Ch 42
Viewers 28k

Chapter 42

ဦးလေးခိုင်နှင့် ဒရိုက်ဘာလောင်ဖူက အမြန်ပြန်ပြေးလာပြီး ဖေးယိနှင့် ရှုယိုချန်တို့ နပန်းလုံးနေသည်ကို တွေ့လိုက်ရသည်။


လောင်ဖူက စကားတစ်ခွန်းမှမပြောပဲ ပြေးသွားလိုက်ပြီး တစ်ဖက်တည်းကို တမင်တကာ ပြောလိုက်လေ၏။ “သခင်ငယ်လေး…သတိထား…”

ဦးလေးခိုင်က ပေါ်ယွဲ့မင်၏ လည်ပင်းပေါ်ရှိ ပုံမှန်မဟုတ်သော အနီစက်ကို သတိထားမိ၍ အလျင်စလို ချဥ်းကပ်သွားလိုက်သည်။ “ဒုတိယသခင်လေး…ဘာဖြစ်သွားတာလဲ?”


“.....ဘာမှမဖြစ်ဘူး…”

ပေါ်ယွဲ့မင်က တိတ်တိတ်နေပေးဖို့ လက်မြှောက်အချက်ပြလိုက်ပြီး ခေါင်းအသာခါယမ်းကာ သူမြင်လိုက်ရတာကို မယုံနိုင်သလို သူ့မျက်လုံးဆီသို့ လက်ကိုရွှေ့လိုက်သည်။

အလင်းနှင့် အရိပ်၏ မူလအလွှာက စုစည်းသွားသည်။ အလွန်မှုန်ဝါးနေသော်လည်း လက်ချောင်းများ၏ ပုံသဏ္ဍန်နှင့် အရောင်ကို ရေးတေးတေး ခွဲခြားနိုင်လေသည်။


“ဒုတိယ…ဒုတိယသခင်လေး…ဘာဖြစ်တာလဲ?”

ဦးလေးခိုင်က ပေါ်ယွဲ့မင်၏ နားလည်ရခက်သော အမူအရာကြောင့် ထိတ်လန့်သွားပြီး သူ၏တိုးတက်လာသော မျက်လုံးများ နောက်တစ်ကြိမ် ပြဿနာရှိလာမည်ကို စိုးရိမ်နေခဲ့သည်။

“အဆင်ပြေပါတယ်။”

ပေါ်ယွဲ့မင်က အခိုင်အမာပြောဆိုပြီးနောက် သူ့အမြင်အာရုံကို အနီးကပ်စမ်းသပ်ရန် ကြိုးစားလိုက်သည်။


ဆိုဖာပေါ်ရှိ အမူးပြေနေပြီဖြစ်သော သူငယ်ချင်းနှစ်ယောက်က ရှေ့ဆက်တိုး၍ ကူညီပေးဖို့ တွန့်ဆုတ်နေပြီး ပေါ်ယွဲ့မင်နှင့် အမှတ်တမဲ့ အကြည့်ဆုံသွားခဲ့သည်။

“မင်းတို့ သူ့လို ထောင်ထဲမသွားချင်ရင် အမြန်ထွက်သွားတော့!”

စူးရှပြီး ထူထဲသော မျက်ခုံးများနှင့် အရပ် ၁.၉မီတာဖြင့် ထိုနေရာမှာ ရပ်နေသည့်တိုင် လူတွေရဲ့ စိတ်ကို ထိတ်လန့်စေဖို့ လုံလောက်သည်။


လူနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ကူညီတိုက်ခိုက်ပေးချင်စိတ်လည်း ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။ “ကျွန်တော်တို့ …ကျွန်တော်တို့ကို အရက်သောက်ဖို့ သူပဲခေါ်ခဲ့တာပါ။ ကျန်တာဘာမှမသိပါဘူး!”


