Ch 45
Viewers 28k

Chapter 45

လေးရက်အကြာတွင်။

လီယွမ်က သူ့ရှေ့ရှိ “မင်ရှန်းစားသောက်ဆိုင်”ဟူသော စာလုံးသုံးလုံး ဆိုင်းဘုတ်ကိုကြည့်လိုက်ပြီး ဖုန်းထဲမှာ Will ပို့ပေးထားသည့် လိပ်စာအသေးစိတ်ကို ပြန်စစ်ဆေးကြည့်ကာ အတော်လေး အံ့အားသင့်သွားရသည်။

သူတို့နှစ်ဦးကြားရှိ တရားဝင်တွေ့ဆုံမှုက ကော်ဖီဆိုင် သို့မဟုတ် စားသောက်ဆိုင်မျိုးတွင် ကျင်းပမည်ဟု သူထင်ခဲ့သော်လည်း ယင်းက ရှေးဟောင်းလက်ဖက်ရည်ဆိုင်တစ်ခု ဖြစ်မယ်လို့  မထင်ထားခဲ့ပေ။


လီယွမ်က သူတို့သဘောတူထားသော အချိန်ကို အတည်ပြုပြီး ကော်ဖီဆိုင်ထဲ စောစောဝင်သွားခဲ့သည်။



အလုပ်ဖွင့်ရက်ဖြစ်၍ နေ့ခင်းဘက် လက်ဖက်ရည်ဆိုင်မှာ တခြားဧည့်သည်များ မရှိသလောက်ပင်ဖြစ်၏။

ကောင်တာမှ ပိုင်ရှင်က အလွန်ချစ်စရာကောင်းသော ချောင်ဆမ်ကို ဝတ်ဆင်ထားပြီး အပြုံးတစ်ခုဖြင့် နှုတ်ဆက်လာသည်။ “မင်္ဂလာပါ… သခင်လေး…. မင်ရှန်းစားသောက်ဆိုင်က ကြိုဆိုပါတယ်။”


လီယွမ် ခေါင်းညိတ်ပြလိုက်သည်။ “မင်္ဂလာပါ…ကျွန်တော်က…”

ဆိုင်ရှင်က သူ့ကို သိနေပုံရသည်။ “မစ္စတာလီယွမ်… ဟုတ်တယ်မလား?” 


လီယွမ် တုန်လှုပ်သွားသည်။ “အင်း..ဟုတ်တယ်။”

“ကျွန်မနဲ့အတူ ဒုတိယထပ်ကို လိုက်ခဲ့ပါ။ ထိုင်ခုံပြင်ဆင်ထားပြီးပါပြီ။” ဆိုင်ရှင်က လီယွမ်ကို အပေါ်ထပ်ရှိ သတ်မှတ်ထားသော လက်ဖက်ရည်ခန်းငယ်တစ်ခုသို့ ခေါ်ဆောင်လာသည်။

ပတ်ပတ်လည်ရှိ နံရံများကို သစ်သားပြတင်းကာများဖြင့် ပိုင်းခြားထားပြီး ပန်းပင်အိုးလေးများလည်း ရှိသည်။ အခန်းနာမည်ကို ကိုယ်စားပြုသည့် သစ်တော်ပွင့်ဓာတ်ပုံများကိုလည်း ထားရှိပေးပြီး သစ်သားစားပွဲပေါ်တွင် ဖျော်ထားသော လက်ဖက်ရည်အိုးတစ်လုံးရှ်ိသည်။ ပတ်ဝန်းကျင်က အလွန်သက်တောင့်သက်သာရှိလေသည်။


လီယွမ်က သစ်တော်ပွင့်ဓာတ်ပုံကို အပြုံးတစ်ခုဖြင့် စိုက်ကြည့်လိုက်သည်။

ပိုင်ရှင်ဖြစ်သူကလည်း ဖော်ရွေသည်။ “မစ္စတာလီ… ထိုင်ပါဦး… တစ်ခုခုလိုအပ်ရင် စားပွဲပေါ်က လူခေါ်ခေါင်းလောင်းကို ဖိလိုက်လို့ရပါတယ်။”

