Ch 25
Viewers 28k

Chapter 25


ညအချိန်ကြီး၌။


ဦးလေးခိုင်က ခြံဝင်းထဲမှ အမြန်ဝင်လာခဲ့သည်။ သူက ဆိုဖာပေါ်မှာ ငြိမ်ငြိမ်လေးထိုင်ပြီး ကြောင်ကိုပွတ်သပ်နေသော ပေါ်ယွဲ့မင်ကိုကြည့်ကာ မာစတာအိပ်ခန်းကို မသိစိတ်အလျောက် စိုက်ကြည့်လိုက်သည်။ “ဒုတိယသခင်လေး… ကျွန်တော်ပြန်ရောက်ပါပြီ။”

“အင်း”

ပေါ်ယွဲ့မင်၏ လက်လှုပ်ရှားမှုက ခဏရပ်သွားပြီးမှ သူက ကြောင်မွေးကို ဆက်လက် ပွတ်သပ်လိုက်၏။

စစ်ဆေးရေးမှူးက သူ့ပေါင်ပေါ်မှာ ဇိမ်ကျကျ လဲလျောင််းနေပြီး အစောပိုင်းက အမွေးခါခဲ့ခြင်းနှင့် လုံးလုံးကွဲပြားနေ၏။

ဦးလေးခိုင်က ဆိုဖာဘေးမှာရပ်ကာ အပန်းဖြေအိမ်ကြီးနှင့် သူ၏ညှိနှိုင်းမှု အခြေအနေကို အမှန်အတိုင်းပြောပြလိုက်သည်။ “နေ့လည်က ဖောက်ထွင်းဝင်လာတဲ့ အမျိုးသမီးနာမည်က လင်းနာပါ။ ပြီးတော့ ဒီကအချက်အလက်တွေအရ သူ(မ)က နှစ်ဆယ့်ငါးနှစ်ဖြစ်ပြီး နန်ခရိုင်ကလို့ပြောပါတယ်။”

“မန်နေဂျာ သတင်းကြားသွားတော့ စောင့်ကြည့်ကင်မရာကို စစ်ဆေးပြီး သူ(မ)နဲ့ တစ်ခန်းတည်းနေထိုင်တဲ့ ဝန်ထမ်းတွေကို မေးမြန်းမလို့ လူတစ်ယောက် ချက်ချင်းလွှတ်ပေးခဲ့ပါတယ်။ တစ်ဖက်လူပြောတာတော့ သူ(မ)က ခရီးဆောင်အိတ်ကို ထုတ်ပိုးနေပြီး အရင်သုံးရက်လောက်က ထွက်သွားတော့မယ်လို့ ပြောပါတယ်တဲ့။ အခုတော့ ဖုန်းဆက်သွယ်လို့မရပါဘူး။ နောက်ဆုံးတစ်ကြိမ် သူမကို စောင့်ကြည့်ရေးကင်မရာကနေ တွေ့ခဲ့တာက နေ့လည် ၃နာရီ ၁၀မိနစ်ပါ။”


“ကျွန်တော် မန်နေဂျာကို အသေးစိတ်မပြောပြခဲ့ဘူး။ လင်းနာက အခန်းထဲမှာ ပစ္စည်းဝင်ခိုးလို့ ခင်ဗျားနဲ့ သခင်ငယ်လေးက ဖမ်းမိသွားတယ်လို့ပဲ ပြောလိုက်ပါတယ်။”

ဦးလေးခိုင်က ရပ်လိုက်ပြီးမှ လက်ရှိ စုံစမ်းစစ်ဆေးရေးရလဒ်ကို တင်ပြလိုက်သည်။ “မန်နေဂျာက “တရားမဝင်ဝင်ရောက်မှု”နဲ့ “ခိုးဖို့ကြိုးစားခြင်း”တို့အတွက် ရဲတိုင်ထားပြီး သတင်းရတာနဲ့ ကျွန်တော်တို့ကို ဆက်သွယ်ပေးမယ်လို့ ပြောပါတယ်။”

ဤသည်မှာ ဆိုးရွားသော သက်ရောက်မှုများ မဖြစ်ပေါ်ပဲ ရှေ့ဆက်ဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်လေသည်။

“နားလည်ပါပြီ။”


ပေါ်ယွဲ့မင်က အေးဆေးတည်ငြိမ်သော အမူအရာဖြင့် တုံ့ပြန်လိုက်ပြီး နောက်ခေါင်းစဥ်တစ်ခုသို့ ပြောင်းသွားခဲ့သည်။ “သတင်းပေါက်ကြားသွားလား?”

