Ch 17
Viewers 28k

Chapter 17


သူ့ဘေးရှိ ဖေးယိက မလှုပ်ရှားသည်ကို မြင်တော့ ပေါ်ယွဲ့မင်က ဝင်ပြောလိုက်သည်။ “ယန်စမ်း… မင်းနဲ့ ဖေးသခင်လေးက တက္ကသိုလ်မှာတည်းက သိတာလား?”

“ငါဘွဲ့ယူခါနီး မင်းကိုပြောခဲ့တာ မှတ်မိသေးလား။ ကျောင်းကစီစဥ်ပေးတဲ့ အွန်လိုင်းရင်းနှီးမြှုပ်နှံမှု ပြိုင်ပွဲရှိတယ်ဆိုတာလေ?” ယန်စမ်းက ဖေးဟွမ်အား ကျေးဇူးတင်ကြောင်း အရိပ်အမြွက်ပြသည့် နူးညံ့သော မျက်လုံးများဖြင့် ကြည့်လိုက်လေသည်။ 

“အမည်မသိ ပြိုင်ဘက်တစ်ယောက်ရှိနေတယ်လို့ ငါပြောခဲ့တယ်လေ။ နောက်တော့ ငါတို့က ကျောင်းရဲ့ ထိပ်တန်းသုံးယောက်ကို တွေ့ခဲ့ရတယ်။ ပြီးတော့ အဲ့ဒါက ဖေးဟွမ်ဖြစ်နေတယ်။”


– ခွမ်း….


ဝိုင်ခွက်၏ တိုက်မိသံက ဤအမှတ်တရများကို အနှောင့်အယှက်ဖြစ်စေခဲ့သည်။ လီယွမ်က ဝိုင်ခွက်ကို စားပွဲပေါ်မှာ ပြန်တင်လိုက်ပြီး မတ်တပ်ထရပ်ကာ ယန်စမ်းနှင့် ဖေးဟွမ်တို့ကို ကြည့်လိုက်သည်။


အနှီလူက ဒဏ်ရာရထားသော လက်ချောင်းထိပ်ကို ပွတ်သပ်နေ၍ ယခုလေးတင် ပတ်တီးစည်းထားသော ဒဏ်ရာမှ သွေးတွေစီးကျနေသည်ကို ဖေးယိ သတိထားမိခဲ့သည်။ သူက သူ့ကိုယ်သူ ထိန်းချုပ်ဖို့ သို့မဟုတ် တစ်ခုခုကို ဖော်ထုတ်ဖို့ အကောင်းဆုံးကြိုးစားနေသလိုပင်။

ဖေးဟွမ်၏ ပါးစပ်ထောင့်က အနည်းငယ် ကွေးညွတ်သွားကာ “ယွမ်….ဘာဖြစ်လို့လဲ?”

“ငါ့မှာ လုပ်စရာတွေရှိသေးတယ်။ မင်းတို့ရဲ့ အတိတ်အကြောင်း စားမြုံ့ပြန်နေတာကို မနှောင့်ယှက်မိအောင် ငါအရင်ပြန်နှင့်မယ်။” လီယွမ်က လူတိုင်း၏ တုံ့ပြန်မှုကို မစောင့်တော့ပဲ နားနေခန်းမှ ထွက်လာခဲ့သည်။

ပေါ်ယွဲ့မင်က ဝိုင်ကို တိတ်တဆိတ် သောက်နေလိုက်သည်။ မျက်မမြင်တစ်ယောက်အနေဖြင့် သူက တခြားသူများ၏ ဝင်ထွက်သွားလာမှုကို ဂရုမစိုက်တတ်ပေ။

ဖေးယိက လီယွမ်၏ ကျောပြင်ကို အကြာကြီးစိုက်ကြည့်နေပြီး မူရင်းစာအုပ်ထဲမှာ မပါရှိသည့် လျှို့ဝှက်ချက်တချို့ကို ရိပ်မိခဲ့သော်လည်း သူက ရှင်းရှင်းလင်းလင်း မသိနိုင်ခဲ့ပေ။

ခြေသံများ ထပ်မံထွက်ပေါ်လာသည်။ 

ဝန်ထမ်းတစ်ယောက်က ဖျော်ရည်တစ်ခွက်နှင့် ရောက်လာခဲ့သည်။ “ဟယ်လို… အားလုံးပဲ… ဒါက ခင်ဗျားတို့မှာထားတဲ့ သရက်သီးဖျော်ရည်ပါ။”

ပေါ်ယွဲ့မင်က ဖေးယိအတွက် မှာထားသော နို့ပူပူလေးကိို စဥ်းစားလိုက်သည်။ “သရက်သီးဖျော်ရည်လား?”

