Chapter 15
ရုတ်တရက်ဆန်၍ ကြိုတင်မမြင်နိုင်သော အဖြစ်အပျက်ကို ရင်ဆိုင်ရသည့်အခါ ရှိသမျှ ဧည့်သည်အားလုံးက မျက်လုံးပြူးသွားကြလေသည်။
ပေါ်ယွဲ့မင်က မျက်လုံးကန်းနေတာ မဟုတ်ဘူးလား?
သို့ပေမယ့် ဤလှုပ်ရှားမှု၏ ရက်စက်ကြမ်းကြုတ်မှုနှင့် သူ၏ ခြိမ်းခြောက်နေသော အရောင််အဝါကြောင့် သူတို့က လျှော့မတွက်ဝံ့ခဲ့ပေ။
ဖေးယိကလည်း ပေါ်ယွဲ့မင်၏ ပြတ်သားသော ခြေလှမ်း*ကို မမျှော်လင့်ထားပေ။ တစ်ခဏလောက်တော့ သူက ထိုသူ၏ အမူအရာကို မော့ကြည့်မိသွား၏။
(** ပြောင်ပြောင်တင်းတင်း တည့်တိုး တဇွတ်ထိုးပြုမူလိုက်တာကို ပြောတာပါ)
၎င်းက မရေမတွက်နိုင်သော လူများကို ဆွဲဆောင်နိုင်သည့် မာနကြီး၍ မောက်မာသော မျက်နှာဖြစ်နေသေးပေမယ့် မျက်မှန်အောက်၌ ဝှက်ထားသော မျက်လုံးများမှာမူ နက်မှောင်နေပြီး ဖျောက်ဖျက်၍မရနိုင်သော ကြည်လင်ပြတ်သားမှုမျိုးကို ပေးစွမ်းနေ၏။
ပေါ်ယွဲ့မင်က လမ်းပြတုတ်ကို သူ့ရှေ့ပြန်ချကာ သူ့ပါးစပ်ထောင့်၌ အေးစက်သော အပြုံးတစ််ခုထွက်ပေါ်လာလေသည်။ “တစ်ခုခုကို ထိမိသွားသေးလား? ငါ့မျက်လုံးတွေက သိပ်အဆင်မပြေလို့လေ”
ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့ပြီးမှ မင်းက မင်းမျက်လုံးကို အကြောင်းပြနေတာလား?
ဝေ့မိသားစုက ကြမ်းပြင်ပေါ်မှာ ဖြူဖျော့ဖျော့မျက်နှာနှင့် လဲကျနေသော သူတို့သားကို တွေ့လိုက်ရစဥ် ဒေါသစိတ်ဖြင့် တုန်လှုပ်သွားကြလေသည်။ “ဒုတိယသခင်လေး… မင်းဒီလိုလုပ်ပြီး ငါတို့မိသားစုနှစ်ခုကြားက ဆက်ဆံရေးကို မထီမဲ့မြင်ပြုလိုက်တာလား!”
“ဟုတ်တယ်… ဒါက ပေါ်သခင်ကြီးရဲ့မွေးနေ့လေ။ ပြီးတော့ မင်းရဲ့လှုပ်ရှားမှုတိုင်းက ပေါ်မိသားစုကို ကိုယ်စားပြုနေတယ်!”
ပေါ်သခင်ကြီးက ပေါ်သခင်မကြီး၏ ဖိနှစ်မှုအောက်တွင် ဘဝတစ်ခုလုံးနီးပါး ရှင်သန်ခဲ့ရသည်။ ဤနှစ်မှ သူက သခင်တစ်ယောက်၏ ဟန်ပန်ကို ရနိုင်ခဲ့တာကြောင့် သူက သူ့ဂုဏ်သိက္ခာကို အလွန်ဂရုစိုက်သည်။
၎င်းကိုကြားတော့ သူ၏မုတ်ဆိတ်ဖြူက အနည်းငယ် တုန်ယင်သွားလေသည်။
“ဆက်ဆံရေးလား?”
