Ch 21
Viewers 28k

Chapter 21

“မစ္စတာလီ… အဲ့ဒါကို ကျွန်တော် မတွေးခဲ့တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အဖြစ်မှန်တွေက ကျွန်တော့်ရှေ့မှာ ရှိနေတယ်။”

တည်ငြိမ်ပြီး အတွေ့အကြုံရှိသော အသံတစ်သံထွက်ပေါ်လာပြီး ထိုလူက ကူကယ်ရာမဲ့စွာ မေးလိုက်လေသည်။ “လီသခင်ကြီး ကွယ်လွန်ပြီးတည်းက ခင်ဗျားရဲ့ “အရုဏ်ဦးဂိမ်း” က ပြန်ကောင်းလာခဲ့လို့လား?”

“ဟုတ်တယ်… ခင်ဗျားက ဒီလောက်ငယ်ငယ်လေးနဲ့ ဒေဝါလီခံရတော့မယ့် ကုမ္ပဏီကို သုံးလေးနှစ်ကြာအောင် ထိန်းထားနိုင်ခဲ့တယ်။ ဒီလိုဇွဲလုံ့လနဲ့ ကြိုးစားအားထုတ်မှုက အံ့မခန်းပဲ။ ဒါပေမယ့် ခင်ဗျားရဲ့ “အရုဏ်ဦး”မှာ တိုးတက်လာနိုင်တဲ့ အလားအလာမတွေ့ရဘူး။”



“မစ္စတာယန်”အမည်ရှိသော ထိုလူက ရပ်လိုက်ပြီး တည်ငြိမ်သောလေသံဖြင့် အရက်စက်ဆုံး ငြင်းပယ်လိုက်သည်။ “ဒီရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီး ဘာမှမလုပ်ပေးနိုင်လို့ စိတ်မကောင်းပါဘူး။ ကျွန်တော့်မှာ ကိစ္စရှိသေးလို့ သွားနှင့်ပါမယ်။”

အခန်းထဲက အသံလုံစနစ်မှာ သိပ်မကောင်းလှပေ။

ဖေးယိက ဘေးခန်းရှိ စကားဝိုင်းကိုနားထောင်ပြီးနောက် လီယွမ်၏ အရှုံးပေးလိုက်သော အသံနက်ကြီးကို ကြားလိုက်ရသည်။ ကျွန်တော် မစ္စတာယန်ကို နှောင့်နှေးစေမိပြီ။ နောက်မှတွေ့ကြတာပေါ့”

သူတို့မတ်တပ်ရပ်ကာ ထွက်သွားသည်နှင့် ဘေးခန်းက အသံပိုကျယ်လာသည်။

ကန့်လန့်ကာကို ရုတ်လိုက်ပြီးနောက် ထိုမစ္စတာယန်၏ လေသံက အများကြီးပျော့ပျောင်းသွားလေသည်။ “လီသခင်လေး… ကျွန်တော် ခင်ဗျားရဲ့ဇွဲလုံ့လကို လေးစားမိပါတယ်။ ကျွန်တော့်ကိုလိုက်မပို့နဲ့တော့။ အခွင့်အရေးရရင် ညစာလိုက်ကျွေးပါ့မယ်။”

“ ခင်ဗျားရဲ့ အသိအမှတ်ပြုမူအတွက် ကျေးဇူးပါ….ဥက္ကဋ္ဌဝမ်..။ ဖြည်းဖြည်းသွားပါဗျ။”

“အင်း”

ခြေလှမ်းများက တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

ဖေးယိက ငြိမ်ငြိမ်မထိုင်နိုင်တော့ပဲ အခန်းကန့်လန့်ကာကို ရုတ်လိုက်သည်။ ထင်သည့်အတိုင်းပင် သူက လင်ယွမ်၏နောက်ကျောကို ဘေးဘက်မှမြင်လိုက်ရသည်။ အနှီလူက အရပ်ရှည်ကာ ခေါင်းနောက်ရှိ ဝံပုလွေအမြီးနှင့် ဖွာနေသော ဆံသားတို့နှင့်အတူ သားနားနေလေ၏။

ရင်းနှီးမြှုပ်နှံသူ ထွက်သွားတာကို ကြည့်နေသော လီယွမ်က ပြန်လှည့်လိုက်တော့ ဖေးယိနှင့် အကြည့်ချင်းဆုံသွားလေသည်။ သူက နှစ်စက္ကန့်မျှ အံ့အားသင့်သွားကာ သူ့မျက်လုံးထဲက စိတ်ပျက်မှုကို ထိန်းချုပ်ရန် ပတ်ပတ်လည်ကို ကြည့်လိုက်သည်။

“ဖေးသခင်ငယ်လေး… မင်းဒီမှာ ဘာလုပ်နေတာလဲ?”

စကားကျလာသည်နှင့် သူက မျက်မှောင်ကြုတ်ကာ ထပ်မေးလာသည်။ “ငါတို့စကားတွေကို မင်းကြားသွားတာလား?”

“…….”

