Ch 33
Viewers 28k

Chapter 33

ပေါ်အိမ်တော်အပြင်ဘက်မှာ ကားနှစ်စီးရပ်သွားသည်။

အနောက်ဘက်ရှိ အနက်ရောင် SUV ကားကြီးက ပွင့်လာပြီး ချင်ယိရွှင်း ဆင်းလာကာ သူ၏ခြေတံရှည်များက လေကိုဖြတ်ကျော်သွားခဲ့သည်။


ကားရှေ့ပြတင်းပေါက်က လှိမ့်ဆင်းလာပြီး ဖေးယိဘေးမှာ ထိုင်နေသော ပေါ်ယွဲဲ့မင်က အရင်ပြောလိုက်သည်။ “မစ္စတာချင်..ခင်ဗျားက ပေါ်အိမ်တော်ရဲ့ လမ်းကိုသိနေတာပဲ။”

“အင်း”

ချင်ယိရွှင်းက အမှုမဲ့အမှတ်မဲ့ ဖြေလိုက်သည်။

သူ့မျက်ဝန်းက ဖေးယိ၏မျက်နှာပေါ်၌ ကျရောက်နေပြီး သူက ခေါင်းမာမာဖြင့် ထပ်မေးလိုက်ပြန်သည်။ “ ရှောင်ယိ.. မင်းက မင်းအစ်ကိုကြီးနဲ့ တကယ်ထွက်မသွားချင်တာလား? အဘိုးနဲ့ တခြားသူတွေ စိတ်ဆိုးမှာကိုကြောက်ရင်…”

ဖေးယိက သူ၏ ထပ်ခါထပ်ခါ ဖိတ်ခေါ်မှုများကြား ထပ်ခါတလဲလဲ ခေါင်းခါပြလိုက်သည်။

“…….”

ဖေးယိက ပေါ်အိမ်တော်မှာ ဆက်နေလိုကြောင်း ချင်ယိရွှင်း မြင်လိုက်ရသဖြင့် သူ့မှာ ရွေးချယ်စရာမရှိတော့ပဲ အလျှော့ပေးလိုက်ရသည်။


သူ အင်ပါယာမြို့တော်၌ မရှိခဲ့သော နှစ်များတွင် သူက အစ်ကိုတစ်ယောက်၏ တာဝန်ကို လုံးဝမကျေပွန်ခဲ့ပေ။ ထို့ကြောင့် သူ့မှာ တစ်ဖက်လူကို အတင်းအကျပ် ဖိအားပေးခွင့်မရှိပေ။

ချင်ယိရွှင်းက ခေါင်းစဥ်ပြောင်းလိုက်သည်။ “မင်းမှာ ဖုန်းရှိလား? ဆက်သွယ်လို့ရမယ့် ဖုန်းနံပါတ်ချန်ခဲ့ပေးမယ်။”

ဖေးယိက သူ့အိတ်ကပ်ထဲမှ လက်ကိုင်ဖုန်းကို ဖြည်းဖြည်းချင်း ထုတ်လိုက်ပြီး နာခံစွာ ကမ်းပေးလိုက်သည်။

ဦးလေးခိုင်နှင့် တခြားသူများ၏ သံသယတိုးပွားလာခြင်းကို ရှောင်ရှားရန် သူ့ဖုန်းမှာ Screen Saver မရှိသလို App အပိုတစ်ခုမှ ဒေါင်းလုဒ်လုပ်ထားခြင်းမရှိပေ။


မည်သို့ပင်ဆိုစေကာမူ ချင်ယိရွှင်းက သူ၏ကိုယ်ရေးကိုယ်တာ လျှို့ဝှက်ချက်များကို အလေးထားပြီး နှစ်ဖက်လုံးအတွက် ဆက်သွယ်ရန်အချက်အလက် မှတ်ပြီးသည်နှင့် ဖုန်းပြန်ပေးခဲ့သည်။

“ ရှောင်ယိ… ဒီတစ်ခါ အစ်ကို အင်ပါယာမြို့တော်ကနေ ထွက်မသွားတော့ဘူး။ နောက်ဆိုရင် မင်းမှာ ဘာပြဿနာပဲရှိရှိ ငါ့ကိုတိုက်ရိုက်ပြောပါ။ နားလည်လား?”

ဖေးယိက စက္ကန့်အနည်းငယ်လောက် စဥ်းစားကာ ခေါင်းညိတ်လိုက်သည်။

ဘေးဘက်က ပေါ်ယွဲ့မင်က ချင်ယီရွှင်း၏ ရှင်းပြချက်ကိုကြားပြီး တိုက်ရိုက်ဖိတ်ခေါ်လိုက်သည်။ “မစ္စတာချင်နဲ့ ဖေးယိက မတွေ့ရတာကြာပြီဆိုတော့ အထဲဝင်ထိုင်ပါဦးလား?”