“ဟုတ်တယ်…ကျွန်တော်တို့နှစ်ယောက် ခင်ဗျားတို့ရဲ့မိသားစုကိစ္စမှာ ဝင်မပါဘူး။”

သူတို့နှစ်ဦးက ဖဲဝိုင်းမှာ ရှုယိုချန်နှင့် တွေ့ဆုံခဲ့သော လောင်းကစားသမားများဖြစ်၏။ သူတို့က အခါအားလျော်စွာ တစ်ညလုံးစားသောက်ပြီး ဖဲကစားလေ့ရှိသည်။ အများဆုံးမှ “အရက်သောက်ဘော်ဒါများ” ဟုသာ ခေါ်ဆိုနိုင်သည်။


လွန်ခဲ့သည့် တစ်ပတ်ခန့်က သူတို့နှစ်ဦးသည် အကျိုးတူဖက်စပ်လုပ်ငန်းတစ်ခု စတင်လိုကြောင်း ပြောခဲ့ကြသည်။ ရလဒ်အနေဖြင့် သူတို့ဘေးမှာထိုင်နေသော ရှယိုချန်က အမြတ်ရမည်ဟု ကြားသည်နှင့် ပါဝင်ချင်လာသည်။ သို့သော် သူတို့နှစ်ယောက်က ရူးချင်ယောင်ဆောင်ကာ သူ့ကို အပေါ်ယံပေါင်းသင်းခဲ့ကြသည်။

မနေ့ကမှ ရှုယိုချန်သည် သူတို့ကို သူ့ “အိမ်”သို့ ရုတ်တရက် ဖိတ်ခေါ်ခဲ့ပြီး နှစ်ယောက်သားက သူ့မှာ အမှန်တကယ် ပိုင်ဆိုင်မှုတချို့ရှိမည်ဟု ထင်ခဲ့ကြသော်လည်း သူတို့နိုးလာတာနှင့် ယခုလိုကိစ္စမျိုး ဖြစ်နေမည်ဟု မမျှော်လင့်ခဲ့ပေ။

ဒီလိုလူက စီးပွားဖက်ဖြစ်နိုင်ရဲ့လား? အနာဂတ်မှာ အကျိုးအမြတ်ရဖို့ နောက်ကျောဓားနှင့် ထိုးသွားမှာကိုတောင် စိုးရိမ်ရတယ်!


၎င်းကိုစဥ်းစားပြီး နှစ်ယောက်လုံးက ရုန်းရင်းဆန်ခတ်မှုကို အခွင့်ကောင်းယူကာ ခြေဖော့ပြီး ထွက်ပြေးသွားတော့သည်။


တံခါးဝမှာ တိုက်ပွဲဆက်နေ၏။

ဖေးယိက သူ့ထက် ခေါင်းတစ်လုံးပိုရှည်သော ရှုယိုချန်နှင့် တိုက်ခိုက်နေသည်။ လောင်ဖူက ကူညီဖို့ အကောင်းဆုံးကြိုးစားနေပြီး ချန်ယွိယင်းက ရှေ့တိုးပြီး ဝင်ပါချင်ပေမယ့် သားဖြစ်သူ ဒဏ်ရာရပြီး သူမအား ဆွဲခေါ်သွားမှာကို စိုးရိမ်နေသည်။


အော်ဟစ်သံများ ထွက်ပေါ်လာပြီး ရုန်းရင်းဆန်ခတ်မှုက မသေးပေ။

ပေါ်ယွဲ့မင်က သူ၏ မှုန်ဝါးသော အမြင်အာရုံထဲတွင် ဖေးယိကို ရှာဖွေရန် ကြိုးစားလိုက်သည်။ မျက်နှာတစ်ခုလုံးကို ရှင်းရှင်းလင်းလင်း မမြင်နိုင်သော်လည်း အနည်းဆုံးတော့ ကောင်းကင်ပြာရောင် ဝတ်ဆင်ထားသော ခန္ဓာကိုယ်လေးကို ခွဲခြားနိုင်လေသည်။

သူက ဖေးယိ ထိခိုက်သွားမှာကို စိုးရိမ်၍ ခေါ်လိုက်သည်။ “ဖေးယိ…ဒီကိုလာ!”

