Ch 44
Viewers 28k

Chapter 44


ပေါ်ယွဲ့မင်က ဖေးယိ၏ ရင်တွင်းခံစားချက်များကို မသိတာကြောင့် ကိစ္စများကို ခက်ခဲသွားအောင် အတင်းလုပ်မယူချင်ပေ။ သူက နာနေသေးသည့် သူ့ပခုံးကိုထိကာ ညွှန်ပြလိုက်သည်။ “လုပ်ဦး…ဒီနေရာ… ဒီဘက်ကိုဖြန်း”

ခေါင်းစဥ်ပြောင်းသွား၏။

ဖေးယိက သူပြောသည့်အတိုင်း လုပ်ခဲ့ပြီး နီရဲရောင်ရမ်းနေသော အရေပြားပေါ်တွင် အရောင်ကျဆေး ဖြန်းပေးလိုက်ပြီး အေးမြသော အထိအတွေ့ကို ယူဆောင်ပေးခဲ့သည်။

ပေါ်ယွဲ့မင်က ၎င်းကိုပူသွားစေရန် လက်နှင့်ပွတ်သပ်ဖို့ ကြံရွယ်လိုက်သော်လည်း ဒဏ်ရာကို စိတ်ပူနေသော ဖေးယိက တစ်လှမ်းမြန်သွားခဲ့သည်။

သဘာဝအတိုင်း ပူနွေးသော လက်ဖဝါးနှင့် လက်ချောင်းထိပ်များက ဆေးရည်ကိိုထိတွေ့ပြီး ညင်ညင်သာသာ ပွတ်သပ်လိုက်ရာ နောက်ကျောပေါ်တွင် ရေခဲနှင့်မီးတို့၏ ထူးဆန်းသော အထိအတွေ့တစ်ခုကို ခံစားလိုက်ရသည်။

ဆေး၏ မူလအာနိသင်က အရေးမပါသလောက်ပင်။


ပေါ်ယွဲ့မင်က ချောချောမွေ့မွေ့ လက်ရုတ်လိုက်ပြီး သူ့အသက်ရှုသံက တင်းကျပ်လာခဲ့သည်။ သူက သူ့နောက်ကျောမှထွက်လာသော တွန်းအားကို ငြိမ်ငြိမ်လေး ခံစားနေပြီး ဤကာလအတွင်း ဖြစ်ပျက်ခဲ့သော အရာအားလုံးကို ပြန်တွေးကာ သူလျစ်လျုရှုခဲ့သည့် ဖြစ်နိုင်ချေတစ်ခုကို ရုတ်တရက်သိလိုက်ရသည်။


သို့သော် သူ့မျက်လုံးတွေက အပြည့်အဝ ပြန်မကောင်းသေးတာကြောင့် ဤခန့်မှန်းချက်ကို လောလောဆယ် သက်သေမပြနိုင်ပေ။

ဖေးယိက အချိန်တစ်ခုအထိ စိတ်အားထက်သန်စွာ ပွတ်သပ်နေခဲ့ပြီး ဆေး၏ အပူရှိန်က တဖြည်းဖြည်း မြှင့်တက်လာကြောင်း အတည်ပြုပြီးနောက်မှာ သူက မသိချင်ယောင်ဆောင်လိုက်လေသည်။ “....ပြီးပြီ။”

ပေါ်ယွဲ့မင်က လက်ဟန်ပြကာ နောက်တစ်ကြိမ် ညွှန်ကြားလိုက်သည်။ “အိပ်ထဲမှာ ဆေးကပ်ခွာတစ်ခုရှိတယ်။ ကပ်လိုက်..”

ဖေးယိက သက်ဆိုင်ရာဆေးကို ထပ်မံထုတ်ယူလိုက်ပြီး ဖုန်မှုန့်ဒဏ်ခံနိုင်သည့် အပေါ်ယံပလက်စတစ်အလွှာကို ခွာကာ နီရဲရောင်ရမ်းနေသော အစိတ်အပိုင်းကို ဖြည်းညှင်းစွာ ကပ်ပေးလိုက်သည်။

ကပ်ပြီးနောက် သူက ပြန်ကွာကျလာမှာ စိုးရိမ်တာကြောင့်း ဆေးကပ်ခွာ၏ အပြင်အစွန်းကို လက်ချောင်းထိပ်များဖြင့် အလိုအလျောက် ဖိလိုက်လေသည်။