“မလိုပါဘူး။ ကျွန်တော့်မှာ ပွဲတက်စရာရှိသေးတယ်။”

ချင်ယိရွှင်းက ဖေးယိနှင့် စကားဆက်ပြောချင်ပေမယ့် ယခုက အချိန်မမှန်သေးပေ။

စွင်းယဲ့လုံ၏ ဖေးယိအပေါ် လုပ်ရပ်က ဖေးမိသားစု၊ ဖေးဟွမ်တို့နှင့် သက်ဆိုင်နေပါက သူ စာရင်းရှင်းဖို့ နည်းလမ်းတစ်ခုရှာရလိမ့်မည်။

အရေးအကြီးဆုံးမှာ ယခုချိန်ကစပြီး စွင်းယဲ့လုံက ဖေးယိအား ဒုက္ခထပ်ပေးမှာကို ခွင့်မပြုနိုင်ပေ။


ချင်ယိရွှင်းက ဤကိစ္စ၌ ပါဝင်လောက်သော ပေါ်မိသားစု၏ ပင်မအိမ်တော်ကို စဥ်းစားလိုက်ပြီး ဘွင်းဘွင်းပြောလိုက်၏။ “ဒုတိယသခင်လေးပေါ်… ကျွန်တော်တို့ မိသားစုနှစ်ခုရဲ့ ကိစ္စကို သတ်သတ်စီ ဖြေရှင်းကြမလား?”


ပေါ်ယွဲ့မင်က ဉာဏ်ကောင်းသည်။ “အဆင်ပြေတယ်။”


ဤအဖြေကို ကြားလိုက်ရတော့ ချင်ယိရွှင်းက ပေါ်ယွဲ့မင်အကြောင်း ထပ်စဥ်းစားလိုက်သည်။

ဖေးယိကို ပေါ်အိမ်တော်မှာ ဆက်နေလိုစိတ် ရှိလာစေရန် ဤလူက အရည်အချင်းတချို့ကို ထုတ်သုံးထားတာ ဖြစ်ရမည်။

သို့သော်ငြား ချင်ယိရွှင်းက သူ့ကိုယ်ပိုင်ဂေါ်ဖီထုပ်ကို တခြားတစ်ယောက်က ခူးယူသွားသည့်အတွက် မကျေနပ်သေးပေ။

ချင်ယိရွှင်းက မျက်မှောင်အသာကြုတ်ကာ ဖေးယိ၏ မိသားစုအဖြစ် ရပ်တည်ဖို့လည်း မမေ့ချေ။ “ဒုတိယသခင်လေးပေါ်… အရုပ်ဆိုးတဲ့ စကားတချို့ကို ပြောပါရစေ။ ကျွန်တော့်အမြဲတမ်း စိတ်ပူနေခဲ့ရတာ။”


“တစ်နေ့နေ့မှာ ဖေးယိက ပေါ်အိမ်တော်မှာ အနိုင်ကျင့်ခံရပြီး ဒါမှမဟုတ် အခုလိုကိစ္စမျိုး ထပ်ဖြစ်လာရင်…. အဲ့ဒီအချိန် သူထွက်မသွားချင်ရင်တောင် ကျွန်တော် အတင်းခေါ်သွားရလိမ့်မယ်။”

မျက်မှန်အောက်မှာ ဝှက်ထားသော ပေါ်ယွဲ့မင်၏မျက်ဝန်းက ပြောင်းလဲသွားပြီး သူက စကားမပြောဖြစ်ခဲ့ပေ။


ဤသတိပေးချက်အပြီးမှာ ချင်ယိရွှင်းက ဖေးယိကိုကြည့်ရင်း လေသံအမြန်ပြောင်းသွားခဲ့သည်။ “ရှောင်ယိ….နှစ်ရက်နေရင် အစ်ကို မင်းကို အရသာရှိတဲ့ အစားအသောက်တွေ လိုက်ကျွေးမယ်။”

ဖေးယိက သူ့ဘေးရှိ ပေါ်ယွဲ့မင်ကို အူလည်လည် တစ်ချက်ကြည့်ကာ ပြန်ဖြေလိုက်သည်။ “ဟုတ်”

သူတို့က ပထမဆုံးအကြိမ် တွေ့ဆုံရတာဖြစ်သော်လည်း သူ့မှာ သူ၏အမည်ခံဝမ်းကွဲအတွက် ထင်မြင်ချက်ကောင်းရှိလေသည်။

