Chapter 27
ဖေးယိက ငွေရှာရန် ပြတ်သားသော ပန်းတိုင်တစ်ခု ချမှတ်ခဲ့သည်။ ဂိမ်းအသေးအစားများမှ ရန်ပုံငွေစုဆောင်းခြင်းအပြင် သူ့ကိုယ်ပိုင်ဆုံးဖြတ်ချက်များ ချလို့ရသည့် ဂိမ်းကုမ္ပဏီတစ်ခုကိုလည်း ပိုင်ဆိုင်ရမည်။
ကုမ္ပဏီတစ်ခုလုံးကို သူတစ်ယောက်တည်း တည်ဆောက်ဖို့က နှေးကွေးပြီး ခက်ခဲလွန်းသည်။ ထို့အပြင် စနစ်ကို ပြီးပြည့်စုံစေသော ကုမ္ပဏီကြီးများကို ရှာရာတွင် ဆုံးရှုံးမှုများ ခံစားရနိုင်သည်။ လက်ရှိတွင် လီယွမ်က အကောင်းဆုံးမဟာမိတ် ရွေးချယ်မှုဖြစ်၏။
ဒေဝါလီခံခါနီး ဂိမ်းကုမ္ပဏီဖြစ်တော့ရော ဘာအရေးလဲ? ၎င်း၏ခွန်အားက လုံလုံလောက်လောက် ကောင်းနေသရွေ့ ပြန်ကောင်းလာနိုင်သေးသည်။
လီယွမ်က စခရင်ကို သေချာထပ်ကြည့်လိုက်သည်။ “လိုအပ်ချက်အတိအကျက ဘာတွေလဲ? မစ္စတာ Will က ကျွန်တော့်ကို အမှန်အတိုင်းပြောဖို့ ဆန္ဒရှိနေတော့ ဒါက “တခြားသူတွေကို ကူညီပေးမယ်”လို့ ဆိုလိုတာ မဟုတ်ဘူးလား?”
ဖေးယိက တည့်တိုးဆန်သော လူများနှင့် စကားပြောရတာကို သဘောကျတာကြောင့် သူက ဘာကိုမှမဖုံးကွယ်ထားခဲ့ပေ။ “နောက်ဆုံးမြူ”ရဲ့ ဖွဲ့စည်းပုံအတွဲလိုက်က ကျွန်တော့်စိတ်ထဲမှာပဲရှိတာ။ ကျွန်တော် မစ္စတာလီကိုပြလိုက်တာက အပေါ်ယံလေးပဲ”
“မစ္စတာလီက ပူးပေါင်းဆောင်ရွက်ချင်တယ်ဆိုရင် ကျွန်တော်က ကနဦး ဖွံ့ဖြိုးတိုးတက်ရေးကနေ စပြီး “နောက်ဆုံးမြူ”ရဲ့ အဓိကထုတ်လုပ်သူအဖြစ် တာဝန်ထမ်းဆောင်ပေးမယ်။ ဒီဇိုင်းနဲ့ ဇာတ်ကြောင်းအားလုံးကို အွန်လိုင်းကနေ ကိုင်တွယ်ပေးမယ်။ ကျွန်တော့်အလုပ်ချိန်က အလကားပေးမှာပါ။”
“ဒါပေမယ့် ကနဦးရင်းနှီးမြှုပ်နှံမှုကနေ ကုန်ကျစရိတ်သုံးစွဲမှုတွေဖြစ်တဲ့ ဝန်ထမ်းခေါ်ယူမှု၊ နည်းပညာပံ့ပိုးကူညီမှု၊ နောက်ဆက်တွဲလုပ်ဆောင်ချက်တွေနဲ့ လူထုကြားဖြန့်ချိမှုတွေကိုတော့ ကျွန်တော်တာဝန်မယူနိုင်ဘူး။”
“…ပရောဂျက် ကျရှုံးသွားရင်တော့ ကျွန်တော့်ဘက်က ဆုံးရှုံးမှုတစ်ဝက်ကို လျော်ကြေးပေးပါမယ်။”
“ဆန့်ကျင်ဘက်အနေနဲ့ အနာဂတ်မှာ ဗားရှင်း2.0 ထွက်လာရင်တော့ ပထမအချက်အနေနဲ့ ကျွန်တော့်ခွင့်ပြုချက်မရှိပဲ မူပိုင်ခွင့်ကို ပြန်မရောင်းရဘူး။ ဒုတိယအချက်က ကျွန်တော် ဒီပရောဂျက်မှာ ရှယ်ယာရှင်ဖြစ်ရင် ရှယ်ယာတန်ဖိုးများရမယ်။ မနည်းရဘူး။ အသေးစိတ်ကိုတော့ နောက်မှဆွေးနွေးမယ်။”
