Ch 32
Viewers 28k

Chapter 32

ချင်ယိရွှင်း၏ ဇာတ်ကွက်ဖော်ပြချက်များက အများအားဖြင့် အလယ်နှင့် နှောင်းပိုင်းအဆင့်များ၌ ဖြစ်ပေါ်ပြီး ယနေ့၏ အခမ်းအနားပွဲက အစောပိုင်းဇာတ်ကွက်တစ်ခုသာ ဖြစ်လေသည်။ ထို့ကြောင့် ဖေးယိက ချင်ယိရွှင်း၏ အစောပိုင်းအသွင်အပြင်ကြောင့် အမှန်တကယ်ပင် အံ့အားသင့်သွားရသည်။

အချိန်အတော်ကြာ စဥ်းစားပြီးနောက်တွင် သူက ဖြစ်နိုင်ချေတစ်ခုကို စဥ်းစားနိုင်ခဲ့သည်။

မူရင်းဝတ္ထုက အမျိုးသားဇာတ်လိုက်၏ ရှုထောင့်မှ ရေးသားထားခြင်းဖြစ်ပြီး တခြားဇာတ်ကောင်များကြားရှိ အပြန်အလှန်ဆက်သွယ်မှုများကို မပြခဲ့သည်မှာ သူတို့၌ အပြန်အလှန်ဆက်သွယ်မှုမရှိဟု မဆိုလိုပေ။ ဤဇာတ်ကွက်များက အရေးမကြီးတာကြောင့် စာအုပ်ထဲ၌ မပေါ်လာခြင်းသာဖြစ်၏။


ဖေးယိက ပိတ်ထားသောတံခါးကို ကြည့်လိုက််သည်။ အထဲမှ ဆွေးနွေးမှုခေါင်းစဥ်မှာ သူနဲ့ပတ်သက်နေမည်ဟု ထင်သည်။ ခဏကြာအောင် စဥ်းစားပြီးနောက်မှာ သူက သူ၏သိလိုစိတ်ကို မထိန်းနိုင်တော့သဖြင့် မတ်တပ်ရပ်ကာ ဖြည်းဖြည်းချင်း ချဥ်းကပ်သွားလိုက်ပြီး နားစွင့်လိုက်လေသည်။

အခန်းထဲ၌။

ချင်ယိရွှင်းက ပြင်သစ်ပြတင်းပေါက်ဆီသို့ လျှောက်လာပြီး မတ်မတ်ရပ်ကာ သူ့နောက်မှ တိတ်တဆိတ်လိုက်လာသော ပေါ်ယွဲ့မင်ကို ပြန်လှည့်ကြည့်လိုက်သည်။ “ဒုတိယသခင်လေးပေါ်၊ ကျွန်တော် တည့်ပဲပြောလိုက်မယ်။”

ပေါ်ယွဲ့မင်က သူ့စကား၏ ဖြစ်နိုင်ချေကို ကောင်းကောင်းသိသည်။ “မစ္စတာချင်က ဒီနေ့ဧည့်ခံပွဲမှာ ရုတ်တရက်ပေါ်လာတာ ဖေးယိကိုရှာဖို့လား?”

“ဟုတ်တယ်” ချင်ယိရွှင်းက ရှင်းရှင်းလင်းလင်း အခိုင်အမာ ပြောဆိုလိုက်သည်။ “သူ့ကိုတွေ့ဖို့ပဲ မဟုတ်ဘူး။ ပြန်ခေါ်သွားမှာ။”

“မစ္စတာချင်က သူ့ကို ဘယ်ခေါ်သွားဖို့ စီစဥ်ထားလဲ? ဖေးအိမ်တော်လား?”

ပေါ်ယွဲ့မင်၏တောက်ပနေသော မျက်ဝန်းက မသိမသာ လှုပ်ရှားသွားပြီး သူက အမှန်တရားကို ထုတ်ဖော်လိုက်သည်။ “ဒီလက်ထပ်ပွဲကို အဘိုးကြီးနှစ်ယောက်က ဆုံးဖြတ်ခဲ့တယ်ဆိုတာ မစ္စတာချင် သေချာမသိသေးဘူးထင်တယ်။ မစ္စတာချင်က ကန့်ကွက်တယ်ဆိုရင် အဲ့ဒီအချိန်တည်းက ဘာလို့မတားခဲ့တာလဲ?”

“…….”