ချင်ယိရွှင်းက သူ့ညီလေးထံမှ အပြုံးတစ်ခု လက်ခံရရှိပြီး စိတ်ပျက်မှုနှင့် မှုန်ကုပ်နေမှုတို့ ပျောက်ကွယ်သွားခဲ့သည်။ ဖေးယိအား နှုတ်ဆက်ပြီးနောက် သူက ကားပေါ်ပြန်တက်ကာ မောင်းထွက်သွားခဲ့သည်။ ဖေးယိက ခေါင်းတစ်ဝက် အပြင်ထုတ်ထားပြီး လျင်မြန်စွာ အစက်အပျောက်ဖြစ်သွားသော ကားကိုကြည့်ရင်း အာမေဋိတ်ပြုလိုက်လေ၏။ “အာ..__”


သူပြောလိုက်ချင်ပါရဲ့.

မွမ်းမံထားတဲ့ Hard-core SUV ရဲ့ မောင်းထွက်သွားပုံက သောက်ရမ်းမိုက်တယ်!

“…….”


ပေါ်ယွဲ့မင်က ကြောင်ပေါက်လေး၏ အာမေဋိတ်သံကို ကြားလိုက်ရပြီး မေးရိုးတင်းသွားခဲ့သည်။ “လောင်ဖူ…တံခါးပိတ်ပြီး အထဲမောင်းတော့။”

“ဟုတ်ကဲ့”

ခဏအကြာတွင် ကားက ပေါ်အိမ်တော်ထဲ မောင်းဝင်သွားပြီး သီးခြားဗီလာ၏ တံခါးဝ၌ ရပ်လိုက်သည်။

ဖေးယိက အခန်းထဲမှာ တံခါးပိတ်ခံထားရသော စစ်ဆေးရေးမှုးကို စိတ်ပူတာကြောင့် ကားပေါ်ကဆင်းသည်နှင့် အိမ်ထဲပြေးဝင်သွားသည်။

“ဖေး….”


ပေါ်ယွဲ့မင်က သူ့ဘေးမှ ထိုင်ခုံလွတ်ကို ထိလိုက်ပြီး သူ၏နက်ပြာရောင် မျက်လုံးများက ပို၍ပင် နက်မှောင်လာပုံရသည်။

ကားအပြင်မှာ စောင့်နေသော ဦလေးခိုင်က ဤအပြောင်းအလဲကို သတိထားမိပြီး သူ့ကို ညင်သာစွာ ဖျောင်းဖျလိုက်သည်။ “ဒုတိယသခင်လေး… မစ္စတာချင်က သခင်ငယ်လေးကိုစိတ်ပူလို့ ဒီလိုစကားတွေပြောခဲ့တာပါ။ သူ့ပုံစံကို ကြည့်ရတာတော့ လှည့်စားနေတဲ့ပုံ မပေါ်ပါဘူး။”

ပေါ်ယွဲ့မင် ကားပေါ်ကဆင်းပြီး သူ့ဘာသူ မတ်မတ်ရပ်နေကာ တိုးတိုးလေးပြောလိုက်သည်။ “သိတယ်”

သူ့မျက်လုံးတွေ အဆင်မပြေသော်လည်း လူတစ်ယောက်၏ ကိုယ်ကျင့်တရားကို အကဲဖြတ်နိုင်စွမ်းက မပျောက်ကွယ်သေးပေ။

“ဒုတိယသခင်လေး… ကျွန်တော် ဒီနေ့ဖြစ်စဥ်ကို စောင့်ကြည့်နေခဲ့တာပါ။” ဦးလေးခိုင်က ပေါ်ယွဲ့မင်ကို အဓိပ္ပါယ်ပါပါ ကြည့်ကာ အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “သခင်ငယ်လေးနဲ့ မစ္စတာချင်က သွေးသားတော်စပ်ပေမယ့် သူ အခု ခင်ဗျားနဲ့ ပိုရင်းနှီးနေပါပြီ။”


“သခင်ငယ်လေး အိမ်ထဲပြေးဝင်သွားတဲ့ အရှိန်ကိုပဲကြည့်လိုက်ပါ။ သူ ဒီနေရာကို သူ့အိမ်လို့သတ်မှတ်ထားလို့ ရှက်ကြောက်နေတာမျိုး တသီးတသန့်ဖြစ်နေတာမျိုး လုံးဝမရှိဘူး။”

ပေါ်ယွဲ့မင်၏ နှုတ်ခမ်းထောင့်က ပြေလျော့သွားပြီး သူက ထေ့ငေါ့လိုက်သည်။ “တသီးတသန့်နေတာလား? သူ့အရှိန်က တောရိုင်းကြောင်ပေါက်လေးထက်တောင် မြန်သေးတယ်။”


