Ch 36
Viewers 28k

Chapter 36


ဤအခြေအနေ၌ လေထုက ရှေ့မတိုးနောက်မဆုတ်သာဖြစ်၏။

တန်းရှို့ယာက သည်းမခံနိုင်တော့ပဲ အရှက်ပြန်ဆယ်ရန် ကြိုးစားလိုက်သည်။ “ချင်ယိရွှင်း…ငါတို့က ဒီနှစ်တွေမှာ ရှောင်ယိကို သေချာဂရုစိုက်ထားတာ၊ လူကြီးမဖြစ်ထိုက်ဘူးဆိုတာ ဘာကိုဆိုလိုတာလဲ? မင်းရဲ့မိဘတွေက ယွင်ချန်မှာပုန်းနေပြီး မင်းက စစ်တပ်ထဲမှာ ပုန်းနေခဲ့တာ။ ဒါကို အခုမှလာပြီး ဖေးယိအတွက် ဆုံးဖြတ်ပေးနေတာလား?”

တန်းရှိူ့ယာက စစ်ပွဲမီးတောက်ကို ယပ်ခတ်ဝံ့သည်ကို မြင်လျှင် ဖေးဟွမ်က မျက်မှောင်ကြုတ်ကာ သူမကိုတားလိုက်သည်။ “အမေ!”

ချင်ဇနီးမောင်နှံနှင့် ချင်ယိရွှင်းက ဖေးယိအား ယွင်ချန်သို့ ခေါ်သွားရန် တောင်းဆိုခဲ့စဥ် မျက်နှာလိုမျက်နှာရ ဖေးရူကျန်းနှင့် တန်းရှိူ့ယာ၏ ငြင်းပယ်ခံရပြီး သူတို့က အရှက်မဲ့စွာ ပြောခဲ့သေးသည်။ : ငါတို့က ကလေးတစ်ယောက်ကို ပြုစုစောင့်ရှောက်ဖို့ မတတ်နိုင်လို့လား? သူ့ကို ငါတို့သားအရင်းလို ဆက်ဆံမှာ!

“ဘာကို ကြောက်နေတာလဲ?”

တန်းရှို့ယာက ဖေးဟွမ်ကိုကြည့်ကာ ချင်ယိရွှင်းနှင့် ပတ်သက်သည့် တစ်ခုခုကို ရုတ်တရက်ဖမ်းမိသွားပုံရသည်။ “ငါမြင်ပြီ…အာ..အစ်ကိုတစ်ယောက်အနေနဲ့ ဒီစိတ်ဓာတ်က အကန့်အသတ်ကျော်နေပြီ!”

“သူကလည်း မင်းရဲ့ဝမ်းကွဲပဲလေ။ မင်းက ဖေးယိကိုတော့ ငယ်ငယ်လေးတည်းက ချစ်ပေးခဲ့ပြီး ငါတို့ရှောင်ဟွမ်ကို ဘယ်တုန်းကများ အခုလိုကာကွယ်ပေးခဲ့လဲ?”

ဖေးဟွမ်၏ နှလုံးက ရုတ်တရက်ထခုန်ပြီး သူက တစ်ခုခုမှားနေပြီဟု ခံစားလိုက်ရသည်။

နောက်စက္ကန့်တွင် ချင်ယိရွှင်း၏ စူးရှလေးလံသော အကြည့်က သူ့ဆီရောက်သွားတော့သည်။ “ဒေါ်လေးက ကျွန်တော့်ကိုဝေဖန်ရဲရင် ခင်ဗျားသား ခင်ဗျားနောက်ကွယ်မှာ ဘာလုပ်ခဲ့လဲ ပြန်ကြည့်ကြည့်ပါလား!”