ဖေးယိက တစ်စက္ကန့် နှစ်စက္ကန့်လောက် ရပ်သွားကာ မူလပိုင်ရှင်၏ အမူအကျင့်အတိုင်း အမှန်အတိုင်းဖြေဖို့ ဆုံးဖြတ်လိုက်သည်။ “နည်းနည်းပါ”

သို့သော် ဤနည်းနည်းလေးက ထိုစကားဝိုင်း၏ရည်ရွယ်ချက်နှင့် နောက်ဆုံးရလဒ်ကို ခွဲခြမ်းစိတ်ဖြာနိုင်ဖို့ လုံလောက်ခဲ့သည်။

လီယွမ်က သူ့ဘေးက အခန်းကိုကြည့်ကာ ခါးသက်သက် ရယ်လိုက်လေသည်။ “ထားလိုက်တော့။ မင်းကြားရင်လည်း ကြားတယ်ပေါ့။ မင်းလိုအရူးလေးက နားလည်မှာလည်းမဟုတ်ဘူး။”

ထိုစကား၏ ဒုတိယပိုင်းကို တိုးတိုးလေး ပြောလိုက်တာဖြစ်ပြီး “အရူးလေး”ဆိုသော စကားလုံးသည် တမင်တကာ ချိုးဖဲ့လိုက်သော အသုံးအနှုန်းမဟုတ်ပဲ နာမည်ပြောင်တစ်ခုသာဖြစ်၏။


ဖေးယိ၏ မျက်ဝန်းက ဆန့်ကျင်ဘက်ရှိ နေရာလွတ်ကို ရွေ့သွားပြီးမှ လီယွမ်၏မျက်နှာကို ပြန်ကြည့်ကာ အသံတိတ် ဖိတ်ခေါ်နေလေ၏။: ခင်ဗျားထိုင်ချင်လား?

တစ်ချိန်တည်းမှာ လီယွမ်က အနားကပ်လာကာ ပြောလာသည်။ “ငါထိုင်လို့ရလား?”

ဖေးယိက ခေါင်းညိတ်လိုက်၏။

လီယွမ်ထိုင်လိုက်သည်နှင့် လက်ထောက်လင်းကျုံးက လိမ္မော်ဖျော်ရည်နှင့် ကိတ်မုန့်လေးများကိုင်ကာ အပေါ်ရောက်လာခဲ့သည်။ ထိုလူက ထိုင်ခုံပေါ်မှာ လူပိုတစ်ယောက်ကို တွေ့လိုက်ရတော့ အတန်ငယ် အံ့အားသင့်သွားလေသည်။ “သခင်ငယ်လေး…ဒါဘယ်သူလဲ?”

လီယွမ်က မျက်မှောင်ကြုတ်ကာ ဖေးယိ တစ်ယောက်တည်း အပြင်ထွက်မလာနိုင်ဘူးဆိုတာကို သဘောပေါက်လိုက်သည်။

သူ သူ့ကိုယ်သူ မမိတ်ဆက်နိုင်ခင်မှာ ဖေးယိက အပြုသဘောဆောင်သော စကားတစ်ခွန်းပြောလိုက်သည်။

“သူငယ်ချင်း”

လင်းကျုံးနဲ့ လီယွမ်က တစ်ပြိုင်နက်တည်း အံ့အားသင့်သွားလေသည်။ ဖေးယိက သူငယ်ချင်းဟူသော စကားလုံးမျိုးကို ခေါ်လိုက်မည်ဟု သူတို့မထင်ထားခဲ့ပေ။

အရင်ဆုံးတုံ့ပြန်လိုက်သော လင်းကျုံးက အအေးနှင့် ကိတ်မုန့်ကို အောက်ချလိုက်ကာ လီယွမ်ကို တစ်ခဏမျှ စစ်ဆေးလိုက်သည်။ “သခင်လေး… ခင်ဗျားတစ်ခုခုလိုတာရှိရင် ကျွန်တော် အောက်ထပ်မှာ သွားမှာပေးလို့ရပါတယ်။”

ပေါ်ယွဲ့မင်၏ ကိုယ်ရေးကိုယ်တာ လက်ထောက်အဖြစ် လင်းကျုံးမှာ ကောင်းမွန်သော စံနှုန်းများရှိသည်။ အနည်းဆုံးတော့ သူက စိတ်ထဲမှာ သတိရှိပေမယ့် လူမြင်ကွင်းမှာတော့ ယဥ်ကျေးပျူငှာမှုရှိသည်။


လီယွမ်က ငြင်းဆိုလိုက်သည်။ “ကျေးဇူးပါ… ဒါပေမယ့် မလိုဘူး။”


လင်းကျုံးက နားလည်သလို ပြောလိုက်သည်။ “ဒါဆို သခင်လေးတို့ စကားအေးဆေးပြောကြပါ။ ကျွန်တော် လှေကားခြေရင်းက စားပွဲတစ်ခုမှာ ထိုင်နေပါမယ်။ တစ်ခုခုလိုရင် ခေါ်လိုက်ပါ”