ပေါ်ယွဲ့မင်က အဓိကကျသော စကားလုံးကိုဆုပ်ကိုင်ကာ ဦးစွာဖြတ်မေးလိုက်လေသည်။ “ဆက်ဆံရေးဆိုတဲ့စကားလုံးအရ ပေါ်နဲ့ဖေးက သူတို့ကြားထဲက လက်ထပ်ပွဲကို အခုလေးတင် ကြေညာလိုက်တာလေ။ ပြီးတော့ မိသားစုနှစ်ခုလုံးရဲ့ သခင်လေးတွေက ကွယ်ရာမှာ ဖေးယိကို လမ်းပိတ်ပြီး စကားတစ်ခွန်းစီနဲ့ နှိမ်ခဲ့တယ်။”
“စကားတစ်ခွန်းစီနဲ့ လုပ်ရပ်တိုင်းက မိသားစုကို ကိုယ်စားပြုနေတာဆိုရင် ဒါရိုက်တာဝေ့နဲ့ ဒါရိုက်တာချန်ကို မေးကြည့်ပါဦးမယ်။ ခင်ဗျားတို့က ဖေးမိသားစုကို မထီမဲ့မြင်ပြုနေတာလား? ကျုပ်တို့မိသားစုအပေါ် လေးစားမှုမရှိတာလား?”
စကားလုံးအနည်းငယ်ဖြင့်ပင် ပေါ်ယွဲ့မင်က ပဋိပက္ခကို မိသားစုအဆင့်သို့ မြှင့်တင်ခဲ့ပြီး ဖြစ်ချင်တော့ ကျိုးကြောင်းဆီလျော်နေခဲ့သည်။
“မင်း…..”
ဝေ့နှင့် ချန်မိသားစုက စကားမပြောနိုင်လောက်အောင် ဆို့နင်သွားခဲ့သည်။
တကယ်တော့ ဝေ့ပေါ်နှင့် ချန်ယန်က ဤအငြင်းပွားမှုကို စတင်ခဲ့သူများဖြစ်၏။
“ကျုပ်မှတ်မိသလောက်ဆိုရင် ပေါ်မိသားစုက ခင်ဗျားတို့မိသားစုနှစ်စုနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေ ရှိနေတာမလား?”
ပေါ်ယွဲ့မင် ကြုံရာကျပန်းမေးခွန်းမျိုးကို မေးနေသည့်အလား ချက်ကျလက်ကျ ပြောလိုက်လေသည်။ “သခင်လေးနှစ်ယောက်က ကျုပ်တို့နောက်ကွယ်မှာ ပေါ်မိသားစုကို ဝေဖန်ရဲနေမှတော့ မိသားစုနှစ်ခုကလည်း တံခါးနောက်ကွယ်မှာ သူတို့ကို ဘာတွေသင်ပေးနေလဲ ကျွန်တော်သိချင်မိတယ်။”
ဖေးယိက ခေါင်းငုံ့ကာ ထိန်းချုပ်လို့မရတော့သည့် သူ့ပါးစပ်ထောင့်ကို ဖုံးကွယ်ရန် ကြိုးစားလိုက်သည်။
ထင်သည့်အတိုင်းပင် ပေါ်ယွဲ့မင်မှာ ဗီလိန်ဖြစ်နိုင်ချေရှိသည်။ သူက သန့်ရှင်းရေးလုပ်ရခက်သော ညစ်ပတ်အိုးတစ်လုံးကို အလွယ်တကူ ခွဲပစ်လိုက်နိုင်သည်။ တစ်ဖက်လူ၏ ဒေါသထွက်ပြီး စိတ်ပျက်နေသောပုံစံကို ကြည့်ရတာ စိတ်ဝင်စားဖို့ကောင်းလှသည်။
ပေါ်ယွဲ့မင်က မေးခွန်းမေးတာကို ရပ်လိုက်ပြီး ပေါ်သခင်ကြီးဘက်လှည့်ကာ အကြံပေးလိုက်သည်။ “အဘိုး… အဘွားက နေမကောင်းသေးလို့ ပေါ်မိသားစုလုပ်ငန်းကို တာဝန်မယူနိုင်ခဲ့တာကြာပြီ။ ဒီကိစ္စကို ဘယ်လိုဖြေရှင်းလို့ရမယ်လို့ ထင်လဲ?”
ဤစကားလုံးများက ပေါ်သခင်ကြီး၏ နေရာကို မြှင့်တင်ပေးပြီး ဆုံးဖြတ်ချက်ချနိုင်သော အခွင့်အာဏာပေးလိုက်သည်ဟု ထင်ရသော်လည်း တကယ်တမ်းမှာ ပေါ်ယွဲ့မင်က သူ့အား မလွှဲမရှောင်သာ အခြေအနေသို့ တွန်းပို့လိုက်ခြင်းဖြစ်ပေသည်။
ဒီနေရာကလူတွေထဲမှာ မသိတဲ့လူပါလို့လား?
