Ch 34
Viewers 28k

Chapter 34

လီယွမ်၏အဖြေကိုတွေ့တော့ ဖေးယိက စိတ်သက်သာရာရသွားသည်။ “ခင်ဗျားအောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်။ လိုအပ်တဲ့အချိန်တိုင်း ကျွန်တော့်ကိုဆက်သွယ်လိုက်ပါ။”

နောက်ဆုံးစာတစ်ကြောင်း ပေးပို့ပြီးသည်နှင့် အပြင်ဘက်ရှိ ဧည့်ခန်းလေးထဲ၌ လှုပ်ရှားမှုအနည်းငယ် ရှိနေခဲ့သည်။


ဖေးယိ၏အာရုံက ဖန်သားပြင်မှ ရုတ်တရက်ပြောင်းရွှေ့သွားပြီး သူက ကွန်ပျူတာကို ပိတ်လိုက်ပြီး မတ်တပ်ရပ်ကာ အခြေအနေကိုစစ်ဆေးဖို့ တံခါးဖွင့်လိုက်သည်။

ပေါ်ယွဲ့မင်က ဧည့်ခန်းလေးထဲရှိ ဆိုဖာပေါ်တွင် ထိုင်နေပြီး ကော်ဖီစားပွဲပေါ်မှာ လောလောလတ်လတ် ဖွင့်ထားသည့် ရှန်ပိန်တစ်ပုလင်းရှိနေသည်။ ကစားဖို့ အောက်ထပ်ဆင်းသွားသော စစ်ဆေးရေးမှုးကလည်း သူ့ဘေးမှာရှိနေ၏။

“မြောင်~ဝူး”

စစ်ဆေးရေးမှူးက ဖေးယိ၏ရုပ်သွင်ကို သတိထားမိပြီး ခပ်ချွဲချွဲ လှမ်းခေါ်လိုက်ပေမယ့် ၎င်း၏ခန္ဒာကိုယ်မှာ ဇိမ်ကျနေသဖြင့် ပေါ်ယွဲ့မင်၏ ထိတွေ့မှုအောက်တွင် မလှုပ်မယှက်ဖြစ်နေသည်။ 

ဖေးယိက ယနေ့ပွဲ၌ ရှန်ပိန်ခွက်တစ်ဝက်သာ သောက်ခဲ့ရသည်ကို သတိရသွားပြီး သက်ပြင်းချကာ ကော်ဖီစားပွဲပေါ်က ဖွင့်ထားသည့် ရှန်ပိန်ပုလင်းအသစ်ကို စိုက်ကြည့်လိုက်သည်။ သူက ဖြည်းဖြည်းချင်း ချဥ်းကပ်သွားပြီး ၎င်းကို သေချာဖော်ထုတ်လိုက်သည်။

Kharkiv. 

ထင်သည့်အတိုင်း ၎င်းက တကယ့်ပစ္စည်းကောင်းပင်။


ပေါ်ယွဲ့မင်က သူ့ရှေ့မှာရပ်နေသော ဖေးယိကို အာရုံခံမိ၍ မေးလိုက်သည်။ “သောက်ကြည့်ချင်လား? အရင်တစ်ခေါက် ဖျော်ရည်ထက် ပိုကောင်းတယ်။”

“…….”

ဖေးယိက ယခင်တစ်ခေါက် “ဖန်ခွက်ဝက်” သောက်ခဲ့သော ရှက်စရာအရက်ပမာဏကို ပြန်စဥ်းစားလိုက်ပြီး ကျီစယ်မှုကြောင့် သူ့ပါးပြင်ပေါ်၌ အပူရှိန်ထွက်ပေါ်လာလေသည်။

သို့သော် သူက ဤရှန်ပိန်၏ သွေးဆောင်မှုကို မခံနိုင်ပဲ ၎င်းကို တောင့်တနေစဥ် နာခံချင်ယောင်ဆောင်လိုက်သည်။ “အင်း…နည်းနည်း…”