ကန့်လန့်ကာကို နောက်တစ်ကြိမ် ရုတ်လိုက်ပြန်သည်။

လင်းကျုံး၏ ခြေလှမ်းများ ဝေးသထက် ဝေးလာသည်နှင့် လီယွမ်၏မျက်ဝန်းက အနည်းငယ်မျှ စိတ်အေးသွားပြီး သူက ကျောက်စိမ်းနှင့်တူသော လက်ချောင်းများဖြင့် သူ့အိတ်ကပ်ထဲမှ စီးကရက်ဘူးကို ထုတ်လိုက်သည်။ 

ဖေးယိက “ဤနေရာမှာ ဆေးလိပ်မသောက်ရ” ဟု သတိပေးမလို့ လုပ်လိုက်ပေမယ့် တစ်ဖက်လူက စီးကရက်အောက်ခြေကို ဖွဖွပုတ်ကာ နှာခေါင်းအောက်မှာ တေ့ရှူလိုက်သည်။

“…….”

လီယွမ်က သူ့ရင်ထဲရှိ ရှုပ်ထွေးမှုများနှင့် စိတ်ပျက်မှုတို့ကို ဆေးလိပ်နံ့ဖျော့ဖျော့လေးဖြင့် ဖိနှိပ်မျိုသိပ်လိုက်သည်။ ဖေးယိ၏ ချီတုံချတုံ မျက်လုံးများကို တွေ့တော့ သူကပြုံးကာ ဘွင်းဘွင်းပြောလိုက်လေ၏။ “စီးကရက်နံ့ကို ကြောက်လို့လား? ဆေးလိပ်သောက်ဖူးလား?”

ဖေးယိက ခေါင်းခါပြသည်။

ရံဖန်ရံခါ ဂိမ်းဒီဇိုင်း၌ နစ်မြုပ်နေချိန်တွင် သူက စိတ်ဖိစီးမှုသက်သာစေရန် ဆေးလိပ်သောက်လေ့ရှိပေမယ့် ခဏခဏမသောက်သလို မသောက်မနေရလည်း စွဲလန်းမနေပေ။

လီယွမ်က သူ့လက်ထဲရှိ စီးကရက်ရှည်ကို အသာလှည့်လိုက်ပြီး ညည်းညူလိုက်သည်။ “မင်းရဲ့ နာခံမှုရှိပြီး ခပ်တုံးတုံးဖြစ်နေတဲ့ ပုံစံကိုကြည့်ပြီး မင်းဆေးလိပ်မသောက်တတ်မှန်း သိပါတယ်။ စိတ်မပူနဲ့ ဆေးလိပ်သောက်တာကို ဆိုင်ထဲမှာ တားမြစ်ထားတာ ငါသိတယ်။ ပြီးတော့ မင်းကို ငါ့ဆီက ဆေးလိပ်ငွေ့ အတင်းမရှူခိုင်းပါဘူး။”

ဖေးယိက ဘာမှမပြောပေ။

နှစ်ကြိမ်တွေ့ပြီးနောက် သူက အရံဇာတ်ကောင် လီယွမ်ကို အလိုလိုနားလည်ခဲ့သည်။

ထက်မြက်တယ်၊ အဆိပ်ပြင်းတယ်၊ တည့်တိုးဆန်တယ်။ နည်းနည်းလေးခေါင်းမာပြီး မာနကြီးတယ်။ ထိုလူ၏ အကျင့်စရိုက်မှာ ၎င်းတို့အားလုံး ပေါင်းစပ်ထားသည်။

ပွင့်ပွင့်လင်းလင်း ပြောရလျှင် သူ့မှာ Tsundere** ပင်ကိိုစရိုက်ရှိလေသည်။

(** အပြင်ပန်းမှာ အေးတိအေးစက်၊ မာနခေါင််ခိုက်၊ လျစ်လျူရှုတတ်တဲ့သူဖြစ်ပြီး စိတ်ထဲမှာတော့ နူးညံ့တဲ့နှလုံးသားရှိတာကို ဆိုလိုတာပါ။ )


ဖေးယိ၏မျက်ဝန်းက လီယွမ်၏ ဒဏ်ရာရထားသော လက်ချောင်းကို ကြည့်လိုက်သည်။ ယမန်နေ့ညက ပတ်တီးစည်းထားဆဲဖြစ်ပေမယ့် အထဲမှ သိသိသာသာ စိမ့်ထွက်နေခဲ့သော သွေးကတော့ ခဲသွားပြီဖြစ်၏။

အစွဲလမ်းလွန်စိတ်ရောဂါရှိသော ဖေးယိက ၎င်းကိုကြည့်ကာ မသက်မသာဖြစ်လာရသည်။ “ညစ်ပတ်တယ်။”

လီယွမ်က သူ့ဆိုလိုရင်းကို ဖြည်းဖြည်းချင်း သဘောပေါက်သွားပြီး ပတ်တီးကို လက်မဖြင့် ဖွဖွထိလိုက်လေသည်။ “..... အင်း… ငါလဲဖို့မေ့သွားတာ။”