ချင်ယိရွှင်းက သူ့လက်ကို တင်းတင်းဆုပ်မိသွားသည်။

လွန်ခဲ့သည့်တစ်ပတ်ကမှ သူ တရားဝင်အနားယူခဲ့တာဖြစ်ပြီး အလုပ်နှင့် မစ်ရှင်ပတ်ဝန်းကျင်ကြောင့် သူက ပြင်ပကမ္ဘာအကြောင်းကို အနည်းငယ်သာ သိရှိခဲ့ရသည်။

ချင်ယိရွှင်းသည် မူလက ယွင်ချန်ရှိ နေအိမ်တွင် ခဏလောက်နေပြီး နောက်ဆက်တွဲကိစ္စများကို စီစဥ်ပြီးမှ အင်ပါယာမြို့တော်ကို ပြန်လာရန် စီစဥ်ခဲ့သော်လည်း ရလဒ်အနေဖြင့် မနေ့ညက ညစာစားပွဲ၌ ဖေးယိနှင့် ဒုတိယသခင်လေးပေါ်တို့၏ လက်ထပ်ပွဲအကြောင်းကို ကြားခဲ့ရသည်။

ချင်ယိရွှင်းက သတင်းကြားပြီးနောက် ငြိမ်ငြိမ်မထိုင်နိုင်တော့ပေ။ သူက ယခုမနက်မှာ ပစ္စည်းများထုပ်ပိုးပြီး လေယာဥ်စီးလာခဲ့သည်။ တစ်ချိန်တည်းမှာ သူက ၎င်းနှင့်ပတ်သက်ပြီး မေးမြန်းရန် အင်ပါယာမြို့တော် အသိုင်းအဝိုင်းရှိ သူငယ်ချင်းများကို ဆက်သွယ်ခဲ့သည်။ ထို့ကြောင့် သူ လေယာဥ်ဆင်းသည်နှင့် ဖေးယိရှိနေသည့် နေရာကို သိရှိခဲ့ခြင်းဖြစ်၏။


သို့သော် သူရောက်လာသည်နှင့် ယခုလိုအခြေအနေမျိုး ကြုံရမည်ဟု မထင်ထားခဲ့ပေ။

ချင်ယိရွှင်းက နောင်တရပြီး သူ့အမှားကို ဝန်ခံလိုက်သည်။ “ဒါတွေအားလုံးက ကျွန်တော် ဒီနှစ်တွေမှာ ရှောင်ယိကို ဂရုမစိုက်မိခဲ့လို့ပါ။”

ပေါ်ယွဲ့မင်က ချင်ယိရွှင်း သူ့ကိုယ်သူအပြစ်တင်လိမ့်မည်ဟု မထင်ထားခဲ့သဖြင့် သူ့ရင်ထဲတွင် သံသယများ တိုးလာပြန်သည်။ “မစ္စတာချင်၊ ခင်ဗျားနဲ့ဖေးယိက ဝမ်းကွဲတွေပါ။ အသက်အရွယ်အရလည်း ငါးနှစ်၊ခြောက်နှစ်ကွာတယ်။ သူ့ကိုဘာလို့ အဲ့လောက်ဂရုစိုက်တာလဲ?”

သူက ရပ်ကာ ထပ်ပြောလိုက်သည်။ “ခွင့်လွှတ်ပါ။ ကျွန်တော်က ဒီကာလအတွင်းမှာ ဖေးမိသားစုနဲ့ အဆက်အသွယ်ရှိခဲ့တာမို့ ဒီနှစ်တွေတစ်လျှောက် ဖေးအိမ်တော်မှာနေခဲ့ရတဲ့ ဖေးယိရဲ့အခြေအနေကို သူ့ရဲ့ ပြောဆိုပြုမူပုံကနေ သိနိုင်ပါတယ်။ ဘယ်ဆွေမျိုးကမှ သူ့ကို စိတ်ရင်းနဲ့မဆက်ဆံသလို သူ့ဘဝကလည်း အဆင်မပြေခဲ့ဘူး။”


“အခု ခင်ဗျားက ဖေးယိကို ပြန်ခေါ်သွားချင်တယ်လို့ ပြောတယ်။ ခင်ဗျားက တခြားဖေးမိသားစုဝင်တွေနဲ့ ကွာခြားတယ်လို့ ဘာလို့ယုံရမှာလဲ?”

ချင်ယိရွှင်းက ရုတ်တရက် ပြောလိုက်သည်။ “ကျွန်တော်က ရှောင်ယိကို ညီလေးအရင်းလို သဘောထားတာ။ သူ့ကို ဘယ်လိုဆိုးဆိုးရွားရွား ဆက်ဆံနိုင်မှာလဲ?”

