Chapter 20
ဆယ်နာရီထိုးခါနီးတွင် ကားက ပိုင်ယန်လမ်းကြား၏ ဝင်ပေါက်၌ ရပ်သွားခဲ့သည်။
ဒရိုက်ဘာက နောက်ကြည့်မှန်ကိုကြည့်ကာ “ဒုတိယသခင်လေး….သခင်ငယ်လေး…ကျွန်တော်တို့်ရောက်ပါပြီ။”
ပေါ်ယွဲ့မင်က ခေါင်းအသာညိတ်ပြလိုက်၏။ “ဦးလေးခိုင်… ဖေးယိကို ခင်ဗျားခေါ်သွားလိုက်ပါ။ ကျွန်တော့်ဘေးမှာ ကူညီဖို့ လင်းကျုံးရှိတယ်။ နေ့လည်မှ ဖုန်းခေါ်လိုက်မယ်။”
ဦးလေးခိုင်က ကားပေါ်မှဆင်းလိုက်သည်။
လမ်းကြားအဆုံးကိုကြည့်ပြီးနောက် ဖေးယိက ပေါ်ယွဲဲ့မင်ကို သူနဲ့အတူ ကားပေါ်ကဆင်းစေလိုသည့် နားလည်ရခက်သော အတွေးကို ဖိနှိပ်လိုက်ပြီး အပြင်ထွက်ရန် ထိုင်ခုံခါးပတ်ဖြုတ်လိုက်သည်။
တံခါးပိတ်သံက ပေါ်ယွဲ့မင်၏ နားထဲကို ရောက်သွားလေသည်။
“…….”
သူ့ဘေးမှာ လေသာရှိတော့ကြောင်း ခံစားလိုက်ရသည့် ပေါ်ယွဲ့မင်က နှုတ်မှလွှတ်ခနဲ ပြောမိသွားသည်။ “အသည်းနှလုံးမရှိတဲ့ဟာလေး”
တကယ်တော့ သူတို့က အမည်ခံ လက်ထပ်ခဲ့ကြပေမယ့် တစ်ဖက်လူက တွန့်တိုလွန်းပြီး နှုတ်ဆက်စကားပင် မပြောခဲ့ချေ။
အရှေ့ခုံမှ ဒရိုက်ဘာက တစ်ခုခုကို ကြားလိုက်သည်ဟု ထင်ကာ မျက်လုံးပြူးကြီးဖြင့် မရေမရာ မေးလိုက်သည်။ “ဒုတိယသခင်လေး… ဘာပြောလိုက်တာလဲ?”
“ဘာမှမဟုတ်ပါဘူး။ ကားမောင်းတော့…”
ကားမထွက်မီ သူက ဆေးရုံဝင်ပေါက်မှာ စောင့်နေပြီဖြစ်သော လက်ထောက်လင်းကျုံးဆီမှ အသံမက်ဆေ့တစ်ခု ရရှိခဲ့သည်။
ပေါ်ယွဲ့မင်၏ လေသံက အလွန်တည်ငြိမ်နေသဖြင့် ဒရိုက်ဘာက သူ နားကြားမှားတာ ဖြစ်မည်ဟု ချက်ချင်းအတည်ပြုလိုက်ပြီး လမ်းကြားထဲမှ မောင်းထွက်သွားခဲ့လေသည်။
. . . . . .
ဖေးယိနှင့် ဦးလေးခိုင်က လမ်းကြားထဲသို့ ခြေလှမ်းအနည်းငယ်သာ လျှောက်သွားခဲ့ပြီး တံခါးဝ၌ စောင့်နေသော ဖေးယွမ်က အမြန်ပြေးလာခဲ့သည်။ “ ရှောင်ယိ! မင်းရောက်လာပြီပဲ! ငါလည်း ခုလေးတင် ထွက်လာတော့မလို့”
ဖေးယွမ်၏ မျက်လုံးထဲမှ စစ်မှန်သော ပျော်ရွှင်မှုကို မြင်လိုက်ရသဖြင့် ဖေးယိ၏ နှလုံးသားလေး နွေးသွားခဲ့သည်။ “မမ”
“အိုက်!”