သူက ထိုစကားကို တုံ့ပြန်လိုက်ပေမယ့် ၎င်းကို လဲဖို့တော့ အလျင်မလိုပေ။

လီယွမ်က ပတ်တီးစည်းထားသော လက်ကို စားပွဲအောက်မှာ ထားလိုက်ပြီး ပါးစပ်အပြည့် လေရှူထုတ်လိုက်သည်။ “ဖေးသခင်ငယ်လေး… မင်း ပျင်းနေပြီလား? ပျင်းနေရင် ငါနဲ့စကားပြောရအောင်။”

ဖေးယိက အံ့အားသင့်သွားလေ၏။

လီယွမ်က ဆက်ပြောလိုက်သည်။ “အရင်နေ့က ငါ ပေါ်မိသားစုကို သွားခဲ့တယ်။ တကယ်တော့ လူချမ်းသာမိသားစုတွေကြားမှာ ပူးပေါင်းဆောင်ရွက်မှုအတွက် ရင်းနှီးမြှုပ်နှံသူတစ်ယောက်ကို ရှာချင်ခဲ့တာ။ ဒါပေမယ့် တစ်ချိန်လုံး စိတ်ပျက်ခဲ့ရတယ်။ ဒီလိုနဲ့ပဲ လျှောက်လမ်းမှာ ဆေးလိပ်သောက်နေတဲ့အချိန် သူတို့က မင်းကို လမ်းပိတ်ပြီး အနိုင်ကျင့်နေခဲ့တာ။”

ကိစ္စက ယခုလိုမှန်း ဖေးယိ ရေးတေးတေး ခန့်မှန်းမိပြီးဖြစ်၍ သူပြောတာကို ဆက်နားထောင်လိုက်သည်။

“ဝေ့ပေါ်နဲ့ တခြားသူတွေပြောတာမှန်တယ်။ ငါက ကြီးကျယ်ခမ်းနားတဲ့ လူချမ်းသာအသိုင်းအဝိုင်းနဲ့ မသက်ဆိုင်တော့တာကြာပြီ။ လီမိသားစုက ငါ ဒုတိယနှစ် ကျောင်းသားဘဝတည်းက ပြိုလဲနေခဲ့တာ။”

လီယွမ်၏အသံက အလွန်နှေးသည်။ သူက ဇာတ်လမ်းတစ်ပုဒ်ကို ပြောပြနေတာထက် သူ၏ စိတ်ဓာတ်ကျနေမှုကို ရင်ဖွင်ဖို့ အခွင့်အရေးယူနေတာနှင့် ပိုတူသည်။

တကယ်တော့ ဖေးယိက စာအုပ်ထဲရှိ လီယွမ်၏အတိတ်နဲ့ပတ်သက်ပြီး တစ်ခုခုကို နားလည်ခဲ့သည်။


မူလက လီမိသားစုသည် တရုတ်ပြည်မှာ ဂိမ်းများစွာကို တီထွင်ခဲ့သည့် အစောဆုံးပရော်ဖက်ရှယ်နယ် ကုမ္ပဏီဖြစ်ပြီး “အရုဏ်ဦးဂိမ်း” ဟူသော ထိပ်တန်းအမည်မှာ နိုင်ငံတစ်ဝှမ်း၌ လူသိများခဲ့သည်။

လူ့အဖွဲ့အစည်းနှင့် နည်းပညာများ စဥ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာမှုနှင့် အင်တာနက်ဂိမ်းများ၏ စဥ်ဆက်မပြတ် ဆန်းသစ်တီထွင်မှုများကြောင့်  “အရုဏ်ဦးဂိမ်း”သည် ထိပ်တန်းစီမံခန့်ခွဲရေး၏ မှားယွင်းသော ဆုံးဖြတ်ချက်ကြောင့် လမ်းလွဲသွားကာ တစ်ဆင့်ပြီးတစ်ဆင့် ကျဆင်းသွားခဲ့သည်။ 

လီယွမ်၏ ဒုတိယနှစ် ကျောင်းသားအရွယ်တွင် ဖခင်ဖြစ်သူက သူ့အသက်အရွယ်တွင် ဖြစ်လေ့ဖြစ်ထမရှိသော သွေးကင်ဆာကြောင့် နာမကျန်းဖြစ်ခဲ့ပြီး ကုသမှုများစွာ ခံယူပြီးနောက် ဆုံးပါးသွားခဲ့သည်။

မိခင်လီက ရင်ကွဲကာ နာမကျန်းဖြစ်သွားခဲ့ပြီး အရုဏ်ဦးဂိမ်း၏ ရှယ်ယာရှင်များသည်ပင် ပွက်လောရိုက်သွားရသည်။ ထိုအချိန်က ဘဏ္ဍာရေးကိုသာ သင်ယူနေသော တစ်ဦးတည်းသော သားဖြစ်သူ လီယွမ်က ဤခက်ခဲသောကိစ္စများကို ဖြေရှင်းရန် ကျောင်းခဏထွက်ခဲ့ရသည်။

သို့သော် တကယ်တမ်းမှာ သူက လူ့အဖွဲ့အစည်းသို့ မဝင်ရောက်ရသေးသည့် လူငယ်လေးတစ်ဦးသာဖြစ်၏။ မြေခွေးအိုကြီးတွေရဲ့ တွက်ချက်မှုကို သူဘယ်လိုဆန့်ကျင်နိုင်ခဲ့မှာလဲ?