ပေါ်သခင်မကြီး ပေါ်ဖေးကျစ်သည် အင်ပါယာမြို့တော် အသိုင်းအဝိုင်း၌ လူသိများ၍ ထက်မြက်သော အမျိုးသမီးတစ်ဦးဖြစ်သည်။ ပေါ်မိသားစု ယနေ့လို အခြေခံအုတ်မြစ် တည်ဆောက်နိုင်ခဲ့ခြင်း အကြောင်းအရင်းမှာ သူမ၏ ခိုင်မာပြတ်သားသော နည်းလမ်းများနှင့် စည်းမျဥ်းများကြောင့်ဖြစ်သည်။
ဥပမာအားဖြင့် ဝေ့နှင့်ချန်က ပေါ်မိသားစု၏ ပူးပေါင်းဆောင်ရွက်မှုကို ပွင့်ပွင့်လင်းလင်း လက်ခံခဲ့သော်လည်း နောက်ကွယ်မှာ သူတို့၏ စီးပွားဖက်ကို တိတ်တဆိတ် ရှုတ်ချနေခဲ့သည်။ ပေါ်သခင်မကြီးသာ ရှိနေလျှင် သူမက သူတို့ကို နေရာမှာတင် သတ်ပစ်မှာသေချာသည်။**
(** ပူးပေါင်းဆောင်ရွက်မှုအားလုံးကို ရပ်တန့်ပစ်မှာလို့ ပြောတာပါ)
ဧည့်သည်အားလုံးက ၎င်းကိုတွေးမိပြီး ပေါ်သခင်ကြီးအား စိုက်ကြည့်လိုက်လေသည်။
“…….”
ပေါ်သခင်ကြီးက စွေစောင်းကြည့်လိုက်သည်။ မျိုးဆက်သစ်လူငယ်တစ်ယောက်၏ နည်းအမျိုးမျိုးဖြင့် မြှောက်စားခံရမည်ဟု သူမထင်ထားခဲ့ပေ။ သို့သော် ကိစ္စက ဤအခြေအနေထိ ရောက်လာပြီဖြစ်၍ အပြစ်ရှိသော မိသားစုနှစ်စု၏ တောင်းပန်စကားကို လက်ခံလိုက်မည့်အစား အရှက်ခွဲလိုက်တာ ပိုကောင်းပေမည်။
ပေါ်သခင်ကြီးက စက္ကန့်အနည်းငယ်လောက် တုံ့ဆိုင်းနေပြီးမှ တင်းမာသော မျက်နှာထားဖြင့် ဆိုလိုက်လေသည်။ “ယွဲ့မင်ပြောတာမှန်တယ်။ သူတို့က ငါတို့ပေါ်မိသားစုနဲ့ ငါ့ရဲ့အာဏာကို ရှုတ်ချမှတော့ ပူးပေါင်းဆောင်ရွက်မှုတွေအတွက် ငါတို့အပေါ် မှီခိုစရာမလိုတော့ဘူးထင်တယ်။”
ဝေ့နှင့် ချန်မိသားစု၏ လူကြီးများက ထိုစကားကိုကြားသည့်အခါ စိုးရိမ်တကြီး မျက်ခုံးပင့်လိုက်ကြသည်။ “ပေါ်သခင်ကြီး… ဒါက အရေးကြီးတဲ့ကိစ္စပါ! မိသားစုနှစ်ခုနဲ့ ပူးပေါင်းဆောင်ရွက်မှုက အမြဲအဆင်ပြေခဲ့တာလေ။ ဘယ်လိုလုပ် ရပ်တန့်လို့ရမှာလဲ!”
သူတို့မိသားစုနှစ်စုသည် အင်ပါယာမြို့တော်၏ ချမ်းသာသောအသိုင်းအဝိုင်း၌ သေးငယ်သော မိသားစုများသာဖြစ်၏။ ပေါ်မိသားစုနှင့် ပူးပေါင်းဆောင်ရွက်ရေးကြောင့်သာ ပိုကောင်းသောဘဝမှာ နေထိုင်နိုင်ခဲ့သည်ဟု ဆိုနိုင်သည်။ ပူးပေါင်းဆောင်ရွက်မှု ပျက်စီးသွားပါက သူတို့အကြောင်း ပေါ်သွားပေလိမ့်မည်။
သူတို့က အကျိုးအမြတ်နှင့် လေးစားမှုမရနိုင်သည့်အပြင် သူတို့မိသားစု၏ ကံကြမ္မာသည်လည်း လက်တွေ့ကျကျ ပျက်စီးသွားပေမည်။
သူတို့ ဤအရှုပ်များကို မလုပ်ခဲ့သင့်ဘူးဆိုတာ သဘောပေါက်သွားခဲ့သည်။
ပေါ်သခင်ကြီးက ယဥ်ကျေးဟန်ဆောင်လိုက်သည်။ “စာချုပ်ချုပ်ထားတဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေကိုတော့ ကောင်းကောင်းလုပ်သွားမှာပါ။ ကျန်တာကိုတော့ နောက်မှဆွေးနွေးကြတာပေါ့။”
မိသားစု၏ အိမ်ထောင်ဦးစီးအနေဖြင့် ဝေ့တင်းပန့်က စိုးရိမ်ဒေါသထွက်နေခဲ့သည်။ သူက တခြားမိသားစု၏ သားဖြစ်သူကို ဒေါသပုံချလို့ မရတာကြောင့် သူ့သား၏နောက်ကျောကို ပြင်းပြင်းထန်ထန် ကန်ပစ်လိုက်သည်။
“မင်းကို ဒီလိုအဓိပ္ပါယ်မရှိတာတွေလုပ်ဖို့ ငါသင်ပေးခဲ့သလား ဟမ်? မင်း ပေါ်သခင်ကြီးကို ဘာလို့မတောင်းပန်တာလဲ၊ အခုချက်ချင်း အမြန်ရှင်းပြလိုက်လေ!”
