Chapter 18
ဖျော်ရည်လား?
သူ့မျက်လုံးက ကန်းနေပေမယ့် နှာခေါင်းက မပျက်စီးသေးဘူးလေ….
ပေါ်ယွဲ့မင်က ဖေးယိ လိမ်ညာနေသည်ကို ကြားနိုင်ပြီး သူ့အမူအရာ၌ အကူညီမဲ့မှု အရိပ်အယောင်တစ်ခု ပေါ်လာခဲ့သည်။ “ဟုတ်လား… ဖျော်ရည်က သောက်ကောင်းလား?
“…….”
ဖေးယိက ပေါ်ယွဲ့မင်၏ လေသံထဲမှ “ကျီစယ်ခြင်း” အရိပ်အမြွက်ကို သတိထားမိပြီး သူ့ပါးပြင်နှစ်ဖက်က ပူနွေးလာခဲ့လေသည်။
ဦးလေးခိုင်က ဖေးယိ၏ မလုံမလဲ တိတ်ဆိတ်နေသော ပုံစံကိုကြည့်ကာ ကိစ္စချောစေရန် အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “ဒုတိယသခင်လေး… သခင်ငယ်လေးရဲ့ ဝိုင်ခွက်ထဲမှာ အများကြီးကျန်ပါသေးတယ်။ ဒါကြောင့် သူ ဖျော်ရည်ထင်ပြီး စမ်းသောက်ကြည့်လိုက်တာ ဖြစ်နိုင်တယ်။”
သူက ကိစ္စတော်တော်များကို မသိနားမလည်သော အရူးလေးတစ်ယောက်ဖြစ်တာကြောင့် ဖျော်ရည်နှင့် ဝိုင်ကြားရှိ ကွာခြားမှုကို မပြောနိုင်တာ နာလည်ပေးလို့ရသည်။
ပေါ်ယွဲ့မင်က ဦးလေးခိုင်၏ စကားထဲရှိ ကာကွယ်ပေးသံကို ကြားလိုက်ရသည်။ မူလက ဖေးယိအရက်မူးပြီး အမှားအများကြီးလုပ်မိကာ ရန်မစသင့်သည့် ဧည့်သည်များကို စော်ကားလိုက်မိမှာကို သူစိုးရိမ်ခဲ့သည်။ ယခုမူ မည်သည့်အရာမှ ဖြစ်မလာတော့ သူ့အပေါ် အရမ်းခက်ထန်ဖို့ မလိုတော့ပေ။
ပေါ်ယွဲ့မင်က လက်မခံသလို ဖေးယိကိုလည်း အပြစ်မတင်ခဲ့ပေ။ “ကောင်းပြီ… ခွက်ကိုချလိုက်တော့၊ ပြီးရင် ပြန်ရအောင်။”
ဖေးယိက ထွက်ခွာရန် ဝန်လေးနေသည်။ “အို့”
ပေါ်ယွဲ့မင်က သူ့လေသံကို ခွဲခြားဖို့ ကြိုးစားကာ ပြောလိုက်လေ၏။ “မင်း ”ဖျော်ရည်”သောက်ချင်ရင် နောက်ဆို ဧည့်ခန်းထဲက ယူသောက်လို့ရတယ်။”
သူသောက်ချင်သလောက် သောက်ရမှာလား?
ဖေးယိက နံရံတစ်ခုလုံးပြည့်နေသည့် အဖိုးတန်ဝိုင်များကို တွေးတောကာ အဖြေချော်လုနီးပါး ဖြစ်သွားခဲ့သည်။ သူက နှုတ်ခမ်းစေ့ကာ ပေါ်ယွဲ့မင်၏ ထောင်ချောက်ကို ရှောင်လိုက်သည်။
“အရသာမရှိဘူး၊ နို့ပဲသောက်ချင်တယ်။”
နာခံမှုရှိသည့် ချစ်စရာအသံလေးမှာ နားမလည်နိုင်သော မကျေနပ်မှု အရိပ်အမြွက်တို့နှင့် ရောယှက်နေလေသည်။
အင်း…. မသောက်ရလို့ မကျေနပ်တာလေ…
ပေါ်ယွဲ့မင်၏ရင်ထဲမှာ ရယ်ချင်လာပေမယ့် တည်ငြိမ်ယောင်ဆောင်ကာ ပြောလိုက်လေ၏။
ဦးလေးခိုင်က တိုးတိုးလေး မေးလိုက်သည်။ “ဒုတိယသခင်လေး… ခင်ဗျား ဒီကိုရောက်တာ တစ်နာရီပဲရှိသေးတယ်။ ဒီလိုပြန်သွားတော့မလို့်လား? သခင်ကြီးကို မနှုတ်ဆက်တော့ဘူးလား?”
