Chapter 28
မျက်စိတစ်မှိတ်အတွင်း တနင်္ဂနွေရောက်လာခဲ့သည်။
ပြီးခဲ့သည့် မွေးနေ့ပွဲလိုပင် ဤတစ်ကြိမ် ဧည့်ခံပွဲကို ထိုဟိုတယ်၌ပင် ကျင်းပခဲ့သည်။ ပေါ်ယွဲ့မင်နှင့် သူ့လူတွေက စားပွဲထိုး၏ လမ်းညွှန်မှုအောက်တွင် ဆယ့်သုံးထပ်ရှိ ဧည့်ခန်းမထဲသို့ တန်းတန်းမတ်မတ် လျှောက်သွားခဲ့သည်။
ပြီးခဲ့သည့် မွေးနေ့ပွဲ၏ ခမ်းနားမှုနှင့်ယှဥ်လျှင် ဤတစ်ခေါက် အပြင်အဆင်က ပို၍ရိုးရှင်းပြီး ပြေပြစ်လှကာ ဖိတ်ကြားခံရသော လူအများစုမှာ ယွမ်တိပရောဂျက်အဖွဲ့၌ အလုပ်ကြိုးစားပေးခဲ့သူများ ဖြစ်လေသည်။
အားလုံးက မတွေ့ရတာကြာပြီဖြစ်သော ပေါ်ယွဲ့မင်ကို တွေ့သောအခါတွင် အံ့အားသင့်နေပြီး အနည်းငယ် အားတုံ့အားနာဖြစ်နေခဲ့သည်။
အတိတ်တွင် ပေါ်ယွဲ့မင်က အလုပ်၌ ညှာတာမှုကင်းမဲ့စွာ တင်းကြပ်သော်လည်း သူ ပြဿနာတစ်ခုကို ထောက်ပြတိုင်း ဦးခေါင်းထဲ သံရိုက်သွင်းလိုက်သလိုပင် ဖြစ်၏။** ပရောဂျက်အဖွဲ့တစ်ခုလုံးတွင် သူ့ကို ခေါင်းဆောင်အဖြစ် အသိအမှတ်မပြုသော လူတစ်ဦးမှ မရှိပေ။
(** တိုတိုနဲ့ လိုရင်း ထိမိအောင်ပြောခြင်း၊ အဖြေ လိုတိုရှင်းထုတ်ပေးခြင်းတို့ကို ပြောတာပါ)
နောက်တော့ ပရောဂျက်၏ နောက်ဆုံးအဆင့်ရောက်ခါနီး၌ ပေါ်ယွဲ့မင်က ရုတ်တရက် ကားမတော်တဆမှုဖြစ်ပြီး ပရောဂျက်လုပ်ပိုင်ခွင့်များကို ပေါ်ကွမ်းချန်၏လက်ထဲသို့ နှောင့်နှေးခြင်းမရှိပဲ လွှဲပြောင်းပေးခဲ့ရသည်။
ပရောဂျက်အဖွဲ့ဝင်များက ပေါ်မိသားစုအတွင်းရှိ လှည့်ကွက်များကို သတိမထားမိပေမယ့် ပေါ်ကွမ်းချန်က ကွက်လပ်ပေါက်တစ်ခုမှ တိုးဝင်လာခဲ့ပြီး ယခုချိန်မှာ တခြားလူများ၏ ချွေးမြေကျလုပ်အားအတွက် အမှတ်ယူနေကြောင်းကိုတော့ အားလုံးက ခံစားမိခဲ့သည်။
ပတ်ဝန်းကျင်က မျက်လုံးများမှာ ရစ်ဝဲနေပြီး အရောင်တောက်ဝတ်စုံနှင့် သေသပ်သော ဆံပင်စတိုင်ဖြင့် ပေါ်ကွမ်းချန်က အခမ်းအနားပွဲရှင်တစ်ယောက်၏ ကိုယ်နေဟန်ထားနှင့် လျှောက်လာလေသည်။ “ယွဲ့မင်…မင်းရောက်နေပြီပဲ”
ထိုအပြောနှင့်အတူ သူက ဖေးယိ၏မျက်နှာကို ထပ်ကြည့်ကာ အတန်ငယ် အံ့သြသွားသည်။ “သခင်ငယ်လေးပါ လိုက်လာမယ်လို့ မထင်ထားဘူး။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီနေ့ဖေးဟွမ်လည်းရောက်နေတယ်။”
ပေါ်ယွဲ့မင်နှင့် ဖေးယိကြားရှိ အိမ်ထောင်ရေးက ပေါ်နှင့်ဖေးမိသားစုကြားတွင် တံတားတစ်စင်း တည်ဆောက်ပေးခဲ့ခြင်းဖြစ်၍ ပေါ်ကွမ်းချန်နှင့် ဖေးဟွမ်က သူတို့မိဘများ၏ စီစဥ်မှုအောက်တွင် ရေရှည်ပူးပေါင်းဆောင်ရွက်မှု၏ ခေါင်းဆောင်များ ဖြစ်လာကြသည်။
နတ်ဆိုးအကြောင်းပြောနေစဥ် နတ်ဆိုးရောက်လာခဲ့သည်။