သူ့မိဘများ၏ ဒေါသနှင့် ရင်ဆိုင်ရသည့်အခါ ဝေ့ပေါ်က မျက်နှာငယ်လေးဖြစ်သွားခဲ့သည်။ သူ့မူလရည်ရွယ်ချက်မှာ ပေါ်ဝမ်ကို ခယဝယလုပ်ဖို့ဖြစ်၏။ ၎င်းက ရလဒ်ပြောင်းပြန်ဖြစ်သွားမယ်လို့ သူမထင်ထားခဲ့ပေ။
ထိုအခိုက်အတန့်တွင် ဘေးမှာရပ်နေသော ချန်ယန်က သည်းမခံနိုင်တော့ပဲ ပြောလိုက်လေ၏။ “အဲ့ဒါက… အဲ့ဒါက ပေါသခင်လေးကြောင့်ပဲ!”
ဖေးယိနှင့် ပေါ်ယွဲ့မင်က ၎င်းကိုကြားတော့ နှစ်ယောက်လုံးမှာ အားရသောခံစားချက် ဖြစ်ပေါ်လာသည်။
အရမ်းကောင်းတယ်!
အနည်းဆုံးတော့ နောက်ကွယ်က ဆရာကြီး ပေါ်လာပြီ!
ချွေးစေးများထွက်နေသော ဝေ့ပေါ်က သံယောင်လိုက်ကာ ဝန်ခံစကားဆိုသည်။ “ပေါ်ဝမ်က ဖေးယိနဲ့ ဒုတိယသခင်လေးကို သဘောမကျဘူးပြောလို့ ကျွန်တော်တို့ကို အခွင့်ရေးတစ်ခုရှာခိုင်း….”
လူအုပ်ကြားမှာ ပုန်းနေသော ပေါ်ဝမ်က ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။ “မင်း ဘာအဓိပ္ပါယ်မရှိတာတွေ ပြောနေတာလဲ!”
ဤစိတ်မရှည်သော ငြင်းဆိုချက်က တခြားဧည့်သည်များ၏ နားထဲရောက်သွားကာ တိကျသော သက်သေတစ်ခု ဖြစ်လာခဲ့သည်ကို သူမသိလိုက်ပေ။
နေ့တစ်ဝက်ကုန်မှ ပြဿနာအားလုံးကို စခဲ့တဲ့သူက ပေါ်မိသားစုရဲ့ သခင်လေးဖြစ်နေခဲ့တာလား?
ဤပေါ်ယွဲ့မင်က သူ့ဝမ်းကွဲအစ်ကိုဖြစ်ပြီး ယခု မျက်လုံးကန်းနေကာ ဖေးယိလို အားနည်းသော အရူးလေးနှင့် လက်ထပ်ခဲ့ရသည်။ သူ့မှာ အနာဂတ်ဘယ်လိုရှိနိုင်တော့မှာလဲ?”