ထိုလက်ချောင်းထိပ်များက ထပ်ခါထပ်ခါ ကုတ်ခြစ်နေသော ကြောင်ပေါက်လေးတစ်ကောင်လိုပင်။ ထိန်းချုပ်လို့မရသော အပူရှိန်နှင့်အတူ တရွရွခံစားချက်များ လိုက်ပါလာသည်။

ပေါ်ယွဲ့မင်၏နောက်ကျောက တောင့်တင်းသွားပြီး သူက ရုတ်တရက်လှည့်လာကာ ပြဿနာဖြစ်စေလိုသည့် ရည်ရွယ်ချက်မရှိသော လက်ကို ဆုပ်ကိုင်လိုက်လေသည်။ “ဖေးယိ…တော်ပြီ!”

အငိုက်မိသွားသော ဖေးယိက ရှေ့ကို ကိုင်းမိသွား၍ သူတို့၏ နှာခေါင်းထိပ်များက အချင်းချင်း ပွတ်တိုက်သွားတော့သည်။

ခဏလောက်တော့ အနမ်းတစ်ပွင့် ထင်ယောင်ထင်မှား ဖြစ်ပေါ်ခဲ့ပုံရသည်။

“…….”

“…….”


ပေါ်ယွဲ့မင်က အလွန်နီးကပ်နေသော မှုန်ဝါးဝါးမျက်နှာလေးကို ကြည့်ကာ သူ့မျက်လုံးထဲ၌ မရပ်တန့်နိုင်သော လှိုင်းလုံးများ ဖြစ်ပေါ်လာခဲ့သည်။


ထိုမျက်လုံးတွေထဲမှာ ကျရောက်နေသော ဖေးယိက သူတို့နှစ်ယောက် အမှတ်တမဲ့ထိတွေ့မိခဲ့သည်ကို အချိန်နှောင်းမှ သိလိုက်ရသည်။ “အာ့…အာ့ကော?” 

ပေါ်ယွဲ့မင်က ယခင်ကနှင့် မတူတော့သည့် ထိုအသံထဲမှ စိုးရိမ်ပူပန်မှုကို ဖမ်းမိလိုက်သည်။ သူ့အတွင်းစိတ်မှန်းဆမှုကို စမ်းသပ်လိုက်သလိုပင် သူက ခပ်ဖျော့ဖျော့ အသက်ရှုသံနောက်ကို လိုက်ကာ နောက်ထပ်လက်မဝက် ရှေ့တိုးလိုက်သည်။ “အင်း?”

သူတို့၏နှာခေါင်းထိပ်များက အနမ်းတစ်ခုကို အစပျိုးတော့မည့်အလား ပွတ်တိုက်နေသည်။

အဆုံးမှာ ဖေးယိက သူ့လက်ကောက်ဝတ်တစ်ဝိုက် ချုပ်နှောင်ခံထားရခြင်းမှ ရုန်းထွက်လိုက်ပြီး သူ့လှုပ်ရှားမှုက ကြီးမားလွန်းသည်ဟု ခံစားလိုက်ရသဖြင့် စကားပြင်ပြောလိုက်သည်။ “ကျွန်တော်…ကျွန်တော် အိပ်ချင်နေပြီ။”

ပေါ်ယွဲ့မင်က သူ့လက်ဗလာကို ညှစ်လိုက်ပြီး တစ်ခုခုကို နားလည်သွားပုံပေါ်ပေမယ့် ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်လိုက်သည်။ “အင်း… မင်းလုပ်တာတော်တယ်။ စောစောအိပ်တော့။ ကောင်းသောညပါ။”

ကလေးတစ်ယောက်ကို ချော့မော့နေသည့်အလား  ထိုရှားရှားပါးပါး နူးညံ့သော လေသံထဲတွင် ဖုံးကွယ်ထားသော အပြုံးအရိပ်အမြွက်တစ်ခု ရှိပြီး ယင်းက သူ့နားစည်ကို တဆတ်ဆတ်တုန်လာစေသည်။

ဖေးယိ၏စိတ်က တခဏမျှ လွတ်ထွက်သွားပြီး သူက ကျင့်သားရနေသည့် ချစ်စရာမျက်နှာဖုံးကို မတပ်ထားနိုင်တော့သဖြင့် မတ်တပ်ထကာ ထွက်ပြေးသွားခဲ့လေသည်။