သူသည် တခြားသူများအတွက် စျေးကွက်ဖွင့်ပေးရန် သူ၏ကိုယ်ပိုင်ကြိုးစားအားထုတ်မှုကို အခမဲ့အသုံးပြုကာ အကျိုးကျေးဇူးများကို ရိတ်သိမ်းဖို့ နောက်ပိုင်းအဆင့်ထိ စောင့်ရပေမည်။ ဟုတ်ပါ၏။ သူက ပရောဂျက်အလယ်မှာ လီယွမ်၏ စာချုပ်ချိုးဖောက်နိုင်ချေကို ရင်ဆိုင်ရနိုင်သည်။
ဤပူးပေါင်းဆောင်ရွက်မှု၏ အနှစ်သာရက လောင်းကစားတစ်ခုလိုပင်။ သူ့မှာ အနိုင်ရဖို့ ခွန်အားနှင့် အရှုံးကိုလက်ခံဖို့ သတ္တိရှိကြောင်း ဖေးယိကအခိုင်အမာယုံကြည်သည်။
ကောင်းကင်ကြီးက တဖြည်းဖြည်းမှောင်လာသည်။
လီယွမ်က ဤရှည်လျားပြီး ပြတ်သားသော ပူးပေါင်းဆောင်ရွက်မှု လိုအပ်ချက်များကို မလှုပ်မယှက် အချိန်အတော်ကြာ စိုက်ကြည့်နေခဲ့သည်။ စီးကရက်က သူ့လက်ချောင်းကို အပူဟပ်သွားမှ သူ ရုတ်တရက် သတိပြန်ဝင်လာသည်။
ဘုရားသခင်…
ဒါက သာမန်ပူးပေါင်းဆောင်ရွက်မှု ဟုတ်ပါ့မလား?
တစ်ဖက်လူက “နောက်ဆုံးမြူ”ပရောဂျက်ကို အားကိုးကာ သူတို့၏ “အရုဏ်ဦး”ဂိမ်းထဲမှာ နေရာတစ်ခုယူချင်တာ သိသာသည်။
လီယွမ်က ဤဂိမ်းပရောဂျက်၏ ဖြစ်နိုင်ချေကို တခြားသူများထက် ပိုသိသည်။ သူက နီရဲနေသော လက်ချောင်းထိပ်များကို ပွတ်သပ်ကာ အချိန်အတော်ကြာ ငြိမ်သက်နေပြီးမှ စာတစ်ကြောင်းရိုက်လိုက်သည်။
“ငါ့ကို စဥ်းစားခွင့်ပေးပါ”
“တစ်ပတ်ရမယ်၊ ဒီထက်ပိုမစောင့်နိုင်ဘူး။”
ဖေးယိက လီယွမ် လွယ်လွယ်ကူကူ သဘောတူမည်မဟုတ်ကြောင်း မှန်းဆပြီးသားဖြစ်၍ သတ်မှတ်ရက်ကို အမြန်ပို့ပေးပြီးနောက် သူက မတ်တပ်ရပ်ကာ အကြောဆန့်လိုက်ပြီး တံခါးဖွင့်ကာ အောက်ဆင်းသွားသည်။
လေထုက စားစရာရနံ့နှင့် ပြည့်နှက်နေပြီး အလုပ်ကိစ္စပြီးသွားသော ပေါ်ယွဲ့မင်နှင့် လင်းကျုံးတို့က ထမင်းစားခန်းထဲတွင် နေရာယူထားသည်။ တစ်ယောက်က သူ့ကို သတိထားမိသွားသည်။ “သခင်ငယ်လေး… အမြန်လာပါ”
မူလက သူ့ကိုခေါ်ရန် အပေါ်တက်ဖို့ စီစဥ်ခဲ့သည့် ဦးလေးခိုင်က ပြုံးပြလိုက်သည်။ “ငါတို့သခင်ငယ်လေး… အနံ့ရလို့ဆင်းလာတာဖြစ်မယ်။”
ဖေးယိက သူ့ဗိုက်ထဲရှိ ဆန္ဒပြသံကို ခံစားမိ၍ နာခံဟန်ဆောင်လိုက်သည်။ “..... ဗိုက်အရမ်းဆာတယ်။”
ပေါ်ယွဲ့မင်၏ မျက်လုံးများ မသိမသာ လှုပ်ခတ်သွားသည်။ “ထိုင်ပြီးစားတော့”
စားပွဲထောင့်မှာ ပေါ်ကွမ်းချန် ပေးသွားသော ဖိတ်စာကို ချထားဆဲဖြစ်၏။ ဖေးယိက ပွဲကျင်းပမည့် လိပ်စာနှင့်အချိန်ကို အမြန်ကြည့်လိုက်သည်။ နောက်စက္ကန့်မှာတော့ ဦးလေးခိုင်က ၎င်းကို ရွံရှာစွာဖယ်ထုတ်လိုက်၏။
“ဒုတိယသခင်လေး… ဒီဖိတ်စာကို သိမ်းထားချင်လား?”
