Ch 22
Viewers 28k

Chapter 22

တူတူနေရမယ်?


ဤမေးခွန်းကိုကြားတော့ ဖေးယိက စိတ်ထဲကနေ အရူးအမူး ခေါင်းခါယမ်းလိုက်သည်။


သူက သူ့အိပ်ယာမဟုတ်လျှင် အိပ်ရတာအခက်အခဲဖြစ်ပြီး တခြားသူများနှင့် တူတူအိပ်ရတာလည်း ကျင့်သားမရပေ။ ပေါ်ယွဲ့မင်နဲ့ အတူအိပ်ရမှာလား? သူ တစ်ညလုံး အိပ်ရတော့မှာမဟုတ်ဘူး။

သူ၏သရုပ်သကန်ကြောင့် ဖေးယိက ပေါ်ယွဲ့မင် ငြင်းလိုက်ပါစေဟု ဆုတောင်းနေသည်။ တကယ်တော့ သူ့အမြင်တွင် တစ်ဖက်လူသည် ကိုယ်ရေးကိုယ်တာ ချိတ်ဆက်နိုင်စွမ်း** မြင့်မားတာကြောင့် သူက ထိုအရာမျိုးကို ဖြစ်ခွင့်မပေးသင့်ပါ။

(***** လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်၊ အတွေး၊ ခံစားချက်၊ အပြုအမူတွေကို အကဲခတ်နိုင်ံ၊ ထိန်းချုပ်နိုင်တာကို ပြောတာပါ။)


ထင်သည့်အတိုင်းပင် ပေါ်ယွဲ့မင်က မသိမသာ မျက်မှောင်ကြုတ်သွားခဲ့သည်။

ဤခြံဝင်းကို ကြိုတင်ငှားရမ်းထားသော်လည်း ထိုအချိန်က ဖေးယိကို စာရင်းမသွင်းထားတာ အမှန်ပင်ဖြစ်၏။


ဦးလေးခိုင်က စကားလုံးများနှင့် အမူအရာများကို ဖတ်ရာတွင် အတော်ဆုံးဖြစ်တာကြောင့် သူ အရင်ပြောလိုက်လေသည်။ “ဒုတိယသခင်လေး… သခင်ငယ်လေးကို ကျွန်တော့်အခန်းထဲမှာ ထားလို့ရပါတယ်။ ကျွန်တော် ဆိုပေါ်ပေါ်မှာအိပ်လိုက်မယ်။”

ဒရိုက်ဘာက ဆက်ပြောလိုက်သည်။ “ဒါမှမဟုတ် ကျွန်တော်တို့ ကုတင်နှစ်လုံးကပ်ပြီး တူတူအိပ်လို့ရတယ်လေ။ အဲ့လိုအဆင်မပြေရင်တော့ ကျွန်တော် ကြမ်းပြင်ပေါ်မှာအိပ်လိုက်မယ်။”

ပေါ်ယွဲ့မင် မျက်မှောင်ကြုတ်လိုက်သည်။

ဖေးယိက လက်ထောက်၊ ဒရိုက်ဘာတို့နှင့် တစ်ခန်းတည်း အတူနေမည်ကို သူတွေးမကြည့်နိင်ပဲ တစ်ခုခုမှားနေသလို ခံစားလိုက်ရသည်။ ထိုထက်ပိုသည်မှာ ဦးလေးခိုင်က သူတို့ကြားထဲတွင် အသက်အကြီးဆုံးဖြစ်၍ ဆိုဖာပေါ်မှာ အိပ်ဖို့မသင့်ပေ။

“ဟင့်အင်း”

“ဟင့်အင်း”

ပေါ်ယွဲ့မင်နှင့် ဖေးယိက တစ်ပြိုင်နက်တည်း ငြင်းဆိုလိုက်သည်။

ဖေးယိအတွက်တော့ လူနှစ်ယောက် တစ်ခန်းထဲမှာ အတူအိပ်လျှင်ပင် သူအိပ်ပျော်နိုင်မှာ မဟုတ်သဖြင့် သုံးယောက်သား ပူးကပ်အိပ်ရမည်ဆိုပါက ပိုဆိုးပေမည်။