မူလ “အရုဏ်ဦး”ကို ခွဲခြမ်းလိုက်သဖြင့် အနည်းငယ်သာကျန်တော့သည်။ အဆုံးမှာ မူပိုင်ခွင့်အခကြေးငွေ မရရှိနိုင်သော အခွံလွတ်နှင့် ဂိမ်းအသေးစားတချို့သာ ကျန်ခဲ့လေသည်။

စောစောထွက်သွားခဲ့သော သူ့ဖခင်၏ ကြိုးစားအားထုတ်မှုကို ထိန်းသိမ်းထားရန် လီယွမ်က သူ့မေဂျာကို Game Programming (ဂိမ်းပရိုပရမ်များကို ညွှန်ကြားခြင်းဆိုင်ရာမေဂျာ) သို့ပြောင်းခဲ့ရသည်။ လွန်ခဲ့သည့်နှစ်အနည်းငယ်တွင် သူသည် စာသင်ခြင်းနှင့် အလုပ်လုပ်ခြင်းကို တစ်ပြိုင်နက်တည်း လေ့လာလုပ်ကိုင်ခဲ့ရပြီး သူ့ဘဝသည် အလွန်ခက်ခဲပြီး စိတ်ဆင်းရဲစရာကောင်းခဲ့သည်။

ကုမ္ပဏီ၏ ဖွံ့ဖြိုးရေးနှင့် သုတေသနရန်ပုံငွေ မလုံလောက်မှုကြောင့် သူက မီနီဂိမ်းအသစ်များ၏ ကနဦးမူပိုင်ခွင့်ကို အပြင်ထွက်ဝယ်ယူဖို့ ရွေးချယ်ခဲ့ပြီး ကုမ္ပဏီကို ပံ့ပိုးရန် လုံလောက်သည့် ရင်းနှီးမြှုပ်နှံမှု အရင်းအမြစ်အသစ်တချို့ကို ရှာဖွေနေခဲ့သည်။

မီနီဂိမ်းများက ကြီးမားသော အွန်လိုင်းဂိမ်းများနှင့် မတူပေ။ သူတို့က ခေတ်ရေစီးကြောင်းအသစ်နောက်သို့ တစ်ခုပြီးတစ်ခုလိုက်ကာ ယခုအခါ ကုမ္ပဏီက ရှေ့မဆက်နိုင်သည့် အခြေအနေကို ရောက်နေခဲ့သည်။

သူ၏စိတ်တိုဒေါသထွက်မှုက ခေတ္တထုံထိုင်းသွားသလိုပင် လီယွမ်က မီးမညှိရသေးသော ဆေးလိပ်ကို ကိုက်ခဲလိုက်သည်။ သူက တစ်ချိန်လုံးနှုတ်ဆိတ်နေသော ဖေးယိကို မော့ကြည့်ကာ ယခုလို သူ့ခံစားချက်ကို ဝန်ခံဖွင့်ထုတ်ခဲ့သည့်အတွက် အနည်းငယ်တုံးအသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။

“သခင်ငယ်လေး… မင်းက စကားနည်းတဲ့ အအလိုပဲလို့ သူများတွေပြောကြတာ မဆန်းပါဘူး။ ဒီလောက်ခါးသီးတဲ့အရာတွေကို ပြောပြပြီး ငါ့ပါးစပ်တောင်ခြောက်နေပြီကို မင်းက အသံလေးတစ်သံနဲ့တောင် မတုံ့ပြန်နိုင်ဘူးလား? မင်း ငါ့ကို တကယ် မျက်နှာသာမပေးတာပဲ”

၎င်းက အဆိပ်ပြင်းသော ကြိမ်းမောင်းသံလို့ ထင်ရပေမယ့် တကယ်တမ်းမှာ လီယွမ် ဝမ်းသာနေသည်။ ဖေးယိ၏ ရူးသွပ်မှုကြောင့် သူက အပြင်လူတွေကို ပြောပြလို့မရသည့် သူ၏ဖိအားများအကြောင်းကို ပြောခဲ့တာဖြစ်သည်။ မဟုတ်ပါက ထိုကဲ့သို့ ကိစ္စများကို ပေါ့ပေါ့တန်တန် ပြောမိခဲ့လို့ သူအရှက်ရနေပေမည်။

ဖေးယိက စားပွဲပေါ်မှ မထိရသေးသော အအေးနှင့် ကိတ်ကို နှစ်သိမ်သည့်အနေဖြင့် တွန်းပေးလိုက်သည်။ “ရော့….အချို….ခင်ဗျားရဲ့ စိတ်အခြေအနေ ပိုကောင်းလာလိမ့်မယ်။”

လီယွမ်က ကိတ်ပေါ်ရှိ နူးညံ့သော သကြားပွင့်များကို စိုက်ကြည့်ကာ နှစ်စက္ကန့်အကြာတွင် အကြည့်လွှဲလိုက်သည်။ “ကလေးစားတဲ့အရသာပဲ။ ငါ မင်းဆီက မလုပါဘူး။”