သူ့စိတ်အခြေအနေ ရုတ်တရက်ပြောင်းလဲမှုကို အာရုံခံမိသော ပေါ်ယွဲ့မင်က မျက်ခုံးအသာပင့်လိုက်သည်။

ချင်ယိရွှင်းက သူ၏ စိတ်လှုပ်ရှားမှုကို အမြန်ထိန်းလိုက်ပြီး သူ့ရှေ့က လူကို မဖုံးကွယ်ထားခဲ့ပေ။ “ကျွန်တော့်အမေက ဖေးအိမ်တော်မှာ အကြီးဆုံးဖြစ်ပြီး အရင်အိမ်ထောင်ကျခဲ့တဲ့သူပဲ။ သူ ကျွန်တော့်ကိုမွေးတော့ ချင်မိသားစုက လုပ်ငန်းခွင်မှာ ငွေကြေးအတက်အကျတွေကို ကြုံခဲ့ရတယ်။”

ထိုအချိန်က ချင်ဇနီးမောင်နှံသည် မူလတန်းတက်ခါစ သူတို့သားလေးကို ပြုစုစောင့်ရှောက်ရန် မတတ်နိုင်သည့်အထိ အလုပ်များနေခဲ့သည်။

ချင်ယိရွှင်းက ရှင်းရှင်းလင်းလင်း ပြန်ပြောပြလိုက်သည်။ “ကျွန်တော် ငါးနှစ်အရွယ်တုန်းက ဦးလေးကပဲ ကျွန်တော့်ကိုစောင့်ရှောက်ပေးခဲ့တာ။”

သူပြောခဲ့သော ဦးလေးဆိုသူမှာ ဖေးယိ၏မွေးဖခင် ဖေးရူယဲ့ဖြစ်သည်။

ချင်ယိရွှင်းသည် ငါးနှစ်ခြောက်နှစ်အရွယ်တုန်းက ကိစ္စများကို မမှတ်မိသော်လည်း ဖေးရူယဲ့က သူ့ကို နေ့တိုင်းကျောင်းကြိုပေးပြီး ညစာစားရန် အိမ်သို့ခေါ်သွားကာ ချင်ဇနီးမောင်နှံ အလုပ်ပြီးသည်အထိ သူနဲ့အတူ စောင့်ပေးလေ့ရှိသည်ကို မှတ်မိသည်။

ထိုအချိန်က ဖေးရူယဲ့သည် ဇနီးဖြစ်သူ ရှုဝမ်နှင့် အိမ်ထောင်ကျပြီးဖြစ်၏။ သူတို့မှာ ချစ်စရာကောင်းသော သမီးလေးတစ်ယောက်ရှိသည့်အပြင် ရှုဝမ်၏ ဗိုက်ထဲမှာလည်း ကလေးတစ်ယောက် လွယ်ထားရသည်။

ငယ်ရွယ်သော ချင်ယိရွှင်း၏ ရင်ထဲတွင် ဖေးရူယဲ့နှင့် သူ့ဇနီးက သူ့မိဘအရင်းများနှင့် ပိုတူပြီး သူကလည်း ဖေးရူယဲ့၏ ရွှတ်နောက်နောက် သင်ပြမှုကြောင့် မွေးမလာသေးသော ဖေးယိအား သူ့ညီအရင်းလို့ သတ်မှတ်ခဲ့သည်။

နောက်တော့ ချင်ယိရွှင်းအား ချင်ဇနီးမောင်နှံက ပြန်ခေါ်သွားခဲ့သည်။

“ကျွန်တော် အင်ပါယာမြို့ကို ပြန်ရောက်ဖို့ နှစ်နှစ်သုံးနှစ်ကြာခဲ့ပြီး လူကြီးတွေနဲ့ စကားပြောရင်း ဦးလေးရဲ့မိသားစု ဘာဖြစ်သွားလဲ သိခဲ့ရတယ်။”

“ဖေးယိမွေးလာတော့ ကျွန်တော် သူ့ကို ဖေးအိမ်တော်မှာ ပထမဆုံးအကြိမ် တွေ့ခဲ့ရပြီး အဲ့ဒီအချိန်တုန်းက ကျွန်တော် ရှစ်နှစ်ပဲရှိသေးတယ်။ သူက နှစ်နှစ်ကျော်လေးပဲရှိဦးမယ်။ လမ်းဖြောင့်ဖြောင့် မလျှောက်နိုင်သေးဘူး။ သူ ကျွန်တော့်ကိုတစ်ခါမှ မမြင်ဖူးပေမယ့် ပါးစပ်ဖွင့်လိုက်တာနဲ့ အစ်ကိုလို့ခေါ်ရမှန်း သိခဲ့တယ်။ သူ့တစ်ကိုယ်လုံးက ဖြူဖွေးပြီး နို့နံ့သင်းနေတာ။”

