Chapter 41
ရှုဝမ်၏ အတိတ်အကြောင်းကို ရင်ဆိုင်လိုက်စဥ် ရှုယိုချန်က ချန်ယွိယင်းကို အကြည့်တစ်ချက်ဖြင့် သတိပေးလိုက်သည်။
သားဖြစ်သူဆီမှ ဤအကြည့်ရလိုက်သော ချန်ယွိယင်းက အလွန်စိတ်မကောင်းဖြစ်သည့် မျက်နှာလုပ်ပြလိုက်သည်။ “အားဝမ်…အာ..နင်ပြောနေတာကို ပြန်ကြည့်ပါဦး၊ ဒါတွေအားလုံးက ငါတို့နှစ်ယောက်ရဲ့အမှားလား?”
“ငါတို့ ဒီမှာ သုံးလေးရက်ပဲနေခဲ့တာလေ။ နင့်ဆီက ဘယ်လောက်များ စားခဲ့လို့လဲ? ဘယ်လောက်ကုန်သွားလို့ နင်က ငါတို့ကို အပြင်လူတွေရှေ့မှာ အော်နေရတာလဲ? ပြီးတော့ ယိုချန်က ကိစ္စကြီးတစ်ခုလုပ်ဖို့ ဒီကိုရောက်လာတာ။ နောက်ဆို သူငွေရှာနိုင်ရင် အဒေါ်ဖြစ်တဲ့နင်လည်း ကောင်းချီးခံစားရမှာပဲလေ!”
ရှုဝမ်က အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ “ယောင်းမ..နင် ဒီကောင်းချီးကို ငါတို့နဲ့ တကယ်မျှဝေနိုင်ရဲ့လား?”
“နင်…နင်….”
ချန်ယွိယင်း တစ်ဆို့သွားရသည်။
ရှုယိုချန်က ဆိုဖာပေါ်မှာ တဖြည်းဖြည်း နိုးလာတော့မည့် သူ့သူငယ်ချင်းများကို တစ်ချက်ကြည့်လိုက်သည်။ မနေ့ညက သူကြွားထားသမျှ ပေါ်သွားမှာစိုး၍ သူက စိတ်ရှည်ရှည်ထားကာ ကမန်းကတန််း ပြောလိုက်လေ၏။ “ဒေါ်လေးက ကျွန်တော့်အဖေ မျက်နှာကိုထောက်ထားပြီး ကျွန်တော်တို့ကို ကူညီရမှာမဟုတ်ဘူးလား?”
“ခင်ဗျား ကျောင်းတက်ပြီး အလုပ်လုပ်နေတုန်းက ကျွန်တော့်အဖေတစ်ယောက်တည်းက ခင်ဗျားကိုအဖက်လုပ်ပြီး တိတ်တိတ်လေး ပိုက်ဆံတွေပေးခဲ့တယ်လို့ ကြားတယ်!”
နောက်ဆုံးစကားတစ်ခွန်းကို ကြားလိုက်ရစဥ် ချန်ယွိယင်းက တစ်ခုခုကို ရှာတွေ့သွားပုံရပြီး သူမအသံက ရုတ်တရက် ကျယ်လောင်လာခဲ့သည်။ “အမှန်ပဲ!”
“နင့်အစ်ကိုက နင့်ရဲ့ကျောင်းစရိတ်အတွက် ငါ့ရဲ့ခန်းဝင်ပစ္စည်းတွေအားလုံးကို သုံးခဲ့တာ! ငါ ကလေးမွေးတုန်းက ကြက်မတစ်ကောင်စားဖို့တောင် ပိုက်ဆံမရှိခဲ့ဘူး!”
“ရှုမိသားစုရဲ့ တစ်ခုတည်းသော အသက်သွေးကြောအတွက် ငါငရဲဂိတ်ဝကို လျှောက်ခဲ့ရတာ! ငါ့လက်တွေ အရမ်းတုန်နေခဲ့လို့ တူတောင် မကိုင်နိုင်ခဲ့ဘူး….”