“လုတာမဟုတ်ဘူး။ ကျွန်တော်ကျွေးတာ။”

ဖေးယိအား နေ့လည်တုန်းက ရှုဝမ်ကျွေးခဲ့ပြီးဖြစ်၍ ယခုချိန်မှာ သူ့ဗိုက်ထဲတွင် ထိုအရာများကို မလိုအပ်ပေ။ သူ့ရှေ့က လီယွမ်ကို ကြည့်လိုက်တော့ အနှီလူ၏ သဘောသဘာဝက စာအုပ်ထဲမှာ ပြောထားသလောက် မဆိုးဘူးလို့ ခံစားလိုက်ရသည်။

သူသည်လည်း ဂိမ်းလောက၌ ကျင်လည်ခဲ့တာဖြစ်၍ ဖေးယိက အနှီလူကို “သူ့လူတစ်ယောက်”ဟု အမြဲခံစားမိခဲ့သည်။

ထိုအတွေးဖြင့် ဖေးယိ၏စိတ်ထဲတွင် စေ့ဆော်မှု အလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ သူသေချာမဖမ်းမိနိုင်ခင်မှာ လင်းကျုံးက အခန်းတံခါးဝ၌ ပေါ်လာခဲ့ပြန်သည်။

“သခင်ငယ်လေး… သွားဖို့အချိန်ကျပြီ။ ဒုတိယသခင်လေးနဲ့ တခြားသူတွေက တစ်မိနစ်အတွင်း ရောက်လာတော့မှာ။”

“အို… ဟုတ်ကဲ့ပါ။”


ဖေးယိက အသိစိတ်ပြန်ဝင်လာပြီး သူမတ်တပ်ထရပ်လိုက်စဥ် ကိတ်မုန့်ကို လင်းယွမ်ဆီ တိုးပေးလိုက်သည်။ “စားပါ….တာ့တာ”

“…….”


လီယွမ်က အောက်ထပ်ဆင်းသွားသော ဖေးယိကို ခပ်တွေတွေ စိုက်ကြည့်နေပြီးမှ စားစရာကိုပြန်ကြည့်ကာ တိုးတိုးလေးပြောလိုက်သည်။ “မင်း တကယ်မစားချင်ဘူးလား? ဒါကိုမစားဘူးပေါ့?”

သူ ပြောပြီးသည်နှင့် နှုတ်ခမ်းသပ်လိုက်ပြီး အနားမှာ မည်သူမျှမရှိသည်ကို အခွင့်ကောင်းယူကာ သူ၏ကနဦးငြင်းဆန်မှုကို ပြောင်းလဲလိုက်လေသည်။

အရင်ဆုံး ဖျော်ရည်တစ်ငုံသောက်ပြီးမှ ကိတ်သေးသေးလေးကို ဇွန်းနှင့် ခပ်စားလိုက်၏။

စက္ကန့်အနည်းငယ်အတွင်းမှာ သူ့က ကျေကျေနပ်နပ် မျက်လုံးမှေးကျဥ်းလိုက်ပြီး “ကလေးစားတဲ့အရသာ”လို့ ပြောခဲ့သည်ကို မေ့သွားခဲ့သည်။

. . . . . .

ဖေးယိ ကော်ဖီဆိုင်မှ လျှောက်ထွက်လာစဥ် တံခါးနားတွင် ပေါ်မိသားစု၏ ကားဂိုထောင်၌ မမြင်ဖူးသော လိုင်စင်နံပါတ်ပြားတစ်ခုနှင့် ပိုကြီးသော ကားတစ်စီးကို တွေ့လိုက်ရသည်။

ကားတံခါးက အလိုအလျောက် ပွင့်သွားပြီး ပေါ်ယွဲ့မင်၏ ပုံရိပ်ပေါ်လာလေသည်။ “ကားပေါ်တက်”

လင်းကျုံးက ဖေးယိကိုအရင်ကြည့်ကာ အနောက်ခုံရှိ နေရာတစ်ခုကိုယူရန် ကားပေါ်အရင်တက်လိုက်သည်။ “သခင်ငယ်လေး…ခင်ဗျားနဲ့ ဒုတိယသခင်လေး တူတူထိုင်ပါ။ ကျွန်တော်အနောက်မှာ ထိုင်လိုက်မယ်။”

ဖေးယိက ကားပေါ်ကို တိတ်တိတ်လေး တက်သွားပြီး အကျွမ်းတဝင်ရှိလှသော မြောင်အော်သံကို ကြားလိုက်ရသည်။

“မြောင်~”

သူ လှည်ကြည့်လိုက်တော့ လင်းကျုံး၏ ထိုင်ခုံဘေး၌ မိုဘိုင်း ကြောင်ကျောပိုးအိတ်တစ်လုံးကို တွေ့လိုက်ရသည်။ စစ်ဆေးရေးမှူးက သူ့အနံ့ကို သတိထားမိပြီး ခေါင်းသေးသေးလေးကို ထုတ်ကာ အော်နေပုံရသည်။

ဖေးယိက အံ့အားသင့်သွား၏ “စစ်ဆေးရေးမှူးလား?”

