Chapter 30
သူအခန်းထဲဝင်လာကတည်းက သူ့မှာ သတိအပြည့်ရှိနေပြီး အခန်းအပြင်အဆင်ကို လေ့လာနေခဲ့သည်။
ဤထောင့်တွင် ကိုယ့်ကိုယ်ကို ခုခံကာကွယ်ရန် လူတွေကို တိုက်ခိုက်ဖို့သင့်တော်သော ကိရိယာများရှိနေပြီး ၎င်းက စွင်းယဲ့လုံ၏ သတိရှိနေမှုကို ပြေလျော့စေရန် “ထွက်မပြေးနိုင်သော” ထောင်ချောက်တစ်ခုဆင်ဖို့ အလွယ်ကူဆုံးနေရာလည်း ဖြစ်သည်။
“…….”
စွင်းယဲ့လုံ၏ခေါင်းက အူဝေနေပြီး သူက ဖေးယိ၏ပြောစကားများကို မကြားနိုင်ပေ။ သူက တုံ့ပြန်ရန်နှေးကွေးနေပြီး သွေးထွက်နေသော ဦးခေါင်းကိုဖုံးလိုက်ပြီးမှ တစ်ဖက်လူက သူ့ကို တိုက်ခိုက်ခဲ့ကြောင်း သဘောပေါက်သွားသည်။
သူက ပျော်စရာကိစ္စကို လုပ်ချင်ပေမယ့် ရလဒ်က ဒဏ်ရာရသွားခဲ့တာလား?
သူက ဘဝတစ်ခုလုံးနီးပါး ရှင်သန်နေထိုင်လာခဲ့ပြီး မည်သူကမျှ သူ့ကို ယခုလို မဆက်ဆံဝံ့ခဲ့ပေ။
ပြင်းထန်လှသော နာကျင်မှုကြောင့် စွင်းယဲ့လုံက ဖျက်လိုဖျက်စီး ဒေါသတစ်မျိုးကို ထုတ်လွှတ်လိုက်သည်။ ဆေးက ပေးသည့် ခွန်အားကြောင့် ဖြစ်နိုင်သည်။ သူက အားကုန်သုံး၍ မတ်တပ်ရပ်လိုက်ပြီး နာခံမှုမရှိသော ဖေးယိကို ဒေါသတကြီး သင်ခန်းစာပေးချင်နေသည်။
ဖေးယိက သူ၏ လှုပ်ရှားမှုများကို မျှော်လင့်ထားပြီးသားဖြစ်၍ ချက်ချင်းပင် ခြေထောက်မြှောက်ကာ ကန်ပစ်လိုက်သည်။
“--အား!”
အထိနာသွားသော အော်သံပြင်းပြင်း ထွက်ပေါ်လာ၏။
ကြမ်းပြင်ပေါ်မှာ လဲလျောင်းနေသော စွင်းယဲ့လုံကိုကြည့်ကာ ဖေးယိက ဤအမှိုက်နှင့် တစ်ခန်းတည်းမှာ ဆက်နေဖို့ မရည်ရွယ်တော့ပဲ သူ့အနားကနေ ဖြတ်လျှောက်သွားလိုက်တော့သည်။
ပိတ်ထားသော တံခါးနားသို့ မရောက်ခင်မှာ အပြင်ဘက်၌ အရှိန်ပြင်းသော ခြေလှမ်းသံများ ထွက်ပေါ်လာသည်။
ဘိ- ဘိ
အီလက်ထရွန်စနစ် လော့ဖွင့်သံ ထွက်ပေါ်လာသည်။
အခန်းအပြင်မှာ စောင့်နေသော လူက အလျင်လိုနေပုံရပြီး တံခါးကို ဆောင့်ကန်နေသည်။
– ဒုန်း!
ကျယ်လောင်သော တံခါးဖွင့်သံကြောင့် ဖေးယိ တုန်လှုပ်သွားခဲ့သည်။
သူ အံ့သြတကြီး မော့ကြည့်လိုက်တော့ သူ့မြင်ကွင်းက အခန်းအပြင်ဘက်ရှိ လူများစွာနှင့် ပြည့်နှက်သွားသည်။
“…….”
