Chapter 46
ချင်ယိရွှင်းက အလုပ်စောစောဆင်းခဲ့ပြီး နှစ်ယောက်သား စားသောက်ဆိုင်ကားပါကင်ကို ရောက်တော့ ခြောက်နာရီသာရှိသေးသည်။
ကား၏ ရေခဲသေတ္တာလေးထဲသို့ ချင်ယိရွှင်း ကော်ဖီခွက်ထည့်လိုက်သည်ကို ကြည့်ကာ ဖေးယိ မှင်တက်သွားမိသည်။
ချင်ယိရွှင်းက ပြောလိုက်သည်။ “အရင်ဆုံးစားကြမယ်။ အစ်ကို အဲ့ဒါကို နောက်မှသောက်လိုက်မယ်။”
ဤကော်ဖီခွက်က နှစ်များစွာကြာပြီးမှ ဖေးယိ သူ့ကို ပေးခဲ့သော ပထမဆုံးလက်ဆောင်ဖြစ်၏။ ချင်ယိရွှင်းက ၎င်းကို အလွန်တန်ဖိုးထားသဖြင့် ပေါ့ပေါ့တန်တန် မသောက်ပစ်လိုက်ချင်ပေ။
ဖေးယိက ခေါင်းညိတ်ကာ ချင်ယိရွှင်းကို ကိုယ်တိုင်စီမံခွင့်ပေးလိုက်သည်။
သူ၏နာခံမှုရှိပြီး လိမ္မာရေးခြားရှိသော ပုံစံကိုကြည်ကာ အမြဲတမ်း ချုပ်တည်းထားလေ့ရှိသော ချင်ယိရွှင်းက ဖေးယိ၏ခေါင်းကို လှမ်းပွတ်ပေးလိုက်မိသည်။ နူးညံ့ပျော့ပျောင်းသော ဆံပင်က သူ့လက်ဖဝါးနှင့် ထိတွေ့သွားပြီး ၎င်းမှ ယူဆောင်လာပေးသော ယားယံမှုတို့က သူ့နှလုံးသားအောက်ခြေကို လာထိခဲ့သည်။
နှစ်ထောင်ချီကြာအောင် ပြောင်းလဲမသွားသော ချင်ယိရွှင်း၏ တင်းမာမှုနှင့် ဥပေက္ခာပြုမူတို့က သူ့ညီလေးရှေ့မှာ ပျောက်ကွယ်သွားရသည်။ “ကားပေါ်ကဆင်းပြီး သွားစားကြမယ်။”
ဖေးယိ၏ ရုတ်တရက် ရောက်ရှိလာမှုကြောင့် ချင်ယိရွှင်းက မပြင်ဆင်ထားသဖြင့် သူ့သူငယ််ချင်းများမှတစ်ဆင့် အဆင့်မြင့်သော စားသောက်ဆိုင်တစ်ခုကိုသာ ယာယီဘိုကင်လုပ်ခဲ့ရသည်။ “ကန္တာရနှင်းဆီ”ဟူသော နာမည်က အတော်လေး စာပေဆန်သည်။
ချင်ယိရွှင်းက သက်ဆိုင်ရာအချက်အလက်ကို ပြောပြလိုက်ပြီး မန်နေဂျာဘက်က အတည်ပြုပြီးနောက်မှာ သူက လူနှစ်ဦးအား အပေါ်ထပ်သီးသန့်ခန်းသို့ ကိုယ်တိုင်ခေါ်ဆောင်သွားခဲ့သည်။
“မစ္စတာချင်.. ဒါကဒီလိုပါ..ခင်ဗျားတို့က အချိန်ကပ်မှ ကြိုတင်အခန်းယူထားတော့ ကျွန်တော်တို့က လောလောဆယ်မှာ ဒုတိယထပ်ထောင့်စွန်းက သီးသန့်ခန်းကိုပဲ စီမံနိုင်ခဲ့ပါတယ်။ နေရာလေးတော့ နည်းနည်းကျဥ်းသွားလိမ့်မယ်ဗျ။”
“တခြားသီးသန့်ခန်းတွေ အားသွားမှ ခင်ဗျားတို့နေရာကို ရွှေ့ပေးဖို့ စားပွဲထိုးကို မှာထားပါမယ်။ အဆင်ပြေမလားဗျ?”