ကားတံခါးက အလိုအလျောက် ပိတ်သွားပြန်သည်။ ဦးလေးခိုင်က ဒရိုက်ဘာကို ကားမောင်းဖို့ အချက်ပြပြီးမှ ဖေးယိအား လှည့်ရှင်းပြလိုက်သည်။ “သခင်ငယ်လေး…ဒုတိယသခင်လေးက အလုပ်ကိစ္စနဲ့ သုံးရက်လောက် အပြင်သွားရမှာပါ။ ခင်ဗျားလည်း လိုက်ရမှာဖြစ်လို့ စစ်ဆေးရေးမှူးကိုပါ ခေါ်လာတာ။”

ဖေးယိက မျက်လုံးကို မှေးကျဥ်းလိုက်ကာ သူ့စိတ်ထဲတွင် မေးခွန်းအမှတ်အသားများ ပေါ်နေ၏။ မူရင်းစာအုပ်၏ ဖော်ပြချက်အချို့အရ…

ပေါ်ယွဲ့မင်က အလုပ်ကိစ္စခရီးသွားရင် သူ့ကိုခေါ်မသွားဘူးမလား? သူ ဘာလို့ ရုတ်တရက် လိုက်သွားရတာလဲ?”

ပေါ်ယွဲ့မင်က ဖေးယိ၏သံသယကို မှန်းဆထားပုံရသည်။ “မနေ့ညက ပေါ်ဝမ် လူကြားထဲမှာ အရှက်ကွဲခဲ့တယ်။ သူဘားမှာ မူးရူးနေပြီး မနက်အစောပြန်လာတော့ ခြေထောက်ကျိုးသွားတယ်လို့ ကြားခဲ့တယ်။ အခြေအနေဆိုးလို့ သီးသန့်လူနာဆောင်မှာ လှဲနေရတယ်။”

ဖေးယိက အံ့အားသင့်မှုကို တစ်ခဏလောက် မထိန်းချုပ်နိုင်ခဲ့ပေ။ “အာ?”

ပေါ်ယွဲ့မင်က သံယောင်လိုက်ပြီး ထင်မြင်ချက်ပေးလိုက်သည်။ “အင်း…မဆင်ခြင်တဲ့ အကျိုးကျေးဇူးလေ”

“……..”

.

ဖေးယိက သဲလွန်စတစ်ခု ကြားလိုက်ရပြီး နားမလည်သလို ဆက်လက်ဟန်ဆောင်ကာ သူ့အကြည့်က ပေါ်ယွဲ့မင်၏ မျက်နှာပေါ်မှာသာ ရှိနေသေးသည်။

မဆင်ခြင်တဲ့ အကျိုးကျေးဇူးပဲပေါ့?

အဲ့လိုမဟုတ်ဘူးလို့ သူဘာလို့ခံစားနေရတာလဲ?

ဦးလေးခိုင်က သူ့မျက်လုံးထဲရှိ နားလည်မှုကို ဖုံးကွယ်လိုက်ပြီး အပြုံးတစ်ခုဖြင့် ရှင်းပြလာသည်။ “သခင်လေးပေါ်ဝမ် ခြေထောက်ကျိုးသွားလို့ သူနဲ့ ဒုတိယသခင်မက အိမ်ကိုရောက်လာပြီး ဒေါသပုံချမှာကို ဒုတိယသခင်လေးက စိုးရိမ်နေလို့ပါ။”

ထိုအချိန်မှာ ပေါ်ဝမ်နှင့် ဦးလေးခိုင် ရှိနေမည်မဟုတ်၍ အစေခံများကလည်း သူ့ကို ကာကွယ်ပေးဝံ့မှာမဟုတ်ပေ။ ထို့ကြောင့် ဒုက္ခရောက်မည့်လူက ဖေးယိပင်ဖြစ်၏။ စစ်ဆေးရေးမှူးက သူ့သခင်ကို ယခင်တစ်ခေါက်ကလို ကာကွယ်ပေးလျှင် ၎င်းသည်ပင် အလားတူ ဒုက္ခရောက်လိမ့်မည်။

၎င်းကိုကြားတော့ ဖေးယိ၏ မှန်းဆချက်များ ပိုသေချာလာခဲ့သည်။

ဒါက မဆင်ခြင်တဲ့ အကျိုးကျေးဇူးမှမဟုတ်တာ။ ပေါ်ယွဲ့မင်က အဲ့လိုလုပ်ဖို့ တစ်ယောက်ယောက်ကို လွှတ်ခဲ့တာဖြစ်မယ်! ဒီဗီလိန်ရဲ့ မကောင်းတဲ့စိတ်တွေက ပုန်းလျှိုးကွယ်လျှိုး တိုးလာနေတာလား?