ဖေးယိက ကောင်းကောင်းရိုက်နှက်နေပြီး ပေါ်ယွဲ့မင်၏ အမိန့်ကို ရုတ်တရက် ကြားလိုက်ရသောအခါ သူက ဆုပ်ထားသော လက်သီးကို ဖြေလျော့လိုက်ပြီး စိတ်ထဲ၌ “oops”ဟုအော်ကာ ဝမ်းနည်းကြေကွဲသော မျက်နှာဖြင့် အမြန်ပြေးသွားလိုက်သည်။

“အာ့ကော… သူ ကျွန်တော့်ကို အနိုင်ကျင့်တယ်!”

အမြဲတမ်းလိုပင် သူက စကားဖွင့်လိုက်သည်နှင့် လူလိမ္မာလေးဖြစ်သွားခဲ့သည်။

ပေါ်ယွဲ့မင်က သူ့အမြင်အာရုံထဲရှိ မှုန်ဝါးဝါး ပုံရိပ်လေးကို ငုံ့ကြည့်ကာ ဖေးယိခေါင်းပေါ်ရှိ ဆံပင်အဖုလေးကို ဝိုးတဝါးမြင်လိုက်ရသည်။

၎င်းက နပန်းလုံးခဲ့ခြင်းကြောင့် ဖြစ်နိုင်သည်။

ပေါ်ယွဲ့မင်က ကူကယ်ရာမဲ့ အပြုံးတစ်ခုကို ဖိနှိပ်ကာ သိသိလျက် မေးလိုက်၏။ “မင်း သူ့ကို သွားရိုက်ခဲ့တာလား?”


ယခုနလေးတင် ဒရိုက်ဘာအိုကြီး လောင်ဖူက ရှုယိုချန်ကို ချုပ်ပေးထားစဥ် ဖေးယိက သူ့ကို ကန်ကျောက်ဖို့ အခွင့်အရေးယူခဲ့ပြီး အထိနာသော အဆစ်များကို တမင်ချိန်ရွယ်ခဲ့လေသည်။

ရှုယိုချန်၏ မျက်နှာက ကြည့်ကောင်းနေသေးသော်လည်း သူ့ခန္ဓာကိုယ်အနှံ့မှာ နာကျင်နေခဲ့သည်။

ဖေးယိက စိတ်ထဲမှာ ဂုဏ်ယူနေသော်လည်း မျက်နှာပေါ်မှာတော့ သူက ဆိုးဆိုးရွားရွား ညည်းညူလိုက်လေသည်။ “မရိုက်ခဲ့ပါဘူး။ ကျွန်တော့်လက် နာနေတယ်”

ရှုယိုချန်က အားကောင်းမောင်းသန် ဒရိုက်ဘာ၏ ချုပ်နှောင်ခံခဲ့ရပြီး ဖေးယိ ကန်ကျောက်ခဲ့သော ဒူးဆစ်များမှာ နာကျင်လွန်းလို့ ကြမ်းပြင်ပေါ် ခွေကျမတတ်ဖြစ်နေသည်။

ဖေးယိ၏ ဝမ်းနည်းပြီး နာကျင်နေသော အသံကို ကြားလိုက်ရစဥ် သူ ပို၍ပင် ကြေကွဲသွားရသည်။

ဖာ့ခ်!

ဘာကိုနာတာလဲ?

ခုနက အရက်စက်ဆုံးဖြစ်ခဲ့တာ ဘယ်သူလဲ?


အရှိန်ပြင်းသော ခြေလှမ်းသံများ ထွက်ပေါ်လာပြီး ဗီလာနယ်မြေလုံခြုံရေးအစောင့်က ယူနီဖောင်းဝတ် ရဲအရာရှိနှစ်ဦးကို ခေါ်လာသည်။ “နိဟောင်…ငါတို့က ရိထင်ခရိုင်ရဲစခန်းကပါ။ ရဲစခန်းကို ဘယ်သူဖုန်းဆက်ခဲ့တာလဲ?”


