Chapter 39
ဧည့်ခန်းကျဥ်းလေးထဲမှာ ဖေးယိက ကြောင်ဆော့တံတစ်ခုယူပြီး စစ်ဆေးရေးမှူးနှင့် ဝပ်တွားလျက် ကစားနေသည်။
ဘေးနားရှိ မာစတာခန်းထဲမှ ခြေလှမ်းသံများထွက်လာ၏။ ဖေးယိက ပေါ်ယွဲ့မင်၏ အဝတ်အစားအရောင်ကို မျက်လုံးထောင့်မှ မြင်ခဲ့ရပြီး နောက်ထပ်နှစ်ကြိမ် မော့ကြည့်လိုက်မိသည်။
ပေါ်ယွဲ့မင်က ပါးလွှာသော ပိုးသားရှပ်အင်္ကျီကို ဝတ်ဆင်ထားပြီး ၎င်းက သူ၏သာလွန်သော ပခုံးအကျယ်ကို ပြသထားသည်။ နက်ပြာရောင်ပိုးထည်က အခါအားလျော်စွာ ရောင်ပြန်ဟပ်နေပြီး သူ့မျက်လုံးအရောင်လိုပင် ထပ်တူနီးပါးပေါ်လွင်နေ၏။
ရိုးရှင်းသောဒီဇိုင်းဖြစ်သည်မှာ သိသာသော်လည်း သူ့ကိုယ်ပေါ်မှာတော့ ဇိမ်ခံဘရန်းတစ်ခုတွင် ရှိသော ဆွဲဆောင်မှုနှင့် ကျက်သရေမျိုးကို ပြသထားသည်။
မှုန်ဝါးနေသော အလင်းရောင်နှင့် အရိပ်တွင် ပေါ်ယွဲ့မင်က ကြမ်းပြင်ပေါ်တွင် ဝပ်နေသော ပုံရိပ်ကို ရှာတွေ့ဖို့ အကောင်းဆုံးကြိုးစားခဲ့သည်။ “ဖေးယိ?”
ဖေးယိက ထိုလူအား နှလုံးသားအောက်ခြေမှ ရှုစားနေကာ မတ်တပ်ထရပ်ပြီး ရိုးရိုးသားသား ပြောလိုက်၏။ “အာ့ကော…ကြည့်ကောင်းတယ်”
တိုက်တိုက်ဆိုင်ဆိုင်ပင် သူတို့နှစ်ဦးက အရောင်တူဝတ်ဆင်ထားပြီး တစ်ယောက်က အရောင်ဖျော့နှင့် နောက်တစ်ယောက်က နက်မှောင်သောကြောင့် စိတ်နေစိတ်ထား ကွာခြားချက်မှာ ရှင်းလင်းလှသည်။
သူ့အနား ချဥ်းကပ်လာသော ပုံရိပ်မှာ သူ့အမြင်အာရုံ၌ မှုန်ဝါးသော ကောက်ကြောင်းတစ်ခု ဖြစ်လာသည်။ သူ ရှင်းရှင်းလင်းလင်း မမြင်နိုင်သော်လည်း ဤပြောင်းလဲမှုက ပေါ်ယွဲ့မင်ကို စိတ်သက်သာရာရစေဖို့ လုံလောက်သည်။ “သွားရအောင်။”
ဖေးယိက ကြောင်ဆော့တံကို သွက်လက်တက်ကြွနေသော စစ်ဆေးရေးမှူးထံ ပစ်ပေးလိုက်သည်။ “လိမ္မာတယ်။ အိမ်ကို စောင့်ရှောက်ထား။”
လက်ထောက်လင်းကျုံးက ဗီလာမှာရှိနေပြီး အပြင်ထွက်စရာမလိုသဖြင့် စစ်ဆေးရေးမှူးအား လူဆိုးများ အန္တရာယ်ပြုမည်ကို စိတ်ပူဖို့မလိုချေ။
စစ်ဆေးရေးမှူးက တုံ့ပြန်လိုက်သည်။ “မြောင်~”
ပေါ်ယွဲ့မင်က တိတ်တဆိတ် ပြုံးလိုက်လေ၏။
ဘယ်အချိန်က စခဲ့လဲ သူမသိပေမယ့် လူနှင့်ကြောင်ကြားက မျိုးစိတ်တူသော စကားသံများကို နေ့တိုင်းနားထောင်ရတာ စိတ်ဝင်စားဖို့ကောင်းသည်ဟု သူထင်မိသည်။
. . . . . .
