Chapter 19
နောက်တစ်နေ့၌ ဖေးယိက အိပ်ရာနိုးပြီးနောက် အရက်နာကျနေသေးသည်။ သူက ခက်ခက်ခဲခဲ အိပ်ရာထကာ သန့်ရှင်းရေးလုပ်လိုက်သည်။ သူ အောက်ထပ်ဆင်းလာတော့ မနက်စာရနံ့ကို ရလိုက်သည်။
ပေါ်ယွဲ့မင်က တစ်နေ့တွင် ထမင်းသုံးနပ် အချိန်ဇယားအတိုင်း ပုံမှန်စားသော လူတစ်ယောက်ဖြစ်သည်။
နှစ်ယောက်သားက အတူနေထိုင်တာ မကြာသေးသော်လည်း ပေါ်ယွဲ့မင်က ဖေးယိ၏ ခြေသံကို မှတ်မိနေပြီးဖြစ်၏။ သူက လှေကားဆီသို့ လှမ်းကြည့်လိုက်ရာ သူ့အမြင်အာရုံတွင် မြူခိုးတစ်လွှာ ရှိနေလေ၏။
သို့ပေမယ့် ဝိုးတဝါးနှင့် ထင်ယောင်ထင်မှားဖြစ်နေသော အလင်းစက်တချို့လည်း ရှိနေသည်။
ကော်ဖီခွက်ကို ကိုင်ထားသော ပေါ်ယွဲ့မင်က သူ့လက်ကို အားထည့်လိုက်ပြီး မျက်မှောင်ကြုတ်ကာ စူးစိုက်ကြည့်လိုက်သည်။
“…….”
သူ၏မျက်လုံးတစ်စုံမှာ အာရုံစူးစိုက်မှု မတိကျသော်လည်း ဖေးယိက သူ့အမူအရာ၏ လေးနက်မှုကို သတိထားမိပြီး လမ်းလျှောက်တာကို ခဏတာမျှရပ်တန့်၍ မှတ်မိဖို့ ကြိုးစားနေသည်။
ဘာမှားနေလို့လဲ?
သူ မနေ့ညက မူးနေတုန်း မလုပ်သင့်တာ တစ်ခုခု လုပ်ခဲ့တာလား?
“သခင်ငယ်လေး… လှေကားပေါ်မှာ ဘာလို့ရပ်နေတာလဲ?”
ဦးလေးခိုင်က အပြင်မှ ပြန်ရောက်လာပြီး မီးဖိုချောင်ထဲမှာ ဖေးယိအတွက် ဆန်ပြုတ်သွားလုပ်ပေးရန် သူ့ဘေးရှိ အစေခံအား ချက်ချင်းမှာလိုက်လေသည်။ “မနေ့ညက မူးနေတော့ ဒုတိယသခင်လေးက သခင်ငယ်လေးကို ဒီမနက် သွားမနှိုးဖို့ မှာထားလို့ပါ။”
ပေါ်ယွဲ့မင်က အကြည့်ပြန်ရုတ်ပြီးမှ ခေါင်းငုံ့ကာ ကော်ဖီသောက်လိုက်သည်။
ဖေးယိက အသိပြန်ဝင်လာပြီး အောက်ထပ်ဆင်းကာ စားပွဲပေါ်မှာ ဖြည်းဖြည်းချင်းထိုင်လိုက်ပြီး အစေခံတစ်ယောက်က သူ့အတွက် မနက်စာဗန်း ယူလာပေးခဲ့သည်။
၎င်း၌ နို့ဆန်ပြုတ်နှင့် အရံဟင်းလေးမျိုးပါဝင်သည်။
“…….”
ဖေးယိက နှုတ်ဆိတ်နေပြီး မသိမသာ မျက်မှောင်ကြုတ်လိုက်မိသည်။
သူ့ခန္ဓာကိုယ်အခြေအနေက သူထင်ထားတာထက် ပိုဆိုးနေ၏။ သူက ဝိုင်နီတစ်ခွက်ကျော်ရုံလေး သောက်ခဲ့တာပင်။ တစ်ညကုန်သွားပေမယ့် သူ့ခေါင်းက မူးဝေကာ မသက်မသာဖြစ်နေဆဲဖြစ်ပြီး မနက်စာစားချင်စိတ်ပါ ပျောက်သွားရသည်။
“သခင်ငယ်လေး…. မင်း ဆန်ပြုတ်မကြိုက်ဘူးလား?”
