Chapter 35
ဖေးမိသားစုအိမ်တော်၌။
တန်းရှို့ယာက ရှစ်နာရီထိုးခါနီးဖြစ်သော နံရံကပ်နာရီကိုကြည့်လိုက်ပြီး ဆက်လက်ရေရွတ်လိုက်၏။ “ဒီလောက်နောက်ကျနေတာကို ရှောင်ဟွမ် ဘာလို့်ပြန်မလာသေးတာလဲ? ဒီအချိန်ဆို အခမ်းအနားပွဲပြီးသွားပြီ မဟုတ်ဘူးလား?”
“ဘယ်သူမှလည်း ဖုန်းမကိုင်ဘူး။”
ဖေးရူကျန်းက ဖေးသခင်ကြီးအတွက် လက်ဖက်ရည်ပူပူလေး ယူလာပေးပြီး ဗျစ်တောက်ဗျစ်တောက်ပြောနေသော သူ့ဇနီးကို တားလိုက်သည်။ “မင်း ဘာကိုစိုးရိမ်နေတာလဲ? ငါတို့အခုလေးတင် ပေါ်မိသားစုနဲ့ စီးပွားရေးကိစ္စကြီးတစ်ခု ဆွေးနွေးခဲ့တာလေ။ တာဝန်ခံတစ်ယောက်အနေနဲ့ ရှောင်ဟွမ်က လူတွေနဲ့ စကားစမြည်ပြောပေးရဦးမယ်လေကွာ”
ဖေးသခင်ကြီးက ခေါင်းညိတ်ထောက်ခံလိုက်၏။ “ကလေး အတွေ့အကြုံယူရမယ့် အချိန်ပဲ။ အမေတစ်ယောက်အနေနဲ့ မလိုအပ်ပဲ စိုးရိမ်မနေသင့်ဘူး။”
တန်းရှို့ယာက စက္ကန့်အနည်းငယ်မျှ တုံ့ဆိုင်းသွားပြီးမှ အပြင်ဘက်ရှိ ဖေးဟွမ်၏အသံကို ကြားလိုက်ရသည်။ “အမေ… မီးဖိုချောင်ထဲမှာ စားစရာရှိသေးလား? ဘာပဲဖြစ်ဖြစ် ပေးသာပေးပါ။”
ဖေးဟွမ်က အိမ်ထဲသို့ အလျင်အမြန်လျှောက်လာပြီး သူ့အမူအရာနှင့် ခြေလှမ်းများက အနည်းငယ်စိုးရိမ်ကြောင့်ကြနေ၏။ “အဖေ… အဘိုး… ကောင်းသောညနေခင်းပါ။ အဖေတို့ စကားပြောနှင့်ကြပါ။ ကျွန်တော် အပေါ်ထပ်မှာ အဝတ်အစားသွားလဲလိုက်ဦးမယ်။ ခဏနေရင် အပြင်ပြန်သွားရမှာ။”
မျက်လုံးစူးရှသော တန်းရှို့ယာက ဖေးဟွမ်၏အဝတ်အစားပေါ်ရှိ အနီရောင်အစင်းကြောင်းများကို ချက်ချင်းသတိထားမိပြီး သူ့အား အမြန်တားလိုက်သည်။ “နေဦး။ မင်းအဝတ်အစားပေါ်က သွေးတွေကဘာလဲ! ဘာဖြစ်လာတာလဲ?”
သွေးစွန်းထင်းဟူသော စကားကိုကြားလိုက်သည်နှင့် ဖေးသခင်ကြီးနှင့် ဖေးရူကျန်းက တစ်ချိန်တည်းမှာ တုန်လှုပ်သွားလေ၏။
ဖေးသခင်ကြီးက ထက်မြက်ပြီး သိတတ်သော မြေးလေး ဖေးဟွမ်ကို အချစ်ဆုံးဖြစ်၍ မျက်မှောင်ကြုတ်ကာ မျက်လုံးစွေ့ကြည့်လိုက်သည်။ “ရှောင်ဟွမ်… မင်းပြန်ရောက်ပြီပဲ။ မင်းကို အခမ်းအနားပွဲတက်ဖို့ ပေါ်သခင်လေး ဖိတ်ခဲ့တာမဟုတ်ဘူးလား? ဒဏ်ရာဘယ်လိုရလာတာလဲ?”
