Chapter 47
ဒေါသထွက်တယ်…
ဒါပေမယ့် သူထုတ်ပြောလို့မရဘူး….
ရှန်ပိန်ကို နောက်တစ်ကြိမ် လွတ်သွားရသော ဖေးယိက စကားမပြောရဲပဲ ဘယ်နှင့်ညာဘက်က တစ်ယောက်စီကိုသာ ဆုံးဖြတ်ချက်ချခွင့် ပေးလိုက်ရသည်။
မကြာမီ ဟင်းလျာများ လာချပေးသည်။
ချင်ယိရွှင်းက စားဖို့အလျင်လိုမနေပေ။ သူက လက်အိတ်ဝတ်ပြီး ပန်းကန်ပြားပေါ်က ပုဇွန်နှင့် ဂဏန်းကို အခွံခွာပေးကာ သူ့ညီလေး၏ ပန်းကန်ထဲ ထည့်ပေးနေ၏။ “ရှောင်ယိ..များများစား..”
ဖေးယိက ပင်လယ်စာစားရတာကို ကြိုက်ပြီး ဤတစ်ကြိမ်မှာ သူကိုယ်တိုင်အခွံနွှာဖို့ မလိုခဲ့ပေ။ သူက ပင်လယ်စာနှင့်ပြည့်နေသော ပန်းကန်ကို ခဏလောက်ကြည့်လိုက်ပြီး အရက်သောက်ခွင့်မရသည့် စိတ်ဓာတ်ကျမှုလည်း ပျောက်ကွယ်သွားခဲ့သည်။
“အင်း!”
ရိုးရှင်းသော စကားလုံးဖြစ်သော်လည်း လေသံက ရွှင်မြူးနေသည်။
ချင်ယိရွှင်းက စိတ်ရှည်ရှည် ဆက်ပြောလိုက်ချိန်တွင် သူ့လေသံထဲမှာ အပြုံးအရိပ်အမြွက်တစ်ခုပါနေသည်။ “မြန်မြန်စား… မင်းလိုချင်သလောက် နွှာပေးမယ်။”
ပုဇွန်နှင့် ဂဏန်းအသားများ ပြည့်နေသော ပန်းကန်ကို မြင်လိုက်သည်နှင့် ဖေးယိက သူ နှလုံးသားမမဲ့သင့်ဘူးလို့ တွေးကာ အခွံခွာထားသော ပုဇွန်တစ်ပိုင်းကိို ကောက်ယူပြီး ချင်ယိရွှင်း၏ ပါးစပ်ထဲ ထည့်ပေးလိုက်သည်။
“အာ–”
“ငါ့အတွက်လား?”
ချင်ယိရွှင်းက ထိန်းမနိုင်သိမ်းမရပြုံးလိုက်ပြီး ဤပုဇွန်ကို သူကိုယ်တိုင်ခွာထားမှန်း မေ့သွားလေသည်။
၎င်းကို ပြန်စဥ်းစားကာ ဖေးယိက ရှက်ကိုးရှက်ကန်းဖြစ်သွားပြီး ပုဇွန်အနည်းငယ် ထပ်ယူကာ တစ်ဖက်လူ၏ ပန်းကန်ထဲထည့်ပေးလိုက်သည်။ သူ ဘာမှမပြောပေမယ့် သူ့ဆိုလိုရင်းမှာ–
အစ်ကိုလည်း စားပါ!
ချင်ယိရွှင်းက “လျစ်လျူရှုခံနေရသော” ပေါ်ယွဲ့မင်ကို ကြည့်လိုက်ပြီး ရုတ်တရက် ကြွားလုံးထုတ်ရန် စိတ်အားထက်သန်လာသည်။ “အင်း… ငါတို့မိသားစုရဲ့ အလိမ္မာတုံးလေး ရှောင်ယိက အစ်ကိုကြီးကို အရမ်းသိတတ်တာပဲ။”
ပေါ်ယွဲ့မင်က ညီအစ်ကိုနှစ်ယောက်ကြားရှိ ရိုးရှင်းသော အပြန်အလှန်ဆက်သွယ်မှုကို နားထောင်ကာ မေးရိုးတင်းမာသွားခဲ့သည်။
သူနဲ့ နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့သော ယန်စမ်းက ၎င်းကို သတိထားမိပြီး သိသိလျက်နဲ့ ဖန်ခွက်မြှောက်လိုက်သည့် စုန့်စီကို ကြည့်လိုက်သည်။ “ယွဲ့မင်… တူတူသောက်ကြမလား?”