ဖေးယိက မူးဝေမှုကို သည်းခံကာ ခေါင်းခါလိုက်သည်။ သူက ဇွန်းတစ်ချောင်းယူကာ နို့ဆန်ပြုတ်ကို မွှေလိုက်သည်။
ပေါ်ယွဲ့မင်က ကော်ဖီတစ်ခွက်သောက်ပြီး အေးဆေးတည်ငြိမ်စွာ မေးလိုက်သည်။ “ဦးလေးခိုင်.. မီးဖိုချောင်ထဲသွားပြီး ဖေးယိအတွက် အမူးပြေဟင်းရည်လေးလုပ်ပေးပါ။”
“…….”
ဖေးယိက ဆန်ပြုတ်သောက်တာ ရပ်လိုက်သည်။
ပေါ်ယွဲ့မင်က မမြင်နိုင်တာတောင် သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာ အခြေအနေကို သတိထားမိတာလား?
ဦးလေးခိုင်က အဆုံးမှာ တုံ့ပြန်လာပြီး ကူကယ်ရာမဲ့ပြုံးလိုက်သည်။ “သခင်ငယ်လေးက တစ်ညကုန်သွားတာတောင် မသက်သာသေးဘူးလား? ကျွန်တော် မီးဖိုချောင်ထဲ သွားယူခဲ့ပါမယ်။ ကံကောင်းတာက ကျွန်တော် ဒုတိယသခင်လေးရဲ့စကားကို နားထောင်ပြီး ကြိုပြင်ထားတာပဲ!”
ဖေးယိက ဦးလေးခိုင်၏နောက်ကျောကို ကြည့်ကာ ဇွန်းထဲက ဆန်ပြုတ်ကို စိတ်ပျက်လက်ပျက် တစ်ကျိုက်တည်း မျိုချလိုက်သည်။ ယမကာကို ခံနိုင်ရည်ရှိသော ဘုရင်အိုကြီးက ယခုအခါ တစ်ခွက်တည်းဖြင့် မူးဝေနေသည့် အခြေအနေကို ရောက်ခဲ့ရသည်။ ဒါကိုမှ သူစိတ်ဓာတ်မကျဘူးဆိုရင် လိမ်ညာတာဖြစ်ပေမည်!
“အခု ဘယ်လောက်အဆင်မပြေလဲ မင်းသိပြီလား?” ပေါ်ယွဲ့မင်၏ နှုတ်ခမ်းက အဓိပ္ပါယ်တစ်မျိုးဖြင့် ကွေးညွတ်နေ၏။ “နောက်ဆို သောက်ဦးမှာလား?”
“…….”
ဖေးယိက ဆန်ပြုတ်နောက်တစ်ဇွန်း စားလိုက်သည်။ သူ့ပါးစပ်က နာခံနေပေမယ့် စိတ်ထဲမှာတော့ ဆန္ဒပြနေ၏။
သောက်မှာပေါ့ကွ!
မသောက်ပဲ ဘယ်လိုနေနိုင်မှာလဲ?
အရက်မရှိရင် ဘယ်လောက်တောင် ပျင်းစရာကောင်းလဲ သိရဲ့လား?