ဦးလေးခိုင်က ပြုံးကာ ဘာမှမပြောတော့ပေ။


သခင်နဲ့ကျွန်က အိမ်ထဲသို့ ခြေလှမ်းမှန်မှန်ဖြင့် ဝင်လာသည်။

သူ သူ့ကိုယ်ပိုင်အစွမ်းအစဖြင့် အိမ်ထဲဝင်သွားသည်ကို ပေါ်ယွဲ့မင်နောက်မှ လိုက်လာသော ဦးလေးခိုင်က စောင့်ကြည့်ရင်း လူကြီးတစ်ယောက်အဖြစ် သူ့ရင်ထဲမှာ ဝမ်းသာသွားခဲ့သည်။

သူက အချိန်ကိုကြည့်ပြီး အကြုံပြုလိုက်သည်။ “ဒုတိယသခင်လေး.. အချိန်နီးနေပါပြီ။ အဆာပြေစားဖို့ မီးဖိုချောင်ကို သွားပြောလိုက်ရမလား? ခင်ဗျားနဲ့ သခင်ငယ်လေး ဗိုက်ဆာရင် ဗိုက်ဖြည့်လို့ရတယ်။”

“အင်း”

ပေါ်ယွဲ့မင် ခေါင်းညိတ်လိုက်သည်။

အခမ်းအနားပွဲ၌ ယခုလိုအဖြစ်ပျက်မျိုး ကြုံတွေ့ခဲ့ရ၍ ဖေးယိက အစာစားဖို့ပင် ထိတ်လန့်နေလောက်သည်။ ထို့ကြောင့် သူ့အတွက် တစ်ခုခုပြင်ဆင်ပေးသင့်သည်။

ဦးလေးခိုင်၏ ခြေလှမ်းသံများက တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ ပေါ်ယွဲ့မင်က ဆိုဖာပေါ်မှာထိုင်ကာ သူ့မိုဘိုင်းဖုန်းကိုထုတ်ပြီး သူ့သူငယ်ချင်း၏ နံပါတ်ကိုနှိပ်လိုက်သည်။

မိနစ်ဝက်မပြည့်ခင်မှာ ယန်စမ်း၏အသံက တစ်ဖက်ခြမ်းမှ ထွက်ပေါ်လာ၏။ “ဟယ်လို…ယွဲ့မင်?”


“ငါပါ…မင်းအလုပ်ရှုပ်နေလား?”


“ဒီနှစ်ရဲ့ ဒုတိယနှစ်ဝက်အတွက် ရင်းနှီးမြှုပ်နှံမှု ပရောဂျက်အသစ်တွေကို အကဲဖြတ်စစ်ဆေးပြီးပြီ။ လက်ရှိမှာ ပရောဂျက်ကောင်း လေးခုလောက်ပဲ ရွေးချယ်ရသေးလို့ တစ်နေရာလစ်ဟင်းနေတယ်။”

သူတို့နှစ်ဦး ပူးပေါင်းတည်ထောင်ခဲ့သည့် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ၏ ထိပ်တန်းစီမံခန့်ခွဲရေးသည် တညီတစ်ညွတ်တည်း ဆုံးဖြတ်ချက်ချပြီးနောက်တွင် တရုတ်ပြည်တွင်း ဖွံ့ဖြိုးတိုးတက်ရေးကို အာရုံစိုက်ရန် စီစဥ်နေပြီး အောင်မြင်နိုင်ချေ ရှိမရှိစမ်းသပ်ရန် ဒုတိယနှစ်ဝက်၌ ပရောဂျက်ငါးခုကို အကောင်အထည်ဖော်ရန် စီစဥ်လျက်ရှိသည်။


ဤရင်းနှီးမြှုပ်နှံမှုသည် တရုတ်နိုင်ငံရှိ GM ၏ အနာဂတ်အခြေခံအုတ်မြစ်နှင့် သက်ဆိုင်နေပြီး  မည်သည့်ပရောဂျက်ကိုမဆို ရွေးချယ်ရာ၌ သတိလက်လွတ်ဖြစ်လို့ မရပေ။

“အခုလက်ရှိမှာ ပရောဂျက်လေးခုအတွက် ရင်းနှီးမြှုပ်နှံမှုပမာဏက ငါတို့ရဲ့ဘတ်ဂျက်အတွင်းမှာရှိတယ်။ သက်ဆိုင်ရာစာရွက်စာတမ်းတွေကို ခဏနေရင် လင်းကျုံးဆီပို့ပေးလိုက်မယ်။ ပြီးရင် သူက မင်းကြည့်လို့ရအောင် စီစဥ်ပေးလိမ့်မယ်။”

“ကောင်းပါပြီ။”

အလုပ်ကိစ္စဆွေးနွေးပြီးနောက် ယန်စမ်းကပြောလိုက်၏။ “ငါ့ကို ပြောစရာတစ်ခုခုရှိလို့လား?”