ချင်ယိရွှင်းက ၎င်းကို ပြန်အမှတ်ရသွားစဥ် သူ့မျက်နှာပေါ်၌ ရှားပါးသော အပြုံးတစ်ခု ထွက်ပေါ်လာသည်။

ပေါ်ယွဲ့မင်က ထိုမြင်ကွင်းကို တခဏမျှ စိတ်ကူးယဥ်ကြည့်ပြီး သူ့ပါးစပ်ထောင့်များပင် ကွေးညွတ်သွားရသည်။

ချင်ယိရွှင်းက ဆက်ရှင်းပြလိုက်သည်။ “ကျွန်တော့်မိဘတွေက ကျွန်တော့်ကို အင်ပါယာမြို့တော်မှာ ပညာဆက်သင်ပေးဖို့ စီစဥ်ခဲ့တယ်။ ဒါကြောင့် အထက်တန်းကျောင်း တတိယနှစ်အထိ ဖေးအိမ်တော်မှာ နေထိုင်ခဲ့ရတယ်။”

ဂရုစိုက်ပေးသည့် မိဘများရှိသော ဖေးဟွမ်နှင့်ယှဥ်လျှင် ချင်ယိရွှင်းနှင့် ဖေးယိ၏ ညီအစ်ကိုဆက်ဆံရေးက ပိုရင်းနှီးခဲ့ပြီး တစ်ဖက်လူက သူ့နောက် တကောက်ကောက်လိုက်ကာ “အစ်ကို”လို့ ခေါ်လေ့ရှိသည်။

နောက်တော့ ဖေးယိက မွေးနေ့ပါတီတစ်ခု၌ ရေကူးကန်ထဲ မတော်တဆပြုတ်ကျသွားပြီး လူသိများသော မတော်တဆမှုဖြစ်ခဲ့လေသည်။

“ရက်နည်းနည်းကြာတော့ မေ့မြောနေရာကနေ သတိရလာပြီး သူ့မှတ်ဉာဏ်က အရင်နဲ့သိပ်မတူတော့ဘူး။ သူက ကျွန်တော်ဘယ်သူလဲသိပေမယ့် စကားအများကြီးမပြောချင်ခဲ့ဘူး။ သူ့ပတ်ဝန်းကျင်မှာ ဆူညံသံတွေကြားရင်လည်း ငိုယိုပြီး ပြဿနာရှာတတ်တယ်။ သူက ဘယ်လိုလှုံ့ဆော်မှုကိုမှ မခံနိုင်ဘူး။”

“ကျွန်တော် သူနဲ့ ထပ်ခါတလဲလဲ ဆက်သွယ်ဖို့ ကြိုးစားခဲ့လို့ သူက ကျွန်တော်နဲ့ ရင်းနှီးဖို့ ဆန္ဒရှိနေဆဲဖြစ်ပြီး တိတ်တိတ်လေး စကားတွေပြောပြတတ်တယ်။”

“အဲဲဒီတုန်းက ကျောင်းတက်နေလို့ ရှောင်ယိနဲ့ အတူနေဖို့ အချိန်သိပ်မရှိခဲ့ဘူး။ ကျွန်တော် အင်ပါယာမြို့တော်ကို ပြန်ရောက်တော့ သူက စကားနည်းသွားပြီး အရှက်အကြောက်ကြီးလာတယ်။ စကားတောင် သိပ်မပြောချင်တော့ဘူး။”

ပေါ်ယွဲ့မင်က ချင်ယိရွှင်း၏ ဖော်ပြချက်ကို ကြားသည့်အခါ သူ့စိတ်ထဲက မှန်းဆချက်မှာ တဖြည်းဖြည်း မှန်ကန်လာသည်။

ကလေးအရွယ် ဖေးယိက လုံးဝပျောက်ကင်းသွားနိုင်သည့် အခွင့်အရေးရှိခဲ့သည်။

ကံမကောင်းစွာပင် ဖေးသခင်မကြီး၏ ဆုံးပါးသွားမှုကြောင့် ဖေးသခင်ကြီး၏ လျစ်လျူရှုထားမှုနှင့် ဖေးရူကျန်းတို့ ဇနီးမောင်နှံ၏ ယုတ်မာမှုများကြောင့် တစ်နေ့ထက်တစ်နေ့ သူ့အတွင်းစိတ်က ပိုဆိုးလာခဲ့သည်။

ချင်ယိရွှင်းက သူ့အတိတ်မှတ်ဉာဏ်များကို ဖျောက်လိုက်ပြီး ခေါင်းစဥ်ပြန်ပြောင်းလိုက်သည်။ “မစ္စတာပေါ်၊ ကျွန်တော် အခုချိန်မှာ အနားယူပြီး အင်ပါယာမြို့တော်ကို ပြန်လာရတဲ့ အကြောင်းအရင်းက ရှောင်ယိပါ”


