Ch 40
Viewers 28k

Chapter 40

လေထုက အေးခဲသွားသောအခါတွင် ခြေလှမ်းသံနှင့် စကားသံများက တံခါးအပြင်မှ ရောက်လာခဲ့သည်။

“အားဝမ်… ငါတို့က မိသားစုတစ်ခုဖြစ်လို့ သူစိမ်းဆန်နေစရာမလိုပါဘူး။ ဒီတော့ ငါပြောချင်တာက ရှောင်ယွမ်က အသုံးမဝင်ဘူး။ အသက်မကြီးသေးခင်မှာ သတို့သမီးစျေးနဲ့ လဲလှယ်ပြီး စောစောလက်ထပ်ပေးလိုက်သင့်တယ်။ ပြီးတော့ ရှောင်ယိကို စောင့်ရှောက်ပေးဖို့ သူ့အဘိုးရှိလို့ သူ စားဝတ်နေရေးအတွက် စိတ်ပူဖို့မလိုပါဘူး။”

“ဒီအရွယ်က ငါတို့မိသားစု လုပ်ငန်းတစ်ခုစတင်ဖို့ အချိန်ကောင်းပဲ။ အဒေါ်အရင်းဖြစ်တဲ့ နင်ကငါတို့ကို မကူညီတာဖြစ်သင့်ရဲ့လား?”

“ဒီအိမ်ကြီးကိုပဲကြည့်တော့။ နင်တို့သားအမိနေဖို့အတွက် ဖြုန်းတီးရာကျလွန်းတယ်။ နင့်တူလေး လုပ်ငန်းတစ်ခုခု စတင်နိုင်ပြီး ဇနီးတစ်ယောက်နဲ့ လက်ထပ်နိုင်အောင် ကူညီပေးလိုက်ပါလား!”


တစ်ခွန်းစီိတိုင်းက ပို၍ပင် အရေထူလာသည်။

မကြာမီတွင် ရှုဝမ်၏ရင်းနှီးသောအသံတစ်ခု ထွက်ပေါ်လာသည်။ “ယောင်းမ၊ ဒါဘာစကားပြောတာလဲ! ရှောင်ယွမ်ရဲ့အိမ်ထောင်ရေးနဲ့ ဒီလိုအရေးကြီးတဲ့ ကိစ္စတွေက နင်နဲ့ဘာမှမဆိုင်ဘူး!”

“နင်တို့ အိမ်ရှာမတွေ့သေးရင် ဒီမှာ ရက်နည်းနည်းလောက် နေသွားလို့ရတယ်။ ဒါပေမယ့် ရေရှည်တော့ လုံးဝမရဘူး။”

လော့ချထားသော တံခါးပွင့်သွား၏။

တံခါးအပြင်ဘက်မှာရပ်နေသော ရှုဝမ်က အိမ်ထဲမှာရောက်နေသော သူမသားငယ်လေးကို မြင်သည့်အခါ အံ့အားသင့်သွားခဲ့သည်။ “ရှောင်ယိ.. အိမ်တော်ထိန်း… ရှင်တို့ဘယ်အချိန်က ရောက်နေတာလဲ? ကျွန်မကို ဘာလို့ကြိုသတိမပေးတာလဲ?”

ရှုဝမ်က ဟင်းသီးဟင်းရွက်စျေးက ပြန်ရောက်လာပုံရပြီး လတ်ဆတ်သော ပစ္စည်းများပါသည့် အိတ်ကြီးများကို သယ်ဆောင်လာသည်။

ထို့အပြင် သူမဘေး၌ အသားညိုညို လူလတ်ပိုင်း အမျိုးသမီးတစ်ယောက်လည်း ရှိနေပြီး သူမ၏မျက်နှာပေါ်တွင် မကျေနပ်မှုများ သိသိသာသာ ပေါ်လွင်နေ၏။

“မစ္စရှူ..  ကျွန်တော် ဝီချက်မှာ စာပို့ထားပေမယ့် ပြန်စာမရလို့ ဒီကိုတန်းလာခဲ့တာ။” အဆုံးမှာ ဦးလေးခိုင်က ရင်းနှီးသောမျက်နှာတစ်ခုနှင့် တွေ့ဆုံလိုက်ရ၍ ပေါ်ယွဲ့မင်နှင့် ဖေးယိကိုယ်စား မေးပေးလိုက်သည်။ “ဒါက…ဒီမှာဘာတွေဖြစ်နေတာလဲ?”