မူလက ဖေးယိသည် ပေါ်ယွဲ့မင် ငြင်းဆန်မည်ဟု ထင်ခဲ့သော်လည်း တစ်ဖက်လူက ယခုတစ်ကြိမ်မှာ တိုက်ရိုက်သဘောတူလိုက်မည်ဟု မထင်ထားခဲ့ပေ။ “ကောင်းပြီလေ။ ဖန်ခွက်တစ်ခု အရင်သွားယူလိုက်။”


ဖေးယိက ဝိုင်နံရံဘေးရှိ ဝိုင်ခွက်အမျိုးမျိုးကို ကြည့်လိုက်ရာ ဝိုင်အမျိုးအစား အမျိုးမျိုးအတွက် ပြင်ဆင်ထားကြောင်း သိလိုက်သည်။

သို့သော် ထုတ်ဖော်ခံရခြင်းမှ ရှောင်ရှားနိုင်ရန် သူက အသုံးများသည့် ဖန်ခွက်ကိုသာ ရွေးချယ်ခဲ့သည်။


ပေါ်ယွဲ့မင်က သူ့ဝိုင်ခွက်ကို ချလိုက်ပြီး ရှန်ပိန်ပုလင်းကိိုကိုင်ကာ ဖေးယိအား ကိုယ်တိုင် မထည့်ခိုင်းခဲ့ပေ။ “ခွက်ပေး”


ဖေးယိက စိတ်အားထက်သန်စွာ ပေးအပ်လိုက်ပြီး ပေါ်ယွဲ့မင် ဝိုင်းလောင်းထည့်ပေးနေသည်ကို မျှော်လင့်တစား ကြည့်နေ၏။

အလွန်နည်းပါးသော အလွှာလေးတစ်လွှာဖြစ်၏။

“ဟမ်?”

ဖေးယိက အာစေးမိသွားပြီး အာမေဋိတ်သံ တိုးတိုးလေးထွက်သွားခဲ့သည်။

၎င်းကိုကြားတော့ ပေါ်ယွဲ့မင်၏ ပါးစပ်ထောင့်တွင် ခပ်တိမ်တိမ်အပြုံးတစ်ခု ထွက်ပေါ်လာသည်။ “မင်းပြောတော့ နည်းနည်းလေးပဲဆို.. မလောက်ဘူးလား?”

“…….”

ဒါ လုံလောက်ရဲ့လား?

ခင်ဗျားက အရှက်မရှိ မေးရဲသေးတယ်?

စစ်ဆေးရေးမှူး သောက်တဲ့ နို့ထက်တောင်နည်းသေးတယ်!

ဖေးယိက ရင်ထဲမှာ ကျယ်ကျယ်လောင်လောင် အော်ဟစ်လိုက်သော်လည်း သူ၏ စိတ်ဓာတ်ကျသွားသော ဆန္ဒပြမှုကို တိတ်တဆိတ်သာ ဖော်ပြဝံ့သည်။


ပေါ်ယွဲ့မင်က သူ့ဒေါသကို သတိပြုမိသွားပုံရပြီး သူ့ကို နှစ်သိမ့်ရန်အလို့ငှာ နည်းနည်းထပ်ထည့်ပေးလိုက်၏။ “တစ်ငုံနှစ်ငုံဆိုရပြီ။ မင်း သိပ်မသောက်တတ်လို့ အများကြီးသောက်မိရင် မသက်မသာဖြစ်လိမ့်မယ်။”

ဖေးယိက သူ၏ လက်ရှိသောက်နိုင်စွမ်းကို စဥ်းစားကာ ခွက်ကို တိတ်တဆိတ် လှမ်းယူလိုက်ပြီး ဤအချက်ကို လက်ခံဖို့ ဆိုင်းတွနေ၏။

ကောင်းပြီလေ

ဘာမှမသောက်ရတာထက်တော့ ပိုကောင်းပါတယ်။

သူ့အသောက်စွမ်းရည်ကို လေ့ကျင့်ပြီးတာနဲ့ သူထွက်မသွားခင်မှာ နံရံကပ်ဝိုင်စင်ကို ကောင်းကောင်း ဂရုစိုက်ပေးလိုက်မယ်!