ပေါ်ယွဲ့မင်က မျက်လွှာချကာ စွပ်ပြုတ်တစ်ငုံသောက်လိုက်၏။ “ပစ်လိုက်”
“ဦးလေးခိုင်က ၎င်းကို ဘောလုံးလိုဆုပ်နယ်ပြီး ဘေးကအမှိုက်ပုံးထဲ ပစ်ချလိုက်သည်။ ဘယ်ဖိတ်စာကို သူလိုလို့လဲ? ပရောဂျက်ကို ကိုယ်တိုင်ကိုင်တွယ်နိုင်တဲ့ သခင်လေးကို ဘယ်သူတားရဲသလဲ?
လက်ထောက်လင်းကျုံးက အံ့အားသင့်သွားသည်။ “မစ္စတာပေါ်… ခင်ဗျား မသွားဘူးလား?”
“သွားမှာ”
ဤပရောဂျက်တွင် သူ၏ ၇လ ၈လစာ ကြိုးစားအားထုတ်မှုများ ပါရှိသဖြင့် ပေါ်ကွမ်းချန်တစ်ယောက်တည်းကို လူကောင်းဖြစ်ခွင့်မပေးနိုင်ပေ။
“အွမ်း”
ဖေးယိက ကြက်ဥနို့ပေါင်း တစ်ဇွန်းကို ခပ်ယူဖို့ အာရုံစိုက်လိုက်သည်။
ယင်းအသံကြားတော့ ပေါ်ယွဲ့မင်က မော့ကြည့်ကာ မေးလိုက်၏။ “ဖေးယိ… မင်းငါနဲ့လိုက်ချင်လား? ဒါမှမဟုတ် အိမ်မှာနေခဲ့မလား?”
ပေါ်ယွဲ့မင် သူ့ဆန္ဒကို ရုတ်တရက်မေးလာမည်ဟု ဖေးယိ မထင်ထားခဲ့တာကြောင့် သူက ဇွန်းကိုချကာ ဇာတ်ကြောင်းကို ပြန်စဥ်းစားလိုက်သည်။
မူရင်းဇာတ်ကြောင်းက ဤအခမ်းအနားပွဲ၌ သိပ်အာရုံမထားပေ။ ပေါ်နှင့်ဖေးတို့၏ စီးပွားဖက်ဆက်ဆံရေးကြောင့် ဖေးဟွမ်ကလည်း ဤဧည့်ခံပွဲကို တက်ရောက်ရန် ဖိတ်ကြားခံရပြီး သူက နောက်ခံကြီးမားသော ကုန်သည်ကြီးများအသင်းမှ ဥက္ကဋ္ဌတစ်ဦးကို အပိုင်ဖမ်းနိုင်ခဲ့၍ ပူးပေါင်းဆောင်ရွက်မှုကြီး တစ်ခုကို ရရှိခဲ့သည်။
ထို့အပြင် သူက မျက်စိရောဂါနှင့် အဆင်မပြေဖြစ်နေသော ပေါ်ယွဲ့မင်ကိုလည်း ကူညီပေးခဲ့ပြီး ယင်းကြောင့် သူက အနှီလူထံမှ မျက်နှာသာပေးမှု အနည်းငယ်ကို ရရှိခဲ့သည်။
“သခင်ငယ်လေး? ဒုတိယသခင်လေးက တစ်ခုခုမေးနေတယ်။” ဦးလေးခိုင်က ဖေးယိအတွက် ခေါင်ရန်းဟင်းချိုတစ်ခွက် ယူပေးပြီး တိုးတိုးလေး သတိပေးလိုက်သည်။ “အိမ်မှာနေပြီး အနားယူမလား?”