“ ကျေးဇူးပါ”


အခန်းတံခါးပိတ်သွားခဲ့သည်။

လီယွမ်က ထိုင်ချလိုက်ပြီး စောင့်နေရင်းဖြင့် လက်ဖက်ရည်သောက်ရန် လက်ဖက်ရည် လောင်းထည့်နေစဥ် ဘေးခန်းမှ တံခါးခေါက်သံနှစ်ချက်ကို ကြားလိုက်ရသည်။

ဒေါက်ဒေါက်

တစ်ချိန်တည်းမှာပင် “မစ္စတာလီ”ဟူသော အခေါ်အဝေါ်ကို ကြားလိုက်ရသည်။င


အသံက ငယ်ရွယ်ပြီး သာယာလှသည်။ 


လက်ဖက်ရည်ခွက် ကိုင်ထားသော လီယွမ်၏လက်က တုန်ခါသွားပြီး သူ သဘောပေါက်လိုက်သည်။ “မစ္စတာ Willလား? ဘယ်တုန်းကရောက်တာလဲ?”

ဘေးက လက်ဖက်ရည်ခန်းမှာ ထိုင်နေသော ဖေးယိက အနှီလူ၏ ဖုံးကွယ်လို့မရသော အံ့အားသင့်မှုကိုကြားလိုက်ရပြီး နှုတ်ခမ်းစေ့လိုက်သည်။ “ကျွန်တော်ပါ… ဒီကိုရောက်တာ ခင်ဗျားထက် နည်းနည်းစောတယ်။”

ပေါ်ယွဲ့မင်နှင့် ဦးလေးခိုင်မှာ အရေးကြီးလုပ်စရာတစ်ခုရှိပြီး မနက်အစောကြီး အပြင်ထွက်သွားခဲ့သည်။ သူက ဒရိုက်ဘာလောင်ဖူနှင့် တခြားသူများကို ရှောင်ကွင်းကာ ဗီလာ၏ အိမ်နောက်ဖေးမှ နံရံကိုကျော်တက်ပြီး ခိုးထွက်ခဲ့ရသည်။


ဖေးယိက လီယွမ် စောစောရောက်လာမည်ဟု ခန့်မှန်းထားတာကြောင့် သူသည်လည်း စောစောလာပြီး ဆိုင်ပိုင်ရှင်အား ကပ်လျက်အခန်းငယ်လေး နှစ်ခန်းကို စီစဥ်ခိုင်းခဲ့သည်။

ပြတ်ပြတ်သားသား ပြောရလျှင် သူက တစ်ဖက်လူနှင့် လူချင်းမတွေ့ချင်ခဲ့ပေ။

ဤနေရာကို ရွေးချယ်ခဲ့ရခြင်း အကြောင်းအရင်းမှာ အလုပ်ဖွင့်ရက်ဖြစ်၍ ဤအချိန်၌ သူစိမ်းများက သူတို့၏စကားဝိုင်းကို မကြားနိုင်လို့ဖြစ်သည်။

“မစ္စတာလီ၊ ဒီလိုပုံစံနဲ့ တွေ့လိုက်ရလို့ တောင်းပန်ပါတယ်။ ကျွန်တော့်အခြေနေက ထူးခြားနေလို့ပါ။ ဒါပေမယ့် ဒီကိုလူကိုယ်တိုင်လာခဲ့တာက ယုံကြည်စေချင်လို့ပါ။” 