ဖေးဟွမ်က သူ့အင်္ကျီလက်ပေါ်ရှိ သွေးစွန်းထင်ရာကို သတိထားမိလိုက်ပြီး သူ့မျက်လုံးထဲတွင် ရွံရှာဖွယ်အရိပ်အယောင် ထွက်ပေါ်လာ၏။
ဒီသားရဲရဲ့ သွေးက အရမ်းညစ်ပတ်တာပဲ!
သူက ဖေးသခင်ကြီးထံ လျှောက်သွားလိုက်ကာ လိုတိုရှင်း ပြောလိုက်သည်။ “အဘိုး… ပွဲမှာ ပြဿနာသေးသေးလေးတစ်ခု ဖြစ်သွားတယ်။ ဂျာမန်လုပ်ငန်းပရောဂျက်ရဲ့ ခေါင်းဆောင် ထိခိုက်မိသွားလို့ ကျွန်တော့်အပေါ် မတော်တဆ သွေးတွေပွတ်တိုက်မိသွားတာပါ။ ကျွန်တော်အဆင်ပြေပါတယ်။”
ဖေးသခင်ကြီး အတန်ငယ် စိတ်သက်သာရာရသွားပေမယ့် တစ်ခုခုမှားနေပြီဆိုတာလည်း သိလိုက်သည်။
ဖေးရူကျန်းက တစ်ခုခုမှားနေပြီိဆိုတာ သဘောပေါက်သွား၍ မေးလိုက်လေသည်။ “မင်းပြောတဲ့လူက ဥက္ကဋ္ဌစွင်းယဲ့လုံလား? သူ ဘာလို့သွေးထွက်သွားတာလဲ? အဲ့ဒါက ပေါ်နဲ့ဖေးရဲ့ ပူးပေါင်းပရောဂျက်ကို ထိခိုက်စေမှာလား?”
“……..”
ဖေးဟွမ်က ဤကိစ္စကို စိတ်ပူနေခြင်းပင်။
တကယ်တော့ စွင်းယဲ့လုံက သူတို့၏ အခမ်းအနားပွဲမှာ ထိခိုက်မိခဲ့ခြင်းဖြစ်၏။ တစ်ဖက်လူက နဖူးပေါ်၌ လေးငါးချက်ချုပ်လိုက်ရပြီး ပြောလို့မရသည့် အစိတ်အပိုင်းများပင် ပျက်စီးသွားပုံရသည်။ သူက သွေးထွက်လွန်နေခြင်းကြောင့် သတိလစ်နေဆဲဖြစ်၏။
ဖေးဟွမ် ပြန်မလာခင် သူ့ကိုစောင့်ကြည့်ပေးမည့် လူတစ်ယောက်ရှာတွေ့ခဲ့ပေမယ့် သူ ခဏနေ ဆေးရုံကိုပြန်သွားပြီး တစ်ဖက်လူ နိုးလာသည်နှင့် တည်ငြိမ်အောင် ထိန်းထားချင်သည်။ သို့မှသာ ပရောဂျက် မထိခိုက်တော့မှာပင်။
ဤဒုက္ခအားလုံးက ဖေးယိကြောင့် ဖြစ်ခဲ့ရတာဟု တွေးကာ ဖေးဟွမ်၏ မျက်ဝန်းထဲတွင် အခဲမကြေမှု ရေးရေးလေး ဖြစ်တည်လာခဲ့သည်။
“အဘိုး…အဖေ…အမှန်အတိုင်းပြောပြပါရစေ။ စွင်းယဲ့လုံရဲ့ ထိခိုက်ဒဏ်ရာက ဒီတစ်ခေါက် နည်းနည်းပြင်းတယ်။ ပြီးတော့ အဲ့ဒါက ရှောင်ယိနဲ့လည်းဆိုင်နေတယ်။”
“ဖေးယိ?”