“မသောက်ဘူး… မျက်လုံးကြောင့် လျှော့သောက်ဖို့လိုတယ်။”
ပေါ်ယွဲ့မင်က သင့်လျော်သော အကြောင်းပြချက်ဖြင့် စားပွဲပေါ်မှ ခွက်ကို စမ်းတိစမ်းတမ်း ကောက်ယူလိုက်သည်။ “ငါလည်း ဖေးယိလို ဖျော်ရည်ပဲသောက်မယ်။”
သူပြောပြီးသည်နှင့် နှစ်ငုံသောက်လိုက်သည်။
“……..”
သူ့ခွက်ကိုကောက်ယူသွားသော ပေါ်ယွဲ့မင်ကို ကြည့်ကာ ဖေးယိက သူ့လက်ထဲရှိ ပုဇွန်စားနေခြင်းကို ရပ်လိုက်မိသည်။ “ဟမ်?”
ပေါ်ယွဲ့မင်က မေးလိုက်သည်။ “ဘာဖြစ်လို့လဲ?”
ဖေးယိက တစက္ကန့်လောက် တုံ့ဆိုင်းသွားသည်။ “မှားနေတယ်..ကျွန်တော့်ခွက်။”
“ဟင်? မင်း ခွက်ကိုယူလိုက်မိတာလား?” ပေါ်ယွဲ့မင်က ပြန်မေးလိုက်ပေမယ့် သူ့မျက်နှာပေါ်မှာ အံ့အားသင့်မှုအရိပ်အယောင်မရှိပေ။ “ဒါဆို မင်း ငါ့ခွက်ကိုသောက်လိုက်။”
ဖေးယိက ဤခွက်ထဲမှ မသောက်ရသေးတာကြောင့် ခေါင်းညိတ်ပြလိုက်သည်။ “ရ…ရပါတယ်။”
ပေါ်ယွဲ့မင်၏ သူငယ်အိမ်ထဲတွင် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားပြီး သူက ရုတ်တရက် ပြောလိုက်သည်။ “မင်းက ဒါမျိုးတွေကို ဂရုမစိုက်ဘူးမလား။ အရင်တစ်ခေါက်ကလည်း မင်းသုံးထားတဲ့ဇွန်းနဲ့ ငါ့ကို ပူတင်းခွံ့ကျွေးခဲ့တာလေ။”
“…….”
ဇွန်တစ်ချောင်းတည်းနဲ့ ပူတင်းခွံ့ကျွေးတယ်?
ဒါက သွယ်ဝိုက်အနမ်းနဲ့ ဘာကွာသွားလဲ?
ချင်ယိရွှင်း၏ညှစ်အားက ပိုတင်းလာပြီး ပုဇွန်ကို ကြေမွသွားစေခဲ့သည်။
ဘေးမှာထိုင်နေသော ယန်စမ်းက ထိပ်တိုက်ရင်ဆိုင်မှုကို တိတ်တိတ်လေး စောင့်ကြည့်နေကာ ရှန်ပိန်တစ်ငုံသောက်လိုက်ပြီး သူ့စိတ်ထဲရှိ ခန့်မှန်းချက်က ပိုသေချာလာသည်။ သူ့သူငယ်ချင်းက ဖေးယိကို ချစ်သွားတာလား?
သူ့ရှေ့က အခြေအနေက စားသောက်နေတာလား? ယောက်ဖနဲ့ ယောက်ဖကြားက တိတ်တဆိတ် ပြိုင်ဆိုင်မှုကို သိသိသာသာမြင်နိုင်တာပဲ!