ဖေးယွမ်က ဤရှင်းလင်းသော အခေါ်အဝေါ်ကို ကြားတော့ ဝမ်းသာသွားပြီး သူမမောင်လေး၏ လက်ကို ဆွဲလိုက်လေသည်။ “လာ! မမ မင်းကို အထဲခေါ်သွားမယ်! ငါနဲ့ အမေက မနက်စောစော ဟင်းသီးဟင်းရွက်စျေးမှာ စားစရာ သွားဝယ်ခဲ့တယ်။ ခဏနေရင် အဆင်သင့်ဖြစ်ပြီ။”
လူသုံးဦး အိမ်ထဲကို ဝင်လာသည်နှင့် အစားအသောက်ရနံ့က သူတို့နှာခေါင်းထဲ ရောက်လာခဲ့သည်။
“အမေ…ရှောင်ယိ ရောက်ပြီ!”
မီးဖိုချောင်ထဲမှာ အလုပ်ရှုပ်နေသော ရှုဝမ်က ထပ်တူညီသော စိတ်လှုပ်ရှားမှုဖြင့် ချက်ချင်း အပြင်ထွက်လာခဲ့လေသည်။
ပြီးခဲ့သည့်အပတ်က အိမ်ထောင်ထိန်းကောင်းခိုင်နှင့်အတူ ဖေးယိ ထွက်သွားပြီးကတည်းက သူမက တစ်ချိန်လုံး သူ့အကြောင်းစဥ်းစားနေတာဖြစ်၏။ သူမက သူမ၏ မျှော်လင့်စောင့်စားနေမှုလေး နောက်တစ်ကြိမ် အချည်းနှီးဖြစ်သွားမည်ကို စိုးရိမ်သဖြင့် သားဖြစ်သူကို ပေါ်အိမ်တော်မှာ တိုက်ရိုက်သွားရှာချင်ခဲ့သော်လည်း ကံဆိုးစွာပင် ဖေးယွမ်က သူမအား ကန့်ကွက်ခဲ့သည်။
ရှုဝမ်က လန်းဆန်းကြည်လင်နေသော ဖေးယိကိုကြည့်ကာ စိတ်ချမ်းသာသွားလေသည်။ “ကောင်းလိုက်တာ… ရှောင်ယိလေးက အရင်တစ်ခေါက်ထက်တောင် ပိုကြည့်ကောင်းလာတယ်! အခုနည်းနည်းပိန်နေသေးလို့ ဒီနေ့များများစားသွားနော်!”
ဖေးယွမ်က ယဥ်ကျေးစွာ ဖိတ်ခေါ်လိုက်သည်။ “အိမ်တော်ထိန်း ဦးလေး ကောင်း…. ကျွန်မတို့နဲ့အတူ ထမင်းဝင်စားပါဦးလားရှင်”
ဦးလေးခိုင်က ခေါင်းခါပြပြီး လူသုံးယောက်၏ ရှားရှားပါးပါး ပြန်လည်ဆုံဆည်းမှုကို မနှောင့်ယှက်ချင်ခဲ့ပေ။ ပေါ်ယွဲ့မင်က သူ့အား ဖေးယိအနောက်သို့ လိုက်ခိုင်းခဲ့ပေမယ့် အမှန်မှာ သူ့ကို အပ်နှင်းထားသော တာဝန်တစ်ခု ထပ်ရှိနေသေးသည်။
“မစ္စရှု….မစ္စဖေး… အရင်နှစ်ရက်က ကျွန်တော်ပြောခဲ့တာကို တွေးပြီးပြီလား?”
