Ch 37
Viewers 28k

Chapter 37



နေ့လည်ခင်းနေရောင်က တောက်ပနေ၏။

ဖေးယိက ထမင်းစားစားပွဲ၌ထိုင်ကာ စိတ်ရှည်ရှည် စောင့်ဆိုင်းနေခဲ့သည်။ သူ့ရှေ့တွင် မီးဖိုချောင်မှ လတ်လတ်ဆတ်ဆတ်ဖုတ်ထားသော သစ်သီးပူတင်းရှိသည်။

“မြောင်~ဝူး”

စစ်ဆေးရေးမှူးက သူ့ဘေးက ကုလားထိုင်ပေါ်မှာ နောက်ခြေထောက်နှစ်ချောင်းဖြင့် မတ်တပ်ရပ်နေပြီး ဤပူနွေးမွှေးကြိုင်သော အရာကို အထူးစိတ်ဝင်စားနေသည့်အလား ထမင်းစားစားပွဲအစွန်းကို ရှေ့လက်သည်းဖြင့် ကုတ်ခြစ်နေ၏။

“စစ်ဆေးရေးမှူး”

ဖေးယိက ၎င်းကို ခေါ်လိုက်ပေမယ့် တစ်ဖက်ခြမ်းမှာ ဖုန်းပြောနေသော ပေါ်ယွဲ့မင်အား အနှောင့်အယှက် ပေးမိမှာစိုး၍ အသံနည်းနည်းလျှော့လိုက်လေ၏။ “အခုပူနေသေးတယ်။ မရသေးဘူး”

“မြောင်~ဝူဝူး~”

စစ်ဆေးရေးမှူးက ချစ်စရာကောင်းအောင် ညှောင်ပြသည်။

ဖုန်းပြောနေဆဲဖြစ်သော ပေါ်ယွဲ့မင်က သူတို့၏ မျိုးစိတ်တူ စကားဝိုင်းကို ကြားလိုက်ရပြီး သူ့အာရုံက မသိစိတ်အလျောက် ပြောင်းသွားလေသည်။ သူ့ပါးစပ်ထောင့်က ချက်ချင်းပင် တွန့်ကွေးသွားခဲ့သည်။

ဖုန်းတစ်ဖက်ခြမ်းမှ လင်းကျုံးက အသံပြုလိုက်၏။ “သူဌေးပေါ်?”

ပေါ်ယွဲ့မင်က သူ့ကော်ဖီခွက်အစွန်းကိုထိကာ ယခုနက မှိန်းမောတွေဝေနေတာမျိုး မဖြစ်ခဲ့သယောင် ဟန်ဆောင်လိုက်၏။ “အင်း… မင်းပြောသလိုလုပ်လိုက်။ ခဏနေရင်ပြန်ခေါ်လိုက်မယ်။”


လင်းကျုံးက စက္ကန့်အနည်းငယ်မျှ နှုတ်ဆိတ်နေပြီးမှ ဖြည်းဖြည်းချင်း တုံ့ပြန်လိုက်သည်။ “သူဌေးမှာ တစ်ခုခုလုပ်စရာရှိနေတာလား? ကောင်းပါပြီ။”

သူက ဖုန်းချသွားပေမယ့် ပေါ်ယွဲ့မင် အသံမထွက်နိုင်ခင်မှာ–

စားပွဲပေါ်မှာ မှီနေဆဲဖြစ်သော စစ်ဆေးရေးမှူးက ချက်ချင်းပင် နားစွင့်လိုက်ပြီး မျက်လုံးရွဲကြီးများက ဗီလာတံခါးဆီသို့ လှည့်ကြည့်လိုက်သည်။ “မြောင်~ဝူး~အောင်း!”

ဖေးယိက ၎င်း၏သတိရှိနေမှုကို အာရုံခံမိလိုက်ပြီး သူ့အိမ်မွေးတိရစ္ဆာန်၏ အကြည့်အတိုင်း လိုက်ကြည့်လိုက်သည်။

လျင်မြန်သော ခြေလှမ်းသံများက ပိုမိုကျယ်လောင်လာ၏။


ပေါ်ကွမ်းချန်က နှုတ်ဆက်စကားမပြောပဲ အိမ်ထဲသို့ အမြန်ဝင်လာပြီး အမြဲတမ်း နူးညံ့ပြေပြစ်သော သူ့မျက်နှာက မထင်မှတ်ထားစွာ ပုံပျက်နေပြီး ထိန်းချုပ်မှုကင်းမဲ့နေ၏။ “ပေါ်ယွဲ့မင်!”