၎င်းကိုကြည့်တော့ ချင်ယိရွှင်းက သူ့ညီလေးကို ကာကွယ်ရာမှာ အသာစီးရနေလေသည်။ နောက်ဆိုရင် ပေါ်ယွဲ့မင်က သူ့ “ယောက်ဖ”၏ အသိအမှတ်ပြုခံရဖို့ လွယ်ကူမည်မဟုတ်ပေ။
. . . . . .
ကိုးနာရီမထိုးခင်မှာ ဤကောက်ကာငင်ကာ ညစာစားပွဲကြီး ပြီးသွားခဲ့သည်။ ယန်စမ်းနှင့် စုန့်စီက အရင်သောက်ထားတာကြောင့် သူတို့က အိမ်ပြန်ဖို့ ဒရိုက်ဘာတွေကို ခေါ်လိုက်သည်။
စားသောက်ဆိုင် တံခါးဘေးတွင်။
ချင်ယိရွှငိးက သူ့ရှေ့က ဖေးယိကိုကြည့်လိုက်ပြီး သူစကားမပြောနိုင်ခင်မှာ ပေါ်ယွဲ့မင်၏ ဧည့်သည်နှင်လွှတ်သံကို ကြားလိုက်ရသည်။ “မစ္စတာချင်…ပြန်လို့ရပါပြီ။ ဖေးယိက ကျွန်တော်နဲ့အတူ ပြန်လို့ရတယ်။”
ချင်ယိရွှင်းက အရှုံးမပေးပေ။ “ဒုတိယသခင်လေးပေါ်က ယဥ်ကျေးလွန်းနေပါပြီ။ စိတ်ချပါ။ ကျွန်တော် သူ့ကို သေချာလိုက်ပို့ပေးမှာ။”
“အစ်ကို”
ဖေးယိက ချင်ယိရွှင်းကိုကြည့်ကာ ရိုးရိုးရှင်းရှင်း ပြောလိုက်၏။ “တာ့တာ”
“…….”
ချင်ယိရွှင်းက တခဏမျှ အံ့အားသင့်သွားပြီး အနည်းငယ် စိတ်ဓာတ်ကျသွားခဲ့သည်။ “ရှောင်ယိ….အစ်ကို့ကို အိမ်လိုက်မပို့ပေးစေချင်ဘူးလား?”
ဖေးယိက စားပွဲဝိုင်းမှယူလာသော နို့ပူတင်းကို ပါးစပ်အပြည့် မျိုချလိုက်ကာ ချင်ယိရွှင်းကို ကြည့်ပြီး အကြံပေးလိုက်၏။ “အရမ်းဝေးတယ်… အိပ်ရာဝင်နောက်ကျတာ မကောင်းဘူး။”
ပေါ်မိသားစုအိမ်တော်က ဤနေရာနှင့်အနည်းငယ်ဝေးပြီး ချင်ယိရွှင်း၏ နေရာမှ ပိုဝေးသေးသည်။ တစ်ဖက်လူက သူ့ကိုလိုက်ပို့ပေးမည်ဆိုလျှင် အနည်းဆုံး နှစ်နှာရီလောက်ကြာလိမ့်မည်။
သူနဲ့ ပေါ်ယွဲ့မင်က တစ်လမ်းထဲသွားမှာဆိုတော့ ချင်ယိရွှင်းက ခေါက်တုံ့ခေါက်ပြန် သွားဖို့ မလိုတော့ဘူးမလား?