ဖေးဟွမ်က ဝတ်စုံပြည့်နှင့် သားရေဖိနပ်ဝတ်ထားသော လူလတ်ပိုင်းအမျိုးသားတစ်ယောက်ကို ခေါ်လာပြီး ပေါ်ကွမ်းချန်နှင့် အကြည့်ချင်းဆုံသွားစဥ် သူက သူ့ဘေးကလူနှင့်အတူ လျှောက်လာခဲ့လေသည်။ “ဥက္ကဋ္ဌစွင်း… မိတ်ဆက်ပေးပါရစေ”
“ဒါက ပေါ်ဂရုရဲ့ လက်ရှိ အထွေထွေမန်နေဂျာ ပေါ်ကွမ်းချန်ပါ။ ယွမ်တိပရောဂျက်ကို သူဦးဆောင်တာပါ။”
ထိုစကား၏ ဒုတိယတစ်ဝက် ထွက်ပေါ်လာသည်နှင့် အနီးနားရှိ လူများမှ မတူညီသော အမူအရာများ ထွက်ပေါ်လာသည်။
ပေါ်ကွမ်းချန်က ပေါ်ယွဲ့မင်ကို အပြုံးတစ်ခုဖြင့်ကြည့်ကာ လက်တစ်ဖက် ဆန့်ပေးလိုက်သည်။ “ဥက္ကဋ္ဌစွင်း… မင်္ဂလာပါ။ ကျွန်တော် ခင်ဗျားနဲ့ တွေ့ချင်နေခဲ့တာပါ။”
စွင်းယဲ့လုံက ဂျာမနီရှိ တရုတ်ကုန်သည်ကြီးများအသင်း၏ ဥက္ကဋ္ဌဖြစ်သည်။ နိုင်ငံရပ်ခြားမှာ နှစ်အတော်ကြာနေလာတာကြောင့် သူက ပေါ်ဂရု၏ ထိပ်တန်းစီမံခန့်ခွဲရေးမှ အပြောင်းအလဲများကို သေချာမသိပေမယ့် အစိုးရထောက်ပံ့ပေးထားသော ယွမ်တိပရောဂျက်အကြောင်း ကြားလိုက်ရသော် သူက ပေါ်ကွမ်းချန်ကို အလေးထားဆက်ဆံလိုက်လေသည်။
“မစ္စတာပေါ်က ငယ်ငယ်ရွယ်ရွယ်နဲ့ အလားအလာရှိတာပဲ။”
“ဥက္ကဋ္ဌစွင်းက ချီးကျူးလွန်းနေပါပြီ” ပေါ်ကွမ်းချန်က ကျိုးနွံဟန်ဆောင်ကာ သူ့စကားထဲ၌ တခြားအဓိပ္ပါယ်ပါနေသည်။ “အခွင့်အရေးတစ်ခုရရင် မစ္စတာဖေးနဲ့ ကျွန်တော်လည်း ခင်ဗျားနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ မျှော်လင့်နေပါမယ်။”
တကယ်တော့ သူတို့က ပရောဂျက်တစ်ခု၏ ပထမအဆင့်အတွက် ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်ချက်တစ်ခုသို့ ရောက်ရှိနေပြီဖြစ်ပြီး ကနဦးရန်ပုံငွေကိုပင် သုံးစွဲခဲ့သည်။ သို့သော်ငြား ပရောဂျက်၏ ဒုတိယအဆင့်က အမြတ်အစွန်းအများဆုံးဖြစ်ပြီး အပြည့်အဝညှိနှိုင်းလို့ မရသေးပေ။
မြေခွေးအိုကြီး စွင်းယဲ့လုံက ပြန်မဖြေပဲ ပြုံးပြလိုက်သည်။
ရုတ်တရက် သူက တစ်စုံတစ်ခုကို မျက်လုံးထောင့်ကနေ သတိထားမိသွားပြီး သူ့အာရုံက ပေါ်ကွမ်းချန်၏ မျက်နှာကနေ အမြန်ပြောင်းရွှေ့သွားခဲ့သည်။ “ဒီနှစ်ယောက်က ဘယ်သူတွေလဲ?”
“ဥက္ကဋ္ဌစွင်း… ဒါက ကျွန်တော့်ဝမ်းကွဲ ပေါ်ယွဲ့မင်ပါ။ မျက်စိထိခိုက်သွားလို့ ဒီကာလအတွင်း အိမ်မှာ နာလန်ပြန်ထူလာအောင် ကုသနေခဲ့တာပါ။”
ပေါ်ကွမ်းချန်က ပေါ်ယွဲ့မင်အစား မိတ်ဆက်ပေးကာ ပြုံးလိုက်သည်။ ပေါ်ဂရုရှိ တစ်ဖက်လူ၏ ရာထူးနှင့် အောင်မြင်မှုကိုတော့ သူမပြောပြခဲ့ပေ။
စွင်းယဲ့လုံက ခေါင်းအသာညိတ်ကာ ဖြူဖွေးသော အသားအရေနှင့် နာနာခံခံ ပြုမူနေသော ဖေးယိကို မျက်တောင်မခတ်တမ်း ငေးကြည့်နေသည်။ “ဒါဆို သူကရော?”
ပေါ်ကွမ်းချန်က ပြောလိုက်သည်။ “ဒါက မစ္စတာဖေးရဲ့ ဝမ်းကွဲဖေးယိပါ။ သူက ယွဲ့မင်ရဲ့ အိမ်ထောင်ဖက်လည်း ဖြစ်ပါတယ်။”
“လက်ထပ်ထားတာလား?”