ပေါ်ယွဲ့မင်က သူ့သူငယ်ချင်းတွေကို အားနာစိတ်မရှိပေ။ “အင်း… မင်းကို စစ်ဆေးကြည့်ပေးစေချင်တာ တစ်ခုရှိတယ်။”


သူက ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို စဥ်းစားလိုက်ပြီး သူ၏အေးစက်သော မျက်ဝန်းက စူးရှနေလေ၏။ “စွင်းယဲ့လုံ… ဂျာမန်ကုန်သည်အသင်းရဲ့ ဥက္ကဋ္ဌ….. သူ့အကြောင်းစုံစမ်းဖို့ တစ်ယောက်ယောက်လွှတ်ပေးပါ။ သူနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို အမြန်ဆုံးလိုချင်တယ်၊ မြန်လေကောင်းလေပဲ”

ယန်စမ်းက စက္ကန့်အနည်းငယ်လောက် ရပ်တန့်သွားပြီး ၎င်းနဲ့ပတ်သက်ပြီး ဘာမှမမေးခဲ့ပေ။ “ကောင်းပြီ။ ငါသတင်းရတာနဲ့ မင်းကိုဆက်သွယ်လိုက်မယ်။”

ပေါ်ယွဲ့မင်က ပြန်ဖြေလိုက်သည်။ “ကျေးဇူးပါ။ ငါအားရင် မင်းကို ညစာလိုက်ကျွေးမယ်။”

. . . . . .


စစ်ဆေးရေးမှူးက တစ်နေကုန် အခန်းအောင်းနေပြီး ဖေးယိ အိမ်ပြန်ရောက်လာသောအခါ သူက သူ့အိမ်မွေးတရစ္ဆာန်နှင့် အချိန်အတော်ကြာ ကစားပေးခဲ့သည်။ ထိုနောက်မှသာ သူက ၎င်းကို အောက်ထပ်မှာ လွတ်လွတ်လပ်လပ်ကစားဖို့ လွှတ်ပေးလိုက်သည်။

မည်သို့ပင်ဆိုစေကာမူ ဦးလေးခိုင်နှင့် တခြားသူများက အိမ်မှာရှိနေပြီး စစ်ဆေးရေးမှူးက ထက်မြက်သည်။ ယခုချိန်မှာ မည်သူကမျှ သူ့ကို တစ်ခုခုလုပ်ရဲကြမည် မဟုတ်ပေ။


ဖေးယိက တံခါးလော့ချလိုက်ပြီး အကျွမ်းတဝင်ရှိသော ယိုထူဖိုရပ်စာမျက်နှာကို ဝင်ရောက်ခဲ့သည်။

တင်း-တင်း-တင်း-တင်း

အရေးကြီးမက်ဆေ့သံများ ထွက်ပေါ်လာပြီး သူ၏သီးသန့်မက်ဆေ့တွင် မဖတ်ရသေးသော စာတိုလေးစောင်ရှိနေခဲ့သည်။ 

ဖေးယိက ကလစ်နှိပ်ကာ တစ်ချက်ကြည့်လိုက်တော့ ၎င်းတို့မှာ လွန်ခဲ့သည့်နာရီဝက်က လီယွမ်ပေးပို့ခဲ့ခြင်း ဖြစ်နေ၏။


“မစ္စတာ Will၊ မင်း ရှိလား? ငါမင်းရဲ့ ပူးပေါင်းဆောင်ရွက်မှု ကမ်းလှမ်းချက်ကို ဒီရက်တွေမှာ သေချာစဥ်းစားပြီးပြီ။”

“နောက်ဆုံးမြူ”ရဲ့ ဂိမ်းအစီအစဥ်ကို အရမ်းစိတ်ဝင်စားပါတယ်။ သူ့ရဲ့ ဆန်းသစ်တဲ့ရှုထောင့်နဲ့ ချဲ့ထွင်မှုပုံစံက ကစားသမားတွေ အများကြီးကို ဆွဲဆောင်နိုင်ပြီး ဝင်ငွေဖန်တီးဖို့အတွက် တရုတ်နိုင်ငံမှာ တစ်ဆင့်ပြီးတစ်ဆင့် အမြစ်ချနိုင်ပေမယ့် ဒါတွေအားလုံးက ဂိမ်းကုမ္ပဏီရဲ့ လုံလောက်တဲ့အရင်းအနှီးရဲ့ ပရော်ဖက်ရှင်နယ် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အပေါ်ကို မူတည်နေတယ်။”