ဦးလေးခိုင်က အထိုက်အလျောက် ဖြေလိုက်သည်။ “ဟုတ်ကဲ့… ဒုတိယသခင်လေး.။ ခင်ဗျား မနေ့က ဆေးရုံကထွက်လာတော့ အဲ့ဒီလူတွေက သတင်းစုံစမ်းဖို့ သွားခဲ့ပါတယ်။ ဆေးရုံက စီစဥ်ပေးတဲ့လူတွေက မူရင်းဇာတ်ညွှန်းအတိုင်း ခင်ဗျားမျက်လုံး ပြန်ကောင်းနိုင်ချေနည်းတယ်လို့ ပြောလိုက်ပါတယ်။”

“အင်း”

ပေါ်ယွဲ့မင်က ခေါင်းအသာညိတ်ကာ ထပ်ပြောလိုက်သည်။ “ဒီနေရာမှာ လျှို့ဝှက်ဆေးကုပေးဖို့ ပါမောက္ခလင်းကို ပြောထားတယ်။ ပြီးတော့ အချိန်တန်ရင် သူတို့ကို ပြောပြမှာဆိုပေမယ့် အမှန်အတိုင်းတော့ ပြောပြလို့မရသေးဘူး။ ဒီကဆေးပညာရှင်အဖွဲ့မှာလည်း အဖြေမရှိဘူးလို့သာ ပြောလိုက်ပါ။”

ဦးလေးခိုင်က မျက်မှောင်ကြုတ်မိသွားပြီး ပြောဖို့ တွန့်ဆုတ်နေသည်။ “ဒုတိယသခင်လေး… ခင်ဗျားမျက်လုံးတွေက သိသိသာသာ တိုးတက်လာပါပြီ။ ဘာလို့ တမင်တကာ လျှို့ဝှက်ထားရတာလဲ?”

ကားအက်စီးဒန့်ဖြစ်ပြီးကတည်းက ဒုတိယအိမ်တော်က ဇနီးမောင်နှံနဲ့ ပေါ်ကွမ်းချန်က ပေါ်ယွဲ့မင်ပိုင်တဲ့ ပစ္စည်းတွေကို ပေါ်ပေါ်ထင်ထင် လုယူနေခဲ့တာမလား? ပင်မအိမ်တော်က ပေါ်ဝမ်ကလည်း သူ့ကိုလှောင်ပြောင်ခဲ့တာ ဘယ်နှစ်ကြိမ်ရှိပြီလဲ?

ဦးလေးခိုင်၏ အမြင်တွင် မိသားစု၏ ဒုတိယသခင်လေးက သူ့မျက်လုံး ပြန်ကောင်းလာတော့မည့် အကြောင်းကို သတင်းလွှင့်လိုက်သင့်သည်။ သို့မှသာ ဤလူတစ်စု၏ အာဏာကိုဖိနှိပ်ပြီး ထပ်မံခြောက်လှန့်နိုင်လိမ့်မည်။

ပေါ်ယွဲ့မင်၏ မျက်ဝန်းထဲတွင် ရန်ငြိုးရန်စ အရိပ်အယောင်တစ်ခုရှိနေပေမယ့် သူက စစ်ဆေးရေးမှူး၏ ခေါင်းကို နှစ်ကြိမ်ပုတ်ကာ ပြောလိုက်သည်။ “အခန်းထဲသွားတော့”

“မြောင်~ဝူး~”

လူနှင့်တူသော စစ်ဆေးရေးမှူးက ပြန်ဖြေကာ ဆိုဖာပေါ်မှ ခုန်ဆင်းပြီး မီးဖွင့်ထားသော မာစတာခန်းထဲ ပြေးသွားခဲ့သည်။


ပေါ်ယွဲ့မင်က သူ၏သန်မာသော လက်ကောက်ဝတ်ကို ဆန့်ထုတ်လိုက်ပြီး အသံတိတ်ဖိအားကြောင့် သူ့လက်ဖမိုး၌ သွေးကြောမျှင်ဖျော့ဖျော့လေးများ ပေါ်လာခဲ့သည်။ “ဦးလေးခိုင်…. ကျွန်တော့်ကို မျက်စိကွယ်အောင် လုပ်ခဲ့တဲ့ ကားမတော်တဆမှုကို ပင်မအိမ်တော်က လုပ်ခဲ့တာဖြစ်နိုင်တယ်။”

“ဘာ?!”

ဦးလေးခိုင်က ထိန်းချုပ်လို့မရတော့ပဲ အော်လိုက်ပြီးမှ သူ၏ လွန်ကဲစွာ ထွက်ပေါ်လာသော ခံစားချက်များကို ချက်ချင်းထိန်းချုပ်လိုက်သည်။ “ဒုတိယသခင်လေး… ထရပ်ကားရဲ့ဒရိုက်ဘာက အရက်မူးပြီး မောင်းခဲ့လို့ မတော်တဆမှုဖြစ်ခဲ့တာလို့ ရဲတွေပြောခဲ့တယ်မလား?”