သူက ဘာလို့ သူ့ကို သဘောမကျရတာလဲ? အဆုံးမှာ သူတို့နှစ်ဦးသည် သွေးသားတော်စပ်သော ဆွေမျိုးများဖြစ်ကြသည်။
လူ့နှလုံးသားက အားနည်းသူကိုသာ အမြဲစာနာတတ်သည်။
ဧည့်သည်များက အတူတူရပ်နေသော ပေါ်ယွဲ့မင်နှင့် ဖေးယိအား ကြည့်လိုက်ကာ သူတို့၏ အမှားအမှန် ချိန်ခွင်လွှာမှာ မသိစိတ်အလျောက် ပြောင်းလဲသွားလေသည်။
ပေါ်ဝမ်က ဘက်ပေါင်းစုံမှ မေးခွန်းထုတ်သော အကြည့်များကို ခံယူနေရ၍ သူ့ဘဝမှာ တစ်ခါမှ မကြုံခဲ့ဖူးသော ရှက်ရွံ့မှုကို ခံစားလိုက်ရသည်။ သူက ဒေါသကို မထိန်းချုပ်နိုင်တော့ပဲ ဧည့်သည်များကို တွန်းထုတ်ကာ အမြန်ပြေးထွက်သွားခဲ့သည်။
“……”
ဤကိစ္စက နှင်းဘောလုံးလို ကြီးသထက်ကြီးလာမည်ဟု ပေါ်သခင်ကြီးက မထင်ထားခဲ့ပေ။ ဖော်ထုတ်ခံလိုက်ရသော မြေးဖြစ်သူက ရှောင်ထွက်သွားခဲ့သဖြင့် သူက ဒေါသအထွက်လွန်ပြီး သူ့ရင်ဘတ်က တဆတ်ဆတ်တုန်လာခဲ့သည်။ “ဘာမှအဓိပ္ပါယ်မရှိဘူး!”
ပေါ်ကွမ်းချန်က မျက်စိတစ်မှိတ်အတွင်း အသာစီးရသွားသော ပေါ်ယွဲ့မင်ကိုကြည့်ကာ ဤကလေးပေါ်ဝမ်က အကူအညီထက် အတားအဆီးဖြစ်နေသည်ဟု ခံစားလိုက်ရသည်။
ပေါ်သခင်ကြီး ဒေါသထွက်နေချိန်မှာ သူက စကားအမြန်ဖြတ်ကာ ခေါင်းစဥ်ပြောင်းလိုက်သည်။ “ကြွရောက်လာသူအပေါင်းတို့ဗျာ၊ ဒီလျှောက်လမ်းက ကျဥ်းလွန်းနေတော့ လူအများကြီးရပ်နေတဲ့အခါ လေဝင်လေထွက် မကောင်းတော့ဘူးဗျ။ ကျွန်တော်တို့ ဧည့်ခံပွဲခန်းမကိုပြန်သွားပြီး စကားဆက်လိုက်ကြမလား?”
လူတိုင်းက သူ၏ဆိုလိုရင်းကို နားလည်ကြပြီး ပေါ်သခင်ကြီး လှုပ်ရှားလိုက်သည်ကို မြင်သောအခါ သူတို့အားလုံးလည်း လိုက်သွားခဲ့သည်။
.
မကြာမီတွင် လျှောက်လမ်းရှိ လူအုပ်ကြီး လူစုခွဲလုနီးပါးဖြစ်သွားလေသည်။
ယန်စမ်းက ထိုမနှစ်မြို့ဖွယ်မြင်ကွင်းကို စိတ်မဝင်စားတော့ပဲ သူ့သူငယ်ချင်း၏ လှည့်ကွက်များကို တိုးတိုးလေး ရယ်မောလိုက်သည်။ “တောင်ပေါ်လမ်းကနေ နွားကျောင်းလိုက်တဲ့ မင်းရဲ့နည်းလမ်းတွေက** တကယ်ကိုလှတယ်ကွာ”
(** လူတစ်ယောက်ကို ကိုယ်ထိလက်ရောက်မဟုတ်ပဲ တိုက်ခိုက်တာကိုပြောတာပါ)
“အခု သူတို့မျက်နှာပျက်ရမယ့် အလှည့်ရောက်ပြီ။”
ပေါ်ယွဲ့မင်က သူလွန်သွားသည်ဟု မထင်ပေ။ ဖေးယိ၏ နောက်ကျောကို ဖိထားသော လက်က နောက်တစ်ကြိမ် ပုတ်ပေးလိုက်ပြန်သည်။ “ဖေးယိ… မင်းထိသွားသေးလား?”
“....ဟင့်အင်း.”