ရေချိုးဝတ်ရုံက သူ၏လှုပ်ရှားမှုနှင့်အတူ အပေါ်လိပ်တက်သွားကာ ပိုမိုသွယ်လျပြီး ဖြူဖွေးလွန်းသည့် သူ့ခြေသလုံးများကို ပေါ်လွင်သွားစေခဲ့သည်။ ထို့နောက် သူက မျက်စိတစ်မှိတ်အတွင်း တံခါးဝမှ ပျောက်ကွယ်သွားတော့သည်။



ပေါ်ယွဲ့မင်က တံခါးပိတ်သံကို ကြားလိုက်ရသည်။ သူက ဆိုဖာပေါ်မှာ တစ်ယောက်တည်းထိုင်ကာ ၎င်းကို အရသာခံနေခဲ့ပြီးမှ သိသာသော ရယ်မောသံတစ်ခုနှင့်အတူ အလွန်အမင်း စိတ်ရွှင်သွားတော့သည်။

သူက သရုပ်ဆောင်နိုင်သော ကြောင်ပေါက်လေးတစ်ကောင်ကို မတော်တဆ တွေ့ရှိခဲ့ပုံရသည်။

. . . . . . .

အခန်းထဲပြန်လာပြီးနောက် ဖေးယိက လက်ဆေးဖို့ ရေချိုးခန်းထဲ အမြန်ဝင်သွားခဲ့သည်။

ရေအေးက သူ့လက်ဖဝါးကို ဖုံးအုပ်သွားပြီး ဆေးအပူရှိန် ပျောက်ကွယ်သွားချိန်မှသာ သူ ထိုနားမလည်နိုင်သော ခံစားချက်များမှ ရုန်းထွက်နိုင်ခဲ့သည်။

ဖေးယိက မှန်ကြည့်လိုက်ပြီး သူ့နှာခေါင်းထိပ်ကို လှမ်းထိလိုက်သည်။ ထိုနေရာ၌ သူမပိုင်သော အပူချိန်အရိပ်အယောင် ရှိနေသေးပုံရသည်။

“မြောင်~ဝူး~”

စစ်ဆေးရေးမှူး၏ ခပ်ညုညုအသံထွက်ပေါ်လာပြီး ဖေးယိက မှန်ထဲကနေ လှမ်းကြည့်လိုက်သည်။

စစ်ဆေးရေးမှူးက ရေချိုးခန်းတံခါးအပြင်ဘက်တွင် ခေါင်းသေးသေးလေးကို ထုတ်ကာ ဝပ်နေပြီး ဖေးယိ၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေပုံမှာ ချစ်စရာကောင်းလှသည်။

ဖေးယိက ရယ်မောကာ လှည့်ထွက်လာခဲ့သည်။ “မင်းဒီမှာ ဘာထိုင်လုပ်နေတာလဲ? သွားမယ်”


စစ်ဆေးရေးမှူးက ခြေလှမ်းအနည်းငယ်လှမ်းကာ ကြမ်းပြင်ကနေ ကုလားထိုင်ပေါ် ခုန်တက်ဖို့ ကြိုးစားလိုက်ပြီး ထိုမှတစ်ဆင့် ကွန်ပျူတာစားပွဲပေါ် ခုန်တက်သွားလေသည်။ “မြောင်~”

ဖေးယိက ၎င်း၏ ညွှန်ကြားချက်အတိုင်း လိုက်ကြည့်ကာ သူ့ကွန်ပျူတာမှ အလွန်တိတ်ဆိတ်သော “တောင်တောင်”အသံထွက်နေကြောင်း တွေ့လိုက်ရသည်။

ယိုထူဖိုရမ် ဝဘ်ဆိုဒ်မှ မက်ဆေ့တစ်စောင် ဖြစ်နိုင်သည်။

ဖေးယိက မပိတ်ရသေးသော ဝဘ်ဆိုဒ်ကိုဖွင့်ကြည့်လိုက်ရာ ညာဘက်အပေါ်ထောင့်ရှိ မက်ဆေ့စာမျက်နှာတွင် အမှန်တကယ်ပင် မဖတ်ရသေးသော စာများရှိနေခဲ့သည်။

သူက စစ်ဆေးရေးမှူး၏ ဉာဏ်ကောင်းသော ခေါင်းလေးကို ပွတ်သပ်ကာ လီယွမ်ဆီမှ မက်ဆေ့ကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။


“မစ္စတာ Will ၊ လိုင်းပေါ်ရှိလား?”