“ဟုတ်တယ်။ ဒီအမှုမှာ ရဲတွေရဲ့ စီရင်ချက်ကမှန်တယ်။ ဒရိုက်ဘာက ထောင်ထဲရောက်သွားတယ်။”

သူ့သူငယ်ချင်းယန်စမ်း သူ့အတွက် စုံစမ်းပေးထားသော အချက်အလက်များကို ပေါ်ယွဲ့မင်က ပြန်စဥ်းစားလိုက်ပြီး ပို၍ပင် အေးစက်လာခဲ့သည်။

ထရပ်ကားဒရိုက်ဘာ၏မိသားစုက နှစ်လအတွင်း နှစ်ကြိမ်ပြောင်းရွှေ့ခဲ့သည်။ အပေါ်ယံမှာတော့ ဆင်းရဲသောမိသားစုလို့ ထင်ရပေမယ့် ကောလိပ်တက်ခါစ သားဖြစ်သူက စျေးကြီးသော နေရာများကို မကြာခဏသွားလေ့ရှိပြီး တစ်ချိန်တုန်းကဆိုရင် သူ့ဖခင်မှာ အဆက်အသွယ်များရှိ၍ ယခု သူ့လက်ထဲမှာ ငွေအများကြီးရှိကြောင်း မူးမူးရူးရူးနဲ့ ပြောခဲ့ဖူးသည်။

ဦးလေးခိုင်က တအောင့်နေတော့ နားလည်သွားပြီး သူ့အမူအရာက ပို၍ပင် ရှုပ်ထွေးလာသည်။

“ကျွန်တော့်ဘက်က ဒရိုက်ဘာသာ နည်းနည်းလေးနှေးသွားခဲ့ရင် ကားမတော်တဆမှုက ကျွန်တော့်မျက်လုံးကို ထိခိုက်မှာမဟုတ်ပဲ ကျွန်တော့်အသက်ကို နှုတ်ယူသွားခဲ့မှာ။” ပေါ်ယွဲ့မင်က သူ၏အကဲဖြတ်နိုင်စွမ်းနှင့် အလိုလိုသိစိတ်ကို ဘယ်တုန်းကမှ သံသယမဝင်ခဲ့ဖူးပေ။ “ဦးလေးခိုင်.. ပြောကြည့်ပါ…. ပင်မအိမ်တော်က ပြစ်မှုကျူးလွန်ထားတော့ ကျွန်တော့်မျက်လုံးပြန်ကောင်းတော့မှာကို သိသွားရင် ဘာလုပ်ကြမှာလဲ?”

ဦးလေးခိုင်က ထိတ်လန့်သွားသည်။ “ပထမအကြိမ်ရှိတော့ ဒုတိယအကြိမ်လည်း ရှိလာမှာပဲ။ နောက်ဒုက္ခတွေကို ရှောင်ရှားဖို့ သူတို့က ပထမအကြိမ်ထက် ပိုကြိုးစားကြမှာမလား?”

ပေါ်ယွဲ့မင်၏ မျက်နှာပေါ်မှာ ကြောက်ရွံ့ခြင်းမရှိပေ။ သူက သူ့လက်ရှိအခြေအနေကို ရှင်းရှင်းလင်းလင်း ခွဲခြမ်းစိတ်ဖြာနိုင်သည်။ “အဘွားက အခုအိပ်ရာထဲမှာ လှဲနေပြီး မေ့မျောနေတုန်းပဲ။ အဲ့ဒီအဘိုးကြီးက ပင်မအိမ်တော်ရဲ့ဘက်မှာပဲ ရှိတယ်။ ကျွန်တော့်မျက်လုံးတွေက သေချာမမြင်ရသေးဘူး။ အမှန်တရားကို ဖော်ထုတ်ဖို့က စောလွန်းလို့ ကောင်းကျိုးထက် ဆိုးကျိုးများမှာပဲ”

“ဒါကြောင့် ကျွန်တော့်ရဲ့ လျှို့ဝှက်ကုသမှုသတင်းနဲ့အတူ မျက်လုံးက အခြေအနေထူးမလာဘူးဆိုပြီး သတင်းလွှင့်ရမယ်။ ချို့ယွင်းချက်တွေရှိမှ အမှန်လို့ထင်ကြမှာ။ ဒီတော့ ခြိမ်းခြောက်မှုမရှိတော့ရင် သူတို့ကလည်း ကျွန်တော့်ကို ဖြေရှင်းဖို့ စဥ်းစားတော့မှာမဟုတ်ဘူး။”