ဖေးယိ အရူးဟန်ဆောင်နေစဥ်မှာ သူ့အသံကို လျှော့ကာ နူးညံ့သိမ်မွေ့ပြီး လိမ္မာရေးခြားရှိသလို ဟန်ဆောင်ရသည်။ သို့သော် ယခုအခါတွင် သူက သက်တောင့်သက်သာရှိသော သဘာဝအသံကို အသုံးပြုခဲ့ပြီး အခန်းငယ်လေး၏ သစ်သားနံရံကလည်း ပဲ့တင်သံဖြင့် ၎င်းကို ဖြန့်ကျက်ပေးနေ၏။


ဤနည်းဖြင့် သူနှင့် နှစ်ကြိမ်သာ တွေ့ဆုံဖူးသော လီယွမ်က အမှားအယွင်းတစ်စုံတစ်ရာကို မကြားခဲ့ရပေ။


“မစ္စတာလီ… “နောက်ဆုံးမြူ ဗားရှင်း 1.0” အတွက် ကျွန်တော်က ဇာတ်လမ်းဗိသုကာပညာရှင်အနေနဲ့ တာဝန်ယူပါမယ်။” 

“တရားဝင်မမိတ်ဆက်ခင်မှာ အပြီးရေးထားတဲ့ဖန်တီးမှုဇာတ်လမ်းနဲ့ အခြေအနေအစိတ်အပိုင်းတွေကို ထောက်ပံ့ပေးပါမယ်။ ဖွံဖြိုးတိုးတက်ရေးကာလမှာ အဆက်အသွယ် ပြတ်တောက်သွားမှာ မဟုတ်သလို ကြိုးစားအားထုတ်ရမယ့် နေရာတွေမှာလည်း ကျွန်တော် ဝတ်ကျေတန်းကျေလုပ်မှာ မဟုတ်ဘူး”

“ပြီးတော့ “နောက်ဆုံးမြူ 2.0” တရားဝင်မမိတ်ဆက်ခင်မှာ ကျွန်တော့်မျက်နှာအစစ်ကို ပြမယ်လို့ ကတိပေးတယ်။ အဲ့ဒီအချိန်ကျရင် ကျွန်တော် ခင်ဗျားရဲ့ စီးပွားဖက်ဖြစ်ဖို့ အရည်အချင်းပြည့်မီရဲ့လားဆိုတာကို ပြန်အတည်ပြုနိုင်မှာပါ။”


လီယွမ်က Will၏စကားများကို ယုံကြည်စိတ်ချလို့ ရမရ တိတ်တဆိတ် အကဲဖြတ်နေပြီး သူ၏ အလိုလိုသိစိတ်က ပထမဆုံးအကြိမ်နဲ့ တူတူပဲလို့ ပြောနေသည်။

ဤလူက ယုံကြည်ထိုက်သည်။


ထို့အပြင် သူဖန်တီးထားသော “နောက်ဆုံးမြူ”ဂိမ်းက အရုဏ်ဦးဂိမ်းကို ပြန်ဆွဲခေါ်နိုင်သည့် နောက်ဆုံးကြိုးတစ်ချောင်းဖြစ်နိုင်သည်။

ဖေးယိက တစ်ဖက်လူ၏ တိတ်ဆိတ်မှုကို လက်ခံကာ သင့်လျော်သော အချိန်ပမဏကို စောင့်ဆိုင်းပြီးနောက် မေးလိုက်သည်။ “မစ္စတာလီ…ဘယ်လိုထင်လဲ?”

သူနှင့် အရုဏ်ဦးဂိမ်းတို့က ချောက်ကမ်းပါးအစွန်းကို ရောက်နေတာဖြစ်၏။ နောက်ဆုံးအခွင့်အရေးကို ဘာလို့မကြိုးစားကြည့်ရမှာလဲ?

လီယွမ်က ဆုံးဖြတ်ချက်ချလိုက်၏။ “ကောင်းပြီ!”