အချိန်အတော်ကြာ အတူရှိနေပြီးနောက်မှာ ပေါ်ယွဲ့မင်က ဖေးယိ၏ အတွေးကို နားလည်သွားလေပြီ။ “မစ္စတာချင်.. ခေါက်တုံ့ခေါက်ပြန့်ခရီးက အရမ်းဝေးလို့ အချိန်နဲ့ ခွန်အားကို ဖြုန်းတီးသလို ဖြစ်သွားလိမ့်မယ်။ ဒါကြောင့် ဖေးယိက ခင်ဗျားအိမ်ပြန်နောက်ကျရင် ကျန်းမာရေးထိခိုက်မှာ စိုးရိမ်နေတာ။”
သူက တခဏမျှ ရပ်တန့်ကာ ထိုလူအား ခံသာစေချင်သလို ပြောလိုက်၏။ “ဖေးယိက ခင်ဗျားကို တွေးပေးနေတာ။”
ချင်ယိရွှင်းက ဤအချက်ကို သဘာဝကျကျ နားလည်သည်။ ဤစကားကိုကြားသောအခါ သူ၏ တင်းမာနေသော အမူအရာမှာ အနည်းငယ်ပြေလျော့သွားခဲ့သည်။ “ဒါပေါ့… ရှောင်ယိ ဂရုစိုက်ပေးတာကို နားလည်တယ်။”
ဖေးယိက အစ်ကိုတစ်ယောက်အဖြစ် ချင်ယိရွှင်း၏ စံနှုန်းနှစ်ထပ်ကို အပြည့်အဝခံစားခဲ့ရ၍ အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “တာ့တာ…”
ချင်ယိရွှင်းက ဤညီလေး၏ အပြုံးကြောင့် ကူးစက်သွားခဲ့သည်။ သူ့မျက်နှာက မည်မျှပင် တည်တံ့နေပါစေ သူက ချုပ်တည်းမထားနိုင်တော့ပဲ ဖွဖွလေးပြုံးကာ ဖေးယိ၏ခေါင်းကို ပွတ်ပေးလိုက်သည်။ “ကောင်းပြီ…. ငါ ဖေးယိရဲ့ စကားကို နားထောင်မယ်။”
ပြောပြီးနောက် သူက ပေါ်ယွဲ့မင်ကို ထပ်ကြည့်လိုက်သည်။ “ဒုတိယသခင်လေးပေါ်… ကျွန်တော် ခင်ဗျားကိုပဲ ဒုက္ခပေးရတော့မယ်။”
ပေါ်ယွဲ့မင်က ခေါင်းအသာညိတ်ပြလိုက်သည်။ “ကိစ္စမရှိပါဘူး”
ချင်ယိရွှင်းက အချိန်ထပ်မဆွဲချင်တော့ပေ။ သူက ကားပါကင်ဆီ လှည့်ထွက်သွားခဲ့သည်။
ကားပေါ်ရောက်တော့ ရေခဲသေတ္တာထဲမှ မသောက်ရသေးသော ကော်ဖီခွက်ကို သတိရသွားပြီး ကားမီးမှိန်မှိန်အောက်မှာ အမြန်ထုတ်ယူလိုက်သည်။
ကော်ဖီသောက်ရတာ လုံးဝမကြိုက်သော ချင်ယိရွှင်းက ခွက်မြှောက်ပြီး တစ်ငုံသောက်လိုက်သည်။ ခါးသီးသော အရသာက သူ့ပါးစပ်ထဲကို ချက်ချင်းပြည့်သွားစေကာ သူ့အား ထိန်းမနိုင်သိမ်းမရ မျက်မှောင်ကြုတ်သွားစေသည်။
ဤကော်ဖီက တရုတ်ဆေးထက် သောက်ရပိုခက်သည်။ ပါးစပ်က ခါးပေမယ့် နှလုံးသားကတော့ ချိုမြိန်သည်။
ကော်ဖီကို သူ့လက်ဖဝါးကြီးထဲမှာ ကိုင်ထားသည့်အခါ ၎င်းက ခွက်သေးသေးလေးနဲ့ တူလေသည်။ ချင်ယိရွှင်းက ဖေးယိ၏ သေးသွယ်သော ပုံစံကို တွေးတောကာ သူ့လက်ထဲက ခွက်ကို အနည်းငယ်ချစ်ဖို့ကောင်းသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။
အင်း…ဤညီငယ်လေးက သူ့ကိုပေးတာဆိုတော့ သူကြာကြာကြည့်လေ ပိုသဘောကျလေပင်။
ဒီကော်ဖီခွက်ကို အမှတ်တရ သိမ်းထားမယ်!