အပေါ်ထပ်မှ နံရံကပ်ဝိုင်စင်က သူ၏ မူလအသောက်စွမ်းရည်ကို လေ့ကျင့်ဖို့ အမြဲကူညီပေးနေ၏။
ဖေးယိက ဆန်ပြုတ်ပန်းကန်ဝက်ကို မကျေမနပ်သောက်လိုက်ပြီး ဦးလေးခိုင်က အမူးပြေဟင်းရည် ပူပူလေးကို ယူလာခဲ့လေသည်။ “လာ…သခင်ငယ်လေး… အရက်နာကျအောင် မြန်မြန်သောက်လိုက်။”
ဖေးယိက အမူးပြေဟင်းရည်ကို ဆေးအဖြစ် အမြဲမှတ်ယူထားတာကြောင့် သူက တုံ့ဆိုင်းမှုတချို့ ရှိနေခဲ့သည်။ “ဗိုက်မဆာပါဘူး။ မသက်မသာလည်း မဖြစ်တော့ဘူး။”
“ခေါင်းမာမနေနဲ့။”
ပေါ်ယွဲ့မင်က သူ့အတွေးများကို တိတိကျကျ ဆုပ်ကိုင်ကာ ပြတ်ပြတ်သားသား ပြောလိုက်လေ၏။
“…….”
ဖေးယိက အာစေးမိသွားသည်။
ဦးလေးခိုင် ရှိမနေလျှင် သူ ပေါ်ယွဲ့မင်၏မျက်လုံးကို စမ်းသပ်ရန် သူ့လက်တွေကို သေချာပေါက် သုံးလိုက်မှာဖြစ်၏။ ဒီလူရဲ့ မျက်လုံးတွေက တကယ်မမြင်ရတာလား? ဒီလောက်ထိတောင် အခြေအနေတွေကို အတိအကျ အကဲဖြတ်နိုင်တာလား? ဟန်ဆောင်မနေနဲ့!
သူ စဥ်းစားနေတုန်းမှာ စစ်ဆေးရေးမှူးက သူ၏စွန့်စားခန်းမှ ပြန်ရောက်လာပြီး ဖေးယိ၏ဒူးပေါ် ခုန်တက်ကာ အမူးပြေဟင်းရည်ကို ရှူရှိုက်လိုက်သည်။ “မြောင်~ဝူး”
ဦးလေးခိုင်က ပြုံးလိုက်သည်။ “သခင်ငယ်လေး… မြန်မြန်သောက်ပါ။ စစ်ဆေးရေးမှူးက သခင်ငယ်လေးကို သောက်ဖို့ အကြံပေးနေတယ်။”
ဖေးယိက ရွေးချယ်စရာမရှိတော့ပဲ ပန်းကန်ဝက်လောက် သောက်လိုက်ရသည်။ သို့ပေမယ့် ဟင်းရည်ပူပူလေးတစ်ခွက်ကို သောက်ပြီးသည်နှင့် ၎င်းက ဗိုက်ကို နွေးသွားစေကာ ပင်ပန်းနွမ်းနယ်မှု လျော့ပါးသွားပြီး ငိုက်မျဥ်းနေသော ဦးနှောက်သည်ပင် လန်းဆန်းလာခဲ့သည်။
ဖေးယိက နူးညံ့သောလေသံဖြင့် သက်ပြင်းချလိုက်၏။
ပေါ်ယွဲ့မင်၏ ပါးစပ်ထောင့်က ကွေးညွတ်သွားပြီး သူ့လက်ထဲကခွက်ကို ချလိုက်သည်။ “အပေါ်ထပ်မှာ ရေသွားချိုးလိုက်။ ပြီးရင် ငါနဲ့အပြင်လိုက်ခဲ့ရမယ်။”
ဖေးယိက နားမလည်။ “အမ်?”
ဦးလေးခိုင်က သတိပေးလိုက်သည်။ “သခင်ငယ်လေး မေ့နေတာလား? ဒီနေ့ မစ္စရှုတို့နဲ့ ချိန်းထားတယ်လေ။ ဒုတိယသခင်လေးက ပုံမှန်ရက်ချိန်းအတွက် ဆေးရုံမှာ သွားစစ်မှာ။ သွားရမယ့် လမ်းကြောင်းကတူတူပဲ။”
ဖေးယိက “အွန်း”လို့ပြောပြီး အဆုံး၌ အသိဝင်လာခဲ့သည်။
ယနေ့မှာ ပေါ်ယွဲ့မင် သူ့နဲ့ မနက်စာစားဖို့ စိတ်ရှည်ရှည် စောင့်ဆိုင်းနေတာလည်း မအံ့သြတော့ပေ။ သူက အဆင်ပြေအောင် အပြင်တူတူသွားချင်တာလား?