ချန်ယွိယင်း စကားအများကြီးပြောလေ စိတ်လှုပ်ရှားလေဖြစ်လာပြီး သူမက မုသားမျိုးစုံကို ဖန်တီးနေ၏။
ရှုယိုချန်က အော်ပြောနေဆဲဖြစ်သော သူ့မိခင်ကိုကြည့်လိုက်ပြီး သူ၏မူးဝေနေသောခေါင်းမှာ စူးရှသောအသံကြောင့် တဆတ်ဆတ်တုန်လာသော်လည်း လက်ရှိအခြေအနေကြောင့် သူ တိတ်တဆိတ် သည်းခံလိုက်ရသည်။
ဖေးယိက ဤအငြင်းပွားမှုမျိုးကို အမုန်းဆုံးဖြစ််သည်။ သူက ဤဆူညံသော လေထုကို ရှောင်ရှားရန် သတိမထားမိအောင် နောက်တစ်လှမ်းဆုတ်လိုက်သည်။
သူက သူ့ဘေးရှိ မျက်မှောင်ကြုတ်နေသော ပေါ်ယွဲ့မင်ကို ကြည့်လိုက်ပြီး အနှီလူအား ယနေ့ဖိတ်ခေါ်မိခဲ့သည့်အတွက် ရုတ်တရက်နောင်တရသွားလေသည်။
မျိုးရိုးနောက်ခံ အဆင့်အတန်းမြင်တဲ့ လူချမ်းသာမိသားစုရဲ့သားလေးတစ်ယောက်က ဒီလိုမိသားစုပြဿနာလေးတွေကို ဘယ်လိုနားထောင်နိုင်မှာလဲ?
ထိုထက်ပိုသည်မှာ ပေါ်ယွဲ့မင်၏ အမြင်အာရုံက မကောင်းသဖြင့် အချိန်အများစု၌ လမ်းကြောင်းနှင့် လှုပ်ရှားမှုများကို ခွဲခြားသိနိုင်ရန် သူ့နားတွေကို အားကိုးရသည်။ ယခု ဆူညံနေသော ပတ်ဝန်းကျင်က သူ့အတွက် သည်းခံနိုင်ဖို့ ခက်ခဲလှသည်။
ဆူညံသံကို နားထောင်ဖို့ မလိုအပ်ပေ။
ဖေးယိက ခေါင်းမော့ကာ ပေါ်ယွဲ့မင်ထံ ချဥ်းကပ်သွားလိုက်ပြီး တစ်ဖက်လူ၏ နားရွက်နှစ်ဖက်ကို သူ့လက်များဖြင့် တိုက်ရိုက်ပိတ်ထားလိုက်သည်။ “အာ့ကော”
အနည်းငယ် အေးမြသော လက်ဖဝါးက သူ့နားရွက်တွေကို ဖိကပ်ထားပြီး ဤနူးညံ့သိမ်မွေ့သော “အာ့ကော”ဟုခေါ်သံက နောက်ကနေ လိုက်ပါလာသည်။ ဆူညံသံက သိသိသာသာ ခွဲထွက်သွားပြီး ကမ္ဘာကြီးက ရုတ်တရက် တိတ်ဆိတ်သွားပုံရသည်ဟု ပေါ်ယွဲ့မင် ခံစားလိုက်ရသည်။
သူက တုန်လှုပ်သွားပြီး ဖေးယိ၏ လက်ဖမိုးအိအိလေးကို ထိလိုက်၏။ “အင်း?”
ဖေးယိက အဓိပ္ပါယ်မရှိတာတွေ ပြောနေဆဲဖြစ်သော ချန်ယွိယင်းကို တစ်ချက်ကြည့်ကာ မီးကိုမီးနဲ့တိုက်ရန် တမင်တကာ ချဲ့ကားပြောဆိုလိုက်သည်။ “နားမထောင်နဲ့… နားမထောင်နဲ့…ကုန်းလိပ်ကြီးက စူတြာကျမ်း ရွတ်ဆိုနေတာ!”**
(** လူတစ်ယောက်စကားပြောနေတာကို မကြားချင်လို့ နားရွက်အုပ်ပြီး “lalalala” ဆိုပြီး လျှာကိုဘယ်နဲ့ညာ ပြင်းပြင်းခါပြီး လုပ်လိုက်တဲ့အပြုအမူနဲ့ ဆင်တူပါတယ်။ ကုန်းလိပ်ကြီးရဲ့ အဓိပ္မါယ်ကတော့ လူယုတ်မာပါ)
ချန်ယွိယင်း၏ ညည်းတွားမှုများ ရုတ်ချည်းရပ်သွားကာ သူမက ကျယ်ကျယ်လောင်လောင် အော်နေသော ဖေးယိကို တအံ့တသြကြည့်လိုက်မိသည်။
“…….”