မူလတည်းက ပင်မအိမ်တော်သည် အမှောင်ထဲမှာ ရောက်နေပြီး ပေါ်ယွဲ့မင်က အလင်းထဲမှာ ရှိနေခဲ့သူဖြစ်၍ ပေါ်ယွဲ့မင်၏ မျက်လုံးများ အလုံးစုံပြန်ကောင်းသွားပြီး ယင်းအချက်ကို လျှို့ဝှက်ထားမည့်နေ့တွင် ဤအခြေအနေက ပြောင်းပြန်ဖြစ်သွားပေမည်။

ပေါ်ယွဲ့မင်က လက်သီးဆုပ်ကာ ပြန်ဖြေလျော့လိုက်သည်။ “သူတို့ကို ဂုဏ်ယူခွင့်ပေးထားလိုက်ပါ။ ဘယ်လောက်ပဲ မျက်နှာပြောင်တိုက်တိုက် တစ်နေ့ကျရင် ကျွန်တော် အတိုးနဲ့ပြန်ယူမယ်။”

ဦးလေးခိုင်က တိုးတိုးလေး ထောက်ခံလိုက်သည်။


တကယ်တော့ ပင်မအိမ်တော်၏ အပြုအမူက ဘောင်ကျော်သွားပြီဖြစ်၍ သူတို့ကို မည်သူက လွယ်လွယ်လေး လွှတ်ပေးနိုင်တော့မည်နည်း။


“နောက်ကျနေပြီ။ ဘေးခန်းမှာ ပြန်အနားယူပါ။ မနက်ဖြန်မနက်ကျရင် ကုသမှုခံယူဖို့ ကျွန်တော်နဲ့ လိုက်ခဲ့ပေးပါ။” ပေါ်ယွဲ့မင်က မာစတာခန်းထဲတွင် ရေချိုးနေဆဲဖြစ်သော ဖေးယိကို တွေးကာ စကားရပ်လိုက်သည်။

“ကောင်းပါပြီ။”

ဦးလေးခိုင်က ပြန်ဖြေကာ ရုတ်တရက် တစ်ခုခုကို သတိရသွားသည်။ “ဒုတိယသခင်လေး… မနေ့ညက သခင်ငယ်လေးနဲ့ တူတူအိပ်ခဲ့တော့ ကောင်းကောင်းအိပ်ရရဲ့လား?”

“…….”

ပေါ်ယွဲ့မင်က တခဏမျှ အံ့အားသင့်သွားပြီး ဦးလေးခိုင် တစ်ခုခုသတိထားမိသွားပြီလို့ ထင်လိုက်သည်။

အမှန်မှာ မနေ့ညက အခြေအနေသည် သူ့ဘဝ၏ နှစ်နှစ်ဆယ်ကျော် သက်တမ်းမှာ တစ်ခါမှ မကြုံဖူးသည့်အရာဖြစ်သည်။ သို့သော် တစ်ဖက်လူ၏ နေထိုင်မှုအလေ့အထကိုလည်း စဥ်းစားပေးသင့်သည်ဟု ထင်မိသည်။

ပေါ်ယွဲ့မင်က ချောင်းဟန့်လိုက်သည်။ “အဆင်ပြေပါတယ်။ ဘာလို့လဲ?”

“ပြန်မလာခင်က မန်နေဂျာဆီက စုံစမ်းခဲ့တယ်။ ဒီအနီးအနားက ခြံတစ်ခုမှာ အခန်းလွတ်တွေရှိတယ်တဲ့။ ဒါမှမဟုတ် ဆိုဖာကုတင်နောက်တစ်လုံး ထည့်ပေးဖို့ ဟိုတယ်ဝန်ထမ်းကို ပြောလိုက်လို့ရတယ်။ ခင်ဗျားနဲ့ သခင်ငယ်လေးတို့ နေသားမကျရင် ဒီလိုလုပ်…..”

ဦးလေးခိုင်၏ အကြံပြုချက် မဆုံးခင်မှာ ပေါ်ယွဲ့မင်က စကားဖြတ်ပြောလိုက်သည်။ “ဘာပဲဖြစ်ဖြစ် တစ်ညနှစ်ညပဲကို… စိတ်မပူပါနဲ့။ ကျွန်တော်တို့ ကောင်းကောင်းအိပ်ခဲ့ရပါတယ်။”

“…….”

ဦးလေးခိုင်က ပေါ်ယွဲ့မင်၏ မျက်နှာပေါ်မှာ မူမမှန်သော ခံစားချက်အရိပ်အယောင်ကို ရှာဖွေဖို့ ကြိုးစားလိုက်ပေမယ့် မအောင်မြင်ခဲ့ပေ။ “ဒါဆို… ဦးလေး ဘေးခန်းကို ပြန်တော့မယ်။ ဒုတိယသခင်လေး တစ်ခုခုလိုအပ်ရင် ခေါ်လိုက်ပါ။”

“အင်း”

ဦးလေးခိုင်က ပေါ်ယွဲ့မင်ကို အခန်းတံခါးဆီ ပြန်ပို့ပေးလိုက်ပြီးမှ လှည့်ထွက်လာခဲ့သည်။

. . . . . . 