စွင်းယဲ့လုံ၏ မျက်လုံးများက သိမ်မွေ့နေပြီး အဓိပ္ပါယ်အပြည့်ဖြင့် ကြည့်နေသည်။ “ဒီလူငယ်လေးနှစ်ယောက်က အရမ်းငယ်သေးတာ အံ့သြစရာပဲ”
ဖေးယိက သူ့ရှေ့ရှိ အဆီပြည့်နေသော ဝက်ဗိုက်ရှိသည့် အမျိုးသားကို လုံးဝသဘောမကျသလို ထိုလူ၏ အကြည့်များက တစ်ခုခုမှားနေသည်ဟု ခံစားရသဖြင့် သူက ပေါ်ယွဲ့မင်၏ အနောက်မှာ တရွေ့ရွေ့ ဝင်ပုန်းလိုက်လေသည်။
ကူးပြောင်းလာပြီးနောက်ပိုင်း ဖေးယိက သူ့အရပ် ၁.၇၈မီတာကို သိပ်မကျေနပ်သော်လည်း ပေါ်ယွဲ့မင်၏ အရပ်က ၁.၉မီတာ ရှိသည့်အတွက် အနည်းဆုံးတော့ သူတို့နှစ်ယောက်ကြားရှိ အရပ်ကွာခြားမှုက ပုန်းရလွယ်ကူစေသည်။
ဖေးယိ၏ ဆုတ်ခွာမှုကို သတိထားမိသော ပေါ်ယွဲ့မင်က သူ လူစိမ်းများကို ကြောက်နေသည်ဟုသာ ထင်လိုက်သည်။ “သာ့ကောနဲ့ ဥက္ကဋ္ဌစွင်းရဲ့ကြားမှာ အရေးကြီးပူးပေါင်းဆောင်ရွက်မှုတစ်ခု ရှိနေတာထင်တယ်။ ဒီတော့ ကျွန်တော်တို့က ခင်ဗျားကို မနှောင့်ယှက်တော့ပါဘူး။”
ပြောပြီးနောက် သူက နောက်လှည့်ကာ ဖေးယိ၏လက်ကောက်ဝတ်ကို တင်းတင်းဆုပ်ကိုင်လိုက်သည်။ “ကောင်းပြီ..သွားရအောင်။”
ဖေးယိက သူ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားသော လက်အေးအေးလေးကို ငုံ့ကြည့်လိုက်သည်။ ပေါ်ကွမ်းချန်၏ အတုအယောင်ဆန်သော သဘောထားကို ထပ်မြင်ရသည့်အခါ သူက ပေါ်ယွဲ့မင်ကိုယ်စား ဒေါသကို ဖြေဖျောက်ရန် ကြံစည်လိုက်သေးသည်။
ထို့ကြောင့် သူက သူ၏မူရင်းမှတ်ချက်ကို ထပ်လောင်းပြောလိုက်၏။ “တကယ့်ရုပ်ဆိုးတဲ့သူခိုး”
ဤစကားက သိတတ်သူများ၏ နားထဲကျရောက်သွားပြီး တည့်တိုးအဆန်ဆုံး လှောင်ပြောင်မှုတစ်ခု ဖြစ်လာခဲ့သည်။ ဤမြင်ကွင်းကို ငြိမ်ငြိမ်လေး စောင့်ကြည့်နေသော အဖွဲ့ဝင်များက အံ့အားသင့်သွားပြီး မရယ်မိစေရန် ထိန်းချုပ်ထားရသည်။ ပေါ်ယွဲ့မင်ဘက်မှ ဖေးယိက သူ့ကို မျက်နှာပေါ်တင် ဝေဖန်ရဲမည်ဟု သူတို့မထင်ထားခဲ့ပေ။
စကားလုံးများက ရိုင်းသော်လည်း အမှန်တရားက မရိုင်းစိုင်းပေ။ ရုပ်ရည်နှင့် စွမ်းဆောင်ရည်၌ ထူးချွန်မှုရှိသော ပေါ်ယွဲ့မင်နှင့်ယှဥ်လျှင် ပေါ်ကွမ်းချန်က တကယ်ကိုပင် ဆိုးရွားလှသည်။
“…….”
အကြိမ်ကြိမ် အဖန်ဖန်!
ပေါ်ကွမ်းချန်က ဖေးယိ၏ ရိုင်းစိုင်းမှုကြောင့် ဒေါသထွက်လွန်း၍ သူ့နှလုံးသားက ဆိုးဆိုးရွားရွား နာကျင်လာပြီး သူက မျက်နှာပေါ်ရှိ တောက်ပသော အမူအရာကိုပင် ထိန်းမထားနိုင်တော့ပေ။
ပေါ်ယွဲ့မင်က လေထုထဲရှိ အရှက်ရမှုနှင့် ငြိမ်သက်မှုတို့ကို ခံစားမိသဖြင့် သူ့ရင်ထဲက အုံ့ဆိုင်းနေမှုသည် အံ့သြဖွယ်ကောင်းလောက်အောင် ပျောက်ကွယ်သွားလေသည်။
တစ်ဖက်လူ၏ ပစ်မှတ်ထားဝေဖန်လိုက်ခြင်းမှ ကာကွယ်ပေးမှုအရိပ်အယောင်ကို ခံစားမိသဖြင့် သူ့ပါးစပ်ထောင့်က ကွေးညွတ်သွားလေသည်။ “သာ့ကောက ဖေးယိရဲ့အခြေအနေကို သိပါတယ်။ ကျွန်တော်တို့အားလုံးက မိသားစုတွေပဲဆိုတော့ ဒါကိုရင်ထဲမထားပဲ ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်။”
သူတို့ကို လက်ထပ်ပေးဖို့ အတင်းအကြပ်လုပ်ကြသော အချိန်တွင် တစ်ဖက်လူက ဤစကားများဖြင့် သူ့ကိုဖိနှိပ်ဖို့ ကြိုးစားခဲ့ပြီး ယခုအခါ သူသည်လည်း ထိုအတိုင်း ဆက်ဆံခံလိုက်ရသည်။
ပေါ်ကွမ်းချန်၏ အံသွားများ ကြိတ်ချေမိလုနီးပါး ဖြစ်သွားပေမယ့် သူက ပေါ်ယွဲ့မင်ကို ဤအခမ်းအနားပွဲသို့ ကိုယ်တိုင်ဖိတ်ကြားခဲ့တာဖြစ်၏။ ဤအိမ်ထောင်ရေးသည်ပင် သူ့လက်ချက်ဖြစ်၍ အနှီလူအား လူမြင်ကွင်းမှာ မောင်းထုတ်လို့မရပေ။
ထိုအတွေးဖြင့် ပေါ်ကွမ်းချန်က သူ့ဒေါသကို မျိုသိပ်ထားလိုက်ရသည်။ “ဟုတ်တာပေါ့”
. . . . . .