ကုန်းလိပ်ကြီး?
ဒါက သူမကို တခြားနည်းနဲ့ ကြိမ်းမောင်းလိုက်တာလား?
ပေါ်ယွဲ့မင်က တခြားသူများ၏ အမူအရာကို မမြင်နိုင်သော်လည်း ဤချစ်စရာစကားသံကြောင့် သူ့နှလုံးသားထဲက စိတ်ပျက်နေမှုလေး လွင့်ပျံသွားသည်ကို သတိထားလိုက်မိသည်။
သူက စိတ်မထိန်းနိုင်တော့ပဲ သူ့နားရွက်ပေါ်က ဖေးယိ၏လက်ကိုညှစ်လိုက်ပြီး ဖြည်းဖြည်းချင်း ပြန်ဆွဲချလိုက်သည်။ “အင်း”
“…….”
မော့ကြည့်နေသော ဖေးယိက ထိုနက်ပြာရောင် မျက်လုံးထဲရှိ အပြုံးကို ဖမ်းမိလိုက်သည်။ ၎င်းတို့မှာ လရောင်အောက်၌ တောက်ပနေသော ပင်လယ်နက်ကြီးထဲမှ လှိုင်းထနေသော လှိုင်းလုံးကြီးများလိုပင်။ လှလွန်းတာကြောင့် လူတွေက သူတို့ကိုယ်သူတို့ ၎င်းထဲမှလွတ်အောင် ရုန်းထွက်နိုင်တော့မည် မဟုတ်ချေ။
သူက အငိုက်မိသွားပြီး သူ့နှလုံးသားက တစ်ချက်ဆောင့်ခုန်သွားလေ၏။
ဖေးယိ၏လည်စေ့က နားလည်ရခက်စွာ တင်းမာလာပြီး သူလှုပ်ရှားလိုက်သည့်အခါတွင် သူ့လက်တွေက ပေါ်ယွဲ့မင်၏လက်ဖဝါးထဲ၌ ရစ်ပတ်ခံထားရဆဲဖြစ်၏။
သူတို့နှစ်ယောက်ကြားရှိ ခန္ဓာကိုယ်ကွာခြားချက်က သိသာပေမယ့် မထင်မှတ်ထားသည်မှာ သူတို့လက်အရွယ်အစားသည်ပင် ကွဲပြားနေခြင်းပင်။
ယခုချိန်တွင် မည်သူ့လက်များက ပူလာမှန်းမသိသော်လည်း အပူရှိန်ဖျော့ဖျော့က ဖေးယိအား စိတ်မသက်မသာဖြစ်စေသည်။ “အာ့…အာ့ကော”
ပေါ်ယွဲ့မင်က သူ၏စိုးရိမ်မှုကို ရေးတေးတေးကြားနိုင်ပြီး အပြုံးတစ်ခုဖြင့် တုံ့ပြန်လိုက်သည်။ “နားလည်ပြီ… ကုန်းလိပ်တွေကို လျစ်လျူရှုလိုက်မယ်။”
ဤတစ်ကြိမ်မှာတော့ ချန်ယွိယင်း မကြားနိုင်လျှင် ငတုံးဖြစ်သွားပေလိမ့်မည်။
သူမမျက်နှာက နီမြန်းလာပြီး သူမက အမှုမဲ့အမှတ်မဲ့ တုံ့ပြန်လိုက်သည်။ “မင်း…မင်း..ဘယ်သူ့ကို ကြိမ်းမောင်းလိုက်တာလဲ!”
ရှုဝမ်က ဖေးယိနှင့် ပေါ်ယွဲ့မင်၏ ခဏတာဆက်သွယ်မှုလေးကို ကြည့်နေပြီး သူမရင်ထဲ၌ ရှားရှားပါးပါး ငြိမ်သက်အေးချမ်းမှု အာရုံကို ခံစားလိုက်ရသည်။ သူမက ချန်ယွိယင်းကို ပြန်ကြည့်လိုက်ပြီး သူမလေသံက ယခင်ကထက် ပိုတင်းမာသွားလေ၏။ “ရှောင်ယိ ဘယ်သူ့ကိုပြောနေတာလဲ ငါ့ယောင်းမက တကယ်မသိတာလား?”