ဖေးယိ ခေါင်းခါပြလိုက်တော့ သူ့ရင်ဘတ်ထဲရှိ မီးသတ်ဆေးဘူးက တုန်ခါသွားလေသည်။
ပေါ်ယွဲ့မင်က တစ်စက္ကန့် သို့မဟုတ် နှစ်စက္ကန့်ကြာမှ တုံ့ပြန်လိုက်ပြီး မီးသတ်ဆေးဘူး၏ ထိပ်ဖျားကို စမ်းတိစမ်းတမ်း လုပ်လိုက်သည်။ “သယ်ထားရတာ မလေးဘူးလား? ချလိုက်တော့။”
“အို့”
ဖေးယိက ဤသို့ဖြင့် အတန်ငယ် တုံးအသယောင် ခံစားလိုက်ရသည်။ ထို့ကြောင့် သူက ၎င်းကို နာနာခံခံ အောက်ချလိုက်လေသည်။
“ဘာကိစ္စမှမရှိတော့ရင် ငါပြန်တော့မယ်။”
သူတို့သုံးယောက်၏ မျက်နှာချင်းဆိုင်မှာ ရပ်နေသော လီယွမ်က သူ၏တည်ရှိနေမှုကို သတိပေးရန် ဝင်ပြောလိုက်လေသည်။ သူ လုံခြုံရေးတံခါးမှ ထွက်ခွာခါနီးတွင် ယန်စမ်းက သူ့ကိုတားဖို့ လှမ်းခေါ်လိုက်သည်။ “ဒီကသခင်လေး… မင်းလက်တွေ ဒဏ်ရာရထားပုံပဲ”
ဖေးယိ၏ မျက်လုံးများက ထိုနေရာကို ချက်ချင်းရောက်သွားသည်။
လီယွမ်၏ ညာဘက်လက်ညိုး၌ သွေးစီးကြောင်းရှိနေသည်။ အနီးကပ်မကြည့်ပါက မြင်နိုင်မည်မဟုတ်ပေ။
“ငါတို့လေးယောက် တစ်နေရာကိုသွားပြီး ခဏလောက်ထိုင်ကြမလား? အနည်းဆုံးတော့ ဒဏ်ရာကိုကြည့်ပေးပြီး….” ယန်စမ်းက မီးသတ်ဆေးမှုန့်များ စွန်းထင်းနေသော လီယွမ်၏ဝတ်စုံကိုကြည့်ကာ စေတနာဖြင့် သတိပေးလိုက်သည်။ “မင်း ဝတ်စုံလဲဖို့ လိုသေးလား?”
“……”
လီယွမ်က ဒဏ်ရာရနေသော သူ့လက်ချောင်းထိပ်ကို ဖုံးကွယ်ကာ သူ့မျက်လုံးများက အရောင်လက်လာပြီးမှ ပြန်မှိန်သွားခဲ့သည်။
တကယ်တော့ ဝေ့ပေါ်ပြောတာမှန်သည်။ သူနဲ့ ဤနေရာရှိ ဧည့်သည်များက ကမ္ဘာချင်းမတူကြပေ။
ယနေ့မှာ သူက သူ့အဆက်အသွယ်များထံမှ ခက်ခက်ခဲခဲဖြင့် ဖိတ်စာတစ်စောင်ရရှိခဲ့သည်။ မူလက သူသည် ဒေဝါခံရတော့မည့် သူ့ကုမ္ပဏီအတွက် ရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်ကို ရယူလိုသော်လည်း ခန်းမထဲရောက်လာတည်းက ထပ်ခါထပ်ခါ ကျရှုံးခဲ့လေသည်။
စိတ်အားထက်သန်မှု မရှိတော့သလို ခံစားရသဖြင့် သူက လုံခြုံရေးဝင်ပေါက် လျှောက်လမ်းတွင် ပုန်းနေကာ စိတ်ဓာတ်ကျမှု လျော့ပါးစေဖို့ ဆေးလိပ်သောက်နေခဲ့သည်။ သို့သော်လည်း သူက တခြားသူများ၏ ကိစ္စမှာ ဝင်ရောက်စွက်ဖက်ပြီး သူ့ကိုယ်သူ ညစ်ပတ်စေခဲ့သည်။
ဖေးယိနှင့် ပေါ်ယွဲ့မင်က ဝေနဲ့ချန်မိသားစု၏ ဒေါသကို ရင်ဆိုင်နိုင်သော်လည်း ထိုသူများက သူ့အား ဒေါသပုံချမည်ကို သူစိုးရိမ်မိသည်။ ထို့ကြောင့် ဤနေရာမှ အမြန်ဆုံးထွက်သွားတာ ပိုကောင်းပေမည်။