ရှုဝမ်နှင့် ဖေးယွမ်ပြောင်းရွှေခဲ့သည့် အိမ်အသစ်ကို ဝမ်ကျန်ဗီလာအသစ်ဟု ခေါ်တွင်ပြီး ၎င်းက ပေါ်အိမ်တော်နှင့် မိနစ်နှစ်ဆယ်သာဝေးသည်။
ဤဗီလာနေရာကို ဟိုးအရင်တည်းက တည်ဆောက်ခဲ့တာဖြစ်၏။ မူလက ဤနေရာတွင် နေထိုင်သော လူချမ်းသာများက ပြောင်းရွှေ့သွားတာမျိုး ရှိသလို နေရာအလွတ်တိုင်း ထားခဲ့ကြတာမျိုးလည်း ရှိပေမယ့် သူတို့ထဲက အနည်းငယ်ကသာ အငှားတင်ခဲ့သည်။
ကံအားလျော်စွာ အိမ်ခြံမြေကို တစ်နှစ်ပတ်လုံး သေချာစီမံထား၍ ဤရပ်ကွက်တဝိုက်မှာ စိမ်းလန်းသော ပတ်ဝန်းကျင်ရှိပြီး လုံခြုံရေးလည်း စိတ်ချရသည်။
ဤနေရာကို ပထမဆုံးအကြိမ် ရောက်လာပြီးနောက် ပတ်ပတ်လည်ကို စူစမ်းနေသော ဖေးယိကိုကြည့်ကာ ဦးလေးခိုင်က အပြုံးတစ်ခုဖြင့် မေးလိုက်သည်။ “သခင်ငယ်လေး… ဒီနေရာကိုဘယ်လိုထင်လဲ?”
ဖေးယိက စကားလုံးတစ်လုံးဖြင့် ကျေနပ်မှုကို ဖော်ပြလိုက်၏။ “ကောင်းတယ်”
ဝေးလံခေါင်သီသော ပိုင်ယန်လမ်းကြားနှင့် ယှဥ်လျှင် မိသားစုက ဤနေရာကို တူညီသောစျေးနှုန်းဖြင့် ပြောင်းရွှေ့လာခြင်းဖြစ်၏။
သူ၏ကျေနပ်သောအဖြေကို ကြားလိုက်ရစဥ် ဦးလေးခိုင်က ပေါ်ယွဲ့မင်ကို တိတ်တဆိတ်ကြည့်လိုက်သည်။ တစ်ဖက်လူက စကားမပြောပေမယ့် သူ့မျက်နှာပေါ်၌ ကြည်နူးမှုအရိပ်အယောင်တစ်ခု ရှိနေ၏။
တကယ်တော့ ဖေးယိနှင့် ရှုမိသားစု၏ သားအမိကို မပြောခဲ့သည်မှာ–
ဤဗီလာက ပေါ်ယွဲ့မင်၏ပိုင်ဆိုင်မှုတစ်ခု ဖြစ်ပြီး နှစ်ပေါင်းများစွာ လစ်လပ်နေခဲ့သည်။
မကြာသေးမီက ဦးလေးခိုင်သည် ရှုဝမ်တို့ သားအမိ၏ အခြေအနေကို ပြောပြခဲ့သဖြင့် ပေါ်ယွဲ့မင်က တခဏမျှစဥ်းစားခဲ့ပြီး ဤလစ်လပ်နေသောအိမ်ကို ငှားရန်ပေးရန် ဦးလေးခိုင်နှင့် ကြားခံအေဂျင်စီကို လက်တွဲခိုင်းခဲ့သည်။
လစဥ်ပေးသွင်းရမည့် အိမ်ငှားခနှင့်ပတ်သက်၍ ပေါ်ယွဲ့မင်က ဤငွေအပိုလေးကို ဂရုမစိုက်ပေ။ သူက ၎င်းကို ဘဏ်ကဒ်ထဲမှာ သိမ်းထားပေးပြီး ရှုဝမ်တို့သားအမိ သို့မဟုတ် ဖေးယိအား မုန့်ဖိုးအဖြစ် ပြန်ပေးရန် ဦးလေးခိုင်ကို ပြောခဲ့သည်။
မကြာမီတွင် ကားက ဗီလာအပေါက်ဝ၌ ရပ်သွားခဲ့သည်။
ပေါ်ယွဲ့မင်နှင့် ဖေးယိက ကား၏ဘယ်နှင့် ညာမှဆင်းလိုက်ပြီး ခြံစည်းရိုးတံခါးဖွင့်ပေးမည့် ဦးလေးခိုင်အနောက်သို့ လိုက်သွားခဲ့သည်။ “ဒုတိယသခင်လေး…သခင်ငယ်လေး…ဒီနေရာပါ။”
လူတစ်စုက အိမ်မကြီး၏ တံခါးဝဆီသို့ လျှောက်သွားခဲ့သည်။
ဦးလေးခိုင်က တံခါးခေါင်းလောင်း တီးလိုက်သော်လည်း အချိန်အတော်ကြာသည်အထိ မည်သူကမျှ လာမဖြေခဲ့ပေ။
ပေါ်ယွဲ့မင်က မျက်မှောင်ကြုတ်လိုက်၏။ “ဘယ်သူမှမရှိဘူးလား?”