ဖေးဇနီးမောင်နှံက အကြည့်ဖလှယ်လိုက်ပြီး ဤကိစ္စ ဖေးယိနှင့်ဆိုင်နေမည်ဟု မထင်ထားခဲ့ပေ။
ဖေးသခင်ကြီးက ချက်ချင်းဆိုသလိုပင် မျက်မှောင်ကြုတ်လိုက်ပြီး ကြမ်းပြင်ကို သူ့တုတ်နှင့် ပုတ်ကာ စဥ်းစားမနေတော့ပဲ ထင်ရာပြောလိုက်၏။ “အခမ်းအနားပွဲမှာ ကျက်သရေမရှိတာမျိုး ဘာလို့လုပ်ခဲ့တာလဲ? သူအရူးဖောက်ပြီး ပြဿနာထပ်ရှာခဲ့တာလား?”*
စွင်းယဲ့လုံက မကောင်းသော အကြံအစည်များကို အရင်ကိုင်ဆောင်ထားသူဖြစ်ပြီး သူနဲ့ ပေါ်ကွမ်းချန်ကလည်း ၎င်းနှင့်ဆိုင်နေသည်ကို ဖေးဟွမ် သတိရသွားသည်။ ခဏလောက်တော့ သူက သူ၏ ကပေါက်ကရောက်ပါးစပ်ကို စိတ်ပျက်သွားမိသည်။ “အဘိုး…ဒေါသမထွက်ပါနဲ့။ အမှန်က ဒီကိစ္စအတွက် ရှောင်ယိကို အပြစ်တင်လို့မရဘူး။….သူ..”
– ဘန်း!
တံခါးကို ဆောင့်ဖွင့်လိုက်သော အသံက ဤဖြေရှင်းချက်ကို ကြားဖြတ်နှောင့်ယှက်ခဲ့သည်။
ချင်ယိရွှင်းက ဗီလာ၏ အိမ်မကြီးထဲသို့ လျှောက်ဝင်လာကာ လေးနက်သော စကားတစ်ခွန်းဖြင့် ပါးစပ်ဖွင့်လိုက်၏။ “ဒါပေါ့ ဖေးယိကို ဒီကိစ္စအတွက် အပြစ်တင်လို့မရဘူး။ စွင်းယဲ့လုံလို အညစ်အကြေးတွေက သေဖို့ထိုက်တန်တယ်!”
“…….”
ဖေးဟွမ်က တင်းမာသော မျက်နှာထားရှိသည့် ချင်ယိရွှင်း ပေါ်လာသည်ကို မြင်လျှင် သူက အနည်းငယ် အသက်ရှူကြပ်သလို ခံစားလိုက်ရသည်။
ဆန့်ကျင်ဘက်အနေဖြင့် ဆိုဖာပေါ်မှာထိုင်နေသော ဖေးသခင်ကြီးက ရှားရှားပါးပါး အံ့အားသင့်သောပုံစံကို ပြသလိုက်ပြီး သူ့တုတ်နှင့်အတူ ကမန်းကတန်းထရပ်လိုက်သည်။ “ယိရွှင်း? ဘာလို့ ရုတ်တရက်ပြန်ရောက်လာတာလဲ? မင်းအမေပြောတော့ အင်ပါယာမြို့တော်ကို ပြန်မလာခင် နောက်လအစထိ စောင့်ဦးမယ်ဆို?”
ဖေးသခင်ကြီးက အကြီးဆုံးသမီးမှ မွေးဖွားသော ဤမြေးဖြစ်သူကိုလည်း အလေးထားဆဲဖြစ်၏။
ချင်ယိရွှင်းက ဖေးသခင်ကြီးကို ခေါင်းညိတ်ပြလိုက်ပေမယ့် ခပ်ပြတ်ပြတ်သာ ပြောလိုက်၏။ “အဘိုး..ကျွန်တော် ဒီနေ့ပဲပြန်ရောက်တာ”
ဖေးသခင်ကြီးက ထပ်မေးလိုက်သည်။ “မင်း စားပြီးပြီလား? အစေခံတွေကို မီးဖိုချောင်ထဲမှာ တစ်ခုခုပြင်ခိုင်းလိုက်မယ်။”
“ဟင့်အင်း.. ကျွန်တော်ဒီကိုလာတာ ကိစ္စတချို့ကို ရှင်းလင်းဖို့ပဲ။” ချင်ယိရွှင်းက ပတ်ပတ်လည်ကိုကြည့်ကာ သူ၏နက်မှောင်သော မျက်ဝန်းက မုန်တိုင်း၏ဖိအားကို ထုတ်ဖော်ပြနေသည်။ “ဦးလေးနဲ့ ဦးလေးမိသားစုကလည်း ဒီမှာရှိနေတော့ တကူးတက ရှာစရာမလိုတော့ဘူး။”
ဖေးသခင်ကြီးက တစ်ခုခုမူမမှန်ဘူးလို့ ခံစားလိုက်ရသည်။ “ယိရွှင်း… မင်း ဘာမေးချင််တာလဲ?”