ချန်ယွိယင်းက ဘဝမြင့်နေပြီး တွန့်တိုပေမယ့် သူမ၏အစ်ကိုကြီးကတော့ ရိုးသားဖြူစင်တာကြောင့် မိသားစုပိုက်ဆံအားလုံးကို သူ့ဇနီးအား နုံနုံအအ အပ်နှံခဲ့သည်။
ချန်ယွိယင်း ကိုယ်ဝန်ရှိလာပြီးနောက် သူမက ရှုမိသားစု၏ မျိုးစေ့လေးကို အသုံးချကာ သူမအတွက်ကြက်သတ်ပြီး ဖြည့်စွက်စာဝယ်ပေးရန် ထိုအချိန်က သက်ရှိထင်ရှားရှိခဲ့သော ရှုမိသားစုအား တောင်းဆိုခဲ့သည်။
ကိုယ်ဝန်လွယ်ထားရစဥ်မှာ ကောင်းကောင်းစားခဲ့ရတာကြောင့် သူမဗိုက်ထဲက ကလေးမှာ အရမ်းကြီးနေ၍ သူမမီးဖွားချိန်တွင် မွေးလမ်းကြောင်း ပိတ်ဆို့မတတ်ဖြစ်ခဲ့ရသည်။ သို့သော် မီးဖွားကာလဆယ်ရက်အတွင်းမှာ သူမက မတ်တပ်ထရပ်ပြီး ဘေးခန်းကအိမ်နီးချင်းကို ကြိမ်းမောင်းနိုင်ခဲ့သေးသည်။
ထိုအချိန်က ရှုဝမ်သည် သူမအစ်ကိုဆီမှ ပိုက်ဆံယူခဲ့သော်လည်း တစ်ဖက်လူက သူငယ်ချင်းတစ်ယောက်ထံမှ ချေးပြီး သူမကိုပေးခဲ့တာဖြစ်၏။ နောက်တော့ သူမက အင်ပါယာမြို့မှာ စာလေ့လာရင်း အလုပ်လုပ်ခဲ့ပြီိး ပိုက်ဆံကို စောစောဆပ်ပေးခဲ့သည်။
ချန်ယွိယင်းက ဤနှစ်များမှာ မြင်းများကို မြည်းများဟု သတ်မှတ်ကာ သူမကိုပင် လှည့်စားခဲ့သေးသည်။
“ယောင်းမ.. နင့်မှာ စောင့်ရှောက်ရမယ့် နင့်ကလေးရှိသလို ငါ့မှာလည်း ကာကွယ်ပေးရမယ့် ရှောင်ယွမ်နဲ့ ရှောင်ယိရှိတယ်! ငါက ဆွေမျိုးသားချင်းတစ်ယောက်အနေနဲ့ အကောင်းဆုံးလုပ်ပေးပြီးပြီ။ ဒီတော့ နင်ထွက်သွားရင်ထွက်သွား…မဟုတ်ရင် ငါရဲခေါ်မယ်!”
“ကောင်းလိုက်တာ! ကောင်းလိုက်တာ! နင်က နင့်အစ်ကိုကြီးရဲ့ သွေးသားကိုတောင် ဂရုမစိုက်ဘူးလား?”
အမြဲတမ်း သိမ်မွေ့နူးညံ့ခဲ့သော ရှုဝမ်က “မရဘူး”လို့ ငြင်းဆန်လာသည့်အခါ ချန်ယွိယင်းက ချက်ချင်းဆိုသလိုပင် သူမနှာခေါင်းကို လက်ညိုးထိုးကာ ကြိမ်းမောင်းလိုက်ပြီး သူမနဖူးပေါ်၌ “သစ္စာဖောက်”ဟူသော စကားလုံးကို လက်တွေ့ကျကျ ရေးသားလိုက်လေသည်။
“ဘယ်အမျိုးသမီးက လက်ထပ်ပြီးနောက်ပိုင်း မိသားစုကို မကူညီလို့လဲ? နင်ကကံကောင်းလို့ မြို့ကြီးပြကြီးကိုသွားပြီး လှတပတနေထိုင်ခဲ့ပေမယ့် နောက်ဆုံးကျတော့ အသက်တိုတဲ့ ယောကျာ်းနဲ့ဆုံပြီး အသုံးမကျတဲ့ အရူးတစ်ယောက်ကို မွေးလာခဲ့တာပဲ။ နင်….”
၎င်းကိုကြားတော့ ဖေးယိ၏မျက်ဝန်းက နက်မှောင်လာပြီး နောက်စက္ကန့်မှာ သူက ကျယ်လောင်သော ပါးရိုက်သံကို ရုတ်တရက်ကြားလိုက်ရသည်။
– ဖြောင်း!