လီယွမ်က ငြင်းလိုက်သည်။ “မလိုပါဘူး။ ဝတ်စုံက စျေးမကြီးဘူး။ ပြီးတော့ ဒီလိုအသေးအမွှားဒဏ်ရာကိုလည်း ကြည့်ပေးဖို့မလိုပါဘူး။”
ဖေးယိက ကျေးဇူးကြွေးတင်မှာကို အမုန်းဆုံးဖြစ်သည်။ ယခုနက အခြေအနေသည် သူကိုယ်တိုင်ဖြေရှင်းလိုက်လို့ရသော အရာဖြစ်သော်လည်း လီယွမ်က ကူညီပေးဖို့ ရွေးချယ်ပြီး ၎င်းကြောင့်ပင် ဒဏ်ရာရခဲ့သည်။
ဖေးယိက အမြန်ရှေ့တိုးကာ လီယွမ် ထွက်မသွားစေရန် ဆွဲထားလိုက်သည်။ “သွေးတိတ်အောင်လုပ်ရမယ်။ ကျွန်တော်ကူညီပေးမယ်။”
ဖေးယိ စကားကိုကြားတော့ ပေါ်ယွဲ့မင်က သူရေချိုးခန်းထဲမှာ ချော်ကျခဲ့သည့် ညကို သတိရသွားသည်။ တစ်ဖက်လူက သူ့ကိုလည်း ယခုလိုပင် ဒဏ်ရာကုသပေးခဲ့ပြီး သွေးတိတ်စေရန် ဆေးလိမ်းနေစဥ်တွင် ဒဏ်ရာကို အာရုံလွှဲရန် သူ့လက်ချောင်းထိပ်များကို ပွတ်သပ်ပေးခဲ့သည်။
ဤလုပ်ရပ်မျိုး တခြားသူများအပေါ် ထပ်ဖြစ်မည်ကို တွေးကြည့်လိုက်ရာ ပေါ်ယွဲ့မင်က ချက်ချင်းဆိုသလိုပင် အကြောင်းပြချက်မရှိ မျက်မှောင်ကြုတ်လိုက်မိသည်။ “ဒီသခင်လေး… ဘယ်လိုခေါ်ရမလဲ?”
“ လီယွမ်”
လီယွမ်က သူ့နာမည်ပြောပြလိုက်သည်။
ဖေးယိ၏ တင်းတင်းဆုပ်ကိုင်ခံထားရသဖြင့် သူချက်ချင်းထွက်ခွာလို့ မရနိုင်ခဲ့ပေ။
“လီသခင်လေး… ဒဏ်ရာကိုပိုးသတ်ဖို့ ငါတို့နဲ့ လိုက်ခဲ့ပေးပါ။ ခုနက ကူညီပေးလို့ ကျေးဇူးတင်ပါတယ်။”
ပေါ်ယွဲ့မင်က ဧည့်သည်ကို ဆွဲထားလိုသည့် ဖေးယိ၏ရည်ရွယ်ချက်ကို လိုက်လျောခဲ့ပြီး သူ့သူငယ်ချင်းကို အချက်ပြလိုက်သည်။ “ယန်စမ်း… မင်း ဒီသခင်လေးကို ကူညီပေးလိုက်ပါ။ ဖေးယိက ဒီလိုအရာမျိုးကို ကောင်းကောင်းကိုင်တွယ်နိုင်မှာ မဟုတ်ဘူး။”
အရည်အချင်းကို မေးခွန်းထုတ်ခံလိုက်ရသော ဖေးယိက သူ့ကို ငြင်းလိုက်သည်။ “ကျွန်တော်လုပ်နိုင်တယ်။”
ပေါ်ယွဲ့မင်က မြူခိုးအလွှာမှတစ်ဆင့် သူ့ဦးတည်ရာကို စိုက်ကြည့်ကာ တိုးတိုးလေး ပြန်ပက်ပြောဆိုလိုက်သည်။ “မင်းမလုပ်နိုင်ဘူး။ မင်းလုပ်ပေးရင်လည်း ပတ်တီးပြန်ပတ်ဖို့ တခြားသူကိုရှာရမှာပဲ”
“……”
ကောင်းပါပြီကွာ။
နောက်တစ်ကြိမ် ခင်ဗျားဒဏ်ရာရရင် ဘယ်သူဂရုစိုက်ပေးမလဲ ကြည့်ကြသေးတာပေါ့…
ဖေးယိက စိတ်ထဲမှာ တေးမှတ်ထားလိုက်သည်။ သို့ပေမယ့် အပြင်လူနှစ်ယောက်ဖြစ်သည့် ယန်စမ်းနှင့် လီယွမ်တို့က သူ၏ “အရူးဟန်ဆောင်ခြင်း”ဟာကွက်ကို တွေ့သွားမှာ စိုးရိမ်သဖြင့် သူ့မှာရွေးချယ်စရာမရှိတော့ပဲ “ဒဏ်ရာကုသပေးခြင်း” တာဝန်ကို စွန့်လွှတ်လိုက်ရတော့သည်။