ဦးလေးခိုင်က အမြန်တုံ့ပြန်လိုက်သည်။ “ကျွန်တော်တို့ဘက်က ခေါ်ခဲ့တာပါ။”

ရဲစခန်းနှင့် ဗီလာက လမ်းတစ်ခုသာခြားသဖြင့် ရောက်လာသည့်နှုန်းမှာ အလွန်မြန်ဆန်သည်။

ပေါ်ယွဲ့မင်က ဖေးယိကို သူ့နောက်မှာ ကာကွယ်ထားပြီး အရင်ထုတ်ပြောလိုက်သည်။ “နိဟောင်… ကျွန်တော်က ဒီအိမ်ပိုင်ရှင်ပါ။ ဒီသားအမိက ခွင့်မပြုပဲ ကျူးကျော်ခဲ့တာပါ။”

ဦးလေးခိုင်မှလွဲ၍ ကျန်ရှိနေသူအားလုံး အံ့သြ့သွားကြသည်။

အိမ်ပိုင်ရှင်လား?

သူ့အဆက်အသွယ်ကနေ ဗီလာအငှားရှာခဲ့တာ မဟုတ်ဘူးလား?

ဖေးယိက ခန္ဓာကိုယ်ဖြင့် ကာပေးထားသော ပေါ်ယွဲ့မင်ကိုကြည့်ကာ သူ တစ်ခါမှမကြုံဖူးခဲ့သည့် သိမ်မွေ့သော ခံစားချက်တစ်ခုက သူ့ရင်ထဲ၌ ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။


ပေါ်ယွဲ့မင်က လူတိုင်း၏ ကြောင်အမ်းအမ်းဖြစ်နေမှုကို အခွင့်အရေးယူကာ အသံနက်ကြီးဖြင့် ဆက်တိုက်ဖိပြောလိုက်၏။ “ပြီးတော့ ဒီမစ္စတာရှုက ခုနလေးတင် ကျွန်တော့်ကို ပစ္စည်းတစ်ခုနဲ့ ရိုက်ခဲ့တယ်။ နောက်ထပ်ဒဏ်ရာစစ်ဆေးမှုတွေလုပ်ဖို့ လိုပါတယ်။ ဒါမှ ကျွန်တော့်ရှေ့နေက တရားစွဲဆိုပြီး လျော်ကြေးအတွက် စွဲချက်တင်နိုင်မှာပါ။”

ရဲအရာရှိနှစ်ယောက်က အကြည့်ချင်းဖလှယ်ကာ ဤအကြောင်းကို အတိအကျနားလည်လေသည်။


တခြားသူများ၏ အိမ်ကို တရားမဝင်ကျူးကျော်ဝင်ရောက်လျှင် အများစုမှာ ချုပ်နှောင်ခံရပြီး ဒဏ်ငွေဆောင်ခြင်းနှင့်သာ ပြီးသွားသော်လည်း တခြားသူများအား ရည်ရွယ်ချက်ရှိရှိ ထိခိုက်စေသည့်ပြစ်မှုကို ဆုံးဖြတ်ပြီးလျှင် ထောင်ဒဏ်ကျခံရမည်ဖြစ်၏။

ရှုယိုချန်က ထိတ်လန့်လွန်းတာကြောင့် ချက်ချင်းဆိုသလိုပင် အော်ပြောလိုက်သည်။ “သူတို့…သူတို့အရင်စခဲ့တာပါ။ ကျွန်တော့်ကို အုပ်စုလိုက်အနိုင်ကျင်ခဲ့တာ။! ကျွန်တော်လည်း ဒီလိုဒဏ်ရာစစ်ဆေးမှုမျိုး လုပ်ချင်ပါတယ်!”


မသိနားမလည်သော ချန်ယွိယင်းက အထိတ်တလန့်ဖြစ်ကာ သူမသားကို သံယောင်လိုက်ဖို့သာ သိလေသည်။ “ဟုတ်တယ်…အမှန်ပဲ! သူ ကျွန်မတို့ကို မီးဖိုချောင်ဓားနဲ့ ထိုးသတ်ဖို့ အရင်ကြိုးစားခဲ့တာ!”