ပေါ်ယွဲ့မင်က တစ်ဖက်လှည့်သွားသည်။ “မလိုဘူး။ သွားကြစို့”
မူလက သူတို့နှစ်ယောက်သည် နယ်ရုပ်ကလေးတွေအဖြစ် ပေါ်လာခဲဲ့ပြီး တစ်နာရီအတွင်းမှာပင် ပြဿနာနှစ်ခု ဖြစ်သွားခဲ့သည်။ ယခုချိန်မှာ ပေါ်သခင်ကြီးက သူ့ကိုမြင်ရင် ကောင်းသော တုံ့ပြန်မှုရှိမည် မဟုတ်ချေ။
ဦးလေးခိုင်က ပေါ်ယွဲ့မင်ပေါ်မှာ လုံးလုံးလျားလျား နစ်မြုပ်ထားတာဖြစ်၍ ဖေးယိအား အရိပ်အမြွက်ပြဖို့လည်း မမေ့ချေ။ “သခင်ငယ်လေး… လာပါ။”
ဖေးယိက မငြင်းဆန်ပဲ သူတို့နောက်ကနေ တိတ်တဆိတ် လိုက်သွားခဲ့၏။
. . . . . .
အာမခံကုမ္ပဏီက ကားဓာတ်ပုံများကို ရိုက်ယူပြီးလေပြီ။
သဘာဝအားဖြင့် ပေါ်ယွဲ့မင်က ဤအသေးအဖွဲကိစ္စများအတွက် စိုးရိမ်စရာမလိုခဲ့ပေ။ ဦးလေးခိုင်က သူ့ကို နောက်ခုံမှာထိုင်ဖို့ ကူညီပေးခဲ့ပြီး သူလှည့်ကြည့်လိုက်တော့ ဖေးယိ၏ပါးနှစ်ဖက်က သဘာဝမကျစွာ နီမြန်းနေသည်ကို တွေ့လိုက်ရသည်။
“သခင်ငယ်လေး.. ပူလို့လား?”
“အာ?”
ဖေးယိက မျက်လုံးပြူးပြီး ခေါင်းယမ်းကာ ကားပေါ်တက်လိုက်လေသည်။
ကားထဲမှာ လေအေးပေးစက် တိုက်ခတ်လာသည်နှင့် ဖေးယိက ပြဿနာကြီးတစ်ခုကို ရုတ်တရက် သဘောပေါက်သွားခဲ့သည်။
သူနည်းနည်းမူးနေတာလား?
ကမ္ဘာအစစ်၌ သူက အရက်ဘုရင်ဖြစ်ပေမယ့် မူလပိုင်ရှင်က အရက်မသောက်နိုင်သော ကလေးကောင်းလေး တစ်ယောက်သာဖြစ်သည်။
ဝိုင်တစ်ခွက်တောင် ပြည့်အောင် မသောက်ခဲ့ရပေမယ့် သူ့ခေါင်းက ရုတ်တရက်မူးလာတာလား? သူ့လက်ရှိ ခန္ဓာကိုယ်က အရက်ကို ခံနိုင်ရည်ရှိပါ့မလား သူမသိသလို သူမူးလာရင် ပေါက်ကရတွေ ပြောမိမလားလည်း မသိပေ။
ဖေးယိ၏ အတွေးများက ရှုပ်ပွနေပြီး သူက ခါးပတ်တပ်ဖို့ နှစ်ကြိမ်ကြိုးစားလိုက်သည်။
ပေါ်ယွဲ့မင်က တစ်ခုခုကို သတိထားမိသွားပုံရပြီး အတန်ငယ် မျက်မှောင်ကြုတ်လိုက်လေ၏။ “ဖေးယိ?”
ဖေးယိက အသံတိုးတိုးဖြင့် တုံ့ပြန်လာကာ လောလောဆယ်မှာ မည်သည့်ပြဿနာကိုမျှ မကြားနိုင်ခဲ့ပေ။
“ဘာမှမဟုတ်ပါဘူး။”
ပေါ်ယွဲ့မင်က သူ့အာရုံကို ပြန်ရုတ်ပြီး ဒရိုက်ဘာကို ကားမောင်းဖို့ ညွှန်ကြားလိုက်သည်။
. . . . . .
ဟိုတယ်က ပေါ်အိမ်တော်နှင့် မိနစ်လေးဆယ်နီးပါး မောင်းရသည်။ ပေါ်ယွဲ့မင်က စကားမပြောတော့ ရှေ့ခုံမှာ ထိုင်နေသော ဦးလေးခိုင်နှင့် ဒရိုက်ဘာက လုံးဝတိတ်ဆိတ်နေသည်။
ဖေးယိက သူ့ခေါင်းထဲသို့ အရက်တွေစီးဆင်းသွားသလို ခံစားလိုက်ရပြီး နိုးနေစေရန် လက်ဖဝါးကို တိတ်တဆိတ်ညှစ်လိုက်သည်။
ကားထဲက မီးရောင်မှာ မှိန်လွန်းပြီး လေအေးပေးစက်က ဝိုင်၏အပူရှိန်ကို ပြေပျောက်စေကာ တက်လိုက်ကျလိုက်ဖြင့် မောင်းနှင်နေသော ကားက သူ့အား ငိုက်မျဥ်းစေသည်။
ဖေးယိက သူ့မျက်ခွံတွေ လေးလံလာသည်ဟု ခံစားလိုက်ရပြီးနောက် တည်ငြိမ်သော အသံနက်ကြီးတစ်ခု ထွက်ပေါ်လာလေ၏။
“ဖေးယိ”
“အမ်?”
