Ch 23
Viewers 28k

Chapter 23


ရိုးရှင်းသော မြေညီထပ်ခြံဝင်းကိုကြည့်လျှင် နေရာအနှံ့မှာ ခေတ်မီစမ်းသပ်ကိရိယာများ ရှိနေသည်။ ဤဆေးကုသရာ အပန်းဖြေအိမ်ကြီးသည် နာမကျန်းဖြစ်ပြီးလျှင် နာလန်ထူလာရေးနှင့် ပြန်လည်ကောင်းမွန်လာရေးအပေါ်မှာ အထူးဂရုစိုက်ပေးသည်။ အခန်းထဲရှိ ဆေးပညာရှင်အဖွဲ့မှာ ပေါ်ယွဲ့မင် နိုင်ငံခြားကနေ မြင့်မားသောစျေးနှုန်းတစ်ခုဖြင့် ငှားရမ်းထားတာဖြစ်၏။


ပိန်လှီသော ပညာရှင်တစ်ဦးက အသစ်ထွက်ရှိထားသော ဦးနှောက် CT ကို ကိုင်ထားပြီး မျက်လုံးစစ်ဆေးမှုရလဒ်ကို ကြည့်လိုက်ရာ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ “မစ္စတာပေါ်၊ ခင်ဗျားအခြေအနေက ကျွန်တော်ထင်ထားတာနဲ့ ကွာတာပဲ”

ပေါ်ယွဲ့မင်နှင့်အတူ အဖော်လိုက်လာသော ဦးလေးခိုင်က ထိတ်လန့်သွားခဲ့သည်။ “ပါမောက္ခလင်း… ဒါဘာကိုဆိုလိုတာလဲ?”

“ဦးလေးခိုင်။”

ပေါ်ယွဲ့မင်က သူ့ကို တိုးတိုးလေး တားလိုက်ပြီးမှ ဖြေးဖြေးမှန်မှန် အသက်ရှူကာ သွယ်ဝိုက်သောနည်းဖြင့် မေးလိုက်သည်။ “ပါမောက္ခလင်း… ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ပြောလိုက်လို့ရပါတယ်။”

ပါမောက္ခလင်းက စစ်ဆေးမှုရလဒ်ကို ခါယမ်းကာ ခွဲခြမ်းစိတ်ဖြာလိုက်သည်။ “ဒီလိုပါ။ မစ္စတာပေါ် အမြင်အာရုံချို့ယွင်းပြီး မျက်စိကွယ်သွားရတဲ့ အကြောင်းအရင်းက ကားမတော်တဆမှုကြောင့် ဦးနှောက်သွေးကြောပေါက်ပြီး ကျန်ခဲ့တဲ့ သွေးခဲတွေက အမြင်အာရုံ ဗဟိုချက်ကို ဖိညှစ်လိုက်သလို ဖြစ်သွားလို့ပါ။”

“ သွေးခဲရဲ့နေရာက အတော်ဝေးနေလို့ ခွဲစိတ်ဖယ်ရှားဖို့ ခက်ခဲပါတယ်။”

ပေါ်ယွဲ့မင်က နှုတ်ဆိတ်နေ၏။ သူက ဤကောက်နှုတ်ချက်ကို အစတည်းက သတိထားမိသည်။ မဟုတ်ပါက နိုင်ငံခြားက ပညာရှင်တွေကို ဖိတ်ခေါ်ဖို့ လူအင်အားနှင့် ပစ္စည်းအရင်းအမြစ်များကို သုံးစွဲခဲ့မည်မဟုတ်ပေ။

ပွင့်ပွင့်လင်းလင်းပြောရလျှင် အတွေ့အကြုံရှိသော ပါမောက္ခလင်းနှင့် သူ့အဖွဲ့က ဤခွဲစိတ်မှုကို လုပ်ဆောင်နိုင်ဖို့ သူမျှော်လင့်သည်။


“ကျွန်တော် မစ္စတာပေါ်ရဲ့ အရင်စစ်ဆေးမှု ဓာတ်ပုံတွေကို မြင်ဖူးပါတယ်။ အခုရလဒ်နဲ့ ယှဥ်ကြည့်လိုက်တော့ သွေးခဲအရွယ်အစားက သိသိသာသာကို လျော့နေတယ်။”

“…….”