သူ့လက်ကောက်ဝတ်မှ ဖိအားလျော့သွားသည်နှင့် သူ၏ငြင်းဆန်မည့် စကားများလည်း ပျောက်ကွယ်သွားခဲ့သည်။
လီယွမ်၏မျက်လုံးများက မသိမသာ မှိတ်တုတ်မှိတ်တုတ်ဖြစ်ကာ သူ့အဝတ်အစားပေါ်မှ အမှုန့်ခြောက်များကို ကိုးရိုးကားယား ခါထုတ်လိုက်လေသည်။ “ကောင်းပါပြီ။ ကျွန်တော် ခင်ဗျားကိုပဲ ဒုက္ခပေးရတော့မယ်။”
ယန်စမ်းက သူ့သူငယ်ချင်းကို စိုက်ကြည့်လိုက်သည်။ “ဒါဆို ဆေးသေတ္တာယူလာပေးဖို့ ဝန်ထမ်းတစ်ယောက်ကို အရင်မှာလိုက်မယ်။ မင်းတို့က ငါ့ကို နားနေခန်းမှာစောင့်နေပါ။”
ပေါ်ယွဲ့မင်က သဘောတူလိုက်ပြီး ထပ်ခေါ်လိုက်သည်။ “ဖေးယိ…ဒီကိုလာ”
ဖေးယိသည် ယခုနက အသေးအမွှားကိစ္စကို ပြန်သတိရသွားပြီး ဟွန်းကနဲ နှာမှုတ်လိုက်သည်။
ပေါ်ယွဲ့မင်၏ အမူအရာက အကူအညီမဲ့မှု အရိပ်အယောင်ကို ဖော်ပြနေ၏။ “ငါမမြင်ရဘူး။ ဦးလေးခိုင်ကလည်း ပြန်မလာသေးဘူး။ ဒီတော့ မင်းငါ့ကိုလမ်းပြပေးမှရမယ်။”
“........ဟွန်း”
သူ လမ်းညွှန်မျက်မှန်တပ်ထားတာ မဟုတ်ဘူးလား?
ခုနကလေးတင် သူ့ကို မေးခွန်းထုတ်ခဲ့တာမဟုတ်ဘူးလား?
ဖေးယိက သူ့စိတ်ထဲမှာ မကျေနပ်မှုတသီကြီးကို ရေရွတ်ခဲ့ပေမယ့် ပေါ်ယွဲ့မင်၏ဘေးသို့ လျှောက်သွားလိုက်ဆဲပင်။ တကယ်တော့ သူတို့နှစ်ယောက်က အပေါ်ယံမှာ ချည်နှောင်ထားပြီးသားဖြစ်၍ သူတို့ကြားမှာ တကယ့်ပဋိပက္ခမရှိပါပေ။
ဖေးယိ၏ ချဥ်းကပ်လာမှုကို အာရုံခံမိသော ပေါ်ယွဲ့မင်က လက်လှမ်းကာ စမ်းတိစမ်းတမ်းလုပ်လိုက်သည်။
လက်ကို နည်းနည်းမြှောက်လိုက်တော့ သူ့လက်ချောင်းထိပ်များက ဆံသားနုနုလေးကို ပွတ်တိုက်သွားပြီး လည်ပင်းနောက်သို့ အမှတ်တမဲ့ လျောကျသွားကာ မသိစိတ်အလျောက် ဖိလိုက်မိလေသည်။
လည်ပင်းနောက်ဘက်မှ အေးမြသော အထိအတွေ့က ဖေးယိအား ထိရှလွယ်စွာ ရှောင်ထွက်မိစေခဲ့သည်။ သူက ပေါ်ယွဲ့မင်၏ လမ်းပျောက်နေသော လက်ကို ကမန်းကတန်း ဆုပ်ကိုင်ထားလိုက်သည်။ “ကျွန်တော် ဒီမှာ။”
“အင်း… ဆောရီးပါ။ သွားရအောင်။”
ပေါ်ယွဲ့မင်က တုံ့ပြန်လိုက်ကာ ဖေးယိအား ဦးဆောင်ခေါ်ထုတ်သွားခဲ့သည်။
ယခုနက ကြိုကြားကြိုကြား ထိတွေ့မှုများကို ပြန်တွေးလိုက်ကာ သူ့မျက်မှန်အောက်မှာ ဝှက်ထားသော မျက်လုံးထဲတွင် ကျီစယ်လိုသော ရှားရှားပါးပါး ခံစားချက်တစ်ခုကို ရလိုက်သည်။
နူးညံ့တယ်။
ကြောင်ပေါက်လေးကို ပွတ်သပ်လိုက်ရသလိုပဲ….
ပြီးတော့ မှဲ့ဖုလေး တစ်ခုရှိနေတာလား?
________________________________________