လက်ညိုးထိုးခံလိုက်ရသဖြင့် ဖေးယိက ထိတ်လန့်ဟန်ဆောင်ကာ ပေါ်ယွဲ့မင်အနောက်မှာ ပုန်းလိုက်သည်။

စိတ်မကောင်းဖြစ်သွားသော ရှုဝမ်က သူ့ကို ကာကွယ်ပြောဆိုလိုက်၏။ “ရဲအရာရှိတို့…. ကျွန်မသားက ငယ်ငယ်တုန်းက မတော်တဆမှုကြုံခဲ့ရလို့ စိတ်မနှံ့တာပါ။ သူ့ကို လန့်သွားအောင် လှုံ့ဆော်ပေးခဲ့လို့ ဒီလိုဖြစ်ရတာပါ။ သူဘယ်သူ့ကိုမှ ထိခိုက်အောင် မလုပ်ခဲ့ပါဘူး”


ထိုအချိန်တွင် ရှုယိုချန်က တစ်ကိုယ်လုံးနာကျင်သလို ခံစားလိုက်ရပြီး အရက်နာကျနေသော ဦးနှောက်ထဲတွင် ကျန်ခဲ့သော အရက်မှာ သူ၏ကျိုးကြောင်းဆီလျော်မှုကို ပျက်ပြားစေခဲ့သည်။ “မင်း စောက်ရူး!”


ရဲအရာရှိနှစ်ယောက်က မရေမတွက်နိုင်သော လူအများကြီးကို မြင်ဖူးတာကြောင့် အကဲဖြတ်ရာတွင် သူတို့၏ကိုယ်ပိုင်စံနှုန်းများ ရှိလေသည်။


မလုံမလဲဖြစ်ပြီး ကျိန်ဆဲလိုက်သော ရှုယိုချန်၏ စကားကို ကြားလိုက်ရသည့်အခါ အနှီလူမှာ ပြဿနာကြီးကြီးမားမား ရှိနေမှန်း သူတို့သိလိုက်သည်။

“ဆူညံမနေနဲ့… မင်း လူတစ်ယောက်ကို ရိုက်နှက်ပြီးမှ ဆင်ခြေပေးနေတာလာ? ရဲစခန်းရောက်မှ ပြောကြတာပေါ့!”


ရှုယိုချန်က ကြိမ်းမောင်းခံလိုက်ရ၍ အံ့အားသင့်သွားသည်။

ချန်ယွိယင်းက “ရဲစခန်း”ဟူသော စကားလုံးကို ကြားလိုက်သည်နှင့် ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။ သူမက သားဖြစ်သူကို အလိုလိုက်ဖို့သာသိ၍ ရှုယိုချန်ရှေ့မှာ ရပ်တည်ပေးရန် ပြေးသွားလိုက်သည်။


“ရဲအရာရှိတို့… ကိစ္စကဒီလိုမဟုတ်ပါဘူး။ ကျွန်မသားက….အား!”

သူမ၏ဆင်ခြေက ရုတ်ချည်းဖြတ်တောက်ခံလိုက်ရသည်။

ခြေနှစ်လှမ်းသာ ပြေးရသေးသော ချန်ယွိယင်းက ရှုယိုချန် ဖြစ်ကတတ်ဆန်း လွှင့်ပစ်ထားသော တံမြက်စည်းပေါ် တက်နင်းမိသွားသည်။ သူမခြေထောက်က ခြေချော်သွားကာ အားလုံးရှေ့မှာ ဇောက်ထိုးကျသွားခဲ့သည်။

–ဘုန်း

ချန်ယွိယင်း၏ ခန္ဓာကိုယ်၌ အသံရေးရေးလေး ထွက်ပေါ်လာခဲ့သည်။

ထို့နောက် သူမ၏ခါးမှ စူးရှသော နာကျင်မှုသည် သူမမျက်နှာကို အနီမှအဖြူသို့ ပြောင်းသွားစေကာ သူမက အော်ငိုဖို့ပင် အသံမထွက်နိုင်တော့ပေ။

. . . . . .

တစ်နာရီကြာပြီးနောက် ခရိုင်ရဲစခန်းတွင်။

ရှုယိုချန်က သူ့ရှေ့ရှိ ပြည်သူ့လုံခြုံရေး စီမံခန့်ခွဲမှုမှ ပြစ်ဒဏ်စီရင်ချက်ကိုကြည့်ကာ သူ့သူငယ်အိမ်က အကြမ်းပတမ်း တုန်လှုပ်သွားခဲ့သည်။ “ဘာလဲ?”