“မေးချင်တယ်။ ရှောင်ယိနဲ့ ပေါ်ယွဲ့မင်ရဲ့ လက်ထပ်ပွဲကို ဘယ်သူကမ်းလှမ်းခဲ့တာလဲ? ပြီးတော့ ဘယ်သူဆုံးဖြတ်ခဲ့တာလဲ?”
“ဒီသတင်းကြားပြီးတော့ ရှောင်ယိ ထဖောက်ပြီး မြစ်ထဲခုန်ချခဲ့တယ်လို့လည်း ကြားခဲ့တယ်။ ခင်ဗျားတို့ထဲမှာ သူရဲ့ဆန္ဒကိုရော လေးစားတဲ့လူရှိရဲ့လား?”
“ခင်ဗျားတို့က ဆွေမျိုးတွေလား? ဒါမှမဟုတ် မကောင်းဆိုးဝါးလား၊ အမြတ်ထုတ်ဖို့ပဲသိတဲ့ စီးပွားရေးသမားတွေလား?”
လူကြီးများ၏ မျက်နှာကို ဂရုမစိုက်ပါပဲ မေးခွန်းတွေ ဆက်တိုက်ထွက်ပေါ်လာ၏။
ချင်ယိရွှင်း၏အကြည့်အောက်တွင် ဖေးဇနီးမောင်နှံက ရှက်လာပြီး ဖေးသခင်ကြီး၏ ပါးစပ်ထောင့်က ရုတ်တရက်ကျဆင်းသွားကာ တုတ်ကိုကိုင်ထားသော လက်အိုကြီးက အနည်းငယ် တုန်ခါသွားလေ၏။ “ယိရွှင်း…မင်းဘာတွေပြောနေတာလဲ!”
ချင်ယိရွှင်းက ဘွင်းဘွင်းပြောလိုက်၏။ “အဘိုး… ကျွန်တော် ခင်ဗျားကို လူကြီးလို့ မသတ်မှတ်ထားရင် စကားနဲ့ပြောနေမှာတောင်မဟုတ်ဘူး။”
ဖေးသခင်ကြီး၏ အမူအရာ နက်မှောင်သွား၏။ “မင်း…..”