ရေချိုးပြီးသွားသော ဖေးယိက ကုတင်ခေါင်းရင်းတွင် ထိုင်နေပြီး စစ်ဆေးရေးမှူးကို တစ်ခါသုံးတစ်ရှုးအစိုလေးနဲ့ သုတ်ပေးလိုက်သည်။ ပေါ်ယွဲ့မင် ဖြည်းဖြည်းချင်း အခန်းထဲဝင်လာတာကိုတွေ့တော့ သူက သုတ်တာရပ်လိုက်လေသည်။ 

“မြောင်~”

စစ်ဆေးရေးမှူးက ဝိုးတဝါး မျက်လုံးဖွင့်ကြည့်လိုက်ပြီး သူ့သခင်၏ ပွတ်သပ်ခံချင်နေသေးသည်။

ဖေးယိက တစ်ခါသုံးလက်အိတ်ကို ချွတ်ကာ ရေစိုတစ်ရှူးနှင့်အတူ အမှိုက်ပုံးထဲပစ်လိုက်ပြီး မဝံ့မရဲခေါ်လိုက်သည်။ “အာ့ကော?”

သူက ၎င်းကို အစက ကျင့်သားမရပေမယ့် နောက်တော့ အကျွမ်းတဝင်ရှိလာသည်။

ပေါ်ယွဲ့မင်က ဤအခေါ်အဝေါ်ကို ကျင့်သားရနေသဖြင့် မတားခဲ့ပေ။ ထိုစဥ် သူက အနားကပ်လာပြီး သူ့ခြေသလုံးက ကုတင်စွန်းနဲ့ ထိသွားခဲ့သည်။ “မင်း ရေချိုးပြီးပြီလား?” 

ဖေးယိက အင်းလို့ ဖြေလိုက်ပြီးမှ မေးခွန်းတစ်ခု မေးလိုက်သည်။ “.... ကျွန်တော်တို့ ဒီညတူတူနေဦးမှာလား?”

“ဘာလဲ?”

“ကုတင်ဘယ်မှာလဲ?” ဖေးယိ၏ သူ၏မျက်နှာဖုံးကို ထိန်းသိမ်းရန် စကားကို တစ်လုံးချင်းပြောနေ၏။ “ခင်ဗျားပြောတော့… ခွဲအိပ်မယ်ဆို”

ပေါ်ယွဲ့မင်က အသိစိတ်ပြန်ဝင်လာပြီး မနေ့ညက သူပြောခဲ့တာကို သတိရသွားသည်။ “မနက်ဖြန်ကျရင် မင်းအတွက် ကုတင်အသေးတစ်လုံး ထည့်ပေးဖို့ ဝန်ထမ်းကိုပြောပေးမယ်။”

သူက “အရူး”ဖြစ်ပြီး အသိဉာဏ်မရှိပေမယ့် ၎င်းကိုတော့ သေချာမှတ်မိနေ၏။

ပေါ်ယွဲ့မင်က တစ်စက္ကန့် နှစ်စက္ကန့်လောက် နှုတ်ဆိတ်နေကာ အမှုမဲ့အမှတ်မဲ့ ပြောလိုက်သည်။ “တခြားခြံဝင်းတွေက ပြည့်နေလို့ အလွယ်တကူပြောင်းလို့ရတဲ့ အခန်းလွတ်တွေမရှိဘူး။”

“……”

ဖေးယိက ၎င်းကိုကြားပြီး မျက်မှောင်ကြုတ်မိသွားသည်။

တကယ်လား?

သူ ဒီနေ့ စစ်ဆေးရေးမှူးကို လမ်းလျှောက်ထွက်ဖို့ ခေါ်သွားတော့ ခြံလွတ်တွေ အများကြီးရှိနေတာ မဟုတ်ဘူးလား?

ပေါ်ယွဲ့မင်က ဖေးယိ၏တုံ့ပြန်မှုကို မစောင့်တော့ပဲ မကျေမနပ်ဖြစ်ပြီး မှုန်ကုပ်နေသည်ဟုသာ တွေးလိုက်သည်။ “မင်း ငါနဲ့ တစ်ကုတင်တည်းမှာ မအိပ်ချင်လို့လား? မနေ့ညက ကောင်းကောင်းမအိပ်ရလို့လား?”


ပေါ်ယွဲ့မင်က တစက္ကန့်မျှရပ်ကာ ပြောမပြတတ်သည့် အတွေးနုနုဖြင့် ကျီစယ်လိုက်သည်။ “မင်းရဲ့ဟောက်သံက စစ်ဆေးရေးမှူးထက်တောင် ကျယ်သေးတယ်။”

“…….”