“ချန်ယွိယင်း…နင့်ပါးစပ်ကိုပိတ်ထား!” အမြဲတမ်း နူးညံ့သိမ်မွေ့သော ရှုဝမ်က ချန်ယွိယင်းကို ပထမဆုံးအကြိမ်အဖြစ် ပါးရိုက်ချလိုက်ပြီး ကျယ်လောင်စွာ ပြန်ပက်ပြောလိုက်သည်။ “ငါ့အိမ်က အခုချက်ခြင်းထွက်သွား!”
အသက်တိုတဲ့ ယောကျာ်း? ရူးနေတဲ့သား?
သူ့သမီးကို သတို့သမီးစျေးနဲ့ လဲလှယ်ပြီး အိမ်ထောင်ချပေးလိုက်…ဟုတ်လား?
ဖေးဟူယဲ့၏ သေဆုံးမှုနှင့် ဖေးယိ၏မတော်တဆမှုက ရှုဝမ်၏နှလုံးသားထဲတွင် နာကျင်စရာအကောင်းဆုံးဖြစ်ခဲ့သည်။ သူမက တခြားသူများကို ထိုကိစ္စနှင့်ပတ်သက်ပြီး ဝေဖန်ခွင့်ပေးမည်မဟုတ်ချေ။
မူလက ရှုဝမ်သည် ကွယ်လွန်သွားသော အစ်ကိုဖြစ်သူ၏ မျက်နှာကြောင့် ဤအမေနှင့်သားကို မျက်နှာသာပေးချင်ခဲ့သည်။ ထို့အပြင် သူမ၏ ကောင်းကောင်းမွန်မွန် ငြင်းဆန်မှုကြောင့် သူတို့နောက်ဆုတ်သွားမည်ဟု ထင်ခဲ့သည်။
ယခု ကြည့်ရတာ သူမ အင်မတန် သဘောထားကြီးခဲ့ပုံရသည်။
“ရှုယိုချန်က ဒီနှစ်ဆို အသက်သုံးဆယ်ပြည့်ပြီမလား? သူ့ပုံစံက ကြီးကြီးကျယ်ကျယ် ငွေရှာနိုင်တဲ့ပုံပေါ်လား? ငါ့အစ်ကိုစုဆောင်းခဲ့တာတွေနဲ့ လျော်ကြေးငွေတွေကိုရော သူဖြုန်းတီးခဲ့တာမဟုတ်ဘူးလား?”
ရှုဝမ်က ကြမ်းကြမ်းတမ်းတမ်း စကားပြောဆိုတတ်သူ မဟုတ်သော်လည်း ယခုချိန်မှာ သူမက ဒေါသမထိန်းနိုင်တော့ပေ။ “နင်ကိုယ်တိုင်က ဒီလိုအသုံးမကျတဲ့ဟာကို မွေးထားပြီး ငါ့သားကို စော်ကားရဲတာလား!”
“ပြီးတော့ ရှောင်ယွမ်က မိန်းကလေးဆိုတာမှန်တယ်! ဒါပေမယ့် ငါ ငါ့သမီးကိုချစ်လို့ တန်ဖိုးထားတယ်။ အကျိုးအမြတ်ရဖို့အတွက် သူ့ကိုချပ်စ်ပြားတစ်ခုလို ဆက်ဆံမှာမဟုတ်ဘူး! နင်တို့ သားအမိ အတွေးလွန်နေပြီ!”
ပိုင်ယန်လမ်းကြားမှ ထွက်လာပြီး ဤဗီလာကို ငှားရမ်းဖို့ ဆုံးဖြတ်ခဲ့ခြင်းမှာ သူမ၏ သမီးဖြစ်သူအား ပိုမိုကောင်းမွန်သော ပတ်ဝန်းကျင်တစ်ခု ပေးချင်လို့ဖြစ်ပြီး ဤနှစ်ပေါင်းများစွာမှာ သူမအပေါ်တင်ခဲ့သော အကြွေးကို ပြန်ပေးဆပ်ရန်ဖြစ်သည်။
ဖေးယွမ် တစ်သက်လုံး လက်မထပ်ဘူးဆိုရင်တောင် အမေတစ်ယောက်အနေနဲ့ သူတားမှာမဟုတ်ဘူး!