သူ၏ ချုပ်တည်းထားရသော လေသံတွင် ရှင်းလင်းသော သတိပေးချက်တစ်ခု ရှိနေ၏။ “သခင်ငယ်လေးက ဒီနေ့ ခင်ဗျားကို တွေ့ဖို့ ရောက်လာတာ။ ပြီးတော့ ဒုတိယသခင်လေးကလည်း သူ့ကိုအဖော်ပြုပေးဖို့ လိုက်လာတာ။ ဒါပေမယ့် အိမ်တစ်ခုလုံးက ဆေးလိပ်နံ့တွေ ပြည့်နေတယ်။ ပြီးတော့ မသိတဲ့လူတွေလည်း အများကြီးရောက်နေတယ်။”


လူလတ်ပိုင်းအမျိုးသမီးက ချက်ချင်းဆိုသလိုပင် ငြင်းဆန်လိုက်၏။ “အိုက်ယား..! ဘာကိုမသိတဲ့လူတွေလဲ? အခြေအနေကိုမသိရင် အဓိပ္ပါယ်မရှိတာတွေ ဝင်မပြောနဲ့..အကိုကြီး! ကျွန်မတို့က ဆွေမျိုးတွေပဲ!”


“ကျွန်မက သူ့ရဲ့ယောင်းမ။ ပြီးတော့ ရှင့်နောက်မှာရပ်နေတဲ့ ရုပ်ချောချောနဲ့ကောင်လေးက သူ့တူအရင်း! မိသားစုဆိုတာ တစ်ယောက်နဲ့တစ်ယောက် သူစိမ်းလိုမဆက်ဆံဘူး။ ဒီတော့ ကျွန်မတို့က ကိုယ့်အိမ်မှာ စားသောက်နေတာ ရှင်နဲ့ဘာဆိုင်လဲ?”

သပိတ်လွယ်ငှက်ရဲ့အသိုက်ကို လုယူသိမ်းပိုက်နေတဲ့ ချိုးငှက်ရဲ့ လေသံနဲ့ မင်းက မင်းကိုယ်မင်း ကျိုးကြောင်းဆီလျော်တယ်လို့ ထင်နေသေးတာလား?”


ဖေးယိက အကြောင်းအရင်းကို အကြမ်းဖျင်း ခန့်မှန်းလိုက်ပြီး သည်းမခံနိုင်တော့သလို အော်ပြောလိုက်၏။ “ပါးစပ်ပိတ်ထား!”


ကြမ်းတမ်းခက်ထန်သော သူ့အကြည့်ကြောင့် ထိတ်လန့်သွားသော လူလတ်ပိုင်းအမျိုးသမီးမှာ အထစ်ထစ်အငေါ့ငေါ့ဖြင့် စကားပြောရပ်သွားခဲ့သည်။

သူမဘေးရှိ ရှုဝမ်က လန််သွားပြီး သူဝယ်လာသော ဟင်းသီးဟင်းရွက်များကို အမြန်ပစ်ချကာ သူမသားကို နှစ်သိမ့်ရန် အနားကပ်သွားလိုက်သည်။ “ရှောင်ယိ…စိတ်မဆိုးပါနဲ့။ အမေရှင်းပြတာကို နားထောင်ပေးပါ။”

ပေါ်ယွဲ့မင်က ဤတစ်ကြိမ်မှာ နှုတ်ဆိတ်နေပြီး ဖေးယိ၏ မကျေနပ်မှုကို ဖြေဖျောက်ခွင့်ပေးလိုက်သည်။