“ဟုတ်ကဲ့… ဒါ ကျွန်တော် ဖေးယိအတွက် မှာပေးထားတာပါ။”

ဖေးဟွမ်က သူ့အပြုံးကို အမြန်ပြင်လိုက်သည်။ “ကျွန်တော်တို့ ရှောင်ယိက အရက်သောက်လို့မရဘူး။ ဒါပေမယ့် သူက လတ်ဆတ်တဲ့ သရက်သီးဖျော်ရည်ကို အရမ်းကြိုက်တာ။”

“……”

ကျွန်တော်တို့ရှောင်ယိလား?


ဤအခေါ်အဝေါ်ကို ကြားသည့်အခါ ဖေးယိနှင့် ပေါ်ယွဲ့မင်၏ အမူအရာ အနည်းငယ် ပြောင်းသွားခဲ့သည်။

ဖေးဟွမ်က ရနံံပြင်းသော လိမ္မော်ရည်ကို ဖေးယိအား လှမ်းပေးကာ ပေါ်ယွဲ့မင်ကို ပြောလိုက်လေသည်။ “နှစ်ဖက်မိသားစုရဲ့ လူကြီးတွေ သဘောတူထားတဲ့ ကိစ္စကို ဝင်ပြောပေးဖို့ မလွယ်လို့ပါ။ နောက်ဆို ရှောင်ယိကို အများကြီးသည်းခံပေးဖို့ ဒုတိယသခင်လေးကို တောင်းဆိုပါရစေ။”

ဖေးယိက မျက်လွှာချကာ သူ့ကိုကမ်းပေးခဲ့သော ဖျော်ရည်ခွက်ကို ကြည့်လိုက်သည်။


တခြားသူများအပေါ် လူတွေရဲ့အထင်အမြင်မှာ မကြာခဏဆိုသလို ပုဂ္ဂိုလ်ရေးပေါ်မူတည်၍ မျက်နှာလိုက်လေ့ရှိသည်။

မူရင်းစာရေးဆရာက ဖေးဟွမ်ကို မည်မျှပင် စင်းလုံးချောဖြစ်အောင် ရေးထားပါစေ တစ်ဖက်လူသည် သိုသိပ်လွန်းပြီး ဟန်ဆောင်ကောင်းသည့် အတ္တသမားဖြစ်ကြောင်း ဖေးယိက တစ်ချက်ကြည့်ရုံဖြင့် ပြောနိုင်လေသည်။ 


ထို့အပြင် သူ့စိတ်ထဲ၌ မူလပိုင်ရှင်၏ မှတ်ဉာဏ်များလည်း ရှိနေသေးသည်။

ကလေးဘဝတည်းက ဖေးယွမ်သည် မူလပိုင်ရှင်၏ “ရူးသွပ်ခြင်း”ကို အခွင့်အကောင်းယူကာ သူ၏ “ကောင်းမြတ်ခြင်း”ကို ပေါ်လွင်အောင် လုပ်လေ့ရှိသည်။ သူက ကြိမ်ဖန်များစွာ ရည်ရွယ်ရှိရှိ ပြုလုပ်ခဲ့သော်လည်း သေချာဖုံးကွယ်ထားခဲ့ခြင်းနှင့် မူလပိုင်ရှင်၏ ကိုယ့်ကိုယ့်ကို ကာကွယ်မပေးနိုင်သော အရှက်အကြောက်ကြီးမှုတို့ကြောင့် သူက အချိန်ကြာလာသည်နှင့်အမျှ မဖြိုဖျက်နိုင်သော နေရာတစ်ခုကို ရရှိခဲ့လေသည်။

ယခုကဲ့သို့ပင် မူလပိုင်ရှင်၏ “အကြိုက်ဆုံး” သရက်သီးဖျော်ရည်ကို အကြောင်းပြကာ သူသည် ပေါ်ယွဲ့မင်နှင့် ယန်စမ်းတို့ အထင်ကြီးစေရန် ညီအစ်ကိုနှစ်ယောက်ကြားရှိ ရင်းနှီးမှုကို တစ်ဖက်သတ်ဖော်ပြချင်ခဲ့သည်။