ဦးလေးခိုင်နှင့် ပေါ်ယွဲ့မင်အပြင် အလွန်အရပ်ရှည်ပြီး ဆံပင်တိုကပ်ကပ်နှင့် လူတစ်ယောက်က တံခါးဝ၌ ရပ်နေသည်။
ထိုလူ၏ စူးရှပြီး ကျဥ်းမြောင်းသော မျက်လုံးများက ရက်စက်ကြမ်းကြုတ်မှုနှင့် ပြည့်နေကာ သူ့မျက်လုံးထောင့်တွင် အမာရွတ်ပါးပါးလေး ရှိနေသဖြင့် သူ့ပုံစံမှာ အန္တရာယ်များပြီး ဖိနှိပ်ချုပ်ချယ်နိုင်ပုံ ပေါ်လေသည်။
ပေါ်ယွဲ့မင်၏ အထက်စီးဆန်ပြီး မာနကြီးသော အရောင်အဝါနှင့်မတူစွာ ဆံပင်တိုကပ်ကပ်နှင့် အမျိုးသားက သွေးပင်လယ်ထဲမှာ သွေးထားသော လက်နက်ချွန်နှင့် ပိုတူလေသည်။
သူနှင့် ပေါ်ယွဲ့မင်က တံခါးဝမှာ ဘယ်နှင့်ညာ တစ်ဖက်စီ နေရာယူထားသည်။ တစ်ချိန်တည်းမှာ ထုတ်လွှတ်နေသော သူတို့နှစ်ယောက်၏ အရောင်အဝါမှာ ငုံးတစ်ကောင်အလား ခေါင်းငုံ့၍ တံခါးဖွင့်နေသော ဟိုတယ်မန်နေဂျာကို ထိတ်လန့်စေပြီး အသက်ရှုမဝဖြစ်စေသည်။
“ဖေးယိ!”
“ ရှောင်ယိ!”
ပေါ်ယွဲ့မင်နှင့် ဆံပင်တိုကပ်ကပ် အမျိုးသားက တစ်ပြိုက်နက်တည်း အော်လိုက်သည်။
ဖေးယိက သူ၏ အံ့သြတကြီး စီစစ်နေခြင်းမှ လွတ်မြောက်လာပြီး ယခုနက သူ့အမူအရာကို ထိန်းသိမ်းဖို့ မေ့သွားသည်ကို သတိရသွားသည်။ သူက အမြန်အကြည့်ရုတ်ကာ စိတ်ခံစားချက် ပြင်ဆင်လိုက်သည်။ “ကျွန်တော်… ကျွန်တော်မလုပ်….”
သူ၏စကားမဆုံးခင်မှာ ဆံပင်တိုကပ်ကပ်နှင့်လူက ခြေတံရှည်များဖြင့် သူ့အနားကပ်လာကာ သူ့အား ကာကွယ်ပေးမည့် အကွာအဝေး၌ သူ့ခန္ဓာကိုယ်ဖြင့် ဝန်းရံခြုံရုံလိုက်သည်။ “ဒဏ်ရာရသွားသေးလား?”
“…….”