ရိုးရိုးသားသားဆိုရလျှင် သူက လက်ရှိအခြေအနေကို ရှင်းရှင်းလင်းလင်း မမြင်နိုင်သဖြင့် ဤ နားလည်ရခက်သော အခြေအနေကို အလွန်အမင်း စိတ်ကသိကအောက် ဖြစ်ရသည်။

လူကြီးတစ်ယောက်အနေဖြင့် ဦးလေးခိုင်က အတွေ့အကြုံရှိ၍ တည့်တိုးပြောလိုက်၏။ “မစ္စရှု… ဆက်ဆံရေးဆိုတာ ဖြတ်တောက်ဖို့ အချိန်ကျရင် ဖြတ်တောက်ရမယ်။ ခင်ဗျားနဲ့ ဖေးယိက ဖေးမိသားစုရဲ့ပြဿနာတွေကနေ လွတ်မြောက်ခါစရှိသေးတယ်။ အခု  တခြားသူတွေနဲ့ ချည်နှောင်ချင်နေပြန်ပြီလား?”

ရှုဝမ်၏နှလုံးသားက ရုတ်တရက် တင်းကြပ်သွားခဲ့သည်။ “မဟုတ်ရပါဘူး။ ဒီအရှက်မရှိတဲ့ သားအမိနှစ်ယောက်က သူတို့ဟာသူတို့ ရောက်လာတာ!”

လူလတ်ပိုင်းအမျိုးသမီးက ပေါ်ယွဲ့မင်လို မရင်းနှီးသော မျက်နှာမျိုးကို မအော်ရဲပေမယ့် ရှုဝမ်၏ ရင်တွင်းစကားကို ကြားလိုက်ရသည့်အခါ သူမက တန်ပြန်ထိုးနှက်ရန် အကြောင်းပြချက် ရှာတွေ့သွားပုံရသည်။


“ရှုဝမ်… နင် ဒါဘာကိုဆိုလိုတာလဲ? ရှင်းရှင်းပြောစမ်း!”

ရှုဝမ်က ယဥ်ကျေးမနေတော့ပေမယ့် သူမ၏အသံထဲမှာ တုန်လှုပ်မှုရေးရေးလေး ရှိနေသေးသည်။ “ဟုတ်တယ်…ယောင်းမ… ငါအစတည်းက ရှင်းရှင်းပြောမလို့ပဲ!”

သူမက သက်ပြင်းမောချကာ မရှိတော့တာကြာပြီဖြစ်သည့် အပေါ်ယံမိသားစုဆက်ဆံရေးကို ကိုယ်တိုင်ကိုယ်ကျ ဆုတ်ဖြဲပစ်လိုက်သည်။ 

ဤနှစ်ယောက်က သူမ၏ယောင်းမနှင့် တူအရင်းဖြစ်ပြီး ချန်ယွိယင်းနှင့် ရှုယိုချန်ဟု ခေါ်သည်။ ဆိုဖာပေါ်မှာ လှဲအိပ်နေသေးသော လူနှစ်ယောက်ကတော့ မနေ့ညက သူတို့ခေါ်လာသော သူငယ်ချင်းများဖြစ်သည်။

အရင်တုန်းက ရှုမိသားစုနောက်ခံမှာ သာမန်ဆန်လွန်းပြီး ကျေးလက်မှ သူမ၏မိဘနှစ်ပါးသည် သူတို့၏သားအကြီးကို အလွန်အမင်း မျက်နှာသာပေးခဲ့ကြသည်။

သူမက သူမ၏ ကြိုးစားအားထုတ်မှုဖြင့် အင်ပါယာမြို့တော်တွင် အမြစ်တွယ်နိုင်ခဲ့ပြီး ခင်ပွန်းဖြစ်သူ ဖေးရူယဲ့နှင့် အမှတ်တမဲ့ တွေ့ဆုံခဲ့ရသည်။