“အရင်တုန်းက ငယ်သေးလို့ စွမ်းဆောင်ရည်သိပ်မရှိပေမယ့် အခုကိစ္စတွေက ကွာခြားသွားပြီ။ နောက်ဆိုရင် အစ်ကိုတစ်ယောက်ရဲ့ တာဝန်တွေကို ကျေပွန်အောင် ထမ်းဆောင်မှာပါ။ ကျွန်တော် ပြန်လာတာနောက်ကျပြီး လက်ထပ်ပွဲမဖြစ်မြောက်အောင် မတားနိုင်ခဲ့ပေမယ့် ဒီထက်ပိုကြာသွားတာထက်တော့ ကောင်းပါတယ်”

“ဒုတိယသခင်လေးပေါ်၊ ခင်ဗျားက အမြဲတမ်း ထူးချွန်ထက်မြက်တဲ့သူ ဖြစ်ခဲ့တာပါ။ ဒီအိမ်ထောင်ရေးကလည်း ခင်ဗျားလိုချင်တဲ့အရာ မဟုတ်လောက်ဘူး။”


ချင်ယိရွှင်းက ပေါ်ယွဲ့မင်ကို တလေးတစားကြည့်ကာ တည့်တိုးပြောလိုက်သည်။ “ရှောင်ယိရဲ့ အခြေအနေက ထူးခြားနေပြီးတော့ ခင်ဗျားရဲ့မျက်လုံးတွေကလည်း သူ့ကို ကာကွယ်မပေးနိုင်ဘူး။”

ချင်ယိရွှင်းက ချမ်းသာသော မိသားစုများ၏ ငြင်းခုံမှုများနှင့် ဝေးကွာနေသော်လည်း ပေါ်မိသားစု၏ အတွင်းရေးက မရိုးရှင်းလောက်ဘူးလို့ သူထင်သည်။ ရိုးရှင်းသော စိတ်ထားရှိသည့် ဖေးယိကို ဤမျှ ရှုပ်ထွေးသော ပတ်ဝန်းကျင်၌ မနေစေချင်ပေ။

“ဒီနေ့လိုအရာမျိုး တစ်ကြိမ်ဖြစ်သွားပြီဆိုတော့ နောက်ဆိုရင် ခင်ဗျားနှာခေါင်းအောက်မှာ ဒုတိယအကြိမ်ဆိုတာ ရှိလာနိုင်တယ်။ ခင်ဗျား အမြဲတမ်း အချိန်မီရောက်နိုင်မှာ မဟုတ်ဘူး။”

“…….”

ချည်ထဲမှာ အပ်ဖွက်ထားသည့် စိုးရိမ်ပူပန်မှုအတုနှင့် ချင်ယိရွှင်း၏ လေးစားမှုရှိသော လေသံကို ပေါင်းယှဥ်ကြည့်လိုက်တော့ ပေါ်ယွဲ့မင်က အပြည့်အဝ နားလည်သွားခဲ့သည်။ သူမငြင်းနိုင်တာက….

ဖေးယိ၏ ယနေ့အတွေ့အကြုံက သူ၏ပေါ့ဆမှု၊ ဂရုမစိုက်မှုတို့နှင့် ဆက်နွယ်နေသည်။

စွင်းယဲ့လုံ၏ အကြည့်များ ဖေးယိပေါ် စတင်ကျရောက်လာသည်နှင့် ထိုလူမှာ မကောင်းသော ရည်ရွယ်ချက်များ ရှိနေသည်ဟု သူထင်ခဲ့သည်။ သို့သော် ဖေးယိဘေးမှာ ရပ်နေသည့်တိုင် သူက အန္တရာယ်ကို အချိန်မီမရှောင်နိုင်ခဲ့သဖြင့် ပေါ်ယွဲ့မင်က ရင်ထဲမှာ ခါးသီးမှုကြီးတစ်ခုကို ခံစားလိုက်ရသည်။

ချင်ယိရွှင်းက ဆက်ပြောလိုက်သည်။ “ဒုတိယသခင်လေးပေါ်၊ ဘယ်လိုပဲဖြစ်ဖြစ် နှစ်ဖက်လုံးက ဒီအိမ်ထောင်ရေးကနေ သူတို့ရဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု လုပ်ပြီးသွားပြီဆိုတော့ ကျွန်တော့်ကို ရှောင်ယိနဲ့အတူ ထွက်သွားခွင့်ပေးပါ။ အဆင်ပြေမလား?”