“ဒီကိုမလာခင်က မစ္စရှုကို ပို့ထားတဲ့ ဝီချက်မက်ဆေ့မှာ ပြန်စာမရသေးဘူး။” ဦးလေးခိုင်က မျက်မှောင်ကြုတ်ကာ အလေးအနက်ပြောလိုက်၏။ “ဒုတိယသခင်လေး…မစ္စရှုက အီလက်ထရွန် တံခါးပက်စဝေါ့ကို ပြောပြထားပါတယ်။”
ယင်းမှာ ဖေးယိအား ခေါ်လာမည့် သူ့အတွက် အဆင်ပြေစေရန်ဖြစ်၏။
ထိုနေ့တုန်းက လမ်းပေါက်ဝ၌ မြင်ခဲ့ရသော ကြောက်စရာ အခြေအနေကို ပြန်စဥ်းစားကာ ဖေးယိက ပြောလိုက်၏။ “ဦးလေးခိုင်…တံခါးဖွင့်လိုက်ပါ။”
ပေါ်ယွဲ့မင်က ခေါင်းညိတ်သဘောတူလိုက်၏။ “ဖွင့်လိုက်ပါ။”
သူက ဤဗီလာ၏ ပိုင်ရှင်အသစ်ဖြစ်ပြီး ဖေးယိက လက်ရှိနေထိုင်သူ၏ သားဖြစ်သည်။ ဤအချက်နှစ်ချက်အပြင် သူတို့က ဤနေရာကို မကောင်းမှုပြုဖို့ လာခဲ့ခြင်းမဟုတ်တာကြောင့် စိတ်ပူစရာမရှိပေ။.
ဦးလေးခိုင်က ဖေးယွမ်နှင့် ဖေးယိ၏ မွေးနေ့ဖြစ်သော အီလက်ထရွန်နစ် ပက်စဝေါ့ 01120616 ကို အမြန်ဖွင့်လိုက်သည်။
အီလက်ထရွန်းနစ် လုံခြုံရေးတံခါး ပွင့်လာ၏။
ဗီလာထဲတွင် ဆေးလိပ်နှင့် အရက်နံ့က သူတို့မျက်နှာကို ထိမှန်လာပြီး သူတို့အတွက် ကျင့်သားရဖို့ ခက်ခဲစေခဲ့သည်။
“…….”
ဖေးယိနှင့် ပေါ်ယွဲ့မင်က တစ်ပြိုင်နက်တည်း မျက်မှောင်ကြုတ်လိုက်ပြီး တစ်ခုခုမူမမှန်တာကို ခံစားမိလိုက်၏။
ရှုဝမ်နဲ့ ဖေးယွမ် တူတူနေတဲ့နေရာမှာ ဒီလိုအနံ့မျိုး ဘယ်လိုထွက်လာရတာလဲ?
သူတို့ ပြောင်းရွှေ့နေစဥ်က ဤနေရာကို တစ်ကြိမ်ရောက်လာဖူးသော ဦးလေးခိုင်ကလည်း အံ့အားသင့်သွား၏။ “နေရာမှားနေတာလား?”
သားအမိနှစ်ယောက်က သန့်သန့်ရှင်းရှင်း နေတတ်သူများဖြစ်၏။
အရင်က ဟောင်းနွမ်းစုတ်ပြတ်နေတဲ့ အိမ်ကိုတောင် သပ်သပ်ရပ်ရပ်ထားရင် ဒီလိုဗီလာကောင်းတစ်ခုဆို စုတ်ပြတ်နေအောင်ထားဖို့ ပိုလို့တောင်မဖြစ်နိုင်ဘူးမလား?