“……”

ဖေးယိက သူ၏ အမြှောက်စာဇာတ်ကောင် အဆင့်အတန်းကို စိတ်ထဲမှာ မှတ်သားထားကာ ဖေးဟွမ်လို လူစားမျိုးတွေနဲ့ မပတ်သက်ချင်သော်လည်း သူသည်ကား တခြားသူတွေ လိုအပ်သလို အသုံးချလို့ရသည့် ကိရိယာတစ်ခုဖြစ်ပေးဖို့ မရည်ရွယ်ထားပေ။

ဖေးဟွမ်က ဖျော်ရည်ကို အနားတိုးပေးလိုက်၏။ “ ရှောင်ယိ?”

ဖေးယိ၏ မျက်ဝန်းက တွန့်ဆုတ်ငြင်းဆန်မှုကို ဖော်ပြကာ ဖျော်ရည်ခွက်ကို အသာလေး ပြန်တွန်းပေးလိုက်သည်။ “ကျွန်တော်… ကျွန်တော်မသောက်ချင်ဘူး။”

ပေါ်ယွဲ့မင်က သူ့လေသံထဲရှိ ငြင်းဆန်မှုကို ကြားတော့ “ဘာဖြစ်လို့လဲ?” ဟု မေးလိုက်၏။

ဖေးယိက ရေရွတ်လိုက်သည်။ “ယားတယ်။ နေရခက်တယ်။”

“…….”

ပေါ်ယွဲ့မင်က အရိပ်အမြွက်ကို နားလည်သွားသည်။

ယန်စမ်းက ဖေးဟွမ်ကို တစ်ပြိုင်နက် စိုက်ကြည့်လိုက်သည်။ “ဖေးသခင်လေး… ဒါက သရက်တီးနဲ့မတည့်တာလား?”


ဖေးဟွမ်၏ ပါးစပ်ထောင့် အေးခဲသွားသည်။ “ဘယ်လိုဖြစ်နိုင်မှာလဲ?”


ဖေးယိက နားမလည်ချင်ယောင်ဆောင်ကာ မျက်တောင်ခတ်ပြီး ထပ်ပြောလိုက်သည်။ “သောက်ရတာ အဆင်မပြေဘူး။ ကျွန်တော်မသောက်ချင်ဘူး။”

၎င်းက လူတွေကို လှည့်စားဖို့ သူ တမင်တကာ လုပ်ထားသော အရာမဟုတ်ပေ။


မူလပိုင်ရှင်က သရက်သီးနှင့် အမှန်တကယ်ပင် မတည့်သော်ငြား သူကိုယ်တိုင်က နားမလည်သလို ဖော်မပြနိုင်တာကြောင့် ကွယ်လွန်သွားသော အဘွားမှလွဲ၍ သူ့ကို ဖေးမိသားစုရှိ မည်သူကမျှ ဂရုမစိုက်ခဲ့ကြပေ။

ယခု ဖေးဟွမ်လိုပင်ဖြစ်၏။ ဖေးဟွမ်က မူလပိုင်ရှင် သရက်သီးဖျော်ရည်သောက်တာကို အကြိမ်ရေအနည်းငယ် မြင်ခဲ့သော်လည်း နောက်ဆက်တွဲ ဖြစ်ရပ်ကိုတော့ သူမသိခဲ့ပေ။

ပေါ်ယွဲ့မင်ကပြောလိုက်သည်။ “မသောက်ချင်ရင် မသောက်နဲ့။”

ပေါ်ယွဲ့မင်က အတိတ်မှ ဖေးအိမ်တော်ရှိ ဖေးယိ၏ အခြေအနေကို တွေးတောကာ သူ၏ နက်ပြာရောင်မျက်လုံး အောက်ခြေတွင် ရှင်းလင်းသေချာမှု ပိုရှိလာခဲ့သည်။ “ဖေးသခင်လေး…မိသားစုနှစ်ခုက လက်ထပ်ဖို့ဆုံးဖြတ်လိုက်မှတော့ ငါ ဖေးယိကို ဆိုးဆိုးရွားရွား ဆက်ဆံမှာမဟုတ်ပါဘူး။ မင်း စိတ်ချထားလို့ရပါတယ်။”

ဖေးဟွမ်က အဓိပ္ပါယ်တစ်မျိုးပါနေသော ဤအဖြေကို ကြားသောအခါ သူ့ရင်ဘတ်ထဲ၌ အပူလွှာတစ်ခု ရုတ်တရက် ပိတ်ဆို့သွားပြီး သူက အရှက်ရသွားခဲ့လေသည်။

ဖေးယိက သရက်သီးဖျော်ရည်ကို အကြိုက်ဆုံးလို့ ပြောလိုက်ပေမယ့် သူက တစ်ဖက်လူရဲ့ သရက်သီးဓာတ်မတည့်မှုကိုတောင် မသိခဲ့တာလား?