သက်သေရထားပြီဖြစ်သော ရဲအရာရှိများက တည်ငြိမ်နေပြီး သမာသမတ်ကျကျ ဆက်လက်ကိုင်တွယ်လိုက်၏။ “မင်း သူများရဲ့အိမ်ကို ဖောက်ထွင်းဝင်ရောက်ပြီး သူတို့ကို ရိုက်နှက်ခဲ့တာကို ငါတို့ရှင်းရှင်းလင်းလင်း သိပြီးပြီ။ ငါတို့ မင်းကို ၇ရက်တိတိ ထိန်းသိမ်းထားပြီး မစ္စတာပေါ်ရဲ့ ဒဏ်ရာတွေကို စစ်ဆေးပြီးတဲ့အချိန်ထိ စောင့်မယ်။”


“ကျုပ်ပြောပြီးပြီလေ….သူတို့က အရင်စခဲ့တဲ့သူပါလို့!”

ရှုယိုချန်၏အကြည့်က ဆုံးဖြတ်ချက်စာစောင်မှ အမြန်ရွေ့သွားပြီး သူက မော့ကြည့်လိုက်လေသည်။

ပေါ်ယွဲ့မင်နှင့် ဖေးယိက သူ့ဆန့်ကျင်ဘက်မှာ ထိုင်နေပြီး သတင်းရပြီးသော ရှေ့နေတစ်ယောက်က သူတို့ဘေးမှာ ရှိနေ၏။

ထိုလူက ပရော်ဖက်ရှင်နယ် အပြုံးတုကို တပ်ဆင်ကာ ရှုယိုချန်ကို အကြည့်တစ်ချက်ပင် မပေးခဲ့ပေ။ “ရဲအရာရှိခင်ဗျ… တခြားကိစ္စမရှိတော့ရင် ကျွန်တော်နဲ့ ကျွန်တော့်အမှုသည်က အရင်ပြန်နှင့်ပါမယ်။ တစ်ခုခုလိုအပ်လာရင် ကျွန်တော့်ကို အချိန်မရွေးခေါ်လို့ရပါတယ်။”


ရဲအရာရှိများက ခေါင်းညိတ်လိုက်သည်။ “အင်း…”

ရှေ့နေက သူတို့ကို အသိပေးလိုက်သည်။ “မစ္စတာပေါ်နဲ့ မစ္စတာဖေး… ကျွန်တော်တို့ သွားလို့ရပါပြီ။”

“အင်း…”

ရဲအရာရှိများရှေ့တွင် ပေါ်ယွဲ့မင်က သူ့အိတ်ကပ်ထဲရှိ လမ်းပြတုတ်ကို စမ်းတဝါးဝါး ဖွင့်ထုတ်လိုက်ပြီး သတိဖြင့် ဖြည်းဖြည်းချင်း မတ်တပ်ရပ်လိုက်သည်။

ထိုဆွဲဆောင်မှုရှိ၍ နက်ရှိုင်းသော မျက်ဝန်းက ထွက်ပေါက်လမ်းကြောင်းကို မဆုံးဖြတ်နိုင်သည့်အလား ပတ်ပတ်လည်ကို အာရုံစူးစိုက်မှုကင်းမဲ့စွာ စူးစမ်းရှာဖွေလိုက်သည်။

“ဖေးယိ..သွားရအောင်။” 


နာမည်ခေါ်ခံရသော ဖေးယိက အမိန့်ကို လိုက်နာခဲ့သည်။ သူက မတ်တပ်ထရပ်ပြီး ရှုယိိုချန်၏ ဒေါသမျက်နှာကိုကြည့်ကာ ချက်ချင်ပင် အထိတ်တလန့် ကျုံ့လိုက်လေသည်။ ခေါင်းငုံ့ထားစဥ်မှာ သူက ပေါ်ယွဲ့မင်၏ အဝတ်အစားထောင့်ကို ဆုပ်ကိုင်လိုက်သည်။

“အာ့…အာ့ကော!”