“ရပါတယ်။”
ချင်ယိရွှင်းက ချက်ချင်းတုံ့ပြန်လိုက်သည်။ ဤစားသောက်ဆိုင်က အရသာကောင်းသည်ဟု ကြားခဲ့တာကြောင့် သူက ဖေးယိအား အသစ်တစ်ခုခု မြည်းစမ်းကြည့်စေချင်ခဲ့သည်။
တည်နေရာအရတော့ သူတို့နှစ်ဦးတည်းသာရှိ၍ သီးသန့်ခန်း၏ ပတ်ဝန်းကျင်အဆင်ပြေသရွေ့ ကိစ္စမရှိပါပေ။
သူတို့သုံးယောက်က ဓာတ်လှေကားစီးပြီး ဒုတိယထပ်ရှိ သီးသန့်ခန်းဧရိယာသို့ ရောက်လာသည်။
ထွက်ပေါက်လမ်းကြောင်း၏ တစ်ဖက်တစ်ချက်စီမှာ “ကန္တာရမြေမီးဖို” ဒီဇိုင်းတစ်ခုရှိပေမယ့် နံရံများကို နှင်းဆီပန်းပွင့်မျိုးစုံဖြင့် ကာခြားထားပြီး အခန်းတံခါးများကို နှင်းဆီပန်းအမျိုးမျိုး၏ နာမည်များဖြင့် ခွဲထားသည်။
ခြုံငုံပြောရလျှင် လေထုက ဖွဲ့စည်းပုံအမည်များနှင့် ပြည့်နှက်နေပြီး အထူးသဖြင့် စာပေဆန်ကာ ရသမြောက်လေသည်။
ဖေးယိက ချင်ယိရွှင်း၏နောက်သို့ လိုက်သွားကာ အပြင်အဆင်ကို တိတ်တဆိတ် လေ့လာနေခဲ့သည်။
ရုတ်တရက် တစ်စုံတစ်ယောက်က သူ့နောက်ကနေ တားလိုက်သည်။ “ဖေးသခင်ငယ်လေး?”
ဤရင်းနှီးသောအသံက သူ့နားထဲရောက်လာပြီး ဖေးယိက ရပ်တန့်လိုက်သည်။ သူလှည့်ကြည့်လိုက်တော့–
သူ မတွေ့ရတာ ကြာပြီဖြစ်သော ယန်စမ်းက ထောင့်ဘက်တွင်ရပ်နေသည်။ သူ့နောက်မှအလင်းရောင်က သူ့ကိုယ်ပေါ်ကို လွှမ်းခြုံထားတာကြောင့် အစက်အပြောက်ကင်းသော လရောင်ကဲ့သို့ပင် သူ့အရောင်အဝါက သူ့စိတ်နေစိတ်ထားကို ပေါ်လွင်စေခဲ့သည်။
ရွှေအနားကွပ်မျက်မှန်အောက်တွင် ဖုံးကွယ်ထားသော မျက်လုံးများထဲ၌ အံအားသင့်မှု အရိပ်အယောင်တစ်ခုရှိနေပြီး ယန်စမ်းက ဖေးယိဆီသို့ ဖြည်းဖြည်းချင်း လျှောက်လာခဲ့သည်။ “တကယ်ပဲ မင်းကို? ဖေးသခင်ငယ်လေးက ဒီညဒီမှာဘာလုပ်နေတာလဲ?”