“ရိုးရိုးသားသားပြောရရင် အရုဏ်ဦးဂိမ်းရဲ့ လက်ရှိကုန်းဆင်းလမ်းက အဆုံးသတ်ခါနီးပြီ။ သုံးစရာ ရန်ပုံငွေနဲ့ နည်းပညာအထောက်အပံ့ ကောင်းကောင်းမရှိရင် အဲ့ဒါက နောက်ဆုံးမြူ ဖွံ့ဖြိုးတိုးတက်နိုင်ဖို့ နေရာကောင်းဖြစ်နိုင်မှာမဟုတ်ဘူး။”

“မင်းရဲ့ နှလုံးသားနဲ့ ဖန်တီးထားတဲ့ ဒီအလုပ်ကို ဆိုးဆိုးရွားရွား မဖြစ်စေချင်ဘူး။ ဒါကြောင့် တောင်းပန်ပါတယ်။ ငါမင်းရဲ့ ပူးပေါင်းဆောင်ရွက်ရေး ကမ်းလှမ်းချက်ကို သဘောမတူနိုင်ဘူး။ မင်းနဲ့ ပိုသင့်တော်တဲ့ ပါတနာကိုရှာတွေ့ဖို့ ငါဆုတောင်းပေးပါတယ်။”

ဖေးယိက လီယွမ်၏ ပြန်စာကို အစကနေအဆုံးထိ ဖတ်လိုက်ပြီး သူ့မျက်ဝန်းက လေးစားမှုဖြင့် ပြည့်နှက်သွားသည်။ “ကြည့်ရတာ ငါလူရွေးမမှားဘူးထင်တယ်။”

သူ့အတွက်တော့ ရိုးသားပြီး စဥ်းစားပေးတတ်သည့် ပါတနာသည် မည်သူမဆိုထက် ပိုအရေးကြီးသည်။ ယခုအခါ ကုန်းဆင်းလမ်းက အဆုံးသတ်ခါနီးပြီဖြစ်၍ ပြန်ကွေ့ပြီး တောင်ပေါ်ပြန်တက်ဖို့က အချိန်ကောင်းပဲ မဟုတ်လား။

ဖေးယိက စာပြန်လိုက်သည်။ “မစ္စတာလီ၊ ခင်ဗျားရဲ့ ရိုးသားမှုကို ကျွန်တော် အသိအမှတ်ပြုပြီး လေးစားမိတယ်။ ဒါပေမယ့် ဒီအခွင့်အရေးကို လက်လွှတ်လိုက်တာက စမတ်ကျတဲ့ ရွေးချယ်မှုမဟုတ်ဘူးလို့ ထင်တယ်။ အခြေအနေမရှိရင် အခြေအနေကို ဖန်တီးရတယ်။  ရန်ပုံငွေမရှိရင် ရင်းနှီးမြှုပ်နှံဖို့ နည်းလမ်းရှာရမယ်။”


– တင်

ကွန်ပျူတာမှ သတိပေးချက် စာတစ်စောင်ပေါ်လာ၏။


ပြန်စာကိုစောင့်နေသော လီယွမ်က မတ်တပ်ထရပ်ကာ သူ၏သီးသန့်မက်စေ့စာရင်းကို နှိပ်လိုက်သည်။ Will ပို့ထားသော စာကို တွေ့သည်အခါ သူ့ပါးစပ်ထောင့်၌ အပြုံးတစ်ခု ထွက်ပေါ်လာသည်။

အခွင့်အလမ်းကောင်းတွေရဲ့ အရေးပါမှုကို သူမသိပဲနေပါ့မလား?

“နောက်ဆူံးမြူ” က အရုဏ်ဦးဂိမ်းကို လမ်းကြောင်းမှန်ဆီ ပြန်ခေါ်လာပေးမယ့် ပရောဂျက်ကောင်းတစ်ခုဆိုတာကို သူ ဘယ်လိုမမြင်နိုင်ရမှာလဲ?


ရန်ပုံငွေမရှိရင် ရင်းနှီးမြှုပ်နှံဖို့ နည်းလမ်းရှာရမှာလား? သို့သော် ၎င်းက နှုတ်နဲ့ပြောဖို့လွယ်သည့် ကိစ္စတော့မဟုတ်ပေ။

လီယွမ်က အလွန်အမင်း ကြိုးစားခဲ့သော်လည်း အမှန်မှာ–

အင်ပါယာမြို့တော်၏ ရင်းနှီးမြှုပ်နှံမှု အသိုင်းအဝိုင်း၌ သူတို့၏ အရုဏ်ဦးဂိမ်းကို အကောင်းမြင်သော ရင်းနှီးမြှုပ်နှံသူများ မရှိသလောက်ဖြစ်ပြီး “နောက်ဆုံးမြူ”ကလည်း ငွေကြေးအနည်းငယ်ဖြင့် ပြီးမြောက်နိုင်သည့် ဂိမ်းပရောဂျက်လေးတစ်ခု မဟုတ်ပေ။