ပေါ်ယွဲ့မင်က ဖေးယိ၏ လှုံ့ဆော်မှုအတွေးများကို သတိမထားမိပေ။ သူက ငုံ့ကြည့်လိုက်ပြီး သူ့ဝိုင်ခွက်ကို ပြန်ကောက်ကိုင်ကာ ခါယမ်းလိုက်သည်။

သူ့အမြင်အာရုံတွင် အရင်တုန်းကလို သူ့ကို စိတ်ပျက်စေသည့် ဗလာကျင်းသော မီးခိုးရောင်မရှိတော့ပေ။ မျှော်လင့်ချက် အလင်းတန်းများ ပျံ့နှံ့ကာ တဖြည်းဖြည်းနှင့် ပိုကြည်လာခဲ့ပြီး သူ့ရှေ့က အရာအားလုံးမှာ မှုန်ဝါးနေသော အလင်းတန်းတစ်ခုနှင့် ပိုတူလာသည်။

အခါအားလျော်စွာ ပြင်းပြင်းထန်ထန် အာရုံစိုက်လိုက်ချိန်မှာ သူက အရာဝတ္ထုတစ်ခု၏ ပုံသဏ္ဍန်ကို အချိန်တိုအတွင်း ဖမ်းယူနိုင်ခဲ့သည်။

ပေါ်ယွဲ့မင်က ဖေးယိ၏ ဦးတည်ရာကိုရှာရန် ခေါင်းမော့လိုက်သည်။ သူက နေ့ခင်းတုန်းက အဖြစ်အပျက်နှင့် ပတ်သက်ပြီး ဒေါသထွက်နေဆဲပင်။ “ဖေးယိ… ဒီနေ့ပွဲမှာ ငါပေါ့ဆပြီး လျစ်လျူရှုခဲ့မိတယ်။ ပေါ်ကွမ်းချန်နဲ့ စွင်းယဲ့လုံကို ဖြေရှင်းဖို့ နည်းလမ်းတစ်ခုရှာမှာပါ။”


ဖေးယိက ခွက်ကို အသာလှုပ်ရင်း ကျေနပ်နေသည်။

စွင်းယဲ့လုံ သတိရလာပြီးနောက်မှာ သူ့ကို အငြှိုးထားမည်စိုး၍ သူက ပေါ်ယွဲ့မင်ကို သူ့ကိုယ်စား ကိုင်တွယ်ပေးစေချင်သည်။

လေထုက ရုတ်တရက် တိတ်ဆိတ်သွားသည်။

ပေါ်ယွဲ့မင်က ရှန်ပိန်တစ်ငုံသောက်လိုက်ပြီး သူ့ရင်ထဲက ရှုပ်ထွေးမှုမှာ သူ့မျက်ခုံးကြား၌ ပေါ်လာခဲ့သည်။

ဖေးယိက ၎င်းကို ဖမ်းမိလိုက်၍ ပြန်ပြောလိုက်သည်။ “အာ့ကော…ကျွန်တော်အဆင်ပြေပါတယ်။ ခင်ဗျားကို အပြစ်မမြင်ပါဘူး။”

“…….”


ဝိုင်ခွက်ပေါ်ရှိ ပေါ်ယွဲ့မင်၏ လက်ချောင်းများက ရုတ်တရက် တင်းကျပ်သွားကာ စိတ်ဖတ်ခံလိုက်ရသလိုပင် ကူကယ်ရာမဲ့ ခံစားလိုက်ရသည်။

ယနေ့ဧည့်ခံပွဲမှ အဖြစ်အပျက်သည် သူ့အား စိတ်အနှောင့်အယှက်ဖြစ်စေသည်။

သူက ဖေးယိကို ဧည့်ခံပွဲသို့ ခေါ်လာပြီး သူ၏မျက်စိရောဂါနှင့် ပေါ့ဆမှုကြောင့် တစ်ဖက်လူကို ယခုလိုဖြစ်စေခဲ့သည်ဟု ပေါ်ယွဲ့မင် တွေးလိုက်သည်။