သူပြောလို့ပြီးသည်နှင့် သူက တစ်ပြိုင်နက်တည်း ရပ်ခဲ့သော ယန်စမ်းကို တွေ့သွားသည်။
နှစ်ဖက်လုံး၏ အကြည့်များက လေထဲတွင် တိုက်မိသွားကာ တည်ငြိမ်နေပုံရပေမယ့် လုံးလုံးကွဲပြားသော အတွေးများရှိလေသည်။
ယန်စမ်းက သူ့မျက်မှန်ကို အသာလေးတွန်းတင်လိုက်ပြီး ရှေ့မတိုးသာသည့်အခြေအနေကို ဖြိုခွင်းလိုက်သည်။ “ဖေးသခင်ငယ်လေးက ဒီဆိုင်ကို တစ်ယောက်တည်းလာတာ မဟုတ်လောက်ဘူး။ ခင်ဗျားဘယ်သူလဲ မေးလို့ရမလား?”
“ချင်ယိရွှင်း…ဖေးယိရဲ့ ဝမ်းကွဲ” ချင်ယိရွှင်းက ရှင်းရှင်းလင်းလင်း မိတ်ဆက်လိုက်ပြီး သူ့မျက်လုံးများက ထိုလူအား ပြန်မေးနေသည်။
“တွေ့ရတာဝမ်းသာပါတယ်။ ကျွန်တော့်နာမည်က ယန်စမ်းပါ။ ယွဲ့မင်ရဲ့ သူငယ်ချင်းပါ။ ပြီးတော့ ဖေးသခင်ငယ်လေးကို ဧည့်ခံပွဲတစ်ခုမှာ တွေ့ဖူးတယ်။” ယန်စမ်းက ခေတ္တရပ်ကာ သူ့မျက်လုံးများက ဖေးယိအပေါ် ပြန်ရောက်သွားသည်။ “ဒါနဲ့… ဖေးသခင်ငယ်လေး ဒီရောက်နေတာ ယွဲ့မင်မသိဘူးမလား?”
“……..”
ဖေးယိက မလုံမလဲဖြစ်ကာ ခေါင်းငုံ့လိုက်မိသည်။
သူ ချင်ယိရွှင်းနှင့် စတင်တွေ့ဆုံခဲ့စဥ်ကပင် စကားအလွန်အကျွံပြောပြီး အမှားလုပ်မိခြင်းမှ ရှောင်လွှဲနိုင်ရန် အခြေအနေကို အကျဥ်းချုပ်ရှင်းပြပေးဖို့ ဦးလေးခိုင်ကို တောင်းဆိုခဲ့သည်။
ယန်စမ်းက ဖေးယိ၏အခြေအနေကို နားလည်၏။ သူ နှုတ်ဆိတ်နေသည်ကို မြင်လျှင် သူက ချင်ယိရွှင်းကိုသာ ကြည့်လိုက်တော့သည်။ “မစ္စတာချင်…ခင်ဗျားတို့နှစ်ယောက်ပဲလား?”
ချင်ယိရွှင်းက အသာခေါင်းညိတ်ပြ၏။
ယန်စမ်းက ရှေ့နှစ်လမ်းတိုးကာ သူတို့ကိုကျော်သွားပြီးမှ ဘေးက အခန်းတံခါးကို တွန်းဖွင့်လိုက်သည်။ “ဖြစ်ချင်တော့ ယွဲ့မင်ကလည်း ဒီညဒီမှာရှိနေတာ။ ကျွန်တော်တို့ တစ်ခန်းတည်း ထိုင်ကြမလား?”
ဤစကားများကျလာသည်နှင့် ဖေးယိ ထိတ်လန့်သွားခဲ့သည်။
သေသပ်လှပသော သီးသန့်ခန်းထဲတွင် ပေါ်ယွဲ့မင်နှင့် တောက်ပပြီး ဆံပင်ရှည်သော အမျိုးသမီးတစ်ဦးက အပြင်ဘက်ရှိ အသံကြောင့် တစ်ပြိုင်နက်တည်း နိုးကြားသွားခဲ့သည်။
“ယန်စမ်း… နင် ဖုန်းပြောစရာရှိလို့ဆိုပြီး ပြောသွားတာမလား? ဘာဖြစ်လို့ အဲ့လောက်ကြာနေတာလဲ?” ဆံပင်ရှည်ရှည်အမျိုးသမီးက မတ်တပ်ထရပ်ကာ အနားသို့ လျှောက်လာပြီး စစ်ဆေးလိုက်တော့ အပြင်က လူတွေကို တွေ့လိုက်ရသည်။ “ဒီနှစ်ယောက်က ဘယ်သူလဲ?”