ရှုယိုချန်က သူ့ကို ကြီးကြီးမားမား ထိခိုက်စေခဲ့သည့်အလား ထိုခေါ်သံလေးမှာ ရှိုက်သံအရိပ်အမြွက်တစ်ခု ပါနေခဲ့သည်။

“မကြောက်ပါနဲ့…ကိုယ်တို့ပြန်တော့မှာ။”

ပေါ်ယွဲ့မင်က သူ့ကိုနှစ်သိမ့်လိုက်ပြီး ရှေ့နေ၏ အကူအညီဖြင့် အခန်းထဲမှ ဖြည်းဖြည်းချင်းထွက်သွားခဲ့သည်။

စုံစမ်းစစ်ဆေးရေး အခန်းတံခါးက ပြန်ပိတ်သွားခဲ့သည်။

ရဲအရာရှိတစ်ယောက်က ပြည့်သူလုံခြုံရေး၏ ထိန်းသိမ်းခံရတော့မည့် ရှုယိုချန်ကိုကြည့်ကာ မေးလိုက်သည်။ “ပြောပါဦး… မင်း ဘာကိုငြင်းခုံနေသေးတာလဲ? အဲ့ဒီနှစ်ယောက်မှာ တစ်ယောက်ကအကန်း၊ တစ်ယောက်ကအရူး။ မင်းကို တိုက်ခိုက်ဖို့ သူတို့ဘက်က အရင်လှုပ်ရှားနိုင်လား?”

“…….”


ရှုယိိုချန်က အာစေးမိသွားသည်။ သူ နားမလည်လိုက်သည်မှာ–

နေပါဦး.! မဟုတ်သေးဘူး!

ဗီလာမှာရှိနေတုန်းက ဒီနှစ်ယောက်ရဲ့အခြေအနေက ဒီလိုမဟုတ်ပါဘူး? ရဲစခန်းရောက်တဲ့အချိန်မှ ဘာလို့ အကန်းက ပိုကန်းသွားပြီး အရူးက ပိုရူးသွားတာလဲ?

သူက ပြည်သူ့လုံခြုံရေး ထိန်းသိမ်းမှုစာစောင်ကို စိုက်ကြည့်လိုက်သည်။ သူ့ခန္ဓာကိုယ်က အဆစ်များမှာ အပ်စိုက်ခံထားရသလို နာကျင်နေဆဲဖြစ်ပြီး မနေ့ညက အရက်မူးသွားပြီးနောက် သူ၏ ကြွားလုံးထုတ်မှုနှင့် စိတ်ကူးယဥ်မှုများကို ပြန်သတိရသွားခဲ့သည်။

ဗီလာရဲ့ ဇိမ်ခံအိပ်ရာလား?

အေးစက်သော ထောင်ကုတင်တစ်ခုက သူ့ကိုစောင့်မျှော်နေမှာကိုပင် စိုးရိမ်မိသည်။

. . . . . .

သုံးမိနစ်အကြာတွင် ရဲစခန်းဝင်ပေါက်မှ လူတစ်စုထွက်လာသည်။

ဖေးယိက ပေါ်ယွဲ့မင်၏ အဝတ်အစားထောင့်ကို ကိုင်ထားသော သူ့လက်ကို တိတ်တဆိတ် လွှတ်ပေးလိုက်သည်။ သနားစရာကောင်းပြီး အားနည်းသော ပုံစံကလည်း ပျောက်ကွယ်သွားခဲ့သည်။

ပေါ်ယွဲ့မင်က သူ့အဝတ်အစားထောင့်မှ ပြေလျော့သွားမှုကို သတိထားမိပြီး သူ့မျက်လုံးများက မသိမသာ ပြောင်းလဲသွားသည်။ သူ့မျက်နှာပေါ်၌ အပြုံးပါးလေး တစ်ခုရှိနေခဲ့သည်။

“ဖေးယိ”

“အင်း?” ဖေးယိက အသံပြုပြီး သူ့ကိုကြည့်လိုက်သည်။


“တစ်နေရာရာ ထိခိုက်သွားသေးလား?” ပေါ်ယွဲ့မင် မေးလိုက်သည်။


ဖေးယိက ခေါင်းခါလိုက်ပြီး သူ့မျက်လုံးတွေက ပေါ်ယွဲ့မင်၏ လည်ပင်းပေါ်သို့ မသိစိတ်အလျောက် ရွေ့သွားခဲ့သည်။ ထိုနေရာက သိသိသာသာ နီရဲရောင်ရမ်းနေသည်။ ၎င်းက သူ့ကိုကာကွယ်ရင်းရခဲ့သော ဒဏ်ရာဖြစ်၏။