ဤကဲ့သို့ အကူအညီမဲ့မှုနှင့် ထိန်းချုပ်မှု ကင်းမဲ့ခြင်းတို့က ပေါ်ယွဲ့မင်အား သူ့မျက်လုံးအခြေအနေကို အာရုံစိုက်စေခဲ့သည်။ ထို့ကြောင့်ပင် သူက ချင််ယိရွှင်း၏ အသွင်အပြင်နှင့် ပတ်သက်ပြီး အထူးပူပန်ခဲ့ရသည်။

ပေါ်ယွဲ့မင်က သူ့ခံစားချက်များကို ငြိမ်သက်စေရန် ရှန်ပိန်တစ်ငုံသောက်လိုက်သည်။ “ဒီနေ့ဘာလို့ မင်းအစ်ကိုနဲ့ ပြန်မသွားချင်ရတာလဲ?”

ဖေးယိက ပေါ်ယွဲ့မင်၏ အတွေးများကို ချက်ချင်းမခန့်မှန်းနိုင်တာကြောင့် ခဏရပ်ပြီးမှ ပြန်မေးလိုက်သည်။ “ကျွန်တော့်ကို ဘာလို့ပြန်စေချင်တာလဲ?”

ပေါ်ယွဲ့မင်က စိတ်ငြိမ်အောင်ထားပြီး သူ့ဒဏ်ရာကို ရှားရှားပါးပါး ထုတ်ပြလိုက်သည်။ “ငါက မျက်လုံးကန်းနေတာ။ ငါ မင်းကို အပြင်ခေါ်သွားတဲ့အခါ ဖြစ်လာမယ့်အန္တရယ်တွေကို ဒီနေ့လိုမျိုး အချိန်တိုင်း သတိထားနိုင်မှာမဟုတ်ဘူး။”

ပေါ်ယွဲ့မင်က သူ့ကိုယ်သူမေးလိုက်သည်။ သူ့မျက်လုံးတွေ ပြန်ကောင်းလာဖို့ အချိန်ဘယ်လောက်ကြာမှာလဲ? ဘယ်လောက်အတိုင်းအတာထိ ပြန်ကောင်းနိုင်မှာလဲ? အရာအားလုံး ပြေလည်မသွားခင်မှာ သူ့စွမ်းဆောင်ရည်နှင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုက အပြစ်အနာအဆာများ ရှိနေသည်။

ချင်ယိရွှင်းက ဖေးယိအား ပြန်ခေါ်သွားရန် တောင်းဆိုချိန်မှာ ပေါ်ယွဲ့မင်က ငြင်းဆန်ဖို့ အကြောင်းပြချက်မရှိမှန်း ရုတ်တရက် သဘောပေါက်သွားခဲ့သည်။

ပေါ်သခင်မကြီး ရောဂါကြောင့် ဆေးရုံတင်ထားရပြီးကတည်းက ဤမိသားစု၌ သူ့မှာ အထောက်အပံ့မရှိခဲ့ပေ။ သူက မည်သူ့ကိုမျှ ရင်မဖွင့်နိုင်သလို အားနည်းချက်ကိုလည်း ထုတ်မပြနိုင်ခဲ့ပေ။ မဟုတ်ပါက သူ့ကို ကျားချောင်းချောင်းနေသော တစ်ယောက်ယောက်က သူ့ကိုကိုက်ဖို့ အခွင့်အရေးယူသွားမည်ဖြစ်၏။

နည်းနည်းလေး သတိလက်လွတ်ဖြစ်တာနဲ့ သူ အစိတ်စိတ်အမြွှာမြွှာ ကြေကွဲသွားလိမ့်မည်။


ဤကာလ၌ တစ်ယောက်နဲ့တစ်ယောက် ပေါင်းသင်းဆက်ဆံပြီးနောက်မှာ ပေါ်ယွဲ့မင်က ဖေးယိအပေါ် ကနဦးခုခံမှုနှင့် သံသယများ မရှိတော့သလို ဤ “အိမ်ထောင်ရေး”၌ ပေါ်မိသားစုအတွင်းရှိ အငြင်းပွားမှုများမှ တစ်ဖက်လူအား ဝေးဝေးထားခြင်းက အကောင်းဆုံးဖြစ်သည်ကို သူနားလည်သဘောပေါက်ခဲ့သည်။


ဖေးယိက ပေါ်ယွဲ့မင်၏ အမူအရာမှ သဲလွန်စတစ်ခု ရရှိခဲ့သည်။ 


နားလည်ပြီ!