၎င်းကိုမြင်တော့ တန်းရှို့ယာက သူမ၏ လူကောင်းအယောင်ဆောင် အကွက်ကို အမြန်ထုတ်သုံးလာ၏။ “အဖေ…ဒေါသမထွက်နဲ့… လက်ဖက်ရည်ပူပူလေးသောက်ပြီး စိတ်အေးအေးထားပါ။”
သူမက ဖေးသခင်ကြီးကို ထိုင်စေပြီး လက်ဖက်ရည်ပူပူလေး ပေးလိုက်ပြီးမှ ခေါင်းစဥ်ကို စိတ်မပါတပါ ဖော်ပြဖို့ ကြိုးစားလိုက်၏။ “ယိရွှင်း.. မင်း အခုမှ အင်ပါယာမြို့တော်ကိုပြန်ရောက်လာလို့ မသိသေးတာဖြစ်မယ်။ ဒါပေမယ့် လက်ထပ်ပွဲကို ကမ်းလှမ်းတာက ပေါ်မိသားစုပါ။ ပြီးတော့ မင်းဦးလေးနဲ့ ငါက ရှောင်ယိရဲ့ မိဘအရင်းတွေမဟုတ်တော့ အစပိုင်းမှာ ဆုံးဖြတ်ချက်ချဖို့ ခက်ခဲခဲ့တယ်။ ဒါကြောင့် ရှောင်ယိနဲ့ဆွေးနွေးခဲ့တာ။”
“ဟုတ်တယ်။ ငါတို့က သူ့ကို ဖေးအိမ်တော်ကနေ မောင်းထုတ်ဖို့ကြိုးစားနေတယ်လို့ သူအထင်လွဲသွားတာ။ ဒါကြောင့်ပဲ စိတ်လှုပ်ရှားပြီး ဝုန်းဒိုင်းကြဲခဲ့တာ။ နောက်တော့ သူ ပေါ်မိသားစုရဲ့ ဒုတိယကလေးကို တွေ့တဲ့အချိန်မှာ သဘောကျတယ်ဆိုပြီး လက်ခံခဲ့တယ်။”
ချင်ယိရွှင်းက “သဘောကျတယ်” စကားလုံးကြောင့် မျက်မှောင်ကြုတ်သွားရသည်။
တန်းရှို့ယာက ဤသိမ်မွေ့သော ခံစားချက်ကို သတိမထားမိပဲ သူ နားလည်နေပြီဟုသာ တွေးလိုက်သည်။ “ဒုတိယသခင်လေးပေါ်က ရှောင်ယိရဲ့ စိတ်မရင့်ကျက်မှုကို သဘောမကျဘူးလို့တော့ ငါမထင်ဘူး။ နောက်ဆိုရင် ရှောင်ယိက ဂရုစိုက်ပေးမယ့်သူ မရှိမှာကို စိုးရိမ်စရာမလိုတော့ဘူး။”
“ပြီးတော့ အခု ဒီအိမ်ထောင်ရေးကြောင့် မိသားစုနှစ်ခုကလည်း ရင်းနှီးလာပြီ။ ဒါက ကမ္ဘာနှစ်ခုအတွက် အကောင်းဆုံးပဲ…ဟုတ််တယ်မလား?”
“ဒေါ်လေး.. ခင်ဗျားစကားတွေက အရမ်းလှတာပဲ!”
ချင်ယိရွှင်းက သူ့ထောင်ချောက်ထဲကို လုံးဝမကျသွားပဲ ပြင်းပြင်းထန်ထန် နှောင့်ယှက်လိုက်၏။ “ကျွန်တော့်အမြင်မှာတော့ ဒီမိသားစုထဲက လူတွေက ရှောင်ယိကို မမြင်ချင်ဆုံးမို့လို့ သူ့ကိုမောင်းထုတ်ချင်ခဲ့တာပဲ။ ဟုတ်တယ်မလား… ဦးလေးနဲ့ ဒေါ်လေး?”
“ယိရွှင်း…မင်း ဘာအဓိပ္ပါယ်မရှိတာတွေ ပြောနေတာလဲ?” ဖေးရူကျန်း၏ မျက်ဝန်းက ရုတ်တရက် ပြောင်းလဲသွားသည်။ “အဲ့ဒါမင်းနဲ့မဆိုင်ဘူး။ လူငယ်တစ်ယောက်က လူကြီးတွေရဲ့ စီစဥ်မှုကို မှတ်ချက်မပေးသင့်ဘူး!”
ချင်ယိရွှင်းက အလျှော့မပေးပဲ တင်းမာသောမျက်နှာထားဖြင့် ပိတ်ပြောလိုက်သည်။ “ကျွန်တော် မှတ်ချက်မပေးသင့်ဘူးဆိုပေမယ့် ကျွန်တော့်ဦးလေးသာ အသက်ရှင်နေသေးရင် အခုချိန်မှာ ခင်ဗျား ဘာကိစ္စကိုမှ ဆုံးဖြတ်ခွင့်ရမှာမဟုတ်ဘူး!”
“ရှောင်ယိရဲ့ဘဝကို အသုံးချပြီး ခင်ဗျားလိုချင်တဲ့ စီးပွားရေးအကျိုးစီးပွားကို ရချင်တာလား? ပြီးတော့ ခင်ဗျားက ခင်ဗျားကိုယ်ခင်ဗျား လူကြီးလို့ ခေါ်နိုင်သေးတယ်။ တန်ရဲ့လား?”