ထိုအတွေးဖြင့် ဖေးယိ၏ စိတ်ခံစားချက်များက ဖော်မပြနိုင်လောက်အောင် ရှုပ်ထွေးသွားခဲ့သည်။

“နောက်တစ်ခါ ဒီလိုလူနဲ့တွေ့ရင် တိုက်ခိုက်ဖို့ မစဥ်းစားနဲ့။ မင်း ထိခိုက်သွားရင် မတန်ဘူး။ ငါ့မှာ သူတို့တွေကို ဖြေရှင်းဖို့ နည်းလမ်းအများကြီးရှိတယ်။”

“…….”

ဖေးယိက ယနေ့ သူ့အပြုအမူကို ပြန်တွေးလိုက်သည်။ ၎င်းက အမှန်တကယ်ပင် စိတ်လိုက်မာန်ပါ လုပ်ခဲ့ခြင်းဖြစ်၏။ တကယ်တော့ မူလပိုင်ရှင် “အရူးဖောက်”သည့်အခါ တခြားသူများနှင့် ရန်မဖြစ်ဖူးပုံရသည်။

ကံအားလျော်စွာ ပေါ်ယွဲ့မင်က မျက်စိမမြင်သေးပေ။ မဟုတ််လျှင် သူ့ဟန်ဆောင်မှုက အချည်းနှီးဖြစ်သွားလိမ့်မည်။

သူ အသံတိတ်သွားတာကို တွေ့တော့ ပေါ်ယွဲ့မင်က ဆက်ပြောလိုက်သည်။ “ဦးလေးခိုင်နဲ့ ငါက ဆေးရုံသွားလိုက်မယ်။ မင်းနဲ့ အန်တီရှို့က ဗီလာမှာ စောင့်နေ။ ငါ မင်းကိုပြန်လာခေါ်မယ်။”

ဇာက်ပိုးနှင့် ပခုံးပေါ်မှ ဒဏ်ရာများကို အကဲဖြတ်တာနှင့်ယှဥ်လျှင် သူက သူ့မျက်လုံးများ၏ ထူးခြားသော အခြေအနေကို ပိုဂရုစိုက်သည်။

အံ့အားသင့်စရာကို ပြောရမည်ဆိုလျှင် တံမြက်စည်းက သူ့အမြင်အာရုံကို မတော်တဆ ကူညီပေးလိမ့်မည်ဟု ပေါ်ယွဲ့မင် မထင်ထားခဲ့ပေ။ ထို့ကြောင့် သူ ယခုချိန်မှာ အချ်ိိန်မီအရောက်သွားပြီး အသေးစိတ်စစ်ဆေးရမည်။

ပေါ်ယွဲ့မင်က သူ့ရှေ့ရှိ ပုံသဏ္ဍန်ပေါ်လာပြီဖြစ်သော မှုန်ဝါးသော ရုပ်ပုံကိုကြည့်လိုက်သည်။ နပန်းမလုံးခင်က ဖေးယိ၏ “ဖော်ရွေသော”ရေရွတ်သံ** ကို သတိရသွားသဖြင့် သူ ခဏလောက်တော့ ရယ်မောလိုက်မိသည်။

(**ဆဲလိုက်တာကိုပြောတာပါ)

ထုတ်ဖော်မခံလိုက်ရ၍ ဝမ်းသာနေသော ဖေးယိက နားမလည်နိုင်သလို မော့ကြည့်လိုက်သည်။ “အာ့ကော?”

“ဘာမှမဟုတ်ဘူး”

ပေါ်ယွဲ့မင်က သူ့အတွေးအမှန်ကို မဖော်ပြခဲ့ပေ။

သူ ၎င်းကို ရယ်စရာကောင်းသည်ဟု ထင်သည်။


ကြောင်ပေါက်လေးက စိတ်တိုတဲ့အခါ ကျိန်ဆဲတတ်သလို လူတွေကို ရိုက်နှက်တဲ့အခါမှာလည်း ရက်စက်ကြမ်းတမ်းသည်။

________________________________________