၎င်းကိုကြားတော့ ဖေးယိက ဦးလေးခိုင်ကို နားမလည်သလို ကြည့်လိုက်သည်။
ဦးလေးခိုင်က ဤဇဝေဇဝါဖြစ်နေသော အကြည့်ကို လက်ခံရှင်းပြလိုက်သည်။ “သခင်ငယ်လေး…စိတ်အေးအေးထားပါ။ မစ္စရှုနဲ့ မစ္စဖေးတို့ ဒီနေရာမှာဆက်နေရင် သူတို့ကို အိမ်ရှင်ကျန့်ပင်းက ခြိမ်းခြောက်လာမှာ ကျွန်တော်စိုးရိမ်မိတယ်။ ပြီးတော့ အိမ်ငှားခအတွက် သူတို့ရဲ့ သဘောတူစာချုပ်အခွင့်အရေးကို ကာကွယ်ဖို့က မလွယ်ပါဘူး။”
ဖေးယွမ်က သူ၏ရှင်းပြချက်ကို အလိုက်သင့်ပြောပေးလိုက်သည်။ “ရှောင်ယိ…အိမ်တော်ထိန်း ဦးလေးကောင်းပြောတာက ငါတို့အတွက် အိမ်တစ်လုံးရှာပေးဖို့ပါ။ ငှားခက ဒီကထက်သက်သာတယ်။ ဒါပေမယ့်…”
ဦးလေးခိုင်က မိခင်နှင့် သမီးဖြစ်သူ၏ တုံ့ဆိုင်းမှုကို နားလည်သွားသည်။ “ပေါ်မိသားစုမှာ အဆက်အသွယ်တွေ အများကြီးရှိပါတယ်။ ဒါကြောင့် အိမ်ရှာဖို့က မခက်ခဲပါဘူး။”
၎င်းက ကျေးဇူးကြွေးဖြစ်ဖို့ နေနေသာသာ မည်သည့်အခက်အခဲမှ မရှိပေ။ အိမ်ရှာဖို့ ကိစ္စက ပေါ်ယွဲ့မင် ခွင့်ပြုပေးထားခြင်းဖြစ်၏။
“အဲ့ဒီအိမ်နားက ပတ်ဝန်းကျင်နဲ့ ပစ္စည်းပစ္စယတွေက ပိုကောင်းပြီး မစ္စဖေး အလုပ်သွားဖို့လည်း အဆင်ပြေတယ်။ ဒါပေါ့… အဲ့ဒါက ပေါ်အိမ်တော်နဲ့လည်း နီးနီးလေးမို့ ခင်ဗျားတို့နဲ့ သခင်ငယ်လေး အနာဂတ်မှာ တွေ့ဆုံရလွယ်ကူစေမှာပါ။”
ဖေးယိက ဤသားအမိအတွက် အိမ်အသစ်တစ်လုံးရှာရန် စီစဥ်ခဲ့တာကြာပြီဖြစ်၍ အွန်လိုင်းပေါ်တွင် အိမ်ခြံမြေအငှားစားရင်းများ တိတ်တိတ်လေး ရှာနေခဲ့သည်။ မထင်မှတ်ထားသည်မှာ ဦးလေးခိုင်က ခြေတစ်လှမ်း သာလွန်သွားခြင်းပင်။
၎င်းကို စဥ်းစားကြည့်ပြီး ဖေးယိက ရှုဝမ်နှင့် ဖေးယွမ်တို့၏ မျက်ဝန်းများကို ဆုံကြည့်လိုက်သည်။ “ပြောင်းတာကောင်းပါတယ်။ ကျွန်တော် အမေတို့ကို ခဏခဏတွေ့လို့ရတယ်။”
ရှုဝမ်က အငယ်ဆုံးသား၏ ပြတ်သားသော စကားကို ကြားလိုက်ရ၍ သူမမျက်လုံးများ နီရဲလာပြန်သည်။ သူမက နှစ်ပေါင်းများစွာ အမှတ်တရများကို သယ်ဆောင်ပေးခဲ့သည့် အိမ်ငယ်လေးကို လှည့်ပတ်ကြည့်ရှုပြီး အားလုံးထက် ပိုနားလည်ခဲ့သည်။
သူမက သမီးဖြစ်သူကို ဒုက္ခမခံစေချင်တော့သလို သူမသားနဲ့လည်း အချိန်အများကြီး အတူရှိနေချင်သည်။ သူမခင်ပွန်းက ပြန်လာတော့မှာ မဟုတ်သဖြင့် သူမက ကလေးနှစ်ယောက်ကို ဆက်လက်စောင့်ရှောက်ရန် ရှေ့ဆက်ရလိမ့်မည်။
ရှုဝမ်က အချိန်အတော်ကြာ တိတ်ဆိတ်နေပြီး အဆုံးမှာ ခေါင်းညိတ်လက်ခံလိုက်သည်။ “ကောင်းပါပြီ။”
“ဒါဆို အသေးစိတ်အချက်အလက်အတွက် ရွှေ့ပြောင်းရေးကုမ္ပဏီကို ဆက်သွယ်လိုက်မယ်။ ခင်ဗျားတို့ သုံးယောက်ရဲ့ မိသားစုညစာစားပွဲလေးကို မနှောင့်ယှက်တော့ပါဘူး။” သားအမိနှစ်ယောက် သဘောတူလိုက်တာကို တွေ့တော့ ဦးလေးခိုင်က ဆင်ခြေပေးကာ အိမ်ကထွက်သွားခဲ့သည်။
ဦးလေးခိုင် ထွက်သွားပြီးနောက် ဖေးယိက သူ့အိပ်ကပ်ထဲမှ ကျောက်စိမ်းဆွဲသီးလေးကို ထုတ်လိုက်သည်။ “ရော့”
မရင်းနှီးသော ကျောက်စိမ်းဆွဲသီးကို တွေ့လိုက်ရတော့ ရှုဝမ်က အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ “ဖေးယိ?”