ဒါက ဗီလိန်တိုင်း ကျော်ဖြတ်ရတဲ့ “ကိုယ့်ကိုယ့်ကို သံသယဝင်ခြင်း” အခိုက်အတန့်ပဲ…

မမျှော်လင့်ထားသော ဖြစ်ရပ်များကြောင့် သူက သူ့ကိုယ်သူ သံသယဝင်နေပြီး ၎င်းကို မည်သူမျှ အထုံးမဖြည်ပေးပါက အတွင်းစိတ်အုံ့မှိုင်းမှုနှင့် မကောင်းသောစိတ်အရှိန်က ပို၍ပင် မြှင့်တက်လာလိမ့်မည်။

ဝိုင်ခွက်ကို ကိုင်ထားသော ဖေးယိက ထိုင်ခုံပျော့ပျော့လေးမှ ထရပ်ကာ ထိုနေရာမှာ သက်တောင့်သက်သာ လဲလျောင်းနေသော စစ်ဆေးရေးမှူး၏ခေါင်းကို ပုတ်လိုက်သည်။



“မြောင်~”


လူသားနှင့် အလွန်တူသော စစ်ဆေးရေးမှူးက  ပေါ်ယွဲ့မင်ဘေးရှိ ထိုင်ခုံကို စွန့်လွှတ်ကာ ဆက်အိပ်ရန် တခြားနေရာသို့ ပြောင်းရွှေ့သွားခဲ့သည်။


ဖေးယိက  အပြုံးတစ်ခုဖြင့် ထိုနေရာမှာ ထိုင်ချလိုက်သည်။

အနီးနားမှ လှုပ်ရှားမှုကို အာရုံခံမိသော ပေါ်ယွဲ့မင်က အကြည့်ရွှေ့လိုက်ပြီး မှုန်ဝါးဝါး အလင်းရောင်မှတစ်ဆင့် ဖေးယိ၏ ပုံရိပ်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်ရန် ကြိုးစားနေသည်။ “ဘာလဲ?”

ဖေးယိက မတ်မတ်ထိုင်ကာ သူ့သဘောထားကို ထပ်ပြောလိုက်သည်။ “ကျွန်တော် ခင်ဗျားကို အပြစ်မမြင်ဘူး။”


ဤဧည့်ခံပွဲနှစ်ခုလုံးတွင် သူကသာလျှင် မူရင်းဝတ္ထု၏ ဇာတ်ကြောင်းကို အပျော်တမ်းလိုက်ကြည့်ခဲ့သူဖြစ်၏။ 

ယနေ့အတွေ့အကြုံကြောင့်သာ မဟုတ်လျှင် ထိုဧည့်ခံပွဲအပြီးမှာ  မူလပိုင်ရှင် အပြင်မထွက်ချင်တော့သည့် အကြောင်းအရင်းကို သူသိခဲ့ရမည်မဟုတ်ပေ။


စွင်းယဲ့လုံက သူ့အပေါ် မကောင်းသော ရည်ရွယ်ချက်များ ရှိခဲ့ပြီး ပေါ်ကွမ်းချန်နှင့် ဖေးဟွမ်က အလွန်ဆိုးရွားသော ထောင်ချောက်တစ်ခုကို ပူးပေါင်းဆင်ခဲ့သည်။


ထို့အပြင် ပေါ်ယွဲ့မင်၏ မျက်လုံးများသည် ကွယ်နေဆဲဖြစ်တာကြောင့် အမည်မသိ မက်ဆေ့တစ်ခုကို တွေ့သည်နှင့် သူ့ဆီ အချိန်မီရောက်လာဖို့က လွယ်ကူသောကိစ္စတစ်ခု မဟုတ်ချေ။