မငြိမ်မသက်အိပ်ပျော်နေသော ဖေးယိက ရုတ်တရက်နိုးလာသည်။ သူက ရှေ့ကို ယိမ်းထိုးကာ ထိုင်ခုံခါးပတ်၏ ပြန်ဆွဲခံလိုက်ရတာကြောင့် ပို၍ပင် မူးဝေသွားခဲ့သည်။
“သခင်ငယ်လေး….အိမ်ရောက်ပါပြီ။” ဦးလေးခိုင်က အခြေအနေကို တင်ပြပြီး ရှေ့တံခါးဖွင့်လိုက်သည်။
“……”
အိမ်?
အိမ်ကဘယ်မှာလဲ?
ဖေးယိက ပြတင်းပေါက် အပြင်ဘက်ရှိ အမှောင်ထုကို လှမ်းကြည့်လိုက်သည်။ သူ့အတွေးများက မမြင်နိုင်သော စပျစ်နွယ်ပင်များနှင့် ထွေးရှုပ်နေကာ တစ်လက်မလောက်ပင် ထပ်တွေးလို့မရတော့ချေ။ “ဝူး”
ပေါ်ယွဲ့မင်က ဤပုံမှန်မဟုတ်သော တီးတိုးသံကိုကြားကာ ရပ်လိုက်လေသည်။
သူ့လက်ထဲက ထိုင်ခုံခါးပတ်ကို အမြဲဆွဲဖြုတ်လိုက်ရာ “ကလစ်”သံက တိုးလွန်းပေမယ့် အတော်လေး တိတ်ဆိတ်နေသော ပတ်ဝန်းကျင်မှာ ဖေးယိ၏အာရုံကို ဆွဲဆောင်ဖို့ လုံလောက်ခဲ့သည်။
ဖေးယိက စပ်စုနေသော ကြောင်လေးတစ်ကောင်လို လှည့်ကြည့်လိုက်သည်။
မှိန်ဖျော့သော အလင်းရောင်ထဲတွင် သူက ပေါ်ယွဲ့မင်၏ ပုံရိပ်ကို ဖြည်းဖြည်းချင်းစီ ခြေရာခံနိုင်ပြီး အနည်းငယ် နှေးကွေးစွာ အလုပ်လုပ်နေသော သူ့ဦးနှောက်က အပိုင်းအစတချို့ကို မှတ်မိသွားခဲ့သည်။
ဤအခိုက်အတန့်မှာ အရက်၏တွန်းအား တိုးဝင်လာခဲ့သည်။
ဖေးယိက ကားထဲမှာ လှုပ်ဖို့ကြိုးစားလိုက်ပေမယ့် နည်းနည်းလေးတောင် မရွေ့နိုင်တော့ချေ။ ကားပေါ်က အရင်ဆင်းလာသော ဦးလေးခိုင်က ပေါ်ယွဲ့မင်၏ ဘေးတံခါးကို လာဖွင့်ပေးသည်။
Swish—
ရုတ်တရက်ဆန်သော တံခါးဖွင့်သံက အမူးသမားဖေးယိအား တုန်ယင်သွားစေသည်။ သူ့ခန္ဓာကိုယ်က ဟန်ချက်ပျက်ကာ ပေါ်ယွဲ့မင်၏ ခန္ဓာကိုယ်ပေါ် တိုက်ရိုက်လဲကျသွားလေ၏။
“........အွမ်း”
“……..”
အလွန်နူးညံ့သော နှုတ်ခမ်းပါးက သူ့လည်စေ့ကို ပြင်းပြင်းထန်ထန် ပွတ်တိုက်သွားခဲ့သည်။
ပေါ်ယွဲ့မင်၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားပြီး သူ၏ ပထမဆုံးတုံ့ပြန်မှုမှာ ဦးလေးခိုင်နှင့် ဒရိုက်ဘာဖြစ်သူတို့ မြင်မသွားစေရန် ကားတံခါးကို စမ်းတိစမ်းတမ်း ပိတ်နေခြင်းဖြစ်သည်။
သူက တခြားသူများ၏ ကျူးကျော်ခံရခြင်းနှင့် အထိအတွေ့ကို မကြိုက်သလို တခြားသူများ၏ အကြည့်များကိုလည်း မခံနိုင်ပေ။
“ဖေးယိ!”
ပေါ်ယွဲ့မင်၏ လေသံက အနည်းငယ် လေးလံနေသည်။
ဤသည်မှာ ဖေးယိက သူ့လည်စေ့ကို ဒုတိယအကြိမ် ပေါ့ပေါ့တန်တန် ထိတွေ့လိုက်ခြင်းဖြစ်ပြီး ဤအခိုက်အတန့်မှာ ထူးဆန်းသော အပူချိန်တစ်ခု မြှင့်တက်လာသည်။
တရားခံဖေးယိကတော့ သတိမထားမိသေးပေ။ သူက မူးဝေနေပြီး ပေါ်ယွဲ့မင်၏ပခုံးနှင့် ရင်ဘတ်ကို ဆက်လက်ပွတ်သပ်နေ၏။
ဝတ်စုံအသားက အေးမြနေတာကြောင့် ၎င်းက သူ၏မူးဝေနေသော မျက်နှာကို သက်တောင့်သက်သာဖြစ်စေသည်။
“…….”