သူက ပေါ်ယွဲ့မင်၏ ထပ်တူကျလုနီးပါး အဖြေကို ကြားလိုက်ရသဖြင့် “ဆိုဖာပေါ်မှာ သူအိပ်လိုက်မယ်”လို့ ပြောခါနီးတွင် ပေါ်ယွဲ့မင်က ဆန့်ကျင်ဘက် တုံ့ပြန်ခဲ့သည်။ “ခင်ဗျားတို့သုံးယောက်အတွက် အစီအစဥ်ကို မပြောင်းပါနဲ့။ ကျွန်တော်နဲ့ ဖေးယိပဲ မာစတာခန်းမှာ အိပ်လိုက်မယ်။”

“……”

ဘာ?!

ဖေးယိက မယုံနိုင်သလို ကြည့်လိုက်ပြီး သူနားကြားမှားလိုက်သလားဟု သံသယဝင်နေ၏။

၎င်းကိုကြားတော့ တာဝန်ခံက ပြုံးလိုက်ပြီး “အခန်းလွတ်တစ်ခု ထပ်စီစဥ်ပေးမယ်”ဟူသော အကြံပြုချက်ကို ပြန်မျိုချလိုက်သည်။ “ဟုတ်ကဲ့…မစ္စတာပေါ်။ ဒါဆို ညစာကြိုတင်မှာယူလို့ရအောင် မီးဖိုချောင်ကို သွားပြောလိုက်ပါမယ်။”

ပေါ်ယွဲ့မင်က တိုးတိုးလေး တုံ့ပြန်လိုက်သည်။ “အင်း”

နေရာထိုင်ခင်း အဆင်ပြေသွားပြီဖြစ်၍ လူတိုင်းက သူတို့၏ ခရီးဆောင်အိတ်ကို နေရာချဖို့ အခန်းထဲသယ်သွားကြသည်။

ဖေးယိက သူ့စိတ်ထဲရှိ အံ့အားသင့်မှုကို ချေဖျက်ကာ ရေသောက်နေသော ပေါ်ယွဲ့မင်ဆီသို့ လိပ်တစ်ကောင်လို နှေးနှေးလေးသွားလိုက်သည်။ “....အဲ့ဒါမကောင်းဘူး….ထင်တယ်။”

ပေါ်ယွဲ့မင်က သူ့ဦးတည်ရာကို ကြည့်လိုက်ရင်း သူ့မျက်လုံးများက ငြိမ်နေသည်။ “ဘာမကောင်းတာလဲ?”

ဖေးယိက ရိုးရိုးသားသား ပြောလိုက်သည်။ “အတူတူအိပ်တာ မကောင်းဘူး။”

“ဘာလို့မကောင်းတာလဲ?”

ပေါ်ယွဲ့မင်၏အမူအရာက မသိမသာ ပြောင်းလဲသွားသည်။ သူကိုယ်တိုင်က ဤအဆင်မပြေမှုလေးကို သည်းခံနေရပေမယ့် ဖေးယိက မကျေမနပ်မှုကို အရင်ထုတ်ပြောလာမည်ဟု သူမထင်ထားခဲ့ပေ။

ပေါ်ယွဲ့မင်၏ အမူအရာကို သေချာမသိသဖြင့် ဖေးယိက ရေရွတ်လိုက်သည်။ “ကျွန်တော်က မရိုးသားဘူး။”

(** ငြိမ်ငြိမ်မအိပ်တတ်ဘူးလို့ ဆိုလိုချင်တာပါ)

ဤသည်မှာ အလိမ်တစ်ညာတစ်ခုမဟုတ်။


ဖေးယိက အိပ်စက်ခြင်းနှင့် ပတ်သက်လာလျှင် လုံခြုံမှုကို မခံစားရပေ။ ဆောင်းရာသီဖြစ်စေ နွေရာသီဖြစ်စေ စောင်ထူထူကြီးဖြင့် အိပ်ရတာနှစ်သက်သည်။ အရင်တုန်းက သူ အပြင်မှာနေရလျှင် စောင်ထူထူနဲ့တင် လုံလောက်တယ်လို့ မခံစားရသဖြင့် စောင်တစ်ထည်ကို ခေါက်ပြီး အထဲမှာ လိပ်တင်ထားဖို့ နည်းလမ်းတစ််ခု ရှာခဲ့သည်။

ဟုတ်ပါ၏။ ဤည၌ သူအိပ်မပျော်တော့မည့် အခွင့်အရေးများသည်။

ဤစကားများကြောင့် ပေါ်ယွဲ့မင်က နှုတ်ခမ်းပါးလေး တင်းတင်းစေ့ကာ ကွေးညွတ်လိုက်သည်။ “ကောင်းပြီ…. ငါနားလည်ပြီ။”

“…….”