ခွက်အဖုံးက ရေစိုနေသည်။ ချင်ယိရွှင်းက ရေစိုတစ်ရှုးထုတ်က ခွက်၏အပြင်ဘက်နံရံကို တောက်ပြောင်လာသည်အထိ သုတ်လိုက်သည်။ ထို့နောက် သူက ဖုန်းကို ပြန်ကောက်ကိုင်လိုက်သည်။
သူ၏ အပျော်တမ်း ဓာတ်ပုံရိုက်နည်းကို အသုံးချကာ သူက ဓာတ်ပုံများကို ဆက်တိုက်ရိုက်လိုက်ပြီး စိတ်ကျေနပ်မှုအရှိဆုံးတစ်ခုကို ရွေးချယ်လိုက်သည်။
သူက သူဘယ်တုန်းကမှ ပို့စ်မတင်ဖူးသည့် (သူငယ်ချင်းအသိုင်းအဝိုင်း)ကို နှိပ်ကာ ဓာတ်ပုံတင်ပြီး ပြုံးနေရင်း စာရိုက်လိုက်သည်။
“ငါ့ညီလေးတိုက်တဲ့ ကော်ဖီ .. ကောင်းသောညပါ”
ဝှရှ်!
(သူငယ်ချင်းအသိုင်းအဝိုင်း)မှာ ပို့စ်တင်ပြီး မကြာခင်တွင် သူက ယခင်ရဲဘော်ဟောင်းများ၊ သူငယ်ချင်းများနှင့် ကုမ္ပဏီလက်အောက််ငယ်သားများဆီမှ Likes နဲ့ Replies များ ရရှိခဲ့ပြီး ပထဆုံးကွန်းမန့်မှာ–
“ဗိုလ်ကြီး ချင်… ဒီနေ့အနောက်အရပ်ကနေ နေထွက်လာတာလား? ညဘက်ကြီး ကော်ဖီသောက်ပြီးမှ အဲ့ဒါကို ကောင်းသောညပါလို့ ခေါ်ရလား?”
ချင်ယိရွှင်းက အလေးအနက် ပြန်ဖြေလိုက်သည်။ - အင်း… ငါ့ညီလေးကို ကောင်းသေညပါ ပြောနေတာလေ။
ပြန်ဖြေပြီးနောက် သူ့ကွန်းမန့်သူ Like ပြန်ပေးကာ ကော်ဖီဆက်သောက်လိုက်လေသည်။
. . . . . .
မိနစ်လေးဆယ်ကြာတော့ ကားက ဗီလာ၏ဂိုထောင်၌ရပ်သွားသည်။
ဒရိုက်ဘာလောင်ဖူက နောက်လှည့်ကာ သတိပေးလိုက်သည်။ “မစ္စတာပေါ်… သခင်ငယ်လေး… အိမ်ပြန်ရောက်ပါပြီ။”
ပေါ်ယွဲ့မင်က မျက်လုံးဖွင့်ကာ အမိန့်ပေးလိုက်သည်။ “သိပါပြီ။ ခင်ဗျားအရင်ဆင်းပြီး ဦးလေးခိုင်ကို အောက်ဆင်းမလာဖို့ ပြောပေးပါ။ ဖေးယိနဲ့ ကျွန်တော် ခဏနေရင် တက်လာခဲ့မယ်။”
ဖေးယိက အံ့အားသင့်သွားပြီး ထိုင်ခုံခါးပတ်ကို ဖြုတ်ရင်းတန်းလန်း ရပ်လိုက်မိသည်။
အကြောင်းတစ်ခုခုကြောင့် သူက မုန်တိုင်းတစ်ခု ရောက်လာတော့မည်ဟု ခံစားလိုက်ရသည်။
ဒရိုက်ဘာလောင်ဖူက ဖေးယိကို တစ်ချက်ကြည့်လိုက်ပေမယ့် သူ့သူဌေး၏အမိန့်ကို နာခံကာ နောက်လှည့်မကြည့်တမ်း ကားပေါ်ကဆင်းသွားခဲ့သည်။
ကားတံခါးဆောင့်ပိတ်သွားသည်နှင့် ဖေးယိ၏နှလုံးသားက ထခုန်သွားလေ၏။
“……”
ဖေးယိက သူ့ဘက်ကို ဖြည်းဖြည်းချင်းလှည့်လာသော ပေါ်ယွဲ့မင်ကိုကြည့်ကာ အရင်လှုပ်ရှားဖို့ ပြင်လိုက်သည်။ “အာ့ကော… ကျွန်တော် အိပ်ချင်နေပြီ။”
“အိပ်ချင်နေပြီလား?”