ဖေးယိက ခပ်ပြတ်ပြတ်ပြောလိုက်၏။ “ပိုက်ဆံအတွက် ကျွန်တော်ပေးတာ။ အမေနဲ့ မမသုံးဖို့”
“ဒီလိုလုပ်လို့ရမလား? အမေ့မှာ ငွေပြတ်လတ်မနေပါဘူး!”
ရှုဝမ်က ကျောက်စိမ်းဆွဲသီး၏ ကြိုးလေးကို အမြန်ဆွဲယူကာ ဖေးယိ၏လည်ပင်းပေါ်မှာ ပြန်ဝတ်ပေးဖို့ ကြိုးစားခဲ့သည်။ “ဒါ ဘွားဘွားပေးထားတာမလား? ပြန်ဝတ်ထားလိုက်…မပျောက်စေနဲ့။”
ဖေးယိက သူမကို တားလိုက်ပြီး ခေါင်းမာမာနဲ့ ပြောလိုက်သည်။ “အဘိုးပေးထားတာ။ ကျွန်တော်မကြိုက်ဘူး။”
ဤသည်မှာ ကလေးထိန်း၏ အခိုးခံရ၍ ပြန်ယူခဲ့သော ကျောက်စိမ်းဆွဲသီးဖြစ်၏။ ဖေးယိက ၎င်း၏ကျောက်စိမ်းအရောင်ကို သေသေချာချာ ကြည့်လိုက်သည်။ ၎င်းက စျေးကွက်ထဲမှာ ငွေနည်းနည်းတော့ ရလောက်သည်။ သူ ဤပစ္စည်းကို ငွေနဲ့ပေါင်ချင်တာ ကြာပြီဖြစ်ပေမယ့် တစ်ယောက်တည်းအပြင်ထွက်ဖို့ အခွင့်ရေးမရခဲ့ချေ။
ရှုဝမ်က ရပ်လိုက်သည်။ “ဒါ… ဒါအဘိုးကြီးပေးထားတာလား?”
ဖေးယွမ်က ၎င်းကို ယူကြည့်လိုက်သည်။ “ငါကြည့်ဦးမယ်။ ဘယ်လိုရတနာမျိုးမို့ အဘိိုးကြီးက ငါတို့ရှောင်ယိကို ပေးနိုင်ရတာလဲ?”
ရှုဝမ်က ပြောလိုက်သည်။ “ ရှောင်ယွမ်…. မရိုင်းစိုင်းနဲ့”
“သမီးအပိုမပြောပါဘူး… အမေရယ်။ သူ့ကို အဘိုးလို့ခေါ်စေချင်သေးတာလား?” ဖေးယွမ်က သွေးတော်စပ်သော အဘိုးကြီးအပေါ်မှာ ထင်မြင်ချက်ကောင်းမရှိတာကြောင့် သူမက ကျောက်စိမ်းဆွဲသီးကို သေချာကြည့်လိုက်သည်။
ဖေးယိက အခြေအနေကို မြင်လိုက်ရပြီး ဖျောင်းဖျရန် ပစ်မှတ်ပြောင်းလိုက်လေသည်။ “အဘိုးပစ္စည်းမို့လို့ ကျွန်တော်သဘောမကျဘူး။ ကျွန်တော် ပိုက်ဆံပဲကြိုက်တယ်။ မမကိုပေးမယ်။”
ဖေးယွမ်က တခစ်ခစ်ရယ်လိုက်သည်။ “ငါတို့ရှောင်ယိလေးက ငွေမက်တဲ့သူမှန်း မသိခဲ့ဘူးကွာ!”