ယန်စမ်းက ပြုံးပြလိုက်ပြီး အမြင်အာရုံမကောင်းသော သူငယ်ချင်းဖြစ်သူကို သတိပေးလိုက်သည်။ “ယွဲ့မင်…ဖြစ်ချင်တော့ ဖေးယိနဲ့ သူ့ဝမ်းကွဲကလည်း ဒီဆိုင်မှာ ညစာစားဖို့ရောက်နေတာ။”
ပေါ်ယွဲ့မင်၏ မျက်နှာပေါ်၌ အံ့အားသင့်မှု အရိပ်အယောင်ပေါ်လာသည်။ အားနည်းသော မျက်လုံးများနှင့် ဦးတည်ချက်အာရုံဖြင့် သူက မတ်တပ်ထရပ်လိုက်သည်။ “ဖေးယိ?”
“…….”
ဘုရားသခင်!
ဤကမ္ဘာကြီးက အနည်းငယ် သေးငယ်လွန်းလှသည်!
စားသောက်ဆိုင်မှာ ဘယ်လိုမတော်တဆ တွေ့နိုင်ရတာလဲ!
နာမည်ခေါ်ခံရသော ဖေးယိက သတိမထားမိအောင် လည်ပင်းကျုံ့ထားလိုက်ပြီး စကားမပြောခဲ့ပေ။
ချင်ယိရွှင်းက ဤအခြေအနေမျိုးကို မမျှော်လင့်ထားသည်မှာ သိသာသည်။ သူက သူ့ညီလေးကို ပိတ်ဆို့ဖို့ အနည်းငယ် စောင်းငဲ့လိုက်၏။ “ဒုတိယသခင်လေးပေါ်၊ ရှောင်ယိ ကျွန်တော့်ကိုလာတွေ့တော့ ခင်ဗျားမသိဘူးလား?”
ဖေးယိ တစ်ယောက်တည်းဆိုလျှင် သူ့ကို ပြေးရှာနိုင်မှာ မဟုတ်သဖြင့် သူ့ကိိုလိုက်ပို့ပေးရန် ပေါ်မိသားစု၏ ဒရိုက်ဘာကို အားကိုးရလိမ့်မည်။
ပေါ်ယွဲ့မင် ထိုစကားကြားသောအခါ သူ့မျက်လုံးထဲတွင် သိမ်မွေ့သော ခံစားချက်တစ်ခု ဖြစ်ပေါ်လာ၏။
အင်း?
သူသိသင့်တာ မဟုတ်ဘူးလား?
ချင်ယိရွှင်းက ပေါ်ယွဲ့မင်၏ အတွေးများကို မသိသလို သူ့အကြည့်က ယန်စမ်းနှင့် ဆံပင်ရှည် အမျိုးသမီးဆီမှာ ခဏတာရောက်နေခဲ့သည်။ “ဒုတိယသခင်လေးပေါ်ရယ် မစ္စတာယန်နဲ့ ဒီအမျိုးသမီးရယ်မှာ အရေးကြီးဆွေးနွေးစရာ ရှိမယ်ထင်တယ်။ ကျွန်တော်နဲ့ ရှောင်ယိက မနှောင့်ယှက်တော့ပါဘူး။”
“အနှောင့်အယှက်မဖြစ်ဘူး။”
ပေါ်ယွဲ့မင်က အချိန်မီ ဖြတ်ပြောလိုက်ပြီး မိတ်ဆက်ပေးဖို့လည်း မမေ့ခဲ့ချေ။ “စုန့်စီက ကျွန်တော်တို့ရဲ့ စီးပွားဖက်ပါ။ သူက စွင်းယဲ့လုံရဲ့ ကိစ္စတွေကို ကိုင်တွယ်ပေးနေတာ။ ဖြစ်ခဲ့တာတွေအတွက် သူ့ကို ကျေးဇူးတင်ချင်လို့ ဒီည ညစာဖိတ်ကျွေးခဲ့တာ။”
“ဒါကလွဲရင် တခြားဘာကိစ္စမှ မရှိပါဘူး။”
ထိုဝါကျ၏ နောက်ဆုံးတစ်ဝက်က တမင်တကာ အလေးပေးရှင်းပြနေသလိုပင်။