ဖေးရူယဲ့ ရုတ်တရက် သေဆုံးသွားပြီးနောက်မှာ ပူဆွေးသောကရောက်နေသော ရှုဝမ်က သူမ၏ မိသားစုကိုဆက်သွယ်ဖို့ ကြိုးစားခဲ့သော်လည်း ထိုအချိန်က သူမ၏မိဘနှစ်ပါးမှာ ကွယ်လွန်သွားတာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်၍ သူမ၏ဆွေမျိုးများတွင် သူမ၏အစ်ကိုကြီးနှင့် ယောင်းမဖြစ်သူသာ ကျန်ရစ်ခဲ့သည်။

သူမ၏အခြေအနေကို သိရှိပြီးနောက် ချန်ယွိယင်းက ချက်ချင်းဆိုသလိုပင် မျက်နှာလှည့်ကာ ဖုန်းချပစ်ခဲ့ပြီး ညီမအရင်းဖြစ်သော ရှုဝမ်ကို တိတ်တိတ်လေး ကူညီမပေးရန် သူမ၏ခင်ပွန်းအား အကြိမ်ကြိမ်အမိန့်ပေးခဲ့သည်။

ထိုမှစ၍ နူးညံ့သော်လည်း သန်မာသော ရှုဝမ်က သူမကို ဘယ်တော့မှမဆက်သွယ်ခဲ့ပေ။

လွန်ခဲ့သည့် သုံးနှစ်မတိုင်မီက ချန်ယွိယင်းသည် အမည်မသိ အဆက်သွယ်တစ်ခုမှတစ်ဆင့် သူမဆီသို့ ရုတ်တရက် ရောက်လာခဲ့သည်။

ရှုဝမ်၏အစ်ကိုကြီးက ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ မတော်တဆဒဏ်ရာရခဲ့ပြီး နှစ်ပတ်ကြာဆေးကုသမှုခံယူပြီးနောက် ဆုံးပါးသွားခဲ့သည်။ လျော်ကြေးယွမ်ငါးသိန်းကိုတော့ သူမ၏သားက ချက်ချင်းဖြုန်းတီးပစ်လိုက်ပြီး သူ့မှာ လောင်းကစားအကြွေးများပင် ရှိနေခဲ့သည်။

အမြဲတမ်းအာဏာကိုင်ဆောင်ထားခဲ့သော ချန်ယွိယင်းက ရွေးချယ်စရာမရှိတော့ပဲ ရှုဝမ်အား အရှက်မရှိ ရှာဖွေခဲ့သည်။


ရှုဝမ် ပညာသင်ကြားနေပြီး အိမ်၏အဝေး၌ အသက်မွေးဝမ်းကြောင်း ပြုနေစဥ် သူမအား ထောက်ပံ့ပေးခဲ့သော မိသားစုဝင်မှာ သူမ၏ ကွယ်လွန်သွားသော အစ်ကိုကြီးသာဖြစ်သည်။ အစ်ကိုကြီး၏ ဇနီးနှင့် ကလေးများဖြစ်၍ သူမက သမီးဖြစ်သူကိုပင် မပြောပြပဲ သူမ၏စုဆောင်းငွေတချို့ကို တိတ်တဆိတ် ကူညီပေးခဲ့သည်။

ထိုအချိန်တွင် မိခင်နှင့် သမီးက ပိုင်ယန်လမ်းကြားတွင် နေထိုင်နေဆဲဖြစ်ပြီး သူတို့၏ ရှင်သန်မှုအခြေအနေက အလွန်ရိုးရှင်းသည်။ ငွေရသွားသော ချန်ယွိယင်းက ရှုဝမ် ပြန်တောင်းမှာကို စိုးရိမ်တာကြောင့် ချက်ချင်းပင် ရှောင်ပြေးသွားခဲ့သည်။

လွန်ခဲ့သည့်လဝက်ခန့်က ရှုဝမ်နှင့် သမီးဖြစ်သူက အိမ်ပြောင်းရွှေ့သွားတာကြောင့် သူမက သူမနှင့် ရင်းနှီးသော အိမ်နီးချင်းများအတွက် လိပ်စာအသစ် ပေးထားခဲ့သည်။ သို့ပေမယ့် သူမ မစဥ်းစားမိလိုက်သည်မှာ–