ဒါက မျက်နှာဖြတ်ရိုက်လိုက်တာမလား?

ယန်စမ်းက လေထုငြိမ်သက်သွားသည်ကို သတိပြုမိ၍ ညင်ညင်သာသာပြောလိုက်၏။ “သရက်သီးဖျော်ရည်မှာ ဓာတ်မတည့်တဲ့ ဓာတုပစ္စည်းတွေပါနေလို့ ဖြစ်မယ်။ ဒါပေမယ့် သတိထားတာ အကောင်းဆုံးပဲ။”

ဖေးဟွမ်က တိတ်တဆိတ် ခေါင်းညိတ်ပြသည်။

နောက်စက္ကန့်မှာတော့ တန်းရှို့ယာ၏ တိုက်တွန်းသံတစ်ခု ထွက်ပေါ်လာသည်။ “ရှောင်ဟွမ်….ပြန်ဖိုအချိန်ကျပြီ။”

သူမနဲ့ ဖေးရူကျန်းက နားနေခန်းမှ ခြေလှမ်းအနည်းငယ်အကွာတွင် မတ်တပ်ရပ်နေကာ ရှေ့မတိုးဝံ့ခဲ့ပေ။

ဖေးဟွမ်က ဤအရှက်ရစရာ အခြေအနေမှ လွတ်မြောက်ရန် သူ့စိတ်ကို အမြန်လျှော့လိုက်ရသည်။ “စီနီယာ… ဒုတိယသခင်လေး… ဒါဆို ကျွန်တော် အရင်ပြန်ပါတော့မယ်”

ယန်စမ်းက ထုံးစံအတိုင်းပင် နူးညံ့သိမ်မွေ့သော အမူအရာဖြင့် ခေါင်းညိတ်ပြလိုက်သည်။

ဆန့်ကျင်ဘက်မှာထိုင်နေသော ဖေးယိက မည်သည့်စကားမျှ မပြောသလို ပေါ်ယွဲ့မင်ကလည်း သူနဲ့မဆိုင်သော သူစိမ်းတစ်ယောက်ကို နှုတ်ဆက်လိုက်သည့်အလား ပေါ့ပေါ့တန်တန် တုံ့ပြန်ခဲ့သည်။

ဖေးဟွမ်က ဤမထီမဲ့မြင်ပြုမှုကို သတိထားမိပြီး သူ့အရှိန်ကို ပို၍ပင် မြှင့်လိုက်လေသည်။

ဧည့်ခံပွဲက ကျင်းပနေဆဲပင်။

ပေါ်ယွဲ့မင်နှင့်အတူ ဝိုင်တစ်ခွက်သောက်ပြီးနောက် ယန်စမ်းက အချိန်ကိုက် မတ်တပ်ထရပ်လိုက်သည်။ “ယွဲ့မင်… အချိန်နီးနေပြီမို့ ငါအရင်ပြန်နှင့်တော့မယ်။”

သူက လေယာဥ်ပေါ်မှဆင်းသည်နှင့် ဤနေရာကို အပြေးအလွှားလာခဲ့ရပြီး ထုပ်ပိုးရန် အိမ်ပြန်ရပေဦးမည်။

ပေါ်ယွဲ့မင်က မတ်တပ်ထရပ်လိုက်၏။ “ငါမင်းကိုလိုကိပို့ပေးမယ်”


ယခုနက လျှောက်လမ်းမှ အငြင်းပွားမှုသည် ရုတ်တရက် ဖြစ်ပေါ်လာတာဖြစ်ပြီး သူတို့နှစ်ယောက်မှာ ဆွေးနွေးစရာရှိနေဆဲပင်။ ယခုအခါ နှစ်ကြိမ်ဆက်တိုက် စကားများမှုကို အနိုင်ရခဲ့သဖြင့် မည်သူကမျှ ဖေးယိအား နှောင့်ယှက်ဝံ့တော့မည်မဟုတ်။