ဖေးယိက ပေါ်ဝမ် ခြေထောက်မည်မျှကျိုးသွားသည်ကို ဂရုမစိုက်ပဲ လက်ရှိအခြေအနေကို ဖြစ်ရိုးဖြစ်စဥ်ဟု လက်ခံလိုက်သည်။

နှစ်နာရီခွဲအကြာတွင် ဖေးယိက ပေါ်ယွဲ့မင်တို့နှင့်အတူ အပန်းဖြေစခန်းတစ်ခုသို့ ရောက်လာခဲ့သည်။

တောင်တန်းတွေပေါ်က ကောင်းကင်မှာ မဲမှောင်နေသည်။


သူတို့ကို ဆက်သွယ်လာသော တာဝန်ခံက သူ့တို့အား သီးသန့်နယ်မြေတစ်ခုသို့ ခေါ်ဆောင်သွားပြီး အခြေအနေကို အသေးစိတ်ရှင်းပြလာသည်။ “မစ္စတာပေါ်…. ပစ္စည်းတွေရောက်လာလို့ ကြိုစီစဥ်ထားပြီးပါပြီ။ ပြီးတော့ ဆေးပညာရှင်အဖွဲ့ကလည်း နေ့လည်ထဲက ရောက်နေပါပြီ။ မနက်ဖြန်မနက်မှာ ပထမဆုံးအကြိမ် စစ်ဆေးလို့ရပါတယ်။”

ပေါ်ယွဲ့မင်၏မျက်လုံးများက မသိမသာ တောက်ပလာသည်။ “ကောင်းပြီ။”

ဖေးယိက စစ်ဆေးရေးမှူးကို ကျောပေါ်သယ်ထားကာ သူ့နောက်ကနေ ငြိမ်ငြိမ်လေး လိုက်သွားပြီး တာဝန်ခံ၏ အပြုအမူမှတစ်ဆင့် ကိစ္စတချို့ကို နားလည်သွားခဲ့သည်။

မူရင်းစာအုပ်၌ ပေါ်ယွဲ့မင်က အစောပိုင်းအဆင့်တွင် လူတိုင်း၏နောက်ကွယ်မှာ လျှို့ဝှက်ကုသရေးတချို့ကို လုပ်ဆောင််ခဲ့သည်။ ၎င်းက ဤခရီးစဥ်၏ ရည်ရွယ်ချက်ဖြစ်ပုံရသည်။

မနက်အစောကြီး ရိုးရိုးကားဖြင့် အပြင်ထွက်လာပြီးမှ မရင်းနှီးသော လိုင်စင်နံပါတ်ပြားတစ်ခုနှင့် ကားကြီးတစ်စီးဆီသို့ ပြောင်းသွားတာ အံ့အားသင့်စရာမရှိပေ။ ၎င်းက တခြားသူများ၏ မျက်လုံးနှင့် နားကိုအုပ်ကာ ပေါ်မိသားစု၏ သတိမထားမိအောင် ရှောင်ကြဥ်ခြင်းဖြစ်၏။


တာဝန်ခံက သူတို့ကို သီးသန့်ခြံဝင်းတစ်ခုဆီ အမြန်ခေါ်သွားခဲ့ပြီး အထဲဝင်ပြီးနောက် ပြောလာသည်။ “မစ္စတာပေါ်၊ အနောက်ဘက်မှာ အိပ်ခန်းနှစ်ခန်းနဲ့ ကုတင်သုံးလုံးရှိပြီး အိမ်မကြီးမှာတော့ သီးခြားမာစတာအိပ်ခန်းတစ်ခုရှိပါတယ်။”


ဖေးယိက ရုတ်တရက် တစ်ခုခုကို သဘောပေါက်သွားပေမယ့် ပေါ်ယွဲ့မင်က ခြေတစ်လှမ်းသာလွန်နေကာ မေးလိုက်လေသည်။ “ဒါဆို သုံးခန်းပဲရှိတာပေါ့”

မူလအစီအစဥ်အရ တစ်ယောက်ခန်းနှစ်ခန်းကို ဒရိုက်ဘာ၊ လင်းကျုံးနှင့် ဦးလေးခိုင်ကို အသီးသီးပေးအပ်ဖို့ ဖြစ်သည်။ ဒီတော့ မာစတာခန်းမှာ လူနှစ်ယောက်နေဖို့ လိုအပ်တယ်မဟုတ်လား?

တာဝန်ခံက အခြေအနေကို အတည်ပြုလိုက်သည်။ “အဲ့ဒီအချိန်တုန်းက လေးယောက်ပဲလာမယ်လို့ ဖုန်းဆက်ပြောခဲ့တာပါ။ ဒါကြောင့် ဒီခြံသေးသေးလေးကိုပဲ စီစဥ်ခဲ့တာ။”

သူပြောပြီးသည်နှင့် သူက ထပ်တိုးရောက်လာသော ဖေးယိကို နက်နက်နဲနဲကြည့်ကာ မေးခွန်းထုတ်လိုက်လေသည်။ “ဒီသခင်ငယ်လေးက မစ္စတာပေါ်ရဲ့ချစ်သူမလား? ခင်ဗျားတို့ မာစတာခန်းထဲမှာ တူတူနေလို့ရမလား?”

+