“ဒါဆို ဝိုင်အစား လက်ဖက်ရည်ခွက်တိုက်ပြီး ပျော်ရွှင်ဖွယ် ပူးပေါင်းဆောင်ရွက်မှုလို့ ဆုတောင်းကြမယ်။ စကားမစပ်….” ဖေးယိက ခေတ္တရပ်လိုက်ပြီး အလုပ်အကြောင်း လေးလေးနက်နက် ပြောလိုက်၏။ “”နောက်ဆုံးမြူ”ဂိမ်းရဲ့ စရိုက်လက္ခဏာတွေကို ခင်ဗျားနဲ့ ဆွေးနွေးချင်တယ်။” 

လီယွမ်က ရယ်မောကာ သစ်သားစားပွဲကို လက်ဖက်ရည်ခွက်နှင့် အသာပုတ်လိုက်သည်။ “ကောင်းပြီလေ။”

. . . . . .


သူတို့နှစ်ယောက်က နာရီဝက်နီးပါး ဆွေးနွေးခဲ့ကြသည်။


ဖေးယိက အချိန်ကို တစ်ချက်ကြည့်လိုက်သည်။ “မစ္စတာလီ… ဒီနေ့ဒီမှာပဲရပ်လိုက်ရအောင်။ ကျွန်တော့်မှာ ကိုယ်ရေးကိုယ်တာ ကိစ္စလေးတွေရှိလို့ပါ။”

၎င်းကိုကြားတော့ လီယွမ်က အလျင်အမြန် တုံ့ပြန်လိုက်သည်။

Willနှင့် တရားဝင်ပြောဆိုဆက်သွယ်ပြီးနောက်မှာ “နောက်ဆုံးမြူ”ဂိမ်း၏ ဆက်တင်များအပေါ် သူ၏ယုံကြည်မှုက တိုးမြင့်လာပြီး သူက ချက်ချင်းထပြန်ကာ သူ၏ရင်းနှီးမြှုပ်နှံမှု အစီအစဥ်ကို စတင်ရန် စိတ်အားထက်သန်နေခဲ့သည်။

တစ်ဖက်ခန်းက ဖေးယိက အချိန်အတော်ကြာ မလှုပ်ရှားသည်ကို တွေ့လိုက်ရတော့ လီယွမ်က ပြောလိုက်သည်။ “မစ္စတာWill… ငါ အရင်သွားလို့ရမလား?”


ဖေးယိက သူ့ကိုမတားခဲ့ပေ။ “အင်း… အွန်လိုင်းကနေ ဆက်သွယ်လိုက်မယ်။”

“ကောင်းပြီ။”

လီယွမ်က လက်ဖက်ရည်ခန်းလေးကို ဖွင့်ကာ ထွက်သွားခဲ့သည်။ Will ရှိသော အခန်းကို ဖြတ်ကျော်သွားသည့်အခါ သူ့ခြေလှမ်းများက မသိစိတ်အလျောက် ရပ်သွားခဲ့သည်။


သူတို့က တံခါးတစ်ချပ်သာ ခြားနေ၏။


လီယွမ်က Will ၏ မျက်နှာအစစ်ကို မြင်နိုင်ရန် ဖြည်းညှင်းစွာ တွန်းဖွင့်လိုက်ဖို့သာ လိုသော်လည်း သူ တကယ်လုပ်လိုက်မည်ဆိုလျှင် သူတို့နှစ်ဦးကြားရှိ ယုံကြည်မှုကို တိုက်ရိုက်ထိခိုက်သွားလိမ့်မည်။


တံခါးဝမှာ ခြေလှမ်းများရပ်တန့်သွားပြီး တဖြည်းဖြည်းလျှောက်သွားကာ ပျောက်သွားတော့သည်။

ဖေးယိက သူ့ခွက်ထဲက လက်ဖက်ရည်ကို သောက်လိုက်ပြီး လီယွမ်အပေါ် ယုံကြည်မှုက ပိုတိုးလာခဲ့သည်။