ဖေးယိ ဤနာမည်ကို ကြားသောအခါ မူရင်းဝတ္ထုမှ တစ်ခုခုကို သတိရသွားလေသည်။
မူရင်းစာအုပ်တွင် စုန့်စီ၏အသွင်အပြင်က အလွန်အမင်း ဖော်ပြခြင်းမခံရသော်လည်း ဖော်ပြချက်အနည်းငယ်မှာ အရောင်အသွေးစုံလင်လှသည်။ သူမက အမှီအခိုကင်းပြီး အသက်မွေးဝမ်းကြောင်းကို ဦးစားပေးသည့် အမျိုးသမီးတစ်ဦးဖြစ်ပြီး ယခုလက်ရှိတွင် GM၏ လုပ်ငန်းလည်ပတ်ရေး အရာရှိချုပ်ဖြစ်၏။
စုန့်စီ၏ မိဘများသည် ဂျာမနီတွင် စီးပွားရေးလုပ်ခဲ့ကြပြီး သူတို့မိသားစုမှာ အဆက်အသွယ်တချို့ရှိသည်။
မကြာသေးမီက သူမ နိုင်ငံခြားမှာရှိနေစဥ် ယန်စမ်းက သူမကို ဆက်သွယ်ခဲ့သည်။ မှန်ကန်သော အဆက်အသွယ်များကို ရှာဖွေပြီး ထပ်ခါတလဲလဲ ဆက်သွယ်စုံစမ်းပြီးနောက် သူ့လက်ထဲတွင် စွင်းယဲ့လုံ၏ ပြစ်မှုဆိုင်ရာ သက်သေများရှိလာခဲ့သည်။
ယန်စမ်းက သူ့မျက်မှန်ကို တွန်းတင်လိုက်ပြီး စကားတစ်ခွန်းမျှမပြောပဲ အပြုံးတစ်ခုကို ဖုံးကွယ်ထားသည်။
စုန့်စီက သူမ၏ ကွေးညွတ်နေသော နှုတ်ခမ်းကို မသိမသာ ထိန်းချုပ်လိုက်ပြီး ချင်ယိရွှင်းနောက်က ဖေးယိကို တိတ်တဆိတ်ကြည့်လိုက်သည်။
She knew a little about Bo Yueming’s “forced” marriage, and at first she felt angry and helpless for her friend.
သူမက ပေါ်ယွဲ့မင်၏ “အတင်းအကြပ်” အိမ်ထောင်ရေးအကြောင်းကို နည်းနည်းလေးသိထားသဖြင့် အစပိုင်းတွင် သူငယ်ချင်းဖြစ်သူအတွက် ဒေါသထွက်ကာ ကူကယ်ရာမဲ့ ခံစားခဲ့ရသည်။
သို့သော် သူမရှေ့က ဖေးယိ၏မျက်နှာက ချစ်ဖို့ကောင်းပြီး ဖြူစင်ကာ သူ့အပြောအဆိုနှင့် အမူအကျင့်များက သာမန်ထက်ထူးခြားနေပြီး သူက သူမ မြင်ဖူးသော အရူးတွေနဲ့ မတူပေ။
စုန့်စီက ထပ်ပြုံးပြလိုက်ပြီး ကူညီရှင်းပြလိုက်သည်။ “ဟုတ်တယ်… ကျွန်မ ဒီနေ့မှ တရုတ်ကိုပြန်လာတာ။ ပေါ်ယွဲ့မင်ရဲ့ ကျေးဇူးတင်စကားအပြင် ဒီညစာက ကျွန်မပြန်လာတာကို ကြိုဆိုတာလို့ သတ်မှတ်လို့ရတယ်။ ရှင်တိုနှစ်ယောက် စိတ်မရှိရင် အတူတူထိုင်ကြမလား?”