ခင်ဗျားက ဘာကိုနားလည်တာ? ဒါဆိုဘာလုပ်မှာလဲ?

ဖေးယိက ပေါ်ယွဲ့မင်၏ သဘောထားကြောင့် ရှုပ်ထွေးသွား၏။ “မရိုးသားဘူး”ဟူသော စကားလေးလုံး၏ မရေရာသော အဓိပ္ပါယ်ကို နားလည်သဘောပေါက်ရန် အချိန်အတော်ယူခဲ့ရပြီး သူ့ပါးနှစ်ဖက်က နီရဲလာလေသည်။

“ညနောက်ကျနေပြီ။ အရင်ဆုံး နေရာချလိုက်ရအောင်။” ပေါ်ယွဲ့မင်၏ လေသံက ကြောင်မွေးလေးကို ပွတ်သပ်နေသည့်အလား အလွန်တည်ငြိမ်နေသည်။ “မနက်ဖြန် မင်းအတွက် ကုတင်အသေးတစ်လုံး စီစဥ်ပေးဖို့ ဝန်ထမ်းကိုပြောလိုက်ပါ့မယ်။”

ဖေးယိက မာစတာခန်းရှိ ကုတင်အရွယ်အစားကိုကြည့်ကာ နှစ်ယောက်သား ပူးကပ်နေနိုင်ချေကို ကျိုးကြောင်းဆီလျော်စွာ တွက်ချက်လိုက်သည်။

ဖေးယိ ပါးစပ်ဖွင့်မလာတာကိုမြင်တော့ ပေါ်ယွဲ့မင်က ရေဖန်ခွက်ကို ခါလိုက်သည်။ “မရင်နှီးတဲ့ပတ်ဝန်းကျင်မှာ ငါတစ်ယောက်တည်းနေဖို့ အဆင်မပြေဘူး။ ငါနဲ့တစ်ယောက်ယောက် အတူနေပေးမှဖြစ်မှာ။”

သူ အသနားခံနေတာ မဟုတ်ပေမယ့် လူတွေကို ကူကယ်ရာမဲ့ဖြစ်စေဖို့ လုံလောက်ခဲ့သည်။

ထိုစကားကြောင့် ဖေးယိက ရွေးချယ်စရာ မရှိတော့ပဲ “အင်း”ဟု အင်တင်တင်ဖြေလိုက်ရသည်။

. . . . . .

ညရောက်လာသည်။

ရေချိုးပြီးနောက် ဖေးယိက ကုတင်၏ ညာဘက်ထောင့်ကို မှီထားသည်။ ထောင့်ခြမ်းရှိ စစ်ဆေးရေးမှူး၏ စားသောက်နေပုံနှင့် ၎င်းဘေးက ကြောင်အိပ်ရာလေးကိုကြည့်ကာ သူ့စိတ်ထဲ၌ နားမလည်နိုင်သော အတွေးတစ်ခု ပေါ်လာခဲ့သည်။

ကြောင်ဖြစ်တာက ပိုကောင်းဦးမည်။

စားလိုက်သောက်လိုက်၊ အိပ်လိုက်ကစားလိုက်နှင့် ကိုယ်ပိုင်အိပ်ယာလေးတောင် ရှိသည်။

ရေချိုးခန်းတံခါးဖွင့်သံက ဖေးယိ၏ လက်တွေ့မဆန်သော မနာလိုမှုလေးကို ပျက်ပြားစေခဲ့သည်။

သူက ခေါင်းလှည့်ကြည့်လိုက်သည်။ ပေါ်ယွဲ့မင်က ရေချိုးဝတ်စုံနှင့် ထွက်လာပြီး လက်တစ်ဖက်က နံရံကို တရွတ်တိုက်ထိသွားကာ အကွာအဝေးကို စမ်းစစ်ပြီး ကုတင်ဆီသို့ တည်ငြိမ်စွာဖြင့် လျှောက်လာနေသည်။