ချင်ယိရွှင်းက စစ်မှုထမ်း အတွေ့အကြုံရှိသူတစ်ဦးဖြစ်၏။ အသံနက်ကြီးဖြင့် မေးခွန်းမေးသော အခါတွင် ထွက်ပေါ်လာသော သူ၏အရောင်အဝါသည် ဤနေရာရှိလူအားလုံးကို ထိတ်လန့်စေဖို့ လုံလောက်သည်။
“…….”
ဖေးရူကျန်း၏မျက်နှာက လျှို့ဝှက်ချက်အချို့ကို ဖော်ထုတ်ခံလိုက်ရသည့်အလား ရုတ်တရက်မည်းမှောင်သွားပြီး ရုပ်ဆိုးသွားခဲ့သည်။
တစ်ချိန်က သူ၏အစ်ကိုဖြစ်သူ ဖေးရူယဲ့က သူ့ထက် နှစ်နှစ်သာကြီးပေမယ့် ငယ်ငယ်လေးတည်းက အရာရာ၌ သူ့ထက်သာလွန်ခဲ့သည်။ သူ သွားလေရာရာမှာ အာရုံစူးစိုက်မှုကို ဆွဲဆောင်နိုင်ပြီး ဖေးသခင်ကြီး ဂုဏ်အယူရဆုံး ကလေးလည်းဖြစ်ခဲ့သည်။
ညီအစ်ကိုနှစ်ယောက်က ကုမ္ပဏီမှာ အလုပ်လုပ်ရန် တစ်ယောက်ပြီးတစ်ယောက် ဝင်ခဲ့ကြပြီး ဖေးရူယဲ့ ဦးဆောင်သော ပရောဂျက်များမှာ သူ့ညီလေး၏ ပရောဂျက်များကို အမြဲလွှမ်းမိုးနေခဲ့သည်။ ထိုအချိန်က အားလုံးနီးပါး ယုံကြည်ကြသည်မှာ–
အနာဂတ်၌ ဖေးဂရု၏ အမှုဆောင်ဒါရိုက်တာရာထူးသည် ဖေးရူယဲ့နှင့် သက်ဆိုင်သည်ဟူ၍ပင်!
သို့သော် နောက်ပိုင်းတွင် ဖြစ်ပျက်သမျှသည် အားလုံးမျှော်လင့်ထားသည်နှင့် ဆန့်ကျင်ဘက်ပင်ဖြစ်၏။
ဖေးရူယဲ့က ကျေးလက်မှ အမျိုးသမီးတစ်ယောက်အတွက် သူ့မိသားစုနဲ့ လမ်းခွဲဖို့ မတွန့်ဆုတ်ခဲ့သလို ထိုအချိန်က ဂရု၏ အထွေထွေမန်နေဂျာအဖြစ် သူ၏ရာထူးကိုပင် စွန့်လွှတ်ခဲ့လေသည်။ ဖေးရူကျန်းကတော့ ဖေးသခင်ကြီး၏ဆန္ဒအလျောက် တန်းမိသားစု၏ သမီးကိုလက်ထပ်ကာ အထွေထွေမန်နေဂျာရာထူးကိုပင် အောင်အောင်မြင်မြင် ရယူနိုင်ခဲ့သည်။
နောက်တော့ ဖေးရူယဲ့က ရုတ်တရက် သေဆုံးသွားခဲ့သည်။
ဤအကြောင်းကို သိရပြီးနောက် သူ၏ပထမဆုံးတုံ့ပြန်မှုမှာ သူချစ်ရသောအစ်ကိုကို ဆုံးရှုံးလိုက်ရသည့်အတွက် ဝမ်းနည်းကြေကွဲခြင်းမဟုတ်ပဲ အပြင်ကမ္ဘာကို ဖော်ပြလို့မရသည့် ဝမ်းသာမှုမျိုးဖြစ်ကြောင်း ဖေးရူယဲ့ အမြဲမှတ်မိနေမည်ဖြစ်၏။
ကောင်းတယ်! နောက်ဆုံးတော့ သူ အရာရာကို လုယူနိုင်တော့မှာ မဟုတ်ဘူး! ဘယ်သူကမှ ငါပိုင်ဆိုင်သင့်တဲ့ အရာတွေကို ယူသွားလို့မရဘူး!