ဖေးယိက အံ့အားသင့်သွားကာ ၎င်းကြောင့် သူ့မျက်နှာက နီမြန်းသွားသည်။

သူ အိပ်နေရင်း ဟောက်ခဲ့တာလား?

မဖြစ်နိုင်တာ!

ဖေးယိက ဤအချက်အလက်ကို လက်ခံရန် အချိန်ကြာသွားခဲ့ပြီး တီးတိုးရေရွတ်လိုက်၏။ “မဟောက်ပါဘူး။”

ကုတင်တစ်လုံးတည်းမှာ အိပ်ရတော့လည်း ဘာဖြစ်လဲ… တစ်ယောက်ကိုတစ်ယောက် ဘာမှလုပ်မှာမဟုတ်ဘူးလေ!

ထို့အပြင် သူ မနေ့ညက မထင်မှတ်ပဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။ သူ တခြားကုတင်ကို ပြောင်းလိုက်လျှင် အကျိုးသက်ရောက်မှု တူညီတော့မည်မဟုတ်ပေ။

ပေါ်ယွဲ့မင်၏ နှုတ်ခမ်းက တွန့်ကွေးသွားပြီး သူက ညဝတ်ဘောင်းဘီကို စမ်းတိစမ်းတမ်း ကောက်ယူလိုက်သည်။ “ငါ ရေသွားချိုးတော့မယ်။ မင်းစောစောအိပ်ရာဝင်တော့။”

“ကောင်းပြီ။”


ပေါ်ယွဲ့မင် ရေချိုးခန်းထဲဝင်သွားစဥ် ဖေးယိက သူ့၏ပူနွေးနေသော ပါးနှစ်ဖက်ကို ပုတ်လိုက်လေသည်။ သူက ကုတင်ပေါ်တက်ကာ စောင်ခြုံလိုက်ပြီး အပြင်ဘက်ရှိ နေရာလွတ်ကို ပုတ်ကာ တီးတိုးရွတ်လိုက်သည်။ “စစ်ဆေးရေးမှူး…လာတော့..”

စစ်ဆေးရေးမှူးက ဖေးယိကိုကြည့်ပြီး မနေ့ညက နေရာကို ပြန်ကြည့်လိုက်ကာ ကုတင်ပေါ်မှ ခုန်ဆင်းပြီး သူ့ကြောင်အိပ်ရာထဲသို့ နောက်လှည့်မကြည့်တမ်း ဝင်သွားခဲ့သည်။

“မြောင်~ဝူး”

“…….”

ဖေးယိက နားမလည်ပဲ ရေရွတ်လိုက်သည်။ “မင်း ငါနဲ့မအိပ်ချင်ဘူးလား?”

ပေါ်ယွဲ့မင်သည် နေ့လည်က လင်းနာ၏ နှောင့်ယှက်ခံရပြီး ရေပြန်ချိုးခဲ့ရာ အိပ်ရာမဝင်မီ ရေချိုးဖို့ အချိန်အများကြီးမကြာခဲ့ပေ။ မနေ့ညကလိုပင် သူနဲ့ဖေးယိက AC စောင်၏အောက်မှာ တစ်ဖက်တစ်ချက်စီ လဲလျောင်းလိုက်ကြသည်။

ဖေးယိက ခေါင်းရင်းကို တိုးကာ ကုတင်ဘေးမီးအိမ်ကို ပိတ်လိုက်သည်။

ကလစ်

အခန်းထဲရှိ အလင်းရောင် ပျောက်ကွယ်သွားသည်နှင့် ပေါ်ယွဲ့မင်က သူ့အမြင်အာရုံရှိ အလင်းစက်များ ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။ ပတ်ဝန်းကျင်ရှိ အပြောင်းအလဲများကို သိရှိခံစားနိုင်ခြင်းက သူ့အတွက် ကောင်းမွန်သောအရာဖြစ်လေသည်။

ပေါ်ယွဲ့မင်က စိတ်သက်သာရာရသွားပြီး စကားစပြောလိုက်သည်။ “ဖေးယိ… ကောင်းသောညပါ။”

အမှောင်ထဲတွင် ဖေးယိက အနည်းငယ် အံ့သြသွားသော်လည်း ယဥ်ယဥ်ကျေးကျေး တုံ့ပြန်လိုက်သည်။ “ကောင်းသောညပါ…အာ့ကော”

အိပ်ခန်းက တိတ်ဆိတ်သွားသည်။

ပေါ်ယွဲ့မင်က ယနေ့ည အိပ်ဖို့ အလျင်မလိုပေ။ ဖေးယိက သူ့ကို ခေါင်းအုံးတစ်လုံးလို ဆက်ဆံလာရင် သူဘာလုပ်သင့်သလဲဟု တွေးနေ၏။