ဖေးယိက နှစ်စက္ကန့်မျှ တုံ့ဆိုင်းနေပြီးမှ မတ်တပ်ရပ်ကာ သူ့ဘေးကို လျှောက်သွားလိုက်သည်။ “ဒီမှာ။”


“……”

နွေးထွေးသော လက်ဖဝါးက သူ့လက်ကောက်ဝတ်ကို ထိလိုက်သည်နှင့် ရင်းနှီးသော ခံစားချက်တစ်ခုကို ရရှိခဲ့သည်။


အကျွမ်းတဝင်မရှိလှသော ပတ်ဝန်းကျင်တွင် ပေါ်ယွဲ့မင်၏ သတိဝီရိယက အများကြီး လျော့ပါးသွားသည်။ သူက ဖေးယိကို ဦးဆောင်ခေါ်သွားခွင့်ပေးလိုက်ပြီး ဆိုဖာပေါ်၌ ရှောရှောရှူရှူ ထိုင်ချလိုက်သည်။ “စောင်ပိုတစ်ထည်ယူလာဖို့ မှာထားတယ်။ လာပို့သွားပြီလား?”

ဖေးယိက ပါးလွှာသော စောင်နှစ်ထည်ကိုကြည့်ကာ အနည်းငယ်စိုးရိမ်နေသည်။ “ဟုတ်ကဲ့”

ပေါ်ယွဲ့မင်က သူ့စောင်ကို လှမ်းရှာပြီး ဖြန့်ကာ လဲလျောင်းလိုက်သည်။ “ကောင်းပြီ။ အနားယူတော့”

မနက်ဖြန်၏ စစ်ဆေးမှုအတွက် ပေါ်ယွဲ့မင်က သူ့အခြေအနေကို ထိန်းညှိရန် စောစောအိပ်ရာဝင်ဖို့ ပြင်လိုက်သည်။

ဖေးယိက ဆယ်နာရီကို ညွှန်ပြနေသည့် အသံတိတ်နှိုးစက်ကို ကြည့်လိုက်သည်။ သူ့မှာ ရွေးချယ်စရာမရှိပဲ စောင်ခြုံကာ လဲလျောင်းလိုက်ရပေမယ့် မရင်းနှီးသော စောင်အနံ့က သူ့ကို လုံခြုံမှု မပေးစွမ်းနိုင်ခဲ့ပေ။

ဖေးယိက မျက်လုံးမှိတ်ထားသော ပေါ်ယွဲ့မင်ကိုကြည့်ကာ မီးမပိတ်ခင် တိုးတိုးလေးခေါ်လိုက်သည်။ “စစ်ဆေးရေးမှူး”

“မြောင်~ဝူး!”

သူ့အိပ်ယာအသိုက်မှာ လဲလျောင်းနေသည့် စစ်ဆေးရေးမှူးက ခေါ်သံကြားတော့ ကုတင်ပေါ်ကို ချက်ချင်း ပြေးတက်လာသည်။ ၎င်းက ခါတိုင်းလိုပင် ဖေးယိ၏လက်မောင်းဘေးမှာ လဲလျောင်းနေပြီး တိုးတိုးလေး အော်လိုက်လေသည်။ “ဝူး~”


ရင်းနှီးသော လေထုအငွေ့အသက် ရှိလာပြီး စစ်ဆေးရေးမှူးက ချစ်ဖို့ကောင်းလွန်းလို့ ဖေးယိက ရယ်သံထွက်သွားလေသည်။ “ကောင်းသောညပါ…အချစ်လေး…”

“…….”