သူ ယနေ့ ရဲဆေးတင်ကာ လာခဲ့ရသည့်အတွက် လီယွမ် သူ့ကို မယုံပဲ တံခါးတွန်းဖွင့်လာမည်ကို သူ တိတ်တဆိတ်ပြင်ဆင်လာခဲ့သည်။ သို့သော် တစ်ဖက်လူ၏ လုပ်ရပ်က ဤပူးပေါင်းဆောင်ရွက်မှုနှင့် ပတ်သက်ပြီး ဘယ်လောက်ရိုးသားလဲဆိုတာကို ပြသခဲ့သည်။

ထို့ကြောင့် ဖေးယိက အနာဂတ်ပူးပေါင်းဆောင်ရွက်မှုကို တစ်ရာရာခိုင်နှုန်း လေးနက်မှုဖြင့် ဆက်ဆံလိုစိတ်ရှိသည်။

ဖုန်းပေါ်က အချိန်က နေ့လည် သုံးနာရီခွဲဖြစ်သည်။

ဖေးယိက သူ၏အလုပ်ချိန်မှ လွတ်မြောက်သွားပြီး သူ့အစီအစဥ်၏ နောက်ထပ်ခြေလှမ်းများကို စဥ်းစားခဲ့သည်။


သူ ဤကဲ့သို့ ခိုးထွက်လာသည်ကို ပေါ်ယွဲ့မင် သိသွားမှာ သေချာတာကြောင့် သူက လွတ်မြောက်ရန် နည်းလမ်းကို စဥ်းစားခဲ့သည်။



သူက လွန်ခဲ့သည့်နှစ်ရက်က ချင်ယိရွှင်း သူ့ကိုပေးခဲ့သော ကုမ္ပဏီလိပ်စာကို ရှာလိုက်ပြီး အမည်ခံအစ်ကိုကြီးအား သူ့ကိုခေါ်ထုတ်ခိုင်းရန်် စီစဥ်ခဲ့သည်။


ချင်ယိရွှင်းနှင့် ပေါ်ယွဲ့မင်တို့ တွေ့သွားသည့်တိုင် သူတို့က သူတို့၏ ပင်ကိုစရိုက်အရ စကားအများကြီးပြောဖို့ မဖြစ်နိုင်ပေ။


သူတို့စကားနည်းလေ သူ့လျှို့ဝှက်ချက်တွေကို အလွယ်တကူ မဖော်ထုတ်နိုင်လေဖြစ်၏။


လီယွမ် ဆိုင်နှင့် ဝေးသွားပြီးဖြစ်ကြောင်း အတည်ပြုပြီးနောက် ဖေးယိက ချက်ချင်းမတ်တပ်ရပ်ကာ ထွက်ခွာသွားခဲ့သည်။

. . . . . .

တရုတ်နိုင်ငံရှိ အမှီအခိုကင်းသော အရဲစွန့်ခြင်းဆိုင်ရာ အကြီးမားဆုံးကုမ္ပဏီအနေဖြင့် STS က အမျိုးမျိုးသော လုံခြုံရေးဆိုင်ရာ ဖြစ်ရပ်များအတွက် တိုင်ပင်ဆွေးနွေးလို့ရပြီး သက်ဆိုင်ရာ အကာအကွယ်များကို ထောက်ပံ့ပေးသည်။

လူနေရပ်ကွက်များ၊ ကိုယ်ပိုင်စတိုးဆိုင်များနှင့် စီးပွားရေးရပ်ကွက်များမှစ၍ အနုပညာရှင်များနှင့် နာမည်ကြီးများ၏ နေအိမ်လုံခြုံရေး၊ လုပ်ငန်းနှင့် သက်ဆိုင်သော ပုဂ္ဂိုလ်တစ်ဦးချင်းစီကို…  ကာကွယ်ပေးခြင်း၊ သတိပေးခြင်းနှင့် သဘာဝ သို့မဟုတ် လူလုပ်ဘေးအန္တရာယ်များမှ ကာကွယ်ပေးခြင်းတို့ကိုလည်း လုပ်ဆောင်သည်။