အမြဲတမ်း ကိုင်တွယ်ထိန်းချုပ်ရတာ လွယ်ကူခဲ့သော သူတို့မှတ်ဉာဏ်ထဲက အဒေါ်အရင်းမှာ ရုတ်တရက် ရိုင်းစိုင်းသွားသဖြင့် အသုံးမကျဘူးလို့ ကြိမ်းမောင်းဆူပူခံလိုက်ရသော ရှူယိုချန်က ရှက်ရွံသွားခဲ့သည်။
ထို့အပြင် ချန်ယွိယင်းက သူမ၏ ပူထူနေသော ပါးပြင်ကို အုပ်ထားပြီး မယုံနိုင်သလို စက္ကန့်အတော်ကြာ ထိတ်လန့်နေခဲ့ပြီး ကြမ်းပြင်ပေါ် လှဲချကာ ဝုန်းဒိုင်းကြဲပစ်လိုက်လေ၏။
“လောင်ရှု… နင်အသက်ရှင်နေတုန်းက နေ့တိုင်းလွမ်းနေခဲ့တဲ့ နင့်ညီမကို လာကြည့်လှည့်ပါဦး! အပြင်လူတွေရှေ့မှာ ဒီအမေနဲ့သားကို ဘယ်လိုစော်ကားနေလဲ လာကြည့်! ငါ အသက်ဆက်မရှင်ချင်တော့ဘူး! ငါလည်းသေသင့်တယ်…အား!”
ပေါ်ယွဲ့မင် သည်းမခံနိုင်တော့လောက်အောင် စိတ်ပျက်ကာ တီးတိုးပြောလိုက်သည်။ “ဦးလေးခိုင်…ရဲခေါ်လိုက်”
ဦးလေးခိုင်က ထိုသို့လုပ်ရန် ချက်ချင်းထွက်သွားခဲ့သည်။
ဖေးယိက ကြမ်းပြင်ပေါ်တွင် ဝုန်းဒိုင်းကြဲနေသော ချန်ယွိယင်းကိုကြည့်ကာ မီးဖိုချောင်ကို အမြန်လျှောက်သွားလိုက်သည်။ တစ်မိနစ်မပြည့်ခင်မှာ သူက ဓားတစ်ချောင်းနှင့် ပြန်ထွက်လာ၏။
ရွှင်း..! သူက ချန်ယွိယင်းကို ရွယ်လိုက်သည်။ “ကောင်းပြီလေ…သေလိုက်တော့”
သူ့မျက်လုံးတွေ အေးစက်သွားပေမယ့် အသံက တိုးလျနေ၏။
သူ့လက်ထဲရှိ မီးဖိုချောင်သုံးဓားမှာ လူတွေကို နာကျင်အောင်လုပ်ဖို့ အဆင်ပြေလွန်းလှပြီး ရိုးရှင်းပုံပေါ်သည်။
“……..”
ပေါ်ယွဲ့မင်မှလွဲ၍ ကျန်သူအားလုံးက ဖေးယိ၏ ရဲတင်းသော အပြုအမူကြောင့် ထိတ်လန့်သွားကြသည်။
ချန်ယွိယင်းက သူမရှေ့ရှိ တောက်ပြောင်သော မီးဖိုချောင်သုံးဓားကို စိုက်ကြည့်ကာ သူမ၏မျက်နှာက ဖြူဖျော့သွားလေသည်။ သူမ၏ ဟန်ဆောင်ငိုကြွေးနေသော အသံမှာ ချက်ချင်းပင် သူမဗိုက်ထဲသို့ ပြန်မျိုချခံလိုက်ရပြီး သူမက ကြောက်လန့်တကြား လည်ပင်းကျုံ့ထားလိုက်၏။
ဒါက…ဒါက.. တကယ်ကို အရူးပဲ…အား!
ဖေးယိက မည်သို့သော အန္တရာယ်ရှိသည့် အပြုအမူကို ပြသနေမှန်း ပေါ်ယွဲ့မင် မသိသော်လည်း သူက သူ့ဘေးမှာရပ်ကာ တိုးတိုးလေး သတိပေးလိုက်သည်။ “ပိုင်ရှင်ရဲ့ခွင့်ပြုချက်မရှိပဲ အိမ်ထဲဖောက်ဝင်တာက တရားမဝင်ဘူး။ အခုမထွက်သွားရင် ရဲခေါ်ရလိမ့်မယ်!”