အိပ်မပျော်သေးသော ပေါ်ယွဲ့မင်က ၎င်းကိုကြားလိုက်သည်။ သူ့နှုတ်ခမ်းထောင့်က ကွေးညွတ်သွားပြီး သူက မအိပ်ပျော်မီ လူတစ်ယောက်နှင့် ကြောင်တစ်ကောင်ကို ငြိမ်ငြိမ်လေး စကားပြောခွင့်ပေးလိုက်သည်။

မြို့နှင့်ဝေးသော ညသည် အမြဲလိုလို တိတ်ဆိတ်လွန်းသည်။

ဖေးယိက ပေါ်ယွဲ့မင် အိပ်နေတာကို နှောင့်ယှက်မိမှာစိုး၍ သူက စစ်ဆေးရေးမှူ၏ဘေးမှာ ငြိမ်ငြိမ်လေး မှိန်းနေလိုက်သည်။ မူလက အရုဏ်မတက်ခင်အထိ အိပ်မပျော်ဘူးလို့ ထင်ထားခဲ့ပေမယ့် တစ်နေ့လုံး ပင်ပန်းသွားတာကြောင့် အားမရှိတော့တာဖြစ်နိုင်သည်။

သူ၏ မလှုပ်မယှက် ကိုယ်ဟန်အနေအထားကို အချိန်အတော်ကြာ ထိန်းသိမ်းထားပြီးနောက် သူက ငိုက်မျဥ်းလာပြီး မျက်ခွံများက ပို၍ လေးလံလာသည်။

အချိန်တွေကုန်သွားခဲ့သည်။

ဖေးယိက သူ့လက်တွေ ပိုလေးလံလာပြီး ထုံကျင်သည်အတိ အဖိခံထားရသည်ကို ခံစားမိခဲ့သည်။ အပူလှိုင်းတစ်ခု ဝိုးတဝါးမြင့်တက်လာပြီး သူက အိပ်နေရင်းဖြင့် သည်းမခံနိုင်တော့ပဲ စောင်ကို ကန်ထုတ်လိုက်လေသည်။

__ ဘက်!

အံ့အားသင့်နေသော ကြောင်အော်သံနှင့်အတူ ကြမ်းပြင်ပေါ်မှ ရိုက်ခက်သံတစ်ခု ထွက်ပေါ်လာသည်။ “မြောင်~ဝူး!”

နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော စစ်ဆေးရေးမှူးက ကြမ်းပြင်မှောင်မဲကြီးထဲမှာ မျက်လုံးပွင့်လျက်သား လဲကျနေ၏။ ၎င်းက မျက်စိနှင့် နားဖွင့်ကာ ခေါင်းမော့ကြည့်လိုက်ပြီး သူ့အား ကန်ထုတ်လိုက်သူမှာ သူ၏သခင်ဖြစ်မှန်း အတည်ပြုဖို့ စက္ကန့်အနည်းငယ်ကြာခဲ့ပြီး ၎င်းက ချက်ချင်းဆိုသလိုပင် ဒေါသထွက်ကာ အော်ဟစ်လိုက်သည်။

“စစ်ဆေးရေးမှူး….ဆူညံမနေနဲ့။”


ဖေးယိက အိပ်ယာထဲက တိုးတိုးလေး တုံ့ပြန်လိုက်သည်။

စစ်ဆေးရေးမှူးက နာခံမှုရှိပြီး ကြောင်အိပ်ရာသို့ ဝမ်းနည်းတကြီး ပြန်သွားခဲ့သည်။


ဤလှုပ်ရှားမှုလေးများကြောင့် အအိပ်ဆက်သော ပေါ်ယွဲ့မင်က နိုးလာခဲ့သည်။ သူက အခြေအနေကို အတည်ပြုဖို့ တစ်မိနစ်အချိန်ယူကာ လက်ကျန်ငိုက်စင်းမှုဖြင့် ပြန်အိပ်ဖို့ ကြံလိုက်လေသည်။


နောက်စက္ကန့်မှာ ဘယ်ဘက်တွင် လဲလျောင်းနေသော ဖေးယိက ရုတ်တရက်လှည့်ကာ သူ့ဘက် ကိုင်းလာခဲ့သည်။


သူ့ကိုယ်ပေါ်မှာ စောင်တစ်ခုလုံးနီးပါး လွတ်နေပြီး မူလက စောင်ခြုံထဲ၌ ရစ်ပတ်နေသော အပူရှိန်က ရေချိုးပြီးခါစ ရနံ့ဖျော့ဖျော့နှင့် အတူ သင်းပျံ့နေသည်။ အကွာအဝေးနီးလာသည်နှင့် ပေါ်ယွဲ့မင်က မထိန်းချုပ်နိုင်လောက်အောင် အပူရှိန်ကူးစက်သွားခဲ့သည်။


“…….”