သူ၏ ထူးချွန်ထက်မြက်သော အရည်အချင်းများနှင့် အပြုအမူကြောင့် စစ်တပ်မှအနားယူပြီးနောက်ပိုင်းတွင် ချင်ယိရွှင်းက STS အင်ပါယာမြို့တော်ရုံးချုပ်၏ မန်နေဂျာအသစ်အဖြစ် ဖိတ်ခေါ်မှုကို လက်ခံရရှိခဲ့သည်။

ဤအလုပ်အတွက် သင့်တော်မှုရှိမရှိ စဥ်းစားပြီးနောက်မှာ ချင်ယိရွှင်းက လက်ခံခဲ့သည်။


တိုက်ရိုက်ဆန်သော အကြောင်းပြချက်မှာ ကုမ္ပဏီသည် အင်ပါယာမြို့တော်၌ တည်ရှိပြီး ဖေးယိနှင့် အချိန်မရွေး တွေ့နိုင်တာကို နားလည်သွားလို့ဖြစ်၏။


ဒေါက်…ဒေါက်


တံခါးခေါက်သံထွက်ပေါ်လာသည်။

အလုပ်သင်လက်ထောက်က ခွင့်ပြုချက်ရရှိပြီးနောက်မှာ ရုံးခန်းထဲသို့ သတိချပ်၍ ဝင်လာသည်။ “သူဌေးချင်”


ချင်ယိရွှင်းက ရုံးတက်တာ ငါးရက်သာရှိသေးပြီး သူ၏လေးနက်သော အပြုအမူနှင့် တင်းကျပ်သော အလုပ်လုပ်ပုံတို့သည် သူ့လက်အောက်ရှိ ဌာနများစွာကို ထိတ်လန့်စေခဲ့သည်။

ခေါင်းမော့လာခြင်းမရှိပဲ ချင်ယိရွှင်းက ဘေးက ကော်ဖီခွက်ကို ညွှန်ပြကာ ရှင်းပြလိုက်သည်။ “ထပ်ပြောမယ်။ အလုပ်ချိန်မှာ ငါ့အတွက် ကော်ဖီဖျော်ပေးဖို့ မလိုဘူး။ ငါက လက်ဖက်ရည်နဲ့ ရိုးရိုးရေပဲသောက်တယ်”

ကော်ဖီကဲ့သို့ ခါးသီးသောအရာသည် သူ ဘယ်တော့မှ ကျင့်သားရလာမည့် အရာမဟုတ်ပေ။


အလုပ်သင်လက်ထောက်က စိတ်သက်သာရာရသွားပြီး အလျင်စလို ခေါင်းညိတ်လိုက်သည်။ “ဟုတ်ကဲ့ပါ…သူဌေးချင်… ဒါဆို အခုလဲပေးပါမယ်”

နောက်စက္ကန့်မှာ တံခါးခေါက်သံ နောက်တစ်ချက်ပေါ်လာသည်။


အတွင်းရေးမှူး အိုက်လင်က ချဥ်းကပ်လာကာ ပြောလိုက်၏။ “မစ္စတာချင်… ဖေးယိနာမည်နဲ့ ကောင်လေးတစ်ယောက်က ဧည့်ခန်းထဲမှာ ခင်ဗျားကိုစောင့်နေတယ်လို့ ကောင်တာက ပြောခိုင်းလိုက်ပါတယ်။”


ချင်ယိရွှင်းက သူ၏ စူးရှသော မျက်နှာပေါ်တွင် မရေရာမှုတစ်ခုနှင့်အတူ ဆတ်ခနဲခေါင်းမော့လိုက်သည်။ “ဘာ?”

အတွင်းရေးမှူး အိုက်လင်က ဆက်ပြောလိုက်သည်။ “သူ ကြိုတင်ချိန်းဆိုထားတာလည်းမရှိဘူး။ ရှေ့ကောင်တာကလည်း သူဌေးရဲ့ အလုပ်ချိန်ဇယားကို မသိတော့….”