ယခင်တစ်ခေါက် ဧည့်ခံပွဲ၌ ဖေးယိက အနိုင်ကျင့်ခံရလုနီးပါးဖြစ်ခဲ့ပြီး ယင်းက ဦးလေးခိုင်ကို ထိတ်လန့်စေခဲ့သည်။
ဖေးယိက မူရင်းဇာတ်လမ်းကို လိုက်ကြည့်ဖို့ ပြင်လိုက်ပြီး ခေါင်းခါပြလိုက်လေ၏။ “ကျွန်တော်လည်း လိုက်မယ်။”
ပေါ်ယွဲ့မင်က သဘောတူလိုက်သည်။ “မင်းသွားချင်ရင်သွား”
ဖေးယိက ခေါင်းညိတ်ပြကာ ရုတ်တရက် စိတ်ကူးအသစ် ထွက်ပေါ်လာသည်။ “ခင်ဗျား….ခင်ဗျား…သူငယ်ချင်းလည်း သွားမှာလား?”
“သူငယ်ချင်း?”
ပေါ်ယွဲ့မင်က အသိပြန်ဝင်လာသည်။ “ယန်စမ်းကို ပြောတာလား?”
ဖေးယိက ပြန်ဖြေသည်။
“ပေါ်ကွမ်းချန် ကျင်းပတဲ့ အခမ်းအနားပွဲဖိတ်စာက သူ့ဆီမရောက်လောက်ဘူး။” ပေါ်ယွဲ့မင်က တည်တည်ငြိမ်ငြိမ် စွပ်ပြုတ်တစ်ဇွန်းသောက်ကာ မေးလိုက်သည်။ “ဘာလို့ ယန်စမ်းအကြောင်း မေးနေတာလဲ?”
“…….”
ဤအခမ်းအနားပွဲ၏ ဇာတ်လမ်းဖော်ပြချက်မှာ ယန်စမ်းမပါဝင်ကြောင်း ဖေးယိမှတ်မိတာကြောင့် ပေါ်ယွဲ့မင်၏ ဖိတ်ခေါ်မှုကနေ သူ တစ်ဖက်လူကို ပါဝင်စေချင်တာဖြစ်၏။
ပေါ်ယွဲ့မင်၏ မေးခွန်းကြောင့် ဖေးယိက အကြောင်းပြချက်ကို တိုက်ရိုက်မရှင်းပြနိုင်ခဲ့ပေ။ စက္ကန့်အနည်းငယ်မျှ တုံ့ဆိုင်းနေပြီးနောက် သူက အရူးတစ်ယောက်အဖြစ် အပေါ်ယံဆန်ပေမယ့် ကျိုးကြောင်းသင့်သည့် ဆင်ခြေတစ်ခုကို ပေးလိုက်သည်။
“သူက အရမ်းကြည့်ကောင်းတယ်”
“…….”
ဇွန်းကိုင်ထားသော ပေါ်ယွဲ့မင်၏ ညာလက်က တင်းကျပ်သွားပြီး ပြန်လည်ဖြေလျော့လိုက်သည်။ ဇွန်းက အောက်ပြုတ်ကျပြီး ဘန်းကနဲ ပန်းကန်လုံးနှင့် တိုက်မိကာ အရည်များ စင်သွားခဲ့သည်။
ဦးလေးခိုင်က တစ်ရှူးအမြန်ကမ်းပေးလိုက်သည်။ “ဒုတိယသခင်လေး… ပူသွားသေးလား?”
ပေါ်ယွဲ့မင်က သူ့လက်ပေါ်က စိုစွတ်မှုကို ဖြည်းဖြည်းချင်းသုတ်ကာ မျက်လွှာချပြီး အပြုံးမမည်သော အပြုံးတစ်ခုပေးလိုက်သည်။ “အရမ်းကြည့်ကောင်းတယ်? ဒါကြောင့် သူ့ကို ထပ်တွေ့ချင်တာလား?”
ဦးလေးခိုင်နှင့် လင်းကျုံးက အကြည့်ဖလှယ်ပြီး နှုတ်ဆိတ်နေဖို့ လိမ္မာပါးနပ်စွာ ရွေးချယ်လိုက်သည်။ ပေါ်ယွဲ့မင်နှင့် အချိန်အတော်ကြာ ရှိနေခဲ့၍ သူတို့က ပုံမှန်မဟုတ်သော သိမ်မွေ့မှုအရိပ်အမြွက်ကို သတိထားမိသည်။
ဖေးယိက ပေါ်ယွဲ့မင်၏ မေးခွန်းကို တွေးတောရင်း ရုတ်တရက် သဘောပေါက်သွားပေမယ့် သဘောပေါက်မှုက မှားယွင်းနေခဲ့သည်။
အို ငါနားလည်ပြီ!