ပေါ်ယွဲ့မင်က အနည်းငယ် အသက်ရှူရခက်နေသည်။

သူ မခြေအနေကို မသိလိုက်ခင်မှာ အပူရှိန်ထုတ်လွှတ်ကာ အိပ်ပျော်နေသော ဖေးယိက ပစ်မှတ်ကို တွေ့ရှိသွားပုံရပြီး သူ့ခြေနှင့်လက်များဖြင့် သူ့ပေါ်ခွလိုက်လေသည်။ “ဟင်းးး”


နှစ်ယောက်ကြားမှာ ခန္ဓာကိုယ်အရွယ်အစား ကွာခြားချက်ရှိသည်။

သက်တောင့်သက်သာရှိသော အပူချိန်ကို ရှာတွေ့လို့ဖြစ်မည်။ ဖေးယိက သူ့ကို ပို၍ပင် တင်းကျပ်စွာ ဖက်လိုက်လေသည်။

“ဖေးယိ? နိုးနေတာလား?”

ပေါ်ယွဲ့မင်၏လည်စေ့က အထိန်းအကွပ်မရှိ လှိမ့်သွားကာ သူ့အသက်ရှူသံမှာ မတည်ငြိမ်ဖြစ်နေ၏။ “လွှတ်စမ်း… မဖက်…ငါ့ကိုမဖက်နဲ့!”

ဖေးယိက အိပ်ချင်မူးတူး မျက်မှောင်ကြုတ်ကာ အိပ်မက်မက်နေသလို သို့မဟုတ် ဆိုးသွမ်းသော ကလေးတစ်ယောက်လိုပင် မသိစိတ်အလျောက် ခပ်ချွဲချွဲပြောလိုက်လေသည်။ “ဟင့်အင်း….အိပ်ချင်နေတယ်။ မနှောင့်ယှက်နဲ့။”

“…….”

နူးညံ့သောဆံသားက ပေါ်ယွဲ့မင်၏ နှုတ်ခမ်းပါးကို ပွတ်တိုက်သွားသည်မှာ ခေါင်းအသာငုံ့ပြီး နဖူးပေါ်ကို အနမ်းတစ်ပွင့် ပေးလိုက်သလိုပင်။ သူက ဖေးယိကို နှစ်ကြိမ်တိုင်တိုင် တွန်းထုတ်ဖို့ကြိုးစားလိုက်သော်လည်း ရလဒ်ကတော့ တင်းတင်းဖက်တွယ်ခံလိုက်ရခြင်းပင်။

သူ့ရင်ခွင်ထဲက လူမှာ အပူရင်းမြစ်တစ်ခုနှင့်တူပြီး ပေါ်ယွဲ့မင်၏တစ်ကိုယ်လုံးကို လောင်ကျွမ်းစေသည်။

ပေါ်ယွဲ့မင်က ကူကယ်ရာမဲ့စွာ အသက်ပြင်းပြင်းရှူရင်း သူ့ရင်ထဲရှိ နားလည်ရခက်သော မကောင်းဆိုးဝါးမီးကို ခက်ခက်ခဲခဲ ဖိနှိပ်ထားရသည်။ သူ၏ငိုက်မျဥ်းမှုက အလုံးစုံပျောက်ကွယ်သွားပေမယ့် အဆုံး၌ သူဟာ ရင်ခွင်ထဲက လူကို မနှိုးချင်ခဲ့ပေ။

တစ်ဖက်တွင်မူ သတိမရှိသော ဖေးယိက အိပ်မက်ကမ္ဘာထဲ ဝင်ရောက်သွားပြီး သူ့အသက်ရှူသံမှာ တဖြည်းဖြည်း ငြိမ်သက်သွားခဲ့သည်။

လူနှစ်ဦး၏ အသံရှူသံနှင့် ရင်ခုန်သံက ရောယှက်နေ၏။

အမှောင်ထဲ၌ ဤအရာအားလုံးကို ခံစားကာ ပေါ်ယွဲ့မင်က အချိန်အတော်ကြာအောင် ငြိမ်သက်နေပြီးမှ ကူကယ်ရာမဲ့ သက်ပြင်းချလိုက်လေသည်။ “အဲ့ဒါအမှန်ပဲ… . မင်းက လုံးဝမရိုးသားဘူး။”

. . . . . .