“……”

ပေါ်ယွဲ့မင်က ကော်ဖီကို တစ်ငုံချင်းသောက်နေပြီး အနည်းငယ်တုံ့ပြန်လိုက်သည်။ “သာ့ကော…ဘာကိစ္စရှိလို့လဲ?”

ဖေးယိက လူနှစ်ဦး၏ ကွဲပြားသောအမူအရာကို မြင်လိုက်ရပြီး စစ်ဆေးရေးမှူးက စားပွဲပေါ်မှ ခုန်ဆင်းကာ ပုန်းနေကြောင်း အတည်ပြုလိုက်ပြီးမှ သူက စကားတစ်ခွန်းမှမပြောပဲ  ပွဲကြည့်ဖို့ ရွေးချယ်လိုက်သည်။


ပေါ်ကွမ်းချန်က ဖေးယိ၏ ဖရဲသီးစားနေသော မျက်လုံးများကို ကြည့်ဖို့ အချိန်မရှိပေ။ သူ့ရင်ဘတ်က တခဏမျှ ဒေါသနှင့်အတူ နိမ့်ချီမြင့်ချီ ဖြစ်နေ၏။ “ပေါ်ယွဲ့မင်…မင်းလုပ်ခဲ့တာလား? သူ့ဆီသွားခဲ့တာလား?”


“ဘယ်သွားရမှာလဲ? သာ့ကောက ဘာကိုမေးနေတာလဲ?”

ပေါ်ယွဲ့မင်၏ အကြည့်က အာရုံစိုက်ထားသော်လည်း ပေါ်ကွမ်းချန်၏ မျက်လုံးများနှင့် တမင်တကာ လွဲနေခဲ့သည်။ “ဖေးယိ တနင်္ဂနွေနေ့တုန်းက အခမ်းအနားပွဲမှာ အရမ်းကြောက်သွားခဲ့တာ။ ဒီတော့ ကျွန်တော်က ဒီရက်ပိုင်း သူနဲ့အတူရှိနေတာလေ။ ခင်ဗျား ဘာကိုဆိုလိုတာလဲ နားမလည်ဘူး။”

“…….”

ပေါ်ကွမ်းချန်က သူ့စကားကြောင့် ဆို့နင်သွား၏။

စွင်းယဲ့လုံ ဦးဆောင်သည့် ဂျာမန်ကုန်သည်အသင်းက ရည်ရွယ်ထားသည့် ပူးပေါင်းဆောင်ရွက်မှုကို ဖျက်သိမ်းလိုက်ကြောင်း ရုတ်တရက် ကြေညာခဲ့သည်။ ထို့အပြင် သူတို့က ထပ်မံပူးပေါင်းရေး ဖိတ်ကြားချက်ကိုလည်း အပြင်းအထန် ငြင်းပယ်ခဲ့သည်။ မူလက အမြတ်အစွန်းအများကြီးရဖို့ မျှော်လင့်ထားသည့် ပရောဂျက်၏ဒုတိယအဆင့်သည် အကျိုးမဲ့သွားခဲ့ရသည်။


နှစ်ဖက်လုံးက သဘောတူလက်ခံထားသော ပရောဂျက်၏ ပထမအဆင့်သည် အမြတ်အစွန်းမရှိသလောက်ဖြစ်ပြီး သူတို့ တန်ဖိုးထားပြီး ကြိုးစားနေခဲ့သည်မှာ ဒုတိယအဆင့် ပရောဂျက်ကရရှိသည့် အမြတ်အစွန်းကြီး ဖြစ်လေသည်။

လွန်ခဲ့သည့် လဝက်ခန့်က သူ၏ရိုးသားမှုကို ဖော်ပြရန် ပေါ်ကွမ်းချန်က ငွေအမြောက်အများကို မျက်စိစုံမှိတ်၍ ယုံကြည်မှုရှိရှိ မြှုပ်နှံထားခဲ့သည်။


ယခု သူ့ကံကြမ္မာကို ကြည့်လိုက်တော့!

ထိခိုက်ဒဏ်ရာရပြီးနောက် စွင်းယဲ့လုံက သူနှင့် ဖေးဟွမ်အပေါ်၌ ပဋိပက္ခတစ်ခုလုံးကို ပုံချခဲ့ပြီး စာချုပ်ဖောက်ဖျက်သည့်အတွက် လျော်ကြေးပေးရမည်ကိုပင် ဂရုမစိုက်ပါပဲ ပူးပေါင်းဆောင်ရွက်မှုကို ရပ်စဲခဲ့သည်။


တရားစွဲခြင်း၏ နောက်ပိုင်းအဆင့်တွင် ဆုံးရှုံးမှုများအတွက် လျော်ကြေးငွေတစ်စိတ်တစ်ပိုင်းကို သူ ရရှိနိုင်သော်လည်း ၎င်းသည် ပေါ်နဲ့ ဖေးမိသားစုအတွက် မလိုအပ်သည့် ဆုံးရှုံးမှုကြီးများ ဖြစ်ပေါ်စေနိုင်သည်။

ဤကိစ္စက ရှယ်ယာရှင်ကြီးများ၏ နားထဲပေါက်ကြားသွားလျှင် အထွေထွေမန်နေဂျာဖြစ်သည့် သူက တာဝန်ပျက်ကွက်သည်ဟု ဆိုကြပေမည်!