ပေါ်ယွဲ့မင်၏နှုတ်ခမ်းပါးက တင်းတင်းစေ့သွားလေသည်။ “ခင်ဗျားပြောချင်တာက သွေးခဲတွေက သူ့ဘာသူစုပ်ယူပြီး ဖယ်ရှားလို့ရတာလား?”

“လက်ရှိစစ်ဆေးမှုရလဒ်အရ ဒီလိုပြောရမှာပဲ။” ပါမောက္ခလင်းက ခေတ္တရပ်လိုက်ပြီးမှ ဆက်ပြောလိုက်သည်။ “အန္တရာယ်များတဲ့ ခွဲစိတ်မှုနဲ့ယှဥ်ရင် မစ္စတာပေါ်က ဒီရုပ်ပိုင်းဆိုင်ရာကုထုံးကို ဆက်လုပ်ဖို့ စဥ်းစားထားလား?”

(ရုပ်ပိုင်းဆိုင်ရာကုထုံးဆိုတာ ခန္ဓာကိုယ်ကိုဖြတ်တောက်စရာမလိုတဲ့ non surgery ကုထုံးပါ။ တရားထိုင်ခြင်း၊ လေ့ကျင့်ခန်း၊အကြောဆန့်ခြင်း၊ ဘဝနေထိုင်မှုပုံစံပြောင်းလဲခြင်း… စသဖြင့် ပါဝင်ပါတယ်)

“သွေးခဲ အပြီးတိုင်ပျောက်ကွယ်သွားမလား၊ အမြင်အာရုံပြန်ကောင်းလာမလား ဆိုတာကတော့ လောလောဆယ် အာမခံပေးလို့မရဘူး။ ကျွန်တော်တို့က နောက်ဆက်တွဲကုသမှုကို မူတည်ပြီး ကောက်ချက်ချပေးလို့တော့ရမယ်။”

ဆရာဝန်၏စကားကြောင့် ဦးလေးခိုင်၏အမူအရာက ပူပန်မှုမှ ဝမ်းသာမှုအဖြစ် ပြောင်းသွားခဲ့သည်။

ပေါ်ယွဲ့မင်က သူ့အထင်အမြင်ကို ဖော်ပြဖို့ အလျင်မလိုပေ။ သူ့အမြင်အာရုံမှာ ပေါ်လာသော အလင်းစက်များကို သူ ငြိမ်ငြိမ်လေး ခံစားမိခဲ့သည်။

၎င်းက တောင်ပံခတ်နေသော လိပ်ပြာလေးလိုပင်။ အနည်းဆုံးတော့ လနဲ့ချီပြီး အုံ့ဆိုင်းနေသော သူ့နှလုံးသားအက်ကွဲကြောင်းမှာ ပွင့်လာခဲ့ပြီး စိတ်ဓာတ်ကျခြင်း အဆိပ်အခိုးငွေ့က ၎င်းထဲမှ ထွက်ပြေးပျောက်ကွယ်သွားခဲ့သည်။

ပါမောက္ခလင်းက သူ့အဖြေကို စောင့်နေ၏။ “မစ္စတာပေါ်?”

“လောလောဆယ် ခွဲစိတ်လို့မရပါဘူး။”

ပေါ်ယွဲ့မင်က သက်ပြင်းချကာ ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။ “ရုပ်ပိုင်းဆိုင်ရာကုထုံးကို ဆက်လုပ်မယ်၊ ပြီးတော့ ပုံမှန်စစ်ဆေးမှုကိုရောပဲ။”

ပါမောက္ခလင်းက လူနာတစ်ယောက်ဖြစ်သည့် ပေါ်ယွဲ့မင်၏ အရင်းခံသဘောထားကို လေးစားသဖြင့် ခေါင်းညိတ်လိုက်သည်။ “ဒါပေမယ့် ပြင်ပက ကိရိယာအကူအညီတွေကို သုံးပြီး လေ့လာစမ်းစစ်ဖို့ နှစ်ရက်စောင့်ပါလို့ အချိန်ပေးချင်တယ်။”

“ကောင်းပါပြီ။”

. . . . . . 