ဖေးယိက သူ့လက်နှစ်မောင်းနှစ်ဖက်ကို ပွတ်သပ်ကာ ယခင်က သူနှင့် ထိတွေ့ဖူးသော ကြောင်နှစ်ကောင်ထက်ပင် ကပ်တွယ်နေလေ၏။
ပေါ်ယွဲ့မင်၏လည်စေ့က ပြင်းထန်စွာ လှိမ့်ဆင်းနေပြီး မူလက ဖေးယိ၏ခေါင်းကို တွန်းထုတ်တော့မည့် လက်က အောက်ပြန်ကျသွားကာ လက်ချောင်းထိပ်များက တစ်ဖက်လူ၏ ဆံပင်ကို ညင်ညင်သာသာ ပွတ်ပေးနေခဲ့သည်။ ထို့နောက် ပေါ်ယွဲ့မင်၏ လက်ချောင်းထိပ်များက သူ့လည်ပင်းနောက်ဘက်ရှိ နူးညံ့သောအသားစိုင်ပေါ်က မှဲ့ဖုလေးရှိရာကို ဖြည်းဖြည်းချင်း သက်ဆင်းသွားလေသည်။
ပေါ်ယွဲ့မင်က သူကိုယ်တိုင်တောင် သတိမထားမလိုက်ပါပဲ တမင်တကာ ဆွပေးလိုက်သည်။
သူက သူ့ကို အပြစ်ပေးသည့်အနေဖြင့် ဆွဲဆိတ်လိုက်သည်။
ထင်သည့်အတိုင်းပင် သူ့ရင်ခွင်ထဲက လူသည် ကြောင်တစ်ကောင်လို ညည်းညူပြီး ထိရှလွယ်စွာ ကျုံ့သွားလေသည်။
ပေါ်ယွဲ့မင်၏ ပါးစပ်ထောင့်က ကွေးညွတ်သွားပြီး သူ၏ မသင့်လျော်သော အပြုအမူကို အမြန်ရပ်လိုက်ရသည်။ “ဖေးယိ… ငါတို့အိမ်ပြန်ရောက်ပြီ။ မင်း ကားပေါ်ကအမြန်ဆင်းဖို့လိုတယ်။”
ရင်းနှီးသော အသံတစ်ခုက သူနားထဲမြည်လာသည်။
ဖေးယိ၏ မူးကွဲနေသော အတွေးများက စက္ကန့်အနည်းငယ်မျှ ချိတ်ဆက်သွားကာ သူက ကမန်းကတန်း ခေါင်းမော့လိုက်သည်။ “ပေါ်…ပေါ်အိမ်တော်၊ ကားပေါ်ကဆင်းရမှာလား?”
ပေါ်ယွဲ့မင်က ထပ်ဖြေပေးလိုက်သည်။ “မင်းမူးနေပြီ။”
ဖေးယိ၏ မွေးရာပါ မခံချင်စိတ်လေး နိုးထလာပြီး သူက ငြင်းဆိုလိုက်၏။ “မမူးပါဘူး!”
ပေါ်ယွဲ့မင်က သူ့ရင်ခွင်ထဲရှိ အမူးသမားလေးနှင့် မငြင်းခုံချင်တာကြောင့် တစ်ခွန်းချင်းစီ ညွှန်ကြားလိုက်လေသည်။ “ဒါဆို ငါ့ပေါ်ကဖယ်ပေးပြီး တံခါးဖွင့်လိုက်။ ပြီးရင် ကားပေါ်ကဆင်းပြီး အခန်းထဲပြန်အနားယူတော့။”
“အို့”
ဖေးယိက ကိုယ်ကိုတည့်မတ်ဖို့ ကြိုးစားလိုက်ပေမယ့် တံခါးလက်ကိုင်ကို မဖွင့်နိုင်ခဲ့ပေ။
ကံအားလျော်စွာ တံခါးအပြင်ဘက်မှာစောင့်နေသော ဦးလေးခိုင်က ပေါ်ယွဲ့မင်၏ ညွှန်ကြားချက်ကို ထပ်မံရရှိပြီး ဒယိမ်းဒယိုင်ဖြစ်နေသော ဖေးယိကို ကူတွဲပေးဖို့ လက်လှမ်းလိုက်၏။ “ဒုတိယသခင်လေး… သခင်ငယ်လေးက….”
ပေါ်ယွဲ့မင်က ရွေးချယ်စရာမရှိပဲ ပြောလိုက်ရ၏။ “မူးနေတာ။ သူ့ကို အပေါ်ထပ်အိပ်ခန်းထဲ အရင်ခေါ်သွားပေးလိုက်ပါ။ ပြီးရင် အမူးပြေဆေး ဒါမှမဟုတ် ဟင်းရည်တစ်ခုခုတိုက်လိုက်။”
ဦးလေးခိုင်က ဖေးယိကို ကူတွဲပေးလိုက်သည်။ သူက ပေါ်ယွဲ့မင်၏ အဆင်မပြေသော အမြင်အာရုံကို စိတ်ပူနေဆဲပင်။ “ဒုတိယသခင်လေး….”