ပေါ်ယွဲ့မင်က ဘွင်းဘွင်းပြောလိုက်၏။ “ပက်စဝေါ့လည်း မှန်နေတာကို နေရာမှားတာ ဟုတ်ပါ့မလား။ အထဲတစ်ချက် ဝင်ကြည့်ရအောင်။”
ပဲ့တင်သံ မပျောက်သွားခင်မှာ အစတည်းက တစ်ခုခုမှားနေတာကို ခံစားမိသော ဖေးယိက တံခါးကို အရင်တွန်းဖွင့်ပြီး အထဲဝင်သွားလိုက်သည်။
ကျယ်ဝန်းသော ဧည့်ခန်းကြမ်းပြင်၌ မြေပဲခွံနှင့် စားကြွင်းစားကျန်များ ပြည့်နေပြီး အနီးကပ်စစ်ဆေးကြည့်လိုက်ရာတွင် ကြမ်းပြင်ပေါ်၌ ဆေးလိပ်တို ဆေးလိပ်စ မြောက်များစွာ ပြန့်ကျဲနေပြီး ဝိုင်ပုလင်းများက ကော်ဖီစားပွဲပေါ်၌ မှောက်ကျနေ၏။
ထိုအချိန်တွင် သာမန်လူရွယ် သုံးယောက်က ဆိုဖာပေါ်၌ အိပ်ပျော်နေပြီး သူတို့၏ ကိုယ်ဟန်အနေအထားနှင့် အမူအရာမှ အကဲဖြတ်ရလျှင် သူတို့က အရက်မူးပြီး အရက်နာကျနေသည့် အရက်သမားများဟု ဆိုနိုင်သည်။
ပေါ်ယွဲ့မင်က သေချာမမြင်နိုင်သော်လည်း အနံ့ခံကြည့်ရုံဖြင့် အခန်းတွင်းရှိ မငြိမ်သက်မှုကို စိတ်ကူးကြည့်နိုင်လေသည်။
“…….”
ဒီမှာ ဘာတွေဖြစ်နေတာလဲ?
ရှုဝမ်နဲ့ ဖေးယွမ်တို့ ပြောင်းလာတာ လဝက်တောင် မကြာသေးဘူးမလား? ဒီလူတွေက ဘယ်ကရောက်လာတာလဲ?
ဦးလေးခိုင်က သူမြင်သမျှကို ပေါ်ယွဲ့မင်အား ရှင်းပြလိုက်ပေမယ့် သူကိုယ်တိုင်ကလည်း နားလည်ရခက်နေ၏။ “ဒုတိယသခင်လေး…မစ္စရှုက ပြီးခဲ့တဲ့ သောကြာနေ့ထဲက သခင်ငယ်လေးကို မျှော်နေတာ။ တစ်ပတ်တောင်မပြည့်သေးလို့ ကျွန်တော်တို့ကိုမပြောပဲနဲ့ တစ်ဆင့်အငှားချထားမယ်လို့တော့ မထင်ဘူး။”
ဒါလုံးဝမဖြစ်နိင်ဘူး!
အရင်အိမ်ရှင်က အိမ်ငှားခ တရားမဝင် တိုးခဲ့တာတောင် သားဖြစ်သူကိုစောင့်ဖို့ အိမ်ဟောင်းလေးမှာပဲ နေထိုင်ခဲ့တဲ့ အမျိုးသမီးက ဒီလိုလုပ်နိုင်ပါ့မလား?
ဖေးယိက ထူးဆန်းတာတစ်ခုခုကို သတိထားမိသွားပြီး တည့်တည့်လျှောက်သွားလိုက်သည်။
ဦးလေးခိုင်က အံ့အားသင့်သွားသည်။ “သခင်ငယ်လေး?”
စကားကျလာသည်နှင့် ဖေးယိက ဝိုင်ပုလင်းအလွတ်ကို တိုက်ရိုက်ကောက်ကိုင်ကာ တမင်တကာ ရိုက်ခွဲပစ်လိုက်၏။
-ခွမ်း!
ကျယ်လောင်သော အက်ကွဲသံက အနက်ရောင်ဝတ် အမျိုးသားကို ရုတ်တရက် နိုးထလာသည်အထိ ထိတ်လန့်စေခဲ့သည်။ ထိုလူက မတော်တဆ လှည့်မိသွားပြီး ကြမ်းပြင်ပေါ်ကို “ဘုန်း”ကနဲ ပြုတ်ကျသွားလေ၏။
“-ိး.. ဘယ်အရူးလုပ်တာလဲ? ငါမင်းကို သေအောင်ရိုက်ပြမယ် ကြည့်နေ!”