ချင်ယိရွှင်းက တည်တည်ငြိမ်ငြိမ် ငြင်းဆိုလိုက်သည်။ “မထိုင်ဘူး”
ယခုမှ သူ့ညီငယ်လေးနှင့် ညစာအတူစားခွင့်ရတာဖြစ်၍ သူက ဖေးယိကို ပေါ်ယွဲ့မင်ဆီ မပို့ပေးချင်ပေ။
ပေါ်ယွဲ့မင်က ချင်ယိရွှင်း၏ ငြင်းဆန်မှုကို မျှော်လင့်ထားပုံရတာကြောင့် သူက ရုတ်တရက် ပြောလိုက်သည်။ “ဖေးယိ…မင်းဒီနေ့ ဘယ်အချိန်က အပြင်ထွက်သွားတာလဲ? ဘယ်သူလိုက်ပို့ပေးတာလဲ?”
“……..”
သွားပြီ!
အိမ်ကခိုးထွက်လာသော ဖေးယိက မဖြေရဲပေ။ ပေါ်ယွဲ့မင် ထပ်မေးလာလျှင် ချင်ယိရွှင်းသည်ပင် သံသယဖြစ်သွားပေလိမ့်မည်။
ထို့ကြောင့် သူက ပေါ်ယွဲ့မင်ဘေးသို့ လျှောက်သွားကာ သူ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်ခါယမ်းလိုက်ပြီး စကားလွှဲရန် ရူးချင်ယောင်ဆောင်လိုက်သည်။ “အရသာရှိတာလေးတွေ စားမလို့…အာ့ကော… ကျွန်တော်ဗိုက်ဆာတယ်။”
သူ့အသံက နူးညံ့နေပြီး နောက်ဆုံးစကားသုံးလုံးက ချွဲနေပုံရသည်။
ပေါ်ယွဲ့မင်က သူ့စိတ်ထဲရှိ သံသယများကိုဖျောက်ကာ သူ့လက်ကောက်ဝတ်ကို ပြန်ကိုင်လိုက်သည်။ “မစ္စတာချင်… ဖေးယိက ဒီမှာနေချင်တယ်တဲ့…ခင်ဗျားကရော?”
ချင်ယိရွှင်းက ရင်ထဲကနေ အေးစက်စက် ဟစ်အော်လိုက်သည်။
ဘာကြောင့်လဲမသိပေမယ့် ပေါ်ယွဲ့မင်၏ မေးခွန်းက ကြွားလုံးထုတ်နေသလိုပင်! သူက သူ့ညီလေးကို စကားလုံးအနည်းငယ်ဖြင့် ခိုးယူသွားခဲ့သည်။
ချင်ယိရွှင်းက သူ့အမူအရာကို ထိန်းထားလိုက်ပြီး။ “ဒါဆိုလည်း တူတူစားကြတာပေါ့”
သူ့အဖြေကို အံ့သြခြင်းမရှိသော ပေါ်ယွဲ့မင်က ဖေးယိ၏ လက်ကောက်ဝတ်ကို သူ့လက်ချောင်းထိပ်များဖြင့် ပုတ်ကာ အချက်ပြလိုက်သည်။ “ဘာ…ငါနဲ့ အတူထိုင်။”
အခန်းထဲတွင် လေးထောင့်ထမင်းစား စားပွဲတစ်လုံးနှင့် ဆိုဖာလေးလုံးက ဝိုင်းထားလျက်ရှိသည်။ ထို့ကြောင့် ဖေးယိနှင့် ပေါ်ယွဲ့မင်မှလွဲ၍ တခြားလူသုံးယောက်က ကျယ်ဝန်းသော ထိုင်ခုံတစ်ခုဆီကို ယူလိုက်ကြသည်။
သို့သော် မမျှော်လင့်ထားသည်မှာ–