ဆေးပညာရှင်အဖွဲ့ကိုနှုတ်ဆက်ပြီး ခန်းမထဲမှ လျှောက်ထွက်လာသည့်အခါ ဦးလေးခိုင်က သူ၏ခံစားချက်အစစ်ကို ထုတ်ဖော်လိုက်သည်။ “ဒုတိယသခင်လေး… ခင်ဗျား သေချာစဥ်းစားပြီးပြီလား?”

ခွဲစိတ်မှုက အန္တရာယ်ရှိသော်လည်း ပါမောက္ခလင်း၏ အောင်မြင်မှုနှုန်းက အလွန်မြင့်မားသည်။ မဟုတ်ပါက ဤဆေးပညာရှင်အဖွဲ့ကို ဖိတ်ခေါ်ရန် ဤမျှလောက် ငွေအများကြီးသုံးခဲ့မှာမဟုတ်ပေ။

“ဦးလေးခိုင်…..စိတ်မပူပါနဲ့။ ကျွန်တော်ဘာလုပ်နေလဲ ကျွန်တော်သိတယ်။” ပေါ်ယွဲ့မင်က အနှီလူ၏ မပြီးဆုံးနိုင်သော စိုးရိမ်ပူပန်မှုကို တားဆီးလိုက်သည်။ “တကယ်တော့ ကျွန်တော့်မျက်လုံးတွေ တိုးတက်လာတာကို အရင်ရက်အနည်းငယ်လောက်က သတိထားမိခဲ့တယ်။ ဒါပေမယ့် ဘာမှမပြောပြခဲ့တာပါ။”


ဦးလေးခိုင်က ပေါ်ယွဲ့မင်ကို အမြဲတမ်းယုံကြည်ခဲ့ပြီး သူစိတ်ပိုင်းဖြတ်ပြီးသည်ကို ကြားလျှင် သူသည်လည်း စိတ်သက်သာရာရသွားခဲ့သည်။

သူတို့နှစ်ယောက်က ခပ်ဝေးဝေးကို လျှောက်သွားရင်း ဦးလေးခိုင်က ရုတ်တရက် တစ်ခုခုကိုသတိရသွားသည်။ “အိုက်ယိုး…  ဒုတိယသခင်လေး… ခဏစောင့်ပါ! ငါ့ဦးနှောက်ကိုကြည့်ပါဦး… ငါတဖြည်းဖြည်းမေ့တတ်လာပြီ။ ဒုတိယသခင်လေးရဲ့ လမ်းညွှန်မျက်မှန်ကို စားပွဲပေါ်မှာထားခဲ့တယ်။”

ပေါ်ယွဲ့မင်က သူ့ခြေလှမ်းများကို ရပ်လိုက်ပြီး အနှီလူအား အပြစ်မတင်ခဲ့ပေ။ “သွားပါ…ကျွန်တော်ဒီမှာစောင့်နေမယ်။”

ဦးလေးခိုင်က ပြုံးပြီး တုံ့ပြန်ကာ အလျင်စလို လှည့်ပြန်သွားခဲ့သည်။

ပေါ်ယွဲ့မင်က နေရာမှာတင် ငြိမ်ငြိမ်လေးရပ်နေပြီး မနေ့ညက သူအိပ်နေစဥ် ဖြစ်ပျက်ခဲ့သမျှသည် သူ့စိတ်ထဲမှာ ရုတ်တရက် ပေါ်လာခဲ့သည်။

သူ့ရင်ခွင်ထဲရှိ ဖေးယိက ကြောင်လေးတစ်ကောင်လိုပင် သူ့ကို လက်နှစ်ဖက်၊ ခြေထောက်နှစ်ဖက်ဖြင့် ဖက်တွယ်ထားခဲ့သည်။ လစ်ဟာနေသော အသားအရေမှာ နူးညံ့နွေးထွေးလှပြီး နူးညံ့သာ ဆံသားများက သူ့နှုတ်ခမ်းကို သိမ်းကျုံးပွတ်တိုက်ကာ ရေချိုးထားသော မွှေးရနံ့ကိုလည်း ထုတ်လွှတ်နေခဲ့သည်။