“သက်ဆိုင်ရာရင်းနှီးမြှုပ်နှံမှု လျှောက်လွှာစာရင်းကို G.M ရဲ့ တရားဝင်အီးမေးလ်ဆီ ပို့ပြီးပြီ။ ဖြစ်ချင်တော့ သူတို့ကလည်း ဒီရက်တွေမှာ ရင်းနှီးမြှုပ်နှံမှု ပရောဂျက်အသစ်တွေကို ရှာဖွေနေတာ။ ဒီတော့ အီးမေးလ်ပို့ပြီး သိပ်မကြာခင်မှာပဲ အကြောင်းပြန်ခဲ့တယ်။ ကနဦး ပရောဂျက်ဆန်းစစ်မှုကို လာမယ့် ဗုဒ္ဓဟူးနေ့မှာ လုပ်ဆောင်မှာ။ ပရောဂျက်ခေါင်းဆောင်အနေနဲ့ ငါ အဲ့ဒီကိုတိုက်ရိုက်သွားရမယ်။”

တစ်ချိန်တည်းမှာ လီယွမ်က ပရောဂျက်ပြိုင်ပွဲ၏ အားသာချက်ဆန််းစစ်မှုဖောင်ကို ပို့ပေးခဲ့သည်။

ဖေးယိက သက်ဆိုင်ရာဖိုင်များကို လက်ခံဖွင့်ကြည့်လိုက်ပြီး တအံ့တသြ မျက်ခုံးပင့်လိုက်မိသည်။

ရိုးရိုးသားသားဆိုရလျှင် လီယွမ်၏ လုပ်ကိုင်နိုင်စွမ်းက သူထင်ထားတာထက် ပိုကောင်းသည်။


“အင်း… ကျွန်တော်ဖတ်ပြီးပြီ။”

တစ်ဖက်ခြမ်းမှ လီယွမ်က သူ့ပြန်စာကို စောင့်နေပုံရပြီး တခဏကြာပြီးနောက် စာပိုဒ်အရှည်ကြီး တစ်ခုကို ပို့လာသည်။


“မစ္စတာ Will က ဘယ်မြို့မှာနေတာလဲ? စိတ်မရှိပါနဲ့.. ငါတို့တွေ တရားဝင် ပူးပေါင်းဆောင်ရွက်တော့မှာဆိုတော့ အပြင်မှာ တွေ့သင့်တယ်လို့ထင်တယ်။ မင်း အင်ပါယာမြို့တော်မှာမရှိရင် ငါ မင်းရှိတဲ့မြို့ကို လာခဲ့မယ်။”


“မင်းက မင်းရဲ့သရုပ်မှန်ကို ဖုံးကွယ်ချင်တာ ငါသိပါတယ်။ ပြီးတော့ ဘယ်ပရောဂျက်မဆို အွန်လိုင်းကနေ ဆောင်ရွက်ပေးမယ်လို့ ပြောခဲ့ပေမယ့် နည်းနည်းလောနေလို့ စိတ်မရှိပါနဲ့။”


“တကယ်တမ်းမှာ ဒီပရောဂျက်က မင်းရဲ့ဖန်တီးမှုနဲ့ ဖွံဖြိုးတိုးတက်မှုပဲ မဟုတ်ဘူးလေ။ အရုဏ်ဦးဂိမ်းရဲ့ နောက်ဆုံးပန်းတိုင်နဲ့ သက်ဆိုင်နေတာ။ ကြိုးစားပြီးလို့ ဘာမှဖြစ်မလာရင် လက်ခံနိုင်ပေမယ့် ကြိုးစားပြီးတော့မှ တခြားသူတွေအတွက် မင်္ဂလာဝတ်စုံချုပ်ပေးနေရတာမျိုး အဖြစ်မခံနိုင်ဘူး။**”

(**သူများအတွက်ကြိုးစားပေးပြီးမှ ဘာအကျိုးအမြတ်မရတာကို ပြောတာပါ။)


“ဒါက နည်းနည်းလေး ဘွင်းဘွင်းကြီး ဖြစ်သွားပေမယ့် စီးပွားဖက်ဖြစ်ဖို့ ပထမခြေလှမ်းက တစ်ယောက်ကိုတစ်ယောက် ယုံကြည်ပြီး ရိုးသားဖို့မလား?” 