ပေါ်ယွဲ့မင်နှင့် ဖေးယိက နားနေခန်းကို တူတူသွားလိုက်ကြသည်။ တစ်ချိန်လုံး နှုတ်ဆိတ်နေသော ဖေးဟွမ်က သူတို့၏ တွဲယှက်ထားသော လက်များကိုကြည့်ကာ သူ့ရင်ထဲတွင် မကြုံစဖူးခံစားချက်တစ်ခု မြှင့်တက်လာလေသည်။
ပြီးခဲ့တဲ့ ပွဲမှာ သူတို့တွေ့တုန်းက ဒီနှစ်ယောက်ကြားက ဆက်ဆံရေးက အရမ်းရင်းနှီးလို့လား?
ပေါ်ယွဲ့မင်ရဲ့ စွမ်းဆောင်ရည်နဲ့ မာနကြီးပုံနဲ့ဆိုရင် ငယ်ငယ်လေးတည်းက ရူးနေတဲ့ ဖေးယိကို သူ အသိအမှတ်ပြုပါ့မလား?
အနားက ပေါ်ကွမ်းချန်က လုပ်ပြုံးကြီးဖြင့် ပြောလိုက်သည်။ “ဥက္ကဋ္ဌစွင်း… ခွင့်ပြုပါဦး အခမ်းအနားပွဲ စတော့မှာဆိုတော့ ကျွန်တော် အခြေအနေကို စစ်ဆေးဖို့လိုတယ်ဗျ။”
စွင်းယဲ့လုံက ပြောလိုက်သည်။ “မစ္စတာပေါ်… အဆင်ပြေသလိုလုပ်ပါ။”
ဖေးဟွမ်က အသိစိတ်ပြန်ဝင်လာသည်။ “အင်း… ဥက္ကဋ္ဌစွင်း… ကျွန်တော်လိုက်ခဲ့မယ်။”
ဂျာမနီကုန်သည်အသင်း၏ အရေးကြီးပရောဂျက်သည် ပေါ်နှင့်ဖေးတို့ကြားရှိ ပထမဆုံးတရားဝင်ပူးပေါင်းဆောင်ရွက်မှု ဖြစ်လာပေမည်။ ပေါ်ကွမ်းချန်နှင့် ဖေးဟွမ်နှစ်ယောက်လုံးက ၎င်းကို ၁၀၀ ရာခိုင်နှုန်း အာရုံစိုက်ရန်လိုအပ်သည်။
ပထမဆုံးလုပ်ရမှာက ဂျာမန်ကုန်သည်အသင်း၏ ဥက္ကဋ္ဌစွင်းယဲ့လုံကို ခယပြီး စိတ်ကျေနပ်စေဖို့ဖြစ်၏။
ပေါ်ကွမ်းချန်က ဖေးဟွမ်နှင့် အကြည့်ချင်းဖလှယ်ကာ အရင်ထွက်သွားလိုက်သည်။
ဖေးဟွမ်က စားပွဲထိုးကိုခေါ်ပြီး ဝိုင်ဖြူနှစ်ခွက်ကို ယူလိုက်သည်။ “ဥက္ကဋ္ဌစွင်း… ကျွန်တော်ခင်ဗျားနဲ့အတူ သောက်လို့ရမလား?”
စွင်းယဲ့လုံက အပြုံးတစ်ခုဖြင့် ယူလိုက်ပြီး ခွက်တိုက်ကာ သောက်လိုက်စဥ် သူက နားနေခန်းဆီ ဗြောင်ကျကျ စိုက်ကြည့်နေဆဲပင်။ စက္ကန့်အနည်းငယ်ကြာပြီးနောက် သူက စကားနှိုက်လိုက်သည်။ “မစ္စတာဖေး… မင်းရဲ့ဝမ်းကွဲက”
ဖေးဟွမ်က တခဏမျှ အံ့အားသင့်သွားပြီးမှ ဝမ်းနည်းသယောင်ဖြေလိုက်၏။ “ဟုတ်တယ်… ရှောင်ယိ ဆယ်နှစ်သားအရွယ်တုန်းက တစ်ခုခုဖြစ်သွားခဲ့တာလေ။ ဒါကြောင့် သူက အသိစိတ်ချို့ယွင်းနေတာ။ သူ ခုနလေးတင် ပေါက်ကရေပြောမိခဲ့လို့ တောင်းပန်ပါတယ်။”
“သနားစရာပဲ။ ဖေးသခင်ငယ်လေးက အရမ်းလိမ္မာပြီး အဆင်းလှတယ်။”
စွင်းယဲ့လုံက ဝိုင်ခွက်ကို အသာခါယမ်းလိုက်ပြီး သူ့မျက်လုံးထဲတွင် တစ်ခုခုဖြတ်ပြေးသွားသည်။ “ဒုတိယသခင်လေးက ဒီလိုအိမ်ထောင်ဖက်ကို လက်ခံမယ်လို့မထင်ဘူး။ ပေါ်နဲ့ ဖေးမိသားစု မဟာမိတ်ဖွဲ့လိုက်တာ ဘယ်လောက်ကြာပြီလဲ?”
ဖေးဟွမ်က တစ်ခုခုမူမမှန်တာကို ခံစားမိသည်။ “ဥက္ကဋ္ဌစွင်းကို ဘာမှဖုံးကွယ်ထားလို့မရဘူးပဲ။ ဒီအိမ်ထောင်ရေးက နှစ်ဖက်မိသားစုရဲ့ လူကြီးတွေ သဘောတူခဲ့တာပါ။ ပြီးတော့ သူတို့နှစ်ယောက်အတူနေတာ တစ်လမပြည့်သေးဘူး။”
“တစ်လမပြည့်သေးဘူးလား?”