သူမ စကားမဆုံးခင်မှာ ချင်ယိရွှင်းက အလုပ်သင်လက်ထောက်နှင့် အတွင်းရေးမှူး၏ အကြည့်နှစ်ခုအောက်မှာ ပြေးထွက်သွားခဲ့သည်။

သူက ဖြတ်သွားသော လေပြင်းနှင့်တူသည်။

အလုပ်သင်လက်ထောက်က မရေမရာ မျက်တောင်ခတ်လိုက်သည်။ “အစ်မအိုက်လင်… သူဌေးချင် ပြုံးလိုက်တာလား?”

အတွင်းရေးမှူး အိုက်လင်က အံ့အားသင့်သွားသည်။ “ငါတို့ အမြင်မှားသွားတာမလား?”

. . . . . .

အောက်ထပ်ဧည့်ခန်းမတွင် ဖေးယိက အနားယူသည့်နေရာမှ ဆိုဖာတစ်ခုပေါ်တွင် စိတ်ရှည်ရှည်ထိုင်နေသည်။


သူက တစ်ဖက်လူ၏ အရေးကြီးအလုပ်များကို နှောင့်ယှက်မိမှာ စိုးရိမ်တာကြောင့် တိုက်ရိုက်မခေါ်ပဲ လိမ္မာရေးခြားရှိဟန်ဆောင်ကာ ကောင်တာကိုသွားပြီး နာမည်ကို သတင်းပို့လိုက်သည်။


ဖေးယိက ခဏလောက်တော့ စောင့်ရဦးမည်ဟု ထင်ထားသော်လည်း ငါးမိနစ်အတွင်းမှာ ခြေလှမ်းသံများ တဟုန်ထိုးရောက်လာမည်ဟု မထင်ထားခဲ့ပေ။

ချင်ယိရွှင်းက အံ့သြမှု၊ မယုံကြည်နိုင်မှုတို့ဖြင့် သူ့အနားကို ခပ်မြန်မြန်လျှောက်သွားလိုက်သည်။

“ ရှောင်ယိ… ဒီမှာဘာလုပ်နေတာလဲ? ပေါ်ယွဲ့မင်က တစ်ယောက်ယောက်နဲ့ ပို့ခိုင်းလိုက်တာလား?”


ဖေးယိ၏မျက်လုံးများ လက်သွားကာ သူက ရှက်ကိုးရှက်ကန်း ဆင်ခြေတစ်ခု ပေးလိုက်သည်။ “အစ်ကို…၊ အရသာရှိတာ စားမလို့ပါ”

လွန်ခဲ့သည့်တစ်ပတ်က သူ့ညီလေးအား ကတိပေးခဲ့သည်ကို ချင်ယိရွှင်း သတိရသွားသည်။ သူက ယခုတစ်ပတ်မှာ အလုပ်တစ်ခုကို လက်ခံထားပြီး အလုပ်ရှုပ်နေခဲ့၍ အချိန်ကိုမေ့လုနီးပါးဖြစ်သွားတာကြောင့် ဖေးယိအား သူ့ဆီ လူကိုယ်တိုင် လာစေခဲ့မိသည်။


တစ်ချိန်တည်းမှာ ဝမ်းနည်းဝမ်းသာဖြစ်သွားပြီး ဖေးယိက သူ့မေးခွန်းကို မဖြေခဲ့သည်ကို လုံးလုံးမေ့သွားကာ ဤအကြောင်းပြချက်ကိုသာ လက်ခံလိုက်လေသည်။

ပေါ်ယွဲ့မင်က ဂရုစိုက်ပေးတတ်သူမို့ သူတို့နှစ်ယောက်တွေ့ဆုံရန် ဖေးယိအား ပို့ပေးခဲ့တာဖြစ်မည်။

ချင်ယိရွှင်းက သူ့ညီလေးကိုကြည့်ကာ အလုပ်ပင်ပန်းသမျှ စိတ်သက်သာရာရသွားခဲ့သည်။ “ဟုတ်တယ်…အစ်ကို မင်းကို ကတိပေးထားတယ်လေ။ ဒီညခေါ်သွားပေးမယ်…ဟုတ်ပြီလား?”