ယန်စမ်းက ဉာဏ်ကောင်းသော လူတစ်ယောက်ပင်။ သူက သူ့သူငယ်ချင်း၏ပခုံးကို အသာလှမ်းထိလိုက်၏။ “ကောင်းပြီ…သွားကြစို့”

ဖေးယိက ဝန်ထမ်းတစ်ဦး ယူလာပေးသော နို့ပူပူလေးကို ကိုင်ကာ သူ့ထိုင်ခုံမှာ ဆက်ထိုင်နေပေမယ့် သူ့စိတ်ကတော့ ဝိုင်စင်ပေါ်တွင် လုံးလုံးလျားလျား ရှိနေ၏။


နူးညံ့သော ဝိုင်ရနံ့က သူ့အား ဆွဲဆောင်မှုရှိရှိ ဖိတ်ခေါ်နေ၏။

ဘယ်သူက ဒီလိုအရာမျိုးကို သည်းခံနိုင်မှာလဲ?

ဖေးယိက ပတ်ဝန်းကျင်ကို သတိထားကြည့်ကာ ပေါ်ယွဲ့မင်၏ ထွက်ခွာမှုကို အခွင့်ကောင်းယူပြီး ဝိုင်ခွက် ကောက်ကိုင်ကာ သူ့အာသီသကို ဖြည့်တင်းရန် အမြန်သောက်လိုက်တော့သည်။

စပျစ်ရည်၏ အရသာ၌ စက္ကန့်အနည်းငယ်လောက် နစ်မြုပ်နေပြီးနောက် ဖေးယိက တစ်ခုခုမှားနေတာကို သတိထားမိလိုက်လေသည်။

မူရင်းဝတ္ထု၏ ဇာတ်ကွက်အရ ဇာတ်လိုက်ကုန်းနှင့် ရှို့ကြား စကားဝိုင်းက ယခုထက်ပိုရမှာဖြစ်၏။ ဖေးဟွမ်နှင့် ပေါ်ယွဲ့မင်ကြားရှိ ဆက်သွယ်မှုပင်လျှင် စကားလုံးအနည်းငယ်ထက် ပိုသင့်သည်။

သူ့အငြင်းစကားကြောင့် ဇာတ်လမ်းက သွယ်ဝိုက်ပြောင်းလဲသွားတာလား?

“……”


ဖေးယိက ငြိမ်ငြိမ်လေး စဥ်းစားနေပြီး ဝိုင်နီတစ်ခွက် ထပ်မြည်းစမ်းရန် ကောက်ကိုင်လိုက်သည်။ 

တစ်ချိန်တည်းမှာ သူ့နောက်တွင် ရင်းနှီးသော အသံတစ်ခု ထွက်ပေါ်လာသည်။ “ဖေးယိ”

“အဟွတ်!”

ဖေးယိက ထိတ်လန့်သွားကာ ဝိုင်ခွက် လွတ်ကျမလို ဖြစ်သွားခဲ့သည်။ ဦးလေးခိုင်၏ အကူအညီဖြင့် ပေါ်ယွဲ့မင် မြန်မြန် ပြန်ရောက်လာမည်ဟု သူ မထင်ထားခဲ့ပေ။


ထို့အပြင် သူက သူနဲ့အလွန်နီးကပ်နေ၏။

ပေါ်ယွဲ့မင်က ဤချောင်းဆိုးမှုတွင် ထိတ်လန့်မှုနှင့် မလုံမလဲဖြစ်မှုတို့ကို ကြားနိုင်ပြီး သူ့နှာဖျား၌ အရက်နံ့ပင် သင်းပျံ့နေခဲ့သည်။

“မင်း အရက်သောက်နေတာပဲ”

ဖေးယိက ပေါ်ယွဲ့မင်၏ မျက်မှန်အောက်က မျက်လုံးများကို ကြည့်လိုက်ရာ “လူမိသွားခြင်း” ၏ မလုံမလဲဖြစ်မှုကို ခံစားလိုက်ရသည်။

စက္ကန့်အနည်းငယ်အကြာတွင် သူက ရိုးသားဖြောင့်မတ်သော အပြုအမူဖြင့် လီဆယ်ဖို့ ကြိုးစားလိုက်လေသည်။ “မဟုတ်ပါဘူး။ ဖျော်…. ဖျော်ရည်ပါ။”