ချင်ယိရွှင်းက တည့်တည့်မတ်မတ် လျှောက်လာပြီး ဖေးယိ၏ ဘယ်ဘက်ခြမ်းမှာ လွတ်နေသော နေရာတွင် ဝင်ထိုင်လိုက်လေသည်။ “ဒုတိယသခင်လေးပေါ်…ကျွန်တော်ဒီမှာပဲ တိုးထိုင်လိုက်မယ်။ ဖေးယိ တစ်ယောက်တည်းစားရတာ အဆင်မပြေမှာစိုးလို့ သူ့ကို ဂရုစိုက်ပေးဖို့လိုတယ်။”
ဆိုလိုရင်းမှာ သူက ဂရုမစိုက်ပေးနိုင်သော ပေါ်ယွဲ့မင်ကို အထင်သေးတယ်ဟူ၍ပင်။
တစ်ဖက်လူ၏ “အစ်ကိုကြီး”ဟူသော ဖြစ်တည်မှုကြောင့် ပေါ်ယွဲ့မင်က မငြင်းခဲ့ပေ။ “မစ္စတာချင်… လွတ်လွတ်လပ်လပ် တိုးထိုင်ပါဗျ။”
မူလက အတော်လေးကျယ်သော ဆိုဖာခုံတန်းလျားမှာ လူသုံးယောက်နဲ့ ပြည့်နေ၏။ အလယ်မှာ ညှပ်နေသော ဖေးယိက ဘယ်နဲ့ညာကိုကြည့်လိုက်သည်။ အလွန်အမင်း မလုံမလဲဖြစ်စိတ်နှင့်အတူ သူက ပို၍ရိုးသားလာပြီး ကောင်းကောင်းပြုမူနေကာ မလှုပ်ရှားဝံခဲ့ပေ။
ယန်စမ်းက မန်နေဂျာထံမှ အီလက်ထရွန်နစ် မီနူးကိုယူကာ ချင်ယိရွှင်းကို လှမ်းပေးလိုက်သည်။ “မစ္စတာချင်… ကျွန်တော်တို့မှာပြီးပြီမို့ တစ််ခုခုထပ်မှာချင်သေးလား ကြည့်လိုက်ပါ။”
ချင်ယိရွှင်းက တည့်တိုးဆန်ပြီး တစ်ချက်ကြည့်ပြီးတာနဲ့ ထပ်မှာလိုက်သည်။ “ပင်လယ်စာတစ်ဗန်းနဲ့ ပုဇွန်အပိုထပ်ထည့်ပေးပါ။ ရှောင်ယိကြိုက်တယ်။”
မန်နေဂျာက အမြင်စူးရှသည်။
ဤအခန်းထဲမှ ဧည့်သည်အားလုံးက အရေးကြီးမှန်း သူသိသဖြင့် သူက ဖေးယိ၏ ထူးခြားသောအပြုအမူကို သတိထားမိခဲ့သည်။ “ဒါဆို သောက်စရာတစ်ခုခု လိုချင်လားဗျ? ကျွန်တော်တို့ဆီမှာ လိမ္မော်၊သရက်နဲ့ တခြားအသီးဖျော်ရည်တွေရှိပါတယ်။ မစ္စတာယန်က ရှန်ပိန်းတစ်ပုလင်းမှာထားပါတယ်”
အရက်အကြောင်း ကြားလိုက်ရသောအခါ ဖေးယိ၏ နက်ရှိုင်းသော မျက်ဝန်းထဲတွင် စိတ်လှုပ်ရှားမှု အလင်းတန်းတစ်ခု ထွက်ပေါ်လာပေမယ့် ဘယ်နှင့် ညာကြောင့် ပျောက်ပျက်သွားရပြန်သည်။
ချင်ယိရွှင်းက ပြောလိုက်သည်။ “ရေပဲယူမယ်။”
ပေါ်ယွဲ့မင်က ချက်ချင်းဖြေလိုက်သည်။ “လိမ္မော်သီးကို လတ်လတ်ဆတ်ဆတ် ဖျော်ပေးပါ။ ဖေးယိက သရက်သီးနဲ့မတည့်ဘူး။”
“…….”