ပေါ်ယွဲ့မင်၏ အမူအရာက မတည်ငြိမ်သော်လည်း သူက “အင်း”ဆိုသည့် စကားလုံးကို မပြောနိုင်ခဲ့ပေ။

ချင်ယိရွှင်းက ပေါ်ယွဲ့မင်၏ တုံ့ဆိုင်းနေမှုကို နားမလည်နိုင်သဖြင့် မေးလိုက်သည်။ “ဒုတိယသခင်လေးပေါ်”?”

Swish.


ပိတ်ထားသော တံခါးက ရုတ်တရက် တွန်းဖွင့်ခံလိုက်ရသည်။


ချင်ယိရွှင်းက ထိုဘက်ကို အမြန်ကြည့်လိုက်ပြီး ပေါ်ယွဲ့မင်ကည်း အသံလားရာကို လှည့်ကာ ခန့်မှန်းလိုက်သည်။ “ဖေးယိ?”

“အွန်း”

ဖေးယိက တံခါးတွန်းဖွင့်လာပြီး အထဲဝင်လာကာ သူ့လက်ထဲတွင် မကုန်သေးသော ကိတ်တစ်ခြမ်းကို ကိုင်ထားပြီး ဖောင်းကားနေသော ပါးစပ်မှာလည်း အမြန်ဝါးနေလေသည်။

သူ့ဘေးရှိ ဦးလေးခိုင်က ရှက်ကိုးရှက်ကန်းဖြစ်ကာ ရှင်းပြလိုက်ရသည်။ “ဒုတိယသခင်လေး…မစ္စတာချင်။ သခင်ငယ်လေးက တံခါးဝမှာရပ်နေပြီး ထွက်မသွားဘူး ငြင်းနေလို့ ကျွန်တော် အတင်းအကျပ် မလုပ်ချင်လို့ပါ။”

“…….”

ခိုးနားထောင်တာ မိသွားသော ဖေးယိက နှုတ်ခမ်းကို တင်းတင်းစေ့ကာ သူ စားလို့မကုန်သေးသော ကိတ်တစ်ပိုင်းကိုကြည့်ပြီး ရုတ်တရက် မလုံမလဲဖြစ်သွားရသည်။

သို့သော် သူ အလျင်စလို ဝင်မလာဘူးဆိုလျှင် ပေါ်ယွဲ့မင်က သူ့ကိုမောင်းထုတ်ရန် ဤအခွင့်အရေးကို ယူလိုက်နိုင်သည်။

ဖေးယိက သူ့အစီအစဥ်များကို အပျက်စီးမခံနိုင်သဖြင့် သူက ကိတ်အပိုင်းလေးကို ဦးလေးခိုင်၏ လက်ထဲပြန်ထည့်ပေးလိုက်လေသည်။

သူက ပေါ်ယွဲမင်၏ ဘေးသို့လျှောက်သွားကာ တီးတိုးဆိုလိုက်သည်။ “ခင်ဗျားပြောတော့…မောင်းမထုတ်ဘူးဆို”


ပေါ်ယွဲ့မင်က သူ့စကား၏ဆိုလိုရင်းကို နားလည်သွားပြီး သူ့အမူအရာက ပြေလျော့သွားသည်။ “မောင်းမထုတ်ပါဘူး။”

ချင်ယိရွှင်းက မျက်မှောင်ကြုတ်လိုက်သည်။ “ ရှောင်ယိ?”


လူကြီးတစ်ယောက်အနေဖြင့် ဦးလေးခိုင်က သူတို့သုံးယောက်၏ အတွေးများကို ရှင်းပြလိုက်သည်။ “သခင်ငယ်လေးက မစ္စတာချင်နဲ့ ထွက်မသွားချင်ဘူးလား? ပေါ်အိမ်တော်မှာ နေချင်တာလား?”

ဖေးယိက ခေါင်းညိတ်ပြလိုက်ပြီး သူ့စိတ်ထဲတွင် အကြံအစည်တချို့ ရှိနေခဲ့သည်။

သူ့အတွက်တော့ ပေါ်ယွဲ့မင်နှင့် ချင်ယိရွှင်းက ကူးပြောင်းလာပြီးနောက် တွေ့ခဲ့သူများဖြစ်၍ ဤလူနှစ်ယောက်အပေါ် သူ၏အမြင်နှင့် ထင်မြင်ချက်များက မူရင်းဝတ္ထုထဲမှာ ဖော်ပြထားသော “ကောင်းကျိုး၊ဆိုးကျိုးများ”နှင့် လားလားမျှမဆိုင်ပေ။