နှစ်ယောက်လုံး၏ ပေါ့ပါးသော အသက်ရှူသံက လှိုင်းထနေကာ မှောင်မိုက်သောည၌ ရောထွေးသွားခဲ့သည်။

ထို့နောက် ဖေးယိက ပထမခြေလှမ်းကို စတင်ကာ ငြိမ်းငြိမ်းချမ်းချမ်း အိပ်ပျော်သွားခဲ့၍ မနေ့ညက အခြေအနေမျိုး ထပ်မဖြစ်ခဲ့ပေ။

အချိန်အကြာကြီးစောင့်နေပြီးမှ ပေါ်ယွဲ့မင်က ဘယ်ဘက်သို့ ဖြည်းညှင်းစွာလှည့်လိုက်သည်။ သူက မျက်လုံးဖွင့်ကာ အမှောင်ထုကို စိုက််ကြည့်လိုက်ပြီး သူကိုယ်တိုင်တောင် သတိမထားမိသော စိတ်ပျက်မှုက သူ့ရင်ထဲသို့ ရောက်ရှိလာခဲ့သည်။

ဒီလူ…

ဒီည ဘာလို့ ရိုးရိုးသားသား အိပ်သွားတာလဲ?

. . . . . .

ပေါ်ယွဲ့မင်နှင့် သူ့အဖွဲ့က အပန်းဖြေအိမ်ကြီးတွင် သုံးရက်အကြာ တည်းခိုခဲ့သည်။  နောက်ဆက်တွဲ ရုပ်ပိုင်းဆိုင်ရာကုထုံးအတွက်မူ သူက အင်ပါယာမြို့တော်ရှိ ပုဂ္ဂလိကဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းတွင် ဆက်လက်လုပ်ဆောင်ဖို့ ရွေးချယ်နိုင်ပြီး ပေါမောက္ခလင်းက သူ့ဆီလာရောက်ပြီး ကူညီညှိနှိုင်းပေးမည်ဖြစ်၏။

ပေါ်ယွဲ့မင်၊ ဖေးယိနှင့် တခြားလူများက နေ့လည်နှစ်နာရီတွင် ဗီလာသို့ ပြန်ရောက်လာပြီး အားလုံး သက်ပြင်းမချနိုင်ခင်မှာ ဧည့်သည်တစ်ယောက်က မဖိတ်ခေါ်ပဲ ရောက်လာခဲ့သည်။

“ယွဲ့မင်… ဒီရက်တွေမှာ မင်းဘယ်ရောက်နေတာလဲ? ငါ မင်းပြန်လာတာကို စောင့်နေတာ။”


ပေါ်ကွမ်းချန်က ဗီလာ၏ ပင်မခန်းဆီသို့ တည့်တည့်လျှောက်လာသည်။ သူ့မျက်လုံးများက ဦးလေးခိုင် မဖြည်ရသေးသော ခရီးဆောင်အိတ်ဆီ ရောက်နေပြီး သူ့မျက်နှာပေါ်တွင် လှောင်ပြောင််ရိပ်တစ်ခု ပေါ်လာသည်။


ပေါ်ယွဲ့မင်က သူ့အသံကို အလွယ်တကူ ခွဲခြားသိနိုင်ပြီး တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။ “သာ့ကောက ကျွန်တော့်ကို ဘာလို့ရှာနေတာလဲ? အိမ်မှာဘာမှလုပ်စရာမရှိလို့ ဖေးယိအပျင်းပြေအောင် အပြင်ခေါ်သွားရုံပါ။”

“တကယ်လား?”

အခြေအနေကို စုံစမ်းပြီးသော ပေါ်ယွဲ့မင်က သူ့စကားများကို မယုံကြည်သလို ရယ်သံသဲ့သဲ့ဖြင့် ပြောလိုက်လေ၏။ “ဒုတိယညီက သိကျင်းဆေးရုံရဲ့ ရောဂါလက္ခဏာတွေကို မယုံလို့ တခြားဆရာဝန်တစ်ယောက်ဆီမှာ သွားကုနေတာထင်တယ်။”


တစ်ယောက်ယောက်ကိုရှာတော့ ဘာအသုံးဝင်လဲ?”

ကုသနိုင်ခဲ့ရင် နှစ်ရက်သုံးရက်နဲ့ အရှက်ကွဲပြီး ပြန်လာပါ့မလား?

ဖေးယိက ပေါ်ကွမ်းချန်၏ အမူအရာကို မခံမရပ်နိုင်ဖြစ်ပြီး သူ့ကို လေးစားသမှုပြရန် စိတ်ထဲကနေ လက်ခလယ်ထောင်ပြလိုက်သည်။

ပေါ်ယွဲ့မင်က စိတ်ပျက်အားငယ်မှုနှင့် အင်အားမဲ့မှုတို့ကို အချိန်ကိုက်ထုတ်ပြကာ ချက်ချင်းပင် တက်ကြွသည့် ပုံစံဖြင့် မေးလိုက်သည်။ “သာ့ကော ကျွန်တော့်ကို ဘာလို့လာတွေ့တာလဲ?”