ဤဂိမ်းကို လီယွမ်၏ ငြင်းပယ်မှုသည် ပို၍ပင် ကူကယ်ရာမဲ့ဖြစ်ရပြီး သူ့စိတ်ဆန္ဒမပါခဲ့ပေ။


သူက ၎င်းကို ရှင်းရှင်းလင်းလင်း မည်သို့ရှင်းပြရမလဲ စဥ်းစားနေစဥ် စခရင်တစ်ဖက်ခြမ်းမှ Will က ရိုးရှင်းသော စာတစ်ကြောင်းပို့လာခဲ့သည်။

“GM. Capital.. သူတို့ကုမ္ပဏီကို ရှာလိုက်ပါ။”

လီယွမ်က အကျွမ်းတဝင်မရှိလှသော ကုမ္ပဏီနာမည်ကို မြင်လိုက်ရပြီး ချက်ချင်းဆိုသလိုပင် ရှာလိုက်လေသည်။ စာကြောင်းအနည်းငယ် ဖတ်ပြီးနောက် သူ့မျက်လုံးများက နာမည်တစ်ခုကို ရုတ်တရက် အာရုံစိုက်လိုက်သည်။


အမှုတောင်ဒါရိုက်တာ ယန်စမ်း။

“…….”


လီယွမ်က မသိစိတ်အလျောက် အသက်ရှူကြပ်သွားပြီး GM Capital ၏ အခြေခံနိဒါန်းကို အမြန်ရှာဖွေလိုက်သည်။


ဤရင်းနှီးမြှုပ်နှံမှုကုမ္ပဏီဟာ စတင်တည်ထောင်ကတည်းက နိုင်ငံရပ်ခြား၌ ဖွံဖြိုးတိုးတက်ခဲ့သည်။ အချိန်တိုအတွင်း တည် ထောင်ခဲ့သော်လည်း ပထမနှစ်တွင် ရင်းနှီးမြှုပ်နှံခဲ့သော ပရောဂျက်များက ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကျိုးကျေးဇူးများနှင့် ရလဒ်ကောင်းများကို ရရှိခဲ့ပြီး ထိုနယ်ပယ်၌ တက်သစ်စကြယ်ပွင့်လေးများ ဖြစ်လာခဲ့သည်။


ထို့ကြောင့် GM Capital က ပြည်ပရင်းနှီးမြှုပ်နှံရေးနယ်ပယ်တွင် အစုရှယ်ယာရှင်ပုံစံဖြင့် မြင်းနက်**ဖြစ်သွားခဲ့ပြီး မကြာသေးမီနှစ်များအတွင်း တိုးတက်မှုအတိုင်းအတာမှာ ရပ်တန့်သွားခြင်းမရှိခဲ့ပေ။ 

(** အားလုံးကို အံ့အားသင့်စေမယ့် မထင်မှတ်ထားတဲ့ အောင်နိုင်သူကိုပြောတာပါ)

လီယွမ်က အသက်ပြင်းပြင်းရှူလိုက်ပြီး ချက်တင်စာမျက်နှာကို ပြန်သွားလိုက်သည်။ “မစ္စတာ Will၊ ဒီကုမ္ပဏီက ပြည်ပမှာ လုပ်ငန်းလည်ပတ်နေတာပါ။ ပြည်တွင်းရင်းနှီးမြှုပ်နှံမှု ပရောဂျက်ကို လက်ခံပါ့မလား?”


တစ်ဖက်လူက ပြောလိုက်သည်။ “လက်ခံနိုင်တယ်။ သူတို့က တရုတ်နိုင်ငံမှာလည်း ဖက်စပ်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းခွဲတည်ထောင်ထားတယ်။”


လီယွမ်က Will၏ အချက်အလက်ကို သံသယမရှိပေ။

သူက စီးကရက်ဘူးထဲမှ နောက်ဆုံးစီးကရက်ကို ထုတ်ယူလိုက်ပေမယ့် မီးမညှိပဲ သွားကြားထဲမှာသာ ခဲထားလိုက်သည်။


အချိန်တွေက တစ်မိနစ်ပြီး တစ်မိနစ် ကုန်ဆုံးသွားသည်။

စားပွဲပေါ်ရှိ နှိုးစက်နာရီသံက လီယွမ်၏စိတ်ကို တွန်းအားပေးခဲ့သည်။ သူ့မျက်လုံးများက GM၏ တရားဝင်ဝဘ်ဆိုဒ်ပေါ်မှာ အချိန်အတော်ကြာ ရှိနေခဲ့ပြီး သူက ချီတုံချတုံ ပြန်ဖြေဖို့ ရွေးချယ်လိုက်သည်။