ပေါ်ယွဲ့မင်က မှိန်ဖျော့သော ကားမီး၏ အကူအညီဖြင့် ဖေးယိ၏ပုံရိပ်ကို ရှာလိုက်သည်။ “မေးခွန်းနှစ်ခုမေးပြီးရင် အိပ်ခွင့်ပေးမယ်။”
ဖေးယိက ငြိမ်ကျသွားပြီး သူ့ကံတရားကို လက်ခံလိုက်ရသည်။
အဆုံးမှာ သူက သူ့ကို ကာကွယ်ပေးဖို့ ရူးသွပ်နေသော ချင်ယိရွှင်းကို ချော့မော့နိုင်ခဲ့ပေမယ့် “ဗီလိန်”ပေါ်ယွဲ့မင်၏ စူးရှသော အာရုံမှ မလွတ်မြောက်နိုင်ခဲ့ပေ။
ဒီလိုတိုက်ဆိုင်မှုမျိုး ဘယ်လိုရှိမှာလဲ? သူတို့က ညစာစားရင်းနဲ့တောင် ဆုံခဲ့ရတယ်လို့…
ဖေးယိက သူ့ကံတရားကို ကျိန်ဆဲကာ ခေါင်းငုံ့လိုက်ပြီး ပေါ်ယွဲ့မင်၏ မေးခွန်းကို ငြိမ်ငြိမ်လေးစောင့်ဆိုင်းကာ သဘောတူလက်ခံသလို အသံပြုလိုက်သည်။
သူ၏တုံ့ဆိုင်းနေသော လေသံကိုကြားတော့ ပေါ်ယွဲ့မင်က အကူအညီမဲ့နေသော သူ့စိတ်ကိုထိန်းထားကာ မေးခွန်းမေးလိုက်သည်။ “ဒီနေ့ တိတ်တိတ်လေး ခိုးထွက်ပြီး မင်းအစ်ကိုကို လာခေါ်ခိုင်းခဲ့တာမလား?”
“……”
ဖေးယိက တိတ်တိတ်နေပြီး ဝန်ခံလိုက်သည်။
ပေါ်ယွဲ့မင်က ထပ်မေးလိုက်သည်။ “ပိုက်ဆံဘယ်ကရတာလဲ?”