ဤမြေခွေးအိုကြီးများက ဤအခွင့်အရေးကိုသုံးကာ သူ့ကိုလှောင်ပြောင်ကြလိမ့်မည်!

တစ်ဖက်လူက ဤနှစ်ရက်မှာ အပြင်မထွက်ခဲ့ကြောင်း ပေါ်ကွမ်းချန် သိသော်လည်း သူက ဤအိမ်ကိုသာ ဒေါကြီးမောကြီး ရောက်လာခဲ့သည်။ သူက သူ၏စိုးရိမ်ပူပနိမှုနှင့် ဒေါသကို ခက်ခက်ခဲခဲ ချုပ်တည်းထားရပြီး ပရောဂျက်ပျက်စီးသွားသည့် အကြောင်းအရင်းကို ပေါ်ယွဲ့မင်နှင့် ချိတ်ဆက်ရန် ကြိုးစားခဲ့သည်။


“ယွဲ့မင်… မင်း ဖေးယိကိုကူညီချင်တာ ငါသိပေမယ့် ပေါ်မိသားစုရဲ့ ပရောဂျက်ကို မင်းဘယ်လိုလုပ်နိုင်ရတာလဲ?”

“ဘာပရောဂျက်လဲ.? ကျွန်တော် နားထောင်လေ နားမလည်လေပဲ။” ပေါ်ယွဲ့မင်က ကြားဖြတ်ပြောလိုက်ပြီး သူ့မျက်နှာပေါ်ရှိ ရှုပ်ထွေးမှုမှာ စစ်မှန်နေ၏။ “ကားမတော်တဆမှု ဖြစ်ပြီးကတည်းက ဂရုရဲ့ပရောဂျက်တွေကို ကျွန်တော်ဝင်မစွက်ဖက်တော့တာ။ ခင်ဗျား အဲ့ဒါကို အသိဆုံးပဲမလား…သာ့ကော?”

“…….”

ဒါက ရှင်းလင်းမနေလို့လား?”

သူလက်ရှိထိုင်နေတဲ့ အထွေထွေမန်နေဂျာ ရာထူးကတောင် အစတုန်းက ပေါ်ယွဲ့မင်ပိုင်ခဲ့တာလေ!

ယခုချိန်တွင် သူက ဤပရောဂျက်ကို မိမိသဘောနှင့် စတင်ခဲ့သည့်အတွက် ငွေဆုံးရှူံးမှုနှင့် ကျရှုံးခြင်းဆီသို့ ဦးတည်ခဲ့ရသည်။ ဤကာလအတွင်း ပေါ်ယွဲ့မင်နှင့် စွင်းယဲ့လုံတို့ တသီးတသန့် ဆက်သွယ်ခဲ့ကြောင်း သက်သေမရှိပေ။ ထိုအစား သူတို့နဲ့ စွင်းယဲ့လုံကသာ ဖေးယိကို အန္တရာယ်ပြုဖို့ ကြိုးစားခဲ့သူဖြစ်ပြီး ပြတင်းပေါက်၌ ကပ်ထားသော ဤစာမျက်နှာတစ်ရွက်က ပျက်စီးတော့မည်ဖြစ်၏။

“ဥက္ကဋ္ဌစွင်းယဲ့လုံနဲ့ ပရောဂျက်မှာ ပြဿနာတစ်ခုခုရှိနေလို့လား?”

ပေါ်ယွဲ့မင်က ထိုအငြင်းပွားဖွယ် တာဝန်များကို လွှဲရှောင်ခဲ့ရ၍ နောင်တရဟန်ဖြင့် ဤမေးခွန်းကို သိသိလျက်မေးခဲ့သည်။ “နှမြောစရာပဲ။ ကျွန်တော့်မျက်လုံးတွေက အခုအဆင်ပြေတော့ဘူးလေ။ ဒါကြောင့် ခင်ဗျားကို တကယ်မကူညီပေးနိုင်ဘူး။ သာ့ကော ဒီကိစ္စကို မြန်မြန်ဖြေရှင်းဖို့ နည်းလမ်းရှာလိုက်ပါ။”