စစ်ပွဲမီးတောက်က ပိုပြန့်လာသည်။

ဖေးသခင်ကြီးက ထပ်ပြောလိုက်သည်။ “ယိရွှင်း… စကားကိုကြည့်ပြောစမ်း”

တုန်လှုပ်မသွားသော ချင်ယိရွှင်းက ဖေးဟွမ်ကို တခဏမျှ စိုက်ကြည့်လိုက်သည်။ “မှတ်မိသေးလား? ဖေးယိခြောက်နှစ်အရွယ်တုန်းက မင်း မူလတန်းကျောင်းတက်ခါစမှာ သူက မင်းအတွက် အောက်ထပ်ကို ကျောင်းလွယ်အိတ်ယူလာပေးတာလေ။ ဒါပေမယ့် ဘာဖြစ်သွားခဲ့လဲ?”

“အနောက်မှာရပ်နေပြီး မင်းသူ့ကို လှေကားပေါ်က ရုတ်တရက်တွန်းချခဲ့တယ်။ ကံကောင်းတာက ငါအချိန်မီရောက်လာပြီး ဖမ်းမိခဲ့လို့ပေါ့!”

“…….”

ဖေးဟွမ်၏နှလုံးရပ်သွားပြီး ပြင်းထန်သော ဖိအားအောက်၌ သူ၏ လူကောင်းအသွင်ဆောင် အမူအရာမှာ မလုံမလဲအပြစ်ရှိစိတ်ဖြင့် ပေါက်ကွဲထွက်လာသည်။

ဤသည်မှာ သူ့ရင်ထဲမှာ ဝှက်ထားသော လျှို့ဝှက်ချက်ဖြစ်ပြီး အပြင်ကမ္ဘာကို ထုတ်မပြဝံ့ခဲ့သလို ၎င်းက သူငယ်ငယ်လေးတည်းက သူ့မှာ “မကောင်းသောစိတ်”ရှိနေကြောင်း ပထမဆုံးသိခဲ့ရတာလည်း ဖြစ်၏။

ဖေးယိ သူ့အဘိုးအဘွားဆီက အလွန်အကျွံဂရုစိုက်ခံရသည်ကို သူမနာလိုဖြစ်ခဲ့ပြီး သူ့မိဘများ၏ လွှမ်းမိုးမှုအောက်မှာ တစ်ဖက်လူက သူ့ဆီမှ အရာအားလုံးလုယူသွားမည်ဟု သူယုံကြည်ခဲ့သဖြင့် သူ့ဆီမှာ မှားယွင်းသော အကြံအစည်တစ်ခု တခဏမျှ ရောက်လာခဲ့သည်။

“အဲ့ဒီအချိန်တုန်းက မင်း စနောက်နေပြီး ရှောင်ယိကို ခြောက်လှန့်ချင်ရုံပဲလို့ ငါ့ကို ငိုယိုပြီး ရှင်းပြခဲ့တယ်။ အဲ့ဒါက တမင်လုပ်ခဲ့တာမဟုတ်ဘူးလို့ ပြောပြီး သူများတွေကို မပြောပြဖို့လည်း မင်းငါ့ကိုတောင်းဆိုခဲ့တယ်”

ခြောက်နှစ်အရွယ်ဖေးယိအား ချင်ယိရွှင်းက အချိန်မီဖမ်းနိုင်ခဲ့သော်လည်း သူ့ခြေကျင်းဝတ်က နီရဲရောင်ရမ်းကာ သနားစရာကောင်းနေခဲ့သည်။

နာကျင်မှုက ဆိုးရွားလွန်းလို့ မျက်ရည်ကျတော့မတတ် ဖြစ်ခဲ့ပေမယ့် ဖေးဟွမ်၏ ငိုယိုတောင်းပန်မှုကို မြင်ခဲ့ရစဥ် သူက တစ်ဖက်လူကို သနားသွားပြီး “လုံးဝမနာတော့၍ နို့နည်းနည်းသောက်ပြီးလျှင် ကောင်းသွားမှာပါ”ဟု ပြောကာ ပြုံးပြခဲ့သေးသည်။