ဖေးယိက သူ့ကို ဖက်တော့မလိုဖြစ်နေသည့် ထိုလူအားကြည့်လိုက်ပြီး သူ့အား ဖေးယိလို့ ခေါ်ဝေါ်နေပုံနှင့် တွဲကြည့်လိုက်စဥ် တစ်ဖက်လူ၏ သရုပ်သကန်ကို ချက်ချင်းမှတ်မိသွားခဲ့သည်။
ချင်ယိရွှင်း။
မူရင်းဝတ္ထုထဲရှိ အရေးပါသော အရံဇာတ်ကောင်ဖြစ်သည်။
ဖေးသခင်ကြီးတို့ ဇနီးမောင်နှံတွင် သမီးတစ်ယောက်နှင့် သားနှစ်ယောက်ရှိသည်။ ချင်ယိရွှင်းက အကြီးဆုံးသမီး ဖေးလင်း၏သားဖြစ်ပြီး ဖေးသခင်ကြီး၏ မြေးလည်းဖြစ်သည်။ အသက်အရွယ်အရဆိုလျှင် သူက မူလပိုင်ရှင်၏ ဝမ်းကွဲအစ်ကိုဖြစ်သည်။
ပေါ်ယွဲ့မင်က သူ့ဘေးက လူ၏ အခန်းထဲပြေးဝင်သွားသော အရှိန်အဟုန်ကိုကြည့်ကာ သူ့အကြည့်က အေးခဲသွားလေသည်။
တချို့အကြောင်းပြချက်ကြောင့် ပေါ်မလာတာကြာပြီဖြစ်သော သူ့မျက်လုံးထဲရှိ စိတ်ပျက်အားငယ်မှုမှာ ထပ်မံမြင့်တက်လာခဲ့သည်။ သို့သော် သူက သူ့စိတ်ခံစားချက်ကို အမြန်ဖိနှိပ်ကာ အထဲလျှောက်သွားလိုက်သည်။ “ဖေးယိ”
သူ့ဘေးက ဦးလေးခိုင်သည်လည်း စိတ်ပူနေသည်။ “သခင်ငယ်လေး…ဘာဖြစ်သွားတာလဲ…ဖြည်းဖြည်းချင်းပြောပြ။ ကျွန်တော်တို့ ဖြေရှင်းပေးပါမယ်။”
လွန်ခဲ့သည့် ငါးမိနစ် ခြောက်မိနစ်ခန့်က ဦးလေးခိုင်သည် မရင်းနှီးသော နံပါတ်တစ်ခုမှ မက်ဆေ့တစ်စောင်ရခဲ့ပြီး ဖေးဟွမ်က ဖေးယိကို အခန်းနံပါတ် 2108 သို့ အခေါ်လွှတ်ခဲ့ပြီး အန္တရာယ်ရှိနိုင်ကြောင်း ပြောခဲ့သည်။
၎င်းကိုသိပြီးနောက် ဦးလေးခိုင်က ပေါ်ယွဲ့မင်ကို ချက်ချင်းအကြောင်းကြားလိုက်သည်။ တစ်ဖက်လူက အန္တရာယ်ကို သဘောပေါက်သွားပြီး ပထမဆုံးအကြိမ်အဖြစ် ကျင့်ဝတ်များကို လျစ်လျူရှုကာ ဝန်ကြီးကျန့်ကို ထားခဲ့ပြီး ချက်ချင်းပြေးထွက်လာခဲ့သည်။
ချင်ယိရွှင်းကတော့ သူတို့နဲ့ ဓာတ်လှေကားခန်းမမှာ တိုက်တိုက်ဆိုင်ဆိုင် ဆုံတွေ့ခဲ့တာဖြစ်၏။
တစ်ဖက်လူက ယနေ့သတင်းကြားပြီးနောက် ဖေးယိကို လာရှာတာဖြစ်မည်။ ဖေးယိ မတော်တဆဖြစ်နိုင်သည်ကို ကြားသိရသောအခါ သူတို့က အပေါ်ထပ်ကို အတူတက်လာခဲ့ကြသည်။
ကြမ်းပြင်ပေါ်မှာ လဲကျနေသော စွင်းယဲ့လောင်က နာကျင်မှုကြောင့် ကျိန်ဆဲပြီး ငိုကြွေးနေဆဲဖြစ်၏။
နောက်ဆက်တွဲ စစ်ဆေးမေးမြန်းမှုကို ရှောင်လွှဲလို့မရမှန်း ဖေးယိက သိတာကြောင့် သူက ဖျော်ဖြေရန် အခွင့်အရေးယူလိုက်သည်။ သူက သွေးစွန်းနေသော သံရုပ်ကို ကြောက်လန့်တကြားဖြင့် ပစ်ချလိုက်ပြီး စက္ကန့်အနည်းငယ်အတွင်းမှာ သူ့မျက်လုံးထဲတွင် နာကြည်းဝမ်းနည်းမှုများ ပေါ်လာခဲ့သည်။
“သူက… ကျွန်တော်နဲ့ ဂိမ်းကစားမယ်လို့ ပြောတယ်။”
ဖေးယိက “ဂိမ်းကစားမယ်”ဟူသော စကားလုံးကို အလွန်အမင်း ဖြူစင်စွာဖြင့် ပြောလိုက်ပြီး ယင်းစကားလုံးက ပေါ်ယွဲ့မင်၊ ချင်ယိရွှင်းနှင့် တခြားသူများ၏ နားထဲသို့ ရောက်သွားသည့်အခါ လေးနက်သော တခြားအဓိပ္ပါယ်တစ်ခုအား သူတို့နားလည်သွားကြသည်မှာ သိသာသည်။
ဘာဂိမ်းလဲ?