စွင်းယဲ့လုံက အချိန်ကိုမှတ်သားကာ အဓိပ္ပါယ်ပါပါ ပြုံးလိုက်၏။ “ဖေးသခင်လေး… ငါတို့ပူးပေါင်းဆောင်ရွက်ဖို့က ညှိနှိုင်းရလွယ်ပါတယ်…အဲ့ဒါက…”
သူက ဖေးဟွမ်၏ နားနားကပ်ပြီး တိုးတိုးလေး ပြောလိုက်သည်။
ထိုစကားကြားတော့ ဖေးဟွမ်၏ အမူအရာပြောင်းလဲသွားပြီး မသိစိတ်အလျောက် ငြင်းဆန်လိုက်ချင်သည်။ ထို့နောက် စွင်းယဲ့လုံက သူ့ကိုကြည့်ကာ ပြောလာသည်။ “မူလပူးပေါင်းဆောင်ရွက်မှု ရန်ပုံငွေအပေါ် မူတည်ပြီး ပရောဂျက်ရဲ့ ဒုတိယအဆင့်အတွက် တွက်ခြေကိုက်တဲ့ အမြတ်အစွန်း ၁.၅မှတ်ကို ထပ်ဆောင်းအာမခံပေးမယ်။”
“…….”
ဖေးဟွမ်၏ ငြင်းဆန်သော စကားလုံးများက သူ့နှုတ်ခမ်းဝသို့ ရောက်လာသော်လည်း သူ ပြန်မျိုချလိုက်ရသည်။ သူ့မျက်လုံးများက စက္ကန့်အနည်းငယ်မျှ တဖျပ်ဖျပ် ခတ်သွားကာ သူကပြောလိုက်၏။ “ဥက္ကဋ္ဌစွင်း.. ကျွန်တော်ဒီကိစ္စကို မစ္စတာပေါ်နဲ့ ဆွေးနွေးရလိမ့်မယ်။”
စွင်းယဲ့လုံက သူတို့၏ဝိုင်နှစ်ခွက်ကို ထိလိုက်ပြီး မည်သည့်စကားမျှ မပြောတော့ပေ။
. . . . . .
ပေါ်ကွမ်းချန်က ပေါ်ယွဲ့မင်ကို ဒေါသထွက်စေရန် ဤအခမ်းအနားပွဲကို ကျင်းပချင်ခဲ့တာဖြစ်သည်။ သို့ပေမယ့် အဆုံး၌ သူ့ရည်ရွယ်ချက် ကျရှုံးခဲ့ရုံတင်မကပဲ သူက ဖေးယိကြောင့် မျက်နှာပျက်ခဲ့ရသည်။
ယင်းတင်မက ပရောဂျက်အဖွဲ့ရှိ ဝန်ထမ်းတချို့က ပေါ်ယွဲ့မင်၏ အရည်အချင်းကို တွေးတောကာ သူနဲ့ခွက်တိုက်ရန် ထိုနေရာသို့ သွားခဲ့ကြသည်။
ဧည့်ခံပွဲက တစ်ဝက်ပြီးသွားလေပြီ။
ဒေါသကို မျိုသိပ်ထားရသော ပေါ်ကွမ်းချန်က ထပ်မံ လျှောက်သွားလိုက်ပြီး အရာရှိနှင့်တူသော ယောကျာ်းတစ်ဦးက သူ့နောက်မှလိုက်လာသည်။ “ဝန်ကြီးကျန့်… ပေါ်ယွဲ့မင်က နားနေခန်းမှာ ပုန်းနေတာတောင် သူက အာရုံစူးစိုက်မှုရဲ့ဗဟိုချက် ဖြစ်နေတုန်းပဲ။”
သူပြောလိုက်စဥ်တွင် သူ့မျက်ဝန်းက ချည်ထဲမှာဖွက်ထားသော အပ်တစ်ချောင်းနှင့်တူနေပြီး သူက ခွက်တိုက်ရန် ရောက်နေကြသော အဖွဲ့ဝင်များကို ကြည့်လိုက်သည်။
လူတိုင်းက ချက်ချင်းနောက်ပြန်ဆုတ်သွားကာ နားနေခန်းမှာ မနေရဲတော့ပေ။
သူတို့က ပေါ်ယွဲ့မင်၏ အရည်အချင်းကို လေးစားသည့်တိုင် တစ်ဖက်လူမှာ သူဌေးဟောင်းသာဖြစ်တာကြောင့် သူတို့၏ လက်ရှိသူဌေးကို စနောင့်စနောင်းမဖြစ်စေချင်ပေ။
ဖေးယိက ကိတ်မုန့်ကို နောက်ဆုံးတစ်ကိုက်ကိုက်ကာ မျက်လုံးလှန်ကြည့်လိုက်သည်။
သူပြောရမယ်ဆိုရင်တော့ ပေါ်ကွမ်းချန်က စိတ်ရှည်ပြီး သုံးကြိမ်တိုင် ကြိမ်းမောင်းခံရတာတောင် သူ့မှာ ဒီနေရာကိုလာဖို့ သတ္တိရှိသေးတယ်လား?
ပေါ်ယွဲ့မင်က ဝိုင်ဖြူတစ်ခွက် ကမ်းပေးလိုက်ပြီး ဦးလေးခိုင်က ၎င်းကိုယူပြီး ချထားလိုက်သည်။ ထို့နောက် သူက မတ်တပ်ရပ်ကာ အသံလားရာကို ရင်ဆိုင်လိုက်၏။ “ဝန်ကြီးကျန့်?”