သူက ပေါ်ယွဲ့မင်ကို စိတ်ရင်းဖြင့် ချီးကျူးရန် ဤစကားလုံးများကို သုံးခဲ့ဖူးသည်။ ယောကျာ်းလေးတွေက ရင်းနှီးသော သူငယ်ချင်းဆိုလျှင်ပင် ပြိုင်ဆိုင်လိုစိတ် အနည်းနဲ့အများတော့ ရှိသည်။ ထိုထက်ပိုသည်မှာ မူရင်းစာအုပ်ထဲမှာ အမျိုးသားဇာတ်လိုက်နှင့် ဗီလိန်ကြီးက ကဏ္ဍပေါင်းစုံမှာ တူညီနေ၏။
ဖေးယိက လိမ္မာရေးခြားရှိသလို ခပ်မြန်မြန်ဟန်ဆောင်ကာ စကားပြန်ပြင်လိုက်သည်။ “အာ့ကောက ပိုကြည့်ကောင်းတာပါ။”
“…….”
အာ့ကောဆိုသည့် အသံမှာ နူးညံ့နေပြီး ၎င်းက စိတ်ရင်းဖြစ်ပုံရသည်။
ပေါ်ယွဲ့မင်က သူ၏ မယုံကြည်နိုင်စရာကောင်းသော စိတ်ခံစားချက်ကို ထိန်းချုပ်ကာ သူ့မျှော်လင့်ချက်များကို ချိုးဖျက်လိုက်သည်။ “ယန်စမ်းက အရင်နှစ်ရက်လောက်က တခြားပြည်နယ်တစ်ခုကို သွားလို့ ပြန်မလာနိုင်သေးဘူး။”
ဖေးယိက “အို့”လို့ပြောပြီး အတင်းမလုပ်ခိုင်းတော့ပေ။
ဇာတ်လိုက်ယန်စမ်းက မူရင်းဝတ္ထု၏ ဤအပိုင်းမှာ မပါဝင်တာ အံ့သြစရာမရှိတော့ပေ။ ဒီတော့ တစ်ခုခုကြောင့်များ နောက်ကျနေတာလား?
တကယ်တော့ သူက လီယွမ်နှင့် ယန်စမ်းကို တွေ့စေချင်တာဖြစ်၏။ ဖြစ်ချင်တော့ လီယွမ်၏ ကုမ္ပဏီက ရင်းနှီးမြှုပ်နှံမှု လိုအပ်နေပြီး ပေါ်ယွဲ့မင်နှင့် ယန်စမ်းမှာ ကိုယ်ပိုင်ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတစ်ခုရှိလေသည်။ “နောက်ဆုံးမြူ” ပရောဂျက် အဆင်ပြေလျှင် သူတို့က ကနဦးရန်ပုံငွေအတွက် တံတားတစ်စင်း တည်ဆောက်ပေးနိုင်လိမ့်မည်။
သို့သော် လီယွမ်က လက်မခံသေးတာကြောင့် လောလောဆယ်မှာ ရန်ပုံငွေမြှင့်တင်ဖို့ အလျင်မလိုပေ။
ဖေးယိ အဘယ်ကြောင့် အများကြီး တွေးတောနေသလဲ ပေါ်ယွဲ့မင် မသိတာကြောင့် ခေါင်းစဥ်အမြန်ပြောင်းလိုက်လေသည်။ “ကောင်းပါပြီ။ စားရအောင်”
၎င်းကိုကြားတော့ တစ်ဖက်ခြမ်းရှိ လင်းကျုံးက ခေါင်းကို တိတ်တဆိတ် ငုံ့ထားလိုက်လေသည်။
ငရဲလိုပဲ!
မဖြစ်နိုင်တာ!
ဥက္ကဋ္ဌယန် ဘယ်တုန်းက ခရီးထွက်သွားလို့လဲ?
မစ္စတာပေါ် သဝန်တိုနေလို့ အရူးလေးကို တမင်တကာ လှည့်စားလိုက်တာပဲ ဖြစ်ရမယ်!
. . . . . .