သူ့ဘေးနားမှာ အချိန်အတော်ကြာ ရှိနေခဲ့သော ပေါ်ယွဲ့မင်နှင့် ယှဥ်လျှင် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့သော ချင်ယိရွှင်းက သူနဲ့ ပိုစိမ်းလေသည်။

သေချာသည်မှာ ချင်ယိရွှင်း၏ ကြင်နာမှုက စိတ်ရင်းဖြစ်သော်လည်း သူဟာ မူလပိုင်ရှင်မဟုတ်တော့ပေ။ တကယ်တမ်းမှာ သူက တစ်ဖက်လူ အမှန်တကယ် ကာကွယ်ပေးချင်သော လူတစ်ယောက် မဟုတ်ပါပေ။

ခြေလှမ်းတစ်သောင်းတိုးကာ ချင်ယိရွှင်းက သူ့ကို ခဏလောက် ကာကွယ်ပေးနိုင်ရင်တောင် တစ်သက်လုံးကာကွယ်ပေးနိုင်မှာတဲ့လား?”

တစ်ဖက်လူက အနာဂတ်မှာ သူသဘောကျတဲ့လူနဲ့ တွေ့ခဲ့ရင် ဘယ်လိုလုပ်မလဲ? သူ တစ်ဖက်လူနဲ့ ဆက်နေနိုင်တော့မှာ မဟုတ်ဘူးလေ… ဒါက သူ့အချိန်ဖြုန်းနေတာ မဟုတ်ဘူးလား?!

ဖေးယိက လူတစ်ယောက်ကို တစ်သက်လုံး သံယောဇဥ်တွယ်သွားဖို့ မတွေးထားသဖြင့် ပေါ်အိမ်တော်မှာ နေထိုင်ဖို့ ရွေးချယ်ခြင်းက ယာယီအတွက် အဆင်ပြေလေသည်။


ဒီလိုဆိုရင် ဘာအနှောင့်အယှက်ဖြစ်တော့မှာလဲ?

ပေါ်ယွဲ့မင်၏ ဘေးမှာရပ်နေသော ဖေးယိကိုကြည့်ကာ ချင်ယိရွှင်းက စိတ်ပျက်လက်ပျက် ခံစားလိုက်ရပေမယ့် သူက စိတ်ရှည်ရှည် ဆက်မေးလိုက်သည်။ “ ရှောင်ယိ၊ မင်း အစ်ကိုနဲ့ မလိုက်ချင်ဘူးလား?”

ဖေးယိက ချင်ယိရွှင်းကို ရွေးချယ်ရခက်သော အမူအရာဖြင့်ကြည့်လိုက်ပေမယ့် ရက်ရက်စက်စက် ခေါင်းညိတ်ပြလိုက်လေသည်။

ချင်ယိရွှင်း၏ ဖေးယိအပေါ် စိုးရိမ်ပူပန်မှုဖြင့် မူရင်းဝတ္ထု၏ အစောပိုင်းအဆင့်တွင် အလားတူဇာတ်ကွက်မျိုး ဖြစ်ခဲ့လောက်ပေမယ့် ယင်းက “ဇာတ်လိုက်၏ဇာတ်ကွက်” မဟုတ်သဖြင့် မဖော်ပြခဲ့တာဖြစ်မည်ဟု သူထင်မိသည်။

“…….”

ချင်ယိရွှင်းက ဖေးယိအား အတင်းအဓမ္မ ရွေးချယ်ခိုင်းမှာ မဟုတ်ပေမယ့် သူ၏ မြဲမြံခိုင်မာသော မျက်လုံးထဲ၌မူ စိတ်ပျက်မှုအရိပ်အမြွက်တစ်ခု ရှိနေခဲ့သည်။ “ရှောင်ယိ…မင်း ထွက်မသွားချင်ဘူးလား?”

ဖေးယိက တခဏမျှစဥ်းစားပြီးနောက် “ညီငယ်လေးကို စိတ်ရင်းဖြင့် ကာကွယ်ပေး”ဖို့ ဆုံးဖြတ်ထားသည့် ချင်ယိရွှင်းအား အကြောင်းပြချက်တစ်ခု ပေးသင့်သည်ဟု စိတ်ပိုင်းဖြတ်လိုက်၏။

သူက သူ့ဘေးရှိ ပေါ်ယွဲ့မင်ကိုကြည့်ကာ အရိုးရှင်းဆုံးနှင့် အသင့်တော်ဆုံး အကြောင်းပြချက်ကို စဥ်းစားလိုက်သည်။ ထို့နောက် သူက အနှီလူ၏လက်ကို ရုတ်တရက် ဆုပ်ကိုင်လိုက်ပြီး ရှေ့နှစ်လမ်းတိုးရန် အတင်းဆွဲခေါ်လိုက်သည်။