အဆုံးမှာ သူက ကစားနေတုန်း မတော်မဆ ချော်လဲသွားလဲသွားလို့ ဒဏ်ရာရသွားတာဟူ၍ ဖေးသခင်ကြီးကိုပင် ချော့ပြောခဲ့သည်။

ချင်ယိရွှင်းက ဤကိစ္စကို လူကြီးတွေရှေ့မှာ ထုတ်ဖော်လိုက်သည်။ သူက ဖေးဟွမ်၏ ဖြူဖျော့နေသောမျက်နှာကို ကြည့်ကာ စိတ်ပိုင်းဖြတ်၍ မေးခွန်းဆက်ထုတ်လိုက်သည်။ “ဟုတ်တယ်…. မင်းကတော့ မေ့သွားပြီ ပြောလို့ရပေမယ့် ဒီနေ့ကိစ္စကိုရော ဘယ်လိုရှင်းမလဲ?”

“စွင်းယဲ့လုံမှာ ဖေးယိအပေါ် မကောင်းတဲ့အကြံအစည်တွေ ရှိနေမှန်း သိသိလျက်နဲ့ မင်းက အဲ့ဒီလူယုတ်မာအတွက် တံတားထိုးပေးပြီး ဖေးယိကို သူ့အခန်းထဲခေါ်သွားပေးဖို့ လူလွှတ်ခဲ့တယ်!”

ချင်ယိရွှင်းက ရှေ့တစ်လှမ်းတိုးကြည့်ကာ သူ့မျက်ဝန်းက စိတ်ပျက်ရွံရှာမှုအပြည့်ပင်။ “ဖေးဟွမ်… မင်းရဲ့ရှင်းပြချက်က တခြားသူတွေကို လှည့်စားလို့ရပေမယ့် ငါ့ကိုတော့မရဘူး! မင်းရဲ့ကောင်းကျိုးအတွက် မင်းက မင်းရဲ့ဝမ်းကွဲကိုတောင် တခြားသူတွေရဲ့ ကစားကစာအဖြစ် ပေးလိုက်ဖို့ မတွန့်ဆုတ်ခဲ့ဘူး!”

“ဖေးဟွမ်…..မင်းရဲ့စိတ်ဓာတ်က ရွံစရာကောင်းပြီး ဆိုးရွားလွန်းတယ်! ငါ့အမြင်အရတော့ မင်းက ဖေးယိနဲ့မယှဥ်နိုင်ဘူး!”

“…….”

ဖေးဟွမ်၏မျက်နှာက ချက်ချင်းဖျော့သွားလေ၏။

ဤသည်မှာ သူ ကလေးဘဝတည်းက နာမည်တပ်ပြီး စွပ်စွဲခံရတာ ပထမဆုံးအကြိမ်ဖြစ်ပြီး တစ်ခါမှမကြုံဖူးသော အရှက်တရားက သူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းများကို ပျံ့နှံ့သွားပြီး သူသည်ကား ကြမ်းပြင်ပေါ်၌ အပေါက်ရှာကာ တွားသွား၍ ဝင်ပုန်းလိုက်ချင်မိသည်။

ဖေးရူကျန်းနှင့် တန်းရှို့ယာက အကြည့်ဖလှယ်လိုက်ပြီး ဖေးသခင်ကြီးက စကားမပြောနိုင်လောက်အောင် အံ့အားသင့်သွားရသည်။

သူတို့မျက်လုံးထဲတွင် ဖေးဟွမ်က ဘက်ပေါင်းစုံမှာ ထူးချွန်ပြီး ရိုးသားဖြောင့်မတ်သော ကလေးဖြစ်၏။ သူ ဖေးယိကို အဘိုးကြီးတစ်ယောက်ရဲ့ အိပ်ရာထဲ ဘယ်လိုပို့နိုင်မှာလဲ?