“အရေးကြီးကိစ္စရှိလို့ပါ။”

ပေါ်ကွမ်းချန်က အနားကပ်လာပြီး သူ့လက်ထဲကို ဖိတ်စာတစ်စောင် ထည့်ပေးလာသည်။ “ယွမ်တိ စီးပွားရေးခရိုင်က အစိုးရဦးဆောင်တဲ့ ပရောဂျက်က ငါတို့မိသားစုလက်ထဲ အောင်အောင်မြင်မြင် ရောက်လာခဲ့တယ်။ အဘိုးက အရမ်းကျေနပ်နေတယ်။”

“…….”

ပေါ်ကွမ်းချန်က ပြုံးလိုက်ပြီး ခေါင်းဆောင်တစ်ယောက်၏ လေသံဖြင့် ဖိတ်ခေါ်လိုက်သည်။ “ဒီအပတ်မှာ ပရောဂျက်အဖွဲ့ရဲ့ ဝန်ထမ်းတွေကို ဆုချဖို့ အောင်ပွဲခံအခမ်းအနားတစ်ခု ကျင်းပဖို့ပြင်ထားတယ်။ တခြားနယ်ပယ်တွေမှာ ပရောဂျက်တိုးချဲ့ဖို့ အခွင့်အရေးရှိမရှိ သိရအောင် လုပ်ငန်းရှင်ကြီး တချို့ကိုလည်း ဖိတ်ခေါ်ထားတယ်။ မင်းတက်ချင်လား?”

ဘေးမှာရပ်နေသော လက်ထောက်လင်းကျုံးက အမူအရာပြောင်းသွားသည်။ သူက ထိန်းချုပ်ထားရသော်လည်း ပေါ်ယွဲ့မင်အတွက် စိတ်မကောင်းဖြစ်မိသည်။

ယွမ်တိစီးပွားရေးခရိုင်ရှိ ပရောဂျက်က လွန်ခဲ့သည့်နှစ်နှစ်မှာ အင်ပါယာမြို့တော် အသိုင်းအဝိုင်း၏ ပထမဦးစားပေးဖြစ်ခဲ့သည်။ ပေါ်ယွဲ့မင်က အစောပိုင်းအဆင့်တွင် ၎င်းကို အပြည့်အဝတာဝန်ယူထားပြီး ပထမအကြိမ် လေလံဆွဲရာမှာပင် အသာစီးရခဲ့သည်။

ရလဒ်အနေဖြင့် ပေါ်ယွဲ့မင်၏ မျက်စိမတော်တဆဖြစ်ပြီး သိပ်မကြာခင်မှာ ပေါ်သခင်ကြီးက ပရောဂျက်ကို ပေါ်ကွမ်းချန်ထံသို့ လွှဲပြောင်းပေးခဲ့သည်။

ပေါ်ယွဲ့မင် အကောင်းဆုံးကြိုးပမ်းခဲ့သည်မှာ ထင်ရှားသော်လည်း အဆုံးမှာ ပေါ်ကွမ်းချန်က အကျိုးကျေးဇူးများနှင့် ဂုဏ်ပုဒ်တို့ကို သိမ်းပိုက်သွားခဲ့သည်။ လင်းကျုံးက ယင်းကိုမြင်၍ စိတ်မကောင်းဖြစ်မိသည်။


ပေါ်ကွမ်းချန်က ဖိတ်စာကို ပေါ်ယွဲ့မင်၏ လက်ထဲသို့ထည့်ပေးကာ ၎င်းအတွက် ဂုဏ်တင်မခံချင်သလို ဟန်ဆောင်လိုက်သည်။ “ယွဲ့မင်.. မင်းက ဒီပရောဂျက်မှာ အများကြီးကြိုးစားပေးခဲ့တာပါ။ ပြီးတော့ ဒီပွဲက မင်းမရှိလို့မဖြစ်ဘူးလို့ ထင်မိတယ်။”

သူက စကားပြောကောင်းသည်။

ဒါက ပွဲစီစဥ်သူအဖြစ် ဖိတ်ခေါ်နေတာလား? ကြွားလုံးထုတ်နေတာလား?

ပေါ်ယွဲ့မင်က ဖိတ်စာကို လက်ချောင်းထိပ်ဖြင့် ဆုပ်ကာ ပေါ့ပေါ့တန်တန် ယူလိုက်သည်။ “သာ့ကောရဲ့ စဥ်းစားပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော် သေချာပေါက် လာခဲ့မယ်။”