ဖေးယိက ခေါင်းခါကာ ဘာမှမပြောခဲ့ပေ။
ဝီချက်ပိုက်ဆံအိတ်တွင် အပိုငွေရှိနေတာကြောင့် သူက ယနေ့အပြင်ထွက်ရင်း ဘဏ်ကတ်တစ်ခု လျှို့ဝှက်လျှောက်ထားခဲ့သည်။
ပေါ်ယွဲ့မင်က တိတ်ဆိတ်မှုကို ကြည့်ကာ သူ့ရင်ထဲက ခန့်မှန်းချက်တစ်ခုက တဖြည်းဖြည်း သေချာလာခဲ့သည်။
ဖေးယိက အရူးတစ်ယောက်မဟုတ်ပေ။ အနည်းဆုံးတော့ တစ်ယောက်တည်းအပြင်ထွက်ပြီး လူရှာနိုင်စွမ်းရှိသည်။
သို့မဟုတ် သူ အစတည်းက ဟန်ဆောင်နေတာဖြစ်နိုင်သည်။ ပေါ်ကွမ်းချန်၊ ပေါ်ဝမ်နှင့် တခြားသူများကို ရင်ဆိုင်ရာတွင် သူက သူတို့ကို ထိုးနှက်ရန် “အရူးဆုံး”နှင့် အပွင့်လင်းဆုံး မှတ်ချက်စကားလုံးများကို သုံးခဲ့သည်။
သူ ဘာကြောင့် အရူးဟန်ဆောင်နေတာလဲ? ပေါ်ယွဲ့မင် လောလောဆယ်မသိနိုင်ပေ။
သို့သော် ဖေးယိ ပေါ်အိမ်တော်ကို စရောက်ကတည်းက ပေါ်ယွဲ့မင်ကို ထိခိုက်အောင် လုပ်ခဲ့တာမျိုး မရှိသလို သူ့နှလုံးသား၏ ခံစစ်အားနည်းနေချိန်၌ပင် သူ့ကို နှစ်သိမ့်ပေးခဲ့သည်။
ပေါ်ယွဲ့မင်က ငိုက်စိုက်ကျနေသော ခေါင်းသေးသေးလေးကို ဂရုတစိုက် ခွဲခြမ်းစိတ်ဖြာလိုက်ပြီး ဖေးယိအား ယခုလို ရုတ်တရက် မထိုးဆွချင်တော့ပေ။
သူ့အမြင်အာရုံက တဖြည်းဖြည်း ပြန်ကောင်းလာသည်။
ဖေးယိက ရည်ရွယ်ချက်တစ်ခုကြောင့် သရုပ်ဆောင်ချင်တာဆိုရင် ပေါ်ယွဲ့မင်က သူနဲ့အတူ သရုပ်ဆောင်ပေးချင်သည်။ သူက အဆုံးမှာ ကြောင်ပေါက်လေး ဘာလုပ်မလဲဆိုတာကို သိချင်သည်။
“……..”
အမှားတစ်ခုခုလုပ်မိသည်ဟု ထင်လိုက်သော ဖေးယိက သူ့နှလုံးသား ဒရမ်ကဲ့သို့ ခုန်နေသည်ကို ခံစားမိလိုက်သည်။
သူက ကောင်းကင်နှင့်မြေကြီးကို မကြောက်ပေမယ့် စကားမပြောသည့် ဗီလိန်ကိုတော့ ကြောက်သည်။
ပေါ်ယွဲ့မင်ကို မယောင်မလည် မော့ကြည့်လိုက်ရင်း သူက မရေမရာ အသံပြုလိုက်သည်။ “အာ့ကော?”
“နောက်ဆိုရင် ငါ့ကိုမပြောပဲ လျှောက်မသွားနဲ့။ မင်း မစ္စတာချင်ကို ရှာချင်တာပဲဖြစ်ဖြစ်..မင်းအမေနဲ့ အစ်မကိုပဲဖြစ်ဖြစ်.. ငါ့ကိုအရင်ပြောပြ။ ဒရိုက်ဘာလောင်ဖူက ဘော်ဒီဂတ်တွေနဲ့အတူ မင်းကိုလိုက်ပို့ပေးလိမ့်မယ်။”
ဖေးယိ တမင်တကာ ဟန်ဆောင်နေတာ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ သူ့မှာ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်စွမ်းရှိလျှင်ပင် ပေါ်ယွဲ့မင်က အန္တရာယ်မဖြစ်စေချင်ပေ။ သူက အခမ်းအနားပွဲတုန်းကလို အဖြစ်အပျက်မျိုး ထပ်ဖြစ်ခွင့်မပေးနိုင်ပေ။