သို့သော် သူတို့အားလုံးက ချင်ယိရွှင်း၏ အကျင့်စရိုက်ကိုလည်း သိသည်။ သူဟာ အမြဲတမ်း ဖြောင့်မတ်မှန်ကန်ပြီး လေးနက်မှုရှိကာ တခြားသူများကို လိမ်ညာလှည့်စားခြင်းမရှိခဲ့ပေ။

လူတိုင်း၏ တိတ်ဆိတ်နေမှုကို အခွင့်ကောင်းယူကာ ချင်ယိရွှင်းက ပြတ်ပြတ်သားသား ပြောလိုက်၏။ “ရှောင်ယိအတွက် ငါပြောချင်တာက သူ ဒီမိသားစုနဲ့ ဘာမှမဆိုင်တော့ဘူး။ အခုကစပြီး သူနဲ့ပတ်သက်တဲ့ ကောက်ကျစ်တဲ့အကြံအစည်တွေ ရှိဖို့တောင် မစဥ်းစားနဲ့!”

“အစ်ကိုကြီးတစ်ယောက်အနေနဲ့ ငါ အခု သူ့ကိုကာကွယ်ပေးနိုင်တယ်။ အဲ့လိုလုပ်ဖို့လည်း တတ်နိုင်တယ်!”

“ငါ ကျိုးကြောင်းဆီလျော်တဲ့ စကားကိုပြောနေတာ။ ထပ်ဖြစ်လာရင်တော့ ဒီမိသားစုဆက်ဆံရေးကို ဂရုစိုက်နေမှာမဟုတ်ဘူး!”

အတွင်းနှင့်အပြင်၌ ဤစကားများအရ သူသည် ဖေးယိ၏ ကျောထောက်နောက်ခံဖြစ်သည်ဟု ဆိုလိုသည်။


ချင်ယိရွှင်းက သူ၏လေသံထဲတွင် အေးစက်မှုနှင့် လေးနက်မှုကိုထိန်းထားပြီး ဖေးသခင်ကြီးကို အားနာသည့် အရိပ်အမြွက်တစ်ခုဖြင့် ကြည့်လိုက်ပေမယ့် သူ့စိတ်ထဲမှာတော့ သိနေခဲ့သည်။

ဖေးသခင်ကြီးက ဤအိမ်ထောင်ရေးကို လက်မခံခဲ့လျှင် သူ၏ငွေမက်သောဦးလေးနှင့် အဒေါ်တို့က ၎င်းနှင့်ပတ်သက်ပြီး မည်သည်ကိုမျှ လုပ်နိုင်ခဲ့မည်မဟုတ်ပေ။

“အဘိုး… ကျွန်တော် ပြောစရာရှိတာကိုတော့ ပြောပြီးပြီ။ အဘိုးက ဘယ်ဟာမှားလဲ ဘယ်ဟာမှန်လဲသိမှာပါ။ ကျွန်တော်ဒီနေ့ပြောလိုက်တာက နားထောင်ရတာ မကောင်းတဲ့အတွက် ခင်ဗျားကို တောင်းပန်ဖို့ တစ်ရက်လောက် အခွင့်အရေးရှာခဲ့ပါမယ်။”

ပြောပြီးနောက် သူက ဖေးအိမ်တော်မှ လျှောက်ထွက်သွားပြီး အခန်းထဲ၌ ရှက်စရာကောင်းသော အငွေ့အသက်ကိုသာ ချန်ရစ်ခဲ့လေသည်။

ဖေးသခင်ကြီးက လူငယ်မျိုးဆက်၏ အရှက်ခွဲခြင်းကို ရှားရှားပါးပါး ခံခဲ့ရတာကြောင့် သူ့စိတ်က သဘာဝကျကျပင် မကျေမနပ်ဖြစ်နေခဲ့သည်။ သူက သူ၏တုတ်ကိုင်ထားသော လက်ကို ညှစ်မိသွားပြီး ဖေးဟွမ်ကို ပစ်မှတ်ထားကာ အသံကျယ်ကျယ်ဖြင့် မေးလိုက်တော့သည်။

“ရှောင်ဟွမ်..  ဒီနေ့ အခမ်းအနားပွဲမှာ ဘာဖြစ်ခဲ့တာလဲ?!”