လန်းဆန်းချိိိုမြိန်လှသည်။

လက်မထပ်ခင်က ပေါ်ယွဲ့မင်သည် “ဖေးသခင်ငယ်လေး”၏ တည်ရှိမှုကို မည်သည့်ပွဲမဆိုတွင် ဂရုမစိုက်ခဲ့ပေ။ တစ်ဖက်လူ၏ ပုံပန်းသဏ္ဍန်ကိုလည်း သူမမှတ်မိပေ။ သို့သော် ဤကာလအတွင်း ဆက်ဆံရေးတိုးတက်လာပြီးနောက် သူက ဖေးယိ၏အသွင်အပြင်ကို စိတ်ကူးယဥ်ကြည့်နိုင်ပြီပင်။ ဖေးယိက ဖြူစင်ပြီး မသိနားမလည်သော်လည်း သူ၏ကိုယ်ပိုင်ပရိယာယ်ကို ထူးထူးခြားခြား ထုတ်ဖော်တတ်သည်။

သူက….. အရင်က သူမွေးခဲ့တဲ့ ကြောင်ပေါက်လေးထက် ပိုချစ်ဖို့ကောင်းနေတာလား?

တခဏအတွင်းပင် ထိတ်လန့်တုန်လှုပ်နေသော အမျိုးသမီးအသံတစ်ခု ထွက်ပေါ်လာသည်။

“--အား!”

ပေါ်ယွဲ့မင်က သူ့ရင်ခွင်ထဲရှိ ရုတ်တရက်လေးလံမှုကို ခံစားလိုက်ရသည်။ သူက စိတ်ကူးထဲမှာ နစ်မျောနေ၍ မပြင်ဆင်ထားခဲ့ပေ။ ရိုက်ခတ်မှုကြောင့် ခြေနှစ်လှမ်းသာ ဆုတ်ခွာနိုင်ခဲ့ပြီး မြဲမြံစွာရပ်နေနိုင်ခဲ့သည်။

တစ်ယောက်ယောက်က သူ့ရင်ခွင်ထဲပြုတ်ကျလာတာ!

စက္ကန့်အနည်းငယ်အတွင်းမှာပင် ပေါ်ယွဲ့မင်၏နှာခေါင်းက ပြင်းထန်သော လိမ္မော်ရနံ့ဖြင့် ပြည့်နှက်သွားပြီး ချိုအီလွန်းလို့ စိတ်မသက်မသာဖြစ်သွားခဲ့သည်။


ပေါ်ယွဲ့မင်က ချက်ချင်းပင် နောက်ဆုတ်လိုက်ပြီး အမည်မသိလူထံမှ ခပ်ခွာခွာနေကာ မျက်မှောင်ကြုတ်လိုက်သည်။ “ဘယ်သူလဲ?”

“တောင်းပန်ပါတယ်။”

အမျိုးသမီးတစ်ယောက်၏ နူးညံ့သော အသံထွက်ပေါ်လာပြီး သူမက အရှက်ရနေပုံပင်။ “ကျွန်မ ဒေါက်မြင့်ဝတ်ထားလို့ ရုတ်တရုတ် ခြေယိုင်သွားလို့ပါ။”

ပေါ်ယွဲ့မင်၏ မျက်ဝန်းက အတန်ငယ် လှုပ်ရှားသွားကာ သူက တိုက်ရိုက်ပြန်မဖြေခဲ့ပေ။

နောက်စက္ကန့်မှာ ဦးလေးခိုင်က နောက်ပြန်လှည့်လာပြီး “ဒုတိယသခင်လေး…ဘာဖြစ်လို့လဲ? ဒီအမျိုးသမီးက…..”

