာ စကားပြန်ပြောလာခြင်း မရှိကြောင်း တွေ့လိုက်ရသည့်အခါ ဆက်ပြောလိုက်လေသည်။
"ခင်ဗျားက မော့ချန်းရွေ့ရဲ့ အမေလား"
"ဟုတ်ပါတယ်"
“သူ အခု ကျွန်တော်နဲ့ အတူ ရှိနေပါတယ်”
လီယန်: “…”
ဒါက... သူ ပြန်ပေးသမားနဲ့ တွေ့သွားတာလား...
“ကျွန်တော်က ရဲအရာရှိ တစ်ယောက်ပါ... ကျွန်တော်တို့ အခု လမ်းဆုံကာ ဘတ်စ်ကား မှတ်တိုင်မှာ ရှိနေတယ်... သူ့ကို လာခေါ်ပေးပါဦး"
သူက မှတ်တိုင် နံပါတ်ကို ပြောပြလိုက်ပြီးနောက် ဖုန်းချလိုက်သည်။ လီယန်မှာ ရှုပ်ထွေးနေသော စိတ်ခံစားချက်တို့ဖြင့် ဖုန်းကိုင်ထားလေသည်။ ဒီရဲအရာရှိက နားလည်မှု လွဲခံရမှာ ကြောက်နေတာ မဟုတ်ဘူးလား"
လီယန်က မကြာမီပင် ရဲအရာရှိ ပြောလာသော နေရာသို့ ရောက်လာခဲ့သည်။ မော့ချန်းရွေ့က သူမကို တွေ့သောအခါ ပြေးလာခဲ့သည်။
"မားမား"
လီယန်က သူ့ကို ချီ၍ အနည်းငယ် သဘောမတွေ့မှုတို့ဖြင့် ကြည့်လိုက်သည်။ "ရွေ့ရွေ့... ဘယ်လိုနေသေးလဲ... ဘာလို့ တစ်ယောက်တည်း လျှောက်သွားရတာလဲ"
“သားက ကောင်မလေး တစ်ယောက်ကို အိမ်ပြန်ပို့ပေးနေတာပါ"
သူ့မားမားကို သူလမ်းပျောက်သွားသည်ဟု မပြောချင်။ ဒါက ရှက်ဖို့ကောင်းတယ်လေ...
ယာဥ်ထိန်းရဲမှာ သူမက ငယ်ရွယ်လှပသော အမေတစ်ယောက် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ကလေးကို အာရုံမရှိတာ အံ့သြစရာ မဟုတ်တော့ဘူး... သူက မနေနိုင်ဘဲ ရှေ့တစ်လှမ်းတိုးကာ သူမကို သတိပေးလိုက်သည်။ လီယန်က ခပ်ရှက်ရှက်ဖြင့် တုံ့ပြန်လိုက်ပြီး ထိုရဲက ကားမောင်း၍ ထွက်သွားလေသည်။ ဖြတ်သွားဖြတ်လာလူမှာ သူမက အလွန် ငယ်ရွယ်ပြီး လှပသည်ကို တွေ့လိုက်ရသောအခါ စတားများနောက်လိုက်သည်ကို လျှော့ရန်နှင့် မဟုတ်ပါက ကလေး အလစ်သုတ်ခံရနိုင်သည်ဟု ပြောသွားခဲ့သည်။
လီယန်: “…”
လူတိုင်း ထွက်သွားကြသည့်အချိန်တွင် မော့ချန်းရွေ့က အထွန့်တက်ရန် မမေ့ပေ။
"မားမား ကြည့်... ပါးပါးရယ်"
လီယန်က လက်ကလေးအနောက်သို့ လိုက်၍ ကြည့်လိုက်သည်။ ၎င်းက ကြော်ငြာ ဆိုင်းဘုတ်ပေါ်မှ မော့ကျန်း ဖြစ်နေသည်။ သူမက မော့ချန်းရွေ့၏ ပါးလေးကို တို့ကာ ပြောလိုက်သည်။
"ဒါက သားပါးပါးရဲ့ ကြော်ငြာလေ... ပါးပါးမှ မဟုတ်တာ"
မော့ချန်းရွေ့က သူမကို ပဟေဠိ ဖြစ်စွာဖြင့် ကြည့်လိုက်သည်။ "ကြော်ငြာက ဘာကြီးလဲ"
“ကြော်ငြာက... ကြော်ငြာပေါ့"
မော့ချန်းရွေ့ “…”
ထားလိုက်တော့... မူကြိုရောက်မှ သူ့ဆရာမကို မေးတော့မယ်...
မော့ချန်းရွေ့ ငါးနှစ်သားအရွယ်တွင် မော့ကျန်းက မော့ချန်းရွေ့၏ မွေးဖွားမှုအကြောင်း ဆောင်းပါးရေးရန် တောင်းဆိုလာခဲ့သည့် မဂ္ဂဇင်းတစ်ခုနှင့် အင်တာဗျူးလုပ်ရန် လက်ခံလိုက်သည်။ မော့ကျန်းက ထိုသူတို့၏ ယခုအချိန်ထိ မဆုတ်မနစ် အားထုတ်မှုများကို လှုပ်ရှားသွားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း အင်တာဗျူးက အခြေအနေ တစ်ခုရှိပြီး သူတို့ကို အိမ်မှာပဲ အင်တာဗျူးရမည် ဖြစ်ကာ ဓါတ်ပုံများကိုလည်း ရိုက်ခွင့်မပြုပေ။
ထိုအခြေအနေနှင့်ပင် သတင်းထောက်ကျဲကျဲက ပျော်ရွှင်မှုကြောင့် အော်ငိုလုနီးပါး ဖြစ်သွားသည်။ ဒီအထူးအင်တာဗျူးနဲ့သာဆို သူမ ရာထူးတက်သွားနိုင်တယ်ကွ... ပြီးတော့ ဧကရာဇ်မော့ရဲ့ ကလေးကို တွေ့ခွင့်ရဖို့ ကောင်းချီးကြီး တစ်ခုပဲလေ...
Xxxxx