စွင်းယဲ့လုံ… အကြံကြီးတဲ့ ခွေးအိုကြီး!
မျက်မှန်အောက်မှာ ဖုံးကွယ်ထားသော ပေါ်ယွဲ့မင်၏မျက်လုံးများမှာ ရုတ်တရက် အေးစက်လာပြီး ချင်ယိရွှင်း၏ မျက်နှာက တခဏချင်း ဖျော့တော့သွားခဲ့သည်။
သူတို့က ထက်မြက်သော လူတွေဖြစ်မှန်း ဖေးယိ သိတာကြောင့် ဆက်ပြောလိုက်လေသည်။ “ကျွန်တော် သူ့ကိုမသိဘူး။ မကစားချင်ဘူး။ ကြောက်တယ်”
ပေါ်ယွဲ့မင်က ဤတစ်ကြိမ်တွင် ဦးဆောင်လိုက်သည်။ “ဖေးယိ…ဒီကိုလာ”
ဖေးယိက ပထမဆုံးအကြိမ် တွေ့ဖူးသော ချင်ယိရွှင်းကို မယောင်မလည် ကြည့်လိုက်ပေမယ့် ပိုရင်းနှီးသော ပေါ်ယွဲ့မင်၏ဘေးမှာ ပုန်းအောင်းဖို့ ရွေးချယ်လိုက်သည်။ “အာ့ကော”
၎င်းက ခိုးနာရာရှာနေသော ကြောင်ပေါက်လေးကဲ့သို့ နူးညံ့သောအသံလေး ဖြစ်နေဆဲပင်။ ပေါ်ယွဲ့မင်က ဖေးယိ၏မှီခိုအားထားမှုနှင့် ချဥ်းကပ်လာမှုကို အာရုံခံမိ၍ သူ့နှလုံးသားထဲရှိ ဖိနှိပ်ထားရသော စိတ်ပျက်အားငယ်မှုနှင့် သူ့အမူအရာထဲရှိ အေးစက်မှုတို့မှာ ချက်ချင်း ပျောက်ကွယ်သွားခဲ့လေသည်။ သူက သူမှတ်မိနေသော အရပ်အမောင်းအတိုင်း လက်မြှောက်လိုက်ပြီး ဖေးယိ၏ဇက်ပိုးကို ညင်ညင်သာသာ ညှစ်လိုက်သည်။ “မကြောက်နဲ့။”
“ဝူး”
ဖေးယိက ထိရှလွယ်စွာ လည်ပင်းကျုံ့သွားပြီး နှာသံလေးတစ်ခု ထုတ်လွှတ်လိုက်သည်။
ဘေးနားရှိ ချင်ယိရွှင်းက သူ့ဝမ်းကွဲ သူ့ကိုထားပြီး ပေါ်ယွဲ့မင်အနားသို့ ရောက်သွားသည်ကို မြင်လိုက်ရသည်။ နဂိုတည်းက သုန်မှုန်နေသော သူ့အမူအရာက ချဥ်စူးသော အရိပ်အယောင်တစ်ခု ထွက်ပေါ်လာပေမယ့် သူက ဖေးယိကို ခြောက်လှန့်မိမှားစိုး၍ ချုပ်တည်းထားဖို့ ပြင်လိုက်သည်။ “မင်း မမှားပါဘူး။”
သူပြောပြီးသည်နှင့် ကိုယ်ကိုကိုင်းကာ သံရုပ်ကို ကောက်ကိုင်လိုက်ပြီး သွားကြားထဲကနေ တည်တည်ကြည်ကြည် လိမ်ညာလိုက်လေ၏။
“ဒီလူကို ငါရိုက်လိုက်တာ၊ မင်းနဲ့မဆိုင်ဘူး”
“…….”