“ကျွန်တော် သူ့ကိုမသိဘူး။ သွားရအောင်။”

ပေါ်ယွဲ့မင်က စကားဖြတ်ပြောကာ ဦးလေးခိုင်၏ လမ်းညွှန်မှုနှင့်အတူ ထွက်သွားခဲ့သည်။

လျစ်လျူရှုခံလိုက်ရသော ဆံပင်ရှည်ရှည် အမျိုးသမီးက နေရာမှာတင် အေးခဲသွားသည်။ သူမက ပေါ်ယွဲ့မင်၏ နောက်ကျောကို စိုက်ကြည့်နေပြီး အံ့သြတသ ရေရွတ်လိုက်လေသည်။ “သူက အရမ်းကြည့်ကောင်းတာပဲ။ ဒါပေမယ့် မျက်လုံးကန်းနေမယ်လို့ မထင်ထားဘူး”

မျက်စိတစ်မှိတ်အတွင်းမှာပင် သူမမျက်နှာပေါ်ရှိ ရှက်ရွံမှုနှင့် အံ့အားသင့်မှုတို့ ပျောက်ကွယ်သွားပြီး တွက်ချက်မှုက အစားထိုးဝင်ရောက်လာသည်။

ဟုတ်သားပဲ… ဒီကိုလာတဲ့ သူဌေးတွေက အဆင်ပြေတာမှမရှိတာ။ 

ဒါပေမယ့် ကန်းနေတာလည်း ကောင်းပါတယ်…. သူမအတွက် ဂွင်ဆင်ဖို့အဆင်ပြေတယ်လေ!

. . . . . .

ပေါ်ယွဲ့မင်နှင့် ဦးလေးခိုင်က သီးခြားအပန်းဖြေအိမ်၏ အိမ်မကြီးထဲသို့ ပြန်ရောက်လာသည်။ သပ်ရပ်သော ဧည့်ခန်းထဲတွင် လင်းကျုံးက ကွန်ပျုတာကို ပေါင်ပေါ်တင်ကာ အလုပ်လုပ်နေသည်။

“မစ္စတာပေါ်…ပြန်လာပြီလား? စစ်ဆေးမှုရလဒ်ကဘယ်လိုလဲ?”

“အဆင်ပြေပါတယ်” ပေါ်ယွဲ့မင်က လိုတိုရှင်းဖြေလိုက်သည်။ သူက လှည့်ပတ်ကြည့်ကာ မေးလိုက်၏။ “သခင်ငယ်လေးဘယ်မှာလဲ? သူ အိပ်ခန်းထဲမှာပဲလား?”

လင်းကျုံးက ခေါင်းခါကာ ပေါ်ယွဲ့မင်ကို တင်ပြလိုက်သည်။ “သခင်ငယ်လေးရယ် ကျွန်တော်နဲ့ ဒါရိုက်ဘာဖူရယ် နေ့လည်စာတူတူစားခဲ့တယ်။ တောင်ပေါ်မှာ ကြောင်ပေါက်လေးနဲ့အတူ အေးအေးဆေးဆေး လမ်းလျှောက်ချင်တယ်လို့ ပြောခဲ့ပါတယ်။”

ပေါ်ယွဲ့မင် အံ့သြသွား၏။ “လမ်းလျှောက်ထွက်တယ်?”

ဦးလေးခိုင်က အပြုံးတစ်ခုဖြင့် သံယောင်လိုက်သည်။ “သခင်ငယ်လေးက စစ်ဆေးရေးမှူးကို ခွေးထင်နေတာလား?”

လင်းကျုံးက ရယ်လိုက်ပြီးမှ ချောင်းဟန့်ကာ ဆက်ပြောလိုက်သည်။ “ဒီအပန်းဖြေအိမ်ကြီးက တောင်ပေါ်မှာဆောက်ထားတာဆိုတော့ ကျွန်တော်တို့ သခင်ငယ်လေးကို မတားရဲဘူး။ ဒါကြောင့် သွားခွင့်ပေးလိုက်တာ။ ဒါပေမယ့် လောင်ဖူက သူတစ်ခုခုဖြစ်သွားမှာ စိုးရိမ်ပြီး နောက်ကနေ တိတ်တိတ်လေးလိုက်သွားပါတယ်။ သူ ထွက်သွားတာ ဆယ်မိနစ်ပဲရှိပါသေးတယ်။ သူခဏလောက် ကစားဦးမယ်ထင်တယ်။”

ပေါ်ယွဲ့မင်က သက်ပြင်းချကာ ခပ်ဖျော့ဖျော့အသံဖြင့် ပြောလိုက်သည်။ “သူက လွတ်လွတ်လပ်လပ် နေရတာ ကြိုက်တယ်ထင်တယ်။”

သူ မနေ့ညက ကောင်းကောင်းအိပ်ပြီး နေ့လည်မှာ နေ့လည်စာစားကာ ယခုလည်း ကြောင်နှင့် လမ်းလျှောက်ထွက်ရမည်ကို သိသည်။

ဦးလေးခိုင်နှင့် လင်းကျုံးက တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ပေါ်ယွဲ့မင်၏ စကားအဓိပ္ပါယ်ကို ခဏလောက်တော့ နားမလည်နိုင်ခဲ့ပေ။ “ဒုတိယသခင်လေး. နေ့လည်က အများကြီးမစားထားဘူးမလား? အစားအသောက်ပို့ပေးဖို့ တစ်ယောက်ယောက်ကို ခေါ်ပေးရမလား?”

“မလိုပါဘူး။ ခင်ဗျားတို့နှစ်ယောက် ဘေးခန်းမှာ ပြန်နားပါ။ ကျွန်တော်ရေချိုးပြီး ခဏအိပ်လိုက်ဦးမယ်။”

သူက ရေမွှေးရနံ့ပြင်းပြင်းကို မုန်းတီးပြီး ၎င်းက သူ့အပေါ်မှာ ကျန်ရစ်ခဲ့သဖြင့် ရေချိုးပြီး အဝတ်အစားလဲရပေမည်။ ထို့အပြင် မနေ့ညက ဖေးယိ၏ အနှောင့်အယှက်ပေးမှုကြောင့် သူ ယခုချိန်မှာ အိပ်ငိုက်နေသည်။

“ကောင်းပြီ။ ဒါဆို တစ်ခုခုလိုရင် ကျွန်တော်တို့ကို တန်းခေါ်လိုက်ပါ။”

ဦးလေးခိုင်က ပေါ်ယွဲ့မင်ကို ပင်မအခန်းတံခါးဆီ ပို့ပေးပြီး အဝတ်အစားတစ်စုံ ထုတ်ပေးလိုက်သည်။ ဤအရာများ စီစဥ်ပြီးမှသာ သူက ထွက်ခွာဖို့ ဆန္ဒရှိခဲ့သည်။

ပေါ်ယွဲ့မင်က မျက်စိကွယ်သည့် နေ့ရက်များကို ကျင့်သားရခဲ့တာ ကြာပြီဖြစ်၍ သူ့ကိုယ်သူ တတ်နိုင်သမျှ အကောင်းဆုံးဂရုစိုက်နိုင်ခဲ့သည်။ သူက ရေအမြန်ချိုးကာ အဝတ်အစားလဲ၍ ကုတင်ပေါ်မှာ လဲလျောင်းလိုက်သည်။

နူးညံသော AC-စောင်က ဖေးယိ၏ခန္ဓာကိုယ်မှ လာသော ခပ်ဖျော့ဖျော့ ရနံကို သယ်ဆောင်ထားဆဲပင်။ ပေါ်ယွဲ့မင်က ၎င်းကို စက်ဆုပ်ရွံရှာခြင်းမရှိသလို ၎င်းက ထိုချိုအီသော ရနံ့ကို မေ့သွားလောက်အောင်ပင်။


ခြံဝင်းအပြင်ဘက်တွင် တေးဆိုငှက်များ၏ တစာစာအော်သံနှင့် သစ်ပင်များ၏ တရှဲရှဲမြည်သံတို့ ထွက်ပေါ်နေ၏။

သူ့မျက်လုံးများက တဖြည်းဖြည်းတိုးတက်လာလို့ဖြစ်မည်။ ပေါ်ယွဲ့မင်က သူ၏ သတိထားနေမှုကို ဖြေလျှော့လိုက်ကာ လဲလျောင်းပြီးနောက် အမှတ်မထင်အိပ်ငိုက်နေခဲ့သည်။

အချိန်အနည်းငယ်ကြာပြီးနောက် တံခါးအနည်းငယ်ပွင့်လာသည်။

ငိုက်မျဥ်းနေသော ပေါ်ယွဲ့မင်က လမ်းလျှောက်ထွက်သွားသော ဖေးယိပြန်လာတာလို့ ထင်ပြီး တုံ့ပြန်ရန် ချက်ချင်းမထခဲ့ပေ။

“……”