. . . . . .

သုံးရက်အကြာတွင်။

အင်ပါယာမြို့၏ ပထမဆုံးသော ပြည့်သူဆေးရုံ၌ဝယ်။

သူနာပြုဆရာမတစ်ဦးက VIP လူနာဆောင်မှ အလျင်စလို ထွက်ခွာသွားပြီး တံခါးပိတ်ပြီးမှသာ အသံထွက်ဝံ့ခဲ့သည်။ “ဘာလို့ဝုန်းဒိုင်းကြဲနေတာလဲ? ဒီအသက်အရွယ်နဲ့ မလုပ်နိုင်ရင်လည်း မလုပ်နိုင်ဘူးပေါ့”

လူနာဆောင်အတွင်း၌ ကြမ်းပြင်က ရှုပ်ပွနေ၏။

ဒေါသူပုန်ထခဲ့သော စွင်းယဲ့လုံက အိပ်ရာပေါ်မှာထိုင်ကာ မောဟိုက်နေသည်။ သူ့နဖူးက ဆေးပတ်တီးစည်းထားရပြီး သူ့အတွက် အနာကျင်ရဆုံးမှာ သူ့နဖူးပေါ်ရှိ ချုပ်ရိုးဖြစ်ပေမယ့် ဆက်တိုက်နာကျင်နေသော တစ်နေရာကတော့–

ထိုနေ့က စားပွဲ၏ ထောင့်ချွန်ကို မတော်တဆ ဝင်တိုက်မိတာကြောင့် ဒဏ်ရာပြင်းပြင်းရခဲ့ပြီး နိုးလာပြီးနောက် သန့်စင်ခန်းသွားဖို့ပင် အဆင်မပြေဖြစ်နေသည်။ ဆရာဝန်၏ စစ်ဆေးတွေ့ရှိချက်အရ ဤဒဏ်ရာက လုပ်ငန်းဆောင်တာအချို့ကို ထိခိုက်စေနိုင်သည်ဟု ဆိုသည်။

ယောကျာ်းတစ်ယောက်အဖြစ် စွင်းယဲ့လုံ၏ ဂုဏ်ကျက်သရေ*က ထိခိုက်သွားခဲ့သည်။ သူသည်ကား အသက်ကြီးသော်လည်း ဤအချက်ကို လက်မခံနိုင်ဆဲဖြစ်တာကြောင့် သူနာပြုဆရာမရှေ့တွင် အလွန်ထိတ်လန့်တုန်လှုပ်ကာ ဒေါသူပုန်ထခဲ့လေသည်။ 

(** ဂုဏ်ကျက်သရေက ဟိုဟာပါ)

ဘဝတစ်လျှောက်လုံး အပျော်အပါးလိုက်စားနေပြီးနောက် ဤသည်မှာ သူ ဤအရာမျိုးကို ပထမဆုံးအကြိမ်အဖြစ် ကြုံဖူးခြင်းဖြစ်၏။ သူ ဘယ်လိုသည်းခံနိုင်မှာလဲ?


ထိခိုက်ဒဏ်ရာအကြောင်း စကားပျံ့သွားရင် သူ့မှာ အရှက်ကျန်ပါဦးမလား? အသိုင်းအဝိုင်းတစ်ခုလုံး၌ လူရယ်စရာဖြစ်လာမှာကို သူစိုးရိမ်သည်!

စွင်းယဲ့လုံ၏ အသက်ရှုသံက လေးလံနေသည်။ သူက အံကြိတ်ကာ နာမည်တစ်ခုကို ရွတ်လိုက်၏။ “ဖေးယိ!”

ထိုနေ့က သူ့အား တစ််ခုခုလုပ်ခဲ့သော ချင်ယိရွှင်းကို သူ မသိတာကြောင့် သူသည် ဖေးယိအား အပြစ်ပုံချလိုက်သည်။

ကျွီ


ပိတ်ထားသော တံခါးက ရုတ်တရက်ပွင့်လာသည်။

“ဘာမှလုပ်စရာမရှိရင် ဝင်မလာခဲ့နဲ့လို့ မင်းကိုပြောထားတယ်မလား!” စွင်းယဲ့လုံက သူနာပြုပြန်ရောက်လာသည်ဟု ထင်လိုက်သော်လည်း မော့ကြည့်လိုက်သည့်အခါ မရင်းနှီးသော မျက်နှာနှင့် လူငယ်လေးတစ်ယောက်ကို တွေ့လိုက်ရသည်။ “မင်း….မင်းက?”

“ဥက္ကဋ္ဌစွင်း… ကျုပ်မှာ ခင်ဗျားကို ကြည့်စေချင်တဲ့ အချက်အလက်တချို့ရှိတယ်။”

သူငယ်ချင်းဖြစ်သူကိုယ်စား ရောက်လာသော ယန်စမ်းက သူ့လက်ထဲက စာရွက်စာတမ်းတစ်အုပ်ကို ပေးလိုက်သည်။

“ဘာလဲ? ပေါ်ကွမ်းချန်နဲ့ ဖေးဟွမ်က မင်းကိုလွှတ်လိုက်တာလား?”

စွင်းယဲ့လုံက ယန်စမ်း၏သရုပ်သကန်ကို နားလည်မှုလွဲသွားပြီး စာရွက်စာတမ်းကို မရေမရာ ဖွင့်ကြည့်လိုက်သည်။ တစ်မိနစ်မပြည့်ခင်မှာ သူ့မျက်နှာက အရောင်ပြောင်းသွားပြီး စာရွက်စာတမ်းများကို ကိုင်ထားသော သူ့လက်က အနည်းငယ်တုန်ယင်လာသည်။

“မင်း…ဒါတွေကို ဘယ်ကရခဲ့တာလဲ?”

နှစ်များတစ်လျှောက်တွင် သူသည် ပရောဂျက်အမျိုးမျိုးမှ အမြတ်အစွန်းများကို စုပ်ထုတ်ယူရန် သူ့ရာထူးကို အသုံးပြုခဲ့သည်။ ပရောဂျက်တစ်ခု၏ ပမဏက လုံးလုံးလျားလျား မရေတွက်နိုင်သော်လည်း ဤပမဏအားလုံးကို ပေါင်းထည့်လိုက်သောအခါမှာတော့ မသေချာတော့ပေ။

ဤအချက်အလက်များက ပြည်သူ့ရန်ပုံငွေများကို အလွဲသုံးစားလုပ်မှုနှင့် တခြားသော စီးပွားရေးဆိုင်ရာ ရာဇဝတ်မှုများ၏ သက်သေများဖြင့် ပြည့်နေသည်။ တစ်ဖက်လူက အချိန်အတိုအတွင်းမှာ ဒါတွေကို ဘယ်လိုရှာနိုင်ခဲ့တာလဲ?

ယန်စမ်းက သူ့မျက်လုံးထဲရှိ မြူးထူးနေသော အကြည့်ကို ဖုံးကွယ်ရန် သူ့မျက်မှန်ကို နှာတံပေါ် တွန်းတင်လိုက်သည်။ “ဥက္ကဋ္ဌစွင်း… ခင်ဗျားက ဒီကိစ္စတွေရဲ့ လေးလံမှုကို သိမှာပါ။ ခင်ဗျား ကျုပ်ကို အချက်နှစ်ချက် ကတိပေးထားရင်တော့ ဒီအချက်အလက်တွေ အပြင်မပေါက်ကြားစေရဘူး။”

တကယ်တော့ ဤအထောက်အထားများကို ယန်စမ်းစုဆောင်းခဲ့သည်ဟု မဆိုနိုင်ပေ။

စွင်းယဲ့လုံက ဥက္ကဋ္ဌနေရာမှာ အချိန်အတော်ကြာအောင် ထိုင်နေခဲ့တာဆိုတော့ သူ့နောက်ကွယ်မှာ ပြိုင်ဘက်မရှိတာ ဖြစ်နိုင်ပါ့မလား?

ယန်စမ်းက သူ့သူငယ်ချင်း၏ လိုအပ်ချက်ကို သိရှိပြီးနောက် စွင်းယဲ့လုံ၏ လူမှုအသိုင်းအဝိုင်းကို ရှာဖွေရန် တစ်စုံတစ်ဦးကို စေလွှတ်ခဲ့ပြီး အရိပ်ထဲမှာ ပုန်းအောင်းနေသော သူ့ပြိုင်ဘက်ကို ဆက်သွယ်ရန် သံလွန်စရရှိခဲ့သည်။

ပါတီနှစ်ရပ်ကြားက “ဖော်ရွေသော” ညှိနှိုင်းဆွေးနွေးမှု၏ ကာလတစ်ခုအပြီးမှာ တစ်ဖက်လူက ဤအထောက်အထားကို ယာယီသုံးစွဲခွင့်ပေးရန် သဘောတူလက်ခံခဲ့သည်။


ဤအထောက်အထားများကို ပေါ်ယွဲ့မင်နှင့် ယန်စမ်းက မဖြန့်ခဲ့လျှင်ပင် နောက်ကွယ်က ပြိုင်ဘက်မှာ စွင်းယဲ့လုံ၏ ဂုဏ်သိက္ခာကို ဖျက်စီးရန် အချိန်ရွေးချယ်နိုင်သေးသည်။

“…….”



ဤအထောက်အထားများကြောင့် ထိတ်လန့်နေပြီဖြစ်သော စွင်းယဲ့လုံက ဤအဆင့်ကို မစဥ်းစားခဲ့ပေ။ နဖူးပေါ်ရှိ ချွေးစေးများမှာ အချိန်တိုအတွင်း ပတ်တီးကို စိုစွတ်စေခဲ့ပြီး ဒဏ်ရာကို နာကျင်အောင် လှုံ့ဆော်ပေးနေ၏။

သူက နာကျင်မှုဒဏ်ကို ဂရုမစိုက်နိုင်တော့ပဲ သူ့ဘဝ၏ လက်ကျန်သက်တမ်းတစ်လျှောက်မှာ ဤအရာများက သူ့လွတ်လပ်ခွင့်ကို ဖျက်စီးပစ်တော့မယ်ဆိုတာ သေချာသိလိုက်သည်။

သူက စိုးရိမ်တကြီး တံတွေးမျိုချလိုက်သည်။ “ဘာ…ဘာတွေလဲ?”

ပေါ်ယွဲ့မင်ကိုယ်စား ယန်စမ်းက ညှိနှိုင်းလိုသည့် အချက်ကို ထုတ်ပြောလိုက်၏။ “ပထမတစ်ချက်… ဒီတစ်ခေါက် ခင်ဗျားရခဲ့တဲ့ ဒဏ်ရာက ခင်ဗျားရဲ့အပြစ်ပဲ… ဖေးယိနဲ့မဆိုင်ဘူး။ ခင်ဗျားရဲခေါ်ရင် ကျုပ်တို့ဘက်ကလည်း….”


“ငါ ရဲမခေါ်ဘူး! ငါ လုံးဝရဲမခေါ်ဘူး!”

စွင်းယဲ့လုံက နာနာခံခံ ခေါင်းညိတ်လိုက်ကာ သူ၏ယခင်မာန်မာနမှာ အလုံးစုံပျောက်ကွယ်သွားခဲ့သည်။

သူက နောက်ပိုင်းတွင် ပြဿနာတချို့ရှာချင်ခဲ့ပေမယ့် ယခုမူ ထိုအတွေးက ပျောက်ကွယ်သွားရသည်။ အမှန်မှာ သူတကယ်ရဲတိုင်ပြီး စုံစမ်းစစ်ဆေးခိုင်းခဲ့လျှင် သူကိုယ်တိုင်က ယုတ်မာသော အကြံအစည်များရှိခဲ့ကြောင်း ပေါ်သွားမှာကို စိုးရိမ်ခဲ့သည်။

“ဒုတိယအချက်… အစောပိုင်းအဆင့်မှာ ခင်ဗျားနဲ့ ပေါ်ကွမ်းချန်တို့ ဘာတွေပဲဆွေးနွေးခဲ့ပါစေ..ခင်ဗျားတို့ကြားက ပူးပေါင်းဆောင်ရွက်မှု ပရောဂျက်ကို ချက်ချင်းရပ်တန့်ပစ်ရမယ်”

“…….”


စွင်းယဲ့လုံက အံ့အားသင့်ကာ တခဏမျှ တုံ့ဆိုင်းသွားခဲ့သည်။ “မင်းက ပေါ်မိသားစုကမဟုတ်ဘူးလား?”

ပါတီနှစ်ရပ်က ပူးပေါင်းဆောင်ရွက်မှု ပရောဂျက်၏ ပထမအဆင့်အတွက် စာချုပ်တစ်စောင်ကို လက်မှတ်ရေးထိုးခဲ့ကြပြီး အဓိကပရောဂျက်၏ ဒုတိယအဆင့်ကိုလည်း ညှိနှိုင်းလျက်ရှိသည်။ အကယ်၍ သူ့ဘက်က ယခုရပ်တန့်လိုက်လျှင် ကြီးကြီးမားမား ဆုံးရှုံးမည့်လူများမှာ ရန်ပုံငွေ ကြိုတင်ရင်းနှီးမြှုပ်နှံထားသော ပေါ်နှင့် ဖေးမိသားစုဖြစ်၏။


ယန်စမ်းက သူ့အတွေးကို ဂရုစိုက်မနေပဲ သူ့လက်ထဲက စာရွက်စာတမ်းများကို ပြန်ယူလိုက်သည်။ “ဥက္ကဋ္ဌစွင်း… လက်ခံမလား လက်မခံဘူးလားဆိုတာကို သေချာစဥ်းစားပါ။”

နူးညံ့သော လေသံနှင့် စာရွက်ကို ဆွဲယူလိုက်သော ကြွတ်ဆတ်ဆတ် အသံက စွင်းယဲ့လုံ၏ တုံ့ဆိုင်းနေမှုကို ဖျက်စီးပစ်ရန် လုံလောက်သည်။

စာချုပ်ချိုးဖောက်ရမယ်ဆိုလည်း ချိုးဖောက်ရမှာပေါ့!

ကိုယ့်ထက်ပိုအရေးကြီးတာ ရှိပါဦးမလား!

ယခုလို ကံဆိုးမှုများ ဖြစ်ခဲ့ရသည့် အကြောင်းအရင်းမှာ ပေါ်ကွမ်းချန်နှင့် ဖေးဟွမ်က သူ့အား ထိုစက်ဆုပ်ဖွယ် အခမ်းအနားပွဲသို့ ဖိတ်ခေါ်ခဲ့လို့ဖြစ်၏။ ဟုတ်တယ်.. ဒါတွေအားလုံးက သူတို့ကြောင့်ပဲ!

ထင်ရှားသော သက်သေများကြောင့် ကန်းသွားရသော စွင်းယဲ့လုံက စိတ်ပိုင်းဖြတ်လိုက်၏။ “ကောင်းပြီ!”


ယန်စမ်းက သူ့ကို နောင်တရဖို့ အခွင့်အရေးမပေးပဲ ညင်ညင်သာသာ ပြုံးလိုက်သည်။ “ဒါဆို ကျုပ်ရှေ့မှာ အခုဖုန်းဆက်လိုက်။ မြန်မြန်လေး”

. . . . . .