တစ်ဖက်လူက ပေါ်မိသားစုနှင့် နှစ်ကြိမ်တိုင်တိုင် ပူးပေါင်းဆောင်ရွက်ဖူးပြီး ၎င်းအားလုံးကို ပေါ်ယွဲ့မင်ကိုယ်တိုင် ကိုင်တွယ်ခဲ့ခြင်းဖြစ်၏။ တရားဝင်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအပြင် သူတို့နှစ်ယောက်က ဂေါက်ရိုက်ရန် ချိန်းဆိုလေ့ရှိသော ဂေါက်ရိုက်ဖော်များလည်းဖြစ်၏။
“ယွဲ့မင်… ငါ ဒီကိုရောက်တော့ မင်းလည်း ဒီညဒီမှာရှိနေတယ်လို့ မစ္စတာပေါ်ဆီကနေ ကြားခဲ့တယ်။”
ဝန်ကြီးကျန့်က အရင်စပြောလိုက်ပြီး သူ့မျက်နှာက အသိမိတ်ဆွေတစ်ယောက်ကို တွေ့ရလို့ စိတ်ဝင်စားမှုအပြည့်ရှိနေ၏။ “မင်း မတော်တဆဖြစ်ပြီးကတည်းက ငါတို့မတွေ့ခဲ့ရတာ။ မင်းအခုအားလား? တစ်နေရာမှာ အေးဆေးစကားပြောကြမလား?”
ပေါ်ကွမ်းချန်က အရင်ပြန်ဖြေလိုက်သည်။ “ဝန်ထမ်းတစ်ယောက်ကို တိတ်ဆိတ်တဲ့ လက်ဖက်ရည်ခန်းတစ်ခု စီစဥ်ခိုင်းပြီး ကျွန်တော်တို့ တူတူထိုင်ကြမလား?”
ဝန်ကြီးကျန့်က သဘောတူသလို ခေါင်းညိတ်ကာ ချက်ချင်းပင် တိုင်ပင်လိုက်သည်။ “ယွဲ့မင်… ဘယ်လိုထင်လဲ?”
ပေါ်ယွဲ့မင်၏မျက်ဝန်းက မသိမသာ ကျဥ်းမြောင်းသွား၏။ “အဆင်ပြေပါတယ်။”
သူက ဝန်ကြီးကျန့်၏ ကိုယ်ကျင့်တရားကို နက်နက်နဲနဲ ယုံကြည်ပြီး တစ်ဖက်လူက အချိန်တိုအတွင်းမှာ ပေါ်ကွမ်းချန်နှင့် မည်သည့်သဘောတူညီချက်မျှ မလုပ်နိုင်လောက်ပေ။ ဤစကားဝိုင်းအတွက် ဖိတ်ခေါ်ခြင်းက ယာယီစိတ်ကူးတစ်ခုသာဖြစ်၏။
ထိုစကားများကျလာသည်နှင့် ပေါ်ကွမ်းချန်က အကြံပေးလိုက်သည်။ “ဦးလေးခိုင်က ဖေးသခင်ငယ်လေးနဲ့ ဒီမှာ နေမှာမလား? ဧည့်ခန်းမမှာ အစားအသောက်တွေ အများကြီးရှိတယ်။ ပြီးတော့ ဖျော်ဖြေရေးအစီအစဥ်လည်း ရှိဦးမှာ။ ဒီတော့ မပျင်းရတော့ပါဘူး။”
ဦးလေးခိုင်က ၎င်းကိုကြားတော့ စိုးရိမ်တကြီး ငြင်းဆန်လိုက်သည်။ “အဆင်ပြေမှာမဟုတ်ဘူး။ ဒုတိယသခင်လေးရဲ့ အမြင်အာရုံက အဆင်မပြေလို့ ကျွန်တော် သူ့နောက်လိုက်ခဲ့မယ်။”
.ကားမတော်တဆမှုက လူလုပ်တာဖြစ်နေရင် ပေါ်ကွမ်းချန်ကို သူတို့သေချာစောင့်ကြည့်ရမှာမလား? ဦးလေးခိုင်က ဘယ်လိိုစိတ်ချနိုင်မှာလဲ?
ပေါ်ယွဲ့မင်ကလည်း ပေါ်ကွမ်းချန်ကို သတိထားနေတာဖြစ်၍ မေးလိုက်သည်။ “ဖေးယိ…မင်း….”
“ကျွန်တော်မသွားဘူး”
ဖေးယိက ခေါင်းခါပြီး အနီးနားရှိ ဝိုင်စင်လေးကို ကြည့်လိုက်သည်။ ရက်အနည်းငယ် သည်းခံပြီးနောက် သူ၏တောင့်တမှုက ပြန်ပေါ်လာပြီး သူက ရင်ထဲကနေ တိတ်တဆိတ် ခန့်မှန်းလိုက်သည်။
ဒီစကားဝိုင်းက အနည်းဆုံးနာရီဝက်တော့ ကြာမှာမလား?
အခုအခွင့်အရေးရတုန်း သူ ခိုးသောက်ရမှာပေါ့!