ပေါ်ယွဲ့မင်က သူ့ဝတ်စုံလည်စည်းကို ဖြည်လိုက်ပြီး “အလျင်မလိုနဲ့။ ကျွန်တော့်ကိုကူဖို့ ဒရိုက်ဘာကို ပြောလိုက်ရင်ရပြီ။”
“ဟုတ်ကဲ့ပါ”
. . . . . .
အချိန်အချက်ပြသံက ညနေ၉နာရီမှာ အတိအကျထွက်ပေါ်လာသည်။
ဆေးကြောသန့်စင်ပြီးနောက် ပေါ်ယွဲ့မင်က ရေချိုးခန်းမှ စမ်းတဝါးဝါး ထွက်လာသည်။ ယခင်တစ်ခေါက် ရေချိုးခန်းထဲမှာ ချော်ကျပြီးကတည်းက ဦးလေးခိုင်က ချော်မလဲနိုင်သည့် ဖျာထူထူတစ်ခု ပြောင်းပေးခဲ့သည်။
ပေါ်ယွဲ့မင်က ၎င်းကိုခံစားနိုင်ပြီး ဤအမူအကျင့်ကိုလည်း လက်ခံနိုင်သည်။
“မြောင်~ဝူး~”
စစ်ဆေးရေးမှူးက ဘယ်အချိန်တည်းက သူ့အခန်းထဲ ခိုးဝင်လာလဲ မသိပေမယ့် ၎င်းက သူ့ရေချိုးဝတ်ရုံကို လာကိုက်ပြီး တိုးတိုးလေး မြောင်နေခဲ့သည်။
ပေါ်ယွဲ့မင်က အလိုလို ငုံ့ကြည့်လိုက်မိသည်။ သူ မမြင်နိုင်တာ သေချာသော်လည်း စစ်ဆေးရေးမှူး၏ အော်သံကြောင့် ကားထဲက မြင်ကွင်းမှာ သူ့စိတ်ထဲ၌ အလိုအလျောက် ထွက်ပေါ်လာခဲ့သည်။
အမူးသမားလေး ဖေးယိက ကြောင်လေးတစ်ကောင်ထက်ပင် နူးညံ့သည်။
ရေအကြာကြီးချိုးပြီးနောက် သူ့လည်စေ့က အကြောင်းပြချက်မရှိ ယားယံလာသည်။ ပေါ်ယွဲ့မင် အကြိမ်များစွာ ပွတ်လိုက်သော်လည်း ၎င်းက ရပ်တန့်မသွားခဲ့ပေ။
“မြောင်~”
စစ်ဆေးရေးမှူးက သူ့ခြေထောက်အောက်ကနေ ခေါ်နေဆဲပင်။
ပေါ်ယွဲ့မင်က ၎င်း အခန်းထဲပြန်အိပ်ချင်နေသည်ဟု ခန့်မှန်းကာ စဥ်းစားပြီးနောက် ခြေတစ်လှမ်းလှမ်းလိုက်၏။ “သွားရအောင်။ ငါမင်းကို ဖေးယိရဲ့အိပ်ခန်းထဲ ခေါ်သွားပေးမယ်။”
“အိုက်!”
စစ်ဆေးရေးမှူးက သဘောတူလိုက်ပြီး ခေါင်းငဲ့စောင်းလိုက်ကာ သူ့ရေချိုးဝတ်ရုံကို ကိုက်ပြီး အပြင်သို့ ဦးဆောင်ခေါ်သွားတော့သည်။
“လမ်းရှာနေသော” ဤကြောင်ပေါက်လေးကို ကူညီရာတွင် ပေါ်ယွဲ့မင်က သူ့မှတ်ဉာဏ်ထဲမှာရှိသော အကွာအဝေးအတိုင်း ခြေလှမ်းလှမ်းကာ ဖေးယိ၏ အခန်းတံခါးဆီသို့ မှန်မှန်လျှောက်လှမ်းလာခဲ့သည်။
“သခင်ငယ်လေး… မအိပ်ခင် အမူးပြေဆေးသောက်လိုက်တာ အကောင်းဆုံးပါ။ မခါးပါဘူး။”
“မသောက်ဘူး၊ မစားဘူး”
ဖေးယိ၏ မကျေမနပ် ငြင်းဆန်မှုနှင့် ဦးလေးခိုင်၏ ကူကယ်ရာမဲ့ ဖျောင်းဖျမှုတို့က ပေါ်ယွဲ့မင်၏ နားထဲရောက်သွားသည်။
ရှေ့ကလျှောက်သွားသော စစ်ဆေးရေးမှူးက တံခါးကိုတွန်းဖွင့်ကာ အပေါက်လေးထဲမှ အထဲဝင်သွားခဲ့သည်။ ၎င်းက ကုတင်အစွန်းကို ခုန်တက်ကာ ဖေးယိက ခပ်ညုညုအော်လိုက်လေသည်။
ဦးလေးခိုင်က တံခါးဝမှာရပ်နေသော ပေါ်ယွဲ့မင်ကို သတိထားမိပြီး အမြန်မတ်တပ်ရပ်လိုက်သည်။ “သခင်လေး”
“ဘာကိစ္စလဲ?”