အနက်ရောင်ဝတ် အမျိုးသားက မျက်လုံးများကိုပင် အပြည့်အဝ မဖွင့်နိုင်သေးပဲ ဆဲဆိုကြိမ်းမောင်းနေလေ၏။
ပေါ်ယွဲ့မင်၏ မျက်လုံးများက မသိမသာ ပြောင်းလဲသွားသည်။ သူက ဖေးယိ ထိခိုက်မှာ စိုးရိမ်နေပြီး တခဏလောက်တော့ အကျွမ်းတဝင်မရှိသော ပတ်ဝန်းကျင်ကို ဂရုမစိုက်ခဲ့ပေ။ သူက သူ၏အလိုလိုသိစိတ်ကို အသုံးချကာ ဖရိုဖရဲအလင်းရောင်နှင့် အရိပ်များကြားမှ လျှောက်သွားလိုက်သည်။
“ဖေးယိ..ဒီကိုလာ.. ငါ ဖြေရှင်းလိုက်မယ်။”
၎င်းကိုမြင်တော့ ဦးလေးခိုင်က ကမန်းကတန်း နောက်ကလိုက်သွားသည်။ “ဒုတိယသခင်လေး….သတိထား”
အနက်ရောင်ဝတ် အမျိုးသားက ကြမ်းပြင်ပေါ်မှ ထလာပြီး ဆိုဖာပေါ်မှာ ပြန်ထိုင်လိုက်သည်။ သူက သူ့ရှေ့မှာ ရုတ်တရက်ပေါ်လာသော ဖေးယိနှင့် တခြားသူများကိုကြည့်ကာ မောက်မာသော လေသံဖြင့် ပြောလိုက်၏။ “မင်းတို့က ဘယ်သူတွေလဲ..ဟမ်?”
“မင်း…..”
ဖေးယိ သူ့မေးခွန်းကို အသံမပြုနိုင်ခင်မှာ သူ့လည်ပင်းကော်လာ၏ ဇက်ပိုးက အတိအကျ ဆောင့်ဆွဲခံလိုက်ရသည်။ သူက မပြင်ဆင်ထားသဖြင့် ခြေနှစ်လှမ်းနောက်ဆုတ်ကာ ပေါ်ယွဲ့မင်၏ရင်ခွင်ထဲ နောက်ပြန်ကျသွားခဲ့သည်။
“ဟမ်?”
သူ့လေသံ၌ မေးခွန်းသင်္ကေတတစ်ခု ပေါ်လာ၏။
ကြောင်ပေါက်လေးကို ဖမ်းဆွဲလိုက်သော ပေါ်ယွဲ့မင်က ကော်လံကို ဖြေလျော့ပေးလိုက်ပြီး ဖေးယိ၏လည်ပင်းနောက်ဘက်ကို သူ၏ အသားမာအနည်းငယ်ရှိသော လက်ချောင်းများဖြင့် အသာဆွဲဖျစ်လိုက်လေ၏။ “လိမ္မာစမ်း…ပြဿနာမရှာနဲ့”
ဖေးယိက ထိလွယ်ရှလွယ် လည်ပင်းကျုံ့ကာ ဟမ့်ကနဲ အသံပြု၍ စကားပြောရပ်လိုက်သည်။
သူတို့နှစ်ယောက်၏ ဇဝေဇဝါအပြုအမူကို ကြည့်ကာ အနက်ရောင်ဝတ် အမျိုးသားက ရွံရှာသည့် အမူအရာဖြင့် ပြောလိုက်၏။ “မင်းတို့ကိုမေးနေတယ်လေ။ ငါ့အိမ်ကို ဘာလို့ဖောက်ဝင်လာတာလဲ?”
ပေါ်ယွဲ့မင် ထေ့ငေါ့လိုက်၏။ “မင်းအိမ်လား?”
အနက်ရောင်ဝတ် အမျိုးသားက အတင့်ရဲစွာ ပြောလာ၏။ “ဘာလဲ? ဒါ ငါ့အိမ်မဟုတ်ရင် မင်းအိမ်လား?”
အတွင်းဇာတ်လမ်းကိုသိသော ဦးလေးခိုင်က မျက်မှောင်ကြုတ်ကာ တိုက်ရိုက်ပြောလိုက်၏။ “ဒီကလူကြီးမင်း… လက်ရှိအိမ်ငှားက မစ္စရှုဝမ်ဖြစ်ရမှာ။ ခင်ဗျားကဘယ်သူလဲ? သူ(မ)နဲ့ ဘာပတ်သက်လဲ?”