ပေါ်ယွဲ့မင်၏စကားက မဆုံးခင်မှာပင် လည်ချောင်းထဲဆို့နင်သွားသည်။ သူ့မှာ ရွေးချယ်စရာမရှိတော့ပဲ လိုက်လျောပေးလိုက်ရ၏။ “ဒါဆို ငါပြန်လာတာကိုစောင့်နေ။ ဘယ်မှလျှောက်မသွားနဲ့။”
ဖေးယိက တိုးတိုးလေးပြန်ဖြေသည်။
သူ့မှာ အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိ၍ အလွယ်တကူ ပြဿနာရှာမိမှာမဟုတ်သလို တစ်ယောက်ယောက်က လူပုံလယ်မှာ ပြဿနာရှာဖို့လည်း လွယ်ကူမည်မဟုတ်ချေ။
ပေါ်ယွဲ့မင်၏ပုံရိပ် ဧည့်ခံပွဲခန်းမမှ ပျောက်ကွယ်သွားသည်ကို အတည်ပြုပြီးနောက် ဖေးယိက ချက်ချင်းဆိုသလိုပင် ရှန်ပိန်တစ်ခွက်ကို ကောက်ကိုင်လိုက်သည်။ ယခင်တစ်ခေါက်က အရက်မူးသွားလို့ သင်ခန်းစာရပြီးနောက်မှာ သူက အလွန်အကျွံသောက်ဖို့ မရည်ရွယ်ထားပဲ နည်းနည်းချင်းသာ သောက်နေလေ၏။
ခွက်တစ်ဝက်သောက်လို့ မပြီးခင်မှာ ဝန်ထမ်းတစ်ယောက်က သူ့နောက်ကနေ ရုတ်တရက်ခေါ်လာသည်။ “ဖေးသခင်ငယ်လေး”
“…….”
ဖေးယိက စိုးရိမ်တကြီး လှည့်ကြည့်လိုက်ပြီး ပေါ်ယွဲ့မင်မဟုတ်ပဲ ဝန်ထမ်းတစ်ဦးသာ ရှိသည်ကို သိလိုက်ရပြီးနောက် သူ့စိုးရိမ်မှု ပြေလျော့သွားခဲ့သည်။
စားပွဲထိုးက ဖေးယိလက်ထဲရှိ ရှန်ပိန်ကို ဂရုမစိုက်ပဲ သူ့ကို တိုးတိုးလေး ရှင်းပြလိုက်သည်။ “သခင်ငယ်လေး… ဒုတိယသခင်လေးက ခင်ဗျား ဒီမှာ တစ်ယောက်တည်းရှိနေမှာကို စိုးရိမ်လို့ လာခေါ်ခိုင်းလိုက်လို့ပါ။”
စိုးရိမ်တယ်?
ဘာစိတ်ပူစရာရှိလဲ?
ဖေးယိက ဧည့်ခံပွဲခန်းမကို လှည့်ပတ်ကြည့်ကာ သူ၏ဖြူစင်ပုံရသည့် မျက်ဝန်းက စားပွဲထိုး၏မျက်နှာပေါ် ကျရောက်သွားသည်။ “ဘယ်သွားမလို့လဲ?”
စားပွဲထိုးက ကိုယ်ကိုအသာကိုင်းညွတ်ကာ လှမ်းခေါ်လိုက်၏။ “ကျွန်တော့်နောက်လိုက်ခဲ့ပါ။”
ဖေးယိ၏မျက်ဝန်းက တဖျပ်ဖျပ်ခတ်သွားသည်။ သူက မကုန်သေးသော ရှန်ပိန်ခွက်ကို စားပွဲပေါ်တင်ကာ လိုက်သွားလေသည်။
နှစ်ယောက်သားက ဧည့်ခံပွဲခန်းမမှ ရှေ့ဆင့်နောက်ဆင့် ထွက်သွားကာ အပေါ်ထပ်ကို ဓာတ်လှေကားစီးသွားသည်။
အလွှာအရေအတွက်က တိုးလာပြီး အဆုံးမှာ ဓာတ်လှေကားက စက်သံတစ်ခုနှင့်အတူ ပွင့်သွားခဲ့သည်။
“တင်း တောင်! မင်း အထပ်နှစ်ဆယ်ကို ရောက်ပါပြီ!”
စားပွဲထိုးက ဖေးယိကို လှည့်ကြည့်လိုက်ပြီး တစ်ဖက်လူက နာခံနေသည်ကို အတည်ပြုပြီးနောက် သူက တမင်တကာ အားပါးတရ ပြုံးပြလိုက်သည်။ “သခင်ငယ်လေး…ကျွန်တော်တို့ရောက်တော့မယ်။”
“အင်း”
အပြုံးက ရှင်းလင်းချက်တစ်စွန်းတစ်စကို ဖော်ပြနေပြီး ဖေးယိက နောက်မှလိုက်သွားခဲ့သည်။
အဆင့်မြင့်လျှောက်လမ်းက အတော်လေး တိတ်ဆိတ်နေပြီး အန္တရာယ်များပုံပင်။
အလယ်ပိုင်းရှိ တံခါးပေါက်တစ်ခုကို ဖြတ်သွားလိုက်စဥ် နောက်မှလိုက်လာသော ဖေးယိက ရုတ်တရက် လမ်းကြောင်းပြောင်းကာ ထွက်ပြေးလိုက်သည်။
ဝန်ထမ်းက ဤပြောင်းလဲမှုအရိပ်အယောင်ကို မျက်လုံးထောင့်မှ မြင်လိုက်ရပြီး သူ့ကိုတားဖို့ အမြန်လိုက်ဖမ်းနေ၏။ “သခင်ငယ်လေး…လမ်းမှားနေတယ်။ အဲ့ဘက်မဟုတ်ဘူး…အား!”
သူ၏မပြီးဆုံးလိုက်သော စကားက အာမေဋိတ်သံတစ်ခု ဖြစ်သွားခဲ့သည်။
ဝင်ပေါက်ကို အရင်ဝင်လိုက်ပြီးနောက် ဖေးယိက အချိန်မှန်ကို ရွေးကာ ဝန်ထမ်း၏လည်ပင်းကို ညာလက်ဖြင့် နောက်ကနေညှပ်ထားလိုက်ပြီး တစ်ဖက်လူ၏ လက်ကောက်ဝတ်ကို ဘယ်လက်ဖြင့် ဆုပ်ကိုင်ကာ ဝန်ထမ်းကို ထိုအတိုင်း ချုပ်ထားလိုက်လေသည်။
– ဒုန်း!