ပေါ်ယွဲ့မင်က ဖေးယိကြောင့် ထိတ်လန့်သွားပြီး ဟန်ချက်မပျက်စေရန် သူ့ကို ဆုပ်ကိုင်ထားလိုက်ရသည်။ “သတိထား.. ဖြည်းဖြည်း”

ဖေးယိက သူတို့နှစ်ယောက်ကြားရှိ ရံဖန်ရံခါ လက်ချင်းယှက်နွယ်ထားမှုကို ကျင့်သားရနေပြီးဖြစ်တာကြောင့် သူက တိုးတိုးလေး တုံ့ပြန်လိုက်သည်။ “အာ့ကော”

ဆန့်ကျင်ဘက်မှာ ရပ်နေသော ချင်ယိရွှင်းက ထိုအခေါ်အဝေါ်ကို ကြားသွားပြီး သူတို့၏ ယှက်နွယ်ထားသော လက်တွေကို အမှတ်တမဲ့ကြည့်ကာ သူ့ရင်ထဲ၌ ချဥ်စူးလာခဲ့သည်။ သူ ၎င်းကိုမရပ်တန့်နိုင်ခင်မှာ –

ဆန့်ကျင်ဘက်က ဖေးယိသည် ပို၍ပင် နာနာခံခံခေါ်လာသည်။ “အစ်ကို”

ချင်ယိရွှင်း၏ ချဥ်စူးမှုက လွင့်ပျံသွားပြီး သူက သူ၏ ပေါလောပေါ်နေသော ကျေနပ်မှုကို ထိန်းထားလိုက်ရသည်။

ဖေးယိ၏မျက်ဝန်းက နှစ်ယောက်လုံးကို အပြန်ပြန်အလှန်လှန် ကြည့်ကာ ယခုမှစ၍ သူတို့နှစ်ယောက်ကြားရှိ အတိုက်အခံပြုမျဥ်းကြောင်းကို ဖြတ်တောက်ဖို့ စဥ်းစားလိုက်သည်။ ထို့ကြောင့် သူက “ချစ်ခင်သောမိသားစု” လေသံကို တုပကာ သူတို့အား ဖြည်းဖြည်းချင်း မိတ်ဆက်ပေးလိုက်၏။

“အစ်ကို…ဒါက ကျွန်တော့်ခင်ပွန်းပါ။”

“…….”

ပေါ်ယွဲ့မင်၏ လည်စေ့က အပေါ်အောက်လှုပ်ရှားသွားပြီး သူ၏မမြင်နိုင်သော မျက်လုံးများက ရုတ်တရက် ဘယ်ကိုကြည့်ရမလဲပင် မသိဖြစ်နေ၏။

ဤသည်မှာ အပြင်ကမ္ဘာတွင် “ခင်ပွန်း”အဖြစ် မိတ်ဆက်ပေးခံရတာ ပထမဆုံးအကြိမ်ဖြစ်၏။ မပြင်ဆင်ထားခဲ့သော သူက တစ်ခါမှမခံစားဖူးသည့် ချည်နှောင်မှုတစ်မျိုးကို ခံစားလိုက်ရပြီး မသိစိတ်အလျောက် ကိုယ်ကိုမတ်လိုက်မိသည်။

“…….”

ဖေးယိ၏ အကြောင်းပြချက်က ဤမျှလောက် တည့်တိုးဆန်မည်ဟု ချင်ယိရွှင်း မထင်ထားခဲ့ပေ။ သူတုံ့ပြန်လိုက်ချိန်မှာ သူ့မျက်ဝန်းက စူးရှနေပြီး သူက ရာဇဝတ်ကောင်ကို စစ်ဆေးမေးမြန်းနေသကဲ့သို့ ပေါ်ယွဲ့မင်အား အချိန်အတော်ကြာ စိုက်ကြည့်နေခဲ့သည်။

ပေါ်ယွဲ့မင်၏ ခန့်ညားချောမောသော မျက်နှာကိုကြည့်ပြီး တခြားသူများကို ရုပ်ရည်ဖြင့် အကဲမဖြတ်လိုသော ချင်ယိရွှင်းက စိတ်ထဲကနေ အေးစက်စက် ဟစ်အော်လိုက်လေသည်။

ဒါပဲလား?

သူက သူ့ယောက်ဖဖြစ်ဖို့ အရည်အချင်းပြည့်မီရဲ့လား?

သူ တစ်ဖက်လူကို ပိုကြည့်မိလေ အမြင်ပိုကတ်လာလေဖြစ်၏။