ဖေးယိက ပေါ်ယွဲ့မင်၏ မျက်လုံးများကို လေ့လာလိုက်သည်။ နက်ပြာရောင် သူငယ်အိမ်များက တည်ငြိမ်နေဆဲဖြစ်ပြီး လျှို့ဝှက်ဆန်းကြယ်သော အလုံပိတ်ပင်လယ်ကြီးအလား လှိုင်းထခြင်းမရှိပဲ ဆွဲဆောင်မှုရှိရှိ ကြည့်ကောင်းလှသည်။


သူ၏သဘာဝကို ချစ်သောစိတ်ကြောင့် ဖြစ်နိုင်သည်။ မူလတည်းက လူကောင်း ကာရိုက်တာများဖြစ်သော ယန်စမ်း၊ ချင်ယိရွှင်းတို့နှင့် ယှဥ်ကြည့်လျှင် ဖေးယိက ဗီလိန်တစ်ယောက်၏ အားသာချက်ဖြစ်သော ပေါ်ယွဲ့မင်၏ ရုပ်ရည်အသွင်အပြင်ကို ပိုသဘောကျသည်။

ထို့ကြောင့် သူ ပေါ်ယွဲ့မင်အစစ်နှင့် တွေ့လိုက်ရချိန်မှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်၏။

ဖေးယိ ပေါ်ယွဲ့မင်၏ ကောက်ကြောင်းကို အနီးကပ်အကွာအဝေးမှ သူ့မျက်လုံးများဖြင့် ပုံဖော်လိုက်သည်။ ထိုလူ၏ ချောမောသောမျက်နှာကို ကြည့်ရှုရတာ မငြီးငွေ့သွားမှန်း အတည်ပြုပြီးနောက် သူက ပြုံးကာ ခေါ်လိုက်သည်။ “အာ့ကော”

ပေါ်ယွဲ့မင်က သူ၏ကျေနပ်မှုကို ကြားနိုင်သည်။ “ဘာလဲ?”

ဖေးယိက ဇာတ်လမ်းအရှည်ကြီး ပြောပြပြီး ဖျက်လိုဖျက်စီး မလုပ်ချင်ပေ။ ထို့ကြောင့် သူက မူလပိုင်ရှင် ပြောနိုင်လောက်သည့် ရိုးရှင်းသော စကားလုံးကို ရွေးချယ်ဖို့ ကြိုးစားလိုက်သည်။ “ဝမ်းမနည်းပါနဲ့။ ခင်ဗျားမျက်လုံးတွေ အဆင်ပြေသွားမှာပါ။”

“…….”


ပေါ်ယွဲ့မင်က သူ့နှလုံးခုန်သံ ရပ်သွားသလို ခံစားလိုက်ရပြီးမှ ၎င်းက အထိန်းအကွပ်မဲ့စွာ ကြမ်းကြမ်းတမ်းတမ်း ခုန်လာခဲ့သည်။

ဤအခိုက်အတန့်တွင် ပြဿနာက သူ့မျက်လုံးတွေမဟုတ်ပဲ သူ့နှလုံးသားဖြစ်ပုံရသည်။

ဝိုင်ခွက်ပေါ်ရှိ ပေါ်ယွဲ့မင်၏ လက်ချောင်းများမှာ တင်းတင်းညှစ်ထားခြင်းကြောင့် နီရဲလာပြီး သူက မျက်နှာပေါ်မှာတော့ တည်ငြိမ်အောင် ကြိုးစားလိုက်သည်။ “အဆင်ပြေသွားမယ်ဆိုတာ မင်းဘယ်လိုသိလဲ?”