“သခင်ငယ်လေးက စိတ်တိုနေတာ။ သူ အရက်မူးနေတာမဟုတ်လို့ အမူးပြေဆေး လုံးဝမသောက်နိုင်ဘူးတဲ့။”
ပေါ်ယွဲ့မင်က မစဥ်းစားပဲပြောလိုက်သည်။ “ကျွန်တော့်ကို အမူးပြေဆေး ပေးပါ။ ကျွန်တော်တိုက်လိုက်မယ်။”
ဦးလေးခိုင်က တခဏမျှ အံ့အားသင့်သွားပေမယ့် မကြာခင်မှာ ဆေးဘူးကို ပေါ်ယွဲ့မင်လက်ထဲ ထည့်ပေးလိုက်သည်။ “တစ်လုံးဆိုရပါပြီ။ ကုတင်ဘေးစားပွဲမှာ ရေနွေးလည်းရှိတယ်။”
ပေါ်ယွဲ့မင်က သူ၏မသိစိတ်မှ ဆုံးဖြတ်ချက်ကို ရိပ်မိသွားပြီး တည်ငြိမ်ချင်ယောင်ဆောင်လိုက်သည်။ “ဦးလေးခိုင်… ခင်ဗျားပင်ပန်းနေမှာပေါ့။ အခန်းပြန်ပြီး စောစောအနားယူပါ။”
“ကောင်းပါပြီ။”
ဦးလေးခိုင်က ဉာဏ်ကောင်းသဖြင့် မည်သည့်စကားမျှ ထပ်မပြောပဲ သူတို့နှစ်ယောက်ကို နေရာပေးလိုက်လေသည်။
အမူးသမားဖေးယိက သခင်နှင့် ကျွန်ကြားရှိ စကားများကို လုံးလုံးလျစ်လျူရှုထားသည်။
ကြောင်အမွေးများဖြင့် ပွတ်မိခြင်းကြောင့် သူ့ခြေကျင်းဝတ်က ယားယံလာကာ သူက ယခုချိန်မှာ ကုတင်ပေါ်၌ ထိုင်နေပြီး ရံဖန်ရံခါ စစ်ဆေးရေးမှူးကို ရှောင်တိမ်းရင်း ကစားနေသည်။
“ဖေးယိ”
ပေါ်ယွဲ့မင်က တဖြည်းဖြည်း အနားကပ်သွားကာ သူ့ဒူးတွေ ကုတင်စွန်းနှင့် ထိသွားမှ ရပ်တန့်လိုက်သည်။
ဖေးယိက ကုတင်ဘေးရှိ ရှည်လျားသော ပုံရိပ်ကိုမော့ကြည့်လိုက်ပြီး သူ၏မှုန်ဝါးဝါးမျက်လုံးများက စိတ်ဝင်စားစရာတစ်ခုကို ရုတ်တရက်တွေ့ရှိသွားခဲ့လေသည်။ သူက တုံ့ဆိုင်းမနေပဲ ပေါ်ယွဲ့မင်ကို လှမ်းဆွဲကာ ထိုင်ခိုင်းလိုက်သည်။
“…….”
ပေါ်ယွဲ့မင်က ကုတင်စွန်း၌ လဲကျလုနီးပါး ဖြစ်သွားခဲ့သည်။ သူ့လက်ထဲကဆေးဘူးမှာ အသံမြည်လာပြီး နောက်စက္ကန့်၌ ဖေးယိ၏ အေးစက်သော လက်ချောင်းထိပ်များက သူ့လည်စေ့ကို ထိပြီးလေပြီ။
“ဒီနေရာက အရမ်းနီနေတယ်။”
သူက ၎င်းကို စိတ်အားထက်သန်စွာ အာရုံစိုက်နေပြီး လူကြီးတွေသာ သတိပြုမိသည့် အဓိပ္ပါယ်နှစ်ခွ ကျီစားမှုမျိုး ရှိနေခဲ့သည်။
ပေါ်ယွဲ့မင်က သူ့ခန္ဓာကိုယ်ကို ရှက်ရှက်ဖြင့် ရုန်းလိုက်လေ၏။ “မထိနဲ့၊ မင်း ငါဘယ်သူလဲရော သိသေးရဲ့လား?”