ဖေးယိက လီယွမ်ပို့ပေးသော စာသားကို စိတ်မခုပဲ ဖတ်လိုက်သည်။

တစ်ဖက်လူ၏ ရှုထောင့်ကနေ ကြည့်လျှင် သူ လက်ရှိအချိန်မှာ တစ်ဖက်လူ၏ စိုးရိမ်ပူပန်မှုကို နားလည်နိုင်သည်။

တကယ်တော့ လီယွမ်က စင်ရှေ့ကနေ ကြိုးစားပေးနေသော လူဖြစ်ပြီး သူကတော့ စင်နောက်ကနေ အလုပ်လုပ်နေသော လူဖြစ်သည်။

အကယ်၍ လုပ်ဖော်ကိုင်ဖက်တစ်ယောက်၏ စစ်မှန်မှုနှင့် “နောက်ဆုံးမြူ”က သူ ဖန်တီးထားတာဖြစ်ကြောင်း အတည်မပြုနိုင်လျှင် အနာဂတ် ပူးပေါင်းဆောင်ရွက်မှုများကို ပေါက်ကွဲစေမည့် ချိန်ကိုက်ဗုံးဖြစ်လာလိမ့်မည်။


ဝဘ်ဆိုဒ်ပေါ်မှာ ဆက်သွယ်ပြောဆိုရုံဖြင့် ဤစိုးရိမ်ပူပန်မှုကို လုံးလုံးလျားလျား မဖယ်ရှားနိုင်ပေ။


သို့သော်လည်း ယခုချိန်မှာ ဖေးယိက ပေါ်အိမ်တော်တွင် နေထိုင်လျက်ရှိပြီး ပေါ်ယွဲ့မင်နှင့် ဦးလေးခိုင်အပါအဝင် တခြားသူများနှင့် နေ့တိုင်းအတူရှိနေ၏။ သူတို့နှာခေါင်းအောက်ကနေ အပြင်ထွက်ဖို့ မလွယ်ကူပေ။

ထိုထက်ပိုသည်မှာ ယခုအချိန်က အပြင်လူများရှေ့တွင် သူ၏မျက်နှာဖုံးကို ချွတ်ပြသင့်သည့် အချိန်ကောင်းမဟုတ်ဘူးလို့ ထင်မိသည်။

–  တင်း/တောင်

သတိပေးချက်အသံ ထွက်ပေါ်လာပြန်သည်။ “မစ္စတာWill.. ဘယ်လိုထင်လဲ?”


ဖေးယိက သူ၏ နက်နဲသော အတွေးများမှ အသိပြန်ဝင်လာပြီး ခဏလောက် စဥ်းစားပြီးမှ ပြန်ဖြေလိုက်သည်။ “ကျွန်တော်လည်း အင်ပါယာမြို့တော်မှာရှိပါတယ်။ ဒါကြောင့် တွေ့လို့တော့ရပေမယ့် အချိန်နဲ့နေရာကို ကျွန်တော်ဆုံးဖြတ်ပါရစေ။”


“ကျွန်တော့်ဘက်က အခြေအနေက အတော်လေး ထူးခြားလို့ပါ။ လောလောဆယ်တော့ ကျွန်တော် ခင်ဗျားနဲ့ ဆက်သွယ်နိုင်မှာ မဟုတ်ပေမယ့် နောက်တစ်ပတ် GMရဲ့ ကနဦးပရောဂျက်ဆန်းစစ်ပွဲမတိုင်ခင် ခင်ဗျားကိုလာတွေ့ဖို့ အကောင်းဆုံးကြိုးစားပါ့မယ်။ အဆင်ပြေမလား?”

တစ်ဖက်ခြမ်းတွင် လီယွမ်က အလွန်ရိုးရှင်းစွာ တုံ့ပြန်လိုက်သည်။ “ကောင်းပြီ… မင်းစီစဥ်တဲ့အတိုင်းပါပဲ။”

. . . . . .