ဖေးယိက အားကုန်သုံးကာ ဝန်ထမ်း၏မျက်နှာကို တံခါးဘောင်နှင့် ဆောင့်ပစ်လိုက်ပြီး ရွေ့ရင်းအတိုင်း ပိတ်ထားလိုက်သည်။
နှစ်ယောက်သားက အရပ်အမောင်းနှင့် ခွန်အားချင်းတူညီကြပြီး တကယ်တမ်းတိုက်ခိုက်ရမည်ဆိုလျှင် ဖေးယိက အသာစီးမရနိုင်ပေမယ့် အရှိန်အဟုန်ကတော့ လုံလောက်လေသည်။
ထိုအတွေးဖြင့် ဖေးယိက ရုတ်တရက်လှည့်ကာ အနေအထားပြောင်းလိုက်သည်။ သူက တံခါးဘောင်ကိုမှီပြီး သူ့ဘေးရှိ ဝန်ထမ်းကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်ကာ အကြံအစည်ကိုမေးရန် အခွင့်အရေးယူလိုက်သည်။
“…….”
ဝန်ထမ်းက ဖေးယိ၏ ဆက်တိုက်လှုပ်ရှားမှုကြောင့် အံ့အားသင့်နေပြီး သူ၏ရုန်းကန်မှုမှာပင် နောက်ကျကျန်နေခဲ့သည်။
သူက ယခုနလေးတင် နာခံမှုရှိနေသော ဖေးယိ၏ ရုတ်တရက်ပြောင်းလဲမှုကို လုံးဝနားမလည်နိုင်ပေ။
ဖေးယိက သူရက်ပေါင်းများစွာ ဝတ်ထားရသည့် မျက်နှာဖုံးကိုချွတ်ကာ သူ၏မေးခွန်းထုတ်သံက တိုးတိုးလေး ထွက်ပေါ်လာ၏။ “၂၁လွှာမှာ ဧည့်သည်ခန်းတွေပဲရှိတယ်။ မင်း ငါ့ကိုဘာအတွက် ခေါ်လာတာလဲ? ဘယ်သူကမင်းကို ညွန်ကြားလိုက်တာလဲ?”
ဝန်ထမ်းက တအောင့်ကြာသည်အထိ မလွတ်မြောက်နိုင်သဖြင့် လိမ်ညာဖို့ ကြိုးစားလိုက်သည်။ “သခင်ငယ်လေး… ဒုတိယသခင်လေးက အခေါ်လွှတ်လိုက်တာပါ….”
ဖေးယိက လှောင်ပြောင်လိုက်သည်။ “ပေါ်ယွဲ့မင်က ငါ့ကို လိုက်ခဲ့စေချင်ရင် အစတည်းက ဧည့်ခံပွဲခန်းမခဲမှာ နေခဲ့ခိုင်းမှာမဟုတ်ဘူး။ သူ ချက်ချင်း နောင်တရသွားရင်တောင် ဦးလေးခိုင်နဲ့ အခေါ်လွှတ်မှာ။”
ထို့အပြင် ဝန်ထမ်းက အစပိုင်းတွင် သူ၏ချို့ယွင်းချက်များကို ပြသခဲ့ပြီးဖြစ်၏။
ပေါ်ယွဲ့မင် သို့မဟုတ် ဦးလေးခိုင်သာ အမိန့်ပေးခဲ့လျှင် သူ့ကို သခင်ငယ်လေးလို့ ခေါ်မှာဖြစ်၏။
(T/Nပေါ်ယွဲ့မင်နဲ့ ဦးလေးခိုင်ခေါ်တာ ရိုးရိုး (သခင်ငယ်လေး) / တခြားသူတွေခေါ်တာ ဖေးသခင်ငယ်လေးပါ၊ ဖေးအိမ်တော်က သခင်ငယ်လေးလို့ ပြောတာပါ။ Pinyin အသုံးအနှုန်းကွာပါတယ်)
“ပြောပါဦး… အဲ့ဒါက ပေါ်ကွမ်းချန်လား? ဒါမှမဟုတ် ဖေးဟွမ်လား?”
ဖေးယိ နာမည်တစ်ခုရွတ်လိုက်တိုင်း သူ့၏ချုပ်ထားသည့် ခွန်အားက ပိုတင်းကြပ်လာသည်။ “ဥက္ကဋ္ဌစွင်းလား?”
အရှင်းလင်းဆုံး စစ်ဆေးမေးမြန်းမှုပင်ဖြစ်၏။
ဖေးယိက လေသံအေးအေးနှင့် ပြောနေပေမယ့် ကြားလိုက်ရသော ဝန်ထမ်းမှာ တစ်ကိုယ်လုံး ကြက်သီးထသွားလေသည်။
ခဏနေပါဦး!
ဖေးမိသားစုရဲ့ ဖေးသခင်ငယ်လေးက ရူးနေတာမဟုတ်ဘူးလား!”
တစ်ခုခုမှားနေတာလာ? သူ အစတည်းကသိနေတာလား?
ဖြစ်နိုင်ချေကို တွေးတောကာ ဝန်ထမ်းက ပျာယာခတ်သွားခဲ့သည်။ “သခင်…. ဖေးသခင်ငယ်လေး?”
“ဘာလဲ?”
ဖေးယိက ဝန်ထမ်း၏ ထိတ်လန့်နေမှုကို ခံစားမိပြီး သူ့မျက်ဝန်းထဲ၌ အေးစက်သော အလင်းတန်းတစ်ခု ပြန်ပေါ်လာသည်။ “ကောလာဟလတွေထဲကလို ငါက အသိစိတ်မရှိပဲ ရူးနေလို့ တခြားသူတွေရဲ့ သတ်ဖြတ်တာခံရမယ်လို့ မင်းတကယ်ထင်နေတာလား?”