ခေါင်းအုံးကြီးတစ်လုံးကဲ့သို့ ဆက်ဆံခံနေရသော ပေါ်ယွဲ့မင်က တစ်ညလုံး ခဲယဥ်းစွာ အိပ်ခဲ့ရသည်။

ခြံအပြင်ဘက်ရှိ ငှက်ကလေးများ၏ တေးဆိုသံကြောင့် အိပ်ပျော်နေသော ဖေးယိက စောင်ကိုဖက်ကာ တစ်ဖက်လှည့်သွားခဲ့သည်။ သူက အိပ်နေစဥ်မှာ ခပ်သဲ့သဲ့ ဟောက်နေခဲ့ပေမယ့် နိုးလာမည့် အရိပ်အယောင်တော့မရှိချေ။

“……”

ပေါ်ယွဲ့မင်က သူ၏ထုံကျင်နေသော လက်များကို ညှစ်လိုက်ပြီး အနားယူရန် ပက်လက်လှဲချလိုက်သည်။ သူက ငိုက််မျဥ်းနေသော အခြေအနေမှ လွတ်မြောက်ကာ မျက်လုံးဖွင့်လိုက်လေ၏။

သူ့အမြင်အာရုံမှ ခါတိုင်းလိုပင် မီးခိုရောင်သာ ရှိနေသော်လည်း ကွဲပြားမှုရေးရေးလေးနှင့် မရေမတွက်နိုင်သော အလင်းစက်များက သူ့ရှေ့က မြှူခိုးအလွှာကို ဖြတ်ကာ တည်ရှိနေ၏။

ကွာခြားချက်ကိုမြင်တော့ ပေါ်ယွဲ့မင်က ချက်ချင်းပင် အာရုံစိုက်လိုက်ပြီး သူ့ရှေ့က အလင်းစက်များမှာ ထင်ယောင်ထင်မှားမဟုတ်ကြောင်း အတည်ပြုပြီးနောက် သူ့အမူအရာတွင် စိတ်သက်သာရာရသွားသော ခံစားချက်က ပထမဆုံးအကြိမ်အဖြစ် ပြည့်လျှံလာခဲ့သည်။

လုံးဝမအိပ်ချင်တော့သဖြင့် သူက အိပ်ရာပေါ်မှထကာ အခန်းထဲမှ စမ်းတဝါးဝါး ထွက်သွားခဲ့သည်။

“ဒုတိယသခင်လေး? ၇နာရီတောင် မထိုးသေးတာ။ ဘာလို့နိုးနေတာလဲ?”

ဦးလေးခိုင်၏ အံ့အားသင့်စရာ အသံက ရုတ်တရက် ထွက်ပေါ်လာ၏။

ခြေလှမ်းသံများ ကြားသည့်အခါ ပေါ်ယွဲ့မင်က မေးလိုက်သည်။ “ဦးလေးခိုင်… ဘာလို့ဒီရောက်နေတာလဲ?”

“အသက်ကြီးလာတာနဲ့ သဘာဝအတိုင်း အိပ်ချိန်တိုလာလို့ပါ။” ဦးလေးခိုင်က အနားကပ်ကာ ရုတ်တရက် စိုးရိမ်စိတ်ဖြင့် ပြောလိုက်သည်။ “ဒုတိယသခင်လေး…. ခင်ဗျားနားရွက်တွေ ဘာလို့နီရဲနေတာလဲ? ပါးစပ်ထောင့်ကလည်း နည်းနည်း….”

ပေါ်ယွဲ့မင်က ယားယံနေသော ပါးစပ်ထောင့်ကို ထိကြည့်ကာ သူ့လေသံက အတန်ငယ် ပြောင်းလဲသွားခဲ့သည်။ “ဘာမှမဟုတ်ပါဘူး။ ကျွန်တော် မနေ့ညက ကောင်းကောင်းမအိပ်ရလို့ နည်းနည်းပူနေလို့ပါ။”

“ကောင်းကောင်းမအိပ်ခဲ့ရဘူးလား?”

ဦးလေးခိုင်က သူ့ကိုကျော်ပြီး ပိတ်ထားသော အခန်းတံခါးကို လှမ်းကြည့်လိုက်သည်။ “သခင်ငယ်လေးကရော….ဘယ်လိုအိပ်ခဲ့လဲ?”