““ဒီတိုင်းပဲ သိတယ်”


ဖေးယိက ပေါ်ယွဲ့မင် သံသယဝင်သွားမှာ စိုး၍ သူ၏ ဘယ်နှင့်ညာမျက်လုံးကို ကလေးဆန်သော နည်းဖြင့် တမင်တကာ ထိလိုက်သည်။ “ဒီလိုလေ…ထိလိုက်တာနဲ့သိတယ်။”


အမြဲတမ်း အေးမြနေသော ထိုလက်ချောင်းများက သူ့မျက်ခွံကို ညင်ညင်သာသာ လာထိခဲ့သည်။


ပေါ်ယွဲ့မင်က ခပ်ဖွဖွပြုံးလိုက်ပြီး နှလုံးသားထဲ မရောက်သေးသော အုံ့ဆိုင်းမှုက ပျက်စီးသွားလေ၏။ “ဒါဆို ပြောကြည့်…ဘယ်အချိန် ပြန်ကောင်းမှာလဲ?”

“……..”


ဖေးယိက နှုတ်ဆိတ်လျက်ရှိပြီး ဤကိစ္စရပ်မျိုးကို တမင်တကာ မပြောချင်ပေ။

သူက စာအုပ်ထဲရှိ အဓိကဇာတ်ညွှန်းများကို ပြန်သတိရသွားသည်။ လက်ရှိတွင် သခင်လေးအစစ်နှင့် အတု၏ လျှို့ဝှက်ဆန်းကြယ်သော ဖြစ်ရပ်မှန်က မဖြစ်ပေါ်သေးပေ။ ထို့ကြောင့် အချိန်ကိုတွက်ကြည့်လျှင် ၎င်းက အလှမ်းဝေးနေသေးသည်။

အမှန်တိုင်းဆိုရလျှင် ပေါ်ယွဲ့မင် အမြင်အာရုံပြန်လည်ရရှိပြီးနောက် မည်သို့ဖြစ်လာမည်ကို ဖေးယိ စိတ်ဝင်စားနေသည်။ သို့သော် တစ်ဖက်လူ ပြန်ကောင်းလာလျှင် သူက သူ၏ ဟန်ဆောင်နေမှုကို ဖုံးမထားနိုင်တော့ချေ။


အင်း…  အဲ့ဒီမတိုင်ခင် သူထွက်ပြေးရမယ်!

သူ စစ်ဆေးရေးမှုးကို ခေါ်ထုတ်ဖို့ နည်းလမ်းရှာရမယ်!

သူ တိတ်ဆိတ်နေသည်ကို တွေ့လျှင် ပေါ်ယွဲ့မင်က ထပ်ခေါ်လိုက်သည်။ “ဖေးယိ”

ဖေးယိ အသံတိုးတိုးဖြင့် အသိပြန်ဝင်လာသည်။ “အင်း”.

သူ၏ ကြောင်ပေါက်လေးလို အသံကိုကြားသောအခါ ပေါ်ယွဲ့မင်က တစ်နည်းနည်းဖြင့် စိတ်ကြည်သွားခဲ့သည်။ သူက လက်ချောင်းထိပ်များကို ဖြေလျော့လိုက်ပြီး သူ့လက်ထဲကဝိုင်ကို လှုပ်ခါလိုက်သည်။

ဖေးယိက နားလည်မှုလွဲသွားပြီး သူ့ဖန်ခွက်ကို တစ်ဖက်လူထံသို့ မသေချာမရေရာ မြှောက်လိုက်သည်။ “ချီးယားစ်?”

ပေါ်ယွဲ့မင်၏ စိတ်ထဲတွင် ကြောင်တစ်ကောင် ခြေလက်ဆန့်ထုတ်လိုက်သော ပုံရိပ်တစ်ခုပေါ်လာပြီး သူက အပြုံးတစ်ခုဖြင့် တုံ့ပြန်လိုက်လေသည်။ “အင်း…ငါ မင်းရဲ့ မင်္ဂလာရှိတဲ့ စကားတွေကို ငှားလိုက်မယ်။”

သူက ရုတ်တရက် မျှော်လင့်စောင့်စားနေမိသည်။ ၎င်းမှာတော့–

သူ ဖေးယိကို တရားဝင် မြင်တွေ့နိုင်မယ့်နေ့…..