ဖေးယိက တခဏမျှ အံ့အားသင့်သွားကာ စိတ်ထဲကနေ သက်ပြင်းချလိုက်သည်။
မူရင်းဝတ္ထုက ချင်ယိရွှင်းကို ဖော်ပြရန် “စံနှုန်းနှစ်မျိုးနှင့် ကာကွယ်ပေးတတ်သော အရူး”ဟူ၍ သုံးနှုန်းထားသည်မှာ အံ့သြစရာမရှိပေ။ ဤအမှန်တရားက စာအုပ်ထဲမှာ ဖော်ပြထားသည်ထက် ပို၍ပင် ဆိုးနေသေးသည်။
ဦးလေးခိုင်က ကြမ်းပြင်ပေါ်မှာ လဲကျနေသော စွင်းယဲ့လုံကို ငုံ့ကြည့်ကာ ရွံရှာကြောက်လန့်စွာဖြင့် ပြောလိုက်သည်။ “ဒုတိယသခင်လေး… ဒီစွင်းယဲ့လုံကို ပေါ်ကွမ်းချန်ဖိတ်ခဲ့တာဖြစ်မယ်။ ဧည့်ခံပွဲခန်းမကိုဝင်လာတော့ သူက ဖေးသခင်လေးနဲ့ပဲ တစ်ချိန်လုံးရှိနေတာ။ ဒီကိစ္စက သူတို့နဲ့ ပတ်သက်နေမယ်ထင်တယ်!”
“ဖေးသခင်လေး?”
ချင်ယိရွှင်းက မျက်မှောင်ကြုတ်ကာ တုံ့ပြန်လိုက်သည်။ “အဲ့ဒါဖေးဟွမ်လား?”
သူပြောလိုက်သည်နှင့် စွင်းယဲ့လုံက သူ့နောက်ကနေ မတ်တပ်ထဖို့ ရုန်းကန်နေပြီး သူတို့အုပ်စုကို ကြည့်လိုက်သည်။ “ခွင့်ပြုချက်မရှိပဲ ဘယ်သူက မင်းတို့ကို ဖောက်ဝင်ခွင့်ပေးလိုက်တာလဲ? ဟိုတယ်မန်နေဂျာ! လုံခြုံရေး!”
တံခါးဝမှာ တွယ်ကပ်နေသော ဟိုတယ်မန်နေဂျာက ချွေးစေးများ ထွက်နေသည်။
သူက စွင်းယဲ့လုံ၏ သရုပ်သကန်ကို သိသလို ပေါ်ယွဲ့မင်နှင့် တခြားသူများကိုလည်း စော်ကားမိလို့ မဖြစ်ပေ။ ထို့ကြောင့် သူက လက်တစ်ဖက်ဖြင့် တံခါးဖွင့်ထားပြီး တခြားတစ်ဖက်ဖြင့် ဖေးဟွမ်နှင့် ပေါ်ကွမ်းချန်တို့အား အကြောင်းကြားလိုက်သည်။ ကံမကောင်းစွာပင် သူတို့နှစ်ယောက်က အချိန်ကြာသည်အထိ ရောက်မလာခဲ့ပေ။
စွင်းယဲ့လုံက သွေးထွက်နေသော နဖူးကို လက်တစ်ဖက်ဖြင့် အုပ်ထားပြီး ဖေးယိကို တခြားတစ်ဖက်ဖြင့် လက်ညိုးထိုးကာ ကြိမ်းမောင်းလိုက်သည်။ “မင်းအခုထိ ထွက်မသွားသေးဘူးလား!”
သူ့ရေချိုးဝတ်ရုံက သူ့အပေါ်မှာ လျော့တိလျော့ရဲဖြစ်နေပြီး သူ့ပါးပြင်နှင့် လည်ပင်းက ဝက်အသည်း၏အရောင် ပေါ်နေလေသည်။ သူ၏အဆီပြည့်နေသော ဦးခေါင်းနှင့် ဝမ်းဗိုက်သည်လည်း အရုပ်ဆိုးလွန်းနေသည်။
စွင်းယဲ့လုံ၏ အသံကိုကြားလိုက်ရပြီး ပေါ်ယွဲ့မင်က သူ့နောက်ကဖေးယိကို ကာပေးလိုက်မိသည်။
ချင်ယိရွှင်းက စွင်းယဲ့လုံဆီ နှစ်လှမ်းတိုးသွားပြီး ကြောက်မက်ဖွယ်ကောင်းသော အကြည့်ဖြင့် အပေါ်အောက် စစ်ဆေးလိုက်သည်။ ဆေး၏အာနိသင်ကြောင့် တစ်ဖက်လူက မြင်မကောင်းရှုမကောင်းဖြစ်နေသေးသည်ကို တွေ့လိုက်ရပြီး သူ့မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သော အကြည့်တစ်ချက် ထွက်ပေါ်လာခဲ့သည်။
သူက စွင်းယဲ့လုံ၏ လက်ကောက်ဝတ်ကို လိမ်ချိုးပစ်လိုက်ပြီး တစ်ဖက်လှည့်စေပြီးမှ သူ့ခြေထောက်ကိုမြောက်ကာ ထိုလူ၏နောက်ကျောကို ကန်ပစ်လိုက်သည်။ လုပ်ဆောင်ချက်အားလုံးမှာ အပိုလှည့်ကွက်များမပါရှိပဲ ၎င်းက ကြက်ပေါက်လေးတစ်ကောင်ကို ကိုင်တွယ်နေသလိုပင်။
စွင်းယဲ့လုံက အဝေးသို့ ကန်ထုတ်ခံလိုက်ရပြီး သူ့အရပ်အမောင်း တစ်ဝက်နီးပါးရှိသော စားပွဲထောင့်ကို တည့်တည့်မတ်မတ် တိုက်မိသွားခဲ့လေသည်။
“-- အား!”
ဝက်သတ်ခံရသလို အော်သံများက အခန်းထဲတွင် ပဲ့တင်ထပ်နေ၏။
စွင်းယဲ့လုံ၏ ဝက်အသည်းရောင်မျက်နှာက ချက်ချင်းပင် ဖြူဖျော့သွားပြီး သူက ကြမ်းပြင်ပေါ်မှာ လုံးလုံးမေ့မျောသွားခဲ့သည်။
သတင်းကြားပြီးနောက် ရောက်လာသော ဖေးဟွမ်က အော်သံကို ကြားလိုက်ရပြီး တစ်ခုခုမှားနေတာကို သိလိုက်သည်။ သူက အခန်းထဲအမြန်ဝင်သွားပေမယ့် အခြေအနေကို မစစ်ဆေးနိုင်ခင်မှာပင် သူ့ရှေ့က မြင်ကွင်းကြောင့် တုန်လှုပ်သွားကာ သူ့ခြေလှမ်းများ ရုတ်ချည်းရပ်တန့်သွားရသည်။
ပေါ်ယွဲ့မင်နှင့် ချင်ယိရွှင်းက ဖေးယိကို ဘယ်နှင့်ညာမှ ကာကွယ်ထားပြီး သူတို့မျက်နှာက အေးစက်နေသည်။
အလယ်၌ ကာကွယ်ပေးခံထားရသော ဖေးယိက နှစ်ယောက်စလုံး၏ အရောင်အဝါကို လုံးဝသတိမထားမိပုံပင်။ သူ့မျက်လုံးထောင့်မှ နီမြန်းနေမှုမှာ ပျောက်ကွယ်မသွားပဲ သူက နူးညံ့သော အပြုံးတစ်ခုဖြင့် နှုတ်ဆက်လိုက်သည်။
“ဝမ်းကွဲလည်း ရောက်လာပြီ။”