ဖေးယိလက်ထဲရှိ လက်လက်ထနေသော မီးဖိုချောင်သုံးဓားက သူမ၏လည်ပင်းနှင့် စင်တီမီတာအနည်းငယ်သာ ဝေးတော့သည်။ အမြဲတမ်းလောဘကြီးပြီး သေရမှာကိုကြောက်သော ချန်ယွိယင်းက မငြင်းဆန်ရဲတော့ပေ။
သူမက တွားသွားရင်း မတ်တပ်ရပ်ကာ သားဖြစ်သူ၏လက်ကိုကိုင်ကာ ထွက်ပြေးဖို့ ကြိုးစားလိုက်သည်။ “သွားမယ်…သွားမယ်….ငါတို့အခုထွက်သွားပါ့မယ်!”
ဤရှုဝမ်က ယခင်ကလို ထိန်းချုပ်ဖို့ မလွယ်ကူတော့ပေ။ သူတို့ဆက်နေလျှင် သားအမိနှစ်ယောက်လုံး ဒုက္ခရောက်သွားနိုင်သည်။
တစ်ချိန်တည်းမှာ ဖေးယိ ထိုအမျိုးသမီးအား ထိခိုက်အောင် လုပ်မိမှာစိုး၍ ရှုဝမ်က အနားကပ်သွားလိုက်သည်။ “လိမ္မာတဲ့ဖေးယိလေး… မင်းလန့်သွားတာ အမေ့အပြစ်ပါ။ မီးဖိုချောင်ဓားနဲ့ မဆော့နဲ့။ ဒဏ်ရာရသွားလိမ့်မယ်”
ဖေးယိက တကယ်လုပ်ရန် မရည်ရွယ််ထားပဲ ထိုသားအမိအား ခြောက်ချင်ရုံသာဖြစ်၏။
ရှုဝမ်၏ စိုးရိမ်နေသော အမူအရာကို မြင်သောအခါ သူက မီးဖိုချောင်သုံးဓားကို နာနာခံခံ ပြန်ပေးလိုက်သည်။ “ဟုတ်ကဲ့”
ရှုဝမ်က မီးဖိုချောင်ထဲ အမြန်ပြန်ဝင်သွားပြီး အန္တရာယ်ရှိသော ပစ္စည်းများကို အရင်သိမ်းဆည်းလိုက်သည်။
ဖေးယိ၏ အန္တရာယ်ရှိသော အပြုအမူကို သဘောပေါက်သွားပြီးနောက် ပေါ်ယွဲ့မင် မျက်မှောင်ကြုတ်လိုက်သည်။ “ဖေးယိ…ဒီကိုလာ”
ချန်ယွိယင်းက တံခါးဝမှရပ်နေသော ရှုယိိုချန်ကို ဆွဲခေါ်သွားဖို့ ကြိုးစားနေသော်လည်း ဖေးယိက ထိုသားအမိအား အကြည့်တစ်ချက်ပင် မပေးတော့ပေ။ သူက တစ်ဖက်လှည့်ကာ ပေါ်ယွဲ့မင်ဆီ လျှောက်သွားလိုက်သည်။
ရုတ်တရက် ကျိန်စာတစ်ခုက လေပြင်းနဲ့အတူ ရောက်လာသည်။ “အေး… ဒီလောင်ဇီက မင်းကို ဒီနေ့သင်ခန်းစာပေးပြမယ်!”
“--ဖေးယိ!”