ရှုဝမ်ကလည်း ရယ်လိုက်သည်။ “အဘိုးကြီးပေးထားတာကို ရောင်းလို့ရပါ့မလား?”
“ရတာပေါ့!”
ဖေးယိက အခိုင်အမာဆိုသည်။
ဤသို့သော ကျောက်စိမ်းအဆင်တန်ဆာမျိုးကို သူမကြိုက်ပေ။ ထို့ကြောင့် သိမ်းထားတာထက် ရောင်းပစ်လိုက်တာပိုကောင်းသည်။ အနည်းဆုံးတော့ ပိုက်ဆံက ဤသားအမိနှစ်ယောက်၏ ဘဝအရည်အသွေးကို မြှင့်တင်ပေးနိုင်လိမ့်မည်။
ဖေးယွမ်က မိခင်ဖြစ်သူ၏ နူးညံ့သော စိတ်ထားကို ကောင်းကောင်းသိသဖြင့် သူမက ဖေးယိစကားကို လက်ခံလိုက်သည်။ “ ရှောင်ယိ… ဒီကိစ္စကို မမနဲ့ လွှဲထားလိုက်။ ဒါပေမယ့် အမေနဲ့ ငါက ဒီပိုက်ဆံကို မလိုချင်ဘူး။ ဒီပစ္စည်းက မင်းအပိုင်မို့ ပိုက်ဆံကလည်း မင်းပဲယူသင့်တယ်။”
ရှုဝမ် အသံတိတ်ခေါင်းညိတ်လိုက်သည်။
ဖေးယွမ်က ဆက်ပြောလိုက်သည်။ “ပျောက်သွားမှာကြောက်ရင် အမေ့ကို သိမ်းထားခိုင်းလိုက်။ မင်းလိုအပ်တဲ့အချိန်မှာ ပြန်ပေးမယ်..ဟုတ်ပြီလား?”
ဖေးယိက ရှုဝမ်နှင့် ဖေးယွမ်တို့ကို နှလုံးသားအောက်ခြေကနေ မိသားစုလို့ သတ်မှတ်ထားသည်။ “ဟုတ်ကဲ့။”
မည်သို့ပင်ဖြစ်စေကာမူ အဆိုပါငွေကို သူတို့လက်ထဲမှာသိမ်းထားပြီး မူလပိုင်ရှင်အတွက် အနှေးနဲ့အမြန် သုံးရလိမ့်မည်။
ရှုဝမ်နှင့် ဖေးယွမ်က အကြည့်ချင်းဖလှယ်ပြီး တစ်ခုတော့ ပိုသေချာခဲ့သည်။
ဖေးယိ ဖေးအိမ်တော်၏ သားရဲတွင်းမှ ထွက်လာပြီးကတည်းက သူ့အခြေအနေမှာ အများကြီးတိုးတက်လာခဲ့သည်။
အရင်တုန်းက သူသည် နှုတ်ဆိတ်နေတတ်ပြီး စကားတစ်လုံးပင် ဖြောင့်ဖြောင့်မပြောနိုင်ပဲ နည်းနည်းလေး နှိုးဆွလိုက်သည်နှင့် အရူးဖောက်သွားတတ်သည်။ ယခုမူ သူက စိတ်ကိုဖွင့်ထားပြီး သူတို့နဲ့ ပုံမှန်လို ဆက်ဆံပြောဆိုနိုင်ပြီ ဖြစ်၏။
. . . . . .
နေ့လည် ၂နာရီခွဲမှာ ဦးလေးခိုင်က သူ့ကို အချိန်မီလာကြိုသည်။
သားအမိနှစ်ယောက်က ယခင်တစ်ခေါက်ကလို တွန့်ဆုတ်မနေတော့ပဲ အိမ်ပြောင်းပြီးလျှင် ဖေးယိနှင့် ထပ်တွေ့မည်ဟု ချိန်းဆိုကာ ပြုံးနေကြလေသည်။ နှစ်၂၀ ကျော် ခွဲခွာခဲ့ရသော ဝေဒနာက အဆုံးသတ်သွားလေပြီ။
မနက်က ဖေးယိနှင့် ဦးလေးခိုင်ကို လိုက်ပို့ခဲ့သော ဒရိုက်ဘာက ပြန်လာကြိုခဲ့သည်။
သူတို့ ပေါ်အိမ်တော်ကို တန်းပြန်တော့မည်ဟု ဖေးယိထင်ထားခဲ့သော်လည်း ဒရိုက်ဘာက ဆယ်မိနစ်လောက်မောင်းပြီးနောက် ကော်ဖီဆိုင်တစ်ခုရှေ့မှာ ရပ်လိုက်လေသည်။
လက်ထောက်လင်းကျုံးက ဆိုင်ထဲမှ လျှောက်ထွက်လာပြီး ဖေးယိ၏ကားတံခါးကို ဖွင့်လိုက်လေ၏။ “သခင်ငယ်လေး”
ဖေးယိက ကားပေါ်မှ အလျင်စလို မဆင်းခဲ့ပေ။ “ဦးလေးခိုင်?”