သူ့လက်မောင်း ထုံကျင်မှုက လုံးလုံးမပျောက်သေးပေ။ ပေါ်ယွဲ့မင်က မနေ့ညက သူ့ကိုဖက်ထားသော ကြောင်ပေါက်လေး၏ ကပ်တွယ်မှုကို သတိရသွားပြီး အဓိပ္ပါယ်မရှိသော စကားတစ်ခွန်းကို ပြောလိုက်သည်။

“သူကတော့ ကောင်းကောင်းအိပ်ပါတယ်။”

“ဟမ်?”

ဦးလေးခိုင်က သူ့အဖြေ သိပ်မမှန်လှကြောင်း ခံစားမိပေမယ့်  လက်ရှိမှာ ထိုလျှို့ဝှက်ကိုဖော်ထုတ်ဖို့ ခက်နေသည်။

ပေါ်ယွဲ့မင်က အသေးစိတ်မပြောချင်ခဲ့ပေ။ “ဦးလေးခိုင်… ကျွန်တော့်ကို ရေချိုးသုံးပစ္စည်းအပိုတွေ ယူလာပေးပါ။ ကျွန်တော် ရေချိုးခန်းထဲမှာ ရေချိုးပြီး အဝတ်အစားလဲမလို့။”

သို့မှသာ အခန်းထဲမှာ ဆူညံသံမဖြစ်စေပဲ ဖေးယိအား မနှိုးမိမှာဖြစ်သည်။


“ကောင်းပြီ။” ဦးလေးခိုင်က ပြန်ပြောလိုက်သည်။

. . . . . .


ဖေးယိက ကိုးနာရီအထိ အိပ်ခဲ့သည်။ အခန်းအပြင်ဘက်ရှိ နေရောင်ကို မြင်တွေ့ရပြီး တစ်ဖက်ခြမ်းရှိ ပေါ်ယွဲ့မင်က ပျောက်နေသဖြင့် ထိုလူ စစ်ဆေးမှုခံယူဖို့ အချိန်ကျပြီဖြစ်မည်။

သူ ဤမျှလောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်ခဲ့တာကြာပြီဖြစ်၏။

နိုးလာတော့ ဖေးယိက သူ့လက်နှင့်ခြေများ နွမ်းနယ်သလို ခံစားလိုက်ရပေမယ့် သူ့စိတ်ကတော့ ချွင်းချက်မရှိ ကြည်လင်နေခဲ့သည်။ “နေရထိုင်ရကောင်းလိုက်တာ။”

စစ်ဆေးရေးမှူးက ကြောင်အိပ်ရာထဲမှ ထလာပြီး ကုတင်ပေါ်မှ လှုပ်ရှားမှုကို ကြားသောအခါ ချက်ချင်းခုန်တက်လိုက်ပြီး ဖေးယိ၏ရင်ခွင်ထဲ တိုးဝင်လိုက်လေသည်။ “မြောင်~ဝူး~ဝူး…မြောင်~”

ညှောင်စိစိ ညုတုတု ဆက်တိုက်အော်နေပုံမှာ ညက ကန်ထုတ်ခံလိုက်ရသည့် မကျေနပ်ချက်ကို ဝမ်းနည်းတကြီး ပြောပြချင်နေသလိုပင်။

သို့သော် ကြောင်စကားနားမလည်သော ဖေးယိက တလွဲတွေးလိုက်သည်။ သူက ညတုန်းကဖြစ်ပျက်ခဲ့တာကို လုံးဝမမှတ်မိပေ။ သူက သူ၏အချစ်တော် ကြောင်ပေါက်လေးကို ပွေ့ချီထားကာ ပွတ်သပ်ပေးလိုက်သည်။ မည်သူမျှအနားမှာမရှိသဖြင့် သူက ၎င်း၏ခေါင်းလုံးလုံးလေးကို အနမ်းပေးကာ အားရပါးရ ချော့လိုက်လေ၏။

“အင်း…အင်း…အင်း…. ညက ကောင်းကောင်းအိပ်ခဲ့ရတာ ငါတို့ရဲ့ စစ်ဆေးရေးမှူးကြောင့်ပါနော်။”

________________________________________