အန္တရာယ်ကို သတိပြုမိသောအခါ ဖေးယိ၏ မျက်လုံးများ အနည်းငယ် လှုပ်ရှားသွားခဲ့သည်။
အရေးကြီးသောအခိုက်အတန့်တွင် ပေါ်ယွဲ့မင်က တစ်နည်းနည်းဖြင့် အန္တရာယ်ကို ခံစားမိိလိုက်ပြီး ချက်ချင်းဆိုသလိုပင် ဖေးယိအား သူ့ရင်ခွင်ထဲဆွဲသွင်းကာ သူ့ရင်ခွင်ထဲကလူကို ကာကွယ်ပေးရန် အလိုလိုသိစိတ်ဖြင့် အနေအထားပြောင်းလိုက်လေသည်။
သူ့အမြင်လမ်းကြောင်း ပြောင်းလဲသွားခဲ့သည်။
ရှုယိိုချန်က တံမြက်စည်းကိုင်ပြီး ပေါ်ယွဲ့မင်၏ပခုံးနှင့် ဇာက်ပိုးအား ပြင်းပြင်းထန်ထန် ရိုက်ချလိုက်သည်ကို ဖေးယိမြင်လိုက်ရသည်။ သူ့ခွန်အားက တော်တော်ပြင်းပုံရသည်။
သူ့ကို ကာကွယ်ပေးနေသော ပေါ်ယွဲ့မင်က မျက်လုံးစုံမှိတ်လိုက်ပြီး ခန္ဓာကိုယ်ပေါ် ကျရောက်လာသော နာကျင်မှုမှာ အောင့်ခံညည်းညူလိုက်သည့် အသံတိုးတိုးလေး ထွက်သွားစေခဲ့သည်။
ဖေးယိက ပေါ်ယွဲ့မင်၏ အဝတ်အစားများကို မသိစိတ်အလျောက် ဆုပ်ကိုင်လိုက်ကာ သူ့နှလုံးသားက ထိတ်လန့်သွားခဲ့သည်။ “အာ့ကော?”
ပေါ်ယွဲ့မင်၏ အသက်ရှုသံက တခဏမျှ တင်းကျပ်သွားပြီး သူ့ဦးနှောက်က ရုတ်တရက် ဗလာဖြစ်ကာ မူးဝေသွားသလို ခံစားလိုက်ရသည်။ သူ့မူလအမြင်အာရုံက တဖျပ်ဖျပ်လက်နေပြီး တခဏလောက် တုံ့ပြန်ဖို့ပင် ခက်ခဲစေခဲ့သည်။
သူက ဖေးယိကို လက်တစ်ဖက်ဖြင့် တင်းတင်းဖက်ထားဆဲဖြစ်ပြီး တခြားတစ်ဖက်ကိုသုံးကာ သူ့ဘေးရှိ ဗီရိုကို ဆွဲထားလိုက်ရသည်။
ရှုယိုချန်က နိုးလာပြီဖြစ်သော သူ့သူငယ်ချင်းများကိုကြည့်ကာ သူအရှက်ကွဲမှာကိုပင် ဂရုမစိုက်တော့ပေ။ “မင်းတို့တွေဘာလုပ်နေတာလဲ? ညီအစ်ကိုတို့.. ဒီနှစ်ယောက်ကို သင််ခန်းစာ ကောင်းကောင်းပေးဖို့ လာကူညီကြ!”
ပလက်စတစ် တံမြက်စည်းက တစ်ခါရိုက်နှက်ပြီးနောက် ကျိုးသွားခဲ့၍ သုံးလို့မရတော့ပေ။
၎င်းကိုမြင်တော့ ရှုယိုချန်က ကြမ်းပြင်ပေါ်ပစ်ချလိုက်သည်။
သူ့ကို ကာကွယ်ပေးရင်း အရိုက်ခံလိုက်ရသော ပေါ်ယွဲ့မင်ကို မြင်လိုက်ရပြီးနောက် ဖေးယိ၏ ရင်ထဲ၌ ဒေါသပေါက်ကွဲဲထွက်လာကာ သူ၏အရူးအသွင်ဆောင်မှုကို ထိန်းသိမ်းထားဖို့ပင် မေ့သွားခဲ့သည်။
“ဖာ့ခ်.. မင်းသေချင်နေတာပဲ!”
ဒီလိုချီးထုပ်ကောင်က လှည့်စားရဲတယ်လား?
သူ့ခါးကိုဖက်ထားသော လက်၏ခွန်အားက ရုတ်တရက် ပြေလျော့သွားကာ ဒေါသထွက်နေသော ဖေးယိက အမြန်ထွက်သွားခဲ့သည်။ သူက ရှုယိုချန်ကို ခပ်ပြင်းပြင်း ထိုးလိုက်တာကြောင့် တစ်ဖက်လူ၏ အော်သံက ချက်ချင်းထွက်ပေါ်လာခဲ့သည်။
“…….”
ခေါင်းမူးတာ ရပ်သွားပြီဖြစ်သော ပေါ်ယွဲ့မင်က ဖြည်းဖြည်းချင်း လက်ပြန်ရုတ်လိုက်ပြီး သူ့မျက်နှာပေါ်တွင် ရှားရှားပါပါး မရေရာမှုတစ်ခု ထွက်ပေါ်လာ၏။
နေပါဦး?
ဖေးယိ အခုဆဲလိုက်တာလား?