“သိတယ်။” ဖေးယိက လက်ပြန်ရုတ်ကာ ခေါင်းညိတ်လိုက်ပြီး သူ့လျှာဖျားမှာ ခေါင်းစဥ်လှိမ့်နေခဲ့သည်။ “အာ့…အာ့ကော”
ပေါ်ယွဲ့မင်က အံ့အားသင့်သွား၏။ “အာ့ကော”
ဧည့်ခံပွဲခန်းမ၌ တစ်ဖက်လူက သူ့အား မတော်တဆ မှားခေါ်ခဲ့သည်ဟုသာ မူလကထင်ခဲ့ပြီး မည်သူကမျှ သူ့ကို ထိုနာမည်မခေါ်ဖူးပေ။
“အင်း”
သူ့နာမည်အပြည့်အစုံကို ခေါ်ခြင်းက အကျွမ်းတဝင်ရှိလှပြီး သူ့ကို ယွဲ့မင်လို့ခေါ်ခြင်းက ရင်းနှီးမှုကိုပြကာ သူ့အား ဒုတိယသခင်လေးလို့ ခေါ်ခြင်းက ထူးဆန်းလွန်းသည်။ သူ့ကို လောင်ကုန်းလို့ခေါ်ခြင်းကိုတော့ ထိုလူကိုယ်တိုင်က ခွင့်မပြုခဲ့ပေ။
ဖေးယိက သူ့ခေါင်းထဲရှိ ရွေးချယ်စရာများကို ဖြတ်ကျော်ကာ နှာသံလေးနဲ့ ပြောလိုက်သည်။ “ခေါ်လို့မရဘူးလား?”
သူ၏ ယစ်မူးနေဆဲလေသံကြောင့် ပေါ်ယွဲ့မင်က ဆေးဘူးဖွင့်ကာ အမိန့်ပေးလိုက်သည်။ “မင်းခေါ်ချင်သလိုခေါ်၊ အခုတော့ အမူးပြေဆေးသောက်လိုက်။”
ဖေးယိက သူမမူးသေးဘူးလို့ အခိုင်အမာယုံကြည်သည်။ “မသောက်ဘူး!”
ပေါ်ယွဲ့မင်က သူ့လက်ဖဝါးပေါ်မှာ ဆေးတစ်လုံးတင်ကာ “ကောင်းပြီလေ၊ မသောက်ရင် ဒီအခန်းထဲမှာမနေနဲ့။ မဟုတ်ရင် မင်းက ညသန်းခေါင်ကြီး ငါ့ကို မူးမူးရူးရူးနဲ့ နှောင့်ယှက်တော့မှာ။”
စစ်ဆေးရေးမှူးက သံယောင်လိုက်သည်။ “မြောင်~ဝူး”
ဖေးယိ လန့်သွားသည်။
သူက သူ့ကိုအုပ်စုဖွဲ့ အနိုင်ကျင့်နေသော လူတစ်ယောက်နဲ့ ကြောင်တစ်ကောင်ကိုကြည့်ကာ သူ့စိတ်ထဲ၌ ရှုပ်ထွေးသော အတွေးတစ်ခုပေါ်လာသည်။
တကယ့် လူဆိုးဗီလိန်နဲ့ သူ့ကြောင်ပဲ!
သူ့လို အမြှောက်စာလေးက ယခုချိန်မှာ အရှုံးပေးလိုက်ရသည်။
ဖေးယိ၏ လက်တစ်ဖက်က စစ်ဆေးရေးမှူးကို ကိုင်ထားသဖြင့် သူက ပေါ်ယွဲ့မင်၏လက်ကောက်ဝတ်ကို နောက်တစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်ပြီး လက်ဖဝါးထဲရှိ ဆေးကို ခေါင်းဖြင့် ငုံ့ယူကာ မျိုချဖို့ ပြင်လိုက်သည်။
သူ၏ နူးညံ့သော နှုတ်ခမ်းပါးက တစ်ဖက်လူ၏ လက်ဖဝါးကို ဖိမိသွားပြီး သူက ဆေးကို အမြန်စုပ်ယူကာ တစ်ချိန်တည်းမှာပင် လျှာထိပ်လေးက လက်ဖဝါးပေါ်ရှိ နေရာအနည်းငယ်ကို ထိသွားခဲ့လေသည်။
စိုစွတ်သော အပူရှိန်တစ်ခု ဖြတ်သန်းသွားသည်။
“……”
ပေါ်ယွဲ့မင်က ဖေးယိ ယခုလို ဆေးသောက်မည်ဟု မထင်ထားခဲ့ပေ။ သူ၏ အထိအတွေ့ အာရုံခံစားမှုသည် ထိရှလွယ်လွန်းလှပြီး သူ့အအသက်ရှူသံမှာ မသိစိတ်အလျောက် ရပ်တန့်သွားခဲ့သည်။
ဖေးယိက ဆေးခါးကြီးကို မျိုချလိုက်ပြီး ကုတင်ဘေးရှိ ရေနွေးကိုပင် မသောက်ခဲ့ပေ။
သူက မတုံ့ပြန်သေးသော ပေါ်ယွဲ့မင်အား ကြည့်ကာ ပြောလိုက်သည်။ “သောက်ပြီးပြီ။”
“အင်း”
ပေါ်ယွဲ့မင်က သူ့လက်ဖဝါးကိုဆုပ်ကာ လှိုင်းထန်နေသော ခံစားချက်များကို ဖိနှိပ်လိုက်သည်။ “ဗိုက်ဆာနေလား? ဒီည ဧည့်ခံပွဲမှာ တစ်ခုခုစားခဲ့လား?”