ပေါ်ယွဲ့မင်က သူ့ကိုအပြစ်မတင်ခဲ့သည့်အပြင် စိတ်ရှည်ရှည်နှင့် လေးလေးနက်နက်ရှင်းပြခဲ့သည်။
ဖေးယိက ပေါ်ယွဲ့မင်၏လေသံကို ဖော်ထုတ်ရန် ကြိုးစားလိုက်ပြီး တစ်ဖက်လူက သူ၏ဟာကွက်များကို သတိမထားမိသလို ထပ်မစစ်ဆေးတော့ကြောင်း အတည်ပြုလိုက်ပြီးနောက် သူ့ရင်ထဲက ကျောက်တုံးကြီး ပြုတ်ကျသွားပြန်သည်။
ရိုးရိုးသားသားဆိုရလျှင် ပေါ်မိသားစုမှာနေရတာ သက်တောင့်သက်သာရှိသည်။ သူက ယခုမှ ငွေရှာဖို့ လမ်းမှန်ပေါ်ရောက်နေတာဖြစ်၍ ယခုချိန်မှာ ထွက်သွားလို့မရသေးပေ။
ထိုအတွေးဖြင့် ဖေးယိက ရိုးရိုးသားသား ခေါင်းညိတ်လိုက်သည်။ “ဟုတ်ကဲ့”
ပေါ်ယွဲ့မင်က သူ၏ရိုးသားပြီး လိမ္မာသောအသံကို ကြားသောအခါ အလေးအနက် ပြောလိုက်သည်။ “နောက်တစ်ခါခိုးထွက်ရင် အပြစ်ပေးခံရမယ်။”
“…….”
ဖေးယိက ၎င်းကို ညာဘက်နားနဲ့သွင်းပြီး ဘယ်ဘက်နားနဲ့ ပြန်ထုတ်ထိုက်သည်။ သူက ပေါ်ယွဲ့မင်၏ သတိပေးချက်ကို လုံးဝမကြောက်ပဲ တန်ပြန်ခြိမ်းခြောက်ဖို့ပင် တွေးနေခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ ပေါ်ယွဲ့မင်က ပြန်ကောင်းဖို့ အချိန်မကျသေးပေ။ သူ ပထမအကြိမ် ခိုးထွက်နိုင်လျှင် ဒုတိယအကြိမ်လည်း ထွက်နိုင်လိမ့်မည်။ လိုအပ်သည့်အချိန် မရောက်ခင်မှာ ယနေ့လိုမျိုး မစွန့်စားဖို့သာလိုသည်။
ကားမီးရောင်က အလွန်မှေးမှိန်သဖြင့် ပေါ်ယွဲ့မင်က မှိန်ဖျော့ဖျော့ အမြင်အာရုံကိုသာ ခံစားနိုင်သည်။
ရုတ်တရက် သူ အာရုံစူးစိုက်ဖို့ ကြိုးစားလိုက်သော မြင်ကွင်းက ကြည်လင်လာပြီး ပေါ်ယွဲ့မင်က သူထင်ထားတာထက် ပိုကြည့်ကောင်းပြီး ပိုချစ်စရာကောင်းသော ဖြူဖွေးဖွေးမျက်နှာလေးကို ဖျတ်ခနဲ မြင်လိုက်ရလေသည်။
ထိုအချိန်တွင် ဖေးယိက ခေါင်းငုံ့နေပြီး ထိုင်ခုံခါးပတ်ကို လက်ချောင်းထိပ်များဖြင့် ငြိမ်ငြိမ်လေး ကစားနေသည်။
“……”
သူတို့၏ ပထမဆုံးတွေ့ဆုံမှုမှာ ကြောင်ပေါက်လေးက ဤကဲ့သို့ဖြစ်ပုံရသည်။
ပေါ်ယွဲ့မင်က နှစ်စက္ကန့်လောက် အံ့သြသွားပြီး သူ့ပါးစပ်ထောင့်က ကော့တက်သွားလေ၏။ “ဖေးယိ… ကြားရဲ့လား?”
သူပြောပြီးသည်နှင့် သူ့ရှေ့ကလူသည် အနည်းငယ်သမ်းဝေကာ ကြက်ပေါက်လေး အစာကောက်သလို ခေါင်းညိတ်လိုက်ပြီး ဝတ်ကျေတန်းကျေ ပြောလာခဲ့သည်။ “အင်း…အင်း..အင်း!”