နောက်တော့ မွေးကင်းစကလေး ဖေးယိအား ဖေးအိမ်တော်ကို ပြန်ခေါ်လာခဲ့သည်။
အသက်ဆယ်နှစ်မပြည့်ခင်တွင် သူ့တူလေးက သူ့အစ်ကိုကြီးဖေးရူယဲ့၏ ကာဘွန်ကော်ပီ(ချွတ်စွပ်) ဖြစ်နေသည်ကို ဖေးရူကျန်း မှတ်မိသည်။ ထိုကလေးက အလွန်ဉာဏ်ကောင်းပြီး ချစ်စဖွယ်ပင်ဖြစ်၏။ ဖေးသခင်ကြီးတို့ ဇနီးမောင်နှံက ကွယ်လွန်သွားသော သားဖြစ်သူအတွက် အပြစ်ရှိစိတ်ဖြင့် ဖေးယိကို အလိုလိုက်ချစ်ခင်ပေးခဲ့သည်။
ထိုအချိန်က ဖေးရူကျန်းသည် တိတ်တဆိတ် စိုးရိမ်နေခဲ့သည်။ ဖေးယိကြီးပြင်းလာသည့်အခါ သူနဲ့ သူ့သားဖေးဟွမ်ဆီမှ အရာအားလုံး လုယူသွားမည်ကို စိုးရိမ်ပေမယ့် ထိုကလေး ဆယ်နှစ်သားအရွယ်တွင် မထင်မှတ်ထားတာ တစ်ခုခုဖြစ်သွားခဲ့သည်။
ရေကူးကန်၏ အနက်ဆုံးထိ နစ်မြုပ်သွားခဲ့ပေမယ့် မသေပဲ ရူးသွားခဲ့သည်။
အရူးဖြစ်လာပြီးနောက်မှာ တစ်ဖက်လူက ဖေးသခင်ကြီး အရှက်ရစေမည့် ကိစ္စများကို ပြုလုပ်ခဲ့ပြီး ဖေးသခင်ကြီးက သူ့ကို တဖြည်းဖြည်း စိတ်ပျက်သွားခဲ့သည်။
ထို့အပြင် သူ့ဇနီး တန်းရှိူ့ယာက ဤတူလေးဖြစ်သူ ဖေးယိကို အမြဲတမ်းမုန်းတီးခဲ့သည်။ ဖေးရူကျန်းက ၎င်းကို သူမ၏မျက်လုံးထဲ၌ မြင်ခဲ့ရပေမယ့် သူမအား ထုတ်ဖော်ပြောဆိုခြင်းမရှိသလို ဝေမဖန်ခဲ့သည့်အပြင် ဖေးယိအပေါ် သူမ၏လုပ်ရပ်တိုင်းကို ကျေနပ်နေခဲ့သည်။
ချင်ယိရွှင်းပြောတာမှန်သည်။ သူနဲ့ သူ့ဇနီးက ဤအခွင့်အရေးကိုယူကာ ဖေးယိအား ပထုတ်ချင်ခဲ့သည်။ အရူးတစ်ယောက်ကို အကျိုးအမြတ်နှင့် လဲလှယ်လိုပြီး သူတို့သားအတွက် ဖြစ်လာနိုင်ချေရှိသော ခြိမ်းခြောက်မှုကို ဖယ်ရှားခဲ့သည်။ ဘယ်သူက အဲ့လိုမလုပ်မှာလဲ?
ပေါ်မိသားစုထံ ရောက်သွားပြီးနောက်ပိုင်း ဖေးယိရဲ့ ကံကြမ္မာက သူနဲ့ဘာဆိုင်တော့လို့လဲ?
“…….”
ဖေးရူကျန်း၏ မကောင်းသောအတွင်းစိတ်က အရှိန်အဟုန်ပြင်းစွာ ထိုးထွက်လာ၍ သူ့မျက်နှာ၌ ပေါ်နေသည်မှာ သဘာဝကျလေသည်။