“မစ္စတာWill၊ အရုဏ်ဦးဂိမ်းရဲ့ လက်ရှိအတိုင်းအတာက သူတို့ရဲ့ရင်းနှီးမြှုပ်နှံမှု ပစ်မှတ်စံနှုန်းတွေနဲ့ မကိုက်ညီဘူး။ အရမ်းဝေးတယ်လို့ ပြောလို့ရတယ်”


“တောင်းပန်ပါတယ်။… ငါ မသေချာဘူး။”


နောက်ဆုံးစာကြောင်းရိုက်နေစဥ် လီယွမ်က စီးကရက်အောက်ခြေကို ပြင်းပြင်းထန်ထန်ကိုက်ခဲကာ မျက်လုံးမှိတ်ထားလိုက်သည်။

တခြားကုမ္ပဏီ သို့မဟုတ် တခြားတစ်ယောက်သာ ဖြစ်ခဲ့လျှင် ၎င်းက မည်မျှပင်ခက်ခဲပါစေ သူတစ်ကြိမ်လောက်တော့ ကြိုးစားကြည့်ဖို့ ဆန္ဒရှိပေမယ့်… 


တင်!


သီးသန့်မက်ဆေ့ သတိပေးချက် ထွက်ပေါ်လာပြီး လီယွမ်၏ လမ်းလွဲနေသော အတွေးများကို နှောင့်ယှက်လိုက်ပြန်သည်။

Will: “မစ္စတာလီ၊ ခင်ဗျားတွေးတာမှားနေပြီ။ အဲ့ဒါက ဂိမ်းပရောဂျက်ပါ။ “နောက်ဆုံးမြူ”က GM ရဲ့ ရင်းနှီးမြှုပ်နှံမှုက်ု ဆွဲဆောင်ရမှာ၊ အရုဏ်ဦးဂိမ်းက ဆွဲဆောင်ရမှာမဟုတ်ဘူး”

တည့်တိုးဆန်ပြီး လိုရင်းရောက်သည်။

လီယွမ်က ခေါင်းခါယမ်းကာ အားရပါးရပြုံးလိုက်ပြီး စိတ်ထဲကနေ ဟစ်အော်လိုက်မိသည်။ “ဒီလူက စကားပြောရင် အားမနာပဲ ငါ့ထက်တောင်ပိုဆိုးသေးတယ်။”

ဂိမ်းနှင့် ပူးပေါင်းဆောင်ရွက်မှုကို ဘေးဖယ်ထားကာ လီယွမ်က ဤနတ်ဘုရားကြီး Will နှင့် တွေ့ချင်နေပြီး သူတို့၏ စိတ်နေစိတ်ထားများ ပနံသင့်လောက်မည်ဟု အလိုလိုခံစားမိသွားသည်။

Will က ဆက်ပြောလာသည်။ “မစ္စတာလီကျောင်းတက်တုန်းက ရင်းနှီးမြှုပ်နှံရေးဆိုင်ရာ သင်တန်းတွေတက်ခဲ့ကြောင်း ကျွန်တော် ကြားခဲ့တယ်။”


“ဒီလိုဆိုရင် ကျွန်တော်တို့ဂိမ်းရဲ့ အားသာချက်တွေကို ရှင်းပြဖို့ ရင်းနှီးမြှုပ်နှံသူရဲ့ ရှုထောင့်ကို ပြောင်းကြည့်ပါလား? ပြီးတော့ ခင်ဗျားရဲ့ ကိုယ်ပိုင်အားသာချက်တွေကိုလည်း ရှာဖွေသင့်တယ်။”

“…….”

လီယွမ်က ထိုစာနှစ်ကြောင်းကို စိုက်ကြည့်ပြီး အချိန်အတော်ကြာ တွေးတောနေခဲ့သည်။

GM.Capital ယန်စမ်း။

သူ့ကိုယ်ပိုင်အားသာချက်တွေကို ဘယ်မှာသွားရှာသင့်လဲ?”

သူ့ရင်ထဲ၌ အချိန်အတော်ကြာ ခိုအောင်းနေသော မြူခိုးမှာ ထွက်ပေါ်ရှာတွေ့သွားပုံရပြီး အဆုံးမှာ သူက သက်ပြင်းချကာ ကီးဘုတ်ပေါ်မှာ စာရိုက်ဖို့ပြင်လိုက်သည်။

“ ကျေးဇူးပါ…ကြိုးစားကြည့်လိုက်မယ်။”