ဖေးယိက ခေါင်းခါပြသည်။ “အိပ်ချင်တယ်။”
“ကောင်းပြီ။ ဒါဆိုအိပ်တော့။”
ပေါ်ယွဲ့မင်က အမြန်ထကာ တံခါးရှာမတွေ့ခင် အချိန်အနည်းငယ်ကြာပြီးမှ ထွက်လာခဲ့သည်။
ဖေးယိက သူ့နောက်ဘက်ရှိ တံခါးပိတ်သွားတာကို စောင့်ကြည့်ကာ စောင်အောက်မှာ လဲလျောင်းရန် အပေါ်ကိုလှိမ့်သွားလိုက်ပြီး စစ်ဆေးရေးမှူးအား အမိန့်ပေးဖို့လည်း မမေ့ခဲ့ချေ။ “သွားစမ်း!”
“မြောင်~ဝူး!”
စစ်ဆေးရေးမှူးက ကုတင်၏ညာဘက်မှ ခေါင်းရင်းသို့ ရွှေ့လာကာ ပစ်မှတ်ကို ခြေသည်းများဖြင့် ဖွဖွလေး ပုတ်လိုက်သည်။
-ဘန်း!
အခန်းသည် ရုတ်တရက် အမှောင်ကျသွားသည်။ ဘယ်လိုတောင် မီးပိတ်ကျွမ်းကျင်တဲ့ ပေါက်စလေးလဲ….
ပေါ်ယွဲ့မင် ဖေးယိ၏ အိပ်ခန်းမှ ထွက်လာသည့်အခါ သူ၏မူလတည်ငြိမ်မှုက ချက်ချင်းပျောက်ကွယ်သွားပြီး သူက တစ်စုံတစ်ခုနှင့် ဝေးရာကို ထွက်ပြေးနေသည့်အလား အရှိန်အဟုန်ဖြင့် ရှေ့ကို လျှောက်သွားခဲ့လေသည်။
သူက သူ့လက်ဖဝါးကို လက်ချောင်းထိပ်များဖြင့် ကြမ်းကြမ်းတမ်းတမ်း ပွတ်သပ်လိုက်ပေမယ့် စိုစွတ်နေသော အနွေးဓာတ်လေးကိုတော့ မသုတ်ပစ်နိုင်ခဲ့ပေ။
“ဒုတိယသခင်လေး?”
ဦးလေးခိုင်၏ ခေါ်သံက ရုတ်တရက် ထွက်ပေါ်လာပြီး အတွေးထဲ၌ နစ်မွှန်းနေသော ပေါ်ယွဲ့မင်က လန့်ဖျပ်သွားကာ အချိန်အတော်ကြာအောင် ကြောင်စီစီဖြစ်နေခဲ့သည်။ “.....ဦးလေးခိုင်?”
“ဦးလေးပါ”
ဦးလေးခိုင်က ပုံမှန်လိုပင် သူ့တံတောင်ဆစ်ကို ကိုင်ဖို့ ရှေ့တိုးလာသည်။ “သခင်ငယ်လေးက မူးနေပြီး စကားနားမထောင်မှာ စိုးရိမ်နေတာ။ ဒါကြောင့် ဧည့်ခန်းထဲမှာ စောင့်နေတာပါ။”
ပေါ်ယွဲ့မင်က လက်ကိုအောက်ချလိုက်ပြီး သဲလွန်စကို ထုတ်မပြခဲ့ပေ။ “သူ အိပ်နေပြီ။ ခင်ဗျားလည်း အခန်းပြန်ပြီး အနားယူလိုက်ပါ။ ကျွန်တော်ဘာမှမလိုတော့ဘူး။”
ဦးလေးခိုင်က ပေါ်ယွဲ့မင်ကို သူ့အခန်းထဲ ပြန်ပို့ပေးလိုက်သည်။ “ကောင်းပါပြီ… ဒုတိယသခင်လေး… ။ ဒါဆို ခင်ဗျားလည်း အိပ်ရာစောစောဝင်ပါ။”
ပေါ်ယွဲ့မင်က ခေါင်းအသာညိတ်ပြပြီး ရုတ်တရက် တစ်ခုခုကို သတိရသွားခဲ့သည်။ “ဦးလေးခိုင်။”
တံခါးနားကို လျှောက်သွားနေသော ဦးလေးခိုင်က ရပ်လိုက်၏။ “အင်း?”
“နောက်ဆို သရက်သီးနဲ့ပတ်သက်တဲ့ ထုတ်ကုန်တွေမဝယ်ဖို့ မီးဖိုချောင်ကိုပြောလိုက်ပါ။ လိုရမယ်ရ….”
ပေါ်ယွဲ့မင်က သူ့ဘေးမှာ တွဲလောင်းချထားသော လက်တွေကို ဆုပ်လိုက်ပြီး သိသာပေါ်လွင်သော စကားဖြင့် အမိန့်ပေးလိုက်သည်။ “ဖေးယိက သရက်သီးနဲ့ ဓာတ်မတည့်ဘူး။”