ဦးလေးခိုင်က သူ့ကို လေသံအေးအေးဖြင့် ရှင်းပြလိုက်သည်။ “မကြောက်ပါနဲ့။ ဒုတိယသခင်လေးက လုပ်စရာကိစ္စလေးရှိလို့ပါ။ သခင်ငယ်လေး ဆေးရုံမှာဆို ပျင်းနေမှာစိုးလို့ ဒီဆိုင်မှာ လင်းကျုံးနဲ့အတူ ခဏအနားယူနေပါ။”
“ကိစ္စတွေပြီးသွားရင် လာကြိုမယ်။ ဟုတ်ပြီလား?”
ဒီတော့ ဒီလိုပေါ့….
ကိစ္စမရှိပါဘူး။
ဖေးယိက စိတ်လျော့လိုက်ပြီး ခေါင်းညိတ်ကာ ကားပေါ်မှဆင်းလိုက်လေသည်။
လင်းကျုံး ခေါ်လာသော ကော်ဖီဆိုင်က ပေါ်ယွဲ့မင် စစ်ဆေးခံနေသော ဆေးရုံနှင့် မဝေးသလို အပြင်အဆင်ကလည်း အရသာရှိပြီး အဆင့်မြင့်သည်။ လူအသွားအလာများသော ပတ်ဝန်းကျင်ကို ဖေးယိမကြိုက်မှာစိုးရိမ်၍ သူက ဒုတိယထပ်ရှိ သီးသန့်ခန်းကို အထူးမှာယူခဲ့သည်။
“သခင်ငယ်လေး… ကျွန်တော် အောက်ထပ်ဆင်းပြီး ခင်ဗျားအတွက် ကော်ဖီတစ်ခွက်နဲ့ ကိတ်မုန့် မှာပေးမယ်နော်။”
ဖေးယိက ခေါင်းခါလိုက်သည်။ “ကော်ဖီကခါးတယ်။”
“ကောင်းပြီ။ ဒါဆို တခြားတစ်ခုမှာပေးပါ့မယ်။” လင်းကျုံးက ဖေးယိကြိုက်သော အရသာကို နားလည်သွားပြီး အောက်ထပ်သို့ လှည့်ထွက်သွားခဲ့သည်။
သီးသန့်ခန်း၌ ပျော့ပြောင်းသာ ကူရှင်ခုံများရှိပြီး နံရံများကို အကွက်များဖြင့် ပုံဖော်ထားသည်။ နောက်ဘက်ရှိ ရေကန်အတုကိုလည်း ပြတင်းပေါက်မှ ကြည့်နိုင်သည်။ ငြိမ့်ညောင်းသော ဂီတသံနှင့် ကော်ဖီရနံ့တို့က လေထဲ၌ လွင့်မျောနေပြီး စိတ်ကို အေးချမ်းစေသည်။
ဖေးယိက ဤကော်ဖီဆိုင်ကို ရင်ထဲကနေ တိတ်တဆိတ် အမှတ်ပေးလိုက်ပြီး သူက ဘေးခန်းရှိ အလျင်လိုနေသော အသံတစ်ခုကို ရုတ်တရက် ကြားလိုက်ရသည်။
“မစ္စတာယန်.! ထပ်စဥ်းစားပေးလို့ရမလား?”
ဟမ်?
ရင်းနှီးသော အသံတစ်ခုက ဖေးယိ၏နားထဲသို့ ပေါက်ရောက်လာပြီး ချက်ချင်းဆိုသလိုပင် သူ့အာရုံကို ဆွဲဆောင်သွားခဲ့သည်။