သူမ၏အိမ်အသစ်ကို ပထမဆုံးရောက်ရှိလာသူမှာ သူမသားငယ်လေး ဖေးယိမဟုတ်ပဲ ဤအရှက်မဲ့သည့် မိခင်နှင့်သားတို့ဖြစ်၏။

လွန်ခဲ့သည့် သုံးရက်က ဖေးယွမ်သည် ပန်းချီပြိုင်ပွဲတစ်ခုအတွက် အဖွဲ့တစ်ဖွဲ့ကို တခြားပြည်နယ်သို့ ဦးဆောင်ခေါ်သွားခဲ့ပြီး ဤမိခင်နှင့်သားတို့က အိမ်နီးချင်းပေးသော လိပ်စာနှင့်အတူ သူမအိမ်သို့ ရောက်လာခဲ့သည်။

ချန်ယွိယင်းနှင့် ရှုယိုချန်တို့က ဤဗီလာကိုမြင်သည့်အခါ အံ့အားသင့်သွားကြပြီး မိခင်နှင့်သမီးဖြစ်သူမှာ ငွေအပိုရှိသည်ဟု မှတ်ယူလိုက်ကြသည်။

ရှုဝမ် ငြင်းဆန်မည်ကို သိတာကြောင့် သူတို့က ငိုကြီးချက်မနှင့် အထဲဝင်လာပြီး သူမ ဘယ်လောက်ပဲ ကြိုးစားပါစေ မောင်းမထုတ်နိုင်ခဲ့ပေ။

နှစ်ရက်နေထိုင်ပြီးနောက်တွင် ရှုယိိုချန်က သူ့ကိုယ်သူ “အိမ်တော်သခင်”လို့ ယူဆကာ သူငယ်ချင်းတွေကိုပါ ဖိတ်ခေါ်ပြီး မူးရူးသောက်စား၍ တစ်ညလုံးသောင်းကျန်းခဲ့ကြသည်။

ဤမနက်မှာတော့ သားဖြစ်သူအား မျက်နှာသာပေးရန် ချန်ယွိယင်းက ရှုဝမ်ကို ဟင်းသီးဟင်းရွက်စျေးသို့ အတင်းဆွဲခေါ်သွားပြီး စျေးဝယ်စေခဲ့သည်။ သူမက အကောင်းဆုံးတွေကို ရွေးယူခဲ့ပေမယ့် ငွေရှင်းရမည့်အချိန်မှာ ရူးချင်ယောင်ဆောင်ခဲ့လေသည်။


ထိုမျှတင်မကသေးပဲ စျေးအပြန်လမ်း၌ ချန်ယွိယင်းက ရှုဝမ်အား ဦးနှောက်ဆေးရန် ကြိုးစားခဲ့သည်။

ေနာက်ဆုံးမှာတော့ ရှုဝမ်က သူမ၏သားဖြစ်သူကို “ရှုမိသားစု၏ နောက်ဆုံးအသက်သွေးကြော”အဖြစ် ဂရုစိုက်ပေးလာစေရန် ချန်ယွိယင်းက မျှော်လင့်နေခဲ့ပြီး ဤဗီလာနှင့်ပတ်သက်၍ အကြံဆိုးများရှိနေခဲ့သည်။

ရှုဝမ်က စိတ်ပျက်လွန်းလို့ သူမမျက်နှာကို ဆုတ်ဖြဲချင်နေခဲ့သည်။


ထိုမိခင်နှင့် သားတို့က ရှားရှားပါးပါး ကျန်ရစ်ခဲ့သော ဆွေမျိုးများဖြစ်သော်လည်း အရေထူချက်ကတော့ ကမ်းကုန်ပင်! သူတို့နှစ်ယောက်က အဆီအများဆုံးနှင့် အညစ်ပတ်ဆုံး သွေးစုပ်မျှော့များ ဖြစ်လေသည်။