“အင်း!”

ဖေးယိက သူလိုချင်သောအဖြေကို ရပြီးနောက် သူသယ်လာသော အိတ်ကို လွှဲပေးလိုက်သည်။ “ရော့”

သူ ချင်ယိရွှင်းကို လာရှာခဲ့တာဖြစ်၍ သူလည်း တစ်ခုခုယူလာပေးသင့်သည်ဟု တွေးခဲ့သည်။

ချင်ယိရွှင်းက အံ့အားသင့်သွားသည်။ “ရှောင်ယိ… မင်း ငါ့ကိုပေးတာလား?”

ဖေးယိက စကားအများကြီးမပြောချင်ဟန်ဖြင့် ခေါင်းညိတ်ပြပြီး အိတ်ကို ချင်ယိရွှင်းလက်ထဲ ထိုးထည့်ပေးလိုက်သည်။

လက်ဆောင်သေးသေးလေးများ ပေးခြင်းက တမင်ရည်ရွယ်ပြီး လိမ္မာပါးနပ်လွန်းတယ်လို့ ခံစားရသဖြင့် သူက နေ့စဥ်အသုံးများသော ပစ္စည်းများနှင့် စတင်ရန်ဆုံးဖြတ်ခဲ့သည်။


မနက်တိုင်း သုံးလေ့ရှိသော ပေါ်ယွဲ့မင်၏ ကော်ဖီခွက်ကို စဥ်းစားကာ သူက ချင်ယိရွှင်းကိုလည်း ထိုလူစားမျိုးဟု ခံစားရတာကြောင့် လက်ဖက်ရည်ဆိုင်က ထွက်လာပြီးနောက်မှာ သူသည် ဤကော်ဖီခွက်ကိုဝယ်ရန် ကော်ဖီဆိုင်တစ်ခု တကူးတကရှာခဲ့ရသည်။

ဖေးယိကိုယ်တိုင်က ကော်ဖီအရသာကို မခံစားနိုင်ပေမယ့် ချင်ယိရွှင်း ၎င်းကိုလက်ခံပေးဖို့ မျှော်လင့်မိသည်။

ချင်ယိရွှင်းက သူ့ရင်ထဲရှိ ဝမ်းသာပိီတိကို ဖိနှိပ်လိုက်ပေမယ့် သူ့ပါးစပ်ထောင့်က အပြုံးမှာတော့ စံနှုန်းကို ကျော်လွန်နေ၏။ ယင်းက ထိုအိတ်ထဲမှ အမေရိကာနို အအေးတစ်ခွက်ကို မထုတ်ယူခင်အထိဖြစ်၏။

“……..”


ချင်ယိရွှင်း၏ အပြုံးက နှစ်စက္ကန့်..သုံးစက္ကန့်မျှ ရပ်တန့်သွားသည်။ သူ့ညီလေး၏ တလက်လက်တောက်ပနေသော မျက်လုံးများကို မြင်လိုက်ရစဥ် သူက အစောပိုင်း၌ ရုံးခန်းထဲမှာ ရှင်းပြခဲ့သော သူ၏အလေ့အထများကို လုံးလုံးလျားလျား စွန့်လွှတ်ကာ သင့်လျော်မှန်ကန်သော ဆုံးဖြတ်ချက်ကို ချခဲ့လေသည်။

“မင်း ငါ့ကို ကောင်းကောင်းသိတာပဲ။ မင်းအစ်ကိုကြီးက ကော်ဖီသောက်ရတာ အကြိုက်ဆုံးပဲ!”