“ဒုတိယထပ်က ဆိုဖာပေါ်မှာ အဝတ်အစားအသစ်တွေရှိတယ်။ အပြင်မထွက်ခင် လဲလိုက်။” ပေါ်ယွဲ့မင်၏လေသံက တည်ငြိမ်နေပြီး အလျင်လိုခြင်း အရိပ်အယောင်မရှိပေ။ “သွားတော့”
ဝတ်စရာမရှိမှာ စိုးရိမ်နေသော ဖေးယိက ဝမ်းသာသွားသည်။
“အရူး”၏ အကျင့်စရိုက်ကို ထိန်းသိမ်းရန် သူက အပေါ်ထပ်ကို ဖြည်းဖြည်းချင်း တက်ချင်ယောင်ဆောင်ခဲ့သည်။
လျှောက်လမ်းမှ ဖေးယိ၏ ပုံရိပ် ပျောက်ကွယ်သွားပြီးနောက် ဦးလေးခိုင်က ပေါ်ယွဲ့မင်အနားသို့ ရောက်လာသည်။ “ဒုတိယသခင်လေးက ဂရုစိုက်ပေးနေတုန်းပဲ။ အဝတ်အစားအသစ်တွေ ဝယ်ရင်းနဲ့ သခင်ငယ်လေးအတွက် ဝယ်ဖို့ပါ သတိရပေးတယ်။ ခင်ဗျား ရွေးချယ်ထားတဲ့ ဘရန်းတွေက သူနဲ့အဆင်ပြေမှာပါ။”
ပေါ်ယွဲ့မင်၏မျက်ဝန်းက တောက်ပလာသည်။ “သူ့အတွက် တမင်ရွေးပေးတာ မဟုတ်ပါဘူး။ ကျွန်တော် သူ့ကို အနိုင်ကျင့်နေတယ်လို့ ရှုမိသားစု သားအမိ မြင်သွားမှာကို မလိုချင်တာ။”
ဦးလေးခိုင်က တိတ်တဆိတ်ပြုံးလိုက်ကာ ဘာမှဆက်မပြောတော့ပေ။
. . . . . .
ပေါ်ယွဲ့မင်၏ အလှစံနှုန်းက အင်မတန်ကောင်းသည်ဟု ဆိုရပေမည်။ သူရွေးချယ်ပေးခဲ့သော ဘရန်းများမှာ ရိုးရှင်းပေမယ့် ဒီဇိုင်းလေးများ ပါဝင်သည်။ သူ မမြင်မစမ်း ရွေးချယ်ခဲ့သည့်တိုင် အမှားယွင်းရှိမနေပဲ ဖေးယိ၏ အသွင်အပြင်နှင့် အလွန်လိုက်ဖက်လှသည်။
ဖေးယိက မှင်စိုဒီဇိုင်းဝတ်စုံကို လဲလိုက်ပြီး သူ့တစ်ကိုယ်လုံးက အတန်ငယ် ပို၍ စမတ်ကျသွားပုံရသည်။
သူက သူ့ကိုယ်သူ မှန်ကြည့်လိုက်ပြီး ကြည့်ကောင်းသည်ဟု တွေးလိုက်သည်။ တစ်ခုတည်းသော ချို့ယွင်းချက်မှာ သူ့ခန္ဓာကိုယ်လေးက အနည်းငယ်ပိန်နေခြင်းဖြစ်၏။
အနာဂတ်မှာ ခိုက်ရန်ဖြစ်ပွားခဲ့လျှင် အနိုင်ရဖို့ ခက်ပေမည်။
ဖေးယိက သူ၏ ရောက်တတ်ရာရာ အတွေးများကို ဖယ်ထုတ်ကာ အပြင်ထွက်သွားသည်။ မထွက်ခွာခင် သူက စစ်ဆေးရေးမှူး၏ ခေါင်းလုံးလုံးလေးကို ပွတ်ပေးဖို့လည်း မမေ့ပါချေ။ “ပတ်ပြေးမနေနဲ့။ ငါပြန်လာတာကိုစောင့်နေ၊ ဟုတ်ပြီလား?”
“အို့~”
. . . . . .