နောက်ဆုံးတစ်ခွန်းက ထွက်သွားဖို့ အမိန့်ပေးလိုက်ခြင်းဖြစ်၏။

ဖေးယိက ပြဇာတ်ကို တစ်ချိန်လုံး ကျေကျေနပ်နပ် ကြည့်နေ၏။

သူက ပေါ်ယွဲ့မင်၏ ချောမွေ့ပြီး ရှောင်တိမ်းလိုသော အကြောင်းပြချက်ကို မြင်လိုက်ရပြီး ပေါ်ကွမ်းချန်၏ ရှုံတွနေသော အစိမ်းရောင်မျက်နှာကို ကြည့်လိုက်ပြန်သည်။ သူက တိတ်တိတ်လေး ခိုးရယ်လိုက်ပေမယ့် သူ့ကိုယ်သူ ဖော်ထုတ်မိမှာစိုး၍ ၎င်းကိုဖုံးကွယ်ရန် ပူတင်းတစ်လုပ် အမြန်စားလိုက်သည်။

ပေါ်ယွဲ့မင်က ချက်ချင်း အာရုံပြောင်းသွားလေ၏။ “ဖေးယိ…ပူတင်းကအရသာရှိလား?”

ဖေးယိ၏ မျက်လုံးများ တဖျပ်ဖျပ် ခတ်သွားပြီး သူက ပေါ်ကွမ်းချန်ကို ဒေါသထွက်အောင် ဘယ်လိုထပ်လုပ်ရမလဲ တွေးတောလိုက်၏။

ထို့ကြောင့် သူက ပူတင်းနောက်တစ်ဇွန်းခပ်ကာ ပေါ်ယွဲ့မင်အနားကို တိုးကပ်သွားလိုက်၏။ “အာ့ကော….အာ….”


“ဘာလဲ?”


ပေါ်ယွဲ့မင်က ချက်ချင်း မတုံ့ပြန်ပဲ စကားနှစ်ခွန်းမေးလိုက်ရာ ပူတင်းတစ်ဇွန်းက သူ့ပါးစပ်ထဲ ရုတ်တရက်ဝင်ရောက်လာလေသည်။ ချိုမြသော ကာရမဲလ်က သူ့လျှာပေါ်မှာ ကျန်ရစ်ခဲ့သော ကော်ဖီ၏ခါးသီးမှုကို ပြေပျောက်စေခဲ့သည်။

“…….”

ပေါ်ယွဲ့မင် အံ့အားသင့်သွားသည်။ ဖေးယိက သူ့ကိုခွံ့ကျွေးလာမယ်လို့ သူလုံးဝမမျှော်လင့်ထားပေ။


ထိုဇွန်းက တစ်ဖက်လူသုံးပြီးသား ဖြစ်မည်ဟု သူချက်ချင်းတွေးလိုက်မိပြီး သူ့ပါးစပ်ထဲက ပူတင်းမှာ ပို၍ပင် ချိုမြိန်လာသည်ဟု နားလည်ရခက်စွာ ခံစားလိုက်ရသည်။

ဖေးယိက ပေါ်ယွဲ့မင်၏ တုံ့ပြန်မှုကို စောင့်နေသည်။ “အာ့ကော?”

ပေါ်ယွဲ့မင်၏ လက်ချောင်းထိပ်များက ကော်ဖီခွက်ကို တိတ်တဆိတ် ညှစ်လိုက်မိပြီး သူ၏တုံ့ပြန်သံက သဘာဝမကျစွာပင် ထွက်လာခဲ့သည်။ “အင်း… အရမ်း…အရမ်းအရသာရှိတယ်”

နှစ်ယောက်သား၏ ရင်းနှီးသော ဆက်ဆံရေးကို မြင်လိုက်ရစဥ် မရှိသလို ဆက်ဆံခံလိုက်ရသည့် ပေါ်ကွမ်းချန်က ပို၍ပင် ကြေကွဲသွားခဲ့သည်။

“အင်း…!” ဖေးယိက ဒေါသပေါက်ကွဲတော့မည့် ပေါ်ကွမ်းချန်ကိုကြည့်ကာ ချဲ့ကားပြောဆိုလိုက်ဖို့လည်း မမေ့ပေ။ “အရမ်း…ချိုတာပဲ”

နေ့တစ်ဝက်လောက် စိတ်အနှောင့်အယှက် ဖြစ်နေခဲ့ရသည့် တချို့လူတွေနဲ့ မတူစွာပင်!

ရလဒ်ကဘာတဲ့လဲ?

ညစ်ပတ်တဲ့ လှည့်ကွက်တွေက ပရောဂျက်ကို ဆုံးရှုံးသွားစေခဲ့ခြင်းပင်။ ကျစ်…ကျစ်…စိတ်မကောင်းစရာပဲ အို့….