“…….”
အနက်ရောင်ဝတ် အမျိုးသားက “ရှုဝမ်”နာမည်ကို ကြားသောအခါ သူ၏ ကိုယ့်ကိုယ်ကို ဖြောင့်မတ်သည်ဟု ထင်နေသော မျက်နှာက ယုံကြည်မှုနည်းပါးလာ၏။
သူက မူးနေသေးသော သူငယ်ချင်းနှစ်ယောက်ကို ကြည့်လိုက်ပြီးမှ ဖေးယိနှင့် ပေါ်ယွဲ့မင်၏ မရင်းနှီးသောမျက်နှာကို ပြန်ကြည့်လိုက်သည်။ တဖြည်းဖြည်းနှင့် သူ၏ အမူးလွန်နေသော ဦးနှောက်မှာ အသိပြန်ဝင်လာခဲ့သည်။ “မင်းက ဖေးယိလား?”
“ကျစ်…ကျစ်. အကြာကြီးနေမှ ငါ့မိသားစုဝင်ကို တွေ့လိုက်ရတာပဲ”
အနက်ရောင်ဝတ် အမျိုးသား၏ မျက်လုံးထဲ၌ စိုးရိမ်မှုပြေလျော့သွားပြီး သူက ဖေးယိကို မောက်မောက်မာမာ ပြောလာ၏။ “ငါပါ…အာ…ငါက မင်းရဲ့ဝမ်းကွဲ”
“…….”
ဖေးယိက ဤအသုံးအနှုန်းကြောင့် တိတ်ဆိတ်သွားသည်။
ဝမ်းကွဲလား?
မူလပိုင်ရှင်နဲ့ အဆင်ပြေတာဆိုလို့ ချင်ယိရွှင်းဆိုတဲ့ ဝမ်းကွဲပဲရှိတာမဟုတ်ဘူးလား? ဒီလူက ဘယ်လိုဝမ်းကွဲလား?
“ေသြာ်…ငါမေ့တော့မလို့.. မင်းက ငယ်ငယ်လေးတည်းက ရူးနေတာလို့ ကြားတယ်”
ဖေးယိ စကားမပြောတာကို မြင်လျှင် အနက်ရောင်ဝတ် အမျိုးသားက သူ့ဘေးရှိ ပေါ်ယွဲ့မင်နှင့် ဦးလေးခိုင်ကိုကြည့်ကာ ရေရွတ်လိုက်သည်။ “ဒီလူက ကန်းနေတာလား? ဒီအဘိုးကြီးကရော မင်းနဲ့ဘာလို့အတူရှိိနေတာလဲ?”
သူ၏ ဖြစ်ကတက်ဆန်း စကားလုံးများ၌ လေးစားမှုအရိပ်အယောင် မရှိ၍ ယင်းက ပေါ်ယွဲ့မင်၏မျက်လုံးများကို နက်မှောင်သွားစေခဲ့သည်။
“ဒီတိုင်းထားလိုက်ရအောင်။ ငါ အခုဒီအိမ်မှာနေတာဆိုတော့ ငါ့မှာ ပြောခွင့်ဆိုခွင့်ရှိတယ်။”
အနက်ရောင်ဝတ် အမျိုးသားက “အိမ်ပိုင်ရှင်”၏ အမည်ခံကာ ဒုတိယထပ်ကို လှမ်းကြည့်လိုက်သည်။ “ဖေးယိ..မင်းအမေက မနက်အစောကြီးတည်းက ထွက်သွားတဲ့ပုံပဲ။”
“မင်းတို့တွေ ထိုင်စောင့်နေလိုက်လေ။ ငါနဲ့ ငါ့သူငယ်ချင်းတွေရှေ့မှာ ရပ်ပြီး ပူညံပူညံမလုပ်နဲ့။ လူအိပ်နေတာကို အနှောင့်အယှက်ဖြစ်စေတယ်။!”
ပေါ်ယွဲ့မင်နှင့် ဖေးယိ၏အမူအရာက တစ်ပြိုင်နက်တည်း ပြောင်းသွားခဲ့သည်။
တစ်ယောက်က ငယ်ငယ်လေးတည်းက ယခုလိုနှင်ထုတ်ခြင်း မခံရဖူးသလို နောက်တစ်ယောက်က ဤငတုံး၏မျက်နှာကို ဆွဲထိုးချင်နေသည်။