Chapter 31
“…….”
ဖေးဟွမ် အံ့အားသင့်သွားပြီး ဖေးယိ၏ နှုတ်ဆက်စကားက လူတွေရဲ့နှလုံးသားကို တုန်လှုပ်စေသည်ဟု ခံစားလိုက်ရသည်။
သူက အခန်းထဲမှ သတိလစ်နေသော စွင်းယဲ့လုံကိုကြည့်ကာ တစ်ခုခုမူမမှန်တာကို သိလိုက်သည်။
တစ်ဖက်လူက ကြက်တစ်ကောင်ခိုးဖို့ ကြိုးစားလိုက်သော်လည်း သူ မျှားဖို့သုံးလိုက်သည့် ဆန်ကိုသာ ဆုံးရှုံးလိုက်ရပြီး*** အကြံစည်ပေါ်သွားသောအခါတွင် သူကိုယ်တိုင်က ဆုံးရှုံးသွားခဲ့ရသည်။
(** အကျိုးအမြတ်ရဖို့ ကြိုးစားလိုက်ပေမယ့် အဆုံးသတ် ဆိုးရွားသွားတာကိုပြောတာပါ။)
ချင်ယိရွှင်း၏ နှလုံးသားက ဖေးယိ၏ နှုတ်ဆက်သံကြောင့် ပျော့ပျောင်းသွားခဲ့ပေမယ့် မျက်စိတစ်မှိတ်အတွင်းမှာ ဖေးဟွမ်က အနှီလူ၏ နှံ့နှံ့စပ်စပ် စစ်ဆေးခြင်းကို ခံလိုက်ရသည်။ “ ရှောင်ဟွမ်… မင်းလည်း ဥက္ကဋ္ဌစွင်းကို သိတယ်လို့ ငါကြားခဲ့တယ်။”
“ဟုတ်တယ်။ ကျွန်တော် သူ့ကိုသိတယ်။”
ဖေးဟွမ်က အနှီလူ၏နက်မှောင်သော မျက်ဝန်းကို အကြည့်ဆုံသွားပြီး အေးခဲသွားရသည်။
ချင်ယိရွှင်းက ဖေးဟွမ်နှင့် ဖေးယိထက် ငါးနှစ် ခြောက်နှစ် အသက်ပိုကြီးသည်။ သူသည် ငယ်စဥ်ကတည်းက ရင့်ကျက်မှုရှိပြီး ညီငယ်နှစ်ယောက်ကို အမြဲဂရုစိုက်ပေးခဲ့သည်။
တစ်ချိန်တုန်းက ဖေးဟွမ်သည် သူ့နောက်ကွယ်မှာ အမှားတစ်ခုလုပ်ခဲ့ပြီး ချင်ယိရွှင်းက ၎င်းကို လက်ပူးလက်ကြပ်မိခဲ့သည်။ သူ၏ ထပ်ခါတလဲလဲ တောင်းပန်မှုနှင့် အသနားခံမှုအပြီးမှာ တစ်ဖက်လူက ယင်းအကြောင်းကို ဖေးသခင်ကြီးနှင့် လူကြီးတွေရှေ့မှာ မပြောပြခဲ့ပေမယ့် ချင်ယိရွှင်းက သူ့ကို ကွယ်ရာတွင် နက်မှောင်သော မျက်နှာတစ်ခုဖြင့် အချိန်အတော်ကြာအောင် ကြည့်နေခဲ့သည်။
ထိုအချိန်မှစ၍ ဖေးဟွမ်က ဤအမည်ခံဝမ်းကွဲကို ဖော်မပြနိုင်လောက်အောင် ကြောက်လန့်ခဲ့သည်။
သူက တစ်ဖက်လူ၏ရှေ့မှာ သူ့ခံစားချက်အစစ်ကို ဖော်မပြရဲသလို သူတို့ဆုံတိုင်း သူဟာ သူတို့၏မရင်းနှီးမှုကို ဖုံးကွယ်ရန် အပြုံးတစ်ခုကို အသုံးချခဲ့သည်။
ချင်ယိရွှင်းသည် အထက်တန်းကျောင်းပြီးကတည်းက သူ့မိဘများနှင့်အတူ ယွင်ချန်သို့ ပြောင်းရွှေ့ခဲ့ပြီး နွေရာသီအားလပ်ရပ်တိုင်းမှသာ အင်ပါယာမြို့တော်ကို ပြန်လာနိုင်ခဲ့သည်။
နောက်တော့ တစ်ဖက်လူက စစ်မှုထမ်စာရင်းထဲ ပါဝင်ခဲ့ပြီး သူ၏ ထူးချွန်သော စွမ်းဆောင်ရည်များနှင့်အတူ သူက အထူးတပ်ဖွဲ့ဝင်အဖြစ် ရွေးချယ်ခံရပြီး သူနှင့် သူ့မိသားစုက နှစ်အတော်ကြာ ဝေးကွာနေခဲ့သည်။
ချင်ယိရွှင်း မကြာခင်မှာ စစ်တပ်မှ ပြန်လာတော့မည်ဟူ၍ ဖေးဟွမ်က ဖေးသခင်ကြီးထံမှ ကြားခဲ့ရသည်။
မထင်မှတ်ထားသည်မှာ သူတို့ ဤနေရာ၌ မတော်တဆဆုံကြမှာကိုပင်။
ဖေးဟွမ်က အသိစိတ် အမြန်ပြန်ဝင်လာပြီး သူ၏ မူပိုင်အပြုံးတစ်ခု တပ်ဆင်လိုက်လေသည်။ “ဝမ်းကွဲအစ်ကို ဘယ်တုန်းက မြို့တော်ကို ပြန်ရောက်တာလဲ? ဘာလို့ကြိုမပြောတာလဲ?ဒါမှ ..”
“ဖေးသခင်လေး… အခုက မင်းတို့ညီအစ်ကိုတွေ ဝမ်းသာစကား ဖလှယ်ရမယ့် အချိန်မဟုတ်ဘူး။” ပေါ်ယွဲ့မင်က ကြားဖြတ်ပြောလိုက်ပြီး ခေါင်းစဥ်ကို လိုရင်းရောက်စေရန် ပြန်ဆွဲခေါ်လာသည်။ “မင်းဖိတ်ထားတဲ့ အထူးဧည့်သည် ဥက္ကဋ္ဌစွင်းက ငါနဲ့ဖေးယိ စေ့စပ်ကြောင်းလမ်းထားမှန်း သိသိလျက်နဲ့ ငါ့နောက်ကွယ်မှာ သူ့ကို အခန်းထဲမျှားခေါ်ခဲ့တယ်။ သူ့ကို ဘယ်သူက သတ္တိတွေပေးခဲ့တာလဲ?”
ချင်ယိရွှင်းက “စေ့စပ်ကြောင်းလမ်း” ဟူသော စကားကိုကြားသည်နှင့် မကျေမနပ် မျက်မှောင်ကြုတ်လိုက်လေသည်။
“…….”
ဖေးဟွမ်၏ အပြုံးက မသိမသာ တောင့်တင်းသွားပြီး သူ့မျက်လုံးထဲတွင် စိုးရိမ်ပူပန်သော အရိပ်ယောင်တစ်ခု ဖြတ်ပြေးသွားသည်။
ပေါ်နှင့် ဖေး၏ ပါတနာဆက်ဆံရေးကြောင့် သူက စွင်းယဲ့လုံကို လျစ်လျူရှုလို့မရပေမယ့် ယခုချိန်၌ ဖေးယိအပြင် သူ့ဘယ်နှင့်ညာရှိ ကာကွယ်ပေးနေသူများကို ရင်ဆိုင်လိုက်ရသည့်အခါ ထိုလူအား ဆေးရုံချက်ချင်းပို့ရန် ထိုမျှလောက် လွယ်ကူတော့မည်မဟုတ်ချေ။
ထိုအတွေးဖြင့် ဖေးဟွမ်က ချက်ချင်းဆိုသလိုပင် ထိတ်လန့်တကြား ငြင်းလိုက်လေသည်။ “ဥက္ကဋ္ဌစွင်းက ရှောင်ယိအပေါ် မကောင်းတဲ့ အကြံအစည်တွေ ရှိနေတာလား? ကျွန်တော် မသိခဲ့ဘူး။”
“ဒုတိယသခင်လေး… ဥက္ကဋ္ဌစွင်းက မစ္စတာပေါ်နဲ့ ကျွန်တော် ဖိတ်ခေါ်ထားတဲ့ ဧည့်သည်ပါ။ ပေါ်နဲ့ ဖေးက သူနဲ့စီးပွားရေးပူးပေါင်းဆောင်ရွက်စရာ ရှိနေလို့ပါ။”
ဖေးဟွမ်က သူ့ရှင်းပြချက်ကို မသင့်လျော်ဘူးလို့ ခံစားလိုက်ရသဖြင့် ကတိုက်ကရိုက် ပြောလိုက်လေ၏။ “အို…ပြီးတော့ ဧည့်ခံပွဲအချိန် တစ်ဝက်ကျိုးတော့ ဥက္ကဋ္ဌစွင်းက အသက်ကြီးလာလို့ အရက်သိပ်မသောက်နိုင်တော့ဘူးလို့ ပြောခဲ့တယ်။ ဒါကြောင့် မစ္စတာပေါ်က အခန်းတစ်ခန်းဖွင့်ပေးပြီး သူ့ကိုအပေါ်ထပ်မှာ အနားယူခိုင်းဖို့ ဝန်ထမ်းကိုမှာလိုက်တာ။”
“ဝမ်းကွဲအစ်ကို.. ရှောင်ယိက ကျွန်တော့်ညီလေးပါ။ ဥက္ကဋ္ဌစွင်းက သူ့အပေါ် ဒီလိုအတွေးရှိနေတာကိိုသိရင် ကျွန်တော် ချက်ချင်း တားလိုက်မှာ မဟုတ်ဘူးလား?”
ဖေးဟွမ်၏ အသက်ရှူသံပြင်းပြင်းမှာ စိတ်မကောင်းဖြစ်မှုနှင့် ဝမ်းသာမှုတို့ ရောယှက်နေ၏။ “ကံကောင်းတာက ရှောင်ယိတစ်ခုခုဖြစ်တော့မှာကို ခင်ဗျား အချိန်မီရှာတွေ့လိုက်လို့ပေါ့။ ကျွန်တော် အဘိုးနဲ့ တခြားသူတွေကို ဘယ်လိုရှင်းပြရမလဲတောင် မသိတော့ဘူး။”
ဖေးယိက ဖေးဟွမ်၏ အပြစ်ရှိစိတ်ဖြင့် နီရဲနေသော မျက်ဝန်းကို အံ့အားသင့်သွားသည်။
ပထမတစ်ခွန်းက သူသိနေကြောင်းကို ငြင်းဆန်လိုက်ခြင်းပင်။
ဒုတိယတစ်ခွန်းကတော့ ဥက္ကဋ္ဌစွင်းနှင့် ဆက်ဆံရေးကို မိသားစုနှစ်ခုကြားရှိ စီးပွားဖက်ဆက်ဆံရေးအဖြစ် အဆင့်မြှင့်တင်ခဲ့သည်။
တတိယတစ်ခွန်းက ပါဝင်ခဲ့သည့် လူနှင့် အခန်းထဲမှာမရှိသော ပေါ်ကွမ်းချန်ကို အပြစ်တင်နေခြင်းဖြစ်သည်။
’
စတုတ္ထတစ်ခွန်းမှာ “မိသားစုကတ်”ကို ကစား၍ အဆုံးသတ်ဖို့ မမေ့ခဲ့ချေ။
ဒါက “ထိတ်လန့်လွန်ပြီး ရှော့ရသွား”လို့ စကားမပြောနိုင်ဖြစ်သွားတာလား? ဒါက စကားချောနေတာ သိသာပြီး ပါးပါးနပ်နပ်နဲ့ ငြင်းဆန်လိုက်တာမလား!
မူရင်းဝတ္ထုစာသားက ဤဇာတ်လိုက်ရှို့၏ အပြုအမူကို အမှန်တကယ် အလှသွင်းထားပုံပင်။ ဖေးဟွမ်အစစ်က အသွင်ဆောင်တော်သော အတ္တသမားနှင့် အတုအယောင်ဆန်သော ကြာပန်းဖြူသာဖြစ်၏။
တံခါးဝ၌ ခြေလှမ်းသံများ ရုတ်တရက် ထွက်ပေါ်လာပြီး ဟိုတယ်၏ တာဝန်ကျ ဆေးဝန်ထမ်းက အထဲဝင်လာကာ မေးလိုက်သည်။ “တစ်ခုခုဖြစ်နေတာလား? ဒဏ်ရာရထားတဲ့သူက ဘယ်မှာလဲ?”
“ဟုတ်ကဲ့….ဟုတ်ကဲ့!”
တစ်ချိန်လုံးနှုတ်ဆိတ်နေသော မန်နေဂျာက ရဲဆေးတင်ကာ ရှေ့တိုးလိုက်သည်။ “လူကြီးမင်း… ဒဏ်ရာရထားတဲ့လူနာကို ဆေးရုံအရင် ပို့လိုက်ကြမလား? ဒါက လူ့အသက်ဆုံးရှုံးနိုင်ချေရှိလို့ ကျွန်တော်ရော ဟိုတယ်ပါ ပြဿနာတက်လိမ့်မယ်။”
ဖေးဟွမ်က ဆက်ပြောရန် အခွင့်အရေးယူလိုက်သည်။ “ဒုတိယသခင်လေး… ၊ ဝမ်းကွဲအစ်ကို၊ ရှောင်ယိ.. ကျွန်တော် ပေါ့ဆလို့ ဒီလိုဖြစ်သွားရတာပါ။ ဒါပေမယ့် ဥက္ကဋ္ဌစွင်းက ပေါ်နဲ့ဖေးရဲ့ စီးပွားဖက်ပါ။ တစ်ခုခုဖြစ်သွားရင် မိသားစုနှစ်ခုလုံးအတွက် ကိုင်တွယ်ရခက်ခဲပါလိမ့်မယ်။”
ချင်းယိရွှင်းက ဖေးဟွမ်၏ တောင်းဆိုမှုကို တိုက်ရိုက်တုံ့ပြန်ခြင်းမရှိသော်လည်း ဖေးယိအား စိုးရိမ်စိတ်ဖြင့် လှည့်ကြည့်လိုက်သည်။
သူကလေးဘဝတည်းက တစ်ဖက်လူသည် အလွယ်တကူ ကြောက်လန့်တတ်သည့် စိတ်ပျော့သူတစ်ဦးဖြစ်သည်။ ယခုချိန်တွင် သူ့မျက်လုံးထောင့်နှင့် နှာခေါင်းထိပ်က နီရဲနေဆဲဖြစ်ပြီး တစ်ချက်ကြည့်ရုံဖြင့် သူ့ပုံစံက အဆင်မပြေသေးသည့် သနားစရာလူနှင့် တူလေသည်။
“ဒုတိယသခင်လေးပေါ်၊ ရှောင်ယိက လူတစ်ယောက်ကို ပစ္စည်းနဲ့ ထုရဲမှတော့ စွင်းယဲ့လုံက သူ့ကို တကယ်လန့်အောင် လုပ်ခဲ့လို့ဖြစ်မယ်။ ကျွန်တော် သူ့ကို အရင်ဆုံး စိတ်အေးအောင်လုပ်ပြီးမှ ကိစ္စတွေကို ဖြည်းဖြည်းချင်း ကိုင်တွယ်စေချင်တယ်။ ဒါမှ သူ ထပ်မဖောက်နိုင်တော့မှာ။ သဘောတူလား?”
အသံက လေးနက်သော်လည်း စံနှုန်းနှစ်မျိုး ဖြစ်လွန်းသည်။
ချင်ယိရွှင်းက ဖေးယိလက်ထဲရှိ သွေးစွန်းနေသော သံရုပ်ကို သေချာသုံးသပ်လိုက်ပြီးမှ စွင်းယဲ့လုံ၏ ခေါင်းပေါ်ရှိ သွေးစီးပေါက်ကို ကြည့်လိုက်သည်။
သူ့ရင်ထဲတွင် သူ့ညီငယ်လေးက အမှားကျူးလွန်မိခဲ့သည့်တိုင် တစ်ဖက်လူက အရှက်မဲ့သည့်အရာကို ကျူးလွန်ခဲ့သူဖြစ်သည်။
“……..”
အား?
ဒါက ဒီလိုဖြစ်နေတာလား?
သူ့ညီလေးကို စေ့စေ့စပ်စပ် ကာကွယ်ပေးနေသော ချင်ယိရွှင်း၏ မှတ်ချက်ကိုကြားလျှင် ဖေးယိက မလုံမလဲ ခေါင်းငုံ့မိလိုက်သည်။
အရပ် ၁.၉မီတာရှည်သော အမျိုးသားနှစ်ယောက်ကြားမှာ ညှပ်နေသည့် ဤအရပ်အမောင်း ၁.၇၊ ၁.၈မီတာသည် ပို၍ပင်….
အားနည်းပြီး သနားစရာကောင်းပေမယ့် လုံးဝမှန်ကန်နေသည်။
ပေါ်ယွဲ့မင်ကလည်း ဖေးယိ မသက်သာမှာကို စိုးရိမ်တာကြောင့် ခေါင်းညိတ်လက်ခံလိုက်၏။ “အင်း”
တချို့စာရင်းများက ကြောင်ပေါက်လေးရှေ့မှာမဟုတ်ပဲ လျှို့ဝှက်ဖြေရှင်းလိုက်လို့ရသည်။
ဖေးယိကြောင့် သဘောတူညီမှု ရရှိသွားသည်ကို ဖေးဟွမ်က မြင်ခဲ့ရသော်လည်း သူကတော့ အချိန်အတန်ကြာ ရှင်းပြပြီးသည့်နောက်မှာပင် အသိအမှတ်ပြုမူကို မရနိုင်ခဲ့ပေ။ သူ့နှလုံးသားက နားလည်ရခက်သော ရှုပ်ထွေးမှုများနှင့် ပြည့်လာပြန်သည်။
သူက သက်ပြင်းမောချကာ ဟိုတယ်မန်နေဂျာနှင့် ဆေးဝန်ထမ်းကို မှာလိုက်သည်။ “မင်းမြန်မြန်မလုပ်ဘူးလား!”
“အို့…ဟုတ်ကဲ့…!”
လူတစ်စုက ရိုးရှင်းသော ထမ်းစင်ကိုယူကာ နိုးတစ်ဝက်ဖြစ်နေသော စွင်းယဲ့လုံကို သယ်ထုတ်သွားခဲ့သည်။
သူ့နဖူးပေါ်မှ ဒဏ်ရာက သွေးတိတ်မည့်ပုံမပေါ်ပဲ သွေးများက ပါးပြင်ပေါ်စီးကျလာကာ တစ်ဝက်ပွင့်နေသော ရေချိုဝတ်ရုံကော်လံကို စိုရွှဲသွားစေခဲ့သည်။ သူက ဖေးဟွမ်ကို မျက်လုံးတစ်ဝက် ဖွင့်ကြည့်ပြီးနောက် တုန်ယင်နေသော လက်ချောင်းများဖြင့် ကျိန်ဆဲရန် ခွန်အားရှိနေသေးသည်။
“မင်းစောင့်နေ!”
ပြောပြီးနောက် သူက အားကုန်သွားကာ မေ့လဲသွားပြန်သည်။
ဖေးဟွမ်က စွင်းယဲ့လုံ၏ ဒဏ်ရာ မည်မျှပြင်းထန်သည်ကို သဘောပေါက်သွားပြီး သူ့မျက်လုံးထဲက စိုးရိမ်ပူပန်မှုမှာ ပိုဆိုးလာလေသည်။ သူ့ဆီမှာ ကြောက်စရာကောင်းသော အလိုလိုသိစိတ်တစ်ခုပင် ရှိနေခဲ့သည်။
ထပ်လောင်းရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေကို ရဦးမှာလား?
မဖြစ်ဘူး… ဂျာမန်ကုန်သည်ကြီးများအသင်းနှင့် ပူးပေါင်းဆောင်ရွက်မှု၊ ကနဦးအင်ဂျင်နီယာရန်ပုံငွေကို ကြိုတင်ပေးချေထားသည့် ပရောဂျက်က အလုံးစုံ ပျက်စီးသွားလောက်သည်။
. . . . . .
ပရောဂျက်အတွက် စိုးရိမ်နေသော ဖေးဟွမ်က ကျည်ဆံကိုက်ကာ တစ်ဖက်လူနောက်မှ ဆေးရုံသို့ လိုက်သွားခဲ့သည်။ သိပ်မကြာမီတွင် ပေါ်ယွဲ့မင်၊ ဖေးယိနှင့် တခြားသူများသာ ဟိုတယ်ခန်းထဲ၌ ကျန်ခဲ့လေသည်။
ဦးလေးခိုင်က အကြံပြုလိုက်သည်။ “ဒုတိယသခင်လေး…ကျွန်တော် အခု ဒရိုက်ဘာတစ်ယောက်ပြင်ဆင်ပြီး သခင်ငယ်လေးကို ပြန်ခေါ်သွားလိုက်ရမလား?”
“ခဏနေဦး”
ချင်ယိရွှင်းက ပြောင်ပြောင်တင်းတင်း ငြင်းဆန်လိုက်ပေမယ့် သူက ပေါ်ယွဲ့မင်ကို စေ့စေ့ကြည့်ကာ ပြောလိုက်သည်။ “ဒုတိယသခင်လေးပေါ်၊ ကျွန်တော် ခင်ဗျားနဲ့နှစ်ယောက်တည်း စကားပြောချင်တယ်။ အဆင်ပြေမလား?”
ယင်းက ဖော်ရွေသော မေးခွန်းတစ်ခုလို့ ထင်ရပေမယ့် ငြင်းဆန်လို့မရသည့် ခွန်အားအရိပ်အမြွက်တစ်ခု ပါနေသည်။
ပေါ်ယွဲ့မင်က သူ့ဆိုလိုရင်းကို ကြားလိုက်ရပြီး တစ်ဖက်လူပြောမည့် အကြောင်းအရာကို သဘာဝကျကျ နားလည်လိုက်သည်။ ထို့ကြောင့် သူက ညွှန်ကြားလိုက်၏။ “ဦးလေးခိုင်… ဖေးယိ စိတ်ငြိမ်စေဖို့ အချိုပွဲနဲ့ ဖျော်ရည်ယူလာပေးပါ။”
ဦးလေးခိုင်က ခေါင်းညိတ်လိုက်ပြီး တံခါးဝသို့ အမြန်လျှောက်သွားလိုက်သည်။
ချင်ယိရွှင်းက အခန်းတစ်ခုလုံး၏ အပြင်အဆင်ကို ကြည့်လိုက်ပြီး ဖေးယိအပေါ် သူ့လေသံက ၁၈၀ဒီဂရီ ပြောင်းသွားသည်။ “ ရှောင်ယိ… ဆိုဖာပေါ်မှာ ခဏထိုင်နေလို့ အဆင်ပြေမလား?”
ဖေးယိက သူတို့မျက်နှာနှစ်ခုကို ကြည့်ကာ ခေါင်းညိတ်လိုက်ပြီး ဆိုဖာဆီလျှောက်သွားလိုက်သည်။
ဝင်မပါသင့်သည့် နေရာမှာ ဝင်မပါပဲ တိတ်တိတ်လေးနေသင့်သည့် နေရာမှာ တိတ်တိတ်လေး နေရမည်။ သေချာသည်မှာ လှုပ်ရှားမှုတစ်ခု လုပ်သင့်သည့်အခါမှာတော့ နမော်နမဲ့ဖြစ်လို့မရပေ။ ဤသည်မှာ သူ၏ လုပ်ရိုးလုပ်စဥ် စတိုင်တစ်ခုဖြစ်လေသည်။
“…….”
ဖေးယိ၏ နာနာခံခံ ထွက်ခွာသွားမှုကို အာရုံခံမိသော ပေါ်ယွဲ့မင်က မျက်မှောင်အသာကြုတ်လိုက်သည်။
နောက်စက္ကန့်တွင် သူက ချင်ယိရွှင်း၏ အေးစက်သော လေသံကိုကြားလိုက်ရ၏။ “အထဲကအခန်းထဲမှာ စကားသွားပြောရအောင်။ ဒုတိယသခင်လေးပေါ်ရဲ့ မျက်လုံးတွေက အဆင်မပြေဘူးဆိုတော့ အထဲဝင်ဖို့ အကူအညီလိုသေးလား?”
ပေါ်ယွဲ့မင်က သူ၏လမ်းညွှန်မျက်မှန်ကို ချွတ်လိုက်ပြီး တိုးလာသော အလင်းစက်များကြားရှိ ပြောင်းလဲမှုများမှ ချင်ယိရွှင်း၏ ဦးတည်ရာကို တွေ့ရှိခဲ့သည်။ “ဒုက္ခမရှာပါနဲ့။ နှေးနှေးလေးသွားရင် ကျွန်တော်လိုက်နိုင်ပါတယ်။”
“ကောင်းပြီ။”
စကားနှစ်ခွန်းသုံးခွန်းနှင့်ပင် ဆိုဖာပေါ်မှဖေးယိက ရန်လိုသည့်သဘောကို ခံစားလိုက်ရသည်။
သူက ချင်ယိရွှင်းနှင့် ပေါ်ယွဲ့မင်တို့ အခန်းထဲလျှောက်သွားသည်ကို ကြည့်လိုက်ပြီး သူတို့နှစ်ယောက်နှင့် သက်ဆိုင်သည့် ဇာတ်ကွက်ကို အမြန်ပြန်စဥ်းစားလိုက်သည်။
ချင်ယိရွှင်းက မူရင်းဝတ္ထုတွင် လူကောင်းတစ်ယောက်ဖြစ်ပြီး သူ့အကြောင်းဖော်ပြချက်က အလွန်တိုရှင်းသည်။ “ညီငယ်လေးကို ကာကွယ်ပေးတတ်သော အကြီးစားအရူး၊ တည်ငြိမ်သော်လည်း စံနှုန်းနှစ်ခွရှိသော လူစားမျိုး”
သူက သူ့ဝမ်းကွဲညီလေး ဖေးယိကို ကလေးဘဝတည်းက ကာကွယ်ပေးခဲ့ပြီး သခင်လေးအစစ်ဖြစ်သော လီယွမ်က ဖေးအိမ်တော်ကို ရောက််လာတော့လည်း သူက သခင်လေးအား ဂရုစိုက်ပေးခဲ့သည်။ သို့သော် မူလပိုင်ရှင် မြစ်ထဲပြုတ်ကျကာ ရုတ်တရက်သေဆုံးသွားပြီးနောက် သူ့ကာရိုက်တာကို ဖော်ပြပေးသော အရေးပါဆုံးအပိုင်း ရောက်လာခဲ့သည်။
၎င်းကိုကြားသော် ချင်ယိရွှင်းက ရဲစခန်းကို အမြန်ပြေးသွားခဲ့ပြီး သူ၏ လိမ္မာရေးခြားရှိသော ညီငယ်လေးမှာ ရေနစ်ခဲ့ခြင်းကြောင့် ရုပ်ပျက်ဆင်းပျက် ဖြစ်နေခဲ့၍ သူ့ရင်ထဲက အမုန်းတရားနှင့် ဒေါသများ ပိုတိုးလာခဲ့သည်။
ထို့နောက် သူက “ဖေးဟွမ်”နှင့် ယန်စမ်း တို့အကြောင်း ကြားခဲ့ရသည်။
ဗီလိန်ဖြစ်သွားသော ပေါ်ယွဲ့မင်က ရူးသွပ်သွားပြီး တစ်မိုးအောက်၌ နေထိုင်သော မူလပိုင်ရှင်အား ကြောက်လန့်စေခဲ့သည်။ လှုံ့ဆော်ခံလိုက်ရသော ဖေးယိက ကြောက်လန့်လွန်းကာ ပေါ်အိမ်တော်မှ တိတ်တိတ်လေး ထွက်ပြေးသွားခဲ့ပြီး ကြေကွဲဖွယ် အဆုံးသတ်ခဲ့ရသည်။
ထိုအချိန်တွင် ပေါ်ယွဲ့မင်က အရည်အချင်းပြည့်မီသော ဗီလိန်တစ်ယောက်ဖြစ်သွားကာ ယန်နှင့် ဖေးမိသားစုကို စတင်ကိုင်တွယ်ခဲ့သည်။ အမှန်တရားကို သိသွားသော ချင်ယိရွှင်းက သူ့ညီငယ်လေးအတွက် လက်စားချေရန် အလို့ငှာ ယန်စမ်း၊ ဖေးဟွမ်တို့နှင့် ပူးပေါင်းခဲ့သည်။
အဆုံးသတ်ကတော့ သိသာလေသည်။
သဘာဝကျကျပင် ဗီလိန်က ကျရှုံးခဲ့ပြီး လူကောင်းတွေက လုံးလုံးလျားလျား အောင်နိုင်ခဲ့လေသည်။
. . . . . .