Chapter 24
လေထုထဲတွင် မသတီစရာကောင်းသော ချိုမြမြ လိမ္မော်ရနံ့က တစ်ဖန်ပြည့်လာသည်။ သူ့ရေချိုးဝတ်စုံကို ဆွဲဖွင့်ခံလိုက်ရမှ ပေါ်ယွဲ့မင်၏ နှောင့်နှေးနေသော သတိက ရုတ်တရက်ပြန်ဝင်လာသည်။။ ထူးဆန်းသော လှုပ်ရှားမှုကို သတိထားမိ၍ သူက မျက်လုံးကို အားစိုက်ဖွင့်ကာ မော့ကြည့်လိုက်သည်။
ဖက်!
ပေါ်ယွဲ့မင်၏ တည်ငြိမ်မှုမရှိသော လက်ကောက်ဝတ်က ထိတ်လန့်တကြား အေးစက်လာသည်။ “မင်း ဘာလုပ်နေတာလဲ?”
“အာ…..”
ခိုးဝင်လာသော အမျိုးသမီးက သူ့အကြည့်၌ မိသွားခဲ့ပြီး ထိတ်လန့်လွန်းလို့ သူမနှလုံးက မထိန်းချုပ်နိုင်လောက်အောင် ခုန်နေလေသည်။ သူမက နှေးကွေးစွာ တုံ့ပြန်လာပြီးမှ ရှင်းပြလိုက်လေ၏။ “သခင်လေး… ကျွန်မက ဒီအပန်းဖြေအိမ်ရာရဲ့ ဝန်ထမ်းတစ်ယောက်ပါ။ ကျွန်မ…ကျွန်မ… အခန်းထဲမှာ ဘယ်သူမှမရှိဘူးထင်လို့ သန့်ရှင်းရေးလုပ်ဖို့ ဝင်လာတာပါ။”
ပေါ်ယွဲ့မင်က သူမရဲ့ ပေါက်ကရစကားတွေကို ယုံပါ့မလား? သူ့မျက်ဝန်းထဲမှာ အေးစက်သော အလင်းရောင်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။ “ဒီတော့ ဝင်လာရုံပဲလား?”
“ကျွန်မ တောင်းပန်ပါတယ်။ ရှင်အနားယူတာကို အနှောင့်ယှက်ပေးမိပြီ။” ချိုမြိန်သော အသံတစ်ခုနှင့် ပြန်ဖြေနေစဥ် အမျိုးသမီးက ပေါ်ယွဲ့မင်၏အနားကပ်လာပြီး သူမ၏ ခန္ဓာကိုယ်လှလှလေးကို သူ့ရင်ခွင်ထဲထိုးထည့်ရန် ကြိုးစားနေသည်။ သူမ၏မျက်ဝန်းက အောင်မြင်ခါနီးပြီဟူသော ယုံကြည်မှုအပြည့်ရှိလေသည်။
လင်းနာက အပြင်ထွက်၍ ဝမ်းစာရှာရသည်မှာ ကြာပြီဖြစ်၏။
လွန်ခဲ့သည့်သုံးလက သူမသည် သူငယ်ချင်းတစ်ယောက်ဆီမှ ဤဆေးကုသရေး အပန်းဖြေအိမ်ကြီးအကြောင်း သိခဲ့ရသည်။ ဤနေရာမှာ နာလန်ထူရေးအတွက် လာရောက်ကြသော ထိုလူတွေက လူချမ်းသာများဖြစ်သည်ဟု ဆိုကြသည်။ သူမ ထက်မြက်ပြီး လိမ္မာပါးနပ်နေသရွေ့ သူဌေးသားတချို့ကို သိမ်းပိုက်ရန် အချိန်ကောင်းရှာဖို့ သေချာပေါက်ခက်ခဲမည်မဟုတ်ပေ။
သူမသူငယ်ချင်းအား ချမ်းသာသော လုပ်ငန်းရှင်တစ်ဦးက မျက်စိကျသွားသဖြင့် သူမသူငယ်ချင်းက စားဝတ်နေရေးအတွက် စိတ်ပူစရာမလိုတော့ပေ။
၎င်းကိုမြင်တော့ သူငယ်ချင်းထက် ပိုလှသော လင်းနာက မနာလိုဖြစ်ကာ စမ်းကြည့်ချင်ခဲ့သည်။ ထို့ကြောင့် သူမက ဤဆေးကုသရေး အိမ်ကြီးမှာ လုပ်အားပေးခွင့်ရခဲ့ပေမယ့် သူမဆန္ဒမပြည့်နိုင်တာ စိတ်မကောင်းစရာပင်။
ဤနေရာကို ရောက်လာကတည်းက သူမသည် ချမ်းသာသော အဘိုးကြီးတချို့နှင့် အမျိုးသမီးများကို နေ့စဥ်တွေ့နိုင်ခဲ့သည်။ သို့သော် ဤလူအိုကြီးများက သူတို့၏ ကောင်းမွန်သောဘဝကို အပြည့်အဝအသုံးချကာ တစ်ယောက်ချင်းစီက ဇီဇာကြောင်ပြီး ဉာဏ်နီဉာဏ်နက်များသည်။ ၎င်းအပြင် သူမက အသက်ငါးဆယ်အောက် ယောကျာ်းများများစားစား မတွေ့ခဲ့ရပေ။
အချိန်ကြာလာတော့ လင်းနာက စိတ်ဆိုးဒေါသထွက်ကာ အရှုံးပေးပြီး ထွက်သွားချင်ခဲ့သည်။
ယနေ့မှာ သူမက ထိတ်တန်းအဆင့်ရှိသော ပေါ်ယွဲ့မင်ကို ဖမ်းမိခဲ့သည်။ ၎င်းက ရေတိုဖျော်ဖြေမှုဖြစ်သော်လည်း နောက်ပိုင်းမှာ အကျိုးကျေးဇူးအများကြီးရနိုင်သည်။ ထိုအချိန်မှာ သူမ အလုပ်ထုတ်ခံလိုက်ရတာ သို့မဟုတ် ထွက်ပြေးသွားသည့်တိုင် ကိစ္စကြီးသွားမည်မဟုတ်ပေ။
၎င်းကိုစဥ်းစားပြီး လင်းနာက သူ့ကို အတင်းအဓမ္မကပ်တွယ်ဖို့ ကြိုးစားလိုက်သည်။
သူမ မယုံနိုင်ခဲ့ပေ!
ဒီလိုသွေးဆောင်မှုမျိုးကို ဘယ်ယောကျာ်းက တောင့်ခံနိုင်လို့လဲ?
. . . . . .
ဖေးယိက စစ်ဆေးရေးမှုးအား ချည်ထားသော ကြိုးကိုဆွဲကာ ကုသရေးအပန်းဖြေအိမ်ကြီး၏ အပြင်ဘက်အစွန်အဖျားရှိ စိမ်းလန်းစိုပြေသော လမ်းတစ်ဝိုက်တွင် ဖြည်းဖြည်းချင်း လမ်းလျှောက်နေခဲ့သည်။ ဒရိုက်ဘာ လောင်ဖူက နောက်ကနေ ခိုးကြောင်းခိုးဝှက် လိုက်လာမှန်း သူသိသော်လည်း သတိမထားမိသလို ဟန်ဆောင်လိုက်၏။ သူတို့က မိနစ်လေးဆယ်နီးပါး လည်ပတ်ခဲ့ပြီးမှ သူတို့နေထိုင်ရာ အိမ်ကြီးဆီသို့ ပြန်လာခဲ့သည်။
တံခါးဝသို့ ခြေချလိုက်သည်နှင့်ပင် ဖေးယိက မာစတာခန်းထဲမှ အမျိုးသမီးတစ်ဦး၏ နူးညံ့သိမ်မွေ့သော အသံကို ကြားလိုက်ရသည်။
“……”
အိမ်မှားဝင်မိတာလား? မဟုတ်လောက်ပါဘူး!
ဖေးယိ၏ မျက်ဝန်းက အံ့အားသင့်သွားသည်။ သူ နေရာမမှားတာကို အတည်ပြုပြီးနောက် အနားကပ်သွားကာ တံခါးလော့ချထားကြောင်း တွေ့ရှိခဲ့သည်။
၎င်းက မှားယွင်းနေ၏။
ပေါ်ယွဲ့မင်က အမြင်အာရုံမကောင်းပေ။ သူက တံခါးကို ဘယ်တော့မှ လော့မချထားပေ။ ထိုထက်ပိုသည်မှာ သူက အကြောင်းပြချက်မရှိ အမျိုးသမီးတစ်ဦးနှင့် အခန်းတစ်ခန်းထဲမှာ နေမည်မဟုတ်ပေ။
ဖေးယိက အနောက်ခြံထဲရှိ လသာဆောင်မှ အမြန်ဝင်သွားခဲ့ပြီး သူ အိပ်ခန်းအနီးသို့ ရောက်သွားသည်နှင့် ပေါ်ယွဲ့မင်၏ ဒေါသတကြီး ငြင်းဆိုသံကို ကြားလိုက်ရသည်။
“ထွက်သွားစမ်း!”
လသာဆောင်၏ လျှောဖန်တံခါးကို ဖြတ်ကာ ဖေးယိက အနက်ရောင်ပိုးသားဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ရသည်။ သူမက ကြမ်းပြင်ပေါ်သိို့ တွန်းချခံထားရပြီး သူမမျက်နှာပေါ်မှာ နာကျင်မှုမရှိပေမယ့် သူမက ပါးစပ်အမြန်ဖွင့်ကာ ဟန်လုပ်ငိုကြွေးလိုက်လေသည်။
“မြောင်~ဝူး!”
သူ့ခြေထောက်နားမှာ ကုပ်ကုပ်ကလေးထိုင်နေသော စစ်ဆေးရေးမှူးက ထူးဆန်းသောအနံ့ကို ရလိုက်ပြီး ရုတ်တရက် အသံစူးစူးဖြင့် အော်လိုက်ကာ လျှောတံခါးဘေးရှိ အပေါက်ကလေးမှဖြတ်၍ အထဲဝင်သွားတော့သည်။ “မြောင်~ဝူး!”
ဖေးယိက တုန်လှုပ်သွားသည်။ “စစ်ဆေးရေးမှူး!”
တစ်ချိန််တည်းမှာ မတ်တပ်ရပ်တော့မည့် လင်းနာက ရုတ်တရက် ခုန်ထွက်လာသော အနက်ရောင်ပုံရိပ်တစ်ခုကြောင့် ထိတ်လန့်ကာ နောက်ပြန်ကျသွားခဲ့သည်။ “--အား! ဒါဘာကြီးလဲ!”
ထိုအချိန်တွင် ဖေးယိက တံခါးဖွင့်ကာ လသာဆောင်မှ ဝင်သွားခဲ့သည်။ သူက ထိုလူ၏နောက်ကျောကိုသာ အရင်မြင်လိုက်ရပြီး အခန်းထဲဝင်ကာ အနီးကပ်သွားသည်နှင့်–
ပေါ်ယွဲ့မင်၏ မျက်နှာမှာ အတော်လေးဆိုးရွားနေခဲ့သည်။ သူ၏အနက်ရောင် ညဝတ်ပိုးသားဝတ်ရုံအရှည်မှာ အနည်းငယ်ပွင့်ဟနေပြီး သူ့လည်ပင်းနှင့် ရင်ဘတ်က ဒေါသကြောင့် မသိမသာ နီရဲနေသည်။
ပေါ်ယွဲ့မင်ကိုယ်စား ဤအမည်မသိ အမျိုးသမီးကို မေးစရာပင်မလိုပဲ ဖြစ်ပျက်ခဲ့တာကို ဖေးယိ ချက်ချင်းနားလည်သွားခဲ့သည်။
ကျုးလွန်သူ လင်းနာက အရေထူသော အပြုအမူဖြင့် အရင်ပိတ်ပြောခဲ့သည်။ “နင်ကဘယ်သူလဲ? သူများအိပ်ခန်းထဲကို ဘယ်လိုဖောက်ဝင်လာတာလဲ?”
ပေါ်ယွဲ့မင်က အေးစက်ခက်ထန်စွာ ပြောလိုက်၏။ “ဒါက ငါမင်းကိုမေးရမှာ!”
ဤစကားများကျလာသည်နှင့် အခြေအနေကို ရိပ်မိသွားသော ဖေးယိက ကုတင်စွန်းရှိ ခေါင်းအုံးပျော့ကို ကောက်ယူကာ ပစ်ပေါက်လိုက်ပြီး ဒေါသတကြီးမေးလိုက်သည်။ “မင်းကဘယ်သူလဲ? ငါ့လောင်ကုန်းကို အနိုင်မကျင့်နဲ့!”
“……”
ပေါ်ယွဲ့မင်၏ မျက်ဝန်းထဲက အေးစက်မှုမှာ အက်ကွဲသွားပြီး သူ၏ဒေါသကြားမှာ သိမ်မွေ့သော ခံစားချက်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။
“……”
လင်းနာက ခေါင်းအုံးပျော့ကြောင့် အံ့အားသင့်သွားသည်။
ပေါ်ယွဲ့မင် ငယ်ငယ်လေးနဲ့ လက်ထပ်ထားမယ်လို့ သူမမထင်ထားခဲ့ပေ။ ထို့အပြင် သူ့လက်တွဲဖော်ကလည်း ယောကျာ်းတစ်ယောက် ဖြစ်နေခဲ့သည်။
ဖေးယိက ပေါ်ယွဲ့မင်ဆီ အမြန်လျှောက်သွားကာ ပြန်လှည့်ပြောလိုက်သည်။ “အခုချက်ချင်းထွက်သွား! စစ်ဆေးရေးမှူး!”
“မြောင်~ဝူး!”
စစ်ဆေးရေးမှူးက ချက်ချင်းပင် ကုတင်အောက်မှထွက်လာသည်။ ၎င်းက ခန္ဒာကိုယ်ကို ခုံးကော့လိုက်ပြီး အမွေးခါထုတ်ကာ စည်းချက်ညီညီ အမြီးနန့်နေ၏။ ထို့နောက် ၎င်းက လင်းနာဆီသို့ ချဥ်းကပ်သွားကာ နောက်စက္ကန့်မှာ ခုန်အုပ်ပြီး သူမမျက်နှာကို ကုတ်ခြစ်တော့မည့်အတိုင်း သတိပေးသံတစ်ချက် ထုတ်လွှတ်လိုက်လေသည်။
လင်းနာက ထိုကဲ့သို့ ရန်လိုတတ်သော ကြောင်နှင့်ခွေးများကို အကြောက်ဆုံးဖြစ်သည်။ သူမမျက်နှာက နီနေရာမှ ဖြူဖျော့သွားပြီး သူမက နောက်ကိုတစ်လှမ်းချင်း ဆုတ်သွားလေသည်။
ကုတင်ပေါ်မှာ ထိုင်နေသော ပေါ်ယွဲ့မင်က ထလာပြီးနောက် မည်းမှောင်သော မျက်နှာဖြင့် ခုခံနေခဲ့ပြီး တစ်မိနစ်အတွင်းမှာ ဖေးယိရောက်လာခဲ့ခြင်းဖြစ်၏။ အကြံအစည် ကျရှုံးသွားတာကို မြင်လိုက်ရသော လင်းနာက တစ်ခုခုဖြစ်လာတော့မှာကို စိုးရိမ်ပြီး ချက်ချင်းလှည့်ပြေးသွားသည်။
ဖေးယိက ထွက်ပြေးသွားသော လင်းနာကို ကြည့်လိုက်ပေမယ့် သူလိုက်မသွားနိုင်ခင်မှာ ပေါ်ယွဲ့မင်က သူ့နာမည်ကိုခေါ်လာသည်။
“ဖေးယိ…အပြင်မထွက်နဲ့”
သူ ဤကိစ္စကို ဦးလေးခိုင်အား ကိုင်တွယ်ဖြေရှင်းခိုင်းလို့ရသည်။
“အို့”
ဖေးယိက စစ်ဆေးရေးမှူးကို ကောက်ချီကာ အမွေးကို ပွတ်သပ်လိုက်ပြီးမှ ၎င်းအတွက် ဆုကြေးအဖြစ် နို့ပူတင်းတစ်ဗူးကို ဖွင့်ပေးလိုက်သည်။
သူက ဒေါသမပြေသေးသော ပေါ်ယွဲ့မင်ကို တိတ်တိတ်လေး ကြည့်လိုက်သည်။ ၎င်းကိစ္စက နည်းနည်းလေး ကြီးသွားတာကြောင့် သူက သိချင်စိတ်ဖြင့် တစ်ဖက်လူ၏ရှေ့ကို တိုးသွားလိုက်သည်။ “......အာ့ကော?”
ပေါ်ယွဲ့မင်က သက်ပြင်းရှည်ချကာ တုံ့ပြန်လိုက်သည်။
ဖေးယိက သိလိိုစိတ်ပြင်းပြစွာ မေးလိုက်လေသည်။ “သူခင်ဗျားကို နမ်းသွားလား?”
တစ်နည်းဆိုရရင် အမျိုးသမီးက တွန်းထုတ်မခံရခင်မှာ ဘယ်အတိုင်းအတာထိ သူမခေါင်းကို ငုံ့ကိုင်းခဲ့တာလဲ?
“……”
ပေါ်ယွဲ့မင်၏ အသက်ရှူသံမှာ လည်ချောင်းထဲတွင် တစ်နေပြီး သူက သူ့အံသွားများကို ကြိတ်လိုက်သည်။ “မနမ်းဘူး”
အကြောင်းပြချက်တချို့ကြောင့် မျက်လုံးပြူးဖြင့် စပ်စပ်စုစု ငေးကြည့်နေသော ကြောင်လေးတစ်ကောင်၏ ပုံရိပ်က သူ့စိတ်ထဲတွင် ပေါ်လာပြီး ၎င်းကချစ်ဖို့ကောင်းသလို စိတ်အနှောင့်အယှက်လည်းဖြစ်ရသည်။
အခန်းထဲဝင်လာသူမှာ လူစိမ်းအမျိုးသမီးမှန်း သိလိုက်သည်နှင့် ပေါ်ယွဲ့မင်က သတိထားနေခဲ့သည်။ တစ်ဖက်လူက သူ့ရင်ခွင်ထဲ ဇွတ်အတင်းဝင်ဖို့ ကြိုးစားလိုက်ချိန်မှာပင် သူက သူမအား အားပြင်းပြင်းဖြင့် တွန်းထုတ်ခဲ့သည်။ ဘာမှထွေထွေထူးထူး မဖြစ်ခဲ့ပေ!
ထို့နောက် စစ်ဆးရေးမှူးက အခန်းထဲပြေးဝင်လာပြီး ဖေးယိက ၎င်းနောက်မှ ရောက်လာခဲ့သည်။
“အို့~”
ဖေးယိက သံရှည်ဆွဲကာ တုံ့ပြန်လိုက်သည်။
“မင်း စိတ်ပျက်သွားတာလား?” ပေါ်ယွဲ့မင်က ရယ်ရမလား ငိုရမလားပင် မသိတော့ပဲ ကိစ္စဟောင်းကို ပြန်ပြောလိုက်သည်။ “မင်းက ငါ့ဆီက အနမ်းတစ်ပွင့်ကို အလစ်သုတ်သွားရဲတဲ့ ကမ္ဘာပေါ်က တစ်ဦးတည်းသောလူပဲ!”
“……”
သူတို့ပထမဆုံးအကြိမ် တွေ့ခဲ့စဥ်က သူ၏ရဲတင်းသော အပြုအမူကို သတိရသွားသဖြင့် ဖေးယိက မလုံမလဲစိတ်ဖြင့် တိုးတိုးလေး ညည်းညူလိုက်လေသည်။
ထင်သည့်အတိုင်းပင် အနှီလူက မူရင်းစာအုပ်ထဲရှိ ဗီလိန်ကြီးဖြစ်ပြီး မကျေနပ်ချက် သေးသေးလေးကိုပင် အလွတ်ပေးမည်မဟုတ်ပေ။ သူတို့စတွေ့တုန်းက ပါးစပ်ထောင့်လေးကိုပဲ ခိုးနမ်းခဲ့တာပါ… ဒီလူက